← Chapters

အိမ်ရှင်မ

Vol. 36 Ch. 538

အိမ်ရှင်မ

Vol. 36 Ch. 538

လုယန်တွေးမရသည့် ကိစ္စတစ်ခုရှိသည်။

နာမည်ကိုရွတ်ဆိုရုံဖြင် ပြန်ရှင်သန်နိုင်သည်ဆိုလျှင် နတ်မယ်ရှင်သန်ဖို့ ဘာကြောင့်နှစ်သုံးသိန်းကြာခဲ့သနည်း။

နိုင်ငံ့ဆရာ၏ ကြောင်းကျိုးဆက်စပ်မှုအရိယဖလစွမ်းအားအကြောင်း သိခဲ့ရသည်။ နတ်မယ်ကိုလုပ်ကြံသတ်ဖြတ်ခဲ့သူသည်လည်း ထိုစွမ်းအားမျိုးသုံး၍ နတ်မယ်အကြောင်း လောကကြီးမေ့သွားအောင် မှတ်ဉာဏ်ဖျက်ဆီးခဲ့ခြင်းဖြစ်မည်။

သို့သော် ထိုစွမ်းအားက မသေမျိုးများအပေါ်ရော သက်ရောက်မှုရှိသလော...

ထိုအချက်ကို ဘယ်သူမှသေချာမသိ။

ယခု အချိန်မသေမျိုး၏ ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအင်ကြောအောက်တွင် မြုပ်နေသည်။ သူ့မသေမျိုးဝိညာဉ် ပျောက်နေသည်။ သူဘယ်လိုကံကြမ္မာမျိုး ကြုံနေသည်ကိုမသိရ။

အချိန်မသေမျိုး ထိုသို့ဖြစ်နေသည်ဆိုလျှင် ယင်ထန်မသေမျိုး၊ ကိုးဆမသေမျိုး၊ ချီလင်မသေမျိုးတို့ ဘယ်လိုအဖြစ်မျိုးကြုံနေရမည်နည်း။ အချိန်မသေမျိုးကျဆုံးသည့်ကိစ္စတွင် သူတို့ဘယ်လိုပါဝင်ပတ်သက်ခဲ့သနည်း။ လူသတ်သမားလား သို့မဟုတ် သားကောင်လား။

"နတ်မယ်၊ ခင်ဗျားမသေခင် ဘာဖြစ်ခဲ့တယ်ဆိုတာ လုံးဝမမှတ်မိဘူးလား။ လူသတ်သမားရဲ့ သဲလွန်စ တစ်ခုခုမရှိဘူးလား"

နတ်မယ် မျက်မှောင်ကျုံ့သွားသည်။ တစ်ချိန်က အဖြစ်များကို ပြန်စဉ်းစားသည်။

"အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ငါ့မှတ်ဉာဏ်တွေအားလုံး အတော်ဝေဝါးနေတယ်။ အဲဒီ့နေ့က ငါအိပ်နေတာပဲ မှတ်မိတယ်။ အိပ်ချင်မူးတူးဖြစ်နေတုန်းမှာ ငါ့ဝိညာဉ် လွင့်မျောသွားတာခံစားမိတယ်။

အတော်လေး သက်တောင့်သက်သာရှိတယ်။ အရည်ပျော်ကျသွားသလိုပဲ။ အဲဒီ့နောက်ပိုင်း ငါဘာမှမမှတ်မိတော့ဘူး။

ငါ့နာမည်ကို နင်ခေါ်တဲ့အချိန်ကျမှ ငါနိုးလာတာ။ ငါ့ဝိညာဉ်ပြန်ဖြစ်တည်လာတယ်။ ပြီးတော့ ပြန်ရှင်သန်လာတယ်"

လုယန် သက်ပြင်းချသည်။ နတ်မယ်ထံမှ ဘာသတင်းအချက်အလက်မှ ရနိုင်မည့်ပုံမပေါ်။

ရှေးဟောင်းမသေမျိုးငါးယောက်တွင် နံပတ်တစ်ဟု ကြွေးကြော်သည့် ထာဝရနတ်မယ်တွင် ထူးခြားစွမ်းရည်များရှိသည်မှာ သေချာသည်။ သူဘာမှမတုံ့ပြန်နိုင်အောင် တိုက်ခိုက်ခံရဖို့ဆိုသည်မှာ ဖြစ်နိုင်စရာမရှိ။

တိုက်ခိုက်သူက စွမ်းအားကြီးလွန်း၍လား။ သို့မဟုတ် နတ်မယ်တစ်ခုခု အမှားအယွင်းဖြစ်နေ၍လားမသိ။

"ငါ့ကိုသတ်တာက ထားပါတော့။ သူက ယင်ထန်တို့ကိုတောင် ချမ်းသာမပေးဘူး။ ဒီတရားခံကိုတွေ့လို့ကတော့ အသေရိုက်သတ်ပစ်မယ်"

နတ်မယ် ဒေါသတကြီးပြောသည်။ သူတစ်ကြိမ်သေခဲ့ရသည်က ကိစ္စမရှိ။ ရှည်လျားသည့်နှစ်ကာလအတွင်း သူ့နာမည်ကိုခေါ်မိသူတစ်ယောက်ယောက်တော့ အမြဲရှိပေလိမ့်မည်။

သို့သော် အချိန်မသေမျိုးက သူ့လိုမဟုတ်။ ယခု အချိန်မသေမျိုး၏ခန္ဓာကိုယ်က ဤနေရာတွင် မြှုပ်နှံခံထားရသည်။ ရှင်သန်နိုင်ခြေလည်း နည်းပါးသည်။

ထာဝရအရိယဖလတည်ဆောက်ချိန်တွင် အချိန်မသေမျိုးက သူ့ကို အကူအညီများစွာပေးခဲ့သည်။ ထိုကျေးဇူးကို သူမေ့မထားနိုင်။

"ဂိုဏ်းကိုပြန်ရောက်ရင် ဒီကိစ္စ အမယွမ်ကို ပြောပြမယ်။ သူဆုံးဖြတ်ပါစေ"

လောလောဆယ် နတ်မယ်ကို သူကူညီနိုင်စွမ်းမရှိသဖြင့် လုယန် စိတ်ဓာတ်ကျမိသည်။

နတ်မယ်က သူ့ဘာသာဖန်တီးထားသည့် လောကသစ်ပင်ပုံရိပ်ကိုကြည့်၍ သက်ပြင်းချသည်။

"လောကသစ်ပင်လို အတုမဲ့ဖြစ်တည်မှုဟာ အသက်ဓာတ်ကို တဖြေးဖြေးပြန်စုစည်းနိုင်တယ်။ အစိတ်အပိုင်းသေးသေးလေးကျန်နေရင်တောင် အပြည့်အဝအသွင်ပြောင်းပြီး သေရာကပြန်ရှင်သန်နိုင်တယ်။

နောက်ထပ်ရှင်သန်နည်းတစ်မျိုးပေါ့။ ဒါပေမယ့် အဲဒါက လောကသစ်ပင်အသစ်တစ်ခုပဲ ဖြစ်လာမှာ။ အချိန်မသေမျိုးနဲ့ မသက်ဆိုင်တော့ဘူး။

အခု ငါတို့ခြေထောက်အောက်က လောကသစ်ပင်ဟာ တဖြေးဖြေးပြန်တည်ဆောက်နေတယ်။ နှစ်တစ်သန်းနှစ်သန်းလောက်ကြာရင် အပြည့်အဝ ပြန်ရှင်သန်ပြီး‌ မြေကြီးထဲကထွက်လာမယ်။ လောကသစ်ပင်အသစ်တစ်ခုအဖြစ် ပြန်ရှင်သန်လာလိမ့်မယ်။

ခုနက ရှန်ကွမ်ယုရပ်နေခဲ့တဲ့ ဟိုသစ်ပင်ဟာ အမှန်ဆို အဲလောက်မကြီးထွားနိုင်ဘူး။ သူ့ကို လောကသစ်ပင်ရဲ့ အသက်ဓာတ်ကလွှမ်းမိုးခဲ့တာ။ ငါ့အထင်မမှားရင် အဲဒီ့သစ်ပင်ရဲ့အမြစ်တွေဟာ လောကသစ်ပင်နဲ့ အတော်နီးကပ်နေလောက်တယ်။

အချိန်မသေမျိုးကလည်း ပြောဖူးတယ်။ အရင်က လောကသစ်ပင်ဟာ ကပ်ဆိုးတစ်ခုကြုံခဲ့တယ်။ ခါးလယ်ကနေ ပြတ်ထွက်ပြီး အသက်ဓာတ်အားလုံး ဆုံးရှုံးသွားတယ်။ အဲဒီ့သစ်ပင်အိုထဲကနေ လောကသစ်ပင်အသစ်တစ်ခုပေါက်လာတယ်တဲ့။ အခုလဲ အဲဒီ့သဘောပဲ"

"ကဲ...မင်းတို့လူငယ်တွေ ဒီနေ့ရှုခင်းကြည့်တာ တော်လောက်ပြီ။ ဒီည ကောင်းကောင်းအနားယူကြပါ"

ရှန်ကွမ်ယု လက်ခုပ်တစ်ချက်တီး၍ လုယန်တို့အတွက် နေရာထိုင်ခင်းစီစဉ်ရန် ပိုင်မင်ကိုတာဝန်ပေးသည်။ မနက်ဖြန် သူတို့လူစု 'ဓာတ်ငါးမျိုးအခြေခံသဘောတရားများ'စတင်လေ့လာကြရမည်။

သစ်သားစွမ်းအင်ကြောအောက်တွင်ရှိနေသည့်သစ်ပင်သည် အချိန်မသေမျိုး၏ခန္ဓာကိုယ်မှန်း သူမသိသော်လည်း ထိုသစ်ပင်ဘယ်လောက်အဖိုးတန်ကြောင်း သူနားလည်သည်။ လူတိုင်းကို ထိုအကြောင်း သူလွယ်လွယ်ထုတ်ပြောမည်မဟုတ်။

သို့သော် ဤလူငယ်ငါးယောက်သည် နောင်တစ်ချိန် ကျင့်စည်လမ်းတွင် ကြီးမားသည့်အောင်မြင်မှုရလာမည်ဟု သူယူဆသည်။ သမိုင်းတွင် ထူးခြားသည့်မှတ်တမ်းတစ်ခု ချန်ခဲ့ကြလိမ့်မည်။ ထို့ကြောင့် ဤလူငယ်များနှင့် ကြိုတင်ရင်းနှီးမှုယူထားခြင်းဖြစ်သည်။

ဓာတ်ငါးမျိုးဂိုဏ်းက စွမ်းအင်ကြောငါးခုဆုံသည့်နေရာတွင် နေရာထိုင်ခင်းများ စီစည်ပေးသည်။ ချိုးကျင်အန်းနေထိုင်သည့်နေရာလည်းဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းမှ ကောင်းကင်ဂိတ်တောင်ထိပ်နှင့် တန်းတူအဆင့်ရှိသည်။

"ဪ...မင်းရောက်လာပြီလား။ ဂိုဏ်းချုပ်လု၊ မတွေ့တာတောင် အတော်ကြာပြီနော်"

ရယ်ရယ်မောမော စနောက်လိုက်သည့် စကားသံတစ်ခု လုယန်ကြားရသည်။

သူလှမ်းကြည့်သည်။ ချိုးကျင်အန်း၏ အတော်ဆုံးတပည့် လင်းရှောက်ယွီ ဖြစ်သည်။ စုစည်းခြင်းအခြေခံအဆင့်ဖြစ်သော်လည်း စုစည်းခြင်းနောက်ဆုံးအဆင့်တိုက်ခိုက်စွမ်းအားရှိသည်။ အကိုတိုင်ပုဖန်တို့နှင့် မျိုးဆက်တူဖြစ်သည်။

ပြီးခဲ့သည့်တစ်ခေါက် ဓာတ်ငါးမျိုးဂိုဏ်း တာအိုလမ်းစဉ်ဂိုဏ်းသို့ လာလည်စဉ်က လင်းရှောက်ယွီကို ဧည့်ခံခဲ့သူသည် ယာယီဂိုဏ်းချုပ်လုယန်ဖြစ်သည်။

ယွမ်ကျိယာယီဂိုဏ်းချုပ်လုပ်နေဆဲဟု ထင်မှတ်လျက် လင်းရှောက်ယွီက မျိုးဆက်တူထဲချင်း လက်ရည်ယှဉ်ဖို့ စိန်ခေါ်ခဲ့သည်။ ထိုအချိန်တွင် ယွမ်ကျိက အသံတိတ် ရှေ့ထွက်လာသည်။ လင်းရှောက်ယွီ အသံတိတ်နောက်ဆုတ်သွားသည်။ ယှဉ်ပြိုင်ဖို့ကိစ္စ လက်လျှော့ခဲ့သည်။

"အကိုလင်းကို ဂါရဝပြုပါတယ်"

ငါးယောက်လုံး ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ဟုတ်ပါပြီ။ အဲလောက် လောကဝတ်တွေမလိုပါဘူး။ လွတ်လွတ်လပ်လပ်နေကြပါ။ မှော်ပညာလေ့ကျင့်ရင်း ငြီးငွေ့လို့ လေကောင်းလေသန့်ရှူဖို့ အခုမှထွက်လာတာ။ အဲဒါ မင်းတို့ကိုတွေ့လို့ ငါလာပြီးနှုတ်ဆက်တာပါ။

...အဲ...အကြီးအကဲက မင်းတို့ကို သစ်သားအဆောင်တွေပေးထားတာလား"

သူတို့ခြောက်ယောက်ရင်ဘတ်တွင် ဆွဲထားသည့် သစ်သားတံဆိပ်များကို လင်းရှောက်ယွီ မြင်သွားသည်။

ပိုင်မင် မျက်နှာအကြီးအကျယ်ပျက်သွားပြီး လုယန်တို့ကို ဘေးသို့အမြန်ဆွဲခေါ်သွားသည်။

လုယန်တို့လူစု အကြောင်းရင်းကို နားမလည်သော်လည်း အသာလိုက်သွားကြသည်။

မိုးခြုန်းသံတစ်ချက် ဂျိန်းခနဲမြည်ဟိန်းသွားသည်။ လျှပ်စီးတန်းတစ်ခု လင်းရှောက်ယွီကို ရိုက်ခတ်သည်။ ခန္ဓာကိုယ်အ‌ပြင်ပိုင်း မည်းနက်သွားသည်။ အတွင်းပိုင်းက နူးညံံဖြူစင်သည်။ တစ်ကိုယ်လုံးမှ အနက်ရောင်မီးခိုးများထွက်လာသည်။

ပိုင်မင်က အသံတိုးတိုးဖြင့် လုယန်တို့ကိုရှင်းပြသည်။

"အမရှန်ကွမ်က သက်ကြီးရွယ်အိုအသုံးအနှုန်းနဲ့ သူ့ကိုခေါ်ရင်တကယ်မုန်းတာ။ ဒါကိုသိထားလျက်နဲ့ ခေါ်တဲ့လူမှန်သမျှ ဒီလိုအဖြစ်မျိုး ကြုံရတယ်"

"အဟမ်း...ဒါက ဘာမှမဟုတ်ပါဘူး။ အသေးအဖွဲလေးပါ"

မည်းနက်နေသည့်အလောင်းကောင် အသက်ပြန်ဝင်လာသည်။ မျက်လုံးများက အရောင်တောက်နေသည်။

တဖျစ်ဖျစ်အသံများကြားရသည်။ အလောင်းကောင်၏ ခန္ဓာကိုယ်တွင် အက်ကြောင်းများစွာ ပေါ်လာသည်။ လင်းရှောက်ယွီက ဘာမှမဖြစ်ခဲ့သကဲ့သို့ ထို'အလောင်းခွံ'ထဲမှ တည်ငြိမ်စွာ ထွက်လာသည်။ သူ့ဝတ်စုံပင် အသစ်စက်စက်ဖြစ်နေသည်။

ပိုင်မင်က အသံတိုးတိုးဖြင့် ထပ်ရှင်းပြသည်။

"အကိုလင်းရဲ့ ဝတ်စုံက သူ့ခန္ဓာကိုယ်ကပေါက်လာတဲ့ သစ်ရွက်တွေကို သန့်စင်ပြီးအသွင်ပြောင်းထားတာ။ လူအတော်များများက ဒီဖြစ်စဉ်ကို နားမလည်ကြဘူး။ ကျုပ်လည်း ကျုပ်ဆရာရှင်းပြမှ သိတာ"

မုန်ကျင်းကျိုးမျက်လုံးများ အရောင်လက်လာသည်။ လင်းရှောက်ယွီသည် တိုင်ပုဖန်နှင့် မျိုးဆက်တူဖြစ်သည်။ တစ်နည်းဆိုသော် ယွမ်ကျိနှင့် မျိုးဆက်တူဖြစ်သည်။ ယခု သူတို့ရှိနေသည်ကလည်း တာအိုလမ်းစဉ်ဂိုဏ်းမဟုတ်။ ထို့ကြောင့်

"အကိုလင်း၊ ဒီနှစ် အကို့အသက်ဘယ်လောက်-"

စကားမဆုံးမီ လုယန်က သူ့ပါးစပ်ကို နောက်ဘက်မှ အမြန်လှမ်းပိတ်ပြီး ဒရွတ်တိုက် ဆွဲခေါ်သွားသည်။

"မင်းသေချင်နေရင်လည်း ငါတို့ကိုဆွဲမခေါ်နဲ့ကွ"

တစ်ခြားလူများက အူကြောင်ကြောင်ဖြစ်သွားပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။ လုယန်ဘာကြောင့် ရုတ်တရက် ထိုသို့လုပ်လိုက်သည်ကို နားမလည်ကြ။

လင်းရှောက်ယွီက တိုက်ရိုက်လှမ်းမေးသည်။

"ညီလေးမုန်က မေးချင်တာတစ်ခုခုရှိလို့လား"

"မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒီကောင်က အဲလိုပဲ ကယောင်ကတမ်းတွေလျှောက်ပြောတတ်တယ်"

လုယန် မုန်ကျင်းကျိုးကိုယ်စား ဖြေလိုက်သည်။

"ဒါနဲ့...အကိုလင်းက မှော်ပညာအသစ်တစ်ခုတတ်ခဲ့တာ သိပ်မကြာသေးဘူးမဟုတ်လား။ ဘာလို့ မှော်ပညာတွေဆက်လေ့ကျင့်နေသေးတာလဲ"

ပိုင်မင်က ‌မေးသည်။

"ဟဲဟဲ...ငါ့လိုပါရမီရှင်အနေနဲ့ စိတ်ကူးစိတ်သန်းအသစ်ပေါ်လာရင် မှော်ပညာအသစ်တစ်ခုသင်တာ ပုံမှန်ပဲမဟုတ်လား"

"ဒါဆိုအခု ဘယ်လိုမှော်ပညာမျိုး လေ့ကျင့်နေတာလဲ"

"သစ်ပင်စိုက်ပညာနဲ့ မြေပြင်ထောင်ဆွဲပညာကို ပေါင်းစပ်ပြီး ချုပ်နှောင်မှုစွမ်းအားကို မြှင့်တင်ဖို့ ကြိုးစားကြည့်နေတာပါ။ ရှင်းပြဖို့တော့ နည်းနည်းခက်တယ်။ ငါမင်းကို လက်တွေ့ပြမယ်"

သူ့အင်္ကျီရင်ဘတ်ထဲမှ သစ်စေ့တစ်ချို့ထုတ်၍ ဘေးပတ်လည်သို့ စက်ဝိုင်းပုံစံ ဖြန့်ကျဲလိုက်သည်။ သစ်စေ့များက မြေကြီးကိုထိသည်နှင့် အညှောက်ထွက်ပြီး ချက်ချင်းကြီးထွားလာသည်။

သစ်ကိုင်းသစ်ရွက်များက အတွင်းဘက်သို့ကွေးညွှတ်လျက် ငှက်လှောင်အိမ်တစ်ခုလို ဖြစ်သွားသည်။

သစ်ပင်များက သတ္တုရောင်သန်းနေသည်။ ရွှေစွမ်းအင်ကြောတွင်ပေါက်သည့် သစ်ပင်မျိုးနှင့်အတော်တူသည်။

"ကြည့်ပါ၊ ဒါမျိုးလေ"

လင်းရှောက်ယွီ သစ်ပင်တစ်ပင်ကို လက်သီးဖြင့်ထိုးပြသည်။ သစ်ပင်က လုံးဝမလှုပ်။ ထို့နောက် မြေပြင်ကို ခြေတစ်ချက်ဆောင့်ပြသည်။ သို့သော် ထူးခြားမှုလုံးဝမရှိ။

မြေအောက်မှ သစ်ပင်မြစ်များက စုစည်းဖြစ်တည်နေသည်။ အလွန်တရာခိုင်ခံ့သည်။

"အံ့ဩစရာပါလား"

ပိုင်မင်ချီးကျူးသည်။ ထိုစွမ်းရည်တစ်ခုတည်းသည်ပင် အဆင့်တူရန်သူကို အငိုက်ဖမ်းပြီး ချုပ်နှောင်နိုင်စွမ်းရှိသည်။

"အကိုလင်း၊ အကို ဒီပညာထုတ်သုံးသွားတာ အတော်လေးချောမွေ့နေပြီပဲ။ ဘာလို့ဆက်ပြီးလေ့ကျင့်နေသေးတာလဲ။ ချို့ယွင်းချက်တစ်ခုခုရှိလို့လား"

"ဒီပေါင်းစပ်မှော်ပညာမှာ ငါမဖြေရှင်းနိုင်သေးတဲ့ ပြဿနာသေးသေးလေးတစ်ခုရှိတယ်ကွ"

"ဘာပြဿနာလဲ"

"ဒီသစ်ပင်အကျဉ်းထောင်ကို ဘယ်လိုပြန်ဖျောက်ရမလဲ ငါမသိဘူးလေ"

ပိုင်မင် "..."

ပိုင်မင် လက်ကိုဖြေးညှင်းစွာမြှောက်၍ လက်သီးဆုပ်ပြပြီး အားပေးသည်။

"ဆက်ကြိုးစားပါ အကို"

အားလုံးကို ထွက်သွားကြရန် ပိုင်မင်မျက်ရိပ်ပြ၍ခေါ်သည်။ လင်းရှောက်ယွီ သက်ပြင်းချသည်။ ယခု ကိုယ့်ကိုယ်ကိုသာ အားကိုးရတော့မည့် သဘောရှိသည်။

"အကြီးအကဲ၊ ကူညီပါဦး"

"ဂျိန်း ဂျိန်း ဂျိန်း"

မိုးကြိုးတန်းသုံးခု ဆင်းလာသည်။ သို့သော် လင်းရှောက်ယွီ ထိခိုက်ခြင်းမရှိ။

"ဟ...ဘာကြောင့်ဒီလိုဖြစ်ရတာလဲ"

*************************************

All Chapters