← Chapters

တက်ကြွအညွှန်းကိန်း ၁၀၀၀၀ ~

Vol. 8 Ch. 109

တက်ကြွအညွှန်းကိန်း ၁၀၀၀၀ ~

Vol. 8 Ch. 109

" ကျွန်တော် ဝင်မဖြေတော့ဘူး..."

လင်းမို့၏ ကျယ်လောင်သောအသံ​ကြောင့် ပတ်ဝန်းကျင်ရှိလူများ ဝိုင်းကြည့်လိုက်ကြသည် ။

လူတိုင်းရှုပ်ထွေးသွားကြ၏ ။

'' ဝင်မဖြေဘူးလား...''

'' ဘာလို့ ဝင်မဖြေတာလဲ...''

'' သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရမ်းဆိုးနေရင်တောင် တစ်မှတ် နှစ်မှတ်ရရ ဝင်ဖြေသင့်တယ်မလား...''

'' သူဝင်မဖြေဘဲ ဒီကို ဘာလာလုပ်တာလဲ...''

" ဒီကောင့်ခေါင်းထဲ သုတ်ပိုးဝင်သွားတာလား..."

" အဲ့ကောင်နာမည်က လင်းမို့တဲ့ ငါတို့ဟိုင်းချန်ကျောင်းကလေ... သူ အရင်လဝက်လောက်ကတည်းက စာမေးပွဲကိုလက်လျော့ပြီး ပေါက်ကရ လိုက်လုပ်နေတဲ့ကောင်... ခုလည်း ဘာမွှေအုံးမလို့လဲ မသိဘူး..."

လင်းမို့အား ဝိုင်းလှောင်နေကြသော်လည်း လင်းမို့က ဂရုမစိုက် ။

ယခုအကျယ်ဆုံးအော်နေသူများ လက်သီးပြင်းအားစာမေးပွဲဖြေဆိုပြီးချိန်တွင် စခွက်ဖြတ်ရိုက်သလို ခံစားသွားရပေမည် ။

" ရို.... လင်းမို့ ပါလားဟ..."

ယင်ကျန်းက လှောင်ပြုံး ပြုံးပြီး လင်းမို့အနားသို့ရောက်လာ၏ ။

" မင်း စာဖြေခန်းမ အဝင်ဝကိုတောင် ရောက်နေပြီပဲ ဘာလို့ အရှုံးပေးလိုက်မှာလဲ... အော်မေ့လို့မေ့လို့... မင်းအခြေအနေနဲ့ဆို ဝင်ဖြေလည်း ဘာမှ မမီတာ... ဖြေတာ မဖြေတာ မထူးပါဘူး... "

" ယင်ကျန်း... မင်းသောက်ပေါက် ပိတ်ထားလိုက်... "

ဟောက်ရန် ရောက်လာပြီး...

" မင်းလို ဆေးမျိုးစုံ စားပြီး ဒီအဆင့်ရောက်နေတဲ့ ဆေးအိုးက ဘာဂုဏ်ယူစရာရှိလို့လဲ..."

" ငါ က သိုင်းပညာရှင်တပိုင်းအဆင့်ပဲ... ငါအဓိက တက္ကသိုလ်ဝင်ခွင့်ရနိုင်တယ်... "

ယင်ကျန်းက ဂုဏ်ယူနေသည့် မျက်နှာပေးဖြင့် ပြန်ခွပ်သည် ။

" ငါက ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် ရထားပြီးသား..."

ဟောက်ရန်က ပြန်ကြွားရန် တုံ့ဆိုင်းမနေ ။

" မင်းလိုတောင် စာမေးပွဲကို အားစိုက်ဖြေနေစရာ တောင်မလိုဘူး... ငါဒီကို အပျော်လာကြည့်တာ... မင်းဘာပြောစရာ ရှိသေးလဲ..."

ယင်ကျန့် ဆွံ့အ သွားသော်လည်း ပြန်ပြောလိုက်သေးသည် ။

" အမှတ်တွေ ထွက်လာမှ ဆက်ပြောတာပေါ့..."

ထို့နောက် ယင်ကျန့်က ခေါင်းငိုက်စိုက်ဖြင့် စာ​ဖြေခန်းမထဲ ဝင်သွားတော့သည် ။

" အကိုမို့ ငါလည်း သွားတော့မယ်... "

ဟောက်ရန်က...

" ငါ ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် ရထားပင်မယ့် ငါ့ခွန်အားနဲ့ အမှတ်ဘယ်လောက်ရနိုင်မလဲ သိချင်သေးတယ်... "

" သွားသွား..."

လင်းမို့ က ဟောက်ရန်အား ထူးဆန်းဟန်ဖြင့်ကြည့်၍ တွေးလိုက်မိ၏ ။

' ဒီ ကလေး ငါ ဦးလေးလင်းမှန်း ခုထိမသိသေးဘူး..."

" အကိုမို့ဘာလဲ..."

ဟောက်ရန်က လင်းမို့၏ အမူအရာထူးဆန်းနေသည်ကို မြင်လျှင် စိတ်မကောင်းဖြစ်နေသည်ဟု ထင်သွားပြီး နှစ်သိမ့်ပေးလိုက်၏ ။

" အကိုမို့ စိတ်မပူပါနဲ့ ကျွန်တော် တက္ကသိုလ်ရောက်ရင် အလည်ခေါ်သွားမယ်... "

ထို့နောက် ဟောက်ရန်က ခေါင်းမော့ ရင်ကော့၍ စာဖြေခန်းထဲသို့ ဝင်သွားတော့သည် ။

ထောင်ဂဏန်းရှိသော စာဖြေသူများထဲတွင် ဟောက်ရန်က လင်းမို့ ပြီးလျှင် အတည်ငြိမ်ဆုံးဖြစ်ပေမည် ။ သူ က အပျော်လာခြင်းဖြစ်သည် ။

' မင်းကငါ့ကို အလည်ခေါ်သွားမှာလား...'

လင်းမို့ ဟောက်ရန်၏ နောက်ကျောကို ကြည့်ကာ ပြုံးလိုက်မိ၏ ။

မနက် ၈ နာရီ....

စာဖြေသူများအားလုံး စမ်းသပ်ခန်းမအတွင်းတွင် အဆင်သင့် ဖြစ်နေကြလေပြီ ။

လင်းမို့လည်း ခန်းမအပြင်ရှိ ရင်ပြင်တွင် အိပ်လို့ရမည့် ကျောက်တန်းလျားတစ်ခု ရှာတွေ့သွားသည် ။ သူ၏ ခန္ဓာကိုယ် မြန်မြန်သက်သာလာစေရန် အနားယူမှ ဖြစ်ပေမည် ။

' ဟမ့်... ငါ သူတို့ကို အမှတ် ၁၅၀ အကျောပေးလိုက်မယ်... '

လင်းမို့က လှဲအိပ်လိုက်ပြီး ခန်းမအတွင်း ဖြေဆိုရန် ပြင်နေကြသူများကို အေးဆေး ကြည့်နေလိုက်သည် ။

' ငါ တစ်ခုလက်လျော့လိုက်တာတောင် ဟိုင်းချန်မြို့ရဲ့ အမှတ်အများဆုံး ဖြစ်နေအုံးမှာပဲ... '

ဟိုင်းချန်မြို့တွင်သာမက ကျန်းနန်စီရင်စုတွင်ပင် သူပထမရရန် အခွင့်အရေးရှိပေသည် ။ ရှားနိုင်ငံ ပထမအတွက်တော့ ။

' မဖြစ်ဘူး ...မဖြစ်ဘူး...'

လင်းမို့ ခေါင်းယမ်းလိုက်၏ ။

' ငါ သုံးခုထဲဖြေပြီး ပထမရသွားရင် တခြားပါရမီရှင်တွေ သတ်သေကုန်လိမ့်မယ်...'

လင်းမို့သည် ရှားနိုင်ငံတွင် ထူးချွန်သော ပါရမီရှင်များရှိမှန်းသိပေသည် ။ ယဲ့ရီ ဆိုလျှင် တိုက်ခိုက်ရေးစွမ်းရည်အဆင့် ၄ အလယ်ဆင့်သို့ ရောက်နေ၏ ။ သူ့ထက် ယဲ့ရီက အမှတ်နည်းမည်ဟု မထင်မိပေ ။

' အိပ်တာပဲကောင်းတယ်... '

' ငါအိပ်နေတုန်း မင်းတို့ ဖြေလိုက်ကြအုံးပေါ့...'

လင်းမို့ မှေးနေလိုက်သော်လည်း ပတ်ဝန်းကျင်တွင် သူ့အား လက်ညိုးထိုး၍ ပြောနေကြသူများ ရှိနေသည်ကို ခံစားမိ၏ ။

" ဆရာယန် အဲ့တာ ဆရာတို့ကျောင်းက လင်းမို့ဆိုတာ မှတ်လား..."

ဟိုင်းချန်မြို့တွင် ရာထူးကြီးနေရာ ရထားသော ရှဲ့ရှင်း က ကျောင်းအုပ်ယန်အား မေးလိုက်၏ ။

" မဟုတ်ဘူး..."

ကျောင်းအုပ်ယန်က ငြင်းလိုက်ပြီး...

" ဒီလိုကောင်မျိုးက ငါ့ကျောင်းက ဖြစ်မလား ...သူ့ကို ကျောင်းထုတ်ထားတာ ကြာပြီ... "

" ဒီလိုကျောင်းသားမျိုး ကျွန်တော် ပထမဆုံးမြင်ဖူးတာပဲ..."

ရှဲ့ရှင်းက ထောက်ခံလိုက်သည် ။

" အဲ့ကောင်က အမှိုက်ပဲ..."

ကျောင်းအုပ်ယန်၏ မျက်နာတွင် အထင်သေးဟန်အပြည့်ပေါ်လွင်နေသည် ။

ခန်းမအပြင်ဘက် ​ရင်ပြင်တွင် လူအများအပြားရောက်ရှိ​နေကြသည် ။ လာစောင့်နေကြသော မိဘများရှိသလို လူအုပ်ကြီးဖြစ်နေ၍ လာစပ်စုကြသည့်သူများလည်း မနည်းပေ ။ အကင်ဆိုင်ပိုင်ရှင် ဝူပင်း ပင်လျှင် ရောက်နေ၏ ။

လင်းမို့ ပတ်ဝန်းကျင်အား မကြည့်နိုင်တော့ပဲ ငိုက်နေလေပြီ ။

ရုတ်တရပ် အိပ်နေသော လင်းမို့၏ မျက်လုံးက ပြူးကျယ်သွားပြီး ငုတ်တုပ် ထထိုင်လိုက်မိ၏ ။ သူ့ ခန္ဓာကိုယ်က တစက်စက် တုန်ရီနေပေသည် ။ သူ့စိတ်ထဲတွင် စနစ်၏ စက်သံက ပဲ့တင်ထပ်နေ​၏ ။

" ဒင်... တိုက်ခိုက်ရေးစွမ်းရည် တဟုန်ထိုး တိုးတက်နေပါတယ်... "

သူ အညွှန်းကိန်းအား ကြည့်မိလိုက်ရာ...

" တက်ကြွအညွှန်းကိန်း: ၁၀၀၈၅ ..."

လင်းမို့ ပါးစပ်အဟောင်းသားဖြင့် ကြက်သေ သေနေလေသည် ။

' တက်ကြွအညွှန်းကိန်းက တစ်သောင်း ကျော်သွားပါလား...'

' ဒါ... ဒါ...'

လင်းမို့ တက်ကြွအညွှန်းကိန်း အမြင့်ဆုံးရဖူးသည်မှာ လျို့ရှား အသက်ကို ရင်း၍ ဆေးသောက်တုန်းကဖြစ်သည် ။ တက်ကြွအညွှန်းကိန်း ၁၀၀၀ ကျော်ကို ငါးမိနစ်ခန့်သာ ရရှိခဲ့သည် ။ ယနေ့ တက်ကြွအညွှန်းကိန်းက ၁၀၀၀၀ ကျော်သွားလေပြီ ။

' ငါသိပြီ... ငါသိပြီ...'

လင်းမို့ နားလည်သွား၏ ။ အထဲတွင် တိုက်ခိုက်ရေးစွမ်းရည် စာမေးပွဲဖြေနေကြသော ဖြေဆိုသူများကြောင့်ဖြစ်သည် ။ လက်သီးပြင်းအား စမ်းသပ်မှုနှင့် အခြေခံ စမ်းသပ်မှုက လှုပ်ရှားရန်မလိုဘဲ စက်ဖြင့် ဆဲလ်များကို စမ်းသပ်မည်ဖြစ်သော်လည်း တိုက်ခိုက်​​ရေးစွမ်းရည် စမ်းသပ်ခြင်းက အမှန်တကယ် တိုက်ခိုက်မှရပေမည် ။

ဘဝအတွက် အလွန်အရေးကြီးသော စာမေးပွဲဖြစ်၍ လူတိုင်း ရေကုန်ရေခမ်း အားထုတ်နေကြသည် ။ ယနေ့ စာဖြေသူမှာ ၃၀၀၀၀ ကျော်ရှိ၏ ။

' ပြီးတော့ တိုက်ခိုက်​ရေးစွမ်းရည် စမ်းသပ်မှုရဲ့ ကြာချိန်က တစ်နာရီတောင်ပဲ...'

လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်က တစ်နာရီအတွင်း ဖျင်ကြား ဒုံးပျံညှပ်၍ ပျံတက်ချေတော့မည် ။

All Chapters