အပြိုင်အဆိုင်
Vol. 36 Ch. 529
လုယန်နှင့်ယှဉ်လျှင် လီဟော်ရန်သည် ယုံကြည်စိတ်ချရသည့် ဆရာတစ်ယောက်ရှိသည်ကို အမြဲတမ်းဂုဏ်ယူခဲ့သူဖြစ်သည်။ ထိုဆရာသည် သူ့ကို ချော်ရည်ကန်ထဲ ပစ်ချခဲ့ပါသည်။
သို့သော် မီးဝိညာဉ်မြစ်၏ လျှို့ဝှက်ချက်များကို သူပိုနားလည်စေဖို့ စေတနာဖြင့်လုပ်ခဲ့ခြင်းသာဖြစ်သည်။
သို့သော် ထိုဆရာကောင်းက ဓာတ်ငါးမျိုးဂိုဏ်းတွင် ရန်သူရှိနေမည်ဟု ထင်မထားခဲ့။
ရှိသည့်ရန်သူကလည်း မီးဓာတ်ဂိုဏ်းခွဲမှလူဖြစ်နေသည်။
ပိုင်မင် လီဟော်ရန်ပုခုံးကိုပုတ်သည်။
"စိတ်မပူပါနဲ့။ ဒီတစ်ခုပဲ ချွင်းချက်ရှိတာပါ။ အကြီးအကဲကျိုးဟာ ပစ္စည်းသန့်စင်မှုနယ်ပယ်မှာ အတော်နာမည်ကျောက်ပြီး အဆက်အသွယ်တွေ အများကြီးရှိတယ်လို့ ကျုပ်ကြားဖူးတယ်"
မှန်သည်။ ကျိုးရှင်း၏ သန့်စင်မှုပညာများက ကျင့်ကြံသူလောကတွင် ပြိုင်ဘက်ကင်းသည်။ နာမည်ကျော်သည်။
ပစ္စည်းသန့်စင်ပညာရှင်များသည် သူတို့စွမ်းအားကို မှတ်ပုံတင်ထားသည့် မူပိုင်ခွင့်အရေအတွက်ဖြင့် အကဲဖြတ်လေ့ရှိသည်။ ကျိုးရှင်းသည် မူပိုင်ခွင့်အများဆုံး ပိုင်ဆိုင်ထားသူဖြစ်သည်။
ထိုမူပိုင်ခွင့်များကြောင့်လည်း ဝင်ငွေအမြောက်အများရသည်။ နောက်ထပ်ပစ္စည်းသန့်စင်သူဖြစ်သည့် သတ္တမအကြီးအကဲထက်ပင် ဝင်ငွေပိုကောင်းသည်။
သို့သော် သူ့ချမ်းသာသည်က ဝစီပိတ်ကိုတော့ မမီသေး။
လက်ရှိတွင် ဝစီပိတ် ထူးထူးခြးခြားချမ်းသာနေ၍မဟုတ်။ မှောင်ခိုဈေးကွက်တွင် ဆုကြေးထုတ်ထားသည့် သူ့တန်ဖိုးက အတော်များနေ၍ဖြစ်သည်။
"ဟိုလူတွေက ဘာလုပ်နေတာလဲ"
ကိုယ်ဗလာနီးပါးဖြစ်နေသည့် ဂိုဏ်းတပည့်တစ်ချို့ ပူခြစ်နေသည့်မြေပြင်ကို အရေးမစိုက်ဘဲ မြေပေါ်တွင်လဲလျောင်း၍ မျက်လုံးမှိတ်ထားသည်။ ခန္ဓာကိုယ်တွင် အရည်တစ်မျိုး သုတ်လိမ်းထားဟန်ရှိသည်။ နေရောင်ကြောင့် ပြောင်လက်နေသည်။
သူတို့ဘေးတွင် သစ်ကိုင်းတစ်ခုလည်း စိုက်ထားသည်။
ထိုပုံစံမျိုးကို လုယန်အတိတ်ဘဝက ကမ်းခြေ၌နေဆာလှုံနေချိန်တွင် နောက်ဆုံးမြင်ခဲ့ရသည်။
"ဪ..။သူတို့ကို ပြောတာလား။ သူတို့က နေသန္ဓေစွမ်းအင်ကို နားလည်အောင် ကျင့်ကြံနေတာ။ မီးဓာတ်ဂိုဏ်းခွဲအကြီးအကဲတွေ လေ့လာသုံးသပ်ပြီးနောက်မှာ နေရောင်နဲ့ထိတွေ့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းပိုများလေ ဉာဏ်အလင်းရဖို့ အခွင့်အရေးပိုများလေဆိုတာ သိလာကြတယ်။
ဟိုသစ်ကိုင်းက ကျုပ်ဆရာဂိုဏ်းချုပ် အရိုင်းနယ်မြေကနေ ယူလာတာ။ ရှေးဟောင်းကျင့်ကြံသူတစ်ယောက်ကို အနိုင်ရပြီး သိမ်းယူလာတဲ့ပစ္စည်းလို့ပြောတယ်။ ဖူစန်းသစ်ပင်ရဲ့ သစ်ကိုင်းတဲ့။ နေသန္ဓေစွမ်းအားကို ကျင့်ကြံတဲ့အခါ အထောက်အကူပေးနိုင်တယ်။
သူတို့ကိုယ်ပေါ်မှာ လိမ်းထားတဲ့အရည်က သီးခြားဖော်စပ်ထားတဲ့ လိမ်းဆေးတစ်မျိုးပါ"
"နေသန္ဓေစွမ်းအားခံစားမှုအာရုံကို တိုးတက်စေတဲ့ လိမ်းဆေးလား"
"မဟုတ်ဘူး။ နေလောင်ခံလိမ်းဆေးပါ"
"..."
လုယန် အသံတိတ် မျက်လုံးဝေ့ကြည့်လိုက်သည်။ ဓာတ်ငါးမျိုးဂိုဏ်း၏ ကျင့်စဉ်နည်းလမ်းက တကယ်ထူးခြားသည်။
"သွားစို့၊ ရေဓာတ်စွမ်းအင်ကြောနေရာကို ကျုပ်လိုက်ပြမယ်"
သို့သော် သူတို့ထွက်မသွားမီ နဖူးတွင် မီးအမှတ်အသားပါသည့် ကျင့်ကြံသူတစ်ချို့ သူတို့ဆီ ရင်ကော့ခေါင်းမော့၍ လျှောက်လာသည်။
"မင်းတို့ထဲက လီဟော်ရန်ဆိုတာ ဘယ်သူလဲ"
"မင်းဘာလုပ်ချင်လို့လဲ"
မုန်ကျင်းကျိုး မျက်မှောင်ကျုံ့သွားပြီး ရှေ့ထွက်ရပ်သည်။
"မင်းက လီဟော်ရန်လား"
မီးအမှတ်အသားနှင့် ကျင့်ကြံသူများ မုန်ကျင်းကျိုးကို လှည့်ကြည့်လာသည်။
ပိုင်မင်က သူတို့ကြားတွင် ဝင်ရပ်ပြီး အလိုမကျသည့်လေသံဖြင့်
'အကိုယွမ်ကန်း။ အကိုဘာလုပ်တာလဲ"
သူတို့သည် မီးဓာတ်ဂိုဏ်းခွဲမှ ဂိုဏ်းတူအကိုများဖြစ်သည်။
"ဘာရယ်မဟုတ်ပါဘူး။ အကြီးအကဲကျိုးရှင်းရဲ့ ပါရမီရှင်တပည့်ရောက်နေတယ်ကြားလို့ ဘယ်လိုပုံစံရှိလဲ လာကြည့်တာပါ"
"သူတို့က ကျုပ်တို့ဧည့်သည်တွေပါ"
"သိပါတယ်ကွာ။ ငါက တိုက်ခိုက်ဖို့မရည်ရွယ်ပါဘူး"
"လီဟော်ရန်ဆိုတာ ကျုပ်ပါ"
ဘယ်သူ့ကိုမှ သူ့ကိုယ်စားဖြေရှင်းမပေးစေလိုသဖြင့် လီဟော်ရန် ရှေ့ထွက်လာသည်။
"ဪ၊ မီးဝိညာဉ်မြစ်နဲ့လီဟော်ရန်ဆိုတာ မင်းပေါ့။ တကယ်မထင်ရဘူးနော်။ မင်းကကျိုးရှင်းရဲ့တပည့်ရင်းဖြစ်ပြိး ပစ္စည်းသန့်စင်တာ အရမ်းတော်တယ်ကြားတယ်။ အဲဒါဟုတ်လား"
"ဟုတ်ဟုတ်မဟုတ်ဟုတ် အဲဒါဘာဖြစ်လဲ"
ယွမ်ကမ်းမျက်လုံးတွင် အရောင်တစ်ချက်လက်သွားသည်။
"ဘာပဲပြောပြော ငါ့ကျင့်စဉ်အဆင့်က မင်းထက်မြင့်နေတယ်။ မင်းနဲ့ နှစ်ယောက်ချင်း တိုက်ခိုက်အနိုင်ယူရရင် စိတ်ဝင်စားစရာကောင်းမှာမဟုတ်ဘူး။ ဒီတော့ မင်းနဲ့ငါ ပစ္စည်းသန့်စင်တာ ပြိုင်ကြမလား"
"အကိုယွမ်ကန်း၊ လီဟော်ရန်က ကျုပ်တို့ဧည့်သည်ပါ"
ပိုင်မင်က ထပ်သတိပေးသည်။
ယွမ်ကန်းက ရယ်သည်။
"ပစ္စည်းသန့်စင်ပညာ ဖလှယ်ကြတာလေကွာ။ သူ့ကို ငါတို့ဓာတ်ငါးမျိုးဂိုဏ်းရဲ့ သန့်စင်နည်းတွေ လေ့လာခွင့်ပေးတာပါ။ အဲဒါ ဘာပြဿနာရှိလို့လဲ"
"ပစ္စည်းသန့်စင်ပညာပြိုင်မယ်ပေါ့။ ရတယ်လေ"
ပစ္စည်းသန့်စင်မှုနှင့်ပတ်သက်၍ လီဟော်ရန် ဘယ်သူ့ကိုမှမကြောက်။
"တွေ့လား။ လီဟော်ရန်ကိုယ်တိုင်ကတောင် လက်ခံနေပြီ"
"ဘယ်အချိန်ပြိုင်မှာလဲ"
"အခုပြိုင်လို့ရတာပဲလေ။ ဘာလို့ နောက်တစ်ရက်ဆိုင်းနေမှာလဲ။ အားလုံးလည်း လက်တွေ့ကြည့်ခွင့်ရတာပေါ့"
အဖွဲ့နှစ်ဖွဲ့ အချေအတင်ဖြစ်လာသဖြင့် နောက်ထပ် ဓာတ်ငါးမျိုးဂိုဏ်းတပည့်များ အာရုံစိုက်မိပြီး ထိုနေရာသို့ စုဝေးလာကြသည်။ 'နေဆာလှုံ'နေသူများပင် ရောက်လာသည်။
"ဘာတွေဖြစ်နေလဲမသိဘူး"
"ယွမ်ကန်းက ဝင်နှောက်နေတာဖြစ်မယ်။ သန့်စင်မှုပညာပြိုင်ပွဲလုပ်ပြီး မီးဓာတ်အကြီးအကဲအတွက် သိက္ခာပြန်ဆယ်ချင် ကြိုးစားနေတာထင်တယ်"
"ဟိုဘက်ကရောလက်ခံကြလား"
"လက်ခံတယ်"
"ဒါဆိုရင်တော့ ပွဲကြီးပွဲကောင်းပဲ။ အကိုယွမ်ကန်းရဲ့ သန့်စင်နည်းပညာကို အကြီးအကဲတွေကတောင် ချီးကျူးတယ်။ နောက်တစ်ချိန် ပစ္စည်းသန့်စင်ပညာရှင်ဖြစ်လာမယ့်လူလို့ ပြောကြတယ်"
"ဟုတ်တယ်"
ယွမ်ကန်းက ရယ်မော၍ ဘေးပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။ ထို့နောက် သူ့အကြည့်က လီဟော်ရန်ပေါ်ရောက်လာသည်။
"ကဲ၊ ဒါဆို မင်းအခုပြိုင်ချင်လား။ ဒါမှမဟုတ် ပြင်ဆင်ဖို့အချိန်ယူဦးမလား"
"ဘာပြင်ဆင်ချိန်မှမလိုဘူး။ အခုချက်ချင်းပြိုင်လို့ရတယ်။ ဒါနဲ့...ဘာကိုပြိုင်ကြမှာလဲ"
ယွမ်ကန်းခဏစဉ်းစားပြီးနောက် အလေးအနက်လေသံဖြင့်ပြောသည်။
"ခြုံငုံပြီးပြောရရင် ငါတို့သန့်စင်တဲ့ မှော်ပစ္စည်းတွေကို ကျင့်ကြံသူတွေက သုံးကြတယ်။ သူတို့က တစ်ခြားအရာတွေထက် စွမ်းအားကို ပိုတန်ဖိုးထားကြတယ်။
ဒီတော့...စွမ်းအားပိုကြီးတဲ့မှော်ပစ္စည်းမျိုး ဘယ်သူဖန်တီးနိုင်လဲ ကြည့်ကြတာပေ့ါ။ ဘယ်လိုသဘောရလဲ"
"စွမ်းအားပိုကြီးမကြီး ဘာနဲ့တိုင်းတာမှာလဲ"
ယွမ်ကန်းက မလှမ်းမကမ်းမှ ထိုးထွက်နေသည့် အနီရောင်ကျောက်တုံးတစ်ချို့ကို လက်ညှိုးထိုးပြသည်။
"အဲဒါတွေက မီးတောင်ကျောက်တွေပဲ။ မီးတောင်ချော်ရည်ကနေဖြစ်လာတာ။ ကျင့်ကြံသူတစ်ယောက်က အဆင့်မြင့်စွမ်းအားနဲ့ ကျောက်တုံးဖြစ်အောင် အေးခဲထားတာ။ အတော်မာကျောတယ်။
ဒီတော့ မီးတောင်ကျောက်ကို ပိုပျက်စီးအောင်လုပ်နိုင်တဲ့လူ အနိုင်ရမယ်။ မှော်ရတနာအားဖြည့်ချိန်ဟာ အသက်ရှူတစ်ရာထက် မပိုရဘူး"
စွမ်းအားဖြည့်ချိန်ကြာလေ မှော်ရတနာက စွမ်းအားပိုကြီးလေဖြစ်သည်။ အချိန်ကန့်သတ်မထားလျှင် မှော်လက်နက်ကို စွမ်းအားဖြည့်နိုင်သည့်ကြာချိန် ပြိုင်ဆိုင်သလိုဖြစ်လာမ်ည။
"သဘောတူတယ်"
"ဟားဟား..ကျုပ်တို့နှစ်ယောက်ရော တင်ပြိုင်လို့ရလား"
ရယ်သံလွင့်ပျံလာသည်။ လုယန်လက်မြှောက်ပြုံးပြနေသည်ကို ယွမ်ကန်းမြင်ရသည်။ မုန်ကျင်းကျိုးက လုယန်ဘေးတွင်ရပ်နေသည်။
"မင်းတို့လည်း ပစ္စည်းသန့်စင်ပညာတတ်တယ်ပေါ့"
ယွမ်ကန်း သံသယမကင်းသည့်လေသံဖြင့် မေးသည်။ လုယန်နှင့် မုန်ကျင်းကျိုးကို သူသိသည်။ သို့သော် သူတို့ပစ်စည်းသန့်စင်ပညာတတ်သည်ဟု တစ်ခါမှမကြားဖူး။
"နည်းနည်းပါးပါးပါပဲ။ ခင်ဗျားကိုအနိုင်ယူဖို့တော့ ပြဿနာမရှိလောက်ပါဘူး"
မုန်ကျင်းကျိုးက ခပ်ညှင်းညှင်းရယ်သည်။
ယွမ်ကန်းလည်း အတော်သဘောကျသွားသည်။
"တကယ်သတ္တိရှိတာပဲ။ သန့်စင်ပညာမှာ ငါ့ကိုအနိုင်ယူနိုင်တယ်လို့ ပြောတဲ့လူမျိုး တစ်ခါမှမမြင်ဖူးသေးဘူး။...ကောင်းပြီလေ။ မင်းတို့ဝင်ပြိုင်ကြပါ။ ဒါမှ မင်းတို့အစွမ်းအစကို ငါကြည့်လို့ရမှာ"
ပိုင်မင်နည်းနည်းစဉ်းစားရကြပ်သွားသည်။ အရိုးရိုင်းနှင့်ထောင်ယော်ယဲ့ကို သိစိတ်အာရုံမှ လှမ်းမေးသည်။
"ဒီနှစ်ယောက်က တကယ်ပစ္စည်းသန့်စင်တတ်လို့လား"
အရိုးရိုင်းက အူကြောင်ကြောင်မျက်နှာဖြင့် ခေါင်းခါသည်။ ထောင်ယော်ယဲ့က အသံတိတ်နေသည်။ လွန်ခဲ့သည့်နှစ်နှစ်က ဂိုဏ်းဝင်ခွင့်စာမေးပွဲအကြောင်း ပြန်သတိရလာသည်။
သူတို့တုံ့ပြန်ပုံကြောင့် ပိုင်မင်၏သံသယများ ပိုကြီးထွားလာသည်။
ယွမ်ကန်း သူ့နောက်လိုက်တစ်ယောက်ကို အချက်ပြလိုက်သည်။ ထိုနောက်လိုက်က သူ့ကျောက်စိမ်းတံဆိပ်ထဲမှ သန့်စင်ပစ္စည်းကုန်ကြမ်းများစွာ ဆွဲထုတ်သည်။ အကောင်းစားသံမဏိ၊ သံသစ်သား၊ သင်္ဘောမဟူရာကျောက်၊ ယင်ဓာတ်ရေစင်...
"ဒါတွေက သန့်စင်ဖို့ ကုန်ကြမ်းပစ္စည်းတွေပါ။ ပြိုင်ပွဲအတွင်းမှာ လွတ်လွတ်လပ်လပ် သုံးလို့ရတယ်။ သာမန်သန့်စင်ပစ္စည်းတွေအတွက်တော့ ကန့်သတ်ချက်မရှိဘူး။ ဒါပေမယ့် ရှားပါးကုန်ကြမ်းတွေက အရေအတွက်နည်းတယ်။ ပြိုင်ပွဲကျရင် အရင်ဆွဲသုံးနိုင်တဲ့လူ ယူပေါ့"
လုယန်က ခနိုးခနဲ့လေသံဖြင့်
"ဒီလောက်မျှတတဲ့ပြိုင်ပွဲမျိုး တစ်ခါမှမမြင်ဖူးဘူး။ ပြိုင်ပွဲလုပ်ဖို့ ခင်ဗျားပြောတယ်။ ပြိုင်ပွဲစည်းမျဉ်းကို ခင်ဗျားဆုံးဖြတ်တယ်။ အခု သန့်စင်ဖို့ကုန်ကြမ်းပစ္စည်းတွေတောင် မလုံလောက်လို့ ပြိုင်လုကြရမယ်ပေါ့"
ယွမ်ကန်း မကြားချင်ယောင်ဆောင်၍ ပြန်မေးသည်။
"ကဲ၊ မင်းတို့ပြိုင်မှာလား မပြိုင်ဘူးလား"
လုယန်အပြုံးက ပျောက်ကွယ်မသွား။
"ပြိုင်မှာပေါ့။ မပြိုင်ရင် ကျုပ်တို့ရဲ့ သန့်စင်မှုပညာအစွမ်းကို ခင်ဗျားဘယ်သိတော့မလဲ။ ဒါပေမယ့် ပြိုင်ပွဲတစ်ခုလုပ်ရင် လောင်းကြေးတော့ရှိရမယ်မဟုတ်လား။ ကျုပ်တို့မျက်နှာတွေတော့ လောင်းကြေးတင်လို့မရဘူးလေ"
"ငါရှုံးရင် မင်းတို့ ဒီမီးဓာတ်ဂိုဏ်းခွဲကနေ မီးတောက်စစ်တစ်ခုစီ ရွေးယူခွင့်ရမယ်။ မင်းတို့ရှုံးရင် ဓာတ်ငါးမျိုးဂိုဏ်းမှာရှိနေတဲ့ အချိန်အတွင်း ငါတို့မီးဓာတ်ဂိုဏ်းခွဲနယ်မြေမှာ မင်းတို့မကျင့်ကြံရဘူး"
**********************************