သတ္တိကောင်းသူ
Vol. 36 Ch. 533
"ရွှေငှက်မီးတောက်စစ်လား..."
လုယန် ကြောင်တက်တက်ဖြစ်သွားသည်။ ပုံမှန်အတိုင်း သူကျင့်ကြံခဲ့သည်။ ရွှေကျီးကန်းမီးတောက်စစ်ကိုကြည့်သည်။ နတ်မယ်ပြောသည့် ရွှေကျီးကန်းသမိုင်းကြောင်းကိူ နားထောင်သည်။ ကိုယ့်ကိုယ်ကို နေမင်းလို သဘောထားသည်။ နေလုံးထဲမှ ငှက်အော်သံကြားရသည်။
မီးတောက်စစ်က သူ့လက်ချောင်းများထိပ်တွင် ရှိသည်။ မသေမျိုးတစ်ယောက်၏ လမ်းညွှန်မှုဖြင့် သူဉာဏ်အလင်းရခဲ့သည့်ဖြစ်စဉ်က ဟာကွက်မရှိ။
ဘာကြောင့် ခြေနှစ်ချောင်းရွှေကျီးကန်း ဖြစ်လာရသနည်း။
"ဖြစ်နိုင်ခြေသုံးခုရှိတယ်"
နတ်မယ်က အလေးအနက်သုံးသပ်သည်။
လုယန်ပျော်သွားသည်။ နတ်မယ်ထိုမျှအားကိုးရမည်ဟု ထင်မထား။ ကောက်ချက်သုံးခုပင် ချပေးနိုင်သည်။ ကျေးဇူးတင်သည့်အနေဖြင့် ဦးညွှတ်အရိုအသေပြု၍ သူတောင်းဆိုလိုက်သည်။
"အလင်းပြပါဦး နတ်မယ်"
"ပထမဖြစ်နိုင်ခြေက...သမာဓိမီးတောက်စစ်ကို နင်လေ့ကျင့်တဲ့အချိန်မှာ ရသာသုံးပါးမီးတောက်စစ်ဖြစ်သွားတယ်။ အဲဒီမှာလွဲချော်ခဲ့တာလေးတွေက ရွှေကျီးကန်းမီးတောက်စစ်အပေါ် သက်ရောက်သွားတဲ့သဘောပဲ။
ဒုတိယဖြစ်နိုင်ခြေက...ဆယ်ကောင်မြောက်ရွှေကျီးကန်းကို ကိုးဆမသေမျိုးက အသေပစ်မချနိုင်ခဲ့ဘူး။ ဒါပေမယ့် တစ်ခြားကျီးကန်းကိုးကောင် ကျောက်စိမ်းယုန်တွေနဲ့ မိတ်လိုက်ခိုင်းတာကို သူကြည့်ရုံပဲ ကြည့်နေခဲ့ရလိမ့်မယ်။
ဒါကိုမြင်တော့ တစ်ခြားကျီးကန်းတွေက သနားသွားမယ်။ ဒါကြောင့် ကျီးကန်းတစ်ကောင်က သူ့သဘောဆန္ဒအရ အဲဒီ့ကျီးကန်းကို ခြေထောက်တစ်ချောင်း ပေးလိုက်မယ်။ ပေးလိုက်ရတဲ့ခြေထောက်ကို ပြန်ပေါက်လာအောင် ပြင်ဆင်နေတုန်းမှာ အဲဒီ့ကျီးကန်းကို ကျောက်စိမ်းယုန်က သတ်လိုက်တာဖြစ်မယ်။
အခုနင်ကျင့်ကြံနေတာ ခြေထောက်ပြန်မဖန်တီးနိုင်ခဲ့တဲ့ အဲဒီ့ရွှေကျီးကန်းရဲ့ မီးတောက်ဖြစ်နိုင်တယ်။
တတိယဖြစ်နိုင်ခြေကတော့ ချီလင်ပေးခဲ့တဲ့ သဲလွန်စတွေရယ် ကိုးဆမသေမျိုး အတည်ပြုခဲ့တာတွေရယ်ကို အခြေခံပြီး ကောက်ချက်ချထားတာပါ။ ရွှေကျီးကန်းမျိုးနွယ်ဟာ အစက ခြေနှစ်ချောင်းပဲရှိတယ်။ ရှေးဟောင်းခေတ်ရဲ့ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်နဲ့လိုက်ဖက်ညီအောင် နောက်မှ ခြေသုံးချောင်းဖြစ်လာတာတဲ့။
ချီလင်ရဲ့ အားအကြီးဆုံးရှင်သန်မှုအရိယဖလ၊ ဖီးနစ်မရဲ့ သဘာဝရွေးချယ်မှုအရိယဖလတွေဟာ တကယ်တော့ ရွှေကျီးကန်းမျိုးနွယ်သမိုင်းကြောင်းကို အခြေခံထားတာပါ။ နင့်ရဲ့မီးတောက်က မူလရွှေကျီးကန်းတွေရဲ့ မီးတောက်ဖြစ်နိုင်တယ်"
ထိုသုံးသပ်ချက်အားလုံး မဖြစ်နိုင်လောက်ဟု လုယန် ယူဆသည်။
'အင်း..ဘာမီးတောက်ပဲဖြစ်ဖြစ် ဒါလည်း မီးတောက်စစ်ပါပဲလေ"
လက်ထဲမှ ရွှေငှက်မီးတောက်ကို ဆုပ်ကိုင်လိုက်သည်။ ကြောက်စရာစွမ်းအားများပါဝင်နေသည်ကို ခံစားရသည်။ ရသာသုံးပါးမီးတောက်ထက်ပင် ပိုပြင်းထန်သည့် အဖျက်မီးတောက်ဖြစ်သည်။ ထုတ်လွှတ်လိုက်သည်နှင့် ရွှေသန္ဓေအဆင့်တွင် ခုခံနိုင်သူ ရှားပေလိမ့်မည်။
ဒုတိယမြောက်အောင်မြင်သူက လီဟော်ရန်ဖြစ်သည်။ ချင်ဟော်ရန်၏ မှတ်ဉာဏ်တစ်ဝက်ရထားသူဖြစ်၍ အတွေ့အကြုံက အဆင့်တူများထက် များစွာသာလွန်နေသည်။ လုယန်ပြီးလျှင် သူအတော်ဆုံးဖြစ်သည်။
သူလက်ဖျောက်တစ်ချက်တီးလိုက်သည်။ တန်ကျားမီးတောက် သူ့လက်ချောင်းထိပ်တွင် ပေါ်လာသည်။ ခဏစိုက်ကြည့်သည်။ သူ့ဆံပင်တုကိုချွတ်သည်။ ပြောင်နေသည့်ခေါင်းတုံးပေါ်လာသည်။ တန်ကျားမီးတောက်ဖြစ် ဆံပင်တုကိုသန့်စင်ပြီး နောက်ထပ်အဆင့်မြှင့်လိုက်သည်။
ထိုအဖြစ်ကိုကြည့်၍ ယွမ်ကန်း အတော်လေးစားသွားသည်။ ထိုလူသည် တကယ်စိတ်ဓာတ်မာကျောသည်။ ပိုသန်မာဖို့အတွက် ဆံပင်ကိုပင် မှော်ရတနာအဖြစ် သန့်စင်ထားသည်။
တတိယမြောက် မီးတောက်စစ်အောင်မြင်သူက အရိုးရိုင်းဖြစ်သည်။ သမာဓိမီးတောက်ကို သူနားလည်သွားသည်။
လုယန်အဖြစ်အပျက်ကို သူသတိထားမိသည်။ အထူးသဖြင့် လုယန် ရွှေငှက်ကိုင်ထားသည်ကို မြင်ရချိန်တွင် သူတအံ့တဩ ရေရွတ်မိသည်။
"အကိုလု ပထမဆုံးကျွမ်းကျင်ခဲ့တဲ့ ရသာသုံးပါးမီးတောက်စစ်က အသားကင်အဆင့်အတန်းကို မြှင့်တင်နိုင်ခဲ့တယ်။
အခု ဒုတိယမီးတောက်စစ်က အသားကင်ကုန်ကြမ်းကိုပါ တိုက်ရိုက်အသွင်ပြောင်းလိုက်တာလား"
(ရွှေကျီးကန်းသားဖန်တီးသည်ကိုဆိုလိုပါသည်)
သူနှင့်လုယန်ကြားတွင် ကွာဟချက်က တကယ်ကြီးမားသည်။ သူတိုးတက်အောင်ကြိုးစားဖို့ များစွာလိုသေးသည်။
နေ့တစ်ပိုင်းကုန်လွန်ပြီးနောက် ညအချိန်ရောက်လာသည်။ မုန်ကျင်းကျိုးနှင့် ထောင်ယော်ယဲ့လည်း ဖီးနစ်မီးတောက်နှင့် နန်မင်မီးတောက်တို့ကို အသီးသီးနားလည်တတ်ကျွမ်းသွားသည်။
သူတို့လေ့လာသည့် မီးတောက်များက နတ်ဆိုးမျိုးနွယ်၏ မီးတောက်စစ်များဖြစ်သည်။ ထို့ကြောင့် တိုးတက်မှု နှေးကွေးသည်မှာ မဆန်းလှ။
ဓာတ်ငါးမျိုးအကြီးအကဲအားလုံး မုန်ကျင်းကျိုးကိုကြည့်၍ အံ့ဩနေကြသည်။
"ဒီမုန်မျိုးရိုးကောင်လေးက သာမန်မဟုတ်ဘူးပဲ။ ဖီးနစ်မီးတောက်ကိုတောင် ကျင့်ကြံနိုင်တယ်"
"သူလက်လျှော့ရမယ်လို့ ငါထင်ထားတာ"
ဒါဟာ ကြီးမြတ်တဲ့လူတစ်ယောက်ရဲ့ စိတ်ဓာတ်ပဲ။ သူက တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်တယ်။ သန့်စင်ယန်ခန္ဓာကိုယ်ဟာ မချိုးဖျက်နိုင်ဘူး။ ဖီးနစ်မီးတောက်က ယန်ဓာတ်ကို အားဖြည့်ပြီး သွေးအားကောင်းစေတဲ့ အာနိသင်ရှိတယ်။ တစ်ကိုယ်တော်ဝိညာဉ်မြစ်တစ်ယောက်က ဖီးနစ်မီးတောက်စစ်ကို ကျွမ်းကျင်တယ်။ ဒီယန်ဓာတ်စွမ်းအားမျိုးကို သမိုင်းတလျှောက် ဘယ်တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်မှ မမီဘူး။
ဒီလိုအနေအထားနဲ့ သူ့ဆန္ဒတွေကို ထိန်းချုပ်ပြီး လူပျိုရည်မပျက်အောင် ထိန်းထားနိုင်တဲ့ စိတ်ဓာတ်စွမ်းအားဟာ တကယ်လေးစားစရာပဲ။
တစ်ကိုယ်တော်ဝိညာဉ်မြစ်မှာ ဖီးနစ်မီးတောက်စွမ်းအား ထပ်ဖြည့်ထားတော့ ဝိညာဉ်မြစ်စွမ်းအား ပိုတိုးလာမယ်။ ကျင့်စဉ်တိုးတက်နှုန်း အရင်ထက်ပိုမြန်လာမှာပဲ"
သူတို့နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း ထိုမျှအစွန်းရောက်ကျင့်ကြံသည့် တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်မျိုးကို တစ်ခါမှမကြားဖူး။ သေမြေကြီးရှင်ရွှေထီး စိတ်ဓာတ်မျိုးဖြစ်သည်။
မုန်ကျင်းကျိုး အသံတိုးတိုးဖြင့် ကျိတ်ဆွေးနွေးနေသည့် အကြီးအကဲငါးယောက်ကို လှမ်းကြည့်သည်။ သူ့မျက်လုံးတွင် နာကျည်းရိပ်များပြည့်နေသည်။
ခင်ဗျားတို့ အစောကြီးကတည်းက ဘာလို့မပြောတာလဲ...ဒီလိုမှန်းသိရင် ဖီးနစ်မီးတောက်စစ်ကို ကျုပ်ဘယ်ရွေးခဲ့မှာလဲ..
ယခု ခန္ဓာကိုယ်တုံ့ပြန်မှုများကို သူခံစားနေရသည်။ ရေပင်မသောက်ရဲလောက်အောင်ဖြစ်နေသည်။
လုယန်တို့ငါးယောက်လုံး မီးတောက်စစ်တစ်ခုစီ နားလည်တတ်ကျွမ်းသွားသည်။ စုန့်သွမ်ထန်း အတော်မကျေမနပ်ဖြစ်နေသော်လည်း ဘာမှမပြောတော့။ မည်သို့ဆိုစေ ဝစီပိတ်နှင့်ရှိခဲ့သည့်ရန်ငြှိုးကို မေ့ပစ်ဖို့ သူဆုံးဖြတ်ထားပြီးဖြစ်သည်။
အကြီးအကဲများနှင့် ချိုးကျင်အန်းတို့ ထွက်သွားသည်။ အက်ကွဲနေသည့်မြေပြင် ပြန်စေ့သွားသည်။ မီးတောက်စစ်သန္ဓေများလည်း မီးစွမ်းအင်ကြောအောက်တွင် ပြန်လည်ငြိမ်သက်သွားသည်။
ပိုင်မင် ချောင်းတစ်ချက်ဟန့်သည်။
"ကျုပ်တို့ ဆက်လည်ပတ်ကြမလား"
"ဒီလိုညကြီးမိုးချုပ် ဆက်လည်လို့ရသေးတယ်ပေါ့"
လုယန် အံ့အားသင့်သွားသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် ယခုချိန်လောက်ဆို ဂိုဏ်းညီအကိုမောင်နှမများ အပန်းဖြေအနားယူနေကြပေလိမ့်မည်။
ပိုင်မင်လည်း အံ့ဩသွားသည်။ လုယန်စကားကို သူနားမလည်။
"ကျုပ်တို့လိုကျင့်ကြံသူတွေက အိပ်ဖို့မှမလိုတာ။ နေနဲ့ည ခွဲခြားထားတာမျိုး မရှိဘူးလေ"
လုယန် ဘေးပတ်လည်သို့လှည့်ကြည့်သည်။ မီးဓာတ်ဂိုဏ်းခွဲမှတပည့်များ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေဆဲဖြစ်သည်။ 'နေဆာလှုံ'သည့် ဂိုဏ်းတပည့်များသာ ပျောက်သွားသည်။
ညဘက်တွင် နေမရှိ။ ထို့ကြောင့် 'နေဆာလှုံ'၍မရ။
မုန်ကျင်းကျိုး ပြန်တွေးမိလာသည်။
"အရင်တုန်းက တာအိုလမ်းစဉ်ဂိုဏ်းလည်း နေ့ညမခွဲဘဲ ကျင့်ကြံခဲ့ကြတာပါ။ ဒါပေမယ့် ဘိုးဘေးဆရာ အနားယူပြီး အကြီးအကဲတွေလက်လွှဲယူတဲ့အချိန်ကစလို့ အလုပ်ချိန်နဲ့အနားယူချိန် ပေါင်းစပ်တဲ့ကျင့်ကြ့နည်းကို ပြောင်းခဲ့တယ်။
နေ့ခင်းဘက်မှာ ကျင့်ကြံတယ်။ ညဘက်မှာအနားယူတယ်။ ကိုယ့်ကိုယ်ကို အဲလောက်ကြီး ဒုက္ခခံဖို့မလိုပါဘူး"
ကျင့်စဉ်နည်းလမ်းပြောင်းလဲ ယွမ်ကျိလွှမ်းမိုးနိုင်ခဲ့သည့်အပြင် တာအိုလမ်းစဉ်ဂိုဏ်း၏ စွမ်းအားလည်း လျော့ကျမသွား။ တဖြေးဖြေးတိုးတက်လာသယောင်ပင်ရှိသည်။ ဗျူဟာသစ်၏ အကျိုးရှိပုံကို သက်သေခံနေသည်။
"ဒါက ရေစွမ်းအင်ကြောပဲ"
ရေမှုန်များပြည့်နေသည့်နေရာသို့ ပိုင်မင်က ခေါ်လာသည်။ ရေကန်ပေါ်တွင် လူတစ်ယောက်မှ မတွေ့ရ။ ရေပေါက်နွယ်ပင်များသာ မျက်နှာပြင်ပေါ် ထိုးထွက်နေသည်။
"လူတွေက ဘယ်မှာလဲ"
ပိုင်မင်က ရေမျက်နှာပြင်ပေါ်တွင်ရပ်လျက် အောက်သို့လက်ညှိုးထိုးပြသည်။
"အားလုံးအောက်ဘက်မှာလေ။ ကျုပ်နောက်ကလိုက်ခဲ့ပါ"
ခြောက်ယောက်လုံး အသက်အောင့်၍ ရေမစိုစေရန် တစ်ကိုယ်လုံး ဝိညာဉ်စွမ်းအင်ဖြင့် ရစ်ပတ်ကာကွယ်လိုက်သည်။ တဖြေးဖြေး ရေထဲသို့ ဆင်းသွားသည်.
ရေအောက်သို့ရောက်သည်နှင့် မြင်ကွင်းတစ်ခု ရုတ်တရက်ပေါ်လာသည်။ တကယ်စည်ကားလှသည်။
ဝိညာဉ်ပင်များ၊ သိစိတ်မဖွံ့ဖြိုးသေးသည့်ငါးများ၊ ထူးဆန်းသည့်ကျောက်ဆောင်များ၊ ရေဝဲများ...တွေ့ရသည်။ ရေအောက်ကမ္ဘာတစ်ခုဟု ဆိုနိုင်သည်။
"ခင်ဗျားတို့မှာ ရေဝိညာဉ်မြစ်မရှိတာ ဆိုးတာပဲ။ ရှိရင် ဒီနေရာက ထူးခြားတဲ့ဝိညာဉ်စွမ်းအင်တွေကို အလွယ်တကူထိတွေ့ခံစားနိုင်မှာ"
ဓာတ်ငါးမျိုးဂိုဏ်းတပည့်များ ရေထဲတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနေသည်။ မကြာခဏ ဤနေရာတွင် ကျင့်ကြံကြဟန်ရှိသည်။ တစ်ချို့က ရေထဲတွင် စက်ဝိုင်းသဏ္ဌာန်လှည့်ပတ်လှုပ်ရှား၍ ရေအောက်မုန်တိုင်းများ ဖန်တီးနေသည်။ တပည့်နှစ်ယောက်၏ မုန်တိုင်းနှစ်ခု ရင်ဆိုင်တွေ့သည်။ ရေထဲတွင် စွမ်းအင်လှိုင်းများ လှုပ်ခတ်သွားသည်။
တာအိုလမ်းစဉ်ဂိုဏ်းတွင်လည်း ရေဝိညာဉ်မြစ်အတွက် ကျင့်ကြံသည့်နေရာတစ်ခုရှိသည်။ ကောင်းကင်ဂိတ်တောင်ထိပ်ကိုပင် ထိပ်ဖျားမကျန်အောင် နှစ်မြှုပ်နိုင်လောက်သည် ရေကန်ကျယ်ကြီးတစ်ခုဖြစ်သည်။ လုယန်တို့လူစုက ရေဝိညာည်မြစ်ပိုင်ရှင်များမဟုတ်သဖြင့် ထိုနေရာမျိုးတွင် သွားကျင့်ကြံဖို့မလို။
"မူလရေစွမ်းအင်ကြောက ကန်တစ်ကန်ပါပဲ။ ရေဓာတ်ဂိုဏ်းခွဲရဲ့ အကြီးအကဲတစ်ယောက် အရှေ့ပင်လယ်ကို ခရီးသွားရင်း ပင်လယ်နဲ့ရေကန်ဆိုတာ ပတ်ဝန်းကျင်အနေအထား လုံးဝကွဲပြားမှန်း သိလာတယ်။
ဒါကြောင့် သူ့မှော်လက်စွပ်နဲ့ အရှေ့ပင်လယ်ကနေ ပင်လယ်ရေတွေအများကြီးခိုးပြီး ဒီကရေစွမ်းအင်ကြောဆီ ယူလာတယ်။
နောက်တော့ ပင်လယ်ရေရှိရုံနဲ့ မလုံလောက်သေးဘူးလို့ သူတွေးမိတယ်။ ပင်လယ်မျိုးနွယ်တွေ မရှိဘူးလေ။ အရှေ့ပင်လယ်က တကယ်ပတ်ဝန်းကျင်အစစ်နဲ့ မတူသေးဘူး။
ဒီတော့ အကြီးအကဲက အရှေ့ပင်လယ်ကို ထပ်သွားတယ်။ အဲဒီက ပင်လယ်မျိုးနွယ်တွေနဲ့ ဆက်သွယ်ပြီး ဓာတ်ငါးမျိုးဂိုဏ်းကို ပြောင်းရွှေ့ချင်သလားလို့ မေးတယ်။
ပင်လယ်မျိုးနွယ်အများစုက ငြင်းကြတယ်။ ဒါပေမယ့် တစ်ချို့က ပတ်ဝန်းကျင်အပြောင်းအလဲကို လိုချင်လို့ အကြီးအကဲနဲ့အတူ ဂိုဏ်းကိုလိုက်လာကြတယ်။ အကြီးအကဲက သူတို့ကို မှတ်ပုံတင်ဖို့ခေါ်သွားတယ်။ စာရွက်စာတမ်းတွေ အများကြီးလုပ်ခဲ့ရတယ်"
ပိုင်မင် ရှေ့သို့လက်ညှိုးထိုးပြသည်။
"အရှေ့ပင်လယ်က ခိုးလာတဲ့ ပင်လယ်ရေနဲ့ ပင်လယ်မျိုးနွယ်တွေက ဟိုရှေ့မှာပါ"
**********************************