မြေစွမ်းအင်ကြော
Vol. 36 Ch. 536
"ငါတို့မုန်မိသားစုက အကူအညီလိုအပ်တဲ့လူတွေကို အမြဲတမ်းကူညီနေကျပါ။ ဒီလိုအသေးအဖွဲကိစ္စအတွက် ကျေးဇူးတင်စရာမလိုပါဘူး"
လွန်ခဲ့သည့်နှစ်တစ်သိန်းကစစ်ပွဲကြီး ပြီးသွားချိန်တွင် ရွှေစီးပွားနယ်မြေအသင်း အစရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။
နိုင်ငံအုပ်ချုပ်ခွင့်အတွက် တိုက်ခိုက်ခဲ့သည့် ဩဇာအကြီးဆုံးမိသားစုနှစ်ခုထဲမှ တစ်ခုဖြစ်သည့် မုန်မိသားစုသည် ထိုစဉ်က အင်ပါယာမိသားစုနှင့်တန်းတူ စွမ်းအားရှိခဲ့သည်။
တော်ဝင်နန်းတော်က မုန်မိသားစုကို ဖိနှိပ်ခြင်းမရှိ။ သူတို့ဩဇာလွှမ်းမိုးမှုကို တားဆီးခြင်းမရှိခဲ့။ မုန်မိသားစုအပေါ် အပြည့်အဝယုံကြည်မှုထားသည်။
"ဒါနဲ့... အကိုတို့မုန်မိသားစုဘိုးဘေးနဲ့ ပထမအင်ပါရှားတို့တိုက်ပွဲက ဘယ်လိုဖြစ်ခဲ့တာလဲ။ အကိုတို့ဘိုးဘေးက ဘယ်လိုရှုံးသွားတာလဲ။ အဲဒီ့တုန်းက သူတို့ကျင့်စဉ်စွမ်းအားက ဘာအဆင့်လဲ"
လီဟော်ရန်က မေးသည်။ ထိုကိစ္စကို အားလုံးက စိတ်ဝင်စားနေကြသည်။
မုန်ကျင်းကျိုး ခေါင်းခါသည်။
"ငါ့ကိုမကြည့်နဲ့။ ငါလည်းမသိဘူး။ ငါ့အဖေနဲ့ ငါ့အဖိုးတောင် ဘာဖြစ်ခဲ့လဲဆိုတာ သေချာမသိကြဘူး။
မင်းသိချင်ရင် အမယွမ်ကို မေးကြည့်သင့်တယ်"
ကျန်သည့်လူများက လက်ခါ၍ ထိုစိတ်ကူးကို ချက်ချင်းငြင်းပယ်ကြသည်။
အမယွမ်ကို ဘယ်သူက လွယ်လွယ်မေးမြန်းရဲမည်နည်း။ ကျင့်ကြံမှုနှင့်ပတ်သက်သည့်မေးခွန်းမျိုးဆိုလျှင် ကိစ္စမရှိ။ စပ်စုသည်မေးခွန်းမျိုးဆိုလျှင်း လာမေးသူကို ကောင်းကင်ဂိတ်တောင်ထိပ်မှ တောင်ခြေသို့ ဆွဲလွှင့်ပစ်ပေလိမ့်မည်။
"ဒီအကြောင်း ကျုပ်နည်းနည်းတော့သိတယ်"
အရိုးရိုင်းက တုံ့ဆိုင်းဆိုင်းလေသံဖြင့်ပြောသည်။
"မင်းသိတယ်ပေါ့"
"ဟုတ်တယ်၊ ကျုပ်တို့အရိုင်းမျိုးနွယ်မှာ ကူးဖြတ်ခြင်းအဆင့်ရောက်ခဲ့တဲ့ ဘိုးဘေးတစ်ယောက်ရှိတယ်။ သူက ပထမရှားအင်ပါယာနဲ့အတူ တိုက်ပွဲဝင်ခဲ့တာ။
မုန်မိသားစုဘိုးဘေးနဲ့ ပထမရှားအင်ပါယာတို့တိုက်ပွဲကို ကိုယ်တွေ့မြင်ခဲ့တယ်။ ကျုပ်ဘိုးဘေးက ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားခဲ့တယ်။
ဒါပေမယ့် ဒီမှတ်တမ်းက တားမြစ်ထားတဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပါ။ ကျုပ်လုံးဝဖတ်ခွင့်မရခဲ့ဘူး။ မျိုးနွယ်ခေါင်းဆောင်ဆီကတစ်ဆင့်ပဲ ကြားခဲ့တာ"
အရိုင်းမျိုးနွယ်၏စွမ်းအားသည် မုန်မိသားစုကို မမီသော်လည်း သမိုင်းအမွေအနှစ်အရကြည့်လျှင် နတ်ဆိုးနယ်မြေမှ မျိုးနွယ်ကြီးတစ်ချို့သာ ယှဉ်နိုင်ပေလိမ့်မည်။
အရိုးရိုင်း ဆက်ပြောသည်။
"အဲဒီတုန်းက တပ်ဖွဲ့အင်အားမှာ မုန်မိသားစုက ပိုအားကောင်းတယ်။ တစ်ယောက်ချင်းတိုက်ခိုက်ရင်လည်း မုန်မိသားစုဘိုးဘေးက နိုင်ခြေပိုများခဲ့တယ။
နှစ်ဘက်လုံးက မလိုအပ်ပဲမထိခိုက်အောင် တပ်ဖွဲ့အင်အားချင်းမတိုက်ခိုက်ခဲ့ကြတာဖြစ်မယ်။ ဒါပေမယ့် ပထမအင်ပါယာရှား ဘာလို့နိုင်သွားလဲဆိုတာ ကျုပ်တို့မျိုးနွယ်ခေါင်းဆောင်လည်း နားမလည်ဘူး။
ဘာပဲပြောပြော နောက်ဆုံးရလာဒ်ကတော့ အင်ပါယာရှား နိုင်သွားတယ်။ တိုက်ခိုက်ရင်းနဲ့ သူတို့နှစ်ယောက်က အနိုင်ရတဲ့လူက ရှုံးတဲ့လူကို အပြစ်မပေးရဘူးဆိုတဲ့ သဘောတူညီချက်ယူခဲ့တယ်။ အကိုမုန်အခြေအနေကိုကြည့်ရင် ဒီသဘောတူညီချက်ကို အခုထိထိန်းသိမ်းထားကြတဲ့သဘောပဲ"
မကြာမီ ပိုင်မင်က သူတို့ငါးယောက်ကို နောက်တစ်နေရာခေါ်သွားပြီး တွင်းနက်ကြီးတစ်ခုထဲသို့ ခုန်ချလိုက်သည်။
"ဒါက မြေစွမ်းအင်ကြောပါ"
မြေစွမ်းအင်ကြောပေါ်တွင် ရပ်နေရသည်မှာ မြေကြီးနှင့်တစ်သားတည်းဖြစ်နေသကဲ့သို့ ခိုင်မာမြဲမြံသည့် ခံစားချက်မျိုးရနေသည်။ မြေစွမ်းအင်ကြော၏မြေသားများကလည်း ထူးခြားပုံရသည်။
"ဒီမြေစွမ်းအင်ကြောက ခုခံကာကွယ်နိုင်စွမ်းကြောင့် နာမည်ကျော်တယ်။ ပြည့်စုံအောင် ကျင့်ကြံနိုင်ရင် မြေပေါ်ကို ခြေချနေသရွေ့ စွမ်းအားတွေအဆက်မပြတ်ရနေလိမ့်မယ်"
"ဒါဆို ငါတို့က ဒီလိုလူတွေကို ကောင်းကင်မှာပဲ တိုက်ခိုက်ရမယ်ဆိုပါတော့"
ပိုင်မင်ခေါင်းခါ၍ သဘောကျစွာရယ်လိုက်သည်။ တန်ပြန်တိုက်ခိုက်နည်းလမ်းက ထိုမျှရိုးရှင်းလွယ်ကူနေလျှင် ဓာတ်ငါးမျိုးဂိုဏ်းတွင် မြေစွမ်းအင်ကြော ဘာကြောင့်ရှိနေမည်နည်း။
ခေါင်းအထက်မှ တွင်းနှုတ်ခမ်းမြေသားကို သူလက်ညှိုးထိုးပြသည်။
"ဒီနေရာက ဘယ်လိုနေရာလဲသိလား"
"မြေတွင်းပဲမဟုတ်လား"
အရိုးရိုင်း နားမလည်ဖြစ်သွားသည်။
"တွင်းအထက်ကို ခုန်တက်ကြည့်ရင် သိပါလိမ့်မယ်"
ပိုင်မင်စကားကြောင့် အားလုံး အထက်သို့ ခုန်ပျံတက်ပြီး မြေတွင်းထဲမှ အလွယ်တကူ ထွက်လာသည်။
လေထဲတွင်ရပ်လျက် အောက်ဘက်မှတွင်းကို ပြန်ငုံ့ကြည့်ချိန်တွင် သူတို့မျက်လုံးပြူးသွားသည်။
ထိုတွင်းသည် ရိုးရိုးမြေတွင်းမဟုတ်။ ခြေရာတစ်ခုဖြစ်သည်။
ဘေးပတ်လည်သို့ လှည့်ကြည့်ကြသည်။ မြေစွမ်းအင်ကြောတစ်ခုလုံး ထိုကဲ့သို့ခြေရာများ ပြည့်နေသည်။
"မြေဓာတ်ကျင့်ကြံသူတွေက ကောင်းကင်မှာ ဘယ်တော့မှမတိုက်ခိုက်ဘူး။ စကြာဝဠာရဲ့ နိယာမတွေကို လိုက်နာကြတယ်။ အရွယ်အစား လိုသလိုပြောင်းလဲနိုင်တယ်။
ရန်သူဆီရောက်ဖို့ပဲ အဓိကထားကြတာလေ။ သူတို့ဘာလို့ကောင်းကင်မှာ ပျံဖို့လိုမှာလဲ"
မြေဓာတ်ကျင့်ကြံသူများ၏နည်းလမ်းက သူ့စိတ်နှင့် တစ်ထပ်တည်းကျသည်ဟု လုယန်တွေးလိုက်သည်။
"ဘေးဖယ်ကြနော်။ ခြေရာဘေးမှာ ရပ်မနေကြနဲ့"
အဝေးမှ စကားသံတစ်ခုပေါ်လာသည်။
ထိုအသံကြားသည်နှင့် ပိုင်မှင် တွင်းထဲမှအမြန်ခုန်ထွက်လိုက်သည်။
သူခုန်ထွက်ပြီးနောက် မြေသားများကြွတက်လာသည်။ မှော်စွမ်းအားကြောင့် မာကျောသည့်မြေသားက 'ပျော့'သွားပြီး 'တွင်း'ထဲတွင် ပြည့်သွားသည်။
"အကိုခုန်၊ ကျုပ်ကိုမြေမြှုပ်သတ်မလို့လား"
ပိုင်မင်က အသံရှင်ကို မကျေမနပ်ပြောသည်။
"အခုမင်းလွတ်သွားတာပဲမဟုတ်လားကွာ"
အသံရှင်ပေါ်လာသည်။ အရပ်နှစ်မီတာခန့်မြင့်သည့် ဗလတောင့်တောင့်လူတစ်ယောက်ဖြစ်သည်။
"ဒီငါးယောက်က ဘယ်သူတွေလဲ'
အကိုခုန် လုယန်တို့ကို သတိထားမိသွားသည်။
"တာအိုလမ်းစဉ်ဂိုဏ်းက ဧည့်သည်တွေပါ။
...ဒါက အကိုခုန်လင်ပါ။ မြေဓာတ်ဂိုဏ်းခွဲရဲ့ အကြီးဆုံးဂိုဏ်းတူအကိုပေါ့။ သူကအခု လေဟာနယ်အဆင့်ကနေ စုစည်းခြင်းအဆင့်ကိုတက်ဖို့ ကြိုးစားနေတာ။ ခုနက ခင်ဗျားတို့မြင်ခဲ့တဲ့ ခြေရာတွေက သူ့ခြေရာတွေပါ"
"တွေ့ရတာဝမ်းသာပါတယ် အကိုခုန်"
"ကောင်းပါပြီ၊ ကောင်းပါပြီ။ လောင်တိုင်နေကောင်းရဲ့လား။ သူက မစ်ရှင်ခန်းမမှာပဲလား"
"မဟာအကြီးအကဲက တစ်နှစ်ပတ်လုံး အပြင်ထွက်နေတာပါ။ အကိုတိုင်ကပဲ မစ်ရှင်ခန်းမရဲ့ တာဝန်အားလုံးကို လက်လွှဲယူထားတယ်"
"ဘာပဲပြောပြော လောင်ထိုင်က ပါရမီရှိတယ်ကွ။ သူက စုစည်းခြင်းအဆင့်ကို ရောက်နေပြီ။ ငါကသူ့ထက် နည်းနည်းနောက်ကျနေတယ်"
ခုန်လင်က အားကျသည့်လေသံဖြင့်ပြောသည်။
စကားပြောနေရင်းမှာပင် ခုန်လင်၏စွမ်းအားအဆင့်က ခန့်မှန်းမရသည့် အနေအထားမှ အခြေတည်အဆင့်ပြောင်းသွားသည်။ ထို့နောက် လုယန်တို့ အာရုံမခံနိုင်သည့် အဆင့်တစ်ခုထိ တက်သွားပြန်သည်။
"သူက စုစည်ခြင်းအဆင့်ကို တက်တော့မှာ"
နတ်မယ်က အကဲဖြတ်သည်။
ခုန်လင်ကို နှုတ်ဆက်ခဲ့ကြပြီးနောက် သူတို့ခြောက်ယောက် သစ်သားစွမ်းအင်ကြောသို့ ရောက်လာသည်။ တာအိုလမ်းစဉ်ဂိုဏ်းမှ ဆေးစိုက်ခင်းနှင့် အတော်တူသည်။ သစ်သားစွမ်းအင်ကြောသည် ဝိညာဉ်မြက်များ စိုက်ပျိုးသည့်နေရာဖြစ်သည်။ ဝိညာဉ်မြက်ပင်များ စိမ်းစိုလျက် ဆန်းကြယ်သည့် စွမ်းအင်တစ်မျိုးဖြာထွက်နေသည်။
ဤနေရာတွင် ရပ်နေရုံဖြင့် တိမ်တိုက်ထဲ လွင့်မျောနေသကဲ့သို့ ခံစားရသည်။
အုံ့ဆိုင်းနေသည့် တောအုပ်ကြီးရှိသည်။ အားကောင်းသည့်အသက်ဓာတ်များ ထွက်ပေါ်နေသည်။
ကောင်းကင်ကို လွှမ်းခြုံထားသည့် သစ်ပင်ကြီးလည်းရှိသည်။ အတော်ဝေးဝေးထိ ဆန့်ထွက်နေသည်။ သစ်ပင်ထိပ်ပိုင်းတွင် သစ်ကိုင်းသစ်ရွက်များ ဖုံးအုပ်နေသည်။ လျှို့ဝှက်ချက်တစ်ခုရှိနေသယောင် ထင်ရသည်။
"သစ်သားဝိညာဉ်ကြောရဲ့ ဂုဏ်သတ္တိက အသက်ဓာတ်ပါ။ ပြန်လည်မျိုးပွားမှုစွမ်းအင် အားကောင်းတယ်။ အကိုမုန်ကျွမ်းကျင်ထားတဲ့ ဖီးနစ်မီးတောက်စစ်နဲ့လည်း တူတာတစ်ချို့ရှိယ်"
"တာအိုလမ်းစဉ်ဂိုဏ်းက ကလေးတွေ ရောက်နေကြတာလား"
သစ်ပင်ကြီးတစ်ခုမှ မိန်းကလေးတစ်ယောက်၏ ပျော်ရွှင်တက်ကြွသည့် စကားသံကိုကြားရသည်။
မိန်းကလေးက သစ်ကိုင်းပေါ်မှ ကျွမ်းတစ်ပတ်ပစ်၍ မြေပြင်ပေါ်တည်ငြိမ်စွာကျလာသည်။ သူ့ပါးစပ်တွင် သစ်ကိုင်းတစ်ခု ကိုက်ထားသည်။
လောင်ပါးတွေ့ချင်သည့် ရှန်ကွမ်ယုပင် ဖြစ်သည်။
"မဆိုးဘူးကောင်လေး၊ မင်းရဲ့ ကျင့်စဉ်အခြေခံက ခိုင်မာသားပဲ"
ရှန်ကွမ်ယု လုယန်ပုခုံးကိုပုတ်သည်။ ပြီးခဲ့သည့်တစ်ခေါက် တာအိုလမ်းစဉ်ဂိုဏ်းသို့ သွားစဉ်က ယာယီဂိုဏ်းချုပ်လုပ်နေသည့် ထိုကောင်လေးကို သူအတော်စိတ်ဝင်စားခဲ့သည်။
မတွေ့ဖြစ်သည်မှာ တစ်နှစ်ကျော်သာရှိသေးသ်ေလည်း လုယန်၏ တိုးတက်မှုက သူထင်ထားသည်ထက် များစွာကျော်လွန်နေသည်။
"အကြီးအကဲရှန်ကွမ်ကို ဂါရဝပြုပါတယ်"
လုယန်တို့ မလေးမစားမလုပ်ရဲကြ။ ရှန်ကွမ်ယုသည် ဂိုဏ်းချုပ်ချိုး၏မိခင်ဖြစ်သည်။
'အကြီးအကဲ'ဟု ခေါ်သံကြားသည်နှင့် ရှန်ကွမ်ယု မျက်မှောင်နည်းနည်းကျုံ့သွားသည်။ အလိုမကျဖြစ်သွားဟန်ရှိသည်။
"အကြီးအကဲလို့မခေါ်နဲ့။ ငါက အဲလောက်အိုနေလို့လား။ ငါ့ကို အမလို့ပဲခေါ်ပါ"
လုယန်တို့ ထိုသို့မခေါ်ရဲကြ။ ရှန်ကွမ်ယုလက်ခံလျှင်ပင် ချိုးကျင်အန်းက လက်ခံမည်မထင်။
"ငါ့ကို အမလို့ခေါ်ရင် ပစ္စည်းကောင်းလေးတစ်ခု လက်ဆောင်ပေးမယ်"
ရှန်ကွမ်ယု အသက်ဓာတ်ဖြာထွက်နေသည့် သစ်သားမှော်အဆောင်လေးတစ်ခု ထုတ်လိုက်သည်။ ထိုပစ္စည်းကိုမြင်သည်နှင့် နတ်မယ်၏မျက်လုံးများ အရောင်လက်သွားပြီး လုယန်ကို ချက်ချင်းတိုက်တွန်းသည်။
"လုယန်၊ မြန်မြန်ခေါ်လိုက်တော့။ အဲဒီ့ပစ္စည်းက တန်ဖိုးကြီးတယ်"
ရှေ့တွင် ရှန်ကွမ်ယု၊ နောက်တွင် နတ်မယ်ရှိနေသဖြင့် လုယန် ရွေးချယ်စရာမရှိတော့။ အသက်စွန့်၍ ခေါ်ခိုင်းသည့်အတိုင်း ခေါ်လိုက်သည်။
"အမရှန်ကွမ်"
ရှန်ကွမ်ယုမျက်နှာ ပြုံးရွှင်လာသည်။ လက်ကိုမြှောက်၍ လုယန်ခေါင်းကိုပုတ်သည်။
"လိမ္မာတယ်၊ ဒီအဆောင်က မင်းအတွက်ပဲ"
လုယန် သစ်သားမှော်အဆောင်ကို ရလာသည်။
"နတ်မယ်၊ ဒီသစ်သားပိုင်းလေးက ဘာလဲ။ ပြင်းထန်တဲ့အသက်စွမ်းအင်ရှိနေတာတော့ ခံစားမိတယ်။ ဒါပေမယ့် ဘယ်လိုသစ်သားမျိုးမှန်း မသိဘူး"
"လောကသစ်ပင်လေ"
*************************************