ဧည့်သည်ကို လမ်းပြလိုက်ခြင်း
Vol. 7 Ch. 91
ဒီစကားကြားတော့ နှစ်ယောက်သား ပါးစပ်အဟောင်းသား ဖြစ်သွားကြပါလေရော။ သြော်... ဒါက သူတို့ကို မောင်းထုတ်နေတာကိုး။
ချင်ရှုကျွမ်းကတော့ လက်မောင်းကိုပင့်ပြီး ယွီဟွေးဖေးနဲ့ တစ်ချီ နွှဲဖို့တောင် ကြံလိုက်ပေမဲ့ နောက်ဆုံးတော့ သူ့အစ်ကို ချင်ရှုပေါင်က တားလိုက်တယ်။
"ကျွန်မကို မတားနဲ့၊ သူ့ကို သေသေချာချာ ရှင်းပြရမယ်။ ဒါ ဘယ်လို ခွေးကျင့်ခွေးကြံ စည်းကမ်းကြီးလဲ။ တော်တော်လွန်တာပဲ" လို့ ချင်ရှုကျွမ်းက အော်ဟစ်ပြီး "သူဌေးယွီ..." လို့ ခေါ်လိုက်တယ်။
ယွီဟွေးဖေးကတော့ သူ့မကို ပြုံးပြုံးလေး ကြည့်လိုက်ပြီး ဂျိန်းဆို တံခါးကို ဆွဲပိတ်လိုက်ပါလေရော။
ဒီမြင်ကွင်းကိုမြင်တော့ ချင်ရှုကျွမ်းတစ်ယောက် ဒေါသထွက်လွန်းလို့ အဆုတ်တွေတောင် ကွဲထွက်တော့မယ်။ ဒါပေမဲ့ တံခါးက ပိတ်သွားပြီဆိုတော့ တံခါးရှေ့မှာရပ်ပြီး ဆဲဆိုနေဖို့ကလည်း သူ့စတိုင်မဟုတ်ဘူးလေ။ သူမက မျက်လုံးလှလှလေးတွေနဲ့ ချင်ရှုပေါင်ကို စိုက်ကြည့်ပြီး ပြောတော့ပါလေရော။
"ဒါ တော်တော်လွန်လွန်းမနေဘူးလား... နောက်ပြီး ရှင့်ဟာက ဘာဖြစ်နေတာလဲ။ ဘာလို့ ကျွန်မကို အမြဲတားနေရတာလဲ။ ဒီတစ်ခါ ကျွန်မက အကြောင်းမဲ့ ရစ်နေတာ မဟုတ်ဘူးနော်။ ရှေ့က အာဇာနည်တွေအတွက် တာဝန်ယူနေတာ၊ ဟုတ်ပြီလား"
ချင်ရှုပေါင်က ခေါင်းညိတ်ပြီး "သိပါတယ်။ ဒါပေမဲ့ သူဌေးယွီက ဘယ်လိုလူစားလဲဆိုတာ နင်လည်း မြင်သားပဲ။ သူက အာဇာနည်တွေကို မလေးမစားလုပ်မယ့်ပုံ ပေါက်လို့လား"
ချင်ရှုကျွမ်းက နှုတ်ခမ်းလေးစူပြီး "ဒါဆို သူက..."
"သူ့မှာ သူ့အကြောင်းနဲ့သူ ရှိမှာပေါ့။ ကိစ္စတွေကို သေသေချာချာ မသိသေးခင်မှာ ငါတို့ဘက်က စောစောကောက်ချက်မချသင့်ဘူး။ အရင်ဆုံး သွားပြင်ဆင်ကြရအောင်။ အဆင်သင့်ပြင်ဆင်ထားတာကမှ ပြဿနာဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းပဲ" လို့ ချင်ရှုပေါင်က ရှင်းပြတယ်။
ချင်ရှုကျွမ်းလည်း ဘာမှမတတ်နိုင်တော့ဘဲ ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီလေ... နောက်မှ ရှင်တို့နဲ့ စာရင်းရှင်းမယ်"
...
"သူတို့ကို ဒီအတိုင်းပဲ မောင်းထုတ်လိုက်တာလား" ချွေ့ကျွယ်က ရယ်ပြီးမေးတော့ ယွီဟွေးဖေးက လက်နှစ်ဖက်ဖြန့်ပြီး ရှင်းပြတာပေါ့။
"မောင်းမထုတ်လို့မှ မဖြစ်တာကိုး... ဒီည လုပ်ရမယ့် အလုပ်က အကြီးကြီး၊ အသံတွေလည်း ဆူမှာ။ သူတို့နှစ်ယောက်ကလည်း ပါးနပ်လွန်းတဲ့ဟာတွေ၊ ဒီမှာထားခဲ့ရင် ပြဿနာတွေ ရှုပ်ကုန်မှာစိုးလို့"
"ဘာလုပ်မှာမို့လို့တုန်း"
နွားခေါင်းက စပ်စုပြီး မေးလာတော့ ယွီဟွေးဖေးက အကျဉ်းချုံးရှင်းပြလိုက်တယ်။ သင်္ချိုင်းတူးမယ်၊ အခေါင်းဖွင့်မယ်၊ DNA ယူမယ်၊ ပြီးရင် တစ်ကမ္ဘာလုံးက အချက်အလက်တွေနဲ့ တိုက်စစ်ပြီး အာဇာနည်တွေရဲ့ မျိုးဆက်တွေကို ရှာမယ်... ဘာညာသာရကာပေါ့။
ဒီစကားတွေကြားတော့ မြေအောက်ဘုရင်ရဲ့ လက်ပါးစေ နတ်မင်းတွေရဲ့ မျက်နှာတွေက တစ်မျိုးတစ်မည် ဖြစ်ကုန်ကြရော။ နွားခေါင်း၊ မြင်းခေါင်းနဲ့ သရဲနက်ဖြူတို့က တစ်ပြိုင်နက် ခေါင်းခါမိလေရဲ့။
"ဒါက ဘာအဓိပ္ပာယ်ရှိလို့လဲ။ အဲ့ဒီလူတွေက ဘဝကူးသွားတာ ကြာလှပြီ။ အခုမှ အရိုးစုကို ပြန်ရှာပြီး ဆွေမျိုးတော်စပ်နေတာက ဘာထူးမှာလဲ။ ဘဝမကူးခင်တုန်းကသာဆို သူတို့လည်း မျှော်တိုင်းဝေးကျောက်တုံးပေါ်ကနေ ကိုယ့်ဆွေမျိုးတွေကို ကြည့်ပြီး စိတ်ဖြေသာရသေးတယ်။ အခုမှ ပြန်ရှာတာက သက်ရှိတွေအတွက် နှစ်သိမ့်မှုတစ်ခုသက်သက်ပါပဲ"
ချွေ့ကျွယ်ကလည်း "ဟုတ်တယ်လေ၊ ဒီလောက်ကြာနေပြီကို... ပြီးတော့ သူတို့က တိုက်ပွဲမှာကျဆုံးခဲ့တဲ့ အာဇာနည်တွေ။ ဒီလိုဝိညာဉ်မျိုးဆို ဦးစားပေးပြီး ပို့ပေးလိုက်တာ၊ ကြာကြာမစောင့်ခိုင်းဘူး"
ရှောင်ထျန်းချန်ကလည်း "ညီလေးယွီ ငါပြောပြမယ်... ဒီလိုကိစ္စတွေ မင်းဝင်မရှုပ်ပါနဲ့ကွာ။ လူရှင်တွေက လူသေတွေအတွက် ဘာလို့ ခေါင်းရှုပ်နေမှာလဲ။ ပြီးတော့ မင်းခေါင်းရှုပ်ခံနေလည်း အလကားပဲ"
ယွီဟွေးဖေးက သူတို့ကို မျက်စောင်းတစ်ချက်ထိုးပြီး "ခင်ဗျားတို့ပြောတာ မှန်ချင်မှန်မယ်၊ ဒါပေမဲ့ ကျုပ်အဘိုးပြောဖူးတယ်။ တချို့ကိစ္စတွေက လူသေတွေကြည့်ဖို့ လုပ်တာမဟုတ်ဘူး၊ လူရှင်တွေကြည့်ဖို့ လုပ်တာတဲ့"
"အဲ့ဒါ မျက်နှာပြောင်တိုက်တာ မဟုတ်ဘူးလား။ ဟိုငတုံးတွေလိုပေါ့။ လူရှင်ထင်ရှားရှိတုန်းက ဂရုမစိုက်ဘဲ သေမှ သင်္ချိုင်းမှာ သွားငိုပြနေတာ၊ ဟာသပဲ" လို့ သရဲနက်က လှောင်လိုက်တယ်။
ယွီဟွေးဖေးက ခေါင်းခါပြီး "အဲ့လိုသဘောမဟုတ်ဘူးဗျ။ အဘိုးက ဒီလောကမှာ သရဲတစ္ဆေရှိတယ်ဆိုတာကို လုံးဝမယုံဘူး။ သူထင်တာက လူသေရင် မြေစာတစ်ပုံပဲ၊ ဘာမှမထူးဘူးတဲ့။ ဒါပေမဲ့ ကန်တော့ပွဲတော့ လုပ်ရတယ်..."
"ဘာလို့လဲ။ သူများတွေမြင်အောင် ကိုယ်ဘယ်လောက်သိတတ်ကြောင်း ပြပြီး မျက်နှာလုပ်ချင်လို့လား" သရဲဖြူက ခနဲ့တဲ့တဲ့မေးရော။
ယွီဟွေးဖေးက ခေါင်းထပ်ခါပြီး "မဟုတ်ဘူး... နောက်မျိုးဆက်တွေ မြင်အောင်လုပ်ပြတာ။ နောက်မျိုးဆက်တွေက ငါတို့ဘိုးဘေးတွေကို ဒီလိုနည်းနဲ့ အောက်မေ့သတိရတယ်ဆိုတာ မြင်အောင်၊ ဒီလိုဓလေ့ထုံးစံတွေကတစ်ဆင့် သိတတ်လိမ္မာမှုကို အစစ်အမှန် မြင်တွေ့သွားအောင်လို့။ တကယ်တော့ ငိုချင်းချတာ၊ သင်္ချိုင်းသွားတာ၊ စက္ကူမီးရှို့တာ၊ အမွှေးတိုင်ထွန်းတာတွေအားလုံးဟာ ကျုပ်အဘိုးအမြင်မှာတော့ နောက်မျိုးဆက်တွေအတွက် မျှော်လင့်ချက်တွေနဲ့ ပြည့်နေတဲ့ ဓလေ့ထုံးစံတွေပဲ"
"ဒါဟာ မျိုးဆက်တစ်ခုကနေတစ်ခုကို လက်ဆင့်ကမ်းတဲ့အရာဖြစ်သလို၊ ဆုံးမသွန်သင်မှုတစ်ခုလည်း ဖြစ်တယ်။ အာဇာနည်တွေအတွက် အိမ်ပြန်လမ်းရှာပေးတာက သူတို့မိသားစုတွေကို နှစ်သိမ့်ပေးတာပါ၊ အာဇာနည်တွေရဲ့ အသက်ပေးမှုက အလကားမဖြစ်ခဲ့ဘူး၊ လူတွေက သူတို့ကို အမှတ်ရနေသေးတယ်ဆိုတာ သိစေချင်လို့။ နောက်ပြီး နောက်လူတွေကိုလည်း ပြောပြချင်တာက သူရဲကောင်းဟာ ဘယ်ခေတ်ရောက်ရောက် ထာဝရသူရဲကောင်းပဲ၊ လူတွေက သူတို့ကို အမြဲတမ်း အမှတ်ရနေမယ်၊ လွမ်းဆွတ်နေမယ်ဆိုတာကိုပေါ့"
ဒီစကားတွေကြားတော့ ချွေ့ကျွယ်တို့အဖွဲ့ ကြောင်သွားတယ်။ ယွီဟွေးဖေးဆီက ဒီလိုစကားမျိုး ထွက်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားဘူးလေ။
နွားခေါင်းက ပါးစပ်သပ်ပြီး "အင်း... ဟုတ်သလိုလိုတော့ပဲ။ ဘိုးတော်ချွေ့... ခင်ဗျားက စာပေကျမ်းဂန်အသိဆုံး၊ ဘယ်လိုထင်လဲ"
ချွေ့ကျွယ်က ရုတ်တရက်ပြုံးလိုက်ပြီး "ငါ အခုမှ သဘောပေါက်တော့တယ်။ လူယာ ဘာလို့ အစကတည်းက မင်းအဘိုးကို အရင်ရှာခဲ့လဲ။ နောက်တော့ ငါတို့က လက်ဦးသွားတော့မှ မင်းကို ဘာလို့ထပ်ရှာလဲဆိုတာကိုပေါ့..."
ယွီဟွေးဖေးက နားမလည်စွာနဲ့ "ဘာလို့လဲဗျ"
ရှောင်ထျန်းချန်က ဟီးဟီးရယ်ပြီး "မင်းက ငတုံးငအဖြစ်နေလို့ပေါ့ကွ"
ယွီဟွေးဖေး "@#¥%……&"
"အတွေးအခေါ်ချင်း မတူပေမယ့် ငါ့ညီလေးယွီရဲ့ အဆိုကိုတော့ ငါထောက်ခံတယ်။ ကဲ... ငါ့ညီ၊ မင်းဘယ်လိုလုပ်ချင်လဲ" လို့ ချွေ့ကျွယ်က မေးတယ်။
နွားခေါင်းက "ညီအစ်ကိုတွေပဲကွာ၊ ပြောစမ်းပါ၊ ငါတို့ ဘယ်လိုကူညီပေးရမလဲ"
ရှောင်ထျန်းချန်တစ်ကောင်ပဲ လည်ပင်းလေးပုပြီး ဒါ ငါနဲ့မဆိုင်ဘူးဆိုတဲ့ပုံစံနဲ့ နေနေရော။
မြင်းခေါင်းက "မင်းသီအိုရီအရဆိုရင်တော့ မြေကြီးတစ်ပုံသက်သက်ပဲပေါ့။ ဒါပေမဲ့ သူတို့ရဲ့မျိုးဆက်တွေကို ဆုံးမသွန်သင်နိုင်မယ်၊ သူတို့မျိုးဆက်ထဲကနေ ဒီလိုသူရဲကောင်းတွေ ပိုထွက်လာနိုင်မယ်ဆိုရင်တော့ လုပ်သင့်တာပေါ့"
ကျန်တဲ့သူတွေလည်း ခေါင်းညိတ်ပြီး ဒီကိစ္စလုပ်သင့်တယ်လို့ ထင်ကြတယ်။
ယွီဟွေးဖေးက "အများကြီးတော့ မဟုတ်ပါဘူး၊ ဒီညတော့ အားလုံးပဲ ကိုယ်လက်လှုပ်ရှားကြရုံပါပဲ..."
နွားခေါင်းတို့အဖွဲ့ ချက်ချင်းသဘောပေါက်သွားပြီ။ ယွီဟွေးဖေးက သူတို့ကို ဒီည သင်္ချိုင်းတူးခိုင်းမလို့ကိုး။
ဒီနတ်မင်းလေးပါးထဲမှာ နွားခေါင်းနဲ့မြင်းခေါင်းက ငရဲ ၁၈ ထပ်ကို ပို့တဲ့အပိုင်းကို တာဝန်ယူရတာဆိုတော့ သင်္ချိုင်းတူးတာ၊ မြှုပ်တာတွေမှာ မကျွမ်းကျင်ဘူး။ ဒါပေမဲ့ သရဲနက်ဖြူနှစ်ကောင်ကတော့ မရေမတွက်နိုင်တဲ့ နှစ်တွေအကြာကြီး ရှင်သန်လာခဲ့တာ၊ ဘယ်လောက်များတဲ့ သင်္ချိုင်းကုန်းတွေမှာ လူတွေမြှုပ်တာကို ကြည့်ပြီး ဝိညာဉ်တွေကို ခေါ်သွားခဲ့လဲ မသိဘူး။
ဒါကြောင့် သူတို့သာရှိရင် ကျွမ်းကျင်ပညာရှင်တွေထက်တောင် ပိုပညာသားပါဦးမယ်။ ဒါကလည်း ယွီဟွေးဖေးရဲ့ ယုံကြည်မှုအပြည့်ရှိနေရတဲ့ အကြောင်းရင်းပဲ။ မလုပ်ရင်မလုပ်ဘူး၊ လုပ်ရင်တော့ အကောင်းဆုံးဖြစ်ရမယ်။ အားလုံးသဘောတူညီမှုရသွားတော့ ကျန်တာက အနားယူ၊ ညစာများများစားပြီး အားအင်အပြည့်နဲ့ တစ်ညတာလုံး တိုက်ပွဲဝင်ဖို့ပဲ ရှိတော့တယ်။
တစ်ဖက်မှာတော့ ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းတို့က ဆောက်လုပ်ရေးအဖွဲ့ကို ဆက်သွယ်ဖို့ တိုင်ပင်နေကြတုန်း။
"သင်္ချိုင်းဂူ ၁၇၃ ခုတောင်၊ သုံးရက်နဲ့ ရှင်းရမယ်ဆိုတာ တော်တော်ခက်တာပဲ" ချင်ရှုကျွမ်းက ညည်းညည်းညူညူနဲ့ "သူဌေးယွီကလည်း လူကို အကျပ်ကိုင်လွန်းတယ်။ သူ့အဘိုးမှာ ဘာလို့ ဒီလိုစည်းကမ်းမျိုး ရှိနေရတာလဲ"
ချင်ရှုပေါင်က "လူကြီးတွေဆိုတာ ဒီလိုပဲလေ၊ နားလည်ရခက်တဲ့ စွဲလမ်းမှုလေးတွေ ရှိတတ်ကြတာပေါ့။ ပြီးတော့ ငါ့အမြင်မှာတော့ ဒီသူဌေးယွီက သာမန်လူတစ်ယောက် မဟုတ်ဘူး။ သူက ငါတို့ကို သုံးရက်အတွင်း ဘယ်လိုပြီးအောင် ကူညီမလဲဆိုတာ ငါလည်း စိတ်ဝင်စားတယ်။ တကယ်လို့ သူလုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့၊ မလုပ်နိုင်ရင်လည်း သူဌေးယွီပြောတဲ့ ဒုတိယနည်းလမ်းအတိုင်းပဲ ရွာထဲမှာ အားလုံးတည်းပြီး ဖြည်းဖြည်းချင်းလုပ်ကြတာပေါ့"
ချင်ရှုကျွမ်းက "ဒီလိုပဲ လုပ်ရတော့မှာပေါ့၊ ကျွန်မသိချင်တာက သုံးရက်... သူဘယ်ကနေ ဒီလောက်ယုံကြည်မှုတွေ ရနေတာလဲ။ တကယ်ပဲ သူ့ကိုယ်သူ နတ်ဘုရားများ ထင်နေလားမသိဘူး။"
ခေါင်းလေးခါရင်း ချင်ရှုကျွမ်းက နှုတ်ခမ်းလေးစူပြီး မကျေမနပ်နဲ့ ထွက်သွားတယ်။ သူ့ခေါင်းထဲမှာတော့ သုံးရက်ပြည့်ရင် ယွီဟွေးဖေးရဲ့ မျက်နှာကို ဘယ်လို အရှိုက်ထိအောင် ရွဲ့ရမလဲဆိုတာကို တွေးနေတာပေါ့။
ညရောက်သော်...
ယွီဟွေးဖေးက ရှေ့ဆုံးကနေ ဦးဆောင်ပြီး၊ သူ့ဘေးမှာ ချွေ့ကျွယ်၊ ခြေထောက်နားမှာတော့ သူခိုးမျက်လုံးပိုင်ရှင် ယုတ်မာတဲ့ပုံစံနဲ့ ခွေးနက်ကြီးတစ်ကောင်၊ နောက်မှာတော့ နွားခေါင်း၊ မြင်းခေါင်း၊ သရဲနက်ဖြူတို့နဲ့ တကယ့်ကို တန်ခိုးရှိန်ဝါအပြည့်နဲ့ သင်္ချိုင်းကုန်းထဲကို ဝင်ရောက်လာကြပါလေရော။
ရှေ့က သင်္ချိုင်းကုန်းကို ကြည့်ရင်း ယွီဟွေးဖေးက သူ့ငယ်ဘဝကို ပြန်သတိရသွားတယ်။ အဲ့ဒီတုန်းက သင်္ချိုင်းကုန်း၊ သင်္ချိုင်းဝင်းဆိုတာ ကြောက်စရာအကောင်းဆုံးနေရာတွေပဲ။ လူတွေဝင်သွားရင်တောင် သရဲခြောက်မှာ ကြောက်ကြတယ်။
ဒါပေမဲ့ အခုတော့ ယွီဟွေးဖေးက သူခေါ်လာတဲ့ အင်အားတောင့်တင်းလှတဲ့ အဖွဲ့ကြီးကို တစ်ချက်ကြည့်လိုက်ပြီး စဉ်းစားမိတယ်၊ ဒီအဖွဲ့နဲ့သာဆို သရဲကိုတောင် ငိုအောင် ခြောက်နိုင်လောက်သား။