← Chapters

ရေခွဲပညာ

Vol. 36 Ch. 540

ရေခွဲပညာ

Vol. 36 Ch. 540

"အဓိပ္ပါယ်မရှိတာ မပြောနဲ့ကွ။ ဓာတ်ငါးမျိုးမှော်ပညာတွေဟာ လေ့ကျင့်ဖို့ အဲလောက်လွယ်မယ်ထင်နေလား"

သင်ကြားရေးအကြီးအကဲက လုယန်ကို မာန်မဲသည်။ ဓာတ်ငါးမျိုးပညာများ ထိုမျှလေ့ကျင့်ရလွယ်လျှင် ဓာတ်ငါးမျိုးဂိုဏ်းကြီး ရှိနေဖို့ပင်မလို။

"ဓာတ်ငါးမျိုးမှော်ပညာတစ်ခု အမှတ်မထင်တွေ့ပြီး အလွယ်တကူလေ့ကျင့်နိုင်ရုံနဲ့ တစ်ခြားမှော်ပညာတွေကို လေ့လာစရာမလိုဘူးလို့ မထင်လိုက်နဲ့။ မင်းလေ့ကျင့်ထားတဲ့မှော်ပညာက ဘာလဲ။ ငါ့ကိုပြစမ်းပါ"

အကြီးအကဲ၏အမြင်အရ လုယန်သည် မီးလုံးလို မြေနံရံလို ရိုးရှင်းလွယ်ကူသည့် မှော်ပညာတစ်ခု တတ်ထားသဖြင့် ဓာတ်ငါးမျိုးပညာများကို လေ့ကျင့်ဖို့လွယ်သည်ဟု အထင်ရောက်နေဟန်ရှိသည်။

တတ်သာတော့သဖြင့် လုယန် သူတတ်ထားသည့်ပညာများ တစ်ခုချင်းသရုပ်ပြသည်။

ညာလက်ဝါးကိုဖြန့်လိုက်သည်။ ရွှေရောင်မီးငှက်တစ်ကောင် ပေါ်လာသည်။ အသက်ဝင်နေသလိုထင်ရသည်။ ကြောက်စရာအပူစွမ်းအားကို ထုတ်လွှတ်နေသည်။ စားပွဲစင်ပေါ်မှ အကြီးအကဲတင်ထားသည့် မေးခွန်းစာရွက်များ မီးလောင်သွားသ်ည။

ထို့နောက် လုယန် ဘယ်လက်ဝါးကိုဖြန့်သည်။ ရသာသုံးပါးမီးတောက် ထိုးထွက်လာသည်။

အကြီးအကဲက လုယန်၏လက်ဝါးကို အပြည့်အဝအာရုံစိုက်၍ ကြည့်နေသည်။ သို့သော် ထိုပညာကိုသူနားမလည်။

"ဒါကဘာလဲ"

"ရွှေငှက်မီးတောက်စစ်နဲ့ ရသာသုံးပါးမီးတောက်စစ်ပါ"

"ဘယ်လို"

ထိုမီးတောက်နှစ်မျိုးကို သူတစ်ခါမှမကြားဖူး။

မီးတောက်စစ် ၁၀၈ မျိုးက ဘယ်အချိန် ၁၁၀ ဖြစ်နေမှန်းမသိ။

သူအံ့ဩနေစဉ်မှာပင် လုယန် သစ်စေ့တစ်စေ့ထုတ်၍ မြေထဲတွင် စိုက်သည်။

သစ်စေ့က မြေထဲမြုပ်သွားပြီး အမြစ်ထွက်လာသည်။ ကြာပန်းနှစ်ပွင့်ပေါ်လာသည်။ ကြားပန်းနှစ်ပွင့်ပေါ်တွင် လုယန်တစ်ယောက်စီ ရပ်နေသည်။ တစ်ယောက်က ဝတ်စုံဝတ်ထားသည်။ တစ်ယောက်က ကြာရွက်များဖုံးအုပ်ထားသည်။

"ဒါဘယ်လိုမှော်ပညာမျိုးလဲ"

အကြီးအကဲ၏မျက်လုံးများ ပေါက်ထွက်မတတ် ပြူးကျယ်နေသည်။

"သစ်ပင်စိုက်ပညာပါ"

မင်းဟာက ဘယ်လိုသစ်ပင်စိုက်ပညာမျိုးလဲကွာ...

သူထုတ်မေးချိန်မရလိုက်။ လုယန်က ကိုယ်ပွားကိုပြန်သိမ်း၍ မြေထဲသို့အောင်းသွားပြီး လွတ်လပ်စွာ လှုပ်ရှားနေသည်။

မြေကြီးကိုပင် တစ်ချက်နှစ်ချက် ကိုက်စားသေးသည်။

"မြေထွက်ပြေးပညာလား"

အကြီးအကဲစိတ်ထဲ သိပ်မသေချာလှ။ လုယန်၏လှုပ်ရှားဟန် မြေထွက်ပြေးပညာနှင့်တူသည်။ သို့သော် သူ့ဝိညာည်စွမ်းအင်လည်ပတ်ပုံက ကွဲပြားနေသည်။

"ဒါကို မြေစုံ့ပညာလို့ ကျုပ်နာမည်ပေးထားတယ်"

"မင်းကိုယ်တိုင်တီထွင်ထားတဲ့ ပညာလား"

"အဲလိုပဲဆိုပါတော့။ မထင်မှတ်ဘဲ တတ်သွားတာပါ"

အကြီးအကဲ မျက်ခုံးလှုပ်သွားသည်။ လုယန်သရုပ်ပြသည့် ဓာတ်ငါးမျိုးမှော်ပညာများကို တစ်ခုမှလုံးဝနားမလည်။ ရိုးရှင်းလွယ်ကူသည့် မှော်ပညာများမဟုတ်သည်မှာ သေချာနေသည်။

"သတ္တုဓာတ်မှော်ပညာအတွက်တော့ ဓားမှော်စက်ဝန်းပညာက အကျုံးဝင်လောက်ပါတယ်"

ခြောက်ပေရွှေခန္ဓာပညာကို လုယန် ထုတ်ပြဖို့အစီအစဉ်မရှိ။ ထို့ပညာက ဂိုဏ်းသခင်လေးလု၏ပညာဖြစ်သည်။ ယခုသူသည် ဂိုဏ်းသခင်လုမဟုတ်။ ရွှေခန္ဓာမှော်ပညာကို ထုတ်ပြ၍မဖြစ်။

"ရေဓာတ်မှော်ပညာတော့ တစ်ခုမှ မသင်ရသေးပါဘူး"

အကြီးအကဲ အတော်အံ့အားသင့်နေသည်။ ဓာတ်ငါးမျိုးတွင် လေးမျိုးကို လုယန်တတ်မြောက်ထားသည်။ ကျင့်စဉ်စွမ်းအားလည်း လုံးဝနောက်ကျကျန်ရစ်ခြင်းမရှိ။ ဓားမှော်စက်ဝန်းပညာကိုပင် တတ်ထားသည်။

ဤလုယန်သည်း ဓာတ်ငါးမျိုးပညာများနှင့်ပတ်သက်၍ နားလည်နိုင်စွမ်းမြင့်မားနေသလားမသိ။

သူ့လိုလူကို တာအိုလမ်းစဉ်ဂိုဏ်းက စည်းရုံးနိုင်ခဲ့သည်မှာ တကယ်ကြီးမားသည့် အောင်မြင်မှုဖြစ်သည်။

"သိပ်ကောင်းပါတယ်။ ဓာတ်ငါးမျိုးမျော်ပညာတွေဟာ တစ်ခုကိုတစ်ခု အထောက်အပံ့ပြုကြတယ်။ လွှမ်းမိုးကြတယ်။ မင်းက လေးမျိုးတတ်ထားပြီးသားဆိုတော့ ဒီအပိုင်းမှာ ပါရမီထူးတဲ့သဘောပဲ"

"ဟုတ်ပါတယ်၊ ကြွားပြောတာမဟုတ်ဘူး။ လုယန်ရဲ့ ပါရမီက အမယွမ်ထက်တောင် သာပါတယ်"

မုန်ကျင်းကျိုးက မှော်ပညာပညာရမီကို ချီးကျူးသည်။ ဂိုဏ်းတူညီအကိုဖြစ်ရသည်ကို အတော်ဂုဏ်ယူနေသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကျုပ်လည်း အဲလိုပဲမြင်ပါတယ်"

လီဟော်ရန်ကလည်း စိတ်အားထက်သန်စွာ ထောက်ခံသည်။

အရိုးရိုင်း ခေါင်းကုတ်နေသည်။ ထိုနှစ်ယောက်၏စကားတွင် လျှို့ဝှက်အဓိပ္ပါယ်များပါနေသလို ခံစားရသည်။ သူစိတ်ထင်၍လားတော့မသိ။

သို့သော် ဆက်မတွေးတော့။ အများအမြင်အတိုင်း လိုက်ရုံသာရှိသည်။

"ကျုပ်လည်း အဲလိုပဲမြင်ပါတယ်"

ထောင်ယော်ယဲ့တစ်ယောက်သာ အသံတိတ်နေသည်။

လုယန် ကြောက်ချွေးပြန်နေသည်။ ခွေးသူတောင်းစားမုန်ကျင်းကျိုးက သူ့ကို အချွန်ဖြင့်မ,၍ အသေသတ်နေသည်။

ဒီကိစ္စအတွက် မင်းပြန်ပေးဆပ်ရမယ်ကွ...

"မင်းက ဓာတ်ငါးမျိုးပညာမှာ လေးမျိုးတတ်ထားတာဆိုတော့ ကျန်နေတဲ့ ရေဓာတ်မှော်ပညာကိုသင်ဖို့ သိပ်မခက်လောက်ပါဘူး။

မှော်ပညာငါးမျိုးကို မင်းကျွမ်းကျင်ရင် ဓာတ်ငါးမျိုးရဲ့ ထောက်ပံ့မှုဆန့်ကျင်မှုသဘောတရားတွေအရ ဓာတ်ငါးမျိုးပေါင်းစပ်မှော်ပညာကို ဖန်တီးနိုင်လိမ့်မယ်။

ကဲ...ရေဓာတ်မှော်ပညာကို မင်းသင်ချင်လား"

မှော်ပညာသင်ခွင့်ရမည်ဟုကြားသည်နှင့် လုယန် လုံးဝမငြင်းတော့။

"ကျုပ်ကို လမ်းညွှန်ပေးဖို့တောင်းဆိုပါတယ် အကြီးအကဲ"

လေးစားသည့်အပြုအမူကြောင့် လုယန်အပေါ် အကြီးအကဲ၏အမြင် သိသိသာသာပြောင်းလဲလာသည်။ သူခေါင်းငြိမ့်သည်။

"ဒါဆိုရင်..ရေခွဲပညာကို မင်းသင်ယူသင့်တယ်"

"ရေခွဲပညာ..."

"ရေခွဲပညာဟာ အလွန်ခက်ခဲတဲ့ ရေဓာတ်မှော်ပညာတစ်ခုပဲ။ ရေဝိညာဉ်မြစ်ရှိတဲ့လူတွေတောင် သင်ယူနိုင်ကြတာမဟုတ်ဘူး။ ဒါပေမယ့် ပညာတစ်ခု သင်ရခက်တယ်ဆိုတာ စွမ်းအားလည်းကြီးလို့ပဲ။ ဒီပညာတတ်သွားတာနဲ့ တစ်ခြားရေဓာတ်မှော်ပညာအားလုံးကို လွှမ်းမိုးနိုင်တယ်"

အားလုံးအံ့အားသင့်သွားသည်။ ထိုပညာထိုမျှစွမ်းအားကြီးမည်ဟု ထင်မထားကြ။

သင်ကြားရေးအကြီးအကဲက မုတ်ဆိတ်ဖြူကိုသပ်လျက် ခပ်ညှင်းညှင်းရယ်သည်။

"မဟာယုခေတ်အဆုံးသတ်ခါနီးမှာ ဩဇာရှိတဲ့မိသားစုခေါင်းဆောင်တွေက စစ်တပ်တွေဖွဲ့စည်းကြတယ်။ တစ်လောကလုံး ပရမ်းပတာဖြစ်နေတယ်။ နတ်စွမ်းအားပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က မြို့တစ်မြို့ကလူတွေကို ဒုက္ခသည်စခန်းဆီ ဦးဆောင်ခေါ်သွားတယ်။ ဒါပေမယ့် သူတို့လမ်းကြောင်းမှာ မြစ်ကြီးတစ်ခု ကန့်လန့်ခံနေသည်။

မြစ်ရေလှိုင်းတွေက ပြင်းထန်တယ်။ ရေစီးလည်းသန်တယ်။ ဘယ်သင်္ဘောမှ မဖြတ်နိုင်ဘူး။

နတ်စွမ်းအားပိုင်ရှင်ကတော့ မြစ်ကိုဖြတ်နိုင်တာပေါ့။ ဒါပေမယ့် သာမန်လူတွေက အဲလိုမလုပ်နိုင်ဘးလေ။ နတ်စွမ်းအားရှင်က မြစ်ဘေးမှာရပ်ပြီး မြေပြင်ကို သူ့တောင်ဝှေးနဲ့ သုံးကြိမ်ဆောင့်လိုက်တယ်။ ဧရာမမြစ်ကြီးက အလယ်တည့်တည့်မှာ ကွဲသွားပြီး မီတာရှစ်ဆယ်ကျယ်တဲ့ လမ်းကြောင်းတစ်ခုပေါ်လာတယ်။ စီးနေတဲ့ရေတွေက ဘေးနှစ်ဘက်မှာ နံရံလိုထောင်မတ်နေတယ်။

လူတွေအားလုံး မြစ်ကိုဖြတ်ပြီးသွားတော့ ရေနံရံတွေ ဝုန်းခနဲ ပြိုကျသွားပြီး မြစ်ရေပြင်လည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။

အဲဒါ ရေခွဲပညာပဲ"

မြစ်ရေကိုခွဲနိုင်သည့် ဤနတ်စွမ်းအားပညာရှေ့တွင် တစ်ခြားရေဓာတ်မှော်ပညာအားလုံး အသုံးမဝင်နိုင်တော့။

"မင်းရဲ့လက်ရှိအဆင့်နဲ့ မြစ်တစ်ခုကိုခွဲဖို့ဆိုရင် မင်းခန္ဓာကိုယ်အတွက် ဝန်ပိလွန်းမယ်။ ဒါပေမယ့် မင်းနဲ့အဆင့်တူထဲက ရေဓာတ်မှော်ပညာတွေနဲ့ ရင်ဆိုင်ဖို့တော့ ပြဿနာမရှိနိုင်ပါဘူး"

လုယန် အံ့အားသင့်သွားသည်။ ဤရေခွဲပညာသည် အတော်စွမ်းအားကြီးပုံရသည်။

"ကဲ..ဒီလိုလုပ်ကြစို့"

အကြီးအကဲက ရေဖြည့်ထားသည့် ဖန်ခွက်တစ်လုံးထုတ်သည်။ ဖန်ခွက်ကို ညင်သာစွာပွတ်လိုက်သည်။ ခွက်ထဲမှရေက နှစ်ခြမ်းကွဲသွားသည်။

တစ်ခြမ်းကို သူမောက်သောက်လိုက်သည်။ တစ်ခြမ်းက ပုံမပျက်ကျန်ခဲ့သည်။

"ကျုပ်ကိုသင်ပေးပါ အကြီးအကဲ"

လုယန် လက်နှစ်ဘက်ဆုပ်၍ ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ကောင်းပြီလေ"

အကြီးအကဲက လုယန်တစ်ယောက်တည်းကို သီးခြားခွဲသင်ပေးသည်မဟတု်။ ငါးယောက်လုံးကို ရေခွဲပညာအကြောင်း ရှင်းပြသည်။

ဓာတ်ငါးမျိုးပညာနှင့်ပတ်သက်၍ လုယန်၏ပါရမီကို အကဲဖြတ်ဖို့ အခွင့်ကောင်းတစ်ခုဖြစ်သည်။

"ရေခွဲပညာကိုသင်ဖို့ မင်းတို့စိတ်ကို တည်ငြိမ်အောင် ထားရမယ်။ ဝိညာဉ်စွမ်းအားကို လက်ထဲမှာစုစည်းပြီး ရေတံဆိပ်ဖန်တီးရမယ်။ လက်မနဲ့ လက်သန်းကို ထိထားပြီး ကျန်တဲ့လက်သုံးချောင်းကို ဆန့်ထုတ်ထားရမယ်..."

အကြီးအကဲက အသက်မပါသည့်လေသံဖြင့် ရှင်းပြနေသည်။ သို့သော် နားလည်သွားသည်နှင့် သူ့ရှင်းလင်းချက်များ ဘယ်လောက်တိကျကြောင်း သိလာပေလိမ့်မည်။

ရေခွဲပညာအခြေခံသဘောတရားကို နှစ်နာရီအတွင်း လုယန်နားလည်သွားသ်ည။ သို့သော် မုန်ကျင်းကျိုးတို့လူစုက မှော်ပညာပါရမီ...အထူးသဖြင့် ရေဝိညာဉ်မြစ်လိုအပ်သည့် မှော်ပညာများတွင် ပါရမီသိပ်မကောင်းသဖြင့် တိုးတက်မှုနှေးသည်။

"အကြီးအကဲ၊ ကျုပ်စမ်းကြည့်ချင်တယ်"

အကြီးအကဲ လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ဘောလုံးငယ်အရွယ် ရေလုံးတစ်ခု လုယန်ဆီ ပျံဝဲလာသည်။

"ဒီရေလုံးကို နှစ်ခြမ်းခွဲနိုင်ရင် မင်းအောင်မြင်ပြီ"

လုယန် လက်နှစ်ခုကိုပူးကပ်၍ မှော်မန္တာန်ကို အသံတိတ်ရွတ်ဆိုပြီး ရေတံဆိပ်ဖန်တီးသည်။

"ကန်နဲ့ပင်လယ်အားလုံး မူလပုံစံကို ပြန်ရောက်၊ မြစ်ကိုးဆင်း ကန်ရှစ်ခုက လမ်းလေးသွယ်ကိုဖွင့်တယ်...ခွဲစမ်း"

ညာလက်ညှိုးနှင်လက်ခလယ်ကိုပူး၍ ရေလုံးကိုချိန်ရွယ်ပြီး အော်ဟစ်လိုက်သည်။ ရေလုံးက လေထဲတွင် ပျောက်ကွယ်သွားသည်။

အကြီးအကဲ "..."

ဘယ်လိုဖြစ်တာလဲ...ရေလုံးက ဘယ်ရောက်သွားတာလဲ...

"ထပ်စမ်းကြည့်ပါ"

နောက်ထပ်ရေလုံးတစ်ခုဖန်တီးပေးပြီး လုယန်ကို ဆက်ကြိုးစားခိုင်းသည်။ လုယန် ရေခွဲမှော်ပညာကို နောက်တစ်ကြိမ် အသက်သွင်းသည်။ ရေလုံးက ပျောက်ကွယ်သွားပြန်သည်။ အစအန လုံးဝမကျန်ခဲ့။

လုယန်လည်း‌ တွေးမရ။ ရေလုံးတစ်ခုက ရုတ်တရက် ဘယ်လိုပျောက်သွးသည်မသိ။ သူလေ့လာနေသည်က လေဟာနယ်မှော်ပညာမဟုတ်။ နတ်မယ်ကို သူလှည့်မေးသည်။

"နတ်မယ်၊ ကျုပ်လုပ်လိုက်တာ ခင်ဗျားမြင်လား"

လုယန် မှော်ပညာတစ်ခုသင်မည်ကြားကတည်းက နတ်မယ်က သိစိတ်နယ်မြေထဲမှ မလွတ်တမ်းစောင့်ကြည့်နေခဲ့သည်။

"မြင်ပါတယ်။ နင်ရေခွဲပညာသုံးလိုက်တဲ့အချိန်မှာ ရေလုံးက ပျောက်သွားတာမဟုတ်ဘူး။ မျက်လုံးနဲ့ မမြင်နိုင်လောက်အောင် သေးသွားတာပါ"

"မမြင်နိုင်လောက်အောင် သေးသွားတယ်...ဟုတ်လား"

"ဟုတ်တယ်။ ရေငွေ့နှစ်မျိုး ကွဲထွက်သွားတယ်။ အငွေ့တစ်မျိုးထဲမှာ အလုံးတစ်ခုက တစ်ခြားလုံးတစ်ခုကို လှည့်ပတ်နေတယ်။ နောက်ထပ်အငွေ့တစ်မျိုးမှာ အလုံးရှစ်ခုက အလယ်က အလုံးတစ်ခုကို လှည့်ပတ်နေတယ်။

အဲဒီ့အငွေ့နှစ်မျိုးက လေထဲမှာ အတော်များများရှိနေပါတယ်"

လုယန် "..."

ဒါဆို..ငါ့ရေခွဲပညာက ရေကို ဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်ဖြစ်အောင် ခွဲလိုက်တာပေ့ါ...

****************************************

All Chapters