← Chapters

အသုံးဝင်သည့်ရှေးဟောင်းဗဟုသုတ

Vol. 36 Ch. 539

အသုံးဝင်သည့်ရှေးဟောင်းဗဟုသုတ

Vol. 36 Ch. 539

"သစ်သားဓာတ်၊ မီးဓာတ်၊ မြေဓာတ်၊ သတ္တုဓာတ်နဲ့ ရေဓာတ်ဆို့တဲ့ ဓာတ်ငါးမျိုးဟာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေတယ်။ ထောက်ပံ့တာလည်းရှိတယ်။ ထိန်းချုပ်တာလည်းရှိတယ်။

ဥပမာ သစ်သားက မီးကိုထုတ်ပေးတယ်။ မီးက မြေကိုထုတ်ပေးတယ်။ မြေက သတ္တုကို ထုတ်ပေးတယ်။ သတ္တုက ရေကိုထုတ်ပေးတယ်။ ရေက သစ်သားကိုထုတ်ပေးတယ်။

သူတို့ဟာ လောကရဲ့ အခြေခံအုတ်မြစ်ပဲ။ အသံငါးမျိုး၊ အရသာငါးမျိုး၊ အရောင်ငါးမျိုး၊ ပြောင်းလဲခြင်းငါးမျိုး၊ ကိုယ်တွင်းအင်္ဂါငါးမျိုး၊နဲ့ အာရုံငါးပါးဆိုတာတွေ ရှိနေတာဟာ တိုက်ဆိုင်မှုမဟုတ်ဘူး။

ဓာတ်ငါးမျိုးနဲ့ လိုက်လျောညီထွေ ဖြစ်တည်လာတဲ့ အရာတွေပဲ..."

သင်ကြားရေးအကြီးအကဲက ဓာတ်ငါးမျိုးသဘောတရားများကို စင်မြင့်ပေါ်မှ စိတ်ပါလက်ပါ ရှင်းပြနေသည်။ သင်ပြပုံက အားမာန်ပါသည်။ ခြေဟန်လက်ဟန်များသုံးသည်။ သင်ခန်းစာ၏ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းများကို အာရုံအပြည့်နှစ်ထားသည်။

လုယန်၏ သိစိတ်နယ်မြေမှ ထာဝရနတ်မယ်က အကြိမ်ကြိမ်သမ်းဝေလျက် အိပ်ပျော်လုမတတ်ဖြစ်နေသည်။ မျက်လုံးတွင် 'မျက်ရည်'များ ပြည့်နေသည်။ သင်ကြားရေးဆရာ၏ သင်ခန်းစာက ဝစီပိတ်ပုံပြောသလောက် အရည်အသွေးမမီ။ လုံးဝစိတ်ဝင်စားစရာမကောင်း။

"ငြီးငွေ့စရာကောင်းလိုက်တာ။ ကိုးဆမသေမျိုးက ဒီသဘောတရားတွေအားလုံး သိပြီးသားပါ"

"ကိုးဆမသေမျိုးရဲ့ အရိယဖလက ယင်ယန်အရိယဖလမဟုတ်လား။ ဓာတ်ငါးမျိုးနဲ့ဘာဆိုင်လို့လဲ"

"သူ့ကျင့်ကြံခဲ့တဲ့ ကျင်စဉ်ပညာကို နင်မေ့နေပြီလား"

လုယန် ခဏစဉ်းစားသည်။ ထာဝရဂိုဏ်းတွင်ရှိခဲ့စဉ် ထိုအကြောင်း နတ်မယ်ပြောဖူးသည်။ ကျင့်စဉ်နာမည်များကို သိပ်မမှတ်မိတော့။ ကိန်းဂဏန်းများစွာပါကြောင်းသာ မှတ်မိသည်။

"ဂဏန်းစဉ်သင်္ချာမသေမျိုးကျင့်စဉ်ပညာလား"

"အတိအကျပြောရင် ကပ်ဆိုးတစ်ခု၊ အစွန်းနှစ်ဘက်၊ ပါရမီသုံးပါး၊ လက္ခဏာလေးခု၊ ဓာတ်ငါးမျိုး၊ သဟဇာတခြောက်ပါး၊ အောင်မြင်ခြင်းခုနစ်ပါး၊ စွန့်ပယ်ခြင်းရှစ်မျိုး၊ နယ်မြေကိုးခု၊ ‌ကောင်းကင်ဆယ်ခု တစ်ဦးတည်းသောအဓိပဓိအရှင် မသေမိုးကျင့်စဉ်ပညာပါ"

ပထမဆုံးမသေမျိုးဖြစ်ခဲ့သူဟူသည့် ဂုဏ်ပုဒ်နှင့် လိုက်ဖက်လှသည်။ ကျင့်စဉ်နာမည်ကပင် တစ်ခြားလူများထက် ပိုရှည်လျားသည်။

"ကိုးဆမသေမျိုးက ကမ္ဘာဦးကပ်ဆိုးစွမ်းအား၊ ယင်ယန်စွမ်းအားနဲ့ ဓာတ်ငါးမျိုးစွမ်းအားလို သဘောတရားတွေကို နက်နက်နဲနဲ နားလည်ထားတဲ့လူပါ။

ကူးဖြတ်ခြင်းအဆင့်ရောက်တဲ့အချိန်မှာ ကပ်ဆိုးအရိယဖလ၊ ယင်ယန်အရိယဖလနဲ့ ဓာတ်ငါးမျိုးအရိယဖလ သုံးမျိုးထဲက ဘယ်ဟာကိုရွေးရမယ်ဆိုတာ သူဆုံးဖြတ်ရခက်နေတယ်။ နောက်ဆုံးတော့ ယင်ယန်အရိယဖလကို ရွေးလိုက်တယ်"

"ကျန်တဲ့နှစ်ခုကို ဘာလို့မရွေးတာလဲ"

"သူပြောပုံအရ အဲဒါက ကြိုတင်သတ်မှတ်ထားတဲ့ ကံကြမ္မာစွမ်းအားမျိုးရှိနေလို့ဖြစ်မယ်ထင်တယ်"

"ကံကြမ္မာလား..."

ကိုးဆမသေမျိုး၏ ခံဏားချက်ကို လုယန်ခန့်မှန်းမိသည်။ ကံကြမ္မာကိုပြောင်းလဲ၍မရနိုင်ဟူသည့် ယုံကြည်ချက်ကြောင့်ဖြစ်မည်။

မသေမျိုးငါးယောက်တွင် တစ်ချို့က ကံကြမ္မာကိုယုံပြီး တစ်ချို့က မယုံဟု နတ်မယ်ပြောဖူးသည်။ နတ်မယ်သည် မယုံသည့်အဖွဲ့တွင်ပါသည်။ ကိုးဆမသေမျိုးက ယုံကြည်သည့်အဖွဲ့တွင် ပါခဲ့ဟန်ရှိသည်။

"ဟုတ်တယ်၊ ကိုးဆမသေမျိုးလည်း အတော်ရွေးရခက်ခဲ့တယ်။ အရိယဖလသုံးခုလုံးက အားသာချက်အားနည်းချက်ကိုယ်စီ ရှိတယ်လေ။ နောက်ဆုံးတော့ သူမဲနှိုက်ပြီး ရွေးခဲ့တယ်။

ဒီလိုရွေးချယ်နိုင်ဖို့လည်း အတော်လေးအပင်ပန်းခံခဲ့တယ်။ လျှို့ဝှက်ရတနာမျိုးစုံသုံးပြီး စကြာဝဠာထဲမှာ ဝိညာဉ်အာရုံမထိုးဖောက်နိုင်တဲ့ မှော်စက်ဝန်းကြီးတစ်ခု တည်ဆောက်တယ်။ မှော်စက်ဝန်းဆုံချက်တွေကို ကြယ်ကမ္ဘာတွေပေါ်မှာ တည်ဆောက်တယ်။ ပြီးတော့ ငါတို့ကို ကာကွယ်သူအဖြစ် တာဝန်ယူပေးဖို့ပြောတယ်။

နောက်ဆုံးမှာ သူ့မျက်လုံးကိုမှိတ်ပြီး သူ့အာရုံငါးပါးကို ချိတ်ပိတ်လိုက်တယ်။ အပြင်လောကအနှောက်အယှက် လုံးဝမဝင်နိုင်အောင် သေချာလုပ်ပြီး စိတ်အေးလက်အေး မဲနှိုက်ခဲ့တာ။ သူနှိုက်မိတဲ့မဲလိပ်က ယင်ယန်အရိယဖလပဲ။

ဒါပေမယ့် တစ်ကြိမ်မဲနှိုက်ရုံနဲ့ သူမကျေနပ်သေးဘူး။ နောက်ထပ် နှစ်ကြိမ်ထပ်နှိုက်တယ်။ အကြိမ်တိုင်းမှာ ယင်ယန်အရိယဖလပဲ မဲပေါက်တယ်။

တစ်ကြိမ်ဆိုရင် တိုက်ဆိုင်တာလို့ သတ်မှတ်နိုင်တယ်။ ဒါပေမယ့် သုံးကြိမ်လုံး မဲပေါက်ခဲ့တာဆိုတော့ ဒါဟာ ကံကြမ္မာကြောင့်လို့ပဲ သတ်မှတ်ရတော့မှာပေါ့"

လုယန်စိတ်ထဲ တွေးနေသည်။ မဲလိပ်သုံးခုကို သုံးကြိမ်နှိုက်သည်။ ကိုးကြိမ်တွင် တစ်ကြိမ်ဖြစ်နိုင်ခြေရှိခြင်းသာမဟုတ်လော။ ကံကြမ္မာနှင့် ဘာဆိုင်သနည်း။

သို့သော် ထိုကိစ္စသည် သူ့အတွေးနှင့်မသေမျိုးတို့၏အတွေး ကွာခြား၍သာဖြစ်မည်။ ထို့ကြောင့် ဆက်မမေးတော့။

"ယင်ယန်အရိယဖလကို ရွေးခဲ့ပေမယ့် ကိုးဆမသေမျိုးက ကမ္ဘာဦးကပ်ဆိုးစွမ်းအားနဲ့ ဓာတ်ငါးမျိုးသဘောတရားတွေကို ကောင်းကောင်းနားလည်တယ်။

မသေမျိုးတစ်ယောက်ဟာ သူ့အရိယဖလတစ်ခုအကြောင်းပဲ နားလည်တယ်လို့ မထင်လိုက်နဲ့။ ငါတို့မသေမျိုးတွေ မကြာခဏ တွေ့ဆုံပြီး အတွေးအမြင်တွေဖလှယ်ကြတယ်။ ငါတို့နားလည်ထားတာတွေ၊ အတွေ့အကြုံတွေ၊ အားသာချက်အားနည်းချက်တွေအကြောင်း ဆွေးနွေးကြတယ်။

ဒီတော့ ငါတို့ငါးယောက်ဟာ ကျင့်ကြံမှုဗဟုသုတနဲ့ပတ်သက်ရင် ဘယ်သူမှလိုက်မမီနိုင်တဲ့ ပညာရှင်တွေလို့ ပြောလို့ရတယ်"

နတ်မယ်က ဂုဏ်ယဝင့်ကြွားသည့်လေသံဖြင့် ရယ်နေသည်။ သူ့ရယ်သံတွင် အသိဉာဏ်ပညာသရုပ် အပြည့်အဝထင်ဟပ်နေသည်။

လုယန် ခေါင်းငြိမ့်သည်။ တကယ်မှန်သည်။ ကျင့်စဉ်အဆင့်မြင့်လာလေ အဆင့်တူများနှင့် အတွေးအမြင်ဖလှယ်ဖို့လိုလေဟု သူကြားဖူးသည်။

အဆင့်တူတစ်ယောက်နှင့် တစ်ကြိမ်ဆွေးနွေးခြင်းသည် တစ်ခါတစ်လေ နှစ်တစ်ရာကျင့်ကြံမှုနှင့် ညီမျှနိုင်သည်။ မသေမျိုးငါးယောက် မကြာခဏအတွေးအမြင်ဖလှယ်သည်ဆိုလျှင် သူတို့အသိဗဟုသုတက နှစ်သန်းချီကျင့်ကြံမှုနှင့် ညီမျှလောက်သည်။

"လုယန်၊ ထပါဦး။ ဒီမေးခွန်းကိုဖြေပါ"

သင်ကြားရေးအကြီးအကဲက လုယန်ကို အလိုမကျဟန်ဖြင့် စိုက်ကြည့်နေသည်။ သူ့သင်ခန်းစာသည် ငြီးငွေ့စရာကောင်းမှန်း သူသိသည်။ သို့သော် ပေါ်ပေါ်ထင်ထင် အတွေးလွင့်နေသည့် လုယန်လိုလူမျိုး တစ်ခါမှမကြုံဖူး။

လုယန် ထိတ်လန့်တကြားထရပ်သည်။ ရှေးဟောင်းလျှို့ဝှက်ချက်များနားထောင်ရင်း သူဈာန်ဝင်နေခဲ့သည်။ အကြီးအကဲပြောနေသည့်စကားများကို မကြားလိုက်။ မုန်ကျင်းကျိုးကို သိစိတ်အာရုံမှ အမြန်လှမ်းမေးသည်။

နတ်မယ်၏အကာအကွယ်ကြောင့် သူတို့သိစိတ်အာရုံဆက်သွယ်နေသည်ကို အကြီးအကဲ မရိပ်မိ။

"ခုနက အကြီးအကဲက ဘာပြောသွားတာလဲ"

"ငါ့ကိုမမေးနဲ့။ ငါလည်း သူပြောတာတွေ နားထောင်နေတာမဟုတ်ဘူး"

မုန်ကျင်းကျိုး ကြောက်ချွေးပြန်နေသည်။ လုယန်ပြီးလျှင် သူ့အလှည့်ရောက်လာမည်ကို စိုးရိမ်နေသည်။

ခုနက သူအတွေးလွင့်နေခဲ့သည်။ သင်ကြားရေးအကြီးအကဲက "မြေကြီး"ဟုပြောသည်ကို ကြားလိုက်ပြီးနောက် လူကို အရှင်လတ်လတ်မြေမြှုပ်ခြင်းနှင့် သတ်ပြီးမှမြေမြှုပ်ခြင်း ဘယ်ဟာကပိုကောင်းမလဲဟု စဉ်စားခန်းဖွင့်နေခဲ့သည်။

"အရိုးရိုင်း၊ မင်းရောကြားလိုက်လား"

"မကြားလိုက်ဘူး"

အရိုးရိုင်းက ရှေးဟောင်းအရိုင်းသွေးဆက်ဖြစ်၍ လက်ရှိခေတ်အရိုင်းမျိုးဆက်နှင့် မျိုးပွား၍ရနိုင်မရနိုင် စဉ်းစားနေခဲ့သည်။

လုယန် တစ်ခြားလူများကို လှည့်ပတ်မေးသည်။ သို့သော် ဘယ်သူမှ မပြောနိုင်ကြ။

"လုယန်၊ မေးခွန်းကိုဖြေပါ။ မင်းစိတ်တွေ တစ်ခြားကိုရောက်နေတာတော့ မဟုတ်ဘူးမို့လား"

အကြီးအကဲက လုယန်ကို စိုက်ကြည့်နေဆဲဖြစ်သည်။

လုယန် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ ရွေးချယ်စရာမရှိတော့။

"ကိုးဆမသေမျိုးရဲ့ အရိယဖလက သူ့ကိုအဆုံးမဲ့စွမ်းအားပေးတဲ့ ယင်ယန်အရိယဖလပါ။ ယင်ထန်မသေမျိုးရဲ့ အရိယဖလက မိုးကြိုးအရိယဖလပါ။ ကျင့်ကြံသူအများစု ကောင်းကင်ဆင်းရဲဖြတ်ကျော်ရတာ ဒီအရိယဖလကြောင့်ပါ။ အချိန်မသေမျိုးရဲ့ အရိယဖလက အချိန်အရိယဖလပါ။ အချိန်ကို ထိန်းချုပ်နိုင််တဲ့ စွမ်းအားရှိတယ်။ ချီလင်မသေမျိုးရဲ့အရိယဖလက အားအကြီးဆုံးရှင်သန်မှုအရိယဖလပါ။ သူ့ကြုံတွေ့ဖူးပြီးသား တိုက်ခိုက်မှုပညာရပ်အားလုံး သူ့အပေါ်မသက်ရောက်နိုင်ဘူး"

သင်ကြားရေးခန်းမ ငြိမ်ကျသွားသည်။

"အကြီးအကဲ ကျုပ်ဖြေတာမှန်လား"

သင်ကြားရေးအကြီးအကဲ ခဏမင်သက်မိနေသည်။

လုယန်ဖြေသွားသည်က အတော်ရှည်လျားကြောင်း သူမှတ်မိသည်။ သို့သော် လုယန်ပြောသွားသည့်စကားများကို သူလုံးဝပြန်စဉ်းစားမရ။

သူဘာပြောသွားသနည်း။

'အကြီးအကဲ...အကြီးအကဲ"

လုယန် နှစ်ကြိမ်ဆက်တိုက်ခေါ်လိုက်မှ အကြီးအကဲ အသိပြန်ဝင်လာသည်။

"အာ...အဲ..."

"အကြီးအကဲ၊ ခုနက တစ်ခြားကိုစိတ်ရောက်နေတာတော့ မဟုတ်ဘူးမို့လား"

လုယန်စကားကို မကြားသလိုဟန်ဆောင်၍ အကြီးအကဲ ချောင်းတစ်ချက်ဟန့်သည်။

"အဟမ်း...လုယန်၊ မင်းအဖြေ အတိုင်းအတာတစ်ခုထိ မှန်ပါတယ်။ ငါထပ်ပြောပြမယ်။ 'ငါးခု'ဆိုတာ လောကရဲ့ အတည်ငြိမ်ဆုံး ကိန်းဂဏန်းပဲ။

ဥပမာ အလယ်ပိုင်းတိုက်နယ်ဘေးပတ်လည်မှာ အရှေ့အနောက်တောင်မြောက် နယ်မြေလေးခုရှိတယ်။ မသေမျိုးငါးဂိုဏ်းရှိတယ်။ ဓာတ်ငါးမျိုးဂိုဏ်းမှာ စွမ်းအင်ကြောငါးခုရှိတယ်။

ဘယ်လိုပေါ်လာမှန်းမသိတဲ့ ကောင်းကင်ရုံးတော်ဂိုဏ်းအပါအဝင် နတ်ဆိုးဂိုဏ်းကြီး ငါးဂိုဏ်းရှိတယ်။

ဓာတ်ငါးမျိုးသဘောတရားအရသုံးသပ်ရင် ကောင်းကင်ရုံးတော်ဂိုဏ်းဟာ ငါးခုမြောက်နတ်ဆိုးဂိုဏ်းဖြစ်လာဖို့များတယ်။

ပြီးတော့ မင်းတို့ငါးယောက်ပေါ့။ တာအိုလမ်းစည်ဂိုဏ်းရဲ့ လူငယ်မျိုးဆက်မှာ အထူးချွန်ဆုံးငါးယောက်လေ။ ဒါလည်း ဓာတ်ငါးမျိုးသဘောတရားနဲ့ ကိုက်ညီတာပဲ"

မုန်ကျင်းကျိုး လုယန်ကိ သိစိတ်အာရုံဖြင့် လှမ်းပြောသည်။

"တကယ်လေးစာစရာပဲ။ မင်းခုနက ဘယ်လိုလုပ်လိုက်တာလဲ။ မင်းစကားတွေအများကြီးပြောသွားတာ ငါကြားလိုက်တယ်။ ဒါပေမယ့် တစ်ခုမှငါပြန်စဉ်းစားလို့မရဘူး"

လုယန်က အလေးအနက်လေသံဖြင့်

"ဒါက ရှေးဟောင်းလျှို့ဝှက်ပညာတစ်ခုပါ။ ငါတစ်ယောက်ပဲ သုံးနိုင်တာ"

သူသက်ပြင်းချသည်။ မသေမျိုးများ၏ မေ့ပျောက်ခြင်းဗီဇစွမ်းရည်က တကယ်အသုံးဝင်လာသဖြင့် ဝမ်းသာမိသည်။

သိပ်မကြာမီ ယနေ့သင်ခန်းစာ၏ အဓိကအကျဆုံးအပိုင်းသို့ ရောက်လာသည်။

"ကဲ..အခုဆက်ပြီး ဓာတ်ငါးမျိုးပညာနဲ့ ပတ်သက်တဲ့ပညာတွေအကြောင်း ဆွေးနွေးရအောင်။ မင်းတို့ထဲမှာ ဓာတ်ငါးမျိုးပညာနဲ့ ဘယ်သူအရင်းနှီးဆုံးလဲ"

"သူပါ"

ကျန်လေးယောက်လုံး လုယန်ကို ချက်ချင်းလက်ညှိုးထိုးပြကြသည်။ လုယန် မျက်လုံးပြူးသွားသည်။

အကြီးအကဲ နည်းနည်းအံ့၏သွားသော်လည်း အတော်ကျေနပ်နေဟန်ရှိသည်။

"ဪ..မင်းမှာ ဓားဝိညာဉ်မြစ်ရှိတယ်လို့ ငါကြားတယ်။ မင်းက ဓာတ်ငါးမျိုးပညာတွေကိုလည်း ကျွမ်းကျင်နေမယ်လို့ ထင်မထားဘူး။ မင်းဘယ်လိုကျင့်ကြံခဲ့လဲ ပြောပြပါလား"

လုယန် အခက်တွေ့သွားသဖြင့် ခေါင်းကုတ်နေသည်။ သူမှော်ပညာများကျင့်ကြံခဲ့သည်က အလွန်ချောမွေ့ပြီး အခက်အခဲတစ်ခါမှမကြုံဖူးကြောင်း ဘယ်လိုရှင်းပြရမည်နည်း။

"ကျုပ်နားလည်သလို လိုက်လုပ်ပြီး နည်းနည်းလေ့ကျင့်လိုက်တာပါပဲ။ အဲလိုနဲ့ တတ်ခဲ့တာပါ"

ပညာရပ်၏အကျိုးသက်ရောက်မှုရှိမရှိ မသေချာသော်လည်း သူကျင့်ကြံသည့်နည်းလမ်းက တကယ်ပုံမှန်အတိုင်းသာဖြစ်သည်။

*********************************

All Chapters