နှင်းကျမုန်ညင်းဖြူ
Vol. 7 Ch. 94
ယွီဟွေးဖေးက ခေါင်းခါပြီး "ဟဲဟဲ... ကျုပ်က ပုံဆွဲတာ ကျွမ်းတာ"
ချွေ့ကျွယ်က အံ့ဩစွာနဲ့ "အိုး... တကယ်လား"
"ဟုတ်တယ်... ကျုပ်က ပိုးဟပ်တွားသွားတဲ့ ခြေရာတွေဆွဲတာ ကျွမ်းတယ်လေ"
ချွေ့ကျွယ်လည်း ဆွံအသွားရော... ပြီးတော့ ချွေ့ကျွယ်က စုတ်တံကို ယွီဟွေးဖေးဆီ ကမ်းပေးပြီး "စမ်းကြည့်မလား" မေးတော့ သူကလည်း အားမနာဘဲ ယူလိုက်ပေမဲ့ ယူလိုက်မှပဲ ဒီစုတ်တံက တော်တော်လေးလံပြီး ကိုင်လိုက်ရင် အေးစက်စက်နဲ့ သံချောင်းတစ်ချောင်းကိုင်ထားရသလို ခံစားရတယ်။
ဒါပေမဲ့ ယွီဟွေးဖေးရဲ့ ခွန်အားကလည်း တိုးတက်လာပြီဆိုတော့ ကိုင်နိုင်ပါတယ်၊ ပြီးတော့ သူက စုတ်တံကို ဝှေ့ယမ်းပြီး မြေကြီးပေါ်မှာ ကြမ်းတိုက်တံနဲ့ ဆွဲထားသလိုမျိုး မျဉ်းကြောင်းတစ်ကြောင်း ရေးဆွဲလိုက်တယ်...
ချွေ့ကျွယ်က ကြည့်ပြီးတော့ "မင်းဟာက... နင်းခံထားရတဲ့ ပိုးဟပ်က မြေကြီးပေါ် တွားသွားနေတဲ့ပုံစံပဲ"
ယွီဟွေးဖေးက မျက်နှာကြီးနီရဲသွားပြီး ချောင်းဟန့်ကာ "ဘိုးတော်ချွေ့ကလည်း ဒီပညာမှာ ဆရာတစ်ဆူပဲဆိုတာ မထင်ထားဘူး၊ ဒီထဲက နက်နဲမှုကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တာပဲ"
ချွေ့ကျွယ်ကတော့ လုံးဝကို စကားမပြောချင်တော့ဘူး။ သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး "မင်း နည်းနည်းပါးပါး အရှက်လေးဘာလေးရှိပါဦးကွာ"
ယွီဟွေးဖေးက ခေါင်းခါပြီး "ဒါကတော့... တကယ်မရဘူးဗျ။ ဘောပင်၊ ခဲတံဆိုရင်တော့ တော်သေးတယ်၊ ဒီစုတ်တံက ရေထိလိုက်တာနဲ့ ပျံ့သွားတာ၊ ဘယ်လိုသုံးရမှန်းကို မသိဘူး"
ချွေ့ကျွယ်က စုတ်တံကို ပြန်ယူပြီး အားကောင်းမောင်းသန် စာလုံးကြီးလေးလုံးကို ရေးလိုက်တယ်။
မျက်နှာမရချင်ဘူး...
ပြီးတော့ ချွေ့ကျွယ်က ယွီဟွေးဖေးကို "မင်းသင်ချင်လား" လို့မေးလိုက်ချိန် သူပါးစပ်သပ်ပြီး "ကျွန်တော် မျက်နှာမလိုချင်တဲ့ လမ်းကြောင်းပေါ်မှာတော့ သိပ်ပြီး ထပ်မလေ့လာချင်တော့ဘူးထင်တယ်"
ချွေ့ကျွယ်က အော်ဟစ်တော့တာပဲ။ "ငါပြောနေတာ စာလုံးအလှရေးတာကိုကွ"
ယွီဟွေးဖေးက စဉ်းစားကြည့်တယ်၊ သူအခု အားနေတာပဲ။ စာလုံးအလှရေးတာ သင်ထားတော့လည်း ဘာမှမဆိုးပါဘူး။ နောင်တစ်ချိန်မှာ ဟန်ထုတ်လို့ရတာပေါ့။ အဆိုးဆုံးကတော့ အချိန်ဖြုန်းလို့ရတာပဲ။
ဒါနဲ့ ယွီဟွေးဖေးက "သင်မယ်"
ချွေ့ကျွယ်က စုတ်တံကို ကမ်းပေးပြီး "လက်တစ်ဖက်တည်းနဲ့ ကိုင်ပြီး ဆယ်မိနစ် လေထဲမှာ မြှောက်ထား"
"ဘိုးတော်ချွေ့ရေး... ဒီစုတ်တံက အုတ်ခဲထက်တောင် လေးသေးတယ်၊ လက်တစ်ဖက်တည်းနဲ့ ကိုင်ပြီး လေထဲမှာ ဆယ်မိနစ်လောက် မြှောက်ထားရင် လက်ကျိုးသွားမှာပေါ့ဗျ"
ချွေ့ကျွယ်က "စာလုံးမရေးခင် လက်မောင်းအား၊ လက်ကောက်ဝတ်အားကို အရင်လေ့ကျင့်ရတယ်။ တိကျမှုကို ရအောင်လို့။ မင်းသင်ချင်တယ်ဆိုရင်တော့ သည်းခံ... "
ယွီဟွေးဖေးက ညည်းညည်းညူညူနဲ့ "ဘယ်လိုခံစားနေရလဲဆိုတော့ ခင်ဗျားရဲ့ ဒီစကားတွေက အရင်က ကျုပ်ကို အုတ်ခဲပစ်နည်းသင်ပေးတဲ့ လူမိုက်ပြောတဲ့စကားနဲ့ တော်တော်တူတာပဲ။ ခင်ဗျားဟာက ထောင်ချောက်တစ်ခုတော့ မဟုတ်ပါဘူးနော်"
ချွေ့ကျွယ်က သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး "စကားမများနဲ့၊ သင်မလား မသင်ဘူးလားပဲမေးနေတာ"
ယွီဟွေးဖေးက "သင်မှာပေါ့၊ သင်မှာပေါ့"
ခေါင်းညိတ်ပြီးတော့ သူက ယွီဟွေးဖေးရဲ့ ဒီပုံစံကို မကြည့်ချင်တော့ဘူးထင်ပါရဲ့။ ဒါနဲ့ "ကျင့်စဉ်ကို လည်ပတ်ပြီး စုတ်တံကို တစ်နာရီတိတိ ကိုင်ထား" လို့ ပြောပြီး ထွက်သွားကော။
ယွီဟွေးဖေးက ဒီစကားကြားတော့ ချက်ချင်းအော်ဟစ်တော့တယ်၊ "ဆယ်မိနစ်လို့ ပြောထားတာမဟုတ်ဘူးလား။ ဘယ်လိုလုပ် တစ်နာရီဖြစ်သွားရတာလဲ။ သေပြီကွာ... တစ်နာရီတောင်"
ချွေ့ကျွယ်ကတော့ သူ့ကို လုံးဝဂရုမစိုက်တော့ဘူး၊ ယွီဟွေးဖေးကို အဲ့ဒီမှာ အော်ဟစ်နေခိုင်းထားခဲ့တယ်...
နောက်ရက်တွေမှာ ယွီဟွေးဖေးက ညဘက် သုံးလွှာမှာ သုံးနာရီကျင့်စဉ်ကျင့်၊ ပြီးတော့ နွားခေါင်း၊ မြင်းခေါင်းနဲ့အတူ ကျောက်တုံးကြီးတွေပိုက်ပြီး တောင်ပေါ်ပြေးတက်ရတယ်။ ပြီးတော့ သရဲဖြူက မိုးမခပင်ကိုင်းနဲ့ နောက်ကနေ လိုက်ရိုက်၊ နေ့ဘက်မှာတော့ ချွေ့ကျွယ်နဲ့ စာလုံးအလှရေးတာ လေ့ကျင့်ရ။ နေ့ရက်တွေက ပြည့်စုံသလောက်တော့ ရှိတယ်။ ဒါပေမဲ့ တင်ပါးနဲ့ လက်မောင်းတွေတော့ နည်းနည်းနာကျင်ရသား။
ယွီဟွေးဖေးကို စိတ်မချမ်းသာစေတဲ့ တစ်ခုတည်းသောအရာကတော့ သူ့ရဲ့ အရည်အချင်းကို အမျိုးမျိုးအထင်သေးခံရတာပဲ...
လူ့လောကရဲ့ အကောင်းဆုံးကျင့်စဉ်ကို ကျင့်နေတာတောင် ယွီဟွေးဖေးရဲ့ တိုးတက်မှုက အရမ်းနှေးကွေးတယ်။ ဒါကတော့ နွားခေါင်းတို့ပြောတာပေါ့၊ ဒါပေမဲ့ ယွီဟွေးဖေးအမြင်မှာတော့ သူ့တိုးတက်မှုက တော်တော်မြန်နေပြီ။ အရင်က ဆယ်ကီလိုမီတာပြေးရင် သေတော့မလိုဖြစ်နေတာ၊ အခုတော့ အနည်းဆုံးတော့ ပြေးနိုင်နေပြီလေ။
နောက်ပြီး သရဲဖြူက သူ့ကို အမြဲရိုက်မိပေမယ့် သူက အနည်းဆုံးတော့ အရိုက်ခံရတော့မယ်ဆိုတာ ကြိုခံစားမိနေပြီ၊ အစပိုင်းကလို ဘာမှမသိလိုက်ရတာမျိုး မဟုတ်တော့ဘူး။
ကြက်တွန်သံနဲ့အတူ ယွီဟွေးဖေးက ထလာတယ်၊ ပြတင်းပေါက်ဖွင့်လိုက်တော့ မျက်စိထဲမှာ နှင်းဖြူဖြူတွေနဲ့၊ လေအေးတစ်ချက်တိုက်လာတော့ ယွီဟွေးဖေးက မနေနိုင်ဘဲ တုန်သွားတယ်။ ဖုန်းအမြန်ထုတ်ကြည့်လိုက်တော့၊ အိုး... နှင်းကျတဲ့ရာသီ ရောက်နေပြီကိုး၊ အပြင်မှာ ဖွေးဖွေးလှုပ်နေတာ မဆန်းတော့ဘူး။
ဒီအချိန်မှာပဲ အောက်ထပ်ကနေ အော်သံတစ်သံ ထွက်လာတယ်။
ယွီဟွေးဖေးက ခေါင်းငုံ့ကြည့်လိုက်တော့ နွားခေါင်းက အိမ်ထဲကထွက်ထွက်ချင်း ချော်လဲပြီး တင်ပါးဆုံနဲ့ကျကာ ဆဲဆိုနေတာကို တွေ့လိုက်ရတယ်။
"သောက်ကျိုးနည်း... ရေခဲနေတာပဲဟ"
ဒီလေအေးက တော်တော်ထူးဆန်းတယ်၊ ဘာအရိပ်အယောင်မှမရှိဘဲ တစ်ကမ္ဘာလုံးက တစ်ညတည်းနဲ့ ဆောင်းဦးအလယ်ကနေ ဆောင်းရာသီအစွန်းကို ရောက်သွားသလိုပဲ။ နောက်နှစ်ရက်သုံးရက်ကြာတော့ အပူချိန်က သိသိသာသာ ကျဆင်းလာတယ်၊ မနက်တိုင်းထရင် မြေကြီးပေါ်မှာ နှင်းဖြူဖြူတွေ ဖုံးနေကော။
ဒီနေ့မှာတော့ တံခါးအပြင်ဘက်ကနေ အသံချဲ့စက်အသံကြီး ထွက်လာတယ်။
"မုန်ညင်းဖြူ... မုန်ညင်းဖြူတွေရမယ်"
ယွီဟွေးဖေးက အမြန်ပြေးဆင်းသွားပြီး တံခါးဖွင့်ကာ "ဘောစိရေ... မုန်ညင်းဖြူ ဘယ်လိုရောင်းလဲဗျ"
ယွီဟွေးဖေးတစ်ယောက်တည်း မဟုတ်ဘူး၊ ရွာသားတော်တော်များများလည်း ဈေးလာမေးကြတယ်။ ရှို့လင်က ကျေးလက်ဒေသဖြစ်ပေမယ့် ဒီနေရာက ခရီးသွားလုပ်ငန်းနေရာတစ်ခုလည်း ဖြစ်တာကိုး။
ဒါကြောင့် အပြင်ကလာနေတဲ့သူတွေ အများကြီးရှိတယ်၊ ဒီလူတွေက အိမ်ငှားနေပေမယ့် မြေမရှိတော့ ဟင်းသီးဟင်းရွက်တွေ စိုက်လို့မရဘူး။
ဒီတော့ ရွာသားတွေဆီက ဟင်းသီးဟင်းရွက်ဝယ်စားကြတယ်။ ဒါပေမဲ့ ဆောင်းဝင်တော့မယ်ဆိုတော့ ဆောင်းတွင်းစာ ဟင်းသီးဟင်းရွက်တွေ မစုထားရင် တောင်ပေါ်ဒေသကလူတွေအတွက် တော်တော်လေး ဒုက္ခရောက်သား။
သူဌေးက မျက်နှာနီနီနဲ့ လူတစ်ယောက်၊ လူတွေလာတာမြင်တော့ အသံချဲ့စက်ကိုင်ပြီး "တစ်ပေါင် သုံးမတ်ခွဲ၊ ဝယ်ချင်ရင် မြန်မြန်လာနော်။ ကျွန်တော်ပြန်ရဦးမှာ"
သုံးမတ်ခွဲဆိုတော့ မပေါဘူး။ အရင်နှစ်တွေက နှစ်မတ်ခွဲ၊ ဈေးကြီးရင် သုံးမတ်။ ဒါပေမဲ့ ဒီတစ်နှစ်နှစ်နှစ်အတွင်း ကုန်ဈေးနှုန်းတွေ တက်တာမြန်တော့ သုံးမတ်ခွဲကို ယွီဟွေးဖေးက လက်ခံနိုင်ပါသေးတယ်။
ယွီဟွေးဖေးက အခု ပိုက်ဆံရှိနေပြီဆိုတော့ မုန်ညင်းဖြူ ပေါင်ငါးရာ တန်းမှာလိုက်တယ်၊ မျက်နှာနီကြီးရဲ့ ကားတစ်ဝက်စာ မုန်လာဥဖြူတွေက ယွီဟွေးဖေးတစ်ယောက်တည်းနဲ့ တစ်ဝက်ကုန်သွားပါလေရော။
မျက်နှာနီကြီးက ပျော်သွားလေရဲ့။ ပြီးတော့ မျက်နှာနီကြီးက တခြားသူတွေကို မုန်ညင်းဖြူရောင်းပြီးတော့ ယွီဟွေးဖေးရဲ့ ခြံထဲကို သယ်ရင်း ရယ်ပြီးမေးတော့တာပဲ။
"ညီလေး... ပေါင်ငါးရာက လောက်ရဲ့လား။ မလောက်ရင် ငါ့ဆီမှာ ရှိသေးတယ်နော်။ အကုန်လုံး ကိုယ့်ခြံထွက် မုန်ညင်းဖြူကောင်းကောင်းတွေ။ နှင်းကျတဲ့အချိန်နဲ့လည်း ကြုံတော့ နှင်းရိုက်ပြီးရင် ဒီမုန်ညင်းဖြူတွေက အရမ်းချိုတာ"
ယွီဟွေးဖေးက ခဏစဉ်းစားပြီး ငြင်းလိုက်တယ်။ သူ့မှာ သုံးလွှာရှိသေးတယ်လေ။ ဆောင်းတွင်းမှာ ဟင်းသီးဟင်းရွက် မပြတ်ဘူး။ ဒီလောက်များတဲ့ မုန်ညင်းဖြူဝယ်တာက အဓိကက ချဉ်ဖတ်လုပ်ဖို့၊ ကင်မ်ချီလုပ်ဖို့၊ ဆောင်းတွင်းမှာ ကိုယ့်အိမ်စားစရာကို နည်းနည်းပြောင်းလဲကြည့်ချင်လို့ပဲ။
မျက်နှာနီကြီးက ခဏလောက် ဆွယ်ကြည့်သေးတယ်၊ ယွီဟွေးဖေးဆီက ဘာတုံ့ပြန်မှုမှ မရတော့ လက်လျှော့လိုက်ရော။
ဒီအချိန်မှာ သရဲနက်ဖြူနှစ်ယောက် ထွက်လာတယ်။ ဒီနှစ်ကောင်က တံခါးထဲကနေ ခုန်ထွက်လာချိန် သူဌေးက ဖင်ကုန်းပြီး မုန်လာဥဖြူချနေတုန်း။ ခေါင်းမော့ကြည့်လိုက်တော့ ဒီနှစ်ကောင်ကိုမြင်ပြီး လန့်လွန်းလို့ ဝိညာဉ်တောင် လွင့်မတတ်ဖြစ်သွားတယ်။
ရှောင်ထျန်းချန်ကလည်း ယုတ်မာတဲ့ကောင်၊ သူဌေးလန့်သွားတာမြင်တော့ ချက်ချင်းတံခါးပိတ်လိုက်တာပေါ့။
မျက်နှာနီကြီးက တံခါးပိတ်သွားတာမြင်၊ နောက်မှာ သရဲနှစ်ကောင်ရှိနေတာမြင်တော့ လန့်ပြီး ငိုတော့မလိုဖြစ်နေပြီ။
ယွီဟွေးဖေးက အမြန်သွားပြီး တစ်ယောက်တစ်ချက်ကန်ထုတ်လိုက်ရင်း တောင်းပန်ပြီး "အစ်ကိုကြီး၊ အထင်လွဲသွားပြီ၊ သူတို့က ကျွန်တော့်အမျိုးတွေ။ Cosplay ကစားနေတာ၊ ဇာတ်ကောင်အတုလုပ်တာလေ။ အကုန်လုံးက ဟန်ဆောင်နေတာပေါ့။ တကယ် သရဲဖြူနက်မဟုတ်ဘူး..."
မျက်နှာနီကြီးက သူ့တင်ပါးပေါ်က ခြေရာကြီးတွေကို ပုတ်နေတဲ့ နှစ်ယောက်ရဲ့ ကျောပြင်ကို သေသေချာချာကြည့်ပြီးမှ ငိုသံနဲ့ "ဒါ... ဟူး... ခင်ဗျားတို့ ဒီလိုမနောက်သင့်ဘူးလေ။ ခြောက်တာ လူသေနိုင်တယ်..."
ယွီဟွေးဖေးက အကြိမ်ကြိမ် ဟုတ်ကဲ့ပါပြောပြီး စီးကရက်တစ်လိပ်ကမ်းပေးလိုက်တော့ မျက်နှာနီကြီးရဲ့ မျက်နှာက တော်တော်လေး ကောင်းသွားတယ်။ ဒါပေမယ့် သူက မသောက်ဘဲ နားရွက်မှာ ညှပ်ထားလိုက်ပြီး ကုန်ဆက်ချပေးနေတုန်းပဲ။