← Chapters

ပထမဆုံး အမှတ်ပြည့် ~

Vol. 8 Ch. 111

ပထမဆုံး အမှတ်ပြည့် ~

Vol. 8 Ch. 111

စာဖြေခန်းမ၏ အဝင်ဝ...

အစောင့်ဆရာမှာ မနက်ကဆရာပင်ဖြစ်သည် ။

" မင်း စာ​​မေးပွဲ လက်လျော့ပြန်ပြီလား..." ​

ဆရာက လင်းမို့အား စိတ်မဝင်စားသော်လည်း ဒေါသထွက်သွား၏ ။

လင်းမို့သည် ဆရာဒေါသထွက်နေသည်ကို လျစ်လျူရှု၍ ဖြေဆိုခွင့်ကတ်ပြား ထိုးပေးလိုက်သည် ။

" ဟိုင်းချန်အထက်တန်းကျောင်း ...တတိယနှစ်... အခန်း ၁၀ ...လင်းမို့... စာဖြေခန်းထဲ ဝင်ခွင့်ပြုပါဗျ... "

" အဲ..."

ဆရာက အနည်းငယ် အံ့သြသွားသော်လည်း ဘာမှ ဆက်မပြောတော့ ။ လင်းမို့၏ ကတ်ကိုယူပြီး ဖတ်ကြည့်လိုက်သည် ။ သို့သော်လည်း အနှောက်အယှက်က အမြဲ ရှိစမြဲပင် ။

" လင်းမို့... မင်းဆရာကို နှောက်ယှက်နေပြန်ပြီလား..."

ယင်ကျန့်က အနားတွင် ပေါ်လာပြီး...

" အိုက်ယား...အိုက်ယား... ဘာလုပ်နေလဲ မှတ်ပါတယ်... စာမေးပွဲဝင်ဖြေလို့ လုပ်​​​နေတာပဲ..."

လင်းမို့က ​စကားပြန်ပြောရန် ပျင်းရိလွန်းနေသည် ။

ယင်ကျန့် အသံကပို၍ ကျယ်လာ၏ ။

" မင်း မနက်က စာမေးပွဲကိုတောင် လက်လျော့ပြီးပြီပဲ ခုဝင်ဖြေပြီးဘာလုပ်မလို့လဲ ... ဟိုင်းချန်မြို့ရဲ့ အနိမ့်ဆုံးရမှတ်ပိုင်ရှင် လုပ်မလို့လား ...ဟားဟားဟား... "

ယင်ကျန့်က ပြောပြီးသည်နှင့် လှောင်ရယ် ရယ်လိုက်သည် ။

" ဘုတ်..."

သို့သော်လည်း သူ့နောက်စေ့သို့ ရုတ်တရပ် အရိုက်ခံလိုက်ရ၏ ။

ယင်ကျန့် သည် သူ့ခေါင်းကျွတ်ထွက်သွားသည်ဟုပင် ခံစားလိုက်ရသည် ။ သူ ဒေါသထွက်သွားကာ...

" ချီး... ဘယ်သောက်ကောင် လာရိုက်တာလဲကွ..."

ယင်ကျန့် နောက်သို့လှည့်ကြည့်လိုက်လျှင် တရားခံအား မြင်လိုက်ရ၏ ။ သူ၏ ဒေါသများက ချက်ချင်းအငွေ့ပျံသွားကာ အသံတိုးတိုးဖြင့်...

" ဦး...ဦးလေးဝမ်... ကင်းလှည့်နေတာလား..."

ယင်ကျန့် သူ့စကားမှားသွားသည်ကို သတိထားမိသွား၏ ။

' ကင်းလှည့်တာလား..'

ဦးလေးဝမ်၏ မျက်နှာက အေးစက်သွားပြီး...

" မင်း မနက်က ဘာကောင်းကောင်းလုပ်နိုင်ခဲ့လို့ သူများကို လိုက်လှောင်နေတာလဲ... "

ဦးလေးဝမ်က ယင်ကျန့်အား ကြည့်လေ ဒေါသထွက်မိလေပင် ။ သူ ယင်ကျန့် ထိပ်တန်းတက္ကသိုလ်ဝင်ခွင့်ရနိုင်ရန် အများကြီးထောက်ပံ့ခဲ့ရ၏ ။ မနက်က ယင်ကျန့်ရသော ၅၅ မှတ်အောက် နိမ့်သူ ဟိုင်းချန်မြို့တွင် သိပ်မရှိချေ ။ သူနှစ်ပေါင်းများစွာ ရင်နှီးမြုပ်နှံလာခဲ့ရသည်က အလကားဖြစ်သွားလေပြီ ။

ထို့အပြင် မနက်က လင်းမို့ သိုင်းပညာရှင်မှတ်ပုံတင်ကတ် ပြုတ်ကျသည်ကို သူမြင်ခဲ့ရသည် ။ သူရာထူးလျောသွားသည်က လင်းမို့နှင့် ပက်သက်နေနိုင်၏ ။ ယခု ယင်ကျန့်က လင်းမို့အား ထပ်နှောက်ယှက်နေသည်ကို မြင်လျှင် ပို၍ ပင်ဒေါသထွက်သွားသည် ။

" သွား...အခန်းထဲသွားတော့..."

ဦးလေးဝမ် က ယင်ကျန့်အား ကန်ထုတ်လိုက်သည် ။

ယင်ကျန့် စာ​ဖြေခန်းမအတွင်းသို့ ပြေးဝင်သွားတော့သည် ။

လင်းမို့သည် ခေါင်းယမ်းရင်း ပြုံးလိုက်ပြီး စာဖြေခန်းမ အတွင်းသို့ ဝင်သွားလိုက်သည် ။ ယင်ကောင်များက တဝီဝီအော်ဟစ်နေသော်လည်း သူ့စိတ်အခြေအနေကို မထိခိုက် ။

ဝမ်ထုံက လင်းမို့၏ နောက်ကျောကို ငေးရင်း တွေးနေ၏ ။

' ငါ ရာထူးလျောတာ သူကြောင့်လား... ထားလိုက်ပါတော့ ခုမေးလို့လဲ အဆင်မပြေဘူး... နောက်မှပဲ နည်းလမ်းရှာတော့မယ်... '

စာဖြေခန်းမအတွင်း...

လက်သီးပြင်းအား စမ်းသပ်ရန်အတွက် ခန်းမအတွင်း အားလုံးပြင်ဆင်ပြီးသွားပြီဖြစ်သည် ။

မနက်က အသုံးပြုခဲ့သော ပစ္စည်းများကို ရှင်းလင်းကာ ခန်းမအတွင်း ရာနှင့်ချီသော စက်များ တပ်ဆက်ထားသည် ။ တာဝန်ကျသော ဆရာများက စက်လက်တံများကို ကိုင်ကာ ကျောင်းသားများကို စောင့်နေ၏ ။

လက်သီးပြင်းအား စာမေးပွဲက ရိုးရှင်းလှသည် ။ စက်ဖြင့် ခန္ဓာကိုယ်ရှိ ဆဲလ်များ၏ ကြံခိုင်မှုကို စစ်ဆေးရုံသာဖြစ်၏ ။ အ​​ခြေခံ စမ်းသပ်မှုကလည်း ထို့အတူပင် ။

လင်းမို့လည်း စမ်းသပ်ရန် စက်တစ်ခု ရွေးချယ်လိုက်ပြီး တန်းစီလိုက်သည် ။ စမ်းသပ်မှု စသည်နှင့် သူ့ရှေ့ရှိ စာ​​​ဖြေသူ သုံးဆယ်ကျော်မှာ တစ်ယောက်ပြီးတစ်ယောက် ပြီးဆုံးသွားသည် ။

လင်းမို့မြင်ရသလောက် အများစုမှာ အမှတ် ၇၀ ၈၀ ရှိပြီး အမှတ် ၉၀ ကျော်ရသော တစ်ယောက်ပင် ပါဝင်သည် ။

' အမှတ် ၉၀ လောက်ရရင်ကို ထိပ်တန်းတက္ကသိုလ်မှန်းလို့ရပြီ... လက်သီးပြင်းအား ၁၂၀၀ ကီလိုက အမှတ် ၉၀ ပဲ...'

ရုတ်တရပ် ရလဒ်တစ်ခုကြောင့် ရှေ့တွင် လှုပ်လှုပ်ရွရွဖြစ်သွားသည် ။

" ယင်ကျန့် ... ဆဲလ်သန်မာမှု ၁၂၄၀ မှတ်... စာမေးပွဲရမှတ် ၉၄ မှတ်... "

တာဝန်ကျဆရာ ကိုင်ဆောင်ထားသော စက်လက်တံက စစ်ဆေးပြီးသည်နှင့် တခါတည်း ကြေညာပေးလေသည် ။

" ၉၄ မှတ်တောင်..."

" မိုက်လိုက်တာ..."

" ၁၂၄၀ က သိုင်းပညာရှင်တပိုင်းအဆင့်တွေ ကြားမှာတောင် တော်တော်ရှားတယ်... "

" ယင်ကျန့်က ထိပ်တန်း တက္ကသိုလ်တောင် ဝင်ခွင့်ရနိုင်တယ်..."

ယင်ကျန့်လည်း လေပေါ်ပျံတက်သွားသလို ခံစားလိုက်ရ၏ ။

' ၉၄ မှတ်...'

သူကျေနပ်သွားသည် ။ သူအရင်က တိုင်းခဲ့ဖူးသော်လည်း ကျောင်းရှိစက်က မတိကျပေ ။ ယခုရလဒ်ကောင်း မရမည်ကို သူစိုးရိမ်နေခဲ့၏ ။ ယခု သက်ပြင်းချ၍ ရလေပြီ ။

' ဒီနှစ်တွေ ကြိုးစားခဲ့ရတာ အလကားမဖြစ်ဘူး...'

သူ့အား ဦးလေးဝမ် ကန်လွှတ်တုန်းက ပြန်မပြောရဲခဲ့ ။ သူခေါင်းငုံ့နေခဲ့ရသည် ။ ယခု ခေါင်းမော့ထားနိုင်ပြီ ။

" လင်းမို့..."

ယင်ကျန့် နောက်သို့ ပြန်လှည့်ထွက်လာစဥ် လင်းမို့အား မြင်လိုက်ရ၏ ။ သူကြွားပြရန် မစောင့်နိုင်တော့ ။

" ငါ့အမှတ်ကို မြင်တယ်မှလား..."

လင်းမို့က မကြားချင်ယောင် ဆောင်နေသည် ။

ယင်ကျန့်က စကားပြောမရပ် ။

" ၉၄ မှတ်... မင်းမနာလို ဖြစ်နေတယ်မလား... မင်းနဲ့ ငါဘယ်လောက်ကွာခြားလဲ သိပြီမလား..."

ယင်ကျန့်က စကားပြောရင်း အားရလာပြီး...

"ဒါနဲ့ လင်းမို့... မင်းရော အမှတ်ဘယ်လောက်ရမယ်ထင်လဲ... ၅၀ အောက်လို့တော့ မပြောနဲ့နော်... ငါသာ ၅၀ အောက်ရရင် ရှက်လွန်းလို့ အသက်ရှင်ရဲမှာတောင် မဟုတ်တော့ဘူး... "

စမ်းသပ်ပေးနေသည့် ဆရာက ဝင်၍ မတားချေ ။ အမှတ်အများကြီးရ၍ ပျော်ရွှင်နေသော စာဖြေသူများအား သူတို့ နားလည်ပေးထားသည် ။ စစ်ဆေးနေသည်ကိုအနှောက်အယှက်မဖြစ်သ၍ လွှတ်ပေးထားမည်ဖြစ်သည် ။

" ယင်ကျန့်... မင်းဘာအတွက် ကြွားနေတာလဲ..."

ဟောက်ရန်က သူစမ်းသပ်ပြီးသည်နှင့် အကိုမို့ အကြွားခံနေသည်ကိုမြင်၍ ပြေးလာခြင်းဖြစ်သည် ။

" မင်းက ၉၄မှတ်လား... ဘာလဲ ၉၄ မှတ်က အရမ်းမြင့်နေလို့လား..."

" ဟမ့်..."

ယင်ကျန့်က နှာခေါင်းရှုံ့လိုက်ပြီး...

" မင်းရော ဘယ်လောက်ရလို့တုန်း..."

" 81 မှတ်... ဘာဖြစ်လဲ.."

ဟောက်ရန်က ၈၁ မှတ်သာ ရခဲ့သော်လည်း ယင်ကျန့်ထက် ပို၍ ယုံကြည်မှုရှိပေသည် ။

" ငါအခု ၈၁ မှတ်ပင်မဲ့ မနက်က အမှတ်နဲ့ပေါင်းရင် ၁၆၄ မှတ်ရပြီ... မင်းက ပေါင်းလိုက်ရင်တောင် ၁၄၉ မှတ်ပဲ ရသေးတယ်... "

"ငါ... "

ယင်ကျန့်ရုတ်တရပ် ဘာပြန်ပြောရမှန်းမသိ ။ မနက်က ၅၅ မှတ်သာ ရခဲ့သဖြင့် သူအရှက်ကွဲခဲ့သည် ။

" မင်းအမှတ်ပေါင်းက ငါလို ကျောင်းသားဆိုးကိုတောင်မမီတာ ဘာတွေလာကြွားနေတာလည်း... "

ဟောက်ရန်က ယင်ကျန့်၏ နှာ​ခေါင်းတည့်တည့်သို့ လက်​ညိုးထိုးကာ ...

" တကယ်ဆိုငါက ထိပ်တန်းတက္ကသိုလ် ဝင်ခွင့်ရထားပြီးသား... စာမေးပွဲကို အပျော်ဝင်ဖြေတာ... မင်းကရော..."

" ခုမှ နှစ်ဘာသာပဲ ရှိသေးတာ... အားလုံးပြီးအောင်သာ စောင့်စမ်းပါ... "

ယင်ကျန့် ဒေါသတကြီးပြော၍ ထွက်သွားတော့သည် ။ သို့သော်လည်း ယင်ကျန့်က အဝေးသို့မသွားဘဲ လင်းမို့၏ အမှတ်ထွက်လာမည်ကို စောင့်ဆိုင်းနေ၏ ။ လင်းမို့၏ အမှတ်ထွက်လာလျှင် သူတဖန်သွား၍ လှောင်ရပေမည် ။

လင်းမို့၏ အလှည့် ရောက်ရှိလာလေပြီ ။

" အကိုမို့ စိတ်ကိုအေးအေးထား..."

ဟောက်ရန်က နှစ်သိမ့်ပေးလိုက်ပြီး...

" စိတ်လှုပ်ရှားနေလည်း ဘာမှတော့မဖြစ်ပါဘူး... ဆဲလ်သန်မာမှု စမ်းတာက စိတ်နဲ့မှ မဆိုင်တာ အမှတ်ထွက်လာရင် အတူတူပဲ..."

ဟောက်ရန်လည်း လင်းမို့ အမှတ်မည်မျှရမည်ကို သိချင်ပေသည် ။

' ဘာပဲဖြစ်ဖြစ် အကိုမို့ အမှတ် ၅၀ ၆၀ လောက်တော့ ရလောက်တယ်မလား...'

ဟောက်ရန်က ပြီးလျှင် လင်းမို့အား မည်သို့ နှစ်သိမ့်ပေးရမည်ကို တွေးနေတော့သည် ။

" လင်းမို့လား... မနက်ကစာမေးပွဲကို ဝင်မဖြေဘူးလား..."

စမ်းသပ်ပေးသည့်သူက ရွှေကိုင်းမျက်မှန်ဖြင့် လူငယ်ဆရာဖြစ်သည် ။ သူ့ကြည့်ရသည်မှာ စာပေသမားနှင့် တူသော်လည်း ကြယ်နှစ်ပွင့်သိုင်းပညာရှင်ဖြစ်သည် ။ လင်းမို့က မနက်ခင်းစာမေးပွဲကို လက်လျော့လိုက်သည်ဟု ကြားလျှင် အထင်သေးသွား၏ ။ သို့သော်လည်း သူ့မျက်နှာထက်တွင်တော့ အထင်သေးသည့်ဟန် မပြချေ ။

' နောက်ထပ် ကျောင်းသားဆိုးတစ်ကောင် ငါ့အချိန်တွေ လာဖြုန်းပြန်ပြီ...'

ဆရာက စိတ်ထဲမှ တွေးလိုက်မိ၏ ။

" မင်းရဲ့လက်ကို စက်ထဲထည့်ပါ..."

လင်းမို့က ဆရာခိုင်းစေသည့်အတိုင်း လုပ်လိုက်သည် ။

စက်လက်တံက လင်းမို့၏ လက်ကို စကန်ဖတ်နေသည် ။ ခနအကြာတွင် အမှတ်ထွက်လာ၏ ။

" လင်းမို့... ဆဲလ်သန်မာမှု ၃၀၁၆ မှတ်... စာမေးပွဲရမှတ် ၁၅၀ မှတ်... "

လက်သီးပြင်းအား ရမှတ်က အမှတ်ပြည့် ရသွားသည် ။

All Chapters