← Chapters

ပင်လယ်မျိုးနွယ်နှင့် ရေခဲနယ်မြေ

Vol. 36 Ch. 534

ပင်လယ်မျိုးနွယ်နှင့် ရေခဲနယ်မြေ

Vol. 36 Ch. 534

ပင်လယ်မျိုးနွယ်သည်လည်း နတ်ဆိုးမျိုးနွယ်ပင်ဖြစ်သည်။ ပင်လယ်တွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့သည့် နတ်ဆိုးမျိုးနွယ်များဖြစ်သည်။

နဂါးမျိုးနွယ်ကို ဥပမာကြည့်နိုင်သည်။ တောင်ပိုင်းနတ်ဆိုးနယ်မြေမှ နဂါးမျိုးနွယ်နှင့် အရှေ့ပင်လယ်မှ နဂါးမျိုးနွယ်ဟူ၍ ရှိသည်။ အရှေ့ပင်လယ်မှ နဂါးမျိုးနွယ်သည် ပင်လယ်မျိုးနွယ်တွင် အကျုံးဝင်သည်။

ရေစွမ်းအင်ကြောပင်လယ်သို့ ရောက်သည်နှင့် သူတို့ခြောက်ယောက်၏မြင်ကွင်း ရုတ်တရက် အမှောင်ကျသွားသည်။ ဘာကိုမှ ရှင်းရှင်းလင်းလင်းမမြင်ရတော့။

အရိပ်တစ်ခု တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားသည်။ ထိုအရိပ်၏သရုပ်မှန်ကို မြင်လိုက်ရသည်။

"အဲဒါ ဝေလငါးပဲ။ အရှေ့ပင်လယ်မှာပဲရှိတဲ့ သတ္တဝါပေါ့။ အသိဉာဏ်မဖွံ့ဖြိုးသေးဘူး"

ထို့နောက်တွင် လူခန္ဓာနှင့် ငါးအမြီးရှိသည့် သက်ရှိအုပ်စုတစ်ခုကို မြင်ရသည်။ အားလုံး မိန်းကလေးများဖြစ်သည်။ ရုပ်ရည်နှင့်ခန္ဓာကိုယ် လှပသည်။ အရေးကြီးသည့်နေရာများကို ကြေးခွံတို့ဖြင့် ဖုံးထားသည်။ မျက်လုံးများက အပြာရောင်သန်းနေသည်။

"ဒါက ငါးလူသားမျိုးနွယ်ပါ။ ရေလူသားမျိုးနွယ်လို့လည်းခေါ်တဘ်။ ရှေးခေတ်လူသားနဲ့ မဟာငါးနတ်ဆိုးတွေ ပေါင်းစပ်ရာကနေ အသွင်ပြောင်းလာတယ်လို့ ယူဆကြတယ်။ ရေသူမတွေက မကြာခဏ အဖွဲ့လိုက်ထွက်ပြီး အမဲလိုက်တယ်။ ရေသူထီးတွေက အိမ်မှုကိစ္စလုပ်ရတယ်"

ရုတ်တရက် နောက်ထပ်ရေသူမတစ်ယောက် အမြီးကိုလှုပ်ခတ်လျက် ဖြတ်သန်းသွားသည်။ သူ့ရုပ်ရည်သွင်ပြင်က ခုနကတွေ့ခဲ့သည့် ငါးလူသားများထက် ပိုထူးခြားသည်။ ထိုရေသူမက သူတို့ကို တစ်ချက်လှည့်ကြည့်ပြီးနောက် ဆက်လက်ကူးခတ်သွားသ်ည။

"အဲဒါ တစ်ကိုယ်တော်ရေသူမလား။ သူ့မျိုးနွယ်တွေက ဝိုင်းကြဉ်ထားကြတာလား"

"မဟုတ်ဘူး။ အဲဒါ ကျုပ်ရဲ့ ရေဝိညာဉ်မြစ်ပိုင်ရှင် ဂိုဏ်းတူအမထန်ဖူလင်ပါ။ သူက ရေဝိညာဉ်မြစ်ကနေ ပင်လယ်ရေ(ဆားငံရေ) ထုတ်နိုင်မယ့်နည်းလမ်းကို လေ့လာနေတာ။

သူ့ကိုယ်သူ မကြာခဏ ပင်လယ်မျိုးနွယ်အယောင်ဆောင်ထားတတ်တယ်"

လုယန် ပို၍စိတ်ဝင်စားလာသည်။

"ရေဝိညာဉ်မြစ်ကနေ ဆားငံရေထုတ်ဖို့က အတော်ခက်သလား"

"ခက်တာပေါ့။ ရေဝိညာဉ်မြစ်တွေက ‌ရေပဲထုတ်နိုင်တာလေ။ ဆားဓာတ်ဘယ်လိုထုတ်နိုင်မှာလဲ"

အမှန်တကယ်ပင် ခက်ခဲသည်ဟု လုယန်ခံစားရသည်။

"ဒါပေမယ့် မဟုတ်သေးပါဘူး။ ဒါကိုလေ့လာပြီး ဘယ်နေရာသွားသုံးမှာလဲ"

ပိုင်မင်က မလုံမလဲအမူအရာဖြင့်

"ဂိုဏ်းတွင်းအရှုပ်တော်ပုံတွေကို တစ်ခြားလူတွေရှေ့မှာ မပြောသင့်ပါဘူး။ ကျုပ်ပြောမယ်စကားကို အပြင်မှာ ထပ်မဖြန့်ကြပါနဲ့။ ရုံးတော်ထိ သတင်းရောက်သွားမှာစိုးလို့ပါ"

"စိတ်ချပါ။ ကျုပ်တို့က နှုတ်လုံပါတယ်"

မုန်ကျင်းကျိုး အာမခံလိုက်သည်။ တကယ်အမှန်အတိုင်းပြောခြင်းဖြစ်သည်။ ကောင်းကင်ရုံးတော်ဂိုဏ်း၏ သခင်လေးနှင့် သူတော်စင်လေးယောက်ဟူသည့် သူတို့သရုပ်မှန်သည် အခုထိမပေါက်ကြားခဲ့။ သူတို့နှုတ်လုံကြောင်း သက်သေပင်ဖြစ်သည်။

ထို့ပြင် သူတို့သရုပ်မှန်ပေါ်သွားလျှင် ကျလာနိုင်သည့်အန္တရာယ်ကို စိုးရိမ်သောကြောင့်လည်းဖြစ်သည်။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းသည့်သဘောဖြစ်သည်။

"အမထန်က ငွေမက်တယ်။ အခွန်လွတ်ဆားရောင်းတဲ့လုပ်ငန်းက အမြတ်အစွန်းမြန်မြန်ရတယ်ကြားလို့ အဲဒီ့လုပ်ငန်းလုပ်ဖို့ သူကြိုတင်ပြင်ဆင်နေတာပါ"

မုန်ကျင်းကျိုး "..."

ရုံးတော်သို့ သတင်းမပေါက်စေလိုသည်မှာ မဆန်းတော့။

"ဒီလောက်ပင်လယ်ရေတွေအများကြီးရှိတာပဲ။ ပင်လယ်ရေကို ခမ်းခြောက်အောင်လုပ်ပြီး ဆားထုတ်လုပ်တာက ပိုမလွယ်လောက်ဘူးလား"

"အမထန်ကပြောတယ်။ သူ့လုပ်ရပ်အတွက် သူတာဝန်ယူရမယ်တဲ့။ ပင်လယ်ရေကို ဆားချက်ပြီးရောင်းရင် ရုံးတော်က ကျုပ်တို့ဂိုဏ်းကို ခြေရာခံပြီးလိုက်လာနိုင်ခြေများတယ်လို့ ပြောတယ်"

"အမလေး‌ဗျာ...သူတကယ်စေ့စေ့စပ်စပ်တွေးထားတာပဲ"

လီဟော်ရန် တအံ့တဩရေရွတ်လိုက်သည်။ ထိုအမထန်သည် အခြေအနေကို အဘက်ဘက်မှခြုံငုံစဉ်းစားထားသည်။ ချင်ဟော်ရန်လောက်နီးပါး စေ့စပ်သေချာသည်။

"အဲဒါက လိပ်မျိုးနွယ်...ဟိုဟာက ငါးမန်းမျိုးနယ်...ပြီးတော့ ဟိုဘက်က ကမာမျိုးနွယ်ပါ"

ရေမျိုးနွယ်များကို ပိုင်မင်တစ်ခုချင်း မိတ်ဆက်ပေသည်။ ဓာတ်ငါးမျိုးဂိုဏ်း၏ဧည့်သည်များကို မြင်သည်နှင့် ရေသတ္တဝါများအားလုံး ခေါင်းငြိမ့်နှုတ်ဆက်ကြသည်။

လိပ်မျိုးနွယ်များက ကျောကုန်းတွင် ထူထဲသည့်လိပ်ခွံများပါသည်။ ငါးမန်းမျိုးနွယ်က မျက်နှာတွင်ကြေးခွံများရှိသည်။ ကမာမျိုးနွယ်ဝင်များက သီချင်းဆိုနေကြသည်။

"နဂါးမျိုးနွယ်လို ခွန်ဖုန်လို ထိပ်တန်းမျိုးနွယ်တွေ ကျုပ်တို့ဂိုဏ်းမှာ လာမနေချင်ကြတာ ဆိုးတာပဲ။ သူတို့က အရှေ့ပင်လယ်ကနေ မခွာချင်ကြဘူး။ သူတို့ဒီကိုလာလည်ရင်တောင် ကြည့်ရုံပဲကြည့်ပြီး တန်းပြန်သွားကြမှာ"

ပိုင်မင် နည်းနည်းစိတ်ပျက်နေသည်။ နဂါးမျိးနွယ်နှင့်ခွန်ဖုန်မျိုးနွယ်တို့ကို သူတစ်ခါမှ တွေ့ခွင့်မရခဲ့။

"အရင်က ခွန်ဖုန်မျိုးနွယ်တွေ ငါ့ဆီမှာ အကူအညီလာတောင်းဖူးတယ်"

နတ်မယ်က ပြောသည်။ ခွန်ဖုန်မျိုးနွယ်နှင့် သူရင်းနှီးသည်။ မျိုးနွယ်အကြီးအကဲများက သူ့ကိုအလွန်လေးစားကြသည်။

"ဘာအတွက် အကူအညီတောင်းတာလဲ"

သူတို့အသက်ကို ချမ်းသာပေးဖို့လား...ဒါမှမဟုတ် သူတို့ကိုဟင်းချက်တဲ့အခါ အရသာပိုကောင်းအောင် ချက်ပေးဖို့ ခင်ဗျားကို အကူအညီတောင်းကြတာလား...

"လူတွေပြောတဲ့ ခွန်ဖုန်မျိုးနွယ်အကြောင်း နင်ကြားဖူးလား။ 'မြောက်ပင်လယ်မှာ ငါးတစ်ကောင်ရှိတယ်။ သူ့နာမည်က 'ခွန်'တဲ့။ ခွန်က အရမ်းကြီးတယ်။ ခန္ဓာကိုယ်က မိုင်ထောင်ချီရှိတယ်။ သူက 'ဖုန်'လို့ခေါ်တဲ့ ငှက်တစ်ကောင်အဖြစ် ပြောင်းသွားတယ်။ ဖုန်ရဲ့ကျောပြင်ဟာ မိုင်ထောင်ချီရှိတယ်'တဲ့"

ကြယ်ကမ္ဘာများ ဂြိုလ်များ ရှိသေးသည့် ရှေးဟောင်းခေတ်တွင် ခွန်ဖုန်မျိုးနွယ်သည် မြောက်ပင်လယ်ဟုခေါ်သည့် ဂြိုလ်တစ်ခုတွင် နေထိုင်ခဲ့သည်။

"ကြားဖူးပါတယ်။ ဘာလို့လဲ"

"အဲဒီတုန်းက ခွန်ဖုန်အကြီးအကဲတွေ ငါ့ဆီလာတယ်။ အတိုင်းအတာတွေ တစ်ပြေးညီစံသတ်မှတ်ချက်မရှိတော့ မျိုးနွယ်ကွဲတွေကြားမှာ အတိုင်းအတာစံနှုန်းကွဲလွဲချက်တွေ ရှိနေတယ်လို့ပြောတယ်။

အထူးသဖြင့် 'တစ်မိုင်'၊ 'တစ်မီတာ'လို သတ်မှတ်ချက်မျိုးပေါ့။ သူတို့ခွန်ဖုန်မျိုးနွယ်အကြောင်း ပြောတဲ့တဲ့အခါမှာ နားလည်မှုလွဲမှားစရာတွေ ဖြစ်လာတယ်။ သူတို့ကိုယ်သူတို့ ဘယ်လောက်ရှည်မှန်း အတိမကျမပြောနိုင်ဘူးလေ။

ခွန်ဖုန်အကြီးအကဲက ငါတိုမသေမျိုးငါးယောက်ကို အတိုင်းအတာစံနှုန်းတွေ သတ်မှတ်ပေးဖို့ တောင်းဆိုတယ်။ အဲဒီအချိန်မှာ ငါတို့ကလည်း ဒီလိုလုပ်ဖို့စိတ်ကူးရှိနေတာနဲ့ သူ့တောင်းဆိုချက်ကို လက်ခံလိုက်တယ်"

လုယန် "..."

"နည်းနည်းအေးလာသလိုပဲနော်"

အတော်ကြာအောင် ရေကူးလာကြပြီးနောက် ထောင်ယော်ယဲ့ကပြောသည်။

ရွှေသန္ဓေအဆင့်ကျင့်ကြံသူများအပေါ် ရာသီဥတုပူခြင်းအေးခြင်းသည် မသက်ရောက်။ သို့သော် ပတ်ဝန်းကျင်၏အပူချိန်ကို အာရုံခံနိုင်ကြသည်။

"ကျုပ်တို့ ရေခဲနယ်မြေနဲ့ နီးလာပြီလေ။ အဲဒီ့နယ်မြေကို ရေဓာတ်ဂိုဏ်းခွဲ ပထမမျိုးဆက်အကြီးအကဲက မှော်စက်ဝန်းပညာသုံးပြီး တည်ဆောက်ခဲ့တာ။

နောက်မျိုးဆက်အကြီးအကဲတွေကလည်း လိုအပ်သလို ထပ်ဖြည့်ခဲ့တော့ နယ်မြေကပိုကျယ်လာတယ်။ ရေခဲသားက ပိုထူလာတယ်။ ပုံမှန်ရက်တွေဆို ဒီနေရာကို ဂိုဏ်းဝင်တွေသိပ်မလာကြဘူး။ ခင်ဗျားတို့ သွားကြည့်ချင်လား"

ရေခဲဓာတ်သဘာဝနှင့်ပတ်သက်သည့် ကျင့်စဉ်ပညာများ မှော်ပညာများကို ရေဓာတ်ပညာ၏ မျိုးကွဲတစ်ခုအဖြစ် သတ်မှတ်ကြသည်။ ရေခဲဝိညာဉ်မြစ်ဟုခေါ်သည့် ရေဝိညာဉ်မြစ်မျိုးကွဲတစ်ခုလည်း ရှိသည်။ ထို့ကြောင့် ရေဝိညာဉ်မြစ်ကျင့်ကြံသူများအတွက် ရေခဲနယ်မြေတစ်ခုလည်း ရှိဖို့လိုသည်။

သူတို့စကားပြောနေစဉ်မှာပင် ကြီးမားသည့် ရေခဲတောင်တစ်ခု သူတို့ဆီ ဖြေးညှင်းစွာ ရွေလျားလာသည်။ ရေခဲတောင်ရှေ့မှ ဝေလငါးသည် ရေခဲတောင်နှင့်ယှဉ်လျှင် ပရွက်ဆိတ်လောက်သာထင်ရသည်။ ရေခဲတောင်၏ ဆယ်ပုံတစ်ပုံသာ ရေမျက်နှာပြင်ပေါ်တွင် ပေါ်ထွက်နေသည်။

"ရှားပါးအခွင့်အရေးပဲလေ။ သွားကြည့်ကြတာပေါ့"

မုန်ကျင်းကျိုးက ပြုံး၍ပြောသည်။ ပြီးခဲ့သည့်တစ်ခေါက် ဓာတ်ငါးမျိုးဂိုဏ်းသို့ သူလာစဉ်က မှော်ပညသင်ဖို့သာ စိတ်နှစ်ထားခဲ့သဖြင့် ဓာတ်ငါးမျိုးနယ်မြေများသို့ လည်ပတ်ချိန်မရခဲ့။

ရှားနိုင်ငံမြောက်ဘက်တွင် မြောက်ပိုင်းအေးခဲနယ်မြေဟုသိကြသည့် ဒေသတစ်ခုရှိသည်။ ထိုနေရာသို့ စွန့်စာသွားလာဖူးသူ အတော်နည်းပါးသည်။

မြောက်ပိုင်းအေးခဲနယ်မြေတွင် သက်ရှိသတ္တဝါနည်းပါးသည်။ ကျင့်စဉ်အထောက်အပံ့ နည်းပါးသည်။ ရေခဲမှလွဲလျှင် ဘာမှမရှိဟု ဆိုရမည်။ သွားလည်ဖို့ ထိုက်တန်သည့်နေရာမဟုတ်။

ရေခဲနယ်မြေအတွင်းပိုင်းသို့ ဝင်လာချိန်တွင် အအေးဓာတ်က ပိုပြင်းထန်လာသည်။ ထိုအခြေအနေမျိုးတွင် ရွှေသန္ဓေအဆင့်များလည်း ကိုယ့်ကိုယ်ကို မကာကွယ်နိုင်တော့။ ကြမ်းတမ်းသည့်အအေးဓာတ်ကို စတင်ခံစားလာရသည်။ ဝိညာဉ်စွမ်းအင်လည်ပတ်မှု ပုံမှန်ထက် သုံးလေးဆ နှေးကွေးသွားသည်။

သို့သော် လမ်းတလျှောက် တားဆီးသူမရှိသဖြင့် အားလုံး ဆက်လက်ကူးခတ်လာသည်။

"တော်ကြစို့၊ ဒီမှာပဲရပ်ရအောင်"

ပိုင်မင် အအေးဒဏ်ကို နောက်ထပ်တင်းမခံနိုင်တော့။ သူ့သွားများ တဂစ်ဂစ်အသံမြည်နေသည်။

အားလုံး သက်ပြင်းချလိုက်သည်။ သူတို့အားလုံးအခက်ကြုံနေခြင်းဖြစ်သည်။ ပိုင်မင်က ရပ်ဖို့စပြောသဖြင့် စိတ်သက်သာရာရသွားသည်။

"ရေခဲနယ်မြေကို ပထမမျိုးဆက် ရေစွမ်းအင်အကြီးအကဲက တည်ဆောက်ခဲ့တာဆိုတော့ ဒီရေခဲတွေဟာ နှစ်သောင်းချီသိန်းချီ သက်တမ်းရှိခဲ့တဲ့သဘောလား"

အရိုးရိုင်း စပ်စုလိုက်သည်။ သူ့မျက်လုံးများ အရောင်တောက်နေသည်။ အပူချိန်မြင့်သည့် အလယ်ပိုင်းတိုက်နယ်၏ အနောက်ဘက်ခြမ်းတွင် နေထိုင်ခဲ့သူဖြစ်၍ ထိုမျှများပြားသည့်ရေခဲများကို သူတစ်ခါမှမမြင်ဖူး။

"ဟုတ်တယ်။ ဒီနေရာမှာဖြည့်ထားတဲ့ ရေခဲတွေဟာ နှစ်တစ်သောင်းကနေ နှစ်တစ်သိန်းကြား သက်တမ်းရှိတယ်။ ဒါပေမယ့် ဘာမှအသုံးမဝင်ပါဘူး"

"အသုံးမဝင်ဘူး...ဟုတ်လား။ နှစ်တစ်သောင်းရေခဲဟာ အရမ်းအဖိုးတန်တယ်လို့ ကျုပ်ကြားဖူးပါတယ်"

ပိုင်မင်က လက်ခါ၍ ရှင်းပြသည်။

"အဲဒါက ပွဲစားတွေ ဈေးမြှင့်ရောင်းချင်လို့ တမင်အကြောင်ရိုက်ကြတာပါ။ ဒီလိုရေခဲမျိုးကို တကယ့်အဖိုးတန်ရတနာလို့ ထင်အောင်လုပ်တာ။ ပြီးတော့ နှစ်တစ်သောင်းရေခဲမှာ သမိုင်းဝင်အထောက်အထားပါတယ်ဆိုတာမျိုး၊ နှစ်တစ်သောင်းအအေးဓာတ်ပါတယ်ဆိုတာမျိုး၊ ကျင့်ကြံမှုကို အထောက်အကူပြုတယ်ဆိုတာမျိုး ပြောကြတယ်။

သက်တမ်းရင့်လေ ပိုတန်ဖိုးရှိလေလို့ ထင်အောင်လုပ်ကြတယ်။ အဲလိုသာဆိုရင် ကျုပ်တို့ရှူနေတဲ့ ဝိညာဉ်စွမ်းအင်တွေ ဘာလို့မရောင်းကြတာလဲ။ အဲဒီ့စွမ်းအင်တွေရှိနေတာ နှစ်ပေါင်းသန်းချီနေပြီပဲမဟုတ်လား။

ဒီရေတွေ၊ ဒီကျောက်တုံးတွေရဲ့ သက်တမ်းကလည်း နှစ်တစ်သိန်းအောက် မလျော့နိုင်ပါဘူး"

ပိုင်မင်၏သုံးသပ်ချက်ကို လုယန် ခေါင်းငြိမ့်ထောက်ခံနေသည်။ ထို့နောက် အသံတိတ်အတွေးနစ်နေသည့် မုန်ကျင်းကျိုးကို အမှတ်မထင် သူသတိထားမိသွားသည်။

"လောင်မုန်၊ ဘာဖြစ်တာလဲ။ ပုံမှန်ဆို ဒီလိုအကြောင်းမျိုး စကားစပ်မိရင် မင်းဝင်ပြောနေကျပါ"

မုန်ကျင်းကျိုးက သိစိတ်အာရုံမှ လှမ်းပြောသည်။

"တိတ်တိတ်နေစမ်းပါကွာ။ နှစ်တစ်သောင်းရေခဲကို ဈေးမြှင့်ရောင်းခဲ့တာ ငါတို့မုန်မိသားစုလေ"

**************************************

All Chapters