လောကသစ်ပင်
Vol. 36 Ch. 537
"လောကသစ်ပင်လား"
လုယန်မျက်လုံးများ ပြူးထွက်လာပြီး သစ်သားအဆောင်ကိုစိုက်ကြည့်နေသည်။
"ဒါက ယင်ထန်မသေမျိုးရဲ့ မူလပုံစံအစစ်ပေါ့"
လူအများစုက မသေမျိုးပစ္စည်းများကို မသိကြ။ ရှားပါးပစ္စည်းအမျိုးမျိုးကို 'မသေမျိုးပစ္စည်း'ဟု မကြာခဏကင်ပွန်းတပ်ကြသည်။ ဥပမာ ဆေးဘုရင်လေးများကို 'မသေမျိုးဆေးပင်'ဟု ရည်ညွှန်းသည်။
ပြိုင်ဘက်ကင်းဓားရတနာများကို 'မသေမျိုးဓား'ဟု ခေါ်ကြသည်။ နားမလည်နိုင်သည့် ကျင့်စဉ်ပညာများကို 'မသေမျိုးကျင့်စဉ်ပညာ'ဟု ပြောကြသည်။
အမှန်တော့ ဆေးဘုရင်လေးများရော ပြိုင်ဘက်ကင်းဓားရတနာများပါ 'မသေမျိုး'အဆင့်သို့ မရောက်ကြ။
သို့သော် လောကသစ်ပင်က ထိုသို့မဟုတ်။ မသေမျိုးပစ္စည်းအစစ်ဖြစ်သည်။ အငြင်းပွားစရာ အကြောင်းမရှိ။
"မြင်းဖူးပါတယ်လို့ ငါတွေးနေတာ။ ဒါက အချိန်မသေမျိုးရဲ့ အစိတ်အပိုင်းအစစ်ပဲ။ ဒါပေမယ့် အရမ်းသေးလွန်းနေတယ်။ ဒါကြောင့် ငါရုတ်တရက် မမှတ်မိတာ"
အချိန်မသေမျိုးကို နတ်မယ်လောက် ရင်းနှီးသူ တစ်ယောက်မှမရှိ။
လုယန် အံ့အားသင့်သွားပြီး ထပ်မေးသည်။
"ဒါဆို ဒီလောကသစ်ပင်အစိတ်အပိုင်းက ဘယ်လိုပေါ်လာတာလဲ။ အချိန်မသေမျိုးက သူ့ခြေထောက်အရေပြားကို ဆွဲခွာခဲ့တာလား"
အချိန်မသေမျိုး၏ မသေမျိုးခန္ဓာကိုယ်မှ သစ်သားစကို ဘယ်သူဆွဲခွာနိုင်မည်နည်း။
နတ်မယ်က လုယန်ကို စိတ်ပျက်သည့်အကြည့်ဖြင့်ကြည့်သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ။ မသေမျိုးတစ်ယောက်ဟာ ချို့ယွင်းချက်မရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်။ သေမျိုးတွေလို ခြေထောက်အရေပြားတို့ဘာတို့ မရှိဘူး"
"ဒါဆို ဒီလောကသစ်ပင်အစိတ်အပိုင်းက ဘယ်လို...."
"ငါ့ကြောင့် ပဲ့ထွက်ခဲ့တာ ဖြစ်နိုင်တယ်။ ယင်ထန်နဲ့တစ်ခြားသူတွေကြောင့် ပဲ့ထွက်ခဲ့တာလည်း ဖြစ်နိုင်တယ်။ မသေမျိုးမဖြစ်ခင်မှာ အချိန်မသေမျိုးက သူသေချာပေါက်မသေမျိုးဖြစ်လာမှာလို့ ပြောခဲ့တယ်လေ။
ငါတို့ကိုကျတော့ မသေမျိုးဖြစ်မလာနိုင်ဘူးတဲ့။ ဒါကြောင့် ငါတို့ဒေါသထွက်ခဲ့တယ်။ မသေမျိုးဖြစ်ပြီးတဲ့အချိန်မှာ ယင်ထန်တို့က သူ့ကို အကြိမ်ကြိမ် အလစ်ချောင်းပြီး တိုက်ခိုက်ခဲ့တယ်။
ဒါပေမယ့် ဒီသစ်သားစလေးက သေးလွန်းတယ်။ ဘယ်သူ့ကြောင့် ပဲ့ထွက်ခဲ့သလဲဆိုတာ မပြောတတ်ဘူး"
"ကျုပ်မှတ်မိသလောက်တော့ အချိန်မသေမျိုးက ခင်ဗျားတစ်ယောက်တည်းကို ပြောခဲ့တဲ့ စကားတွေကို ယင်ထန်တို့ဆီ ချွန်တွန်းလုပ်ပေးလိုက်တာ ခင်ဗျားပဲမဟုတ်လား"
နတ်မယ်က လက်ယမ်းပြ၍ လုယန်ကို ဩဝါဒပေးသည်။
"နောက်ဆုံးရလာဒ်က အတူတူပဲလေ။ အဲလောက်အာရုံစိုက်နေစရာမလိုပါဘူး။ ဒီလိုကိစ္စမျိုးမှာ ငါ့ဆီကနေ နင်ပိုပြီးသင်ယူသင့်တယ်။
...ပြီးတော့ စိုကောင်မလေးကို လောကသစ်ပင်အစိတ်အပိုင်း နောက်ထပ်ရှိသေးလား မေးလိုက်ပါဦး"
ရှန်ကွမ်ယုက လောကသစ်ပင်အစိတ်အပိုင်းတစ်ခု လက်ဆောင်ပေးနိုင်သည်ဆိုလျှင် နောက်ထပ်ရှိသေး၍သာဖြစ်ရမည်။
'အမရှန်ကွမ်၊ ဒါကဘာလဲ။ အဲဒါမျိုး အရင်က တစ်ခါမှမမြင်ဖူးဘူး"
"မင်းမမြင်ဖူးဘူးမဟုတ်လား။ ဒါက အစိတ်အပိုင်းလေးတစ်ခုပါပဲ။ ပိုကြီးတဲ့ အစိတ်အပိုင်းက သစ်သားစွမ်းအင်ကြောအောက်မှာရှိတယ်။ မီးလောင်ထားတဲ့ မဟာသစ်ပင်ကြီးတစ်ပင်ရဲ့ အစိတ်အပိုင်းပါ။
သစ်သားစွမ်းအင်ကြောရဲ့ အသက်ဓာတ်တွေက အဲဒီ့သစ်ပင်ကြီးကနေလာတာ။ ငါတို့ဂိုဏ်းဘိုးဘေးက သစ်သားစွမ်းအင်ကြောအောက်မှာ ဒီသစ်ပင်ကြီးကိုတွေ့တော့ အတော်အံ့ဩသွားတယ်။
သစ်ပင်ကြီးရဲ့ အသက်ဓာတ်က သစ်သားဝိညာဉ်ကြောကို နှစ်တစ်သိန်းကြာတဲ့အထိ မပျက်မစီးအောင် ထောက်ပံ့ပေးခဲ့တယ်။ ဒါဟာ ဒီသစ်ပင်ရဲ့စွမ်းအားကို သက်သေပြတာပဲ။
ငါတို့ဘိုးဘေးလည်း ဒီအချက်ကိုသတိထားမိတယ်။ သစ်ပင်ကြီးထဲက အသက်ဓာတ်ဟာ စိတ်ကူးမယဉ်နိုင်လောက်အောင် အားကောင်းတယ်။ ကျင့်ကြံသူလောကထဲက ငါတို့လိုလူတွေရဲ့ နားလည်နိုင်စွမ်းထက် ကျော်နေတယ်။
ရှေးကျမ်းစာထဲတွေမှာ မှတ်တမ်းတင်ထားတဲ့ ဘယ်ဝိညာဉ်ပင်မှ ဒီသစ်ပင်ကို မယှဉ်နိုင်ဘူး။
ဒီတော့ ငါတို့ဘိုးဘေးက အရဲစွန့်ပြီးခန့်မှန်းလိုက်တယ်။ ဒါဟာ တစ်ခြားမဟုတ်ဘူး။ သစ်သားမသေမျိုးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ရမယ်လို့လေ"
ယနေ့ခေတ်ကျင့်ကြံသူလောကတွင် ယင်ထန်မသေမျိုး၏ နာမည်အစစ်ကို မသိကြ။ သစ်ပင်မှ အသွင်ပြောင်းလာသူဖြစ်ကြောင်းသာ သိကြသည်။ ထို့ကြောင့် သစ်သားမသေမျိုးဟု အလွယ်ခေါ်ကြသည်။
"သစ်သားမသေမျိုးလား"
အားလုံး အံ့အားသင့်သွားကြသည်။ ပိုင်မင်သည်ပင် ထိုအကြောင်း အရင်ကတစ်ခါမှမကြားဖူး။ သစ်သားစွမ်းအင်ကြော၏ အသက်ဓာတ်သည် မဟာသစ်ပင်ကြီးတစ်ပင်ကြောင့် ဖြစ်ပေါ်ာခြင်းဖြစ်ကြောင်း သူမသိခဲ့။
"အမရှန်ကွမ်"
"အမရှန်ကွမ်"
လုယန်လက်ထဲမှ မှော်အဆောင်သည် ဒဏ္ဍာရီသစ်သားမသေမျိုး၏ အစိတ်အပိုင်းဖြစ်ကြောင်းကြားသည်နျင့် 'အမရှန်ကွမ်'ဟုခေါ်သံများ ဆက်တိုက်ထွက်လာသည်။ ပိုင်မင်လည်း အဖွဲ့ဝင်လာသည်။
"အခုမှခေါ်လည်း နောက်ကျသွားပြီ"
ရှန်ကွမ်ယု တစ်ဘက်သို့မျက်နှာလွှဲလိုက်သည်။ သူပြုံးနေသည်ကို တစ်ခြားလူများ မမြင်စေဖို့ဖြစ်သည်။
ထို့နောက် ပြန်လှည့်လာပြီး ခပ်တည်တည်ပြောသည်။
"မင်းတို့ နောက်ထပ်သုံးလေးကြိမ် ထပ်ခေါ်ရမယ်"
'အမရှန်ကွမ်'ဟု ခေါ်သံများ ပဲ့တင်ထပ်သွားသည်။ ရှန်ကွမ်ယုမျက်နှာမှအပြုံးက ဝေဆာနေသည်။
"ကဲ...လာကြ၊ တစ်ယောက်တစ်ခုစီယူ။ ဒီအဆောင်က မင်းတို့ကို ဘေးကင်းအောင် ကံကြမ္မာကောင်းချီးနဲ့ ကာကွယ်ပေးလိမ့်မယ်။ ရှောင်ပိုင်မင်၊ မင်းလည်းတစ်ခုရမယ်"
သစ်သားမှော်အဆောင်ငယ်ငါးခုထုတ်၍ ရှန်ကွမ်ယု ဝေမျှပေးသည်။
"ဘေးကင်းအောင်ကာကွယ်ပေးတယ်ပေါ့..."
မုန်ကျင်းကျိုးသည် ကံကြမ္မာတန်ပြန်ကျိန်စာမိဖူးသည်ကို လုယန်မှတ်မိသည်။ အချိန်မသေမျိုးသည် ကျိန်စာများပယ်ဖျက်နိုင်သည့် စွမ်းရည်ရှိသည်ဟု နတ်မယ်ပြောခဲ့သည်။ ထိုစွမ်းရည်သည် မုန်ကျင်းကျိုးကို ကံကြမ္မာတန်ပြန်ကျိန်စာမသင့်အောင် ကာကွယ်နိုင်သည်။
အချိန်မသေမျိုး၏ခန္ဓာကိုယ်သည် ကျိန်စာမသင့်အောင် တကယ်ကာကွယ်နိုင်သည်ဆိုလျှင် ဘာကြောင့် ချိုးကျင်အန်းက အရိုင်းနယ်မြေနယ်စားထံမှ နိုင်ငံ့ကံကြမ္မာစွမ်းအားကို သွားငှားခဲ့သနည်း။
လုယန် သိစိတ်နယ်မြေသို့ဝင်၍ နတ်မယ်ကိုမေးရန်ပြင်နေစဉ် နတ်မယ်က ဆုံးဖြတ်ချက်ချ၍ သိစိတ်အာရုံစဖြန့်လိုက်သည်ကို မြင်ရသည်။
ဝိညာဉ်အာရုံဖြန့်လျှင် ဓာတ်ငါးမျိုးဂိုဏ်းကို မလေးမစားလုပ်ရာကျနေမလားဟု အစောပိုင်းက နတ်မယ်တွေးခဲ့သည်။ သို့သော် ရှန်ကွမ်ယုစကားကြောင့် အကျိုးအကြောင်းနားလည်လာသည်။ သူအရေးမစိုက်တော့။
ဝိညာဉ်အာရုံကို သစ်သားစွမ်းအင်ကြောပေါ် ချက်ချင်းဖြန့်လိုက်သည်။ မှန်သည်။ ရှန်ကွမ်ယုပြောသည့် မဟာသစ်ပင်အစိတ်အပိုင်းကို တွေ့ရသည်။
ခန့်မှန်းမရလောက်အောင် ကြီးမားသည်။ သစ်သားစွမ်းအင်ကြောတစ်ခုလုံးကို ကန့်လန့်ဖြတ်တည်ရှိနေသည်။
လုယန်တို့အဖွဲ့ စွမ်းအင်ကြောငါးခုကို အလွယ်တကူ လျင်မြန်စွာလှည့်ပတ်ကြည့်နိုင်သည်က စွမ်းအင်ကြောငါးခု၏ဆုံမှတ်အနီးတွင် ရှိနေသဖြင့် သွားလာရသည့်အကွာအဝေး ပို၍သက်သာနေခြင်းဖြစ်သည်။
တကယ့်လက်တွေ့တွင် ဓာတ်ငါးမျိုးဂိုဏ်းနယ်မြေအဝိုင်းအဝန်းသည် တာအိုလမ်းစဉ်ဂိုဏ်းထက် နည်းနည်းသာလျော့သည်။ မိုင်ရှစ်သောင်းပတ်လည်ကျယ်ပြန့်သည်။
စွမ်းအင်ကြောငါးခုက ဓာတ်ငါးမျိုးဂိုဏ်း၏ အမာခံကျောရိုးဖြစ်သည်။ သစ်သားစွမ်းအင်ကြော ဘယ်လောက်ကျယ်ပြန့်သည်ကို စိတ်ကူးကြည့်နိုင်သည်။ သစ်သားစွမ်းအင်ကြောတစ်ခုလုံး ကန့်လန့်ဖြတ်ရှိနေသည့် သစ်ပင်တစ်ပင်သည် ဘယ်လောက်ရှည်လျားမည်ကို တွေးဆကြည့်နိုင်သည်။
သို့သော် ဤသစ်ပင်သည် နတ်မယ်မြင်ဖူးသည့် မိုးမြေထိုဖောက်နေသည့် လောကသစ်ပင်နှင့်ယှဉ်လျှင် များစွာတိုနေသည်။ သေးလည်းသေးသည်။
နတ်မယ် သိစိတ်နယ်မြေတွင် အာရုံစုစည်းလျက် မဟာသစ်ပင်၏ပုံရိပ်ကို ဖန်တီးလိုက်သည်။
မဟာသစ်ပင်က တစ်ကိုယ်လုံးမည်းနက်နေသည်။ မီးနှင့်လျှပ်စီးရိုက်ခတ်ထားသည့်လက္ခဏာများ ရှိနေသည်။ သစ်ပင်အခေါက်အလွှာများစွာ ကွာကျနေသည်။
တစ်ချို့ရိုက်ခတ်မှုများက သစ်ပင်အတွင်းပိုင်းအနှစ်သားထိပင် ထိုးဖောက်ခဲ့ဟန်ရှိသည်။
"ဘာတွေဖြစ်ခဲ့တာလဲ"
လုယန် အံ့အားသင့်သွားသည်။ သူ့လိုသာမန်လူပင် ထိုသစ်ပင် ဘယ်လိုတိုက်ခိုက်မှုမျိုး ခံခဲ့ရသည်ကို ခန့်မှန်းနိုင်သည်။ ပြင်းထန်သည်ဆိုသည့်စကားသည် လုံလောက်မည်မထင်။
နတ်မယ်ခဏအသံတိတ်နေပြီးနောက် တည်ကြည်လေးနက်သည့်အမူအရာဖြင့် ပြောသည်။ အစောပိုင်းကလို ပြုံးရွယ်ရယ်မောနေသည့်အသွင်မျိုး လုံးဝမရှိတော့။
"အချိန်မသေမျိုး တိုက်ခိုက်ခံခဲ့ရတယ်။ တိုက်ခိုက်တဲ့လူက သူ့သရုပ်မှန်မပေါ်အောင် အသုံးအများဆုံး တိုက်ခိုက်နည်းတွေသုံးသွားတာ။
ငါ့ခန္ဓာကိုယ်ဖောက်ခွဲချိန်မှာ အချိန်မသေမျိုးက နွမ်းခြောက်သစ်ပင်နွေဦးကြုံပညာနဲ့ ရွှေပုရစအရေလဲပညာလို နည်းလမ်းတွေသုံးခဲ့တာလို့ အစကငါထင်ခဲ့တယ်။ ကိုယ်ပွားတစ်ခု ချန်ထားခဲ့ပြီး မူလခန္ဓာက ထွက်ပြေးသွားတာမျိုးပေါ့။
ဒါပေမယ့် ဒါလည်းမဖြစ်နိုင်ဘူး။ ငါတို့မသေမျိုးတွေအနေနဲ့ လောကထဲမှာ ကိုယ်ပွားခန္ဓာတွေ ချန်မထားသင့်ဘူးလို့ ယင်ထန်က ပြောဖူးတယ်။ အဲဒီ့ကိုယ်ပွားတွေက လောကအတွက် ကောင်းကျိုးရောဆိုးကျိုးပါ ပေးနိုင်တယ်တဲ့။
ဒါကြောင့် ဒီမှာရှိနေတာ အချိန်မသေမျိုးရဲ့ကိုယ်ပွားခန္ဓာမဟုတ်လောက်ဘူးလို့ ငါတွေးခဲ့တယ်။
အခု ဒီလောကသစ်ပင်ကိုမြင်ရတော့ ငါပိုပြီးသေချာသွားပြီ။ ဒါဟာ အချိန်မသေမျိုးရဲ့ မူလခန္ဓာအစစ်ပဲ။ အစိတ်အပိုင်းအများစုက ပျောက်ကွယ်သွားပြီ"
သူအသက်ရှင်နေချိန်က ထိုမျှပြင်းထန်သည့် တိုက်ပွဲမျိုး မရှိခဲ့ကြောင်း သူမှတ်မိသည်။
ဤတိုက်ပွဲသည် မသေမျိုးကပ်ဆိုးအဆင့် တိုက်ပွဲဖြစ်သည်။
"ငါသေပြီးနောက်မှာ အချိန်မသေမျိုးက တိုက်ပွဲကြီးတစ်ခု ကြုံခဲ့တာဖြစ်မယ်။ ပြိုင်ဘက်က အရမ်းစွမ်းအားကြီးတယ်"
အချိန်မသေမျိုးသည် အချိန်အရိယဖလပိုင်ဆိုင်သည်။ အတိတ်ကို ပြန်ကြည့်နိုင်သည်။ အနာဂတ်ကို ခန့်မှန်းနိုင်သည်။ ခန္ဓာကိုယ်ကို ဒဏ်ရာမရမီက အနေအထားမျိုး ပြန်ဖန်တီးနိုင်သည်။ ယခု သူခန္ဓာကိုယ် ပျက်စီးနေသည့်အနေအထားအတိုင်း ရှိနေသည်ကိုကြည့်လျှင် သူပြိုင်ဘက်သည်အလွန်ကြောက်စရာကောင်းသည့်သဘောဖြစ်သည်။
လုယန် တုန်လှုပ်သွားသည်။
"အချိန်မသေမျိုးက သေ....သေသွားတာလား"
နတ်မယ် ဖြေးညှင်းစွာခေါင်းခါသည်။
"သေချာမပြောတတ်ဘူး။ မသေမျိုးတစ်ယောက်ရဲ့ အသက်ဓာတ်ဟာ နင်စိတ်ကူးနိုင်တဲ့အတိုင်းအတာထက် ပိုအားကောင်းတယ်။ ရုပ်ခန္ဓာမရှိရင်တောင် အသက်ရှင်နိုင်တယ်။
ဒါပေမယ့်အခု အချိန်မသေမျိုးက ဒီလိုအနေအထားရောက်နေပြီဆိုတော့ ရုပ်ခန္ဓာမရှိဘဲ အသက်ရှင်နေသေးရင်တောင် သူ့အခြေအနေက သိပ်မကောင်းလောက်ဘူး။
အချိန်မသေမျိုးနဲ့ငါက မတူဘူး။ ငါက ထာဝရအရိယဖလရှိတော့ ငါ့မသေမျိုးဝိညာဉ်နဲ့သင့်တော်မယ့် ရုပ်ခန္ဓာတစ်ခု စိတ်ကြိုက်ဖန်တီးနိုင်တယ်။
ဒါပေမယ့် အချိန်မသေမျိုးက ဒီလိုမလုပ်နိုင်ဘူး။ မသေမျိုးဖြစ်လာရင် မသေမျိုးခန္ဓာကိုယ်ဟာ အရေးပါတယ်။ ဒီခန္ဓာကိုယ်ကို အစားထိုးနိုင်မယ့် ဒါမှမဟုတ် ပြန်တည်ဆောက်နိုင်မယ့်အရာမျိုး လောကမှာ ရှာတွေ့ဖို့ခက်တယ်"
သေသည်ရှင်သည်မသိရဘဲ အချိန်မသေမျိုး၏ခန္ဓာကိုယ်က ယခုလိုအနေအထားရောက်နေသည်ဆိုလျှင် သူပေးမည့် ကောင်းချီးများ ကာကွယ်မှုများကို မျှော်လင့်နိုင်စရာမရှိတော့။
*********************************