← Chapters

လက်သီးပြင်းအား စမ်းသပ်ခြင်း ~

Vol. 8 Ch. 110

လက်သီးပြင်းအား စမ်းသပ်ခြင်း ~

Vol. 8 Ch. 110

လင်းမို့သည် သူအဆင့်၅ ရောက်ပြီးကတည်းက အဆင့်တက် နှေးသွားသည်ဟု ခံစားခဲ့ရသည် ။ အဆင့်တိုးနှုန်းမှာ အလွန်းနှေးကွေးသွားသဖြင့် တိုးလာသည်ဟုပင် မခံစားမိတော့ချေ ။

ယနေ့မှသာ တိုးတက်လာသည်ကို ပြန်ခံစားရ၍ သူပျော်ရွှင်သွားသည် ။

' ငါ အဆင့် ၅ အလယ်ဆင့်ထိတော့ တန်းရောက်မသွားလောက်ဘူးမလား...'

လင်းမို့ ထိုသို့ ခံစားမိချေသည် ။

' အနားကပ်ရင် တက်ကြွအညွှန်းကိန်း ပိုတိုးလာမှာလား မသိဘူး... ခန်းမ နံရံနား သွားကပ်ကြည့်မှ... '

လင်းမို့က ခန်းမနံရံ အနားသို့ ပြေးသွားလိုက်သည် ။ သို့သော်လည်း ၁၀၀၈၅ မှ ၁၀၀၈၇ ထိသာ တိုးလာသည် ။

' ဘာမှလည်း မထူးဘူး... '

လင်းမို့သည် သတ်မှတ်ထားသော အကွာအဝေးအတွင်း အညွှန်းကိန်းရနေမည်ဖြစ်ပြီး နီးကပ်နေလျှင်ပင် သိပ်မထူးမှန်း နားလည်သွား၏ ။ သူ ခန်းမ အလယ်သို့ သွားလျှင်ပင် နောက်ထပ် ၁၀ မှတ်လောက်သာ တိုးလာပေလိမ့်မည် ။

' ငါ့ခုံ ငါပြန်အိပ်နေတာပဲကောင်းတယ်... '

သိပ်မကွာသဖြင့် သက်တောင့်သက်သာ အိပ်နိုင်သောနေရာသို့ သူပြန်ရန် ဆုံးဖြတ်လိုက်သည် ။

လင်းမို့ ပြန်ရန် ပြင်လိုက်စဥ် ဆရာမလု သူ့ဆီသို့ လာနေသည်ကို မြင်လိုက်ရ၏ ။

" လင်းမို့ ဘာလုပ်နေတာလဲ..."

ဆရာမလုက စိုးရိမ်ဟန်ဖြင့်...

" နင်စာမေးပွဲ ဝင်မဖြေလိုက်ရလို့ နောင်တရ ​နေတာလား..."

လင်းမို့ ဆွံ့အ သွားသည် ။

' ဒီမှာ ပျော်နေတာနော်... ဘယ်နားက နောင်တရနေတဲ့ပုံပေါက်လို့လဲ... '

" နင် ဒီနားလာပြီး အထဲက အသံတွေ ခိုးနားထောင်နေတာမှလား..."

ဆရာမလုက အကြည့်တစ်ချက်တည်းဖြင့် လင်းမို့၏ အခြေအနေကို နားလည်သည့်ဟန်ဖြင့် ပြောလိုက်ပြီး...

" တကယ်ဆိုရင် နင်မနက်တည်းက ဝင်ဖြေသင့်တယ် ... တက္ကသိုလ် မမှီရင်တောင် အနည်းဆုံး ဝင်ဖြေလိုက်ရလို့ နောင်တမရတော့ဘူးပေါ့... "

" အ...."

လင်းမို့သည် သူ၏ ဆရာမက သူ့အား နှစ်သိမ့်ပေးနေသည်ကို နားလည်သော်လည်း သူမ၏စကားက နှစ်သိမ့်သည်နှင့် သိပ်မတူပေ ။

" နင်နေ့လည် လက်သီးပြင်းအား စာမေးပွဲမှာ ဝင်ဖြေမှာမလား... "

ဆရာမ လုက မေးလိုက်ပြီး...

" နင် ဝင်ဖြေနော်... လက်မလျော့လိုက်နဲ့..."

" ကျွန်တော် သေချာပေါက် ဝင်ဖြေမှာပါ..."

လင်းမို့က လျင်မြန်စွာ ပြန်ဖြေလိုက်သည် ။ သူ စာမေးပွဲတွင် ကြွားနိုင်ရန် လဝက်ကြာအောင့်ထားရသဖြင့် မဖြေဘဲ မည်သို့နေနိုင်ပါမည်နည်း ။

သူမနေ့ညက စပ်စုမိလိုက်၍သာ အကုန်ထုတ် မကြွားနိုင်တော့ခြင်းဖြစ်သည် ။ အကိုမို့ ဤအချိန်ကို စောင့်မျှော်နေသည်မှာ ကြာလှလေပြီ ။

" အင်း... နင် ဖြေချင်စိတ်ရှိတာ ကောင်းတာပဲ... "

ဆရာမလုက လင်းမို့တွေးနေသည်ကို မသိဘဲ စိတ်အေးသွားသဖြင့် ခေါင်းညိတ်ပြလိုက်ပြီး...

" စိတ်ကို လျော့ထား ...ရလဒ်ကို အရမ်းအာရုံံမစိုက်နဲ့ ... အရေးအကြီးဆုံးက ဝင်ဖြေဘူးဖို့ပဲ... "

' စိတ်လျော့ရမှာလား...'

လင်းမို့သည် ထွက်ခွာသွားသော ဆရာမလု၏ နောက်ကျောကိုကြည့်ရင်း တွေးမိလိုက်၏ ။

' ကျွန်တော့် လက်သီးပြင်းအား ရမှတ်ထွက်လာရင်သာ ဆရာမစိတ်ကို ငြိမ်ငြိမ်ထားနိုင်အောင် ကြိုးစားပါ...'

" ဆရာမလု...."

ရုတ်တရပ် လင်းမို့ အော်ခေါ်လိုက်သည် ။

" ဘာလဲ..."

ဆရာမလု နောက်ပြန်လှည့်ကြည့်လိုက်၏ ။

" ဆရာမလု နေ့ခင်းကြရင် ပိုကြည့်ကောင်းအောင် အဝတ်ပြန်လဲရင် ကောင်းမယ်လို့ထင်တယ်... "

လင်းမို့က အဓိပ္ပါယ်အပြည့်ဖြင့် ပြောလိုက်သည် ။

" အဝတ်လဲရမှာလား..."

ဆရာမလု ရှုပ်ထွေးသွား၏ ။

လင်းမို့က ဘာမှ ဆက်မပြောတော့ချေ ။ ဆရာမလုက သူ၏ အတန်းပိုင်ဖြစ်သဖြင့် လက်သီးပြင်းအားရမှတ် ထွက်လာလျှင် မီဒီယာများ ဝိုင်းဗျူးကြပေတော့မည် ။ လှလှပပ ပြင်ဆင်ထားပါက တီဗီပေါ်တွင် ထင်ပေါ်နိုင်ပေသည် ။

လင်းမို့က ဆရာမလုအား သတိပေးပြီးသည်နှင့် သူ့နေရာသူ ပြန်သွားအိပ်လိုက်သည် ။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဖြေဆိုချိန်ပြီးရန် ၃ မိနစ်သာ လိုတော့သည် ။

' တက်ကြွအညွှန်း​ကိန်း ၁၀၀၀၀ ကျော်နဲ့တောင် အဆင့် ၅ အလယ်ဆင့် မရောက်ဘူးလားဟ... '

လင်းမို့ အနည်းငယ် စိတ်ဓာတ်ကျသွား၏ ။ သူ အဆင့် ၅ အလယ်ဆင့်သို့ ရောက်လျှင် သေဆုံးသွားသော ဆဲလ်များကို ဖယ်ထုတ်နိုင်မည်ဖြစ်ပြီး ဒဏ်ရာကို ကြောက်စရာလိုတော့မည် မဟုတ်ချေ ။

လင်းမို့ စိတ်ဓာတ်ကျနေသည့် အချိန်တွင်...

" ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်: သင်၏ တိုက်ခိုက်​ရေးစွမ်းရည် အဆင့် ၅ အလယ်ဆင့်သို့ ရောက်ရှိသွားပါပြီ... "

စနစ်၏ အသံက ထွက်ပေါ်လာ၏ ။

' ငါ အဆင့် ၅ ရောက်သွားပြီလား...'

လင်းမို့ ဝမ်းသာသွားသည် ။

သူ့ခန္ဓာကိုယ်၏ ပြန်လည်သက်သာနှုန်းက တိုးလာသည်ကို သူခံစားမိသည် ။

' အဆင့် ၅ အလယ်ဆင့်ရဲ့ ပြန်လည်ကုသနှုန်းက အဆင့်၅ အစောပိုင်းထက် အများကြီးသာတာပဲ...'

လင်းမို့က လှုပ်ရှားကြည့်လိုက်၏ ။

' နေ့လည်ဆို ပြန်ကောင်းလောက်ပြီ...'

နေ့လည်တွင် ပြန်ကောင်းမကောင်းက အရေးမကြီးတော့ပေ ။ လက်သီးပြင်းအား စမ်းသပ်သည်က လက်သီးဖြင့် ထိုးခိုင်းခြင်းမဟုတ်ဘဲ စက်များဖြင့် ကိုယ်ခန္ဓာရှိ ဆဲလ်များကို စမ်းသပ်မည်ဖြစ်သည် ။ ယခု စမ်းသပ်လျှင်ပင် အမှတ်ပြည့်ဖြစ်သော ကီလို၃၀၀၀ ကို ရောက်နိုင်ပေသည် ။

ထိုစဥ် စာမေးပွဲပြီးသည့် ခေါင်းလောင်းသံ မြည်လာသည် ။ စာမေးပွဲ၏ ပထမဆုံး တိုက်ခိုက်ရေးစွမ်းရည်စမ်းသပ်သည်က ပြီးဆုံးသွားပြီဖြစ်သည် ။

" ဘုတ်ပြားကို ကြည့်ကြဟေ့... "

ရင်ပြင်အတွင်း ဆူဆူညံညံအသံများ ထွက်လာ၏ ။

" တိုက်ခိုက်ရေးစွမ်းရည် စာမေးပွဲရလဒ်တွေ ထွက်လာတော့မယ်... "

စာမေးပွဲခန်းမ ဝင်ပေါက်၏ အပေါ်တွင် LCD မှန်ပြင်အကြီးကြီး ချိတ်ထားသည် ။ မြို့ရှိ စာဖြေသူများ၏ ရမှတ်များကို ကြေညာပေးမည်ဖြစ်သည် ။ အတွင်းရှိ စာဖြေသူများကတော့ စမ်းသပ်မှု ပြီးသည်နှင့် သူတို့၏ ရမှတ်ကို ချက်ချင်းသိကြသည် ။

' ငါ့ကို တက်ကြွအညွှန်းကိန်း များများပေးသွားတာ ဘယ်သူတွေလဲဆိုတာ သေချာကြည့်ပေးရမယ်.. '

လင်းမို့လည်း ဖန်သားပြင်ပေါ်သို့ စိတ်ဝင်တစား စောင့်ကြည့်နေလိုက်၏ ။ ဤကလေးများ၏ ကြိုးစားအားထုတ်မှုကြောင့် သူ တက်ကြွအညွှန်းကိန်း ၁၀၀၀၀ ကျော်ကို တစ်နာရီ ရခဲ့သည် ။ မဟုတ်လျှင် အဆင့်၅ အလယ်ဆင့်သို့ရောက်ရန် အချိန်မည်မျှ ကြာအုံးမည်မသိ ။ ထို့ကြောင့် သူတို့အား အားပေးရပေမည် ။

" ဟောက်ရန်က ၈၃ မှတ်ပဲ..."

လင်းမို့သည် သူ၏ ညီအကို တ​ဖြစ်လဲ တူလေး၏ နာမည်ကို မြင်လိုက်ရ၏ ။

' ဖက်တီးလေးက ဘယ်ဆိုးလို့လဲ... '

ဘာသာရပ် လေးခုလုံးအား ပျဥ်းမျှ အမှတ် ၈၀ ဆီရလျှင် သာမန်တက္ကသိုလ်များသို့ အေးဆေးဝင်၍ ရပေသည် ။

" မဆိုးဘူး...မဆိုးဘူး..."

လင်းမို့ ခေါင်းညိတ်ရင်း ပြောလိုက်၏ ။ သူ့ညီအကိုက သူထင်ထားသည်ထက် စွမ်းဆောင်နိုင်ပေသည် ။ သူရခဲ့သော တက်ကြွအညွှန်းကိန်း ၁၀၀၀၀ ကျော်ထဲတွင် ဟောက်ရန်၏ ချွေးများ နည်းမည်မဟုတ်ချေ ။

ပြီးနောက် အမှတ်ဂဏန်းသုံးလုံးရသည့် သူများကို လင်းမို့ မြင်လိုက်ရသည် ။

" လျိုကျုံးဟောင် ... ၁၀၀ မှတ်... "

လျိုကျုံးဟောင်၏ အမှတ်ထွက်လာသည်နှင့် ဒုတိယအထက်တန်းကျောင်းနှင့် သက်ဆိုင်သူများက ပထမနေရာ ရနေသည့်အလား အော်ဟစ်အားပေးလိုက်ကြသော်လည်း ဖန်သားပြင်ပေါ်ရှိနာမည်က ပြောင်းလဲသွားပြန်သည် ။

" ကျန်းရွှယ်... ၁၀၁ မှတ်..."

ဒုတိယအထက်တန်းကျောင်းမှလူများ နင်သွား၏ ။

ပထမအထက်တန်းကျောင်းမှလူများက ခုန်ပေါက်​အော်ဟစ်၍ အားပေးကြတော့သည် ။

အမှတ်တစ်မှတ် ဖြင့် ယခုနှစ် ဟိုင်းချန်မြို့၏ ထိပ်တန်းကျောင်းအား ဆုံးဖြတ်လိုက်ပြီဖြစ်သည် ။

လင်းမို့ နောက်ထပ် နာမည်တစ်ခု ထပ်တွေ့လိုက်ရ၍ ရယ်လိုက်မိသည် ။

" ယင်ကျန့်... ၅၅ မှတ်... "

ယင်ကျန့်တစ်ယောက် စာဖြေခန်းထဲသို့ မဝင်ခင်က ခြိမ်းခြောက်သွားသော်လည်း ယခု ၅၅ မှတ်သာ ရနေလေ၏ ။

' အင်း...ဒီနှစ် တိုက်ခိုက်ရေးစွမ်းရည် စမ်းသပ်တာက ပိုခက်တော့ အမှတ်နည်းသွားတာပေါ့... ယင်ကျန့်ကလည်း အားနည်းတာကို...'

လင်းမို့ အရင်ကတည်းက ယင်ကျန့် တိုက်ခိုက်ရေးစွမ်းရည်အားနည်းမှန်း သတိထားမိ၏ ။ ဆေးပုလင်းကိုပင် လွတ်ကျသည်ဖြစ်ရာ ၅၅ မှတ်ရသည်ကပင် တော်နေသေးသည် ။

လင်းမို့သည် ပတ်ဝန်းကျင်မှ လှောင်ပြောင်နေသံများကို ကြားလိုက်ရ၏ ။ သိုင်းပညာရှင်တပိုင်းအဆင့်သို့ ရောက်နေသူက ၅၅ မှတ်သာ ရသဖြင့် ဝိုင်းလှောင်နေကြသည် ။

' ငါ ဝင်မဖြေလိုက်တာ ကံကောင်းတာပဲ... ငါယင်ကျန့်လောက်တောင်ရမယ်မထင်ဘူး... တော်သေးတယ် အရှက်ကွဲတော့မလို့... '

မနက်ခင်း စာမေးပွဲက ပြီးဆုံးသွားပြီဖြစ်သည် ။ လက်သီးပြင်းအား စမ်းသပ်မှုက နေ့ခင်း ၂ နာရီတွင် စတင်မည်ဖြစ်သည် ။

လင်းမို့က စာဖြေခန်းမ ၏ ဝင်ပေါက်သို့ နတ်ဆိုးတစ်ကောင်လို ပြုံး၍ ကြည့်လိုက်သည် ။

ထိုအချိန်က အကိုမို့ တောက်ပပြတော့မည် အချိန်ပင် ။

All Chapters