36D
Vol. 7 Ch. 92
မေပယ်တောအနက်ရှိုင်းဆုံးနေရာကို ရောက်တော့ ယွီဟွေးဖေးက ပထမဆုံးသင်္ချိုင်းတစ်ခုကို ရှာပြီး သရဲဖြူကို လှည့်ကြည့်ကာ "ဘယ်လိုစမလဲ"
သရဲဖြူနဲ့ သရဲနက်တို့က စဉ်းစားမနေတော့ဘဲ ထုံးဖြူမှုန့်ကိုင်ပြီး မြေကြီးပေါ်မှာ မျဉ်းတချို့ဆွဲလိုက်တယ်။ ပြီးတော့ အားလုံးကို ပြောတယ်၊ "မျဉ်းအပြင်ဘက်ကို ကြိုက်သလိုတူး၊ မျဉ်းအတွင်းပိုင်းကိုတော့ မထိနဲ့"
ယွီဟွေးဖေးက အဓိပ္ပာယ်ပါပါနဲ့ မေးလိုက်တယ်၊ "ခင်ဗျားတို့ရဲ့ ဒီနည်းက ဘာအဆောင်ပညာများလဲ။ သရဲငယ်တွေ မနှောင့်ယှက်အောင်လား၊ ဒါမှမဟုတ် အမင်္ဂလာဓာတ်တွေ မဝင်အောင်လား"
သရဲဖြူက ဒီစကားကြားတော့ ဒေါသထွက်ပြီး ရယ်ချင်သွားရော။
"ဘာအဆောင်ပညာမှ မဟုတ်ဘူး၊ ဝိညာဉ်တောင် မရှိတော့တာကို ဘာတွေ လာအဆောင်လုပ်နေမှာလဲ။ ဘယ်သရဲငယ်က ဒီအချိန်မှာ လာရှုပ်ရဲလဲဆိုတာ ငါလည်းတွေ့ချင်သေးတယ်။ ငါဆွဲထားတာ အခေါင်းပုံစံကွ။ မင်းတို့လျှောက်တူးပြီး အခေါင်းကို ဖျက်ဆီးမိမှာစိုးလို့"
ယွီဟွေးဖေးလည်း ဘာမှဆက်မပြောနိုင်တော့ဘူး...
နွားခေါင်းက "ကဲကဲ... အားလုံးဖယ်ကြ၊ ထိခိုက်မိရင် တာဝန်မယူဘူးနော်" လို့ပြောရင်း လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဓားဆွဲထုတ်သလိုမျိုး ဂေါ်ပြားကြီးနှစ်လက်ကို ဆွဲထုတ်လိုက်ပါလေရော။
ပြီးတော့ ဒီကောင်က လူပုံစံနဲ့ မြေတူးစက်ကြီးလိုပဲ၊ ဘယ်ညာနှစ်ဖက်နဲ့ အားကုန်လွှဲပြီး တူးတော့တာပဲ။ မြေကြီးတွေ လေထဲပျံဝဲသွားပြီး ခဏလေးအတွင်းမှာ တွင်းကြီးတစ်တွင်း ပေါ်လာတယ်။
ဟိုဘက်မှာ မြင်းခေါင်းလည်း စလုပ်နေပြီ။ သူက ဂေါ်ပြားတစ်လက်တည်းသုံးတာ၊ အရှိန်ကလည်း မနှေးဘူး။ အဓိကက သူ့လှုပ်ရှားမှုတွေက အရမ်းကို တည်ငြိမ်ပြီး တိကျတယ်။ နွားခေါင်းလို ကြမ်းတမ်းမနေဘူး။ ဒါကြောင့် မြင်းခေါင်းက မျဉ်းဖြူနားက မြေကြီးတွေကို တူးတဲ့အပိုင်းကို တာဝန်ယူတယ်၊ အခေါင်းကို မထိခိုက်မိအောင်ပေါ့။
သရဲနက်ဖြူနှစ်ယောက်ကတော့ အစပိုင်းမှာ သင်္ချိုင်းတွေအားလုံးကို မျဉ်းလိုက်ဆွဲနေပြီး ဒီဘက်မှာ အခြေအနေအတော်အတန်ဖြစ်လာတော့မှ ပြန်လာပြီး နောက်ဆုံးအသေးစိတ်အလုပ်တွေကို ဝင်လုပ်ကြတယ်။ သူတို့နှစ်ယောက်က နွားခေါင်း၊ မြင်းခေါင်းလောက် အားမသန်ပေမယ့် အသေးစိတ်အလုပ်တွေမှာတော့ အရှိန်က အရမ်းမြန်ပြီး လုပ်ကိုင်ပုံကလည်း သေသပ်နေကောပဲ။
နောက်ဆုံးကတော့ ရှောင်ထျန်းချန်ပေါ့။ ဒီကောင်က အစပိုင်းမှာ သူ့ခြေသည်းတွေနဲ့ မြေကြီးကို ယက်ပြီးတူးနေတာ၊ အရှိန်ကလည်း မဆိုးပါဘူး။ ဒါပေမဲ့ နောက်တော့ ဒီလိုလုပ်တာ ခြေသည်းတွေ ပွန်းကုန်မယ်ဆိုတာ သိသွားတော့ အိမ်ပြန်ပြေးပြီး ဂေါ်ပြားတစ်လက် သွားယူလာတယ်။ ပြီးတော့ ခွေးခေါင်းနဲ့လူတစ်ပိုင်းလိုမျိုး ဂေါ်ပြားကိုင်ပြီး မြေတူးတော့တာ၊ အရှိန်က မြင်းခေါင်းထက် နည်းနည်းလေးပဲ နှေးတော့တယ်။
ဘေးမှာ ဂေါ်ပြားနှစ်လက်ကို မြေစိုက်ပြီး ခြေထောက်နဲ့ နင်းတူးမလို့ လုပ်နေတဲ့ ယွီဟွေးဖေးကတော့ ဒီမြင်ကွင်းကို ကြည့်ပြီး ကြောင်တောင်တောင်ဖြစ်သွားတယ်။ ခဏလောက်ရပ်ကြည့်ပြီးတဲ့နောက်မှာ သူ ရုတ်တရက် ခံစားလိုက်ရတာက၊ သူတူးတူးမတူးတူး ဒီဂေါ်ပြားနှစ်လက်က သိပ်အရေးမပါတော့ဘူးဆိုတာပါပဲ။
ဒါနဲ့ပဲ သူက အားလုံးရဲ့ အမြင်ကပ်တာကို ခံလိုက်ရပြီး ဘေးကို ကန်ထုတ်ခံလိုက်ပြီး သင်္ချိုင်းထဲကို လူဝင်လာပြီး မမြင်သင့်တာတွေ မြင်သွားမှာစိုးလို့ ကင်းစောင့်ခိုင်းလိုက်ကြတယ်။ ဒါပေမဲ့ အားလုံးက အပိုတွေတွေးနေကြတာပါ။ ညရောက်ပြီဆိုတာနဲ့ ရှို့လင်ရွာက လမ်းမပေါ်မှာတောင် လူမရှိတော့ဘူး၊ သင်္ချိုင်းကုန်းဆို ဝေးရောပေါ့။
ယွီဟွေးဖေးက အဝေးမှာ ခဏလောက်ထိုင်စောင့်နေပြီး နောက်ဆုံးတော့ ထပြီး ထွက်သွားတယ်။ မကြာခင်မှာပဲ ယွီဟွေးဖေးက အထုပ်အပိုးတွေနဲ့ ပြန်ရောက်လာကော။ အထဲမှာ အရက်ပုလင်းတချို့ရယ်၊ ငါးဘုရင်ဆိုင်က ငါးပေါင်းအိုးကြီးတစ်အိုးရယ်၊ အရိုးကင်အိတ်ကြီးသုံးအိတ်ရယ်၊ ပြီးတော့ အကင်အထုပ်ကြီးနှစ်ထုပ်တောင် ပါသေးတယ်။
ယွီဟွေးဖေးက အော်ပြောလိုက်ပုံက "ညီအစ်ကိုတို့... အားတင်းထားကြ။ ကျုပ်အရင်စားနှင့်မယ်"
အားလုံးက ဒါကိုမြင်တော့ ဒေါသထွက်လွန်းလို့ နှုတ်ခမ်းတွေတောင် စူထွက်လာကြပြီး သရဲနက်က တန်းအော်တော့တာပဲ။
"ဟေ့ကောင်တွေ... ဘေးမှာ တွင်းတစ်တွင်းတူးထားလိုက်။ ခဏနေကျရင် သူ့ကိုပါ မြှုပ်ပစ်မယ်"
အားလုံးက တစ်ညီတစ်ညွတ်တည်း ထောက်ခံကြတော့ ယွီဟွေးဖေးက အမြန်လေသံပြောင်းပြီး "အထင်မလွဲကြပါနဲ့။ ကျုပ်က ခင်ဗျားတို့အတွက် စောင့်ပေးနေတာလေ ခွေးတွေလာမစားအောင်လို့... ဟေး ဟေး ဟေး... ကိုခွေးကြီး၊ ခင်ဗျားကို ပြောတာမဟုတ်ဘူးနော်။ မျက်လုံးပြူးမကြည့်နဲ့၊ မြန်မြန်အလုပ်လုပ်ဟ"
နွားခေါင်း၊ မြင်းခေါင်းတို့က အစားသရဲတွေဆိုတော့ စားစရာကောင်းကောင်းတွေတွေ့ပြီး အရက်ပါ ပါလာမှန်းသိတော့ မြေတူးစွမ်းရည်တွေက ထိုးတက်သွားပါလေရော။
အနားယူတဲ့အချိန်မှာ တစ်ယောက်တစ်လှည့် အရိုးတစ်ချောင်းသွားယူ၊ ငါးတစ်လုပ်စားနဲ့ နောက်ဆုံးမှာတော့ အားလုံးက ပါးစပ်မှာ အရိုးကင်တစ်ချောင်းစီကိုက်၊ လက်ထဲမှာ ဂေါ်ပြားကိုင်ပြီး ချွေးသံတရွှဲရွှဲနဲ့ အလုပ်လုပ်ကြတော့တယ်။
ယွီဟွေးဖေးက ဒီမြင်ကွင်းကိုကြည့်ပြီး အံ့ဩတကြီးနဲ့ "သင်္ချိုင်းကုန်းမှာ အကင်စား၊ သင်္ချိုင်းတူးရင်း အရိုးကိုက်၊ ငါတို့လိုမျိုးကတော့ လောကမှာ ပထမဆုံးအကြိမ်ပဲ ဖြစ်မှာပဲနော်"
...
တစ်ညလုံး ဘာမှထူးထူးခြားခြားမဖြစ်ဘူး...
နောက်တစ်နေ့ ကြက်တွန်သံနဲ့အတူ တံခါးကို အသည်းအသန်ခေါက်သံတွေ ထွက်ပေါ်လာတယ်။
ဒုန်း ဒုန်း ဒုန်း...
"ဘယ်သူလဲဗျ" ချင်ရှုပေါင်က နဖူးကိုပွတ်ရင်း ထထိုင်လိုက်တယ်။ မနေ့ညက လူတွေဆက်သွယ်နေရလို့ မနက်သုံးနာရီကျော်မှ အိပ်ရတာ။ အခုမှ အိပ်ရုံရှိသေးတယ် တံခါးလာထုတော့ တော်တော်လေး နေရခက်နေပြီ။
တံခါးဖွင့်လိုက်တော့ အနီရောင်ဝတ်စုံနဲ့ ယွီဟွေးဖေးက တံခါးဝမှာ ပေါ်လာရော။
"သူဌေးယွီလား" ချင်ရှုပေါင်က အံ့ဩစွာနဲ့ "ဒီလောက်စောစောစီးစီး ဘာကိစ္စရှိလို့လဲခင်ဗျ"
ယွီဟွေးဖေးက "အဝတ်အစားဝတ်... ခင်ဗျားညီမကိုပါ နှိုးလိုက်။ သင်္ချိုင်းကုန်းမှာ ကိစ္စပေါ်ပြီ"
ချင်ရှုပေါင်က ဒီစကားကြားတော့ ချက်ချင်းလန့်သွားပြီး အဝတ်အစားကို ဖြစ်သလိုကောက်စွပ်လိုက်တယ်။ ပြီးတော့ ချင်ရှုကျွမ်းရဲ့ အခန်းတံခါးကို ခြေထောက်နဲ့ တစ်ချက်ကန်ဖွင့်ပြီး "ညီမလေး... ထတော့" လို့ အော်လိုက်တယ်။
ယွီဟွေးဖေးက တံခါးဝမှာ ရပ်နေပြီး သူက ချင်ရှုပေါင် တံခါးခေါက်လိမ့်မယ်လို့ ထင်ထားတာ။ ဒီကောင်က ဒီလောက်ကြမ်းတမ်းလိမ့်မယ်လို့ မထင်မိဘူး။ ပြီးတော့ ယွီဟွေးဖေး မြင်လိုက်ရတာက ချင်ရှုကျွမ်းဟာ အနက်ရောင်ညဝတ်အင်္ကျီလေးနဲ့ ကုတင်ပေါ်မှာ လှဲနေပြီး ခြေတံရှည်ရှည်တွေက စောင်ပေါ်ခွလျက်သားနဲ့ အိပ်မောကျနေတာ။
တံခါးကန်ဖွင့်သံကြောင့် လန့်ပြီး ထထိုင်လိုက်တဲ့အချိန်မှာ ယွီဟွေးဖေးက ရုတ်တရက် ခံစားလိုက်ရတယ်၊ ဒီကောင်မလေး တော်တော်လှတာပဲလို့ပေါ့။ အဝတ်အစားမပါလို့ လှတာမဟုတ်ဘူး၊ ချင်ရှုကျွမ်းက တကယ်ကို လှတဲ့ကောင်မလေးတစ်ယောက်ပါ။
ယွီဟွေးဖေး နားမလည်တာက ဒီကောင်မလေးက ဘာလို့ အဲ့ဒီလောက်တောဆန်တဲ့ အဝတ်အစားတွေကို ကြိုက်ရတာလဲဆိုတာပဲ။ အဲ့ဒီတောဆန်တဲ့ အဝတ်အစားတွေ ချွတ်လိုက်ရင် သူက ကိုယ်လုံးကိုယ်ပေါက်လှပတဲ့ မြို့ပြသူလေးတစ်ယောက်ပဲ။ ဒါပေမဲ့ ယွီဟွေးဖေး သိပ်ကြာကြာ မခံစားလိုက်ရခင်မှာပဲ အခန်းတံခါးက ပိတ်သွားတယ်။
ခေါင်းလေးခါပြီး ယွီဟွေးဖေးက မေးစေ့လေးပွတ်ရင်း တိုးတိုးလေးရေရွတ်လိုက်မိသား။
"ဒါကတော့..."
ယွီဟွေးဖေး ထင်ထားသလို ဒေါသပေါက်ကွဲမှုတွေ မဖြစ်ခဲ့ဘူး။ တစ်မိနစ်လောက်အကြာမှာ ချင်ရှုကျွမ်းက အဝတ်အစားဝတ်ပြီး ပြေးထွက်လာတယ်။ တွေ့တွေ့ချင်းပဲ "သင်္ချိုင်းကုန်း ဘာဖြစ်တာလဲ" လို့ မေးတော့ရော။
ယွီဟွေးဖေးက "အဲ... ခင်ဗျားတို့ဘာသာ သွားကြည့်လိုက်ကြတော့"
ပြီးတော့ သုံးယောက်သား အမြန်ပြေးထွက်ပြီး ကိုးလွှာကို တန်းသွားကြတယ်။ တံခါးမကြီးကို တွန်းဖွင့်၊ ဘေးတံခါးကိုဖွင့်ပြီး သင်္ချိုင်းကုန်းထဲဝင်ကာ မေပယ်တောအနက်ရှိုင်းဆုံးဆီကို တန်းသွားကြတာပေါ့။
ပြီးတော့...
"ဘုရား ဘုရား"
ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းတို့ ကြက်သေသေသွားကြပါလေရော။ နှစ်ယောက်သား အဲ့ဒီနေရာမှာ ရပ်နေရင်း ဦးနှောက်ထဲမှာ ပျားစွဲသလို တဝီဝီမြည်နေလေရဲ့။
"ငါ ဘာတွေမြင်နေရတာလဲ။ အိပ်မက်မက်နေတာလား" ချင်ရှုကျွမ်းက တိုးတိုးလေးရေရွတ်ရင်း သူ့ပေါင်သူ ဆွဲလိမ်ကြည့်နေတယ်။
ယွီဟွေးဖေးက ပြုံးစိစိနဲ့ "နာလား။ ကူလိမ်ပေးရမလား။ ကျုပ်လက်ရာက ကျွမ်းကျင်တယ်နော်..."
"နာတယ်... သွားစမ်း" ချင်ရှုကျွမ်းက အိပ်မက်ထဲကလို တုံ့ပြန်လိုက်ပြီးမှ သတိဝင်လာပြီး မောင်းထုတ်ပါလေကော။
ယွီဟွေးဖေးက ပခုံးတွန့်ပြီး "စေတနာကို ဝေဒနာဖြစ်အောင် လုပ်ပြန်ပြီ..."
မျက်စိရှေ့ မေပယ်တောအောက်မှာ အခေါင်းတွေက တစ်လုံးချင်းစီ တန်းစီလျက်သား။ စုစုပေါင်း ၁၇၃လုံး၊ တစ်လုံးမှမလျော့ဘူး။ အဓိကက ဒီအခေါင်းတွေက ကြမ်းကြမ်းတမ်းတမ်း တူးထုတ်ထားတာမဟုတ်ဘူးဆိုတာ သိသာတယ်။ အခေါင်းတစ်ခုလုံးက တူးထုတ်လိုက်ပေမယ့် နည်းနည်းလေးတောင် ပျက်စီးသွားတာမရှိဘူး။ ဒါကိုကြည့်ပြီး အဲ့ဒီတုန်းက ဒီအာဇာနည်တွေကို မြှုပ်နှံတဲ့အခါ ရွာသားတွေက အကောင်းဆုံးသစ်သားတွေနဲ့လုပ်ထားတဲ့ အခေါင်းတွေ သုံးခဲ့တယ်ဆိုတာ သိနိုင်တယ်။
ယွီဟွေးဖေးက သူ့အဘိုးပြောဖူးတာကို သတိရတယ်။ အဲ့ဒီတုန်းက ရွာသားတော်တော်များများက သူတို့ကိုယ်တိုင်အတွက် ပြင်ဆင်ထားတဲ့ အခေါင်းတွေကိုတောင် လှူဒါန်းခဲ့ကြတယ်တဲ့။ ဒါကြောင့် ဒီအာဇာနည်တွေက နာမည်ကြီးတောင်တန်းတွေမှာ မြှုပ်နှံခွင့်မရ၊ ကောင်းမွန်တဲ့ သင်္ချိုင်းကျောက်တိုင်တွေ မရှိပေမယ့် အခေါင်းတွေကတော့ ဖြစ်ကတတ်ဆန်းလုပ်ထားတာ တစ်ခုမှမရှိဘူး။
ချင်ရှုပေါင်က မျက်လုံးတွေတောက်ပြောင်စွာနဲ့ ယွီဟွေးဖေးကို စိုက်ကြည့်ပြီး "သူဌေးယွီ၊ ဒါ ရှင့်လက်ရာလား"
ယွီဟွေးဖေးက ပြုံးရုံလေးပြုံးပြီး "ဒါက... ဟုတ်တယ်လို့ ဆိုရမှာပေါ့"
"ဘာကို ဟုတ်တယ်လို့ ဆိုရမှာလဲ" ချင်ရှုကျွမ်းက နားမလည်စွာနဲ့ "ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင်မဟုတ်ဘူးပေါ့၊ ဘာလို့ ဟုတ်တယ်လို့ ဆိုရမှာလဲ"