← Chapters

ဧည့်ဝတ်ကျေသည့်ဂိုဏ်း

Vol. 36 Ch. 527

ဧည့်ဝတ်ကျေသည့်ဂိုဏ်း

Vol. 36 Ch. 527

မသေမျိုးငါးဂိုဏ်းဝင်ဖြစ်သည့် ဓာတ်ငါးမျိုးဂိုဏ်းသည် ယွန်ကျိုးပြည်နယ် ဓာတ်ငါးမျိုး‌တောင်ကြောပေါ်တွင် တည်ရှိသည်။

ဓာတ်ငါးမျိုးစွမ်းအင်သွေးကြောများ သဘာဝအလျောက် ပေါင်းဆုံနေသည့် ယွန်ကျိုးမှ အကောင်းဆုံးနေရာဖြစ်သည်။

ဂိုဏ်းချုပ်ချိုးကျင်အန်း ဦးဆောင်မှုဖြင့် ဓာတ်ငါးမျိုးဂိုဏ်းသည် ပါရမီရှင်အပြည့်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသည်။ ဤဂိုဏ်းဝင်များသည် ဂိုဏ်းထဲတွင် တကယ်အလေးအနက် ဝီရိယစိုက်၍ ကျင့်ကြံကြသည်။ အပြင်လောက်ကရောက်လျှင် နွေးထွေးဖော်ရွေကြသည်။

တာအိုလမ်းစဉ်ဂိုဏ်းမှ တပည့်များလာလည်ချိန်မှာပင် ရန်ငြှိုးရန်စများကို ဘေးဖယ်၍ အကြီးအကဲများကိုယ်တိုင် မှော်ရတနာကိုယ်စီဖြင့် ထွက်ကြိုနေသည်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ အန္တရာယ်တစ်ခုခုကြုံမည်ကို စိုးရိမ်ကြသည်။

"ကျုပ်တို့ကို ဒီလောက်တောင် အလေးထားကြတယ်ပေါ့။ ထွက်ကြိုနေကြတဲ့လူတွေ အများကြီးပဲကွာ"

ဂိတ်တံခါးရှေ့မှ ဓာတ်ငါးမျိုးဂိုဏ်းဝင်များကိုကြည့်၍ အရိုးရိုင်း သဘောကျစွာရယ်မောနေသည်။

သို့သော် လုယန်က မျက်ခုံးလှုပ်နေသည်။ မှော်လက်နက်ကိုင်ထားသူအားလုံး စုစည်းခြင်းအဆင့်များဖြစ်ကြောင်း နတ်မယ်က ပြောထားပြီးဖြစ်သည်။ သေချာပေါက် ဓာတ်ငါးမျိုးဂိုဏ်း အကြီးအကဲများဖြစ်မည်။

သူတို့ကိုကြိုဆိုဖို့ ထိုလက်နက်များကိုင်ထားရန် တကယ်လိုအပ်သလော...

လှေပျံရပ်နားပြီးနောက် မုန်ကျင်းကျိုးက အဖွဲ့ကိုဦးဆောင်၍ လှေပေါ်မှဆင်းသည်။ ချိုးကျင်အန်းက သူတို့ကို နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။ ချိုးကျင်အန်းနောက်တွင် မျက်နှာတင်းတင်း အကြီးအကဲငါးယောက်ရှိသည်။

တစ်ယောက်က လက်တစ်ဘက်တွင် အလံကိုင်၍ နောက်တစ်ဘက်တွင် လက်နက်ကိုင်ထားသည်။ သူဘာလုပ်ချင်သည်ကို ဝေခွဲမရ။

"ငါတို့ဓာတ်ငါးမျိုးဂိုဏ်းမှာ လေ့လာသင်ယူဖို့ရောက်လာတဲ့အတွက် ကြိုဆိုပါတယ်။ ဒါနဲ့...ခေါင်းဆောင်အကြီးအကဲမပါဘူးလား"

ချိုးကျင်းအန်း လူဦးရေတွက်ကြည့်သည်။ ငါးယောက်သာရှိသည်။ အကြီးအကဲတစ်ယောက်မှမပါ။

လက်မလျှော့လိုသေးသဖြင့် ဝိညာဉ်အာရုံသုံး၍ ဘေးပတ်လည်ကို စစ်ဆေးကြည့်သည်။ အနီးအနားတွင် ပုန်းအောင်းနေသူ လုံးဝမတွေ့ရ။

"မပါဘူး။ အကြီးအကဲတွေအားလုံး အလုပ်များနေလို့ မလာနိုင်ကြဘူး"

မုန်ကျင်းကျိုး အမှန်အတိုင်း ရှင်းပြသည်။

ချိုးကျင်အန်း စိတ်ပျက်စွာ ခေါင်းခါနေသည်။ သူ့ထောင်ချောက်ထဲ တစ်ယောက်မှကျမလာသဖြင့် မကျေမနပ်ဖြစ်သွားသည်။

သူ့နောက်မှ အကြီးအကဲငါးယောက်က မှော်လက်နက်များကို အသက်သွင်းလိုက်သည်။ လက်နက်၏ထိပ်ဦးများတွင် အရောင်တောက်လာသည်။ မုန်ကျင်းကျိုး လန့်သွားသည်။

သို့သော် ထိုလက်နက်များက လူကိုချိန်ရွယ်ခြင်းမဟုတ်ပါ။ ကောင်းကင်သို့ချိန်ရွယ်ထားခြင်းသာဖြစ်သည်။

"ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း"

စွမ်းအင်ငါးခု လေထဲတွင် ‌ပေါက်ကွဲသွားသည်။ နှစ်သစ်ကူးချိန် မီးပန်းဖောက်သကဲ့သို့ပင် လှပနေသည်။

ပေါက်ကွဲသံများနှင့်အတူ စာတန်းအလံတစ်ခု ပြေကျလာသည်။

"လေ့လာဖို့ ရောက်လာတဲ့ တာအိုလမ်းစဉ်ဂိုဏ်းတပည့်များကို ကြိုဆိုပါတယ်"

ဓာတ်ငါးမျိုးဂိုဏ်းသည် အစီအစဉ်ချရာတွင် စေ့စပ်သေချာသည်။ ဖြစ််နိုင်ခြေနှစ်မျိုး ပြင်ဆင်ထားသည်။ တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲကိုးယောက်ထဲမှ တစ်ယောက်ယောက်ပါလာလျှင် မှော်လက်နက်များဖြင့် ကြိုဆိုမည်။ နှိပ်ကွပ်ပြီးမှ စွမ်းအားပြသည့်အနေဖြင့် အလံကိုဖြေချမည်။

ယွမ်ကျိလိုက်လာလျှင် မီးပန်းများဖောက်ပြီး အလံကိုချက်ချင်းဖြေချမည်။

ယခု ယွမ်ကျိလိုက်မလာဘဲ မျိုးဆက်သစ်လူငယ်များသာ ရောက်လာသော်လည်း အလံဖြေချ၍ မီးပန်းဖောက်ကြိုဆိုရမည်သာဖြစ်သည်။

"သွားကြတော့။ သွားကြတော့။ ဝစီပိတ်ပါမလာဘူး"

"ဝစီပိတ်က အရိုင်းနယ်မြေမှာ ပေါ်လာတယ်လို့ကြားတယ်။ ငါတို့သွားစုံစမ်းကြည့်မလား"

"မေ့လိုက်ပါတော့။ အဲဒါကလည်း နောက်ထပ်သတင်းတုပဲ ဖြစ်ဖို့များတယ်။ သူရှိတယ်လို့ကြားတဲ့နေရာကို ငါတို့သွားရှာတိုင်း သူ့ကို ဘယ်တုန်းက ဖမ်းမိဖူးလို့လဲ"

"ဒီခွေးသူတောင်းစားက ငါးရှဉ့်ထက်ဖမ်းရခက်တယ်ကွ"

"လူနဲ့ဓားတစ်သားတည်းပညာ၊ ဓားတစ်ချောင်းဓားတစ်သောင်းအသွင်ပြောင်းပညာ။ ဒီဓားချက်နှစ်မျိုး ဆက်တိုက်သုံးနေတော့ ဘယ်သူမှ သူ့မူလရုပ်အစစ်ကို မသိနိုင်ဘူး။ သွားရှာတဲ့အချိန်ဆို သူကထွက်ပြေးသွားပြီး"

"ငါသာသူနဲ့မျက်နှာချင်းဆိုင်တွေ့ရင် သူဟုတ်မဟုတ် ငါတန်းသိမှာပဲ"

"မင်းကဘယ်လိုသိမှာလဲ"

"ငါ့မျက်လုံးတွေကိုမြင်လား။ ဆေးမီးဖိုထဲခုန်ဆင်းပြီး လေးဆယ့်ကိုးရက်ကြာအောင် မီးခိုးတိုက်ထားတာ။ အခု ငါ့မျက်လုံးတွေက မြင်းဖြူဘုံးကျောင်းရဲ့ နတ်ဆိုးဖော်ကြေးမုံနဲ့တောင် ယှဉ်နိုင်လောက်ပြီ"

"အဲလောက်ထူးခြားတယ်ဆိုတော့ လေ့ကျင့်ရတာ လွယ်ရဲ့လား။ ငါလည်းစမ်းကြည့်ချင်လို့ပါ"

မီးပန်းများဖောက်၍ အလံများဖြေချပြီးနောက် အကြီးအကဲများ လူစုခွဲသွားသည်။ သိပ်မကြာမီ သူတို့ချင်းချင်း ပြောဆိုဆွေးနွေးနေသည်။

ပစ်မှတ်ပေါ်မလာသဖြင့် ချိုးကျင်အန်း ချောင်းနှစ်ချက်ဟန့်လိုက်သည်။ လုယန်တို့ငါးယောက်ကို ဧည့်ခံလိုက်ရန် ပိုင်မင်ကို မျက်ရိပ်ပြသည်။

ဂိုဏ်းချုပ်နှင့်အကြီးအကဲများ ထွက်သွားကြသည်။ သို့သော် ဂိုဏ်းတပည့်များ ကျန်နေခဲ့သေးသည်။

"လုယန်ဆိုတာ ဘယ်တစ်ယောက်လဲ။ ငါ့ကိုလက်ညှိုးထိုးပြပါ"

"ဟိုလူပဲ။ အဝတ်အစားသပ်သပ်ရပ်ရပ်နဲ့တစ်ယောက်လေ"

"အပေါ်ယံပုံစံကိုကြည့်ပြီး အထင်မသေးလိုက်နဲ့။ သူက အခြေတည်အဆင့်နဲ့ ရွှေသန္ဓေအဆင့်၊ နတ်ဝိညာဉ်အဆင့်၊ ဝိညာဉ်ပြောင်းအဆင့်တွေကို အနိုင်ယူခဲ့တာတဲ့။ အခုသူက ‌ရွှေသန္ဓေအဆင့်ရောက်နေပြီ။ လေဟာနယ်သန့်စင်အဆင့်ကလူတွေကိုတောင် နိုင်မလားမသိဘူး"

"သူမှမဟုတ်ပါဘူးကွာ။ သာမန်လေဟာနယ်သန့်စင်အဆင့်တစ်ယောက်ဆို ငါလည်းအနိုင်တိုက်နိုင်ပါတယ်"

"ဟုတ်ပါတယ်"

"အိပ်မက်ပုံရိပ်ယောင်လုပ်ငန်း တည်ထောင်တဲ့လူက ဘယ်သူလဲ'

'မင်းကန်းနေလား။ မိန်းကလေးတစ်ယောက်တည်းပါတာကို မေးနေရသေးလား"

"သူတကယ် ပါရမီရှိတာပဲ။ ဒီလောက်အမြတ်အစွန်းရမယ့်လုပ်ငန်းမျိုးကို ငါဘာလို့မတွေးခဲ့မိပါလိမ့်ကွာ"

"မင်းက ဘယ်လိုစိတ်ကူးစိတ်သန်းမျိုး တွေးနိုင်လို့လဲ။ တာအိုလမ်းစဉ်ဂိုဏ်းက အသားကင်တွေစားပြီး အပြင်မှာဆိုင်ဖွင့်ဖို့ မင်းကြိုးစားခဲ့တယ်။

နောက်တော့မှ အသားကင်လုပ်ငန်းက အပြိုင်အဆိုင်အရမ်းပြင်းထန်မှန်း မင်သိသွားတာမဟုတ်လား"

"ဟိုဗလတောင့်တောင့်နဲ့လူက ရှေးဟောင်းအရိုင်းမျိုးနွယ်လား။ ရှေးဟောင်းအရိုင်းမျိုးဆက်တွေ မျိုးတုံးသွားပြီထင်ခဲ့တာ"

"သူက ရှားပါးသွေးဆက်လို့ ပြောကြတယ်"

ဓာတ်ငါးမျိုးဂိုဏ်းတပည့်များနှင့် တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ မကြာခဏထိတွေ့ဆက်ဆံဖူးကြသည်မဟုတ်။ ထို့ကြောင့် လုယန်တို့အဖွဲ့ကို အတော်စိတ်ဝင်စားနေကြသည်။

ချိုးကျင်အန်းထွက်သွားပြီးနောက် မုန်ကျင်းကျိုးက ပိုင်မင်ကို နားမလည်ဟန်ဖြင့်ကြည့်သည်။

"မင်းက တစ်ခြားဂိုဏ်းကို လေ့လာဖို့မသွားရဘူးလား"

ပိုင်မင် ပြုံးသည်။

"သွားစရာနေရာမကျန်တော့ဘူးလေ။ အကိုတို့တာအိုလမ်းစဉ်ဂိုဏ်းက ရှီချန်းကို လက်ခံတယ်။ ယန်ထန်ကျိက စွန်စီးဘုံကျောင်းကိုသွားတယ်။

လသံလွင်နန်းတော်က ယောက်ျားလေးတပည့်တွေ လက်မခံဘူး။ ကျုပ်ဂိုဏ်းတူညီမနှစ်ယောက် အဲဒီကိုသွားတယ်။

ထောင်ချုပ်ဂိုဏ်းဆိုတာကျတော့ ကျုပ်မကြာခဏရောက်နေတဲ့ နေရာလေ။ အထူးတလည်သွားစရာမှမလိုတာ။ ဒါကြောင့် ဂိုဏ်းမှာပဲနေတာပါ"

ပိုင်မင်က လမ်းလျှောက်ရင်း ဓာတ်ငါးမျိုးဂိုဏ်းအခြေအနေများကို လုယန်တို့အဖွဲ့အား ရှင်းပြသည်။

"လှေပေါ်ကနေ ခင်ဗျားတို့မြင်ခဲ့လောက်ပါတယ်။ ကျုပ်တို့ဓာတ်ငါးမျိုးဂိုဏ်းက ဓာတ်ငါးမျိုးစွမ်းအင်ကြောပေါ်မှာ တည်ဆောက်ထားတာ။ ဓာတ်ငါးမျိုးရဲ့ ထူးခြားကွဲပြားတဲ့ လက္ခဏာတွေပေါ်မူတည်ပြီး ကျုပ်တို့ဂိုဏ်းကို ဂိုဏ်းခွဲငါးခုခွဲထားတယ်။

ခုနက ဂိုဏ်းချုပ်နဲ့အတူ ခင်ဗျားတို့ကို နှုတ်ဆက်ခဲ့တဲ့လူတွေဟာ ဓာတ်ငါးမျိုးအကြီးအကဲတွေပဲ။ သူတို့ငယ်ငယ်က ခင်ဗျားတို့တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲတွေနဲ့ ကိုယ်ရေးကိုယ်တာရန်ငြှိုးတွေရှိခဲ့တယ်။

သူတို့က အတိတ်ကအဖြစ်အပျက်တွေကို စားမြုံ့ပြန်တွေးမိလို့ သိပ်တွေ့ချင်နေကြတာ။ ခင်ဗျားတို့အကြီးအကဲတွေ ရောက်မလာဆိုးတာပဲ"

"ဘယ်လိုရန်ငြှိုးရန်စမျိုးလဲ'

ဓာတ်ငါးမျိုးဂိုဏ်းနှင့်တာအိုလမ်းစဉ်ဂိုဏ်းကြားမှ ပြဿနာများအကြောင်း သူ့ဆရာထံမှ ပိုင်မင်ကြားဖူးသည်။

"အတော်များတယ်။ ဥပမာ၊ ပုံမှန်တိုက်ပွဲတွေမှာ ခင်ဗျားတို့တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲတွေက လူအင်အားအသာနဲ့ ကျုပ်တို့အကြီးအကဲတွေကို ဝိုင်းတိုက်တာမျိုး။ ခင်ဗျားတို့ဘက်က အင်အားနည်းတဲ့အခါ မဟာရှားရုံးတော်ကို သတင်းပို့ပြီးတိုင်ကြားတာမျိုးပေါ့။

တစ်ခါတစ်လေ 'ပျားရည်ထောင်ချောက်'ဆိုတာမျိုးတောင် သုံးကြတယ်။ ခင်ဗျားတို့ရဲ့ စတုတ္ထအကြီးအကဲက ကျုပ်တို့အကြီးအကဲတစ်ယောက်ဆီကို မိန်းကလေးတစ်ယောက်လေသံမျိုးနဲ့ စာတစ်စောင်ပို့ဖူးတယ်။ ကျုပ်တို့အကြီးအကဲကို အရမ်းလေးစားလို့ လူချင်းတွေ့ချင်တယ်လို့ပြောတယ်။

ပြီးတော့ စာထဲမှာ သူကရှက်တတ်လို့ လူအများကြီးနဲ့မတွေ့ချင်ဘူး၊ သီးသန့်တွေ့ချင်တယ် တောင်းဆိုတယ်။ ကျုပ်တို့အကြီးအကဲ ချိန်းထားတဲ့နေရာကိုရောက်တော့ တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲကိုးယောက်က ကျောက်တုံးကြီးတစ်ခုနောက်ကနေ ခုန်ထွက်လာကြတယ်တဲ့။ အဲလိုအဖြစ်မျိုး ခင်ဗျားတို့စိတ်ကူးကြည့်နိုင်ရဲ့လား"

ထိုလှည့်ကွက်ကို လုယန် အတော်ရင်းနှီးနေသည်။ စတုတ္ထအကြီးအကဲသည် ကိုယ်တိုင်ခံခဲ့ရပြီးနောက် ထိုနည်းလမ်းကို ကျွမ်းကျင်သွားခြင်းလားမသိ။

သူတို့ပြောသည့်စကားများကို ဓာတ်ငါးမျိုးအကြီးအကဲများ ခိုးနားထောင်နေမည်ကို လီဟော်ရန်ကြောက်သည်။ ပိုင်မင်၏စကားများက အနာဟောင်းကိုဆွသလိုဖြစ်သွားသလျှင် သူတို့အတွက် အခြေအနေမကောင်း။

ထို့ကြောင့် စကားလမ်းကြောင်း အမြန်ပြောင်းလိုက်သည်။

"ခင်ဗျားက ဘယ်ဂိုဏ်းခွဲကလဲ"

"ကျုပ်လား။ ကျုပ်ကဓာတ်ငါးမျိုးမှော်ပညာတွေ ကျွမ်းကျင်တယ်။ ဘယ်ဂိုဏ်းခွဲထဲမှမပါဘူး။ ကျုပ်က ဂိုဏ်းချုပ်ရဲ့တပည့်လေ။

ဓာတ်ငါးမျိုးမှော်ပညာအားလုံးကျွမ်းကျင်တဲ့ ကျုပ်လိုလူတွေပဲ ဂိုဏ်းချုပ်ဆီမှာ တပည့်ခံခွင့်ရှိတာ"

ပြောနေရင်းမှ ပိုင်မင်နှုတ်ခမ်းတွင် အနည်းငယ်ဝင့်ကြွားသည့် အပြုံးရိပ်ပေါ်လာသည်။ ဓာတ်ငါးမျိုးမှော်ပညာများကျွမ်းကျင်သည့် သူလို့ပါရမီမျိုးက ဓာတ်ငါးမျိုးဂိုဏ်းတွင် ထူးခြားရှားပါးလှသည်။

"ဒါဆို ငါလည်း အဆင်ပြေလောက်ပါတယ်"

လုယန် ကိုယ့်ကိုယ်ကို လက်ညှိုးထိုးပြသည်။

သူ့မှော်ပညာများက ထူးခြားသည်။ ရွှေဓာတ်အတွက် ရွှေခန္ဓာမှော်ပညာ၊ သစ်သားဓာတ်အတွက် သစ်ပင်စိုက်ပညာ၊ မီးဓာတ်အတွက် ရသာသုံးပါးမီးတောက်၊ မြေဓာတ်အတွက် မြေအောင်းပညာများ တတ်ကျွမ်းသည်။ ရေဓာတ်နှင့်သက်ဆိုင်သည့် မှော်ပညာမျိုးသာ မတတ်မြောက်သေးခြင်းဖြစ်သည်။

ပိုင်မင် လုယန်ကိုလှည့်ကြည့်သည်။ သူ့မျက်နှာတွင် အံ့ဩရိပ်သန်းနေသည်။

"ဟုတ်တယ်၊ အကိုလုက တကယ်အဆင်ပြေပါတယ်။ ဂိုဏ်းချုပ်နဲ့အတူနေဖို့ အဆင်ပြေတယ်။ ဘာလို့အစကတည်းက ကျုပ်တို့ဓာတ်ငါးမျိုးဂိုဏ်းကို မဝင်ခဲ့တာလဲ"

လုယန် ခေါင်းကုတ်၍ ပြုံးနေသည်။

"တာအိုလမ်းစဉ်ဂိုဏ်းက ငါ့အိမ်နဲ့ပိုနီးတယ်လေ။ ဒါကြောင့် အရင်စမ်းကြည့်လိုက်တာ။ ချက်ချင်းဝင်ခွင့်ရမယ်လို့ ထင်မထားဘူး"

ပိုင်မင် "..."

နောက်ခံအကြောင်းရင်းက ဒါလား...

*****************************

All Chapters