ကျိုးကြေသွားသည့် ကျောက်တုံးများ
Vol. 36 Ch. 530
ပြိုင်ပွဲစသည်။ ယွမ်ကန်းက ဖန်တီးမည့် မှော်လက်နက်ကို ကြိုတွေ့ထားပြီးဖြစ်၍ အရင်ဆုံးလှုပ်ရှားသည်။ အလွန်အဖိုးတန်သည့် ကုန်ကြမ်းပစ္စည်းတစ်ချို့ကို အမြန်ဆွဲယူသွားသည်။
လီဟော်ရန်က မျက်လုံးမှိတ်ထားသည်။ ဘယ်လိုလက်နက်မျိုး တီထွင်ရမည်ကို အပြင်းအထန် စဉ်းစားနေသည်။
မုန်ကျင်းကျိုးက ချပေးထားသည့် ကုန်ကြမ်းများထဲမှ ပစ္စည်းတစ်ခု သေချာရွေးယူသည်။
လုယန်က စိတ်လှုပ်ရှားပြီး ဂဏာမငြိမ်ဖြစ်နေသည့် ယွမ်ကန်းကို တစ်ချက်လှမ်းကြည့်၍ လှောင်ပြုံးပြုံးသည်။ ကုန်ကြမ်းပစ္စည်းပုံထဲမှ သစ်သားချောင်းတစ်ခု ဆွဲထုတ်သည်။
သူတို့လေးယောက်၏ပြိုင်ပွဲသတင်းက ဂိုဏ်းအကြီးအကဲများဆီ ချက်ချင်းသတင်းရောက်သည်။ ဓားငါးမျိုးအကြီးအကဲများနှင့် ချိုးကျင်အန်းတို့ ပြိုင်ပွဲခန်းမသို့ ရောက်လာသည်။ သို့သော် ကိုယ်ယောင်ဖျောက်ထားသဖြင့် ဘယ်သူမှ သတိမထားမိကြ။
"လောင်စုန့်၊ ယွမ်ကန်းက ခင်ဗျားတမင်စီစဉ်ထားတဲ့လူမဟုတ်လား။ ဒါက နည်းနည်းတော့ များလွန်းတယ်နော်"
ချိုးကျင်အန်း မျက်မှောင်ကျုံ့၍ မီးဓာတ်ဂိုဏ်းခွဲအကြီးအကဲ စုန့်သွမ်ထန်းကို လှည့်ကြည့်သည်။
စုန့်သွမ်ထန်းသည် ဝဖိုင့်ဖိုင့်လူတစ်ယောက်ဖြစ်သည်။ အနီရောင်ဝတ်စုံဝတ်ထားသဖြင့် နည်းနည်းရယ်ချင်စရာဖြစ်နေသည်။ သို့သော် သူ့ဒေါသနှင့် အောင်မြင်မှုများအကြောင်း သိထားသူများအဖို့ ရယ်ရဲကြမည်မဟုတ်။
"ဂိုဏ်းချုပ်၊ ထင်ကြေးနဲ့ ရမ်းသမ်းကောက်ချက်မချသင့်ပါဘူး။ ကောင်လေးယွမ်ကန်းက သိတတ်လိမ္မာလို့ သူ့ဘာသာ ဆုံးဖြတ်ချက်ချခဲ့တာပါ။ ဒါကို ကျုပ်စီစဉ်တာလို့ ဘယ်လိုပြောလို့ရမှာလဲ"
ချိုးကျင်အန်း တစ်ချက်ရယ်လိုက်သည်။ ဘာမှထပ်မပြောတော့။
ယွမ်ကန်းသေချာပေါက်နိုင်မည်ဟု စုန့်သွမ်ထန်း တွေးနေသလားမသိ...
ကျိုးရှင်းနှင့်စုန့်သွမ်ထန်းတို့ကြားမှ ရန်ငြှိုးရန်စသည် မီးတောက်စစ်ယူသွားသည့်ကိစ္စတစ်ခုတည်းမဟုတ်။ လွန်ခဲ့သည့်နှစ်တစ်ထောင်ကျော်က သူတို့နှစ်ယောက်လုံး မိန်းကလေးတစ်ယောက်ကို ပြိုင်တူချစ်မိခဲ့သည်။ ပြိုင်တူပိုးပန်းခဲ့သည်။
ဝစီပိတ်၏လမ်းညွှန်မှုဖြင့် ကျိုးရှင်းက ထိုမိန်းကလေး၏အချစ်ကို ရခဲ့သည်။ ကျိုးလုလုဟုခေါ်သည့် သမီးတစ်ယောက် မွေးဖွားလာသည်။
ထို့ကြောင့် ထိုနှစ်ယောက်ကြားမှ အညှိုးအတေးသည် နှစ်ပေါင်းများစွာကြာသည့်တိုင် အလွယ်တကူ ပြေလည်နိုင်မည်မဟုတ်။
ထို့ပြင် ကျိုးရှင်းက စုန့်သွမ်ထန်းရှေ့တွင့် သူ့မိန်းမအကြောင်း အမြဲတမ်းကြွားလုံးထုတ်သည်။ နှစ်သစ်ကူးချိန်ရောက်လျှင် မိသားစုကိုပင်ခေါ်၍ လာလည်သည်။ နည်းနည်းတော့ စည်းကျော်လွန်းသည်။
အချိန်များ တဖြေးဖြေးကုန်လွန်သွားသည်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်နေသည်။ ပြိုင်ပွဲဝင်လေးယောက် သူတို့မှော်ရတနာကို အာရုံစိုက်၍ ဖန်တီးနေသည်။ ပစ္စည်းထုရိုက်သံများ မီးတောက်စစ်လောင်ကျွမ်းသည့် တဖျစ်ဖျစ်အသံများသာ ကြားရသည်။
"ပြီးပြီ"
ယွမ်ကန်း စိတ်သက်သာရာရသွားသည်။ သူ့ပုခုံးနှစ်ဘက် ပြေလျော့သွားသည်။ မှော်ရတနာကို ဖန်တီးနေချိန်တွင် သူအပြည့်အဝစိတ်နှစ်ထားခဲ့သည်။ အာရုံထွေပြားခြင်းလုံးဝမရှိ။
သူ့စိတ်ထဲ ကြိုတင်ရည်ရွယ်ထားသည့်အတိုင်း ရတနာကို အပြည့်အဝအာရုံစိုက်၍ ဖန်တီးနေခဲ့သော်လည်း အောင်မြင်မည်ဟု အာမမခံနိုင်ခဲ့။
ယခု သန့်စင်မှုအောင်မြင်သွားပြီဖြစ်၍ အနိုင်ရဖို့ သေချာနေသည်။
သူ့လက်ထဲတွင် အခေါင်းပါသည့် ဆလင်ဒါပုံစံ ပစ္စည်းတစ်ခုရှိသည်။ ကြေးဝါဖြင့် အဓိကလုပ်ထားသည်။ အတွင်းအပြင်မျက်နှာပြင်နှစ်ခုလုံး စာလုံးအမှတ်အသားများ ပြည့်နေသည်။
"အဲဒါ ဘာလက်နက်လဲ"
"အတော်ထူးဆန်းတယ်"
"ဒါမျိုး မြင်ဖူးကြလား"
ဓာတ်ငါးမျိုးဂိုဏ်းတပည့်များ အချင်းချင်းတီးတိုးပြောနေကြသည်။
"ဒီရတနာကို ကြယ်ပျံအမြောက်လို့ ငါနာမည်ပေးထားတယ်"
သူ့လေ့လာတီထွင်ခဲ့သည့် အဓိကလက်နက်တစ်မျိုးဖြစ်သည်။ လူရှေ့သူရှေ့တွင် ပထမဆုံးထုတ်ပြခြင်းဖြစ်သည်။
လီဟော်ရန်က ယွမ်ကန်းစကားကို မကြားချင်ယောင်ဆောင်၍ သူ့မှော်ရတနာကိုသာ အာရုံစိုက်ပြီး ဖန်တီးနေသည်။
သူ့လက်ဝါးထဲမှ မီးတောက်က မြွေတစ်ကောင်လိုလှုပ်ရှားနေသည်။ မှော်ရတနာ၏အစိတ်အပိုင်းအာလုံး အရည်ပျော်ကျသွားပြီး မီးအပူအောက်တွင် ပြန်၍ရုပ်လုံးပေါ်လာသည်။
အသုံးပြုသည့် မီးတောက်က သူကျွမ်းကျင်သည် တာ့ယန်မီးတောက်စစ်ဖြစ်သည်။ စွမ်းအားသိပ်မကြီးသော်လည်း မှော်ပစ္စည်းများသန့်စင်ဖို့ အသင့်တော်ဆုံးဖြစ်သည်။ အပူချိန် အလွယ်တကူထိန်းညှိ၍ လိုအပ်သလို သုံးနိုင်သည်။
လီဟော်ရန် အာရုံလွင့်မလာသဖြင့် ယွမ်ကန်း နည်းနည်းစိတ်ပျက်သွားသည်။ နေရာတွင်ရပ်လျက် အမြောက်ကိုကိုင်ထားပြီး ဝိညာဉ်စွမ်းအင် အဆက်မပြတ်ဖြည့်နေသည်။
အမြောက်၏အတွင်းအပြင်စာလုံးများ အရောင်တောက်လာသည်။ ဝိညာဉ်စွမ်းအင်များစုစည်း၍ အောက်ခြေအရင်းဘက်ထိ ပျံ့နှံ့လာသည်။ အမြောက်၏အရင်းပိုင်းက အစိမ်းရောင်မှ အနီရောင်ပြောင်းသွားသည်။ ကြောက်စရာစွမ်းအင်ရောင်တစ်မျိုး ထွက်ပေါ်လာသည်။
အသက်ရှူသုံးဆယ်စာ...လေးဆယ်စာ..ကိုးဆယ်...တစ်ရာ။
အန္တရာယ်အငွေ့အသက်ကို အာရုံခံမိသဖြင့် အနီးတွင်ရပ်နေသည့်ပိုင်မင် ဆံပင်များထောင်သွားသလိုခံစားရသည်။
ထိုလက်နက်မျိုး တိုက်ရိုက်ထိခံရလျှင် ဒဏ်ရာအပြင်းအထန် ရသွားလောက်သည်။
"ကြယ်ပျံအမြောက်ရဲ့စွမ်းအားကို မင်းတို့သိအောင်ပြပေးမယ်"
"ဘုန်း"
မိုးခြုန်းသလို အသံတစ်ခု မြည်ဟိန်းသွားပြီး ယွမ်ကန်း၏ရယ်သံကို ချက်ချင်းဖုံးလွှမ်းသွားသည်။
တောက်ပသည့် ဝိညာဉ်စွမ်းအင်အလင်း ထိုးထွက်သွားသည်။ မီးကျောက်တုံးကို ပြင်းထန်သည့် အားအရှိန်ဖြင့် ရိုက်ခတ်သည်။
ကြီးမားသည့် ကျောက်တုံးပေါ်တွင် အက်ကြောင်းများ ပင့်ကူအိမ်ကဲ့သို့ ချက်ချင်းပေါ်လာသည်။
ပရိတ်သတ်ထံမှ တအံ့တဩရေရွတ်သံများ ပေါ်လာသည်။
"ဘုရားရေ၊ တကယ်ပြင်းထန်တဲ့စွမ်းအားပဲ"
"နတ်ဝိညာဉ်အခြေခံအဆင့်တစ်ယောက်က မီးကျောက်တုံးကို ဖျက်ဆီးနိုင်တယ်ပေါ့"
"တကယ်စွမ်းအားကြီးတဲ့ မှော်လက်နက်ပဲ"
"ဒီကောင်လေးယွမ်ကန်းက ငါတကယ်ဂုဏ်ယူရအောင်လုပ်နိုင်တာပဲ"
စုန့်သွမ်ထန်း ကျေနပ်စွာ ရယ်မောနေသည်။ ကြယ်ပျံအမြောက်စွမ်းအားကြောင့် သူဂုဏ်တက်ရသည်။
အောင်နိုင်သူအကြည့်ဖြင့် ယွမ်ကန်းက လီဟော်ရန်ကို လှမ်းကြည့်သည်။ လီဟော်ရန်လည်း မှော်ရတနာကို တီထွင်ပြီးဖြစ်သည်။ အလွန်သေးငယ်သည့် အပ်တစ်ချောင်းဖြစ်သည်။ နွားမွှေးလောက်သာရှိသည်။ သာမန်မျက်လုံးဖြင့် ကောင်းကောင်းမမြင်ရ။
ထို့ပြင် ဓားသွေးကျောက်အရွယ်အစားခန့် စက်ဝိုင်းပြားတစ်ခုလည်းရှိသည်။ မျက်နှာပြင်တွင် သေသပ်လှပ၍ ရှုပ်ထွေးသည့်စာလုံးများရှိသည်။ ကြည့်ရုံဖြင့်ပင် ယွမ်ကန်း ခေါင်းမူးလာသည်။
လီဟော်ရန်က နွားမွှေးအပ်ကို စက်ဝိုင်းပြားအစွန်းတွင် တင်လိုက်သည်။ ထို့နောက် စက်ဝိုင်းပြားထဲသို့ ဝိညာဉ်စွမ်းအင်ပို့လွှတ်၍ အသက်သွင်းသည်။
စက်ဝိုင်းပြားမျက်နှာပြင်မှ စာလုံးများ အကွင်းလိုက် အကွင်းလိုက် အရောင်တောက်လာသည်။ နွားမွှေးအပ်က လေထဲသို့မြင့်တက်သွားပြီး စက်ဝိုင်းပတ်အတိုင်း ဖြေးညှင်းစွာ စတင်လှည့်ပတ်သည်။
နွားမွှေးအပ်၏ လည်ပတ်နှုန်း တစ်ဖြေးဖြေးမြင့်တက်လာသည်။ တစ်ပတ်လည်တိုင်း အရှိန်တစ်ဆင့်တိုးသည်။ နောက်ဆုံးတွင် မမြင်နိုင်လောက်အောင် မြန်ဆန်လာသည်။
အသက်ခုနစ်ရှူစာကြာချိန်တွင် ထိုနွားမွှေးအပ်ကို ယွမ်ကန်းလုံးဝမမြင်ရတော့။
အသက်ရှူရှစ်ဆယ်စာ....ကိုးဆယ်...တစ်ရာ။
အသက်ရှူတစ်ရာစာပြည့်ချိန်တွင် စက်ဝိုင်းပြားက ဝိညာဉ်စွမ်းအားကုန်ခမ်းသွားသည်။ နွားမွှေးအပ်ကို ဆက်ထိန်းမထားနိုင်တော့။ နွားမွှေးအပ်က မမြင်နိုင်သည့်အမြန်နှုန်းဖြင့် မီးကျောက်တုံးဆီ ပျံသန်းသွားသည်။
"ဖောက်"
တိုးညှင်းသည့်အသံတစ်ခုသာ ကြားရသည်။ နွားမွှေးအပ်က မီးကျောက်တုံးသုံးခုကို တစ်ဆက်တည်းထိုးဖောက်သွားပြီး လေးခုမြောက်ကျောက်တုံးတွင် စိုက်ဝင်သွားသည်။ အပ်မြီးအဖျားပင် တုန်ခါခြင်းလုံးဝမရှိ။
မီးကျောက်တုံးသုံးခုတွင် အပ်ပေါက်ရာများ ကျန်ခဲ့သည်။
"အကိုယွမ်ကန်း၊ အလျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
လီဟော်ရန်က မပွင့်တစ်ပွင့်ပြုံး၍ လက်နှစ်ဘက်ဆုပ်အရိုအသေပြုလိုက်သည်။
အရှုံးကိုလက်မခံလိုသဖြင့် ယွမ်ကန်းပြန်ပြောသည်။
"ဒီပြိုင်ပွဲက မီးကျောက်တုံးကို ဘယ်လောက်ပျက်စီးအောင်လုပ်နိုင်သလဲဆိုတာ ပြိုင်တာလေ။ ငါက ပင့်ကူအိမ်လို အက်ကြောင်းရာတွေဖြစ်လာအောင် လုပ်ခဲ့တာ။ မင်းက အပေါက်သေးသေးလဲဖောက်နိုင်တာပါ။ မင်းက ငါ့ထက်ပိုမသာပါဘူး"
လီဟော်ရန် ပြန်ငြင်းခုံရန်ပြင်နေစဉ် မုန်ကျင်းကျိုး၏ရယ်သံ ပေါ်လာသည်။
"ကျုပ်တို့က ကျောက်တုံးကိုဘယ်လောက်ပျက်စီးအောင်လုပ်နိုင်လဲ ပြိုင်နေတာမဟုတ်လား။ အခု ကျုပ်အလှည့်ပဲ။ ငြင်းခုန်မနေကြပါနဲ့"
ယွမ်ကန်းမျက်မှောင်ကျုံ့သွားသည်။ မုန်ကျင်းကျိုးလက်ထဲမှပစ္စည်းသည် မှော်ရတနာပင်မဟုတ်။ ကြိုးတစ်ချောင်းဖြစ်သည်။ သူဘာလုပ်မည်ကို မသိရသေး။
မုန်ကျင်းကျိုးကလည်း ရှင်းမပြ။ မီးကျောက်တုံးကို ကြိုးဖြင့်ချည်၍ မြင့်သထက်မြင့်အောင် ပျံတက်သွားသည်။ နောက်ဆုံးတွင် လူလုံးပျောက်သွားသည်။ ကောင်းကင်အမြင့်မှ ခပ်သဲ့သဲ့စကားသံကိုသာကြားရသည်။
"ဒီကျောက်တုံးကိုခွဲဖို့ ဘယ်လောက်မြင့်မြင့်တက်ရမလဲ ကျုပ်မသိဘူး"
ယွမ်ကန်း ပြန်အော်သည်။
"မင်းမှာ အသက်ရှူတစ်ရာစာပဲ အချိန်ရှိတာနော်"
လုံလောက်သည့်အမြင့်သို့ ပျံတက်နိုင်လျှင် မီးကျောက်တုံးကိုခွဲနိုင်မည်မှာ သေချာနေသည်။
မုန်ကျင်းကျိုးအသံ မသဲမကွဲထပ်ကြားရသည်။
"ကျုပ်က မှော်ရတနာသုံးနေတာမှမဟုတ်တာ။ အသက်ရှူတစ်ရာစာအချိန်ဆိုတာ မှော်ရတနာသုံးဖို့ သတ်မှတ်ထားတဲ့အချိန်လေ။ ကျုပ်ရဲ့အချိန်နဲ့မဆိုင်ဘူး"
ခဏအကြာတွင် ကောင်းကင်မှ ကျောက်တုံးတစ်ခုကျလာသည်။ အလင်းနှင့်အပူဓာတ်ကို သယ်ဆောင်လာသည်။ ယွမ်ကန်းအပေါ် တည့်တည့်ထိုးကျလာခြင်းဖြစ်သည်။ မြင်ရသည်ပင် ခြောက်ခြားစရာကောင်းသည်။
ယွမ်ကန်း အမြန်ရှောင်ထွက်လိုက်သည်။
"ဘုန်း"
မီးကျောက်တုံး တစ်စစီကွဲကြေသွားသည်။ ဖုန်မှုန့်များ လွင့်ပျံတက်လာသည်။ ကျောက်တုံးကျသည့်နေရာ မီးစွမ်းအင်ကြောမြေသားတွင် တွင်းနက်တစ်ခု ပေါ်လာသည်။ ထိုမြင်ကွင်းကိုကြည့်၍ စုန့်သွမ်ထန်း ရင်နာသွားသည်။
မုန်ကျင်းကျိုး မြေပြင်သို့ဆင်းလာပြီး ခေါင်းကိုခါရမ်း၍ စုပ်သပ်သည်။
"ဪ မှားသွားပြီ...ခင်ဗျားရဲ့မှော်ရတနာကြယ်ပျံအမြောက်က ကြယ်ကမ္ဘာတွေကို တကယ်ဖျက်ဆီးနိုင်မယ်ထင်ခဲ့တာ။ ကျုပ်ခင်ဗျားကို အထင်းကြီးလွန်းမိခဲ့တာပဲ"
ယွမ်ကန်း မျက်နှာတင်းသွားသည်။ ထိုကောင်လေးက ကျောက်တုံးကို သူ့အပေါ်တမင်ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိသာနေသည်။။
မုန်ကျင်းကျိုး လုယန်ကိုလှည့်ကြည့်သည်။
"လုယန်၊ မင်းအသင့်ဖြစ်ပြီလား"
"အသင့်ဖြစ်နေတာကြာပြီ။ မင်းကျောက်တုံးကျအလာကို စောင့်နေတာ"
လုယန်က သူ့သစ်သားချောင်းပေါ်မှ သစ်သားအစအနများကို ခါထုတ်လိုက်သည်။ သူဖန်တီးထားသည်က တစ်ချက်လိမ်ချိုးရုံဖြင့် ကျိုးသွားမည့် သစ်သားဓားတစ်လက်ဖြစ်သည်။
ယွမ်ကန်း မျက်နှာတင်းနေရာမှ မျက်မှောင်ကျုံ့သွားသည်။ လုယန်၏ရည်ရွယ်ချက်ကို နားလည်အောင် ကြိုးစားနေသည်။
လုယန် နောက်ထပ်မီးကျောက်တုံးတစ်ခုဆီ ပြုံး၍လျှောက်သွားသည်။ လက်ကိုမြှောက်လိုင်းသည်။ ဓားသိုင်းကွက်များကို ဖြေးညှင်းသေသပ်စွာ စတင်ကစားနေသည်။
"သူက ဓားကျင့်ကြံသူလို့ကြားတယ်။ သူဘာလုပ်ချင်တာလဲ။ သူ့ဓားနဲ့ မီးကျောက်ကို ခွဲမလို့လား"
"မဖြစ်နိုင်ပါဘူး။ ရွှေသန္ဓေအဆင့်လောက်နဲ့ ဒီကျောက်တုံးကို မဖျက်ဆီးနိုင်ဘူး။ ဓားကျင့်ကြံသူဆိုလည်း မရနိုင်ဘူး"
ဓာတ်ငါးမျိုးဂိုဏ်းတပည့်များသာမဟုတ်။ ဓာတ်ငါးမျိုးအကြီးအကဲများနှင့် ချိုးကျင်အန်းပင် တွေးမရဖြစ်နေသည်။ လုယန်၏လှုပ်ရှားဟန်များကို ရင်းနှီးနေသလိုလိုခံစားကြရသည်။
လုယန်၏ ဓားကွက်များက လှပသည်။ မသေမျိုးဟန်ပန်ရှိသည်။ တစ်ခြားလူတစ်ယောက်ဟန်ပန်မျိုး ပြောင်းလဲသွားသည်။ သူနှုတ်ခမ်းထောင့်တွင် ကျေနပ်သည့်အပြုံးရိပ်တစ်ခုပေါ်နေသည်။
ရုတ်တရက် ဓားအလင်းတစ်ချက် တောက်ပသွားသည်။ လုယန်၏ရုပ်သွင် လုံးဝပြောင်းလဲသွားသည်။
"ဟားဟား၊ ဓာတ်ငါးမျိုးဂိုဏ်းက အရူးတွေ။ ငါဒီကောင်လေးပုံစံမျိုး ရုပ်ဖျက်ထားတာတောင် မင်းတို့က မရိပ်မိကြဘူးလား။
အဲလိုမျက်လုံးတွေနဲ့များ ငါ့ကိုဖမ်းချင်တယ်ပေါ့။ မင်းတို့ မျက်လုံးစွမ်းအားပညာတွေ လေ့ကျင့်နေလည်း အလကားပဲ။ အကန်းတွေနဲ့ ဘာမှမကွာပါဘူး"
တာအိုရှင်ဝစီပိတ် ရယ်မောနေသည်။ လှောင်ပြောင်ထိုးနှက်သည့် သူ့စကားက ကိုယ်ယောင်ဖျောက်ထားသည့် လူခြောက်ယောက်ကို ရည်ရွယ်ခြင်းဖြစ်သည်။
ဝစီပိတ်အရိပ်တုလက်သီး...
"ဘုန်း ဘုန်း"
မီးလုံးကြီးတစ်ခု နေတစ်စင်းပမာ ဝစိပိတ်ဦးခေါင်းထက်တွင်ပေါ်လာသည်။ သတ္တုဓာတ်စွမ်းအင်လှိုင်းတစ်ခု ထိုးထွ်ကလာသည်။ စွမ်းအားကြီးသည့်တပ်ဖွဲ့တစ်ခု ရန်သူကိုများကို သတ်ဖြတ်၍ ပုံရိပ်ယောင်များကို ချိုးဖျက်တော့မည့်အသွင်မျိုးဖြစ်သည်။
ဒေါသကြီးသည့် မီးဓာတ်အကြီးအကဲနှင့် ရွှေ(သတ္တု)ဓာတ်အကြီးအကဲ ချက်ချင်းလှုပ်ရှားကြသည်။ မီးလုံးနှင့် သတ္တဓာတ်စွမ်းအင်များ မိုးရွာသလိုကျလာပြီး မီးကျောက်တုံးကို လွှမ်းခြုံသွားသည်။
ထိုမီးကျောက်တုံး အမှုန့်ဖြစ်ချိန်ပင်မရဘဲ ချက်ချင်းပျောက်ကွယ်သွားသည်။
သူတို့မြင်ရသည့်လူသည် ဝစီပိတ်အတုဖြစ်ကြောင်းသိသော်လည်း သူတို့ဒေါသကိုမထိန်းချုပ်နိုင်ကြ။
အထူးသဖြင့် လုယန်လေသံက ဝစီပိတ်နှင့် တူလွန်းနေသည်။
********************************