← Chapters

မုန်မိသားစု တိုက်ခိုက်ရေးပညာ

Vol. 36 Ch. 528

မုန်မိသားစု တိုက်ခိုက်ရေးပညာ

Vol. 36 Ch. 528

"ဒါက ကျမ်းစာတိုက်ပဲ။ ဈေးကွက်မှာရနိုင်တဲ့ စာအုပ်တွေအကုန်ရှိတယ်။ ဂိုဏ်းတပည့်တွေအနေနဲ့ ပထမထပ်မှာ လွတ်လွတ်လပ်လပ် ဖတ်ရှုခွင့်ရှိတယ်။ ဒုတိယထပ်နဲ့ ဒီထက်မြင့်တဲ့အထပ်တွေကို ဝင်ခွင့်ရဖို့တော့ မစ်ရှင်တွေပြီးမြောက်အောင် လုပ်နိုင်ဖို့လိုတယ်"

ဓာတ်ငါးမျိုးဂိုဏ်းတွင်လည်း မစ်ရှင်ခန်းမတစ်ခုရှိသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် တပည့်များက ကျင့်စဉ်အဆင့်တစ်ခုရောက်သည်အထိ ကိုယ့်အဆင့်နှင့်ပတ်သက်သည့် ကျင့်စဉ်ပညာများကို လွတ်လပ်စွာလေ့လာနိုင်သည်။

သို့သော် ဓာတ်ငါးမျိုးဂိုဏ်းတွင် ဂိုဏ်းတပည့်များ အလိုရှိသည့်ကျင့်စဉ်ပညာလေ့လာနိုင်ဖို့ မစ်ရှင်အရင်ထမ်းဆောင်ရသည်။

ထိုစနစ်ကို ဓာတ်ငါးမျိုးဂိုဏ်းတည်ထောင်ချိန်မှစ၍ ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုစနစ်တီထွင်ရသည့် နောက်ခံအယူအဆရှိသည်။ ပညာကို လွယ်လွယ်မပေးသင့်။ အလွယ်တကူရလျှင် တန်ဖိုးမထားတတ်။ ကြိုးစားရယူရသည့် အရာများကိုသာ တန်ဖိုးထားကြသည်။

"ဒါပေမယ့် ဓာတ်ငါးမျိုးဂိုဏ်းကို ပညာလာသင်တဲ့ ခင်ဗျားတို့လိုအပြင်တပည့်တွေဆီက ကျိုးဆောင်မှတ်နဲ့လဲလှယ်ပေးလို့လည်းမရဘူး။ ထုံးစံအတိုင်း ခင်ဗျားတို့ကြိုက်တဲ့ ပညာရပ်တစ်ခုစီရွေးချယ်နိုင်တယ်။

တစ်ခုထက်ပိုသင်ချင်ရင်တော့ ခင်ဗျားတို့လည်း မစ်ရှင်ထမ်းဆောင်ရမယ်။

"ဒါကတော့ သင်ကြားရေးခန်းမပါ။ ခဏနေရင် သင်ကြားရေးအကြီးအကဲက ဓာတ်ငါးမျိူးအခြေခံသဘောတရားတွေ ရှင်းပြလိမ့်မယ်။ ဒါက ကျုပ်တို့ဂိုဏ်းရဲ့ ဂိုဏ်းတပည့်တိုင်း မဖြစ်မနေတက်ရတဲ့ အခြေခံသင်တန်းပါ။

ဒါပေမယ့် ကျုပ်တို့ရဲ့ဓာတ်ငါးမျိုးပညာသဘောတရားတွေ ခင်ဗျားတို့ကို အတင်းအကြပ်ပို့ချတာမျိုးမဟုတ်ပါဘူး။ နားထောင်ရုံပဲ နားထောင်ပါ။ မေးချင်တာရှိရင် အကြီးအကဲကို မေးလို့ရတယ်။

"ဒါက သိုင်းလေ့ကျင့်တဲ့ခန်းမပါ။ ဓာတ်ငါးမျိုးဂိုဏ်းတပည့်တွေက ပုံမှန်ရက်တွေဆို ဒီမှာပဲ လာလေ့ကျင့်ကြတယ်"

မှော်စက်ဝန်းများကာရန်ထားသည့် ကြီးမားသည့်စင်မြင့်လေးငါးခြောက်ခု ရှိသည်။ ဓာတ်ငါးမျိုးဂိုဏ်းဝတ်စုံဝတ်ထားသည့် တပည့်များ သူတို့၏ဓာတ်ငါးမျိုးမှော်ပညာများ ပြသနေသည်။

တိုက်ခိုက်မှုများက ပြင်းထန်လွန်းသဖြင့် စင်မြင့်များပင် တုန်ခါနေသည်။ ကြည့်နေသူများကလည်း အော်ဟစ်အားပေးနေကြသည်။

အဝေးမှကြည့်နေသည့်တိုင် တိုက်ပွဲမှထွက်လာသည့် စွမ်းအင်လှိုင်းများကို လုယန် ခံစားရသည်။ သူ့ဆံပင်များ အနည်းငယ် လှုပ်ခတ်သွားသည်။

စင်မြင့်တစ်ခု၏ ကြမ်းပြင်ပေါ်တွင် မာကျောချွန်ထက်သည့် ကျောက်သားစများ ပြန့်ကျဲနေသည်။ ဓာတ်ငါးမျိုးဂိုဏ်းတပည့်တစ်ယောက်က ထိုကျောက်သားများကို လက်ညှိုးထိုး၍ အော်ဟစ်လိုက်သည်။

"ကျောက်တုံးကိုရွှေအသွင်ပြောင်း"

ကျောက်တုံးများက တောက်ပသည့်ရွှေသားအဖြစ်ပြောင်းသွားသည်။

ထို့နောက် ထိုဂိုဏ်းတပည့် ရွှေအားလုံးကို ဝိညာဉ်စွမ်းအင်ဖြင့် ထိန်းချုပ်၍ နောက်ထပ်မှော်ပညာတစ်ခု ထုတ်သုံးသည်။

"ရွှေစင်တစ်ထောင်ပစ်လွှတ်ခြင်း"

တောက်ပသည့် ရွှေသားက ရှုပ်ထွေးသည့်အားလှိုင်းများအသွင်ပြောင်း၍ လေဟာနယ်ကို နေရာမလပ်ထိုးခွဲသွားသည်။ မှော်ပညာထိန်းချုပ်မှုဖြင့် ရွှေစွမ်းအင်လှိုင်းများ ပြိုင်ဘက်လူဆီ တိုးဝင်သွားသည်။

"ဒါက ဒဏ္ဍာရီထဲက "ဓနကိုလက်နက်အသွင်ပြောင်း"ပညာလား"

ထောင်ယော်ယဲ့ အံ့အားသင့်သွားသည်။ ထိုပညာပျောက်ကွယ်သွားပြီဟု သူထင်ခဲ့သည်။ ဓာတ်ငါးမျိုးဂိုဏ်းတွင် ကိုယ်တွေ့မြင်ရမည်ဟု လုံးဝထင်မထား။

ပိုင်မင်က ရှင်းပြသည်။

"ရွှေစင်တစ်ထောင်ပစ်လွှတ်ခြင်းပညာက ရွှေဓာတ်ဂိုဏ်းခွဲရဲ့ လျှို့ဝှက်ပညာတစ်ခုပါ။ စွမ်းအားကြီးတယ်။ အကြီးအကဲကျန်းက ဒီပညာနဲ့ 'ကျောက်တုံးရွှေအသွင်‌ပြောင်း'ပညာကို ပူးတွဲအသုံးပြုနိုင်အောင် တီထွင်ဆန်းသစ်ခဲ့တယ်။

ဒါပေမယ့် ဒီပညာမှာ ချို့ယွင်းချက်တွေရှိတယ်။ ရွှေဆိုတာ တန်ဖိုးသိပ်မမြင့်တဲ့ သာမန်ပစ္စည်းပဲလေ။ အရည်အသွေးနိမ့်တဲ့ပစ္စည်းဖြစ်လို့ အကြီးအကဲကျန်းက လိုချင်တဲ့ တိုက်ခိုက်စွမ်းအားမျိုးရအောင် ပစ္စည်းပမာဏများများထည့်သုံးတယ်"

"သိပ်ကောင်းတဲ့အတွေးပဲ"

လုယန် လေးစားသွားသည်။ ဓာတ်ငါးမျိုးဂိုဏ်းသို့‌ ရောက်စမှာပင် ထိုကဲ့သို့တီထွင်ဆန်းသစ်သည့် အတွေးမျိုးကို ကြုံနေရပြီဖြစ်သည်။ ဤခရီးစဉ်တွင် သူအတော်များများသင်ယူနိုင်မည်မှာ သေချာသလောက်ရှိသည်။

"လောင်မုန်၊ ဒီပညာကို မင်းလေ့လာချင်လား"

"ရွှေစင်တစ်ထောင်ပစ်လွှတ်ခြင်း"ပညာသည် မုန်ကျင်းကျိုးနှင့်အသင့်တော်ဆုံးဟု လုယန်တွေးမိသည်။ မုန်ကျင်းကျိုးသာ ရွှေများ ကျောက်မျက်ရတနာများ ဝိညာဉ်ကျောက်များဖြင့် ပစ်လွှတ်တိုက်ခိုက်လျှင် အတော်စွမ်းအားကြီးပေလိမ့်မည်။

မုန်ကျင်းကျိုး စိတ်မဝင်စားဟန်ဖြင့် ခေါင်းခါသည်။

"ငါတို့မုန်မိသားစုလည်း ဒီပညာကိုသိပါတယ်။ ဒါပေမယ့် ငါတို့ဘိုးဘေးတွေက ဒီပညာကို မလေ့ကျင့်ရဘူးလို့ တားမြစ်ထားတယ်။ တားမြစ်ပညာလို့ သတ်မှတ်ထားတာ"

"ဘာလို့လဲ"

လုယန် နားမလည်။

"ငါတို့မျိုးနွယ်ထဲက သားအဖနှစ်ယောက် ရန်ဖြစ်ကြတယ်။ သားဖြစ်တဲ့သူက ရွှေစင်တစ်ထောင်ပစ်လွှတ်ခြင်းပညာသုံးပြီး သူ့အဖေရဲ့ ဝိညာဉ်ကျောက်တွေ အကုန်လွှင့်ပစ်တယ်။

အဲဒီကောင်လုပ်တာက နှစ်သစ်ကူးချိန် မီးပန်းဖောက်တာထက်တောင် ပိုခမ်းနားသေးတယ်။ ညာဉ့်နက်သန်းခေါင်ချိန်မှာ နန်းမြို့တော်တစ်ခုလုံး နေ့ခင်းဘက်လို လင်းထိန်သွားတာ။

အသံတွေဆူညံလွန်းလို့ ဘယ်သူမှ မအိပ်နိုင်ကြဘူး။ ဒီတော့ လူတွေရာထောင်ချီပြီး ညတွင်းချင်း ငါတို့မုန်မိသားစုကို လာဝိုင်းကြတယ်လေ"

ထိုအဖြစ်မတိုင်မီက မုန်မိသားစုသည် တစ်ခြားလူများကို တစ်ယောက်ချင်းစီသာ ရန်စထိပါးခဲ့သည်။ သို့သော် ထိုတစ်ကြိမ်တွင် နန်းမြို့တော်တစ်ခုလုံးကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့သည်။

မြို့တော်တစ်ခုလုံး၏ အမျက်‌ဒေါသကို မုန်မိသားစုပင် ခံနိုင်ရည်မရှိ။

လုယန် "..."

ခုချိန်ကစလို မြို့တော်ကိုရောက်ရင် ငါမင်းနဲ့သိတယ်လို့ မပြောတော့ဘူး။ ဒါမှ ဘယ်ကလာမယ်မှန်းမသိတဲ့ ရန်သူတွေရဲ့ အန္တရာယ်ကနေလွတ်မှာ...

မုန်ကျင်းကျိုး ဆက်ပြောသည်။

"ပြီးတော့ မုန်မိသားစုမှာ ဒီထက်ပိုကောင်းတဲ့ပညာရပ်တွေရှိတယ်။ ဒီပညာကို သင်စရာမလိုပါဘူး"

"ဒီထက်ပိုကောင်းတဲ့ပညာလား...ဘယ်လိုပညာမျိုးလဲ"

လုယန် ပို၍စိတ်ဝင်စားလာသည်။

"အဲဒီ့ပညာအကြောင်း အသေးစိတ်တော့ သိပ်မသိဘူး။ ဘယ်လိုအသုံးချတယ်ဆိုတာတော့ ပြောနိုင်ပါတယ်။

တိုက်ခိုက်တဲ့အချိန်မှာ ဝိညာဉ်ကျောက် အပုံကြီးကြီးတစ်ပုံလောက် ရန်သူဆီ ပစ်လွှတ်ရတယ်။ ဒီတော့ ဝိညာဉ်ကျောက်ပိုင်ဆိုင်မှုက မုန်မိသားစုဆီကနေ ရန်သူဆီရောက်သွားမယ်။

အဲဒါပြီးရင် ရန်သူကို ဝိညာဉ်ကျောက်ပြန်ပေးဖို့ ကောင်းကောင်းမွန်မွန်တောင်းရတယ်။ ပြန်မပေးရင် ကောင်းကင်လျှပ်စီး သူတို့အပေါ်ကျအောင်လုပ်ပြီး အသေသတ်နိုင်တယ်"

လုယန် မျက်လုံးထောင်ကပ်၍ကြည့်သည်။ ထိုပညာကို သူအတော်ရင်းနှီးနေသည်။

မုန်ကျင်းကျိုး ဆက်ပြောသည်။

"ဪ..ဟုတ်ပြီ။ အဲဒီ့မိုးကြိးစွမ်းအားကို 'ကြွေးချေမိုးကြိုး'လို့လည်း ခေါ်ကြတယ်"

ထိုနာမည်နှင့်လည်း လုယန် ရင်းနှီးနေသည်။

မုန်ကျင်းကျိုးကို သူလှမ်းကြည့်သည်။ ထို့နောက် သူတို့ပြောနေသည့်စကားကို အာရုံစိုက်၍နားထောင်နေသည့် လီဟော်ရန်ကိုကြည့်သည်။ တစ်ချိန်က ချင်ဟော်ရန်ကို ငွေချေးခဲ့သူသည် မုန်မိသားစုဝင်တစ်ယောက်များ ဖြစ်နေမလားမသိ။

သို့သော် ထိုကိစ္စ ထုတ်မပြောဖို့ လုယန် ဆုံးဖြတ်လိုက်သည်။ အကိုကြီးတစ်ယောက်အနေဖြင့် အတိတ်က ဘယ်လိုအမှားရှိသည်ဖြစ်စေ ဂိုဏ်းတူညီအကိုချင်း ရင်းနှီးမှုကို ထိန်းသိမ်းထားချင်သည်။

လီဟော်ရန်ရထားသည့် အတိတ်မှတ်ဉာဏ်အရ ချင်ဟော်ရန်၏ကြွေးရှင် ဘယ်သူမှန်း မသိသေး။ မုန်မိသားစုက ရုပ်ဖျက်၍ တရားမဝင်နည်းဖြင့် ချေးငွေထုတ်ပေးခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

သူဆက်မတွေးတော့။ အချိန်ကာလလည်း များစွာကွာခြားခဲ့ပြီဖြစ်သည်။ ချင်ဟော်ရန်လည်း သေသွားသည်။ ယခု အကြွေးလက်ခံထားသူက ဒုဂိုဏ်းချုပ် ကျောက်ရိုးဖြစ်သည်။ သူ့ပြဿနာသူရှင်းလိမ့်မည်။

ပိုင်မင်က မုန်ကျင်းကျိုးကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်သည်။

"မုန်မိသားစုမှာ ရန်သူတွေအများကြီးရှိနေတာ မဆန်းတော့ပါဘူး။ ဒီတိုက်ခိုက်နည်းနဲ့တင် ကောက်ကျစ်ဉာဏ်များတယ်လို့ ပြောလို့ရတယ်"

မုန်ကျင်းကျိုးက သူ့မိသားစုပညာရပ်ကို အခိုင်အမာကာကွယ်သည်။

"မင်းဘာတွေပြောနေတာလဲ။ ဒါက ကောင်းကင်စွမ်းအားကို တရားဝင်သုံးတာလေ။ သဘာဝစွမ်းအားကိုသုံးတာ ဘာမှားနေလို့လဲ။ လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်ခဲ့တာလည်း သဘာဝစွမ်းအာစည်းမျဉ်းတွေကို နားလည်ပြီး အသုံးချနိုင်ခဲ့လို့ပဲမဟုတ်လား"

ထို့နောက် ပိုင်မင်က သူတို့ငါးယောက်ကို အလွန်ပူပြင်းသည့်နေရာတစ်ခုသို့ ခေါ်သွားသည်။‌ မြေပြင်မှ မကြာခဏ မီးတောက်များပေါ်လာသည်။ နီညိုရောင်မြေသားကို အပူပေးနေသည်။ ဖိနပ်စီးထားသည့်တိုင် ထိုအပူဓာတ်ကို ခံစားမိကြသည်။ ရွှေသန္ဓေအဆင့်သာမဟုတ်လျှင် ယခုချိန် ရေဓာတ်ခန်းခြောက်ပြီးဖြစ်ပေလိမ့်မည်။

"ဒါက မီးဓာတ်ဂိုဏ်းခွဲ ကျင့်စဉ်နယ်မြေပါ။ မီးတောက်စစ်မျိုးစုံရှိတယ်။ ဒီနေရာမှာ မီးဓာတ်ပညာတွေ၊ မီးဝိညာဉ်မြစ်တွေ လေ့ကျင့်ရင် တိုးတက်မှုနှစ်ဆမြန်တယ်။ မီးတောက်စစ်ရဲ့ အနှစ်သာရကိုလည်း လေ့လာနိုင်တယ်။

မိတ်ဆွေလီက ဒီနေရာနဲ့ သင့်တော်မယ်ထင်တယ်"

ဤနေရာနှင့် အနီးစပ်ဆုံးဆက်နွယ်မှုကို လီဟော်ရန် ခံစားနေရသည်။ ရပ်နေရုံဖြင့် သူ့ကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များ ဆူပွက်လာသည်။ သူ့ကျင့်စဉ်စွမ်းအား အလိုလိုလည်ပတ်လာသည်။

သူသည် မီးဝိညာဉ်မြစ်ဖြစ်သည်။ ဤနေရာသည် သူနှင့်ကွက်တိကျသည်။

"ကျုပ်ဒီမှာကျင့်ကြံလို့ရလား"

ဤနေရာက သူ့အတွက် သီးခြားဖန်တီးထားသည့် ရတနာနယ်မြေနှင့်တူသည်။

ပိုင်မင်က အခက်တွေ့နေဟန်ဖြင့် တွေးတွေးဆဆပြောသည်။

"ခင်ဗျားဆရာက ကျိုးရှင်းမဟုတ်လား"

"ဟုတ်တယ်"

"သူ့မှာ မီးတောက်စစ်တွေ အများကြီးရှိလား"

"ရှိတယ်။ ကျုပ်ဆရာအခန်းထဲမှာ မီးတောက်စစ်မျိုးစုံရှိတယ်။ သူပစ္စည်းသန့်စင်တိုင်း အဲဒါတွေကိုသုံးတယ်"

အကြီးအကဲကျိုး ပစ္စည်းသန့်စင်သည်ကို လုယန်မြင်ဖူးသည်။ မိန်ယွဲ့ဓားကိုသန့်စင်ချိန်တွင် မီးတောက်စစ်တစ်ချို့ကို ကျိုးရှင်းသုံးခဲ့သည်။

"အကြီးအကဲကျိုးရှင်းက အကြီးအကဲဟော်မိုင်ဆီကနေ မီးတောက်စစ်တစ်ချို့ ရခဲ့တယ်။ ဒါပေမယ့် မလှိမ့်တပတ်နည်းလမ်းနဲ့ ရသွားတာ။

အကြီးအကဲဟွမ်မင်ကတော့ သူ့ဒေါသကို လူငယ်မျိုးဆက်အပေါ် ဖွင့်ထုတ်မှာမဟုတ်ဘူး။ ဒါပေမယ့် သူ့တပည့်တွေက အဲလိုဟုတ်ချင်မှဟုတ်မယ်။

ဒီနေရာမှာ တစ်ယောက်တည်း မလေ့ကျင့်ဖို့ ခင်ဗျားကိုကျုပ် အကြံပေးချင်တယ်။ စိတ်မချရဘူး"

လီဟော်ရန် "..."

************************************

All Chapters