ကုသိုလ်ထူးပြီးမြောက်ခြင်း
Vol. 7 Ch. 93
ယွီဟွေးဖေးက မျက်နှာမပျက်၊ စိတ်မလှုပ်ရှားဘဲ တည်တည်ငြိမ်ငြိမ်နဲ့ လျှောက်ပြောတော့တယ်။
"မနေ့က ခင်ဗျားတို့ ဒီကိစ္စပြောပြီးတော့ ကျုပ်ကူညီမယ်လို့ ပြောခဲ့တယ်လေ။ ပြီးတော့ ကျုပ်ဒီကိုလာပြီး ရှေ့ကအာဇာနည်တွေကို ဦးချပြီး ဒီကိစ္စကို ပြောပြခဲ့တယ်။ ကျုပ်တို့မှာ အခက်အခဲရှိနေကြောင်း၊ သူတို့သာ တကယ်အစောင့်အရှောက်ရှိရင် ကိုယ့်ဘာသာကိုယ် ထွက်လာခဲ့ပါလို့ ပြောခဲ့တာ။ အဲ့ဒါနဲ့ ဒီမနက် ကျုပ်သင်္ချိုင်းကုန်းကို သန့်ရှင်းရေးလာလုပ်တော့ ဒီအခေါင်းတွေအကုန်လုံး ထွက်နေတာကို တွေ့လိုက်ရတာပဲ။ ဒါကြောင့် ဒီကိစ္စက ပြောရခက်တယ်။ တကယ်လို့ အာဇာနည်တွေ တန်ခိုးပြတာဆိုရင်တော့ ကျုပ်ကျေးဇူးပေါ့။ မဟုတ်ဘူးဆိုရင်တော့... ဒါက ဖြေရှင်းမရတဲ့ ပုစ္ဆာတစ်ခုပေါ့။ ဒါကြောင့် ကျုပ်က ဟုတ်တယ်လို့ ဆိုရမှာပေါ့လို့ ပြောတာ"
ယွီဟွေးဖေးရဲ့ စကားက လိမ်နေသလိုလိုပဲ။ ဒါပေမဲ့ သူ့ရဲ့တည်ကြည်တဲ့ မျက်နှာထားနဲ့ ပြောတဲ့အပြင် ဒီလောက်အံ့ဩစရာကောင်းတဲ့ ရလဒ်ကို ကြည့်ပြီးတော့ ဒါကပဲ တစ်ခုတည်းသော ရှင်းပြလို့ရတဲ့ အဖြေဖြစ်နိုင်တယ်လို့ ထင်ရတယ်။
ဘာပဲဖြစ်ဖြစ် အခေါင်းတစ်ရာကျော်ကို တစ်ပြိုင်နက်တည်း တူးထုတ်ပြီး အသေးစိတ်ကိုလည်း ဂရုစိုက်ရမယ်၊ အခေါင်းကိုလည်း မပျက်စီးစေရဘူးဆိုတာ တကယ့်ကို လက်ပေါက်ကပ်တဲ့အမျိုး။ တစ်ညတည်းနဲ့ အကုန်တူးထုတ်တယ်လား။ လုံးဝမဖြစ်နိုင်ဘူး။
ချင်ရှုပေါင်က ယွီဟွေးဖေးကို သေသေချာချာ စိုက်ကြည့်နေသလို ယွီဟွေးဖေးကလည်း ခေါင်းလေးစောင်းပြီး သူ့ကို ပြုံးပြုံးလေးပြန်ကြည့်နေတာပေါ့။ ကြောက်ရွံ့ခြင်းလည်းမရှိ၊ ရှောင်လွှဲခြင်းလည်းမရှိ၊ ကြည့်ချင်သလောက်ကြည့်ခွင့်ပေးထားတယ်လေ။
တော်တော်ကြာတော့ ချင်ရှုပေါင်က "သူဌေးယွီက တော်တော်စွမ်းတာပဲ"
ယွီဟွေးဖေးက ရယ်ပြီး "အဲ့လိုမပြောပါနဲ့... အဓိကက ကျုပ်ရုပ်ချောတော့ ဘိုးဘေးတွေကလည်း ချစ်ကြတာကိုး"
ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းတို့ ဘာမှဆက်မပြောနိုင်တော့ဘူး...
ချင်ရှုပေါင်က တော်တော်သံသယဝင်နေတာ။ ဒီကိစ္စမှာ ယွီဟွေးဖေးက တစ်ခုခုတော့ သုံးထားတယ်ဆိုတာ သိပေမယ့် ယွီဟွေးဖေးက ရှင်းပြဖို့ အစီအစဉ်မရှိမှန်းသိတော့ သူတို့လည်း ဆက်မမေးတော့ဘူး။ အနည်းဆုံးတော့ ရလဒ်က ကောင်းတယ်ဆိုရင် ပြီးတာပဲ... အရင်းစစ် အမြစ်ရှာဖို့ မလိုပါဘူး။
ဒါနဲ့ ချင်ရှုပေါင်က စကားလမ်းကြောင်းလွှဲပြီး "အခေါင်းတွေ တူးထုတ်ပြီးပြီဆိုတော့ လွယ်သွားပြီ။ ကျွန်တော် ကျွမ်းကျင်ပညာရှင်အဖွဲ့ကို အခုပဲ ခေါ်လိုက်တော့မယ်"
ယွီဟွေးဖေးက အပြုံးလေးပြုံးပြီး ခေါင်းညိတ်ကာ "ဒါပေါ့၊ ဒါဆို ဝင်မရှုပ်တော့ဘူး၊ အိပ်တော့မယ်" ပြောပြီးတာနဲ့ ယွီဟွေးဖေးက သက်သောင့်သက်သာနဲ့ ထွက်သွားရော။
ယွီဟွေးဖေးရဲ့ ကျောပြင်ကိုကြည့်ပြီး ချင်ရှုကျွမ်းက "ဒီလူ... အိပ်တောင်အိပ်နိုင်သေးတယ်လား..."
ချင်ရှုပေါင်က ပြုံးပြီး "တစ်ညလုံး အလုပ်လုပ်ထားတာလေ။ မအိပ်ချင်ဘဲ နေမလား"
ချင်ရှုကျွမ်းက အံ့ဩစွာနဲ့ ချင်ရှုပေါင်ကို ကြည့်ပြီး "ရှင့်ပြောချင်တာက ဒါတွေအကုန်လုံး သူလုပ်တာလို့လား။ ဒါပေမဲ့ သူ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက စက်ရုပ်ဖြစ်နေရင်တောင် မဖြစ်နိုင်ဘူးလေ"
ချင်ရှုပေါင်က ခေါင်းခါပြီး "ငါတို့ဒီမြေပေါ်မှာ ထူးခြားတဲ့စွမ်းရည်ရှိတဲ့သူတွေ ဘယ်တုန်းကမှ မရှားခဲ့ဘူး။ သူဘယ်လိုနည်းလမ်းသုံးခဲ့လဲ မသိပေမယ့် ဒီလောက်ကြီးတဲ့ အလုပ်ပမာဏနဲ့ဆိုရင် ပင်ပန်းမှာတော့ သေချာတယ်။ မယုံမရှိနဲ့... ဒီတွင်းတွေကိုကြည့်၊ တူးထားတာ သေသပ်ပေမယ့် ဂေါ်ပြားရာတွေကတော့ ရှင်းရှင်းလင်းလင်းပဲ။ တကယ်လို့ ဘိုးဘေးတွေ ကိုယ့်ဘာသာကိုယ် ထွက်လာတာဆိုရင် မြေကြီးထဲကနေ အရင်ထွက်၊ ပြီးတော့ ဂေါ်ပြားတစ်လက်ရှာပြီး ကိုယ့်အခေါင်းကိုကိုယ်တူး၊ ပြီးမှ ပြန်လှဲအိပ်နေမှာလား"
ချင်ရှုကျွမ်းလည်း ဘာမှပြန်မပြောနိုင်တော့ဘူး...
ချင်ရှုပေါင်က "ကဲပါ... သူက အခက်ဆုံးအပိုင်းကို လုပ်ပေးပြီးသွားပြီ။ ငါတို့က ကျန်တဲ့အပိုင်းလေးတောင် ကောင်းကောင်းမလုပ်နိုင်ရင်တော့ မဟုတ်သေးဘူးပေါ့။ မြန်မြန်ဆက်သွယ်တော့"
ချင်ရှုကျွမ်းက စိတ်ထဲမှာ မေးခွန်းတွေ အပြည့်ရှိနေပေမယ့် နောက်ဆုံးတော့ အလုပ်လုပ်ဖို့ ထွက်သွားတယ်။
ယွီဟွေးဖေးက တကယ်တော့ မပင်ပန်းပါဘူး၊ ဒီနေရာမှာ သူက အမြဲတမ်း ဘဝင်မြင့်ချင်စိတ်ကို မထိန်းနိုင်ဖြစ်နေတာ... ကိုယ့်ကိုယ်ကို ရင့်ကျက်မှုမရှိတဲ့ပုံ မပေါ်စေချင်လို့ အသာတကြည် ပြန်လာခဲ့တာပဲ။
တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးက ဒီကိစ္စက သေသေချာချာစစ်ရင် ပေါ်သွားနိုင်တယ်ဆိုတာ သိတယ်၊ ဒါပေမဲ့ ကိစ္စမရှိဘူး၊ သူက မျက်နှာပြောင်တိုက်ဖို့ ဆုံးဖြတ်ထားပြီးသား၊ ဘာမေးမေး ဘိုးဘေးတွေ ကိုယ့်ဘာသာကိုယ် ထွက်လာတာလို့ပဲ ဖြေမှာ။
တကယ်လို့ တစ်ယောက်ယောက်က အတင်းလိုက်စစ်ရင်တော့ နွားခေါင်း၊ မြင်းခေါင်းတို့ကို သုံးလွှာမှာ ခဏသွားပုန်းခိုင်းလိုက်ရုံပဲလေ။ ပြီးတော့ ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းတို့နှစ်ယောက်ကလည်း အဲ့ဒီလောက် မျက်စိမရှိ၊ အရိုးပြာတူးမယ့်လူစားမျိုးတွေ မဟုတ်ဘူး။ ဒါကြောင့် ယွီဟွေးဖေးက တော်တော်လေး စိတ်ချလက်ချရှိတယ်။ ခြံထဲက ကုလားထိုင်ကြီးပေါ်မှာ လှဲပြီး ဆောင်းဦးလေညင်းကိုခံ၊ နေပူစာလှုံရင်း မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားရော...။
မကြာခင်မှာပဲ တံခါးခေါက်သံ ကြားလိုက်ရချိန် ချွေ့ကျွယ်က တံခါးဖွင့်ကြည့်လိုက်တော့ လူတစ်အုပ်ကို ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းတို့ ခေါ်လာတာကို တွေ့လိုက်ရတယ်။
ဒါတွေက ကျွမ်းကျင်ပညာရှင်တွေပေါ့...
ကျွမ်းကျင်ပညာရှင်တွေ ရောက်လာပြီကြားတော့ ယွီဟွေးဖေးက ချက်ချင်းထပြီး သူတို့နဲ့အတူ မေပယ်တောထဲကို အခေါင်းဖွင့်ဖို့ လိုက်သွားရော။ ယွီဟွေးဖေးက စပ်စုလို့တော့ မဟုတ်ဘူး။ အဓိကက သူစောင့်ကြည့်နေရမယ်။ ဒီလူတွေ လက်ကြမ်းသွားမှာ ဒါမှမဟုတ် တခြားမတော်မတရားတွေ လုပ်သွားမှာစိုးလို့။
ချင်ရှုပေါင်တို့ကတော့ အဲ့လိုလုပ်မှာမဟုတ်ပေမယ့် ယွီဟွေးဖေးက ဟိုကျွမ်းကျင်ပညာရှင်တွေကိုတော့ စိတ်မချဘူး။ သူက ဘေးမှာထိုင်ပြီး ကြည့်နေလိုက်တာ... ဒီလိုနဲ့ တစ်မွန်းလွဲလုံး ကုန်သွားရော။ ဒီပညာရှင်တွေက တော်တော်လေး ကျွမ်းကျင်ပြီး ဒီအာဇာနည်တွေကိုလည်း လေးစားမှုအပြည့်ရှိတယ်၊ အလုပ်လုပ်တာ အရမ်းသတိထားတယ်။ ပြီးတော့ နောက်ဆုံးမှာ အခေါင်းတွေကို မူလအတိုင်း ကောင်းကောင်းမွန်မွန် ပြန်ပိတ်ပေးသွားကြတယ်လေ။ ညဆယ်နာရီကျော်တော့မှ အားလုံးအလုပ်ပြီးကြတယ်။
ညသန်းခေါင်ကျော်တော့ ချင်ရှုပေါင်တို့လည်း အားမနေဘူး၊ လူတစ်အုပ်ကို ထပ်ခေါ်ပြီး အခေါင်းတွေကို သင်္ချိုင်းတွင်းထဲ ပြန်ထည့်၊ အရာအားလုံးကို မူလအတိုင်း ပြန်ဖြစ်အောင် လုပ်ကြရတာပေါ့။
မိုးမလင်းခင်မှာ လူတစ်အုပ်က အမွှေးတိုင်ထွန်း၊ စက္ကူမီးရှို့၊ ဦးချပြီးမှ ထွက်သွားကြတယ်။ တံခါးမကြီးဝမှာရပ်ရင်း ယွီဟွေးဖေးက သူ့ရှေ့က မေးခွန်းပေါင်းများစွာနဲ့ ပြည့်နေတဲ့ ချင်ရှုကျွမ်းကို ကြည့်ပြီး ရယ်ရင်းပြောတော့တာပဲ။
"အဟဟ... ခင်ဗျားတို့က သာမန်လူတွေမဟုတ်ဘူးဆိုတာ ကျုပ်လည်း ရိပ်မိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့မပြောရင် ကျုပ်လည်း မမေးချင်ပါဘူး။ အချုပ်ပြောရရင်တော့ လူတိုင်းမှာ ကိုယ့်လျှို့ဝှက်ချက်နဲ့ကိုယ် ရှိကြတာပဲ၊ အဆင်ပြေနေမှတော့ ဘာလို့ အရင်းစစ် အမြစ်ရှာနေတော့မှာလဲ။ နောင်အခါ အချိန်ရရင် လက်ဖက်ရည်လာသောက်ပါဦး။ အချိန်မရရင်တော့ ဒီမှာပဲ နှုတ်ဆက်ခဲ့ပါတယ်"
ဒီစကားကြားတော့ ချင်ရှုကျွမ်းက ဟွန်းခနဲလုပ်ပြီး "ကျွန်မရဲ့ လျှို့ဝှက်ချက်ကို ရှင့်ကို ပြောလို့ရတယ်၊ ဒါပေမဲ့ ရှင့်ဟာကိုရော ကျွန်မကို ပြောနိုင်လို့လား"
ယွီဟွေးဖေးက ခေါင်းခါပြီး "ပြောစရာမလိုတော့ပါဘူး။ ကျုပ်သိပြီးသွားပြီလေ... 36D မဟုတ်လား"
ဒီစကားထွက်လာတာနဲ့ ချင်ရှုကျွမ်းရဲ့ မျက်နှာလှလှလေးက ရှက်သွေးဖြာပြီး နီရဲသွားပါလေရော။ တစ်ပြိုင်နက်တည်းမှာပဲ ယွီဟွေးဖေးက အမြန်တံခါးပိတ်ပြီးတော့ ဂျိန်းဆိုတဲ့ အသံကြားလိုက်ရတယ်။
တစ်ခုခု တံခါးကို လာမှန်တဲ့အသံပဲ...
နောက်ဆက်တွဲ ကြားလိုက်ရတာက ချင်ရှုပေါင်ရဲ့ အော်သံ၊ "ငါ့ Rolex နာရီကြီး"
ပြီးတော့ ချင်ရှုကျွမ်းရဲ့ အော်သံထပ်ကြားရတယ်။ "ရှင့်ကြောင့်ပဲ... ကျွန်မတံခါးကို ကန်ဖွင့်လို့ သူအကုန်မြင်သွားပြီ"
"ဒါ... ငါ့ကို အပြစ်တင်လို့ရမလား။ ငါ... ဟေး ဟေး... မရိုက်နဲ့လေ။ မဖြစ်ရင် သူ့ကို တစ်သက်လုံး တာဝန်ယူခိုင်းလိုက်မယ်လေ။ ဟေး ဟေး... ရိုက်တာ ပိုကြမ်းလာပါလား"
တံခါးအပြင်ဘက်က နှစ်ယောက်သား ရိုက်ပုတ်သံတွေက တဖြည်းဖြည်း ဝေးသွားချိန် ယွီဟွေးဖေးက ခေါင်းခါပြီး ပြုံးလိုက်တယ်။ ပြီးတော့ ထင်းထားတဲ့အခန်းထဲကနေ စက္ကူပိုက်ဆံတစ်တောင်း ယူပြီး သင်္ချိုင်းကုန်းကို သွားတော့တာပဲ။
အဘိုး ယွီအိုက်ကော့ရဲ့ သင်္ချိုင်းရှေ့ရောက်တော့ ယွီဟွေးဖေးက အမွှေးတိုင်သုံးတိုင်ထွန်းပြီး ဒူးထောက်ကာ စက္ကူပိုက်ဆံမီးရှို့ရင်း ပြုံးပြီး "အဘိုး ဒီတစ်ခါတော့ စိတ်အေးနိုင်ပြီနော်။ ဟိုအာဇာနည်တွေ မကြာခင် အိမ်ပြန်နိုင်ကြတော့မယ်... သူတို့မိသားစုတွေ ရောက်လာရင် ကျုပ်တို့သင်္ချိုင်းကုန်းလည်း နည်းနည်းစည်ကားလာမှာပဲနော်"
ခြံထဲပြန်ရောက်တော့ သရဲနတ်တည်းခိုခန်းကြီးတစ်ခုလုံးက တိတ်ဆိတ်နေတယ်။ ရှောင်ထျန်းချန်နဲ့ နွားခေါင်း၊ မြင်းခေါင်းတို့ ဘယ်သွားမွှေနေလဲမသိဘူး၊ သရဲနက်ဖြူနှစ်ကောင်ကလည်း ပျားနောက်ကို လိုက်နေပြန်ပြီထင်ပါ့၊ ဒါကြောင့် သူတို့လည်း ပျောက်နေတာနေမယ်။
ခြံထဲမှာ ချွေ့ကျွယ်တစ်ယောက်တည်းပဲ ရပ်နေပြီး၊ သူ့လက်ထဲမှာ ယွီဟွေးဖေးရဲ့ လက်မောင်းလောက်ရှည်ပြီး လက်မနှစ်ချောင်းစာလောက်တုတ်တဲ့ ကြေးနီစုတ်တံကြီးကိုကိုင်၊ ရေစွတ်ပြီး မီးခိုးရောင်ကျောက်ပြားချောချောတစ်ခုပေါ်မှာ စာရေးနေရော။ အဲ့ဒီကျောက်ပြားက ပုံစံမမှန်ဘူး၊ လူတွေပစ်ထားတဲ့ဟာကို သူကောက်လာပြီး ပြန်အသုံးချနေတာဖြစ်မယ်။
ယွီဟွေးဖေးက အနားကပ်ကြည့်လိုက်တော့ သူက စာလုံးအလှအပညာကို နားမလည်ပေမယ့် မချီးကျူးဘဲမနေနိုင်ဘူး။
"စာလုံးတွေက လှလိုက်တာ"
ချွေ့ကျွယ်က ရယ်ပြီး "ဒီအတိုင်းရေးပြီး အချိန်ဖြုန်းတာပေါ့။ ငါ့ညီလေးယွီ၊ မင်းလည်း စာလုံးအလှရေးတာ ဝါသနာပါလား"