ကောင်းကင်နေဆယ်စင်း
Vol. 36 Ch. 531
မီးလုံးနှင့်သတ္တုစွမ်းအင်များ ဆက်လက်ရိုက်ခတ်သည်။ မီးဓာတ်ဂိုဏ်းခွဲနယ်မြေတစ်ခုလုံး တဝုန်းဝုန်းတုန်ခါနေသည်။
လေပြင်းတစ်ခု ဖြတ်သန်း၍ ဖုန်မှုန့်များ ရှင်းလင်းသွားသည်။ ကြီးမားသည့်တွင်းနက်တစ်ခု ပေါ်လာသည်။ မီးကျောက်တုံးအားလုံး ပျောက်ကွယ်သွားသည်။ တာအိုရှင်ဝစီပိတ်လည်း အစရှာမရတော့။
"ဓာတ်ငါးဂိုဏ်းအကြီးအကဲတွေအနေနဲ့ဆို ခင်ဗျားတို့တိုက်ခိုက်တဲ့ပုံစံက တကယ်ရက်စက်ကြမ်းတမ်းလွန်းတာပဲ"
လုယန် ခေါင်းကိုခါရမ်းလျက် မုန်ကျင်းကျိုးဘေးတွင် ပေါ်လာသည်။ ဂိုဏ်းအကြီးအကဲများ ထိုမျှဒေါသတကြီးတုံ့ပြန်ရလောက်အောင် သူ့ဆရာဝစီပိတ် ဘယ်လိုများရန်စစော်ကားခဲ့သည်မသိ။
လုယန်ကြည့်၍ ယွမ်ကန်း သရဲတစ်ကောင်မြင်နေရသလို ခံစားရသည်။
"မင်းဒီမှာ ဘာလုပ်နေတာလဲ။ ခုနကလူက ဘယ်သူလဲ"
လုယန်က ပျင်းရိပျင်းတွဲလေသံဖြင့်
"အဲဒါ ကျုပ်ရဲ့ကိုယ်ပွားလေ။ ခင်ဗျားမရိပ်မိဘူးလား။ အတိအကျပြောရရင် သစ်သားကိုယ်ပွားပေါ့။ အဲဒါမှ သစ်သားဓားနဲ့ လိုက်ဖက်မယ်မဟုတ်လား"
မူလခန္ဓာဖြင့် ဝစီပိတ်အသွင်ပြောင်းလျှင် ကိုယ့်ကိုယ်ကို သတ်သေခြင်းသာဖြစ်မည်။
အမှန်တော့ သစ်သားကိုယ်ပွားမဟုတ်ခဲ့လျှင် မီးအကြီးအကဲနဲ့ ရွှေအကြီးအကဲတို့ကလည်း ထိုမျှတရားလွန်တုန့်ပြန်ကြမည်မဟုတ်ပါ။
"ဟားဟား၊ မင်းက တာအိုလမ်းစဉ်ဂိုဏ်းတပည့် တကယ်ပီသတယ်။ အတော်လေး ဉာဏ်ထက်တာပဲ'
ခြောက်ကပ်သည့်ပတ်ဝန်းကျင်တွင် စုန့်သွမ်ထန်း၏ ရယ်မောသံ ပဲ့တင်ထပ်သွားသည်။ အကြီးအကဲငါးယောက်နှင့် ချိုးကျင်အန်း ပေါ်လာသည်။
"ယွမ်ကန်း၊ မင်းထက်သာတဲ့လူ အမြဲတမ်းရှိတယ်ဆိုတာ မင်းနားလည်ထားရမယ်။ တစ်တောင်ထက် တစ်တောင်မြင့်တဲ့အဖြစ်မျိုး အမြဲရှိနေမှာပဲ။ ဒီနေ့သင်ခန်းစာကို မှတ်ထားပါ။
နောက်ကို မောက်မာဝင့်ကြွားပြီး စိတ်ကြီးဝင်တာမျိုး မဖြစ်စေနဲ့"
မုန်ကျင်းကျိုးက ဒြပ်ဆွဲအားသုံးခဲ့သည်။ လုယန်က ဝစီပိတ်လိုဟန်ဆောင်၍ ဒေါသထွက်အောင်ဆွခဲ့သည်။ ထိုကိစ္စများကို ဘေးဖယ်ထားဦး။ လီဟော်ရန်၏ နွားမွှေးအပ်သန့်စင်နိုင်သည့် အစွမ်းတစ်ခုတည်းကပင် ယွမ်ကန်းထက် များစွာသာလွန်နေသည်။
"ဟုတ်ကဲ့ဆရာ၊ ကျွန်တော်မှတ်ထားပါ့မယ်"
ယွမ်ကန်း အသာနောက်ဆုတ်သွားသည်။
"ဒီပြိုင်ပွဲမှာ မင်းတို့တာအိုလမ်းစဉ်ဂိုဏ်းက နိုင်ပါတယ်။ စိန်ခေါ်တဲ့လူက ဒီနေရာကနေ မင်းတို့ကြိုက်တဲ့ မီးတောက်စစ်တစ်ခုစီ ရွေးချယ်နိုင်တယ်လို့ ပြောထားတယ်။ ဒီစကားက အခုထိ အတည်ပါ။ ဒါက မင်းတို့ရဲ့ကံပဲလေ။
ငါတို့ဂိုဏ်းကမီးတောက်စစ်တွေ မင်းတို့ရွေးချယ်လို့ရတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ကြိမ်ပဲ အခွင့်အရေးရမယ်။ မီးတောက်စစ်တွေရဲ့အနှစ်သာရကို နားလည်မလည်ဆိုတာတော့ မင်းတို့ကိုယ်ပိုင်အစွမ်းအစပေါ်မှာပဲ မူတည်တယ်"
စုန့်သွမ်ထန်း ခပ်ညှင်းညှင်းရယ်မောနေသည်။
မီးတောက်စစ်။
ရွှေသန္ဓေအဆင့်ကျင့်ကြံသူပင် ကျင့်ကြံဖို့ခက်ခဲသည်။ မီးတောက်စစ်ကျင့်ကြံနိုင်သည့် ပါရမီအကောင်းဆုံးလူများပင် မီးတောက်စစ် ၁၀၈ မျိုးလုံးကို ကျွမ်းကျင်နိုင်သည်မဟုတ်။
ကိုယ်နှင့်အသင့်တော်ဆုံး မီးတောက်စစ်ကို ရှာနိုင်မှသာ တကယ်ကျွမ်းကျင်နိုင်သည်။
သို့သော် ဘယ်မီးတောက်က ကိုယ်နှင့်အကိုက်ညီဆုံးဆိုသည်ကို လူသားတို့၏ အားထုတ်မှုဖြင့် ခွဲခြားဆုံးဖြတ်နိုင်သည်မဟုတ်။ အားလုံးက ကံအပေါ်သာမူတည်သည်။
စုန့်သွမ်ထန်း လက်ဖျောက်တစ်ချက်တီးလိုက်သည်။ မြေပြင်အက်ကွဲသွားသည်။ နီရဲပူပြင်းသည့်မြေသားများ ပြိုကျသွားသည်။ မီးခိုးများထွက်လာသလို အပူရှိန်လည်း အဆပေါင်းများစွာ မြင့်တက်လာသည်။
မီးတောက်စစ်မျိုးစုံ ထိုးထွက်လာသည်။ တစ်ချို့က သဲသဲကွဲကွဲမမြင်ရ။ မြူဆိုင်းနေသည်။ တစ်ချို့က သာယာသည့်ဖီးနစ်အော်သံမျိုး ထွက်ပေါ်နေသည်။ တစ်ချို့က အနီရောင်ကြာပွင့်နှင့်တူသည်။
နက်နဲသည့်ပဟေဠိတစ်ပုဒ် ဖွင့်ထုတ်ပြနေကြသယောင်ရှိသည်။
"ကမ္ဘာဦးကပ်ဆိုး မီးတောက်စစ်၊ ယန်မီးတောက်စစ်..."
လီဟော်ရန် မီးတောက်စစ်များကို တစ်ခုစီရေရွတ်နေသည်။ သူ့မျက်နှာတွင် အံ့ဩရိပ်သန်းနေသည်။ ဤမီးတောက်စစ်များသည် ရင်းမြစ်အခြေခံ ခိုင်မာသည်။ မီးအရှိန်ကြီးမားသည်။
သူ့ဆရာပိုင်ဆိုင်သည့် မီးတောက်စစ်များထက် ပိုအဆင့်မြင့်သည်။
စုန့်သွမ်ထန်း ကျေနပ်နေဟန်ရှိသည်။
"ကျိုးရှင်လိုလူတွေ ထိန်းချုပ်ထားတဲ့ မီးတောက်စစ်တွေက ငါတို့ဓာတ်ငါးမျိုးဂိုဏ်းက မီးတောက်စစ်တွေနဲ့ ဘယ်ယှဉ်လို့ရပါ့မလဲ။ ဒီမီးတောက်စစ်တွေက ငါတို့မီးစွမ်းအင်ကြောကနေ နှစ်တစ်သိန်းကြာအောင် စုစည်းထားတာတွေလေ"
ကျိုးရှင်းတစ်ယောက်တည်း ပိုင်ဆိုင်သည့် မီးတောက်စစ်များက ဓာတ်ငါးမျိုးဂိုဏ်း၏ နှစ်တစ်သိန်းစုစည်းမှုနှင့် တကယ်ယှဉ်မရနိုင်။
ဓာတ်ငါးမျိုးဂိုဏ်းတပည့်များ အားကျသည့်မျက်လုံးဖြင့် ကြည့်နေကြသည်။ သူတို့အတွက် မီးတောက်စစ်တစ်ခုရဖို့ပင် မစ်ရှင်များစွာ ထမ်းဆောင်ကြရသည်။
စုန့်သွမ်ထမ်းက အရိုးရှိင်းနှင့်ထောင်ယော်ယဲ့ကို လှမ်းကြည့်သည်။
"ပြိုင်ပွဲမှာမပါခဲ့ပေမယ့် မင်းတို့နှစ်ယောက်လည်း တာအိုလမ်စဉ်ဂိုဏ်းတပည့်တွေပဲ။ ဒီတော့ မင်းတို့လည်း လာရွေးကြပါ"
ထောင်ယော်ယဲ့နှင့် အရိုးရိုင်းတို့ အံ့အားသင့်သွားသည်။ မီးတောက်စစ်ရွေးချယ်ခွင့်ရမည်ဟု သူတို့ထင်မထားခဲ့။
သို့သော် သူတို့နှစ်ယောက်သည် မီးဓာတ်ဗီဇရှိသူများမဟုတ်။ လုယန်လို နားလည်နိုင်စွမ်းလည်းမမြင့်။ သင့်တော်သည့် မီးတောက်စစ်တစ်ခု ရမည်မရမည် သေချာမပြောနိုင်။
"ဒါက တန်ကျားမီးတောက်လား"
လီဟော်ရန် မီးတောက်စစ်အုပ်စုတစ်ခုရှေ့တွင်ရပ်လျက် စိတ်ဝင်တစားကြည့်နေသည်။ စိတ်လှုပ်ရှားမှုကြောင့် သူ့မျက်လုံးများအရောင်တောက်နေသည်။
တန်ကျားမီးတောက်သည်လည်း ပစ္စည်းသန့်စင်ဖို့အတွက် အလွန်ကောင်းသည်။ မသန့်စင်သည့်အညစ်အကြေးများကို ဝါးမျိုပစ်နိုင်သည်။ မှော်စာလုံးများရေးထွင်းရာတွင် အထူးကောင်းမွန်သည်။
အကြီးအကဲကျိုးရှင်းတွင်လည်း တန်ကျားမီးတောက်ရှိပါသည်။ တောင်ထိပ်သခင်အဆက်ဆက်လက်ဆင့်ကမ်းလာသည့် မီးတောက်စစ်တစ်မျိုးဖြစ်သည်။ အစက ဓာတ်ငါးမျိုးဂိုဏ်းမှ ပြန်ရောက်လျှင် ထိုမီးတောက်စစ်အကြောင်း ကျိုးရှင်းထံမှသင်ယူဖို့ လီဟော်၇န် တွေးထားခဲ့သည်။
သို့သော်ယခု တန်ကျားမီးတောက်ကို လေ့လာခွင့်ရနေသဖြင့် သူနှင့်ကံရေစက်ပါသည်ဟုဆိုနိုင်သည်။ ထိုအခွင့်အရေးကို လက်လွတ်ခံ၍မဖြစ်။
ရွှေသန္ဓေအဆင့်ကျင့်စဉ်စွမ်းအားဖြင့် အများဆုံး မီးတောက်စစ်နှစ်ခုသာ သင်ယူကျင့်ကြံနိုင်သည်။ ထိုထက်ပိုများလျှင် ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်။
လီဟော်ရန်သည် တာ့ယန်မီးတောက်စစ်ကို ကျင့်ကြံနိုင်ပြီးဖြစ်သည်။ ထို့ကြောင့် ဒုတိယမီးတောက်စစ်ဖြစ်သည့် တန်ကျားမီးတောက်ကို သင်ယူဖို့ အခွင့်ရေးကောင်းသည်။
"လမီးတောက်စစ်လား"
မီးတောက်စစ်ရွေးချယ်နေရင်းမှ လုယန်နှင့်မုန်ကျင်းကျိုးတို့ အေးစိမ့်သည့်အငွေ့အသက်ထွက်ပေါ်နေသည့် အဖြူရောင်မီးတောက်တစ်ခုကို သတိထားမိသွားသည်။
"လောင်မုန်၊ အဲဒါကို မင်းစမ်းကြည့်ပါလား။ မင်းမှာ သန့်စင်ယန်မီးတောက်စစ်ရှိနေပြီ။ လမီးတောက်စစ်ကိုရရင် ယင်နဲ့ယန် နှစ်ခုလုံးပြည့်စုံသွားပြီလေ"
လုယန်က မုန်ကျင်းကျိုးကို တံတောင်ဖြင့်တို့၍ သွားဖြဲရယ်လျက် ပြောသည်။
"သွားစမ်းပါ။ ငါ့ကျင့်စဉ်အဆင့်လောက်နဲ့ ယင်ယန်နှစ်မျိုးပေါင်းစပ်ရင် ခန္ဓာကိုယ်ဖောက်ခွဲသလိုပဲ ဖြစ်သွားမှာပေါ့"
"ဖီးနစ်မီးတောက်စစ်တဲ့လား"
သူတို့နှစ်ယောက် နောက်တစ်နေရာတွင် ဖီးနစ်အော်သံမသဲမကွဲထွက်ပေါ်နေသည့် မီးတောက်စစ်တစ်ခု တွေ့ကြသည်။
"ဒါက ဖီးနစ်မျိုးနွယ်ရဲ့ မီးတောက်အစစ်လို့ ပြောကြတယ်။ ပြန်မွေးဖွားနိုင်တဲ့ စွမ်းအားမျိုး ရှိတယ်တဲ့"
မုန်ကျင်းကျိုး ဖီးနစ်မီးတောက်ကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။
သို့သော် ဖီးနစ်မျိုးနွယ်၏ ဗီဇမီးတောက်စစ်ဖြစ်၍ တစ်ခြားမျိုးနွယ်များ ကျင့်ကြံနိုင်ဖို့ အလွန်တရာခက်ခဲသည်။
"ပြန်မွေးဖွားဖို့တော့ စိတ်တောင်မကူးပါနဲ့။ အဲဒါက ကောလဟာလသက်သက်ပါ"
နတ်မယ်ပြောသည့် ဖီးနစ်ပုံပြင်အကြောင်း ပြန်တွေးမိသဖြင့် လုယန်ပြောလိုက်သည်။
"ဖီးနစ်ပုံပြင်က အမှန်မဟုတ်ပေမယ့် ဒီမီးတောက်ရဲ့ ကုသနိုင်တဲ့စွမ်းအားကတော့ တကယ်အစစ်အမှန်ပဲ။ မင်းနဲ့ တကယ်သင့်တော်ပါတယ်"
မုန်ကျင်းကျိုးသည် ခန္ဓာကိုယ်အားကိုး၍သာ တိုက်ခိုက်လေ့ရှိသဖြင့် ဒဏ်ရာရလွယ်သည်။ ဖီးနစ်မီးတောက်ဖြင့် ထိုချို့ယွင်းချက်ကို ဖြည့်ဆည်းနိုင်လျှင် ပြည့်စုံသွားမည်။
လုယန်က နောက်ဆုံးမှ ရွေးချယ်သည်။ တောက်ပသည့် မီးတောက်တစ်စုကို သူစိတ်ဝင်စားနေသည်။ ရွှေကျီးကန်းအရိပ်များ မီးတောက်ထဲတွင် တဖျတ်ဖျတ်ပေါ်နေသည်။ အသက်ဝိညာဉ်ရှိနေသယောင် ထင်ရသည်။
နေမီးတောက်စစ်ဖြစ်သည်။
ရွှေကျီးကန်းမီးတောက်စစ်ဟုလည်း သိကြသည်။
(**ရွှေကျီးကန်းမီးတောက်စစ် အဆင့်မြင့်(သန္ဓေရင့်)သွားလျှင် နေမီးတောက်စစ်ဖြစ်လာသည်)
မုန်ကျင်းကျိုး၏ ယန်မီးတောက်စစ်နှင့် တန်းတူအဆင့်ရှိသည်။ ထိပ်တန်းယန်မီးတောက်စစ်နှစ်ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ပြင်းထန်သည့်တိုက်ခိုက်စွမ်းအားမျိုးရှိသည်။
ထို့ပြင် ကောင်းကင်တွင် နေဆယ်စင်းထွန်းလင်းခဲ့သည့် ရှေးဒဏ္ဍာရီလည်းရှိသည်။ ရွှေကျီးကန်းဆယ်ကောင် လောကကြီးထဲဖြတ်၍ ပျံသန်းသည်။ သူတို့ဖြတ်သန်းရာတစ်လျှောက် ရှင်သန်သူလုံးဝမကျန်ခဲ့။
လောကကိုဖျက်ဆီးသည်။ ထိုလောကကပ်ဆိုးကို မကြည့်ရက်သည့် သူရဲကောင်းတစ်ယောက်က ကျီးကန်းကိုးကောင်ကို ပစ်ချခဲ့သည်။ တစ်ကောင်ကို လောကကြီးထွန်းလင်းဖို့ ချန်ထားခဲ့သည်။
ထိုအဖြစ်ကိုကြည့်လျှင် ရွှေကျီးကန်းမီးတောက် ဘယ်လောက်အန္တရာယ်များကြောင်း သိနိုင်သည်။
"ကွက်တိပဲ။ ရသာသုံးမျိုးမီးတောက်က တိုက်ခိုက်စွမ်းအားမရှိဘူး။ နေမီးတောက်စစ်နဲ့ အားဖြည့်မှဖြစ်မယ်"
လုယန် သူ့ဘာသာပြောနေသည်။
"ရွှေကျီးကန်းလား..အင်း...ကိုးဆမသေမျိုးက အဲဒါကို သဘောအကျဆုံးပဲ"
နတ်မယ်က ရုတ်တရက် မှတ်ချက်ပြုလာသည်။
"ကိုးဆမသေမျိုးလား"
"ဟုတ်တယ်။ အဲဒီတုန်းက ယင်ယန်အရိယဖလကို သူလေ့လာနေတာလေ။ နားလည်ခါနီးလေးမှာ အခက်အခဲတစ်ခုကြုံနေတယ်။ ဒါကိုဖြေရှင်းနိုင်မယ့်နည်းလမ်း နေရာစုံမှာ လိုက်ရှာတယ်။
ဖြေရှင်းနည်းတစ်ခုက အစွန်းရောက်ယန်ဓာတ်ကို ကိုယ်စားပြုတဲ့ ရွှေကျီးကန်းနဲ့ အစွန်းရောက်ယင်ဓာတ်ကို ကိုယ်စားပြုတဲ့ ကျောက်စိမ်းယုန်ကိုရှာပြီး သူတို့ကို မိတ်လိုက်ခိုင်းဖို့ပဲ။
ယင်နဲ့ယန်ကို ပေါင်းစပ်နိုင်ရင် ဉာဏ်အလင်းရမယ်လို့ သူမျှော်လင့်ခဲ့တာ။
သူက စုံတွဲတစ်တွဲနဲ့ မလုံလောက်မှာစိုးလို့ ရွှေးကျီးကန်းဆယ်ကောင်၊ ကျောက်စိမ်းယုန်ဆယ်ကောင် ကို ယူလာတယ်။
အဲဒီ့ကျီးကန်းဆယ်ကောင် နေ့ရောညရော မိတ်လိုက်တယ်။ နောက်ဆုံးကျတော့ သူတို့ခံနိုင်ရည်မရှိတော့ဘူး။ ညအမှောင်ကို အခွင့်ကောင်းယူပြီး ထွက်ပြေးတယ်။
ရွှေကျီးကန်းဆယ်ကောင် တစ်ပြိုင်တည်းပေါ်လာတယ်။ လောကကို အလွန်ပြင်းထန်တဲ့ အပူဓာတ်ကျလာတယ်။ ကိုးဆမသေမျိုးက သူ့အစမ်းသပ်ခံတွေ ထွက်ပြေးသွားမှန်းသိတော့ ကျီးကန်းကိုးကောင်ကို ချက်ချင်းပစ်ချတယ်။
ဒါပေမယ့် သူ့စမ်းသပ်မှုအတွက် ချန်ထားဖို့လိုတယ်လေ။ ဒါကြောင့် အဲဒီ့ကောင်တွေကို မသတ်ခဲ့ဘူး။
ဆယ်ကောင်မြောက်ကျီးကန်းကျတော့ ငါကရွှေကျီးကန်းသားမစားဖူးသေးလို့ အဲဒီ့ကောင်ကိုပစ်ချပြီး ငါတို့လေးယောက် ပွဲတော်တည်သင့်တယ်လို့ အကြံပြုလိုက်တယ်။
ဒါပေမယ့် ကိုးဆမသေမျိုးရဲ့လက်က တုန်သွားတယ်။ ဒီတော့ ပစ်ချက်လွဲပြီး အဲဒီရွှေရွှေကျီးကန်း လွတ်သွားတယ်။ တကယ်စိတ်မကောင်းစရာပဲ"
နတ်မယ်က စိတ်မကောင်းဟန်ဖြင့် ခေါင်းခါ၍ ပြန်ပြောနေသည်။ ယခုထိ ထိုကျီးကန်းကို နှမျောတသနေဆဲဖြစ်သည်။
*********************************