အချိန်ရပ်တန့်ခြင်း
Vol. 36 Ch. 535
လုယန် မုန်ကျင်းကျိုးကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေသည်။
"မင်းတို့မုန်မိသားစုက ငွေရှာတဲ့နည်းလမ်းတွေ အများကြီးရှိတာပဲ"
"မင်းငါ့ကိုဘာလို့ အဲလိုကြည့်နေတာလဲ။ နှစ်တစ်ထောင်ရေခဲကို အကြောင်ရိုက်ပြီးရောင်းခဲ့တာ ငါမှမဟုတ်တာ။ မုန်မိသားစုလေ။ လွန်ခဲ့တဲ့ နှစ်သောင်းချီက မုန်မိသားစုပါ"
နာမည်ကောင်းယူရမည့်အချိန်ရောက်လျှင် မုန်ကျင်းကျိုးသည် 'ငါတို့မုန်မိသားစု'ဟု အမြဲပြောသည်။ သို့သော် နာမည်ပျက်မည့်ကိစ္စကြုံလျှင် သူ့မိသားစုနှင့် စည်းခြားလိုက်သည်။
မုန်မိသားစုက သက်တမ်းရင့်ရေခဲများကို မသမာနည်းဖြင့် ဈေးတင်ရောင်းခဲ့သည်ဆိုသော်လည်း သာမန်ရေခဲများကိုသာ ဆိုလိုပါသည်။ ရေခဲခြင်ဆီနှင့် ရေခဲသေန္ဓလိုအရာများကတော့ သက်တမ်းရင့်လေ ပိုအသုံးဝင်လေဖြစ်သည်။
ဥပမာ ဂူအောင်းအိပ်စက်သည့် ရှေးဟောင်းကျင့်ကြံသူများသည့် သူတို့ခန္ဓာကိုယ်ကို နှစ်တစ်သောင်းရေခဲခြင်ဆီဖြင့် အေးခဲထားလေ့ရှိသည်။ ယခု နိုးထလာမှသာ သူတို့ဘာသာ မဟာရှားထောင်ချောက်ထဲသို့ တိုးဝင်ကြခြင်းဖြစ်သည်။
တစ်ချို့က သိပ်ကံမကောင်း။ သက်တမ်းသိပ်မရင့်သည့် ရေခဲခြင်ဆီ သို့မဟုတ် ရေခဲခြင်ဆီအတုကိုသုံးမိ၍ တစ်ဝက်တစ်ပျက်သာ အေးခဲထားနိုင်ပြီး အချိန်မတန်မီ နိုးထလာကြရသည်။ လုယန်ကြုံခဲ့သည့် အရပ်သားမြို့မှ စုစည်းခြင်းအဆင့် ရှေးဟောင်းကျင့်ကြံသူများသည် ထိုအခြေအနေမျိုးဖြစ်သည်။
"ဘာလို့ နှစ်တစ်သောင်း ရေခဲခြင်ဆီကို သုံးနေမှာလဲ။ ငါ့အမြင်အရတော့ ထာဝရမသေမျိုးသစ်သီးတစ်လုံးဆိုရင် သူတို့အတွက် ကမ္ဘာပျက်တဲ့ထိ ဂူအောင်းအိပ်စက်ဖို့ လုံလောက်တယ်။ အချိန်မတန်ခင် လုံးဝမနိုးစေရဘူး"
နတ်မယ်ကပြောသည်။
"ဒါပေမယ့် ခင်ဗျားရဲ့ မသေမျိုးသစ်သီးက လူသေတွေအလောင်းတွေအတွက် သုံးတာမဟုတ်လား။ အလောင်းမပုပ်သိုးအောင်လို့လေ"
လုယန် ပြန်မေးသည်။
"သဘောတရားက အတူတူပါပဲ။ ရေခဲခြင်ဆီနဲ့ ကိုယ့်ကိုယ်ကို အေးခဲတာက သေတာနဲ့ သိပ်မကွာဘူး။ သက်တမ်းအကန့်အသတ်ပြဿနာမျိုးမရှိဘဲ သူတို့ဘာလို့ အခုချိန်ထိ အိပ်နေနိုင်တယ်ထင်လဲ။ အေးခဲထားတဲ့အချိန်မှာ သက်တမ်းဆွဲဆန့်ထားတဲ့အခြေအနေကို ရောက်နေလို့ပဲလေ။
အဲ...သက်တမ်းဆွဲဆန့်တာလို့ပြောရင် သိပ်မမှန်သေးဘူး။ အချိန်ကိုရပ်ထားတာမျိုးပေါ့"
"အချိန်ရပ်ထားတယ်...ဟုတ်လား"
လုယန် နားမလည်။
နတ်မယ် အလေးအနက်ခေါင်းငြိမ့်သည်။ ထိုစဉ် ထူးဆန်းသည့်ကိစ္စများ လုယန်ကို သိပ်မပြောရဟူသည့် ယွမ်ကျိ၏သတိပေးစကားကို သူပြန်သတိရလာသည်။
သို့သော် ရှေးဟောင်းခေတ်တွင် အပူပင်ကင်းစွာ နေနိုင်ခဲ့သည့် သူ့ဘဝကို ပြန်တွေးမိပြီး ဝင့်ကြွားစွာပြုံးလိုက်သည်။
ဤရှောင်ယွမ်သည် ကိုယ့်ကိုယ်ကို ဘာထင်နေသည်မသိ။ သူ့လိုမသေမျိုးတစ်ယောက်အနေဖြင့် အရေးစိုက်စရာအကြောင်းမရှိ။
ပြောမည်။
"ငါနင့်ကိုပြောမယ့် အကြောင်းအရာတွေက ထိပ်တန်းလျှို့ဝှက်ချက်တွေပါ။ ရှောင်ယွမ်ကို ဒီအကြောင်းတွေပြန်မပြောနဲ့"
မည်မျှဉာဏ်နည်းသည်ဖြစ်စေ နှစ်ဦးနှစ်ဘက် လိုအပ်ချက်ကိုက်ညီအောင် နတ်မယ် အစီအစဉ်တစ်ခုချသည်။
"နတ်မယ်၊ ခင်ဗျားဘာပြောပြော ကျုပ်က နှုတ်လုံပါတယ်။ ကျုပ်ကိုယုံပါ"
ပါးစပ်ကိုလက်ဖြင့်ပုတ်ပြ၍ လုယန် ကတိပေးသည်။
ယွမ်ကျိသတိပေးချက်ကို လုယန်မှတ်မိသော်လည်း ထိုအကြောင်းများ နတ်မယ်စပြောသည်နှင့် သိလိုစိတ်က သူ့ကိုအနိုင်ယူသွားသည်။
သို့သော် ရှေးဟောင်းခေတ်မှ ရှက်စရာသမိုင်းကြောင်းများဆိုလျှင်တော့ သူသိပ်စိတ်ဝင်စားမည်မဟုတ်။
ထာဝရမျိုးဆက် ပထမခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ အကြည့်ချင်းဖလှယ်၍ အထာပေါက်ဟန်ဖြင့် ပြုံးလိုက်ကြသည်။ ပြီးခဲ့သည့်ရက်ပိုင်းက သူတို့ငြင်းခုံခဲ့သည့်အဖြစ်ကို မေ့သွားသည်။
"ကောင်းကင်မျက်လုံးကျင့်စဉ်ကို ကျင့်ကြံလို့ ထူးခြားတဲ့အာရုံမျိုး ရလာရင် လောကကြီးထဲက အရာအားလုံး ရွေ့လျားနေတာကို နင်မြင်လာလိမ့်မယ်။ လူဖြစ်ဖြစ်၊ ဝတ္ထုပစ္စည်းဖြစ်ဖြစ်၊ မြူမှုန့်ဖြစ်ဖြစ် အသေးဆုံးအမှုန်အမွှားလေးတွေကစလို ကောင်းကင်မျက်လုံးနဲ့ ကြည့်လို့ရတယ်"
အားလုံးက ရွေ့လျားနေတယ်။ ကိုးဆမသေမျိုးက ယင်ယန်အရိယဖလပိုင်တယ်။ အပူချိန်ကို အဆုံးစွန်ထိ ထိန်းချုပ်နိုင်တယ်။ လှုပ်ရှားမှုတွေ ပုံသေမဟုတ်တာကို သူတွေ့ခဲ့တယ်။ အပူချိန်ကို အကန့်သတ်တစ်ခုထိ လျှော့ချလိုက်ရင် အသေးငယ်ဆုံးအမှုန်လေးတစ်ခုတောင် ရပ်တန့်သွားတယ်။ လုံးဝမလှုပ်နိုင်တော့ဘူး။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အချိန်မသေမျိုးကို သူမေးမြန်းခဲ့တယ်။ အချိန်မသေမျိုးက လေ့လာဆန်းစစ်ပြီး အတည်ပြုခဲ့တယ်။ ကိုးဆမသေမျိုးအနေနဲ့ အဆုံးစွန်အေးခဲမှုကိုသုံးလိုက်ရင် အချိန်ကိုရပ်တန့်နိုင်တယ်တဲ့"
"နေပါဦး။ အချိန်မသေမျိုးလည်း အချိန်ကို ရပ်နိုင်တယ်ပေါ့"
"ဒါပေါ့။ အချိန်မသေမျိုးက တစ်လောကလုံးရဲ့အချိန်ကို ရပ်တန့်ပစ်နိုင်တယ်။ ဒီအပိုင်းမှာ သူ့လုပ်နိုင်တဲ့အတိုင်းအတာက ကိုးဆမသေမျိုးထက်ပိုကျယ်ပြန့်တယ်။
နောက်တော့ အရမ်းမြင့်တဲ့အပူချိန်အောက်မှာ အသေးငယ်ဆုံးအမှုန်တွေရဲ့ လှုပ်ရှားမှုနှုန်း တိုးလာတာကိုလည်း ကိုးဆမသေမျိုးက လေ့လာတွေ့ရှိခဲ့တယ်။
ဒီတော့ အပူချိန်ကို အဆုံးထိသူမြှင့်တင်လိုက်တယ်။ နေအပူချိန်ထက် ပိုပြင်းထန်တဲ့အတိုင်းအတာပေါ့။
အဆုံးစွန်အပူချိန်အောက်မှာ အသေးငယ်ဆုံးအမှုန်တွေရဲ့ ရွေ့လျားနှုန်းဟာ အမြင့်ဆုံးအကန့်အသတ်ဖြစ်တဲ့ အလင်းအမြန်နှုန်းကို ရောက်သွားတယ်။ အဲဒါ အချိန်အရိယဖလရဲ့ နယ်ပယ်ပဲ(**)"
(**အချိန်ကိုထိန်းချုပ်နိုင်သည့် အတိုင်းအတာသို့ ရောက်သွားခြင်းကိုဆိုလိုသည်)
လုယန် စဉ်းစားသုံးသပ်နေသည်။ ယနေ့ သူဗဟုသုတများစွာ တိုးလာသည်ဟု ခံစားရသည်။
"ဒါဆိုရင်...ဘယ်လိုအရိယဖလပဲဖြစ်ဖြစ် နောက်ဆုံးကျရင် လမ်းကြောင်းတစ်ခုတည်းကိုပဲ ရောက်သွားတယ်လို့ ခင်ဗျားပြောချင်တာလား နတ်မယ်"
အချိန်အရိယဖလမဟုတ်သော်လည်း ယင်ယန်အရိယဖလဖြင့် နောက်ဆုံးတွင် အချိန်ကို ထိန်းချုပ်နိုင်သည့်အဆင့်သို့ ရောက်သွားသည်။
နတ်မယ် လုယန်ကို အတော်ကြာအောင်စိုက်ကြည့်နေသည်။ နှစ်တစ်သောင်းရေခဲခြင်ဆီအကြောင်း စကားစပ်မိရာမှ အတိတ်ကအဖြစ်ကို ပြန်သတိရလာ၍ သူပြောပြနေခြင်းသာဖြစ်သည်။ ထိုမျှနက်နက်ရှိုင်းရှိုင်း သူမတွေးမိခဲ့။
"ဟုတ်တယ်၊ ငါပြောနေတာ အဲဒါပဲလေ။ နင်ဒီလို ကိုယ်ဘာသာထိုးထွင်းနားလည်နိုင်မယ်လို့ ထင်မထားဘူး"
စကားပြောနေရင်းမှာပင် ရွေစွမ်းအင်ကြောသို့ သူတို့ရောက်လာသည်။
ရွှေစွမ်းအင်နယ်မြေပေါ် ခြေချလိုက်သည်နှင့် အရေပြားပေါ်တွင် အနည်းငယ်ထုံကျင်လာသလို ခံစားကြရသည်။ သူတို့ရွှေသန္ဓေများက ဝိညာဉ်စွမ်းအင်လွှာတစ်ခုဖြင့် သူတို့ခန္ဓာကိုယ်ကို အလိုလိုကာကွယ်ပေးသည်။ ထုံကျင်မှုများ ပျောက်ကွယ်သွားသည်။
"ဒါက ရွှေ(သတ္တု)စွမ်းအင်ကြောရဲ့ ထူးခြားတဲ့ သတ္တုချီအစွမ်းပါ။ ရွှေဓာတ်ဂိုဏ်းခွဲခေါင်းဆောင် အကြီးအကဲထုန်ပြောတာတော ဒီရွှေစွမ်းအင်ကြောဟာ အဖိုးဖြတ်မရတဲ့ ဝိညာဉ်ကျောက်ကြောတွေနဲ့ ဖွဲ့စည်းထားတာတဲ့။
ဝိညာဉ်ကျောက်တွေက တစ်ခြားသတ္တုရိုင်းတွေနဲ့ သူတို့နဲ့အတူမရှိအောင် ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိရှိတယ်။ ဝိညာဉ်ကျောက်အချင်းချင်း ပွတ်တိုက်ရာကနေ သတ္တုချီတွေ ယိုစိမ့်ထွက်တယ်။ အဲလိုနဲ့ ထူးခြားတဲ့ ရွှေ(သတ္တု)စွမး်အင်ကြောတွေ ပေါ်လာတယ်"
ရွှေစွမ်းအင်ကြောမြေသားပေါ်တွင် အပင်များရှင်သန်ဖို့ခက်ခဲသည်။ ရှိနေသည့် ဝိညာဉ်ပင်များသည်ပင် သတ္တုဓာတ် ကြွယ်ဝသည့်အပင်မျိုးစိတ်များဖြစ်သည်။ ဝိညာဉ်ကျောက်နှင့် ရွှေစွမ်းအင်ကြောလွှမ်းမိုးမှုကြောင့် သတ္တုရောင်တောက်ပနေသည်။
သတ္တုချီသိပ်သည်းသည့်နေရာတွင် ပေါက်ရောက်သည့်အပင်များဖြစ်၍ ထိုဝိညာဉ်ပင်များ ဘယ်လောက်မာကျောသည်ကို ပြောစရာပင်မလိုတော့။
လုယန်၏ ဓားဝိညာဉ်မြစ်သည် ရွှေဝိညာဉ်မြစ်၏ မျိုးကွဲတစ်ခုဖြစ်သည်။ ရွှေစွမ်းအင်ကြော၏ လှုပ်ရှားနေသည့်သတ္တုချီကို သူသာအာရုံအခံမိဆုံးဖြစ်သည်။ သတ္တုချီကို သန့်စင်လိုက်လျှင် အခြေခံအကျဆုံး ဓားချီဖြစ်ပေါ်လာသည်။
ဓာတ်ငါးမျိုးဂိုဏ်းတပည့်အတော်များများ ရွှေစွမ်းအင်ကြောပေါ်တွင်ထိုင်နေသည်။ မှော်ရတနာမျိုးစုံ သူတို့ဦးခေါင်းထက်တွင် ပင်လယ်လှိုင်းများကဲ့သို့ နိမ့်လိုက်မြင့်လိုက် ဝဲပျံနေသည်။
တစ်ချို့က မှော်ရတနာများထိန်းချုပ်၍ နှစ်ယောက်တစ်တွဲ ယှဉ်ပြိုင်လေ့ကျင့်နေသည်။ မှော်ရတနာများကို စွမ်းအားမြင့်မှော်စက်ဝန်းများအဖြစ်ပင် ပေါင်းစပ်နိုင်ကြသည်။ သူတို့ဝိညာဉ်အာရုံ ဘယ်လောက်အားကောင်းကြောင်း သက်သေခံနေသည်။
ပိုင်မင်က ခပ်ညှင်းညှင်းရယ်လျက်
"ရွှေစွမ်းအင်ကြောဟာ သတ္တုကိုထိန်းချုပ်နိုင်စွမ်း အကောင်းဆုံးပဲ။ ဓားတွေကို ထိန်းချုပ်တဲ့သဘောမျိုး တွေးကြည့်လို့ရပါတယ်။
သတ္တုထိန်းချုပ်နိုင်စွမ်းအကောင်းဆုံးလူတွေကိုပြောရရင် ရွှေဓာတ်ဌာနခွဲရဲ့ ပထမဆုံးအကြီးအကဲပေါ့။ သူ့ကျင့်စဉ်အဆင့်က အလွန်အဆင့်မြင့်တယ်။ သူ့လှုပ်ရှားမှုမှန်သမျှ လောကသဘာဝနဲ့ တစ်သားတည်းပဲ။
အဲလိုသာမဟုတ်ရင် သူဒီလောက်ဘယ်စွမ်းအားကြီးပါ့မလဲ။ ဂိုဏ်းတည်ထောင်တဲ့အချိန်မှာ စွမ်းအင်ကြောအတော်များများ ဒီနေရာကို သူသယ်လာတယ်။ ဒါကြောင့် ဒီနေ့မြင်နေရတဲ့ ရွှေစွမ်းအင်ကြောကြီးဖြစ်လာတာပါ"
"...ဒါဆို ခင်ဗျားတို့ ရွှေစွမ်းအင်ကြောက တစ်ခြားနေရာကနေ ယူ...အဲ...ခိုးလာတာပေါ့"
"ခိုးတယ်လို့ ပြောလို့မရပါဘူး။ တရားမဝင်တူးဖော်တယ်လို့ ခေါ်ရမှာပါ"
ပိုင်မင်က အမှန်ပြင်ပေးသည်။
"ပြီးတော့ ပထမအကြီးအကဲက ဥပဒေပညာကို လေ့လာခဲ့တယ်။ အဲဒီ့တုန်းက မဟာရှားတည်ထောင်စအချိန်လေ။ ဥပဒေပြုစနစ် ကောင်းကောင်းမတည်ဆောက်ရသေးဘူး။ ဥပဒေမူကြမ်းတောင် အတည်မပြုရသေးဘူး။
အကြီးအကဲက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဂိုဏ်းအတွက်အကျိုးရှိအောင် စွမ်းအင်ကြောတွေ 'ငှား'လာတာပါ"
ဥပဒေမူကြမ်းပင် မရှိသေးသည့်အချိန်ဖြစ်၍ ဤကိစ္စကို ပြစ်မှုဟု သတ်မှတ်မ၍မရ။
လုယန် "..."
"ပထမအကြီးအကဲက ပြောခဲ့တယ်။ ကျင့်ကြံသူတစ်ယောက်ရဲ့ လုပ်ရပ်တွေဟာ လောကနိယာမနဲ့ တစ်သားတည်းဖြစ်ရမယ်တဲ့။ ကျင့်ကြံသူတွေဆိုတာကိုက လောကနိယာမရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတဲ့ သဘောပေါ့။
ဒါကြောင့် ဓာတ်ငါးမျိုးဂိုဏ်းကို စွမ်းအင်ကြောတွေ သူသယ်လာတာဟာ တရားမဝင်တူးဖော်မှုနဲ့ အကျုံးမဝင်ဘူး။ သဘာဝအတိုင်း စွမ်းအင်ကြောတွေ ရွှေ့ပြောင်းတယ်လို့ သတ်မှတ်ရမှာ။ ရွှေ့ပြောင်းတဲ့ဖြစ်စဉ်က သူ့အားထုတ်မှုကြောင်း နည်းနည်းပိုမြန်သွားတာပဲရှိတာ။ ရာဇဝတ်ပြစ်မှုလို့ သတ်မှတ်လို့မရဘူး"
"နောက်တော့ ဘယ်လိုဆက်ဖြစ်လဲ"
"ရုံးတော်က သူ့စကားကို လက်မခံဘူးလေ"
"အဲလောက်တော့ ကျုပ်ခန့်မှန်းမိပါတယ်"
"နောက်တော့ အကြီးအကဲက မုန်မိသားစုဆီကနေ ငွေချေးပြီး ဒီစွမ်းအင်ကြောတွေကို တရားဝင်ဝယ်လိုက်တယ်"
ထို့နောက် ပိုင်မင်က မုန်ကျင်းကျိုးကို တစ်ချက်လှမ်းကြည့်ပြီးနောက် ဆက်ပြောသည်။
"မုန်မိသားစုဆီက ချေးခဲ့တဲ့ငွေကိုလည်း လွန်ခဲ့တဲ့ နှစ်ခြောက်သောင်းကတည်းက အကြေဆပ်ပြီးပါပြီ"
**************************************