← Chapters

ရွှေကျီးကန်းမီးတောက်စစ်ကို လေ့လာခြင်း

Vol. 36 Ch. 532

ရွှေကျီးကန်းမီးတောက်စစ်ကို လေ့လာခြင်း

Vol. 36 Ch. 532

အမှန်တော့ လုယန်သိချင်နေသည်။ ရွှေကျီးကန်းကိုးကောင်ပြန်ဖမ်းမိသည်။

ကျောက်စိမ်းယုန်ဆယ်ကောင်နှင့် ဘယ်လိုခွဲတမ်းချမည်နည်း။ အတူတူသားဖောက်ခဲ့သလား။ သို့မဟုတ် ပိုနေသည့်တစ်ကောင်ကို နတ်မယ်က အကျက်ကင်၍ ရှေးဟောင်းမသေမျိုးလေးယောက်ကို အဆိပ်ခတ်ခဲ့သလား မသိတော့။

သို့သော် ရှက်စရာကောင်းသည့် ထိုအတိတ်ဇာတ်လမ်းအကြောင်း သူသိပ်သိဖို့မလိုပါ။ သူ့ကျင့်စဉ်လမ်းအတွက် ဘာမှအကျိုးမရှိ။ ရှေးဟောင်းမသေမျိုးလေးယောက်နှင့် နောက်တစ်ချိန်တွေ့ကြုံခဲ့လျှင် သူအသက်ရှင်ဖို့ပင် ခက်ခဲသွားနိုင်သည်။

ရှေးဟောင်းမသေမျိုးလေးယောက်ကို သူလုံးဝအကောင်းမြင်၍မရတော့။ သူတို့နှင့်တွေ့လျှင် ကိုယ့်ကိုယ်ကို မကာကွယ်နိုင်မည်ကို စိုးရိမ်သည်။

နတ်မယ်နှင့် ရင်းနှီးသူဖြစ်ကြောင်းကြွားလုံးထုတ်၍ နတ်မယ်ပြောသည့်ဇာတ်လမ်းများ နေ့တိုင်းနားထောင်ကြောင်း အခိုင်အမာထွက်ဆိုလျှင်ပင် သူ့အတွက် လွတ်လမ်းမမြင်။

ရှင်သန်နိုင်ဖို့ဆိုသည်က မရေရာလှ။

"ကဲ၊ ငါပြောတဲ့ဇာတ်လမ်းကို နားထောင်ပြီးပြီဆိုတော့‌ ရွှေကျီးကန်းမီးတောက်စစ်အကြောင်း နင်ပိုနားလည်လာပြီမဟုတ်လား"

မှော်ပညာရပ်တစ်ခု၏ နောက်ခံဇာတ်လမ်းကိုသိထားလျှင် ထိုပညာရပ်၏ အနှစ်သာရကို ပို၍နက်နက်ရှိုင်းရှိုင်းနားလည်နိုင်သည်။ ထိုအချက်ကို ကျင့်ကြံသူလောကတွင် အားလုံးလက်ခံထားကြသည်။ ဈေးကွက်တွင်ရောင်းချသည့် ပညာရပ်အများစု၏ သမိုင်းကြောင်းများက ဝေဝါးလွန်းသည်။ အတိတ်ကအဖြစ်အပျက်များကို ခြေရာခံဖို့ခက်သည်။

သို့သော် လုယန်အတွက်တော့ နတ်မယ်ပြောသည့် ပညာရပ်နောက်ခံဇာတ်လမ်းများနားထောင်ရသဖြင့် သူ့နားလည်နိုင်စွမ်းများ လျော့ပါးသွားသည်သာရှိသည်။

"ရွှေကျီးကန်းမီးတောက်စစ်..."

မှော်စွမ်းအားသုံး၍ လက်ချောင်းထိပ်တွင် မီးပွားတစ်ခု စုစည်းလိုက်သည်။ သေးငယ်သည့်မီးပွားလေးသာဖြစ်သော်လည်း တိုင်းတာမရသည့်စွမ်းအင်များ ပါဝင်နေသည်။

ရွှေမီးတောက်စစ်ကို စိုက်ကြည့်၍ လုယန်မျက်လုံးကို ဖြေးညှင်းစွာမှိတ်လိုက်သည်။ မီးတောက်စစ်၏ သဘောတရားကို နားလည်ရန်ကြိုးစားသည်။

.....

"ငါဘယ်မီးတောက်ကို ရွေးရမှာလဲ"

အရိုးရိုင်း တွေးရခက်နေသည်။ ရသာသုံးပါးမီးတောက်ပညာကို သူသင်ယူချင်သည်။ လုယန်ကိုလည်း သင်ပေးဖို့ တောင်းဆိုဖူးသည်။ သို့သော် စကျင့်ကြံဖို့မပြောနှင့်။ သဘောတရားကိုပင် သူသေချာနားမလည်။

"အကိုမုန်လို ဖီးနစ်မီးတောက်ကို‌ရွေးရင်ကောင်းမလား"

ဖီးနစ်မီးတောက်ကို ဖြေးဖြေးချင်းသန့်စင်နေသည့် မုန်ကျင်းကျိုးကိုလှမ်းကြည့်သည်။ ထို့နောက်ခေါင်းခါသည်။

"မဖြစ်ဘူး၊ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါက နတ်ဆိုးမျိုးနွယ်ရဲ့ မီးတောက်စစ်ပဲ။ ငါ့သွေးဆက်နဲ့ မကိုက်ညီဘူး။ ငါ့နားလည်နိုင်စွမ်းကလည်း အကိုမုန်လောက်မမြင့်ဘူး။ ဒီမီးတောက်စစ်ကို နားလည်ဖို့ မျိုးနွယ်ခြားနားချက်ကို ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး။

လမီးတောက်စစ်...ဒါလည်း အဆင်မပြေဘူး။ ငါ့အသက်ဓာတ်က ကြမ်းတမ်းပြင်းထန်တယ်။ လမီးတောက်စစ်ကို ကျင့်ကြံရင် ငါ့အသက်ဓာတ်ကို နှိပ်ကွပ်သလိုဖြစ်မယ်။ ငါအားနည်းသွားမယ်။

ကပ်ဆိုးမီးတောက်စစ်...မဖြစ်ဘူး။ ကမ္ဘာဦးကပ်ဆိုးစွမ်းအားအကြောင်း ငါဘာမှမသိဘူး။ ငါနားလည်မှာမဟုတ်ဘူး။

ခုနစ်စဉ်ကြယ်ကောင်းကင်မီးတောက်...မသင့်တော်ဘူး။ အခု ကြယ်တွေမရှိတော့ဘူးဆိုတော့ ခုနစ်စဉ်ကြယ်ကနေ ဆင်းသက်လာတဲ့ ဒီမီးတောက်စစ်ဟာ အထောက်ပံ့ရင်းမြစ်ပြတ်သွားပြီ။ စွမ်းအားကြီးပေမယ့် ရေရှည်အသုံးခံဖို့ ခက်ခဲတယ်။

...ဒီမီးတောက်ကို နည်းနည်းရင်းနှီးနေသလိုပဲ။ ဒါကိုစမ်းကြည့်မယ်"

အရိုးရိုင်း မီးတောက်တစ်ခုရှေ့တွင် ပျော်ရွှင်စွာ ထိုင်လိုက်သည်။

သမာဓိမီးတောက်စစ်ဖြစ်သည်။

ထောင်ယော်ယဲ့လည်း မီးတောက်ရွေးချယ်ရင်း ခေါင်းကိုက်နေသည်။ ရွှေကျီးကန်းမီးတောက်၊ လမီးတောက်၊ တာ့ယန်မီးတောက်တို့ကို ‌ရွေးဖို့စဉ်းစားသည်။ သို့သော် တစ်ခုမှ သူနှင့်မသင့်တော်။

နောက်ဆုံးတွင် ငှက်အော်သံထွက်ပေါ်နေသည့် မီးတောက်တစ်မျိုးရှေ့တွင် ထိုင်လိုက်သည်။

နန်မင်မီးတောက်စစ်။

......

လုယန်၏နားလည်နိုင်စွမ်း တိုးတက်လာသည်။ သူ့ကိုယ်သူ ကောင်းကင်တွင်ထွန်းလင်းသည့် နေတစ်စင်းလို အာရုံသွင်းထားသည်။ လောကတစ်ခွင် အလင်းပေး၍ အသက်ဓာတ်များကို မွေးမြူစောင့်ရှောက်သည်။

ရုတ်တရက် ကြီးမားသည့်လက်တစ်ဘက်က သူ့ကိုဆွဲယူ၍ ယုန်တစ်ကောင်ဘေးတွင် ချထားလိုက်သည်။

"လုယန်ကိုကြည့်ကြဦး...သူက ရွှေကျီးကန်းမီးတောက်စစ်ကို နားလည်လာတဲ့သဘောပဲ။ ဒါပေမယ့် သူ့ခန္ဓာကိုယ်က လစွမ်းအင်ရော နေစွမ်းအင်ပါ ထွက်နေပါလား။ ပြီးတော့ ဒီစွမ်းအင်နှစ်မျိုးက အတူပေါင်းစပ်တော့မယ့်သဘောပဲ"

ထိုမြင်ကွင်းကိုကြည့်၍ ဓာတ်ငါးမျိုးဂိုဏ်းကျင့်ကြံသူများ မင်သက်မိသွားသည်။‌ နေစွမ်းအင်ထဲမှ လစွမ်းအင်ကို နားလည်နိုင်ခြင်းမှာ အံ့ဖွယ်ပါရမီမျိုးဖြစ်သည်။

ထို့ပြင် ထိုဆန့်ကျင်ဘက်စွမ်းအင်နှစ်ခု ပေါင်းစပ်တော့မည်။

ထိုလူငယ်၏ မီးတောက်စစ်နားလည်နိုင်စွမ်းက ကြောက်စရာကောင်းလှသည်။

ဓာတ်ငါးမျိုးအကြီးအကဲများနှင့် ချိုးကျင်အန်းပင် အံ့ဩနေသည်။ ထိုပါရမီမျိုးက တကယ်ရှားသည်။ သမိုင်းတွင် နှစ်ယောက်သုံးယောက်သာ ရှိခဲ့သည်။

"လောင်စုန့်၊ ဒီကောင်လေးရဲ့ပါရမီက လန့်စရာပဲ"

ရွှေဓာတ်အကြီးအကဲက စုန့်သွမ်ထန်းဆီ သိစိတ်အာရုံမှ လှမ်းပြောသည်။ သူတို့နှစ်ယောက်သည် ဝစီပိတ်နှင့် ရန်ကြွေးရှိသူများဖြစ်သည်။ ယခု လုယန်က သူတို့လက်ထဲသို့ ရောက်လာသည်။ ဒေါသဖွင့်ထုတ်ခွင့်ရသည့် အခွင့်အရေးကို သူတို့မျက်ကွယ်မပြုနိုင်။

တစ်နေ့တာဆရာသည် တစ်သက်တာဖခင်ဟူသည့် ဆိုရိုးစကားရှိသည်။ ထို့ကြောင့် သားတစ်ယောက်သည် ဖခင်ပြဿနာများကို အမွေခံ၍ အကြွေးဆပ်ရမည်။ လုယန်ကို ထိုအကြွေးပြန်ပေးဆပ်ခိုင်းသည်မှာ သဘာဝကျသည်။

စုန့်သွမ်ထန်း မျက်မှောင်ကျုံ့သွားသည်။

"ဒီကောင့်ကို မရှင်းနိုင်ရင် ဒီနေ့ငါတို့လုပ်ခဲ့တာကို သူမှတ်ထားမှာ။ နောင်တစ်ချိန်ကျရင် ဒီကောင်က ငါတို့အတွက် အဓိကအန္တရာယ်တစ်ခု ဖြစ်လာလိမ့်မယ်"

"ဟုတ်တယ်၊ ဒီကောင်က တကယ့်ပြဿနာပဲ"

"ငါတို့ဘယ်လိုလုပ်ကြမလဲ"

ရွှေဓာတ်အကြီးအကဲက လုယန်ကို စိုက်ကြည့်လျက် စိတ်ထဲတွင် လွန်ဆွဲနေသည်။ နောက်ဆုံးတွင် ရက်စက်သည့်အရိပ်တစ်ခု သူ့မျက်နှာတွင် ပေါ်လာသည်။ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ဟန်ရှိသည်။

"ဝစီပိတ်နဲ့ရှိခဲ့တဲ့ ရန်ကြွေးကို ငါတို့မေ့လိုက်ကြတာပေါ့"

......

"ဟိုမှာကြည့်၊ လုယန်ကိုယ်ပေါ်မှာ နေစွမ်းအင်ရောင်ပဲ ကျန်တော့တယ်"

ရွှေအကြီးအကဲနှင့် မီးအကြီးအကဲတို့၏ အတွေးများကို လုယန်မသိ။ သူနားလည်ထားသည့် အတွေးအမြင်အပေါ်သာ တတ်နိုင်သမျှအာရုံစိုက်ထားသည်။

နတ်မယ်၏လမ်းညွှန်ချက်အတိုင်း လိုက်လုပ်ရှင်း အတွေးရှုပ်ထွေးပြီး လစွမ်းအင်နှင့်နေစွမ်းအင် ပေါင်းစပ်မိတော့မလိုဖြစ်ခဲ့သည်။

သီသီလေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ရွှေကျီးကန်းမီးတောက်စစ်အကြောင်း နောက်တစ်ကြိမ် ပြန်သုံးသပ်သည်။ ကိုယ့်ကိုယ်ကို ကောင်းကင်ဖြတ်သန်းသည့်နေမင်းအဖြစ် စိတ်နှစ်ထားသည်။ အားလုံးက သက်ဝင်လှုပ်ရှားနေသည်။ အရောင်အသွေးစုံသည့် မြင်ကွင်းတစ်ခုဖြစ်သည်။

နေစွမ်းအင်လုံးက ပူဖောင်းတစ်ခုလို ကျုံ့သွားလိုက် ဖောင်းလာလိုက်ဖြင့် ပေါက်ကွဲတော့မလိုဖြစ်နေသည်။ ကြည့်နေသူများ စိုးရိမ်ပူပန်လာသည်။

ရုတ်တရက် ထို‌နေလုံးထဲမှ ငှက်အော်သံတစ်ခု ထွက်ပေါ်လာသည်။ အော်သံက ကြည်လင်သာယာ၍ ပဲ့တင်ထပ်သွားသည်။

"ပြီးသွားပြီ"

လုယန် ပျော်ရွှင်သွားသည်။ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့မျက်လုံးများက နေနှစ်စင်းလို အနီရောင်သန်းနေသည်။

မျက်တောင်တစ်ချက်ခတ်သည်။ သူ့မျက်လုံးများ ပုံမှန်ပြန်ဖြစ်သွားသည်။ ကလေးတစ်ယောက်မျက်လုံးလို ကြည်လင်၍ အပြစ်ကင်းနေသည်။ အစောပိုင်းမြင်ခဲ့ရသည့် အာရုံများက ပုံရိပ်ယောင်လို ဝိုးတဝါးဖြစ်နေသည်။

'အကိုလု အောင်မြင်သွားပြီလား"

ပိုင်မင် တွေးရကြပ်နေသည်။ ထိုမီးတောက်ပညာကို သူလည်းကျင့်ကြံထားသည်။ ဘယ်လောက်ခက်ခဲမှန်း သူသိသည်။

"စမ်းသပ်ကြည့်ရင် သိမှာပဲလေ"

လုယန် ရယ်နေသည်။ ယုံကြည်ချက်အပြည့်ရှိနေပုံရသည်။ ဤတစ်ကြိမ် ရွှေကျီးကန်းမီးတောက်စစ်ကို သေချာနားလည်တတ်ကျွမ်းခဲ့ပြီဖြစ်၍ ပြဿနာမရှိနိုင်ဟု သူယုံကြည်သည်။

ဘယ်လက်ဝါးကိုဖြန့်လိုက်သည်။ မီးတောက်တစ်ချို့ပေါ်လာသည်။ သူ့ဘေးပတ်လည်မှ အပူချိန် ချက်ချင်းထိုးတက်လာသည်။

မီးတောက်က လေထဲတွင် တဖျတ်ဖျတ်တောက်နေသည်။ တဖြေးဖြေးအသွင်တစ်ခုပေါ်လာသည်။ ငှက်တစ်ကောင်ပုံစံမျိုးဖြစ်သည်။

"မီးတောက်စစ်ပုံရိပ်ပညာလား"

ပိုင်မင် မင်သက်မိသွားသည်။ မီးတောက်စစ်ကို လိုချင်သည့်ပုံရိပ်ဖန်တီးဖို့ အဆင့်မြင့်ထိန်းချုပ်နိုင်စွမ်းမျိုး လိုအပ်သည်။ ကျင့်ကြံသူအများစုအတွက် နှစ်ငါးဆယ်ခန့် ပြင်းပြင်းထန်ထန်မလေ့ကျင့်ပဲ ထိုသို့မလုပ်နိုင်ကြ။

လုယန်၏ သက်တောင့်သက်သာရှိနေသည့်ပုံစံအရ သူတမင်တကာ ပုံရိပ်ဖန်တီးနေခြင်း မဖြစ်နိုင်။ မီးတောက်စစ်က သဘာဝအလျောက် ထိုအသွင်ပေါ်လာခြင်းဖြစ်မည်။

လုယန်မျက်နှာတွင် ယုံကြည်ချက်ပြည့်နေသည့် အပြုံးရိပ်ပေါ်လာသည်။ ညာလက်နှစ်ချောင်းကို နှုတ်ခမ်းသို့ကပ်၍ အေးအေးလူလူအော်ဟစ်လိုက်သည်။

"မီးတောက်စစ်၊ မင်းကိုယ်မင်း ထုတ်ပြစမ်း"

မီးတောက်စစ်က ရွှေကျီးကန်းတစ်ကောင်အသွင်ပြောင်းပြီး အသက်ဝင်သကဲ့သို့ လှုပ်ရှားလာသည်။

"မီးတောက်စစ်ကို ရွှေကျီးကန်းအသွင် ပြောင်းလိုက်ပြီ‌လား"

ပိုင်မင် အံ့ဩရပြန်သည်။ အံ့ဩစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ နှုတ်မှလွှတ်ခနဲရေရွတ်မိသည်။

ဓာတ်ငါးမျိုးဂိုဏ်း၏ကျင့်ကြံသူများ အကြီးအကဲများလည်း လုယန်အဖြစ်ကို ကြည့်နေကြသည်။

"သူက ပထမဆုံးအကြိမ်ကြိုးစားတဲ့အချိန်မှာ မီးတောက်စစ်ကို ရွှေကျီးကန်းအသွင်ပြောင်းနိုင်တယ်ပေါ့"

"မဟုတ်သေးဘူး။ ရွှေကျီးကန်းတွေဆိုတာ ခြေထောက်သုံးချောင်းရှိရမှာ။ လုယန်ရဲ့ကျီးကန်းက ခြေနှစ်ချောင်းတည်းပါလား"

"ခြေနှစ်ချောင်းရွှေကျီးကန်းဆိုတာမျိုးရော ရှိလား"

"ရွှေကျီးကန်းရဲ့ အထူးခြားဆုံးလက္ခဏာက သူ့ရဲ့ခြေထောက်သုံးချောင်းပဲလေ။ ခြေနှစ်ချောင်းတည်းရှိတဲ့ငှက်ကို ရွှေကျီးကန်းလို့ ခေါ်လို့ရပါဦးမလား"

လုယန်လည်း နည်းနည်းစဉ်းစားရကြပ်နေသည်။ သူ့မီးတောက်စစ်မှ အလိုလိုပေါ်လာသည့် 'ရွှေကျီးကန်း'က သူထင်ထားသည်နှင့် ဘာကြောင့်ကွဲပြားနေသည်မသိ။

ဘယ်လက်ကိုဆုပ်၍ မီးတော်စစ်ကို ငြိမ်းလိုက်သည်။ ထို့နောက် လက်ကိုပြန်ဖြန့်၍ မီးတောက်ပြန်ထုတ်သည်။ ခြေနှစ်ချောင်းကျီးကန်းသာ ပေါ်လာသည်။

လက်မလျှော့လိုသေးသဖြင့် လေးငါးကြိမ် ထပ်ကြိုးစားသည်။ ခြေတစ်ချောင်းအပို ပေါ်လာစေချင်သည်။ သို့သော် လုံးဝမထူးခြား။

ခေါင်းကိုကုတ်၍ ပိုင်မင်ကို လှည့်မေးသည်။

"ဘာကြောင့်ဒီလို့ဖြစ်နေလဲဆိုတာ မင်းသိလား"

ပိုင်မင်လည်း ထိုအဖြစ်မျိုးမမြင်ဖူးသဖြင့် အံ့အားသင့်နေသည်။

"ရွှေကျီးကန်းတွေဟာ အမြဲတမ်းခြေထောက်သုံးချောင်းပါပဲ။ အကို့ရဲ့ ခြေနှစ်ချောင်းသတ္တဝါကို ရွှေငှက်လို့ပဲ သတ်မှတ်ရမယ်"

"ဒါဆို ငါ့မီးတောက်ကိုတော့ ရွှေကျီးကန်းမီးတောက်စစ်လို့ သတ်မှတ်နိုင်တယ်ပေါ့"

ပိုင်မင်မျက်နှာတွင် ထူးဆန်းသည့်အမူအရာပေါ်လာသည်။

"ရွှေငှက်မီးတောက်စစ်လို့ ခေါ်ရမှာပါ"

************************************

All Chapters