နောက်တစ်ကြိမ်မလုပ်ရဲပါ
Vol. 36 Ch. 526
"သဘောပေါက်ပါပြီ"
လောလောဆယ်အသုံးမတည့်သေးသော်လည်း ဗဟုသုတအသစ်တစ်ခု ရလိုက်သည်။
"ဒါဆို ဗီဇစွမ်းရည်စစ်နဲ့အရိယဖလဟာ တစ်ခုတည်းပဲရှိတယ်ပေါ့။ ခင်ဗျားလို ထာဝရအရိယဖလပိုင်ရှင်မသေမျိုးရှိနေရင်ရင် တစ်ခြားပုံစံတူအရိယဖလတွေက သန္ဓေ(မျိုးစေ့)အဖြစ်ပဲ ရှိနိုင်မယ်။ ပြည့်ဝတဲ့အရိယဖလဖြစ်မလာနိုင်တော့ဘူးပေါ့။
အချိန်မသေမျိုးရှိနေသရွေ့ အချိန်နဲ့ပတ်သက်တဲ့ ပြည့်ဝတဲ့အရိယဖလလည်း တစ်ခုတည်းပဲရှိမယ်လို့ ဆိုလိုတာလား"
"ဟုတ်တယ်။ အဲလိုပါပဲ"
လုယန် နားလည်လာသည်။ မသေမျိုးအဆင့်တက်ဖို့ ယှဉ်ပြိုင်တိုက်ခိုက်ကြသည်မှာ မဆန်းတော့။ သစ်သီးတစ်လုံး အပြိုင်အဆိုင်ရင့်မှည့်အောင် ကြိုးစားကြသည်နှင့် ပမာတူသည်။
လူတိုင်းက ထိုအဆုံးသတ်ရင့်မှည့်မှုမျိုး ရယူလိုကြသည်။ စောစောထသည့်ငှက် အစာရသည်။ နောက်ကျသူများက မသေမျိုးဖြစ်ဖို့ တစ်ခြားလမ်းကြောင်းတစ်ခုကို ရှာရမည်။
မသေမျိုးများသည် စွမ်းအားကြီးသည်။ မသေမျိုးတစ်ဝက်အဆင့်များက ထိုမသေမျိုးများကို တိုက်ခိုက်ဆန့်ကျင်ဖို့ စွန့်စားကြမည်မဟုတ်။
"ငါမသေမျိုးတစ်ဝက်အဆင့်ရောက်တော့ ငါနဲ့အရိယဖလပုံစံတူတဲ့ မသေမျိုးတစ်ဝက်အဆင့်တွေ လေးငါးယောက်ရှိတယ်။ ထာဝရအရိယဖလပုံစံတူ သန္ဓေအဆင့်တွေပေါ့။
သူတို့က ငါအန္တရာယ်ပေးလာနိုင်တာသိတော့ အုပ်စုဖွဲ့ပြီး ငါ့ကိုတိုက်ခိုက်ကြတယ်။ အတော်လေး ကြမ်းတမ်းတယ်။ အရမ်းကြောက်စရာကောင်းတယ်။
ဒါပေမယ့် ငါကြွားပြောတာမဟုတ်ဘူး။ ဒီလူစုကို အနိုင်ယူရတာ အလွယ်လေးပါပဲ"
လုယန်စိတ်ထဲ တွေးနေသည်။
'နတ်မယ်က စွမ်းအားကြီးတာပဲ။ ပုံမှန်ဆို ကိုယ့်ထက်အဆင့်နိမ့်တဲ့ကျင့်ကြံသူတွေကို အနိုင်ကျင့်ရတာပဲ သူသဘောကျပေမယ့် အဆင့်တူချင်းရင်ဆိုင်တွေ့ရင် ငါ့လိုပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာတာပဲ'
ထိုသို့မဟုတ်ခဲ့လျှင်လည်း ပြိုင်ဘက်ကင်းသန္ဓေကို နတ်မယ်ဖန်တီးနိုင်ခဲ့မည်မဟုတ်။
ပုံမှန်ဆိုလျှင် ကျင့်စဉ်အဆင့်မြင့်လာလေ အဆင့်တူကြားတွင် အနိုင်အရှုံး ဆုံးဖြတ်ဖို့ခက်လေဖြစ်သည်။
ထိုကြောင့် မသေမျိုးတစ်ဝက်အဆင့်တွင် လေးယောက်တစ်ယောက် အနိုင်ယူတိုက်ခိုက်နိုင်သည်မှာ ကောင်းကင်ထိုးဖောက်နိုင်သည့် တိုက်ခိုက်စွမ်းအားမျိုးသာဖြစ်သည်။
"နတ်မယ်၊ ခင်ဗျားသူတို့ကို ဘယ်လိုအနိုင်ယူခဲ့တာလဲ။ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာလား"
နတ်မယ်က အောင်နိုင်သူတစ်ယောက်ဟန်ပန်ဖြင့် လက်ခါပြသည်။
"အဲလောက်ဒုက္ခခံစရာမလိုပါဘူး။ ယင်ထန်တို့လေးယောက်ကို အကူခေါ်လိုက်တာပေါ့။ သူတို့လေးယောက်လုံးက မသေမျိုးဖြစ်နေကြပြီလေ"
မသေမျိုးလေးယောက်က မသေမျိုးတစ်ဝက်လေးယောက်ကို တိုက်ခိုက်သည်ဆိုလျှင် နောက်ဆုံးရလာဒ်က လွဲမှားစရာမရှိနိုင်ပေ။
လုယန် "..."
နတ်မယ်...မသေမျိုးတစ်ဝက်ဖြစ်ပြီးနောက်မှာတောင် ပြိုင်ဘက်ကင်းသန္ဓေကို ခင်ဗျားမသုံးခဲ့ဘူးလား...
"ဒါဆို ခင်ဗျားက နောက်ဆုံးမှ မသေမျိုးဖြစ်လာတာပေါ့"
နတ်မယ်သည် ရှေးဟောင်းခေတ်တွင် နောက်ဆုံးမှ မသေမျိုးဖြစ်ခဲ့သူဖြစ်ကြောင်း လုယန်ပြန်သတိရလာသည်။
ရွှေသန္ဓေအဆင့်တွင် နတ်မယ်သည် အခြေတည်အဆင့်သာရှိသည့် ယင်ထန်မသေမျိုးနှင့် ကိုးဆမသေမျိုးကို နှိပ်ကွပ်ခဲ့ဖူးသည်။ သို့ဆိုလျှင် နတ်မယ်၏ ကျင့်စဉ်တိုးတက်နှုန်းသည် နည်းနည်းပိုမြန်သည့်သဘောဖြစ်သည်။
"အစကတော့ ငါအရင်ဆုံး မသေမျိုးဖြစ်ခဲ့သင့်တာပါ။ ဒါပေမယ့် အချိန်မသေမျိုးပြောတဲ့စကားတွေကြောင့် ငါဉာဏ်အလင်းရခဲ့တယ်။ မူလရှိခဲ့တဲ့ အရိယဖလသန္ဓေကိုစွန့်ပယ်ပြီး အစီအစဉ်ပြောင်းလိုက်တယ်။
အရိယဖလသန္ဓေအသစ် စတည်ဆောက်တယ်။ ဒါကြောင့် သူတို့လေးယောက်ထက် ငါနည်းနည်းလေးနောက်ကျသွားတာပါ"
ထိုအကြောင်း စဉ်းစားနေစဉ် ယွမ်ကျိ၏ အေးစက်စက်စကားသံက သူ့နားထဲဝင်လာသည်။ သူ့ကျောရိုးထဲစိမ့်တက်သွားသည်။
"နတ်မယ်။ ကျွန်မမောင်လေးကို အရိယဖလတွေအကြောင်း ရှင်ထပ်ပြောနေပြန်ပြီလား"
နတ်မယ်နှင့် စကားပြောနေချိန်တွင် မုန်ကျင်းကျိုးနှင့် တစ်ခြားလူများ ထွက်သွားသည်ကို လုယန်မသိလိုက်။ ယခု သူနှင့်ယွမ်ကျိသာ ကျန်ခဲ့သည်။
ယွမ်ကျိက သူ့ကိုအလိုမကျဟန်ဖြင့် စိုက်ကြည့်နေသည်။
နတ်မယ်က အတင်းလက်ခါ၍ လုယန်ကို လက်ညှိုးထိုးသည်။
"မဟုတ်ဘူး မဟုတ်ဘူး။ လုယန်က ငါ့ကိုစမေးတာပါ"
မှန်မှန်မှားမှား သူ့အပြစ်လွတ်အောင် အရင်ရှောင်ရမည်။
လုယန်ကလည်း နတ်မယ်ကို နာမည်ဖျက်ခွင့်မပေး။
"နတ်မယ်က ကျုပ်ကိုစပြောတယ်။ ဓာတ်ငါးမျိုးဂိုဏ်းအကြောင်းပြောရင်း ကိုးဆမသေမျိုးရဲ့ အရိယဖလအကြောင်း သူပြန်သတိရလာတယ်တဲ့။ ပြီးတော့ သူသိထားတာတွေ နောက်ထပ်ဆက်ပြောတာပါ"
ကောင်းကင်ဂိတ်တောင်ထိပ်တွင် ငြင်းခုံပွဲတစ်ခု ဖြစ်ပေါ်လာသည်။
ယွမ်ကျိ ခဏမင်သက်မိနေပြီးနောက် ဆက်မေးသည်။
"ကိုးဆမသေမျိုးရဲ့ အရိယဖလကဘာလဲ"
ရှေးဟောင်းခေတ်နှင့်ပတ်သက်သည့် အသိဗဟုသုတများကို ရှေးမှတ်တမ်းများထဲမှသာ သူသိခဲ့ရသည်။ မသေမျိုးတို့၏ထူးခြားသည့်ဗီဇလက္ခဏာကြောင့် မသေမျိုးတိုက်ပွဲမှတ်တမ်းများ ရှိနေသော်လည်း မသေမျိုးပညာရပ်များအကြောင်း ရေးထားသည့်အပိုင်းများက အလိုလိုပျောက်ပျက်သွားသည်။ ထိုကြောင့် ရနိုင်သမျှသဲလွန်စများကို အခြေခံ၍သာ ယွမ်ကျိ သုံးသပ်အဖြေထုတ်ရသည်။
သူ့သုံးသပ်ချက်များသည် အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံခဲ့သည့် ထာဝရနတ်မယ်ပြောပြသည့်စကားလောက် တိကျမည်မဟုတ်။
"ကိုးဆမသေမျိုးက ယင်ယန်အရိယဖလပိုင်ရှင်ပါ။ ချီလင်မသေမျိုးက အားအကြီးဆုံးရှင်သန်မှုအရိယဖလပါ"
ယွမ်ကျိ ခေါင်းတစ်ချက်ငြိမ့်သည်။
"ကျွန်မခန့်မှန်းထားတာနဲ့ အတူတူလောက်ပဲ။ ဒါဆို ရှေးဟောင်းခေတ်မသေမျိုးငါးယောက်ထဲမှာ ရှင်က ထာဝရအရိယဖလ၊ ယင်ထန်က မိုးကြိုးအရိယဖလ၊ အချိန်မသေမျိုးက အချိန်အရိယဖလ၊ ချီလင်က အားအကြီးဆုံးရှင်သန်မှု အရိယဖလပေါ့"
အချိန်တိုအတွင်း လူငါးယောက်မသေမျိုးဖြစ်လာကြသည်ကိုကြည့်လျှင် ထိုခေတ်ကာလ ဘယ်လောက်ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း သိသာသည်။ လက်ရှိခေတ်တွင် ရောက်လာတော့မည့် မဟာကပ်ကာလကို ရှေးဟောင်းခေတ်နှင့် နှိုင်းယှဉ်ကြသည်မှာ မဆန်းတော့။
"ပြီးတော့ ရှောင်လု၊ နတ်မယ်နဲ့ စကားပြောတဲ့အခါသတိထားပါ။ မင်းက ရွှေသန္ဓေအဆင့်ပဲရှိသေးတာ။ အရိယဖလတွေအကြောင်း အများကြီးကြိုတင်လေ့လာနေတာ အကျိုးမရှိနိုင်ဘူး။
အခုလောလောဆယ် စုစည်းခြင်းအဆင့် ကူးဖြတ်ခြင်းအဆင့် ကျင့်စဉ်နည်းတွေအကြောင်းပဲ မင်းသိထားရင် လုံလောက်တယ်"
စုစည်းခြင်း ကူးဖြတ်ခြင်းအဆင့် ကျင့်စဉ်ပညာများအကြောင်းသိလည်း သိပ်အကျိုးမရှိနိုင်ဟု လုယန် ယူဆသည်။ ထိုအရာများကို ရွှေသန္ဓေအဆင့်ကျင့်ကြံသူတစ်ယောက် နားမလည်နိုင်သေး။
နောက်နှစ်ရက်ကြာပြီးနောက် မုန်ကျင်းကျိုးဦးဆောင်၍ လုယန်တို့လူစု ဓာတ်ငါးမျိုးဂိုဏ်းသို့ ဦးတည်ထွက်ခွာကြသည်။
ဓာတ်ငါးမျိုးဂိုဏ်း၏ အန္တရာယ်များသည့် သဘာဝပတ်ဝန်းကျင်အနေအထားကြောင့် မြင်းအိုသည် ထိုမစ်ရှင်အတွက် သင့်တော်သည့်စွမ်းအားမျိုးမရှိ။
ထို့ကြောင့် မုန်ကျင်းကျိုးက မြင်းရထားဖြင့်မသွားပဲ လုယန်တို့နှင့်အတူ လှေပျံဖြင့်သွားရန် ဆုံးဖြတ်ခဲ့သည်။
"ဒီလောက်မြန်မြန် လှေပျံထပ်စီးရမယ်လို့ ထင်မထားဘူး"
မစ်ရှင်ပြန်လာပြီး လဝက်ပင်မကြာသေးမီ လုယန် လှေပျံနောက်တစ်ကြိမ် ထပ်စီးရသည်။
"နောက်ကျသွားတာ တောင်းပန်ပါတယ်"
ထောင်ယော်ယဲ့က နောက်ဆုံးမှရောက်လာသည်။ လှေပျံထွက်ခါနီးမှ ကပ်ရောက်လာခြင်းဖြစ်သည်။
ကျောက်ရိုးက ကြော်ငြာထည့်မည့်ပုံရိပ်ကို ကြိုတင်စီစင်ခဲ့သည်။ ထောင်ယော်ယဲ့က ထိုပုံရိပ်ယောင်နှင့် ဝိညာာဉ်ကျောက်သန်းလေးဆယ်ကို ပင်ရင်းအသားကင်ဆိုင်မှ အကြီးအကဲထောင်ယာနှင့်အတူ သွားယူသည်။
ဝိညာဉ်ကျောက်များက ထောင်ယော်ယဲ့အတွက်ဖြစ်သည်။ အကြီးအကဲထောင်ယာက ကြော်ငြာပုံရိပ်ကို အိပ်မက်ရေပွက်ပုံရိပ်ဖြင့် ပေါင်းစပ်ဖို့ကိစ္စ လောင်ပါးနှင့် အဋ္ဌမအကြီးအကဲကို တာဝန်လွှဲပေးသည်။
ထိုကိစ္စများကြောင့် ဓာတ်ငါးမျိုးဂိုဏ်းသို့ထွက်ခွာချိန် မနည်းမီအောင် သူလာခဲ့ရသည်။
လီဟော်ရန်က ထိုအဖြစ်အားလုံးကိုကြည့်၍ မနာလိုဝန်တိုဖြစ်နေသည်။ သူ့နှင့်ရွယ်တူတန်းတူများသည် ကျင့်စဉ်စွမ်းအား ပိုတိုးတက်လာရုံမက ပင်ကိုယ်ပါရမီလည်း ပိုကောင်းသည်။
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများလည်း အောင်မြင်နေကြသည်။ မုန်ကျင်းကျိုးနှင့်အရိုးရိုင်းလို တိုက်ရိုက်အောင်မြင်မှုမရသူများကလည်း စည်းစိမ်ဥစ္စာများစွာ အမွေခံထားသူများဖြစ်နေသည်။
လီဟော်ရန် သူ့အကြောင်းသူ ပြန်တွေးမိသည်။ နာမည်မှလွဲ၍ ဘာမှမရှိ။ သူ့အတိတ်ဘဝသရုပ်မှန်ပြန်ရ၍ ကိုးငရဲဂိုဏ်းချုပ်ဖြစ်လာလျှင် အခြေအနေက ပို၍ပင်ဆိုးဝါးသွားနိုင်သည်။
သူ့ကျင့်စဉ်အဆင့် တိုးတက်လာသဖြင့် ချင်ဟော်ရန်၏ မှတ်ဉာဏ်တစ်ဝက်လောက် ပြန်ရခဲ့သည်။ မှတ်ဉာဏ်ပြန်ရလာလေ ချင်ဟော်ရန်ဘဝ ဘယ်လောက်ခက်ခဲခဲ့ကြောင်း နားလည်လာလေဖြစ်သည်။
ထိုမှတ်ဉာဏ်များထဲတွင် ချင်ဟော်ရန်နှင့် စုယီရန်တို့ ဆုံတွေ့ခဲ့သည့် အချစ်ဇာတ်လမ်းများလည်း ရောပါနေသည်။
ထိုမှတ်ဉာဏ်များပေါ်လာချိန်တွင် ချင်ဟော်ရန်၏ဘဝကို ခက်ခဲသည်ဟု သူလုံးဝမခံစားရတော့။
လီဟော်ရန် ညည်းညူနေသဖြင့် လုယန်က စိတ်ရင်းဖြင့် နှစ်သိမ့်သည်။
"ညီလေးလီ၊ ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့။ မင်းရဲ့အနာဂတ်အလားအလာကလည်း ငါ့ထက်မလျော့ပါဘူး။ တစ်နေ့နေ့ ချင်ဟော်ရန်မှတ်ဉာဏ်ကို အပြည့်အဝရလာရင် မင်းငါနဲ့တန်းတူဖြစ်လာမယ့် အပိုင်းတစ်ခုရှိပါတယ်"
"ဘယ်အပိုင်းလဲ"
"မင်းရန်သူတွေက ငါ့ရန်သူတွေနဲ့အဆင့်တူ ဖြစ်လာမယ်လေ။ ချင်ဟော်ရန်ရဲ့ ရန်သူတွေက စုစည်းခြင်းအဆင့်တွေမဟုတ်လား။ ငါအပြင်ထွက်တိုင်း မကြာခဏကြုံရတဲ့ ရန်သူတွေကလည်း စုစည်းခြင်းအဆင့်တွေပဲ"
လီဟော်ရန် "..."
မလုပ်ပါနဲ့...အကိုလု၊ အကိုက ပြဿနာတွေနဲ့ အမြဲတိုက်တိုက်ဆိုင်ဆိုင်ကြုံတတ်တဲ့လူပါ။ ပြီးတော့ အဲဒီ့ပြဿနာတွေကိုလည်း အကို့အတွက် အကျိုးရှိအောင် ပြောင်းလဲနိုင်တယ်။ ကျုပ်က အကိုလုလောက် မစွမ်းနိုင်ပါဘူး...
ကံကောင်းထောက်မစွာဖြင့် သူတို့ခရီးစဉ်တလျှောက် ဘာမှပြဿနာကြီးကြီးမားမားမတွေ့ဘဲ ဓာတ်ငါးမျိုးဂိုဏ်းသို့ သူတို့ဘေးကင်းစွာ ရောက်သွားသည်။
သူတို့လှေပျံမဆိုက်မီပင် ဓာတ်ငါးမျိုးဂိုဏ်းဝင်များ ဂိတ်တံခါးတွင် တန်းစီရပ်၍ စောင့်ကြိုနေသည်ကို မြင်ရသည်။ ပိုထူးခြားသည်မှာ အကြီးအကဲဟု ယူဆရသည့်လူများဖြစ်သည်။ မှော်လက်နက်ကိုယ်စီကိုင်ထားသည်။
မျက်နှာများက အေးစက်တင်းမာနေသည်။ လှေပျံဆင်းလာသည်ကို သေချာအာရုံစိုက်၍ ကြည့်နေကြသည်။
********************************