← Chapters

ပန်းချီကားနှင့် လှိုင်းတံပိုး

Vol. 7 Ch. 95

ပန်းချီကားနှင့် လှိုင်းတံပိုး

Vol. 7 Ch. 95

မုန်လာဥဖြူ ပေါင်ငါးရာလုံး ခြံထဲရောက်သွားတော့ ယွီဟွေးဖေးက တံခါးပိတ်လိုက်ချိန် နွားခေါင်းနဲ့မြင်းခေါင်းက ချက်ချင်းပြေးထွက်လာပြီး ဟိုမုန်ညင်းဖြူတွေကို စိုက်ကြည့်ရင်း ပြောပါလေရော။

"ငါ့ညီလေးယွီ... ဒါဘာလုပ်မလို့လဲ"

"ငါကြိုပြောထားမယ်နော်... ငါတော့ ဟင်းသီးဟင်းရွက် မစားတော့ဘူး။ ငါတို့အခု နည်းနည်းစုမိဆောင်းမိရှိနေပြီ။ မင်းက တစ်နေ့တစ်နပ်တော့ အသားကျွေးရမှာပေါ့ဟ။ ငါ့ကို တကယ်နွားကျွေးသလို ကျွေးလို့မရဘူးနော်"

မြင်းခေါင်းက "ငါလည်း အသားစားမယ်၊ မြက်မစားဘူး"

သရဲဖြူနက်ကလည်း "ငရဲမှာ သက်သတ်လွတ်စားလာတာ နှစ်တွေကြာနေပြီ၊ မင်းငါတို့ကို ဒီလိုလုပ်လို့မရဘူးနော်"

ယွီဟွေးဖေးက သူတို့ကို မျက်စောင်းတစ်ချက်ထိုးပြီး "ခင်ဗျားတို့ပုံစံတွေကို ကြည့်စမ်းပါဦး။ လုပ်ပြီးသွားရင် ကျုပ်ကို ကျွေးပါဦးလို့ လာမတောင်းပန်နဲ့။ လာ... ဝိုင်းကူကြ။ နောက်ဖေးခြံကို သယ်သွားမယ်"

အားလုံးဝိုင်းလုပ်ကြတော့ မြန်ပါတယ်၊ ပေါင်ငါးရာက ခဏလေးနဲ့ ပြီးသွားရော။ ယွီဟွေးဖေးက မိုးကောင်းကင်ကို မော့ကြည့်တော့ မိုးတိမ်တွေက ထူထပ်နေတယ်၊ ဒီနေ့တော့ နေရောင်မရလောက်ဘူးထင်မိသား။ အဲ့တော့ ခေါင်းခါပြီး ယွီဟွေးဖေးက အိမ်ထဲပြန်ဝင်သွားကော။

နွားခေါင်း၊ မြင်းခေါင်း၊ သရဲနက်ဖြူတို့က ယွီဟွေးဖေး ဘာလုပ်မလဲဆိုတာ နားမလည်ကြဘူး၊ ဒါပေမဲ့ သူတို့ကတော့ ဟင်းသီးဟင်းရွက်မစားဘဲ အသားစားဖို့ ဆုံးဖြတ်ထားပြီး တပ်ပေါင်းစုဖွဲ့ထားကြတယ်။

ဒီအပေါ်မှာ ယွီဟွေးဖေးက လုံးဝဂရုမစိုက်ဘူး။ အိမ်ထဲမှာထိုင်ရင်း ဖုန်းဖွင့်ပြီး အင်တာနက်လျှောက်ကြည့်နေတုန်း ပန်းချီကားတစ်ချပ်က သူ့မျက်စိရှေ့ ပေါ်လာတယ်။

"ပန်းချီကားတစ်ချပ်က ဒီဆောင်းဦးကို အံ့မခန်းဖြစ်စေခဲ့"

နာမည်က ကောင်းသားပဲ၊ ယွီဟွေးဖေး ဖွင့်ကြည့်လိုက်တော့ မျက်လုံးတွေတောင် ပြူးထွက်မတတ်ဖြစ်သွားတယ်။

ဒီပန်းချီကား... သူဘယ်လိုကြည့်ကြည့် ရင်းနှီးနေသလိုပဲ။

အဝေးမှာ တောင်တန်းကြီးတွေ၊ တောင်တန်းကြီးတွေပေါ်မှာ နှင်းပွင့်တွေကျနေပြီး ထင်းရှူးပင်တွေရဲ့ ထိပ်ဖျားကို ဖြူစွတ်သွားစေတယ်။ စောစောစီးစီး နှင်းကျနေသလိုပဲ၊ အောက်ဘက်မှာ အစိမ်းရင့်ရောင် ထင်းရှူးတော၊ ပြီးတော့ တောင်ကုန်းတစ်ခုလုံးမှာ အနီရောင်နဲ့ ရွှေရောင်ပေါင်းစပ်ထားတဲ့ မေပယ်တော၊ အနီးမှာတော့ မေပယ်တောထဲက မေပယ်ရွက်တွေက လေနဲ့အတူ လွင့်မျောနေပြီး မြူဖြူတွေက နိမ့်ဆင်းနေသလို မြူခိုးတွေကြားမှာ သင်္ချိုင်းကျောက်တိုင်တွေကိုလည်း မထင်မရှားမြင်နေရတယ်။

တောင်ပေါ်မှာ နေရောင်ခြည်တစ်ချက်က တိမ်မြူတွေကြားကနေ ထိုးကျလာပြီး သက်တန့်တစ်ခု ဖြစ်ပေါ်နေလေရဲ့။ ဒါပေမဲ့ ဒါက အဓိကမဟုတ်ဘူး၊ အဓိကက ဟိုမြူဖြူတွေကြားက အနီရောင်ဝတ်စုံနဲ့ တံမြက်လှည်းနေတဲ့ အရိပ်...။

အဲ့ဒီအရိပ်က မရှင်းလင်းဘူး၊ စုတ်ချက်အနည်းငယ်နဲ့ပဲ ဆွဲထားတာ။ အနီရောင်ဝတ်စုံက လေနဲ့အတူ လွင့်နေပြီး အဲ့ဒီလူက ခါးကိုင်းပြီး တံမြက်လှည်းနေတဲ့ပုံပဲ။ စုတ်ချက်အနည်းငယ်နဲ့ပဲ ဖြစ်ပေမယ့် အေးချမ်းတည်ငြိမ်မှု၊ သန့်စင်ငြိမ်သက်မှုကို ပုံဖော်နိုင်ခဲ့တယ်။

ဒါပေမဲ့ ယွီဟွေးဖေးကတော့ မငြိမ်သက်နိုင်တော့ဘူး...

"သောက်ကျိုးနည်း ဒါဘယ်သူလဲဟ။ ငါ့ကို ခိုးဆွဲသွားတာ ဘယ်သူတုန်း။ ပိုက်ဆံကော ပေးပြီးပြီလား"

ယွီဟွေးဖေးက နှစ်ခါအော်ပြီးတော့ သူ့ခေါင်းထဲမှာ ပုံရိပ်တစ်ခု ပေါ်လာတယ်။ ခေါင်းပေါ်မှာ ယုန်ဖြူကြီးဦးထုပ်ဆောင်းထားတဲ့ ကောင်မလေးတစ်ယောက်က လက်နှစ်ဖက်ဆန့်ပြီး သူ့နောက်က ပန်းချီကားကို မကြည့်အောင် တားနေတဲ့မြင်ကွင်းပဲ။

ယွီဟွေးဖေးက ကောင်မလေးရဲ့ မျက်နှာနီရဲနေတာကို ပြန်တွေးပြီး "သောက်ကျိုးနည်း... ဒါကြောင့် သူက သူခိုးလူမိမှာစိုးလို့ ရှက်နေတာကိုး"

ပန်းချီကားရဲ့ လက်မှတ်ကို သေသေချာချာကြည့်လိုက်တော့ ထင်ထင်ရှားရှားရေးထားတာက လျိုရှင်း။

"နောက်တစ်ခါလာရင် ပုံတူဆွဲခ ပေးခိုင်းရမယ်၊ မပေးရင် ပန်းကန်ဆေးခိုင်းထားမယ်"

ယွီဟွေးဖေးက မှတ်ချက်တွေကို လှန်ကြည့်လိုက်တော့ အကုန်လုံးက ချီးကျူးစကားတွေချည်းပဲ။ ဒါပေမဲ့ သံသယဝင်နေတဲ့သူတွေလည်း အများကြီးရှိတယ်။

"ဒီပန်းချီကားက လက်တွေ့မဆန်ဘူး၊ ဒီလောက်လှတဲ့ရှုခင်းက ဘယ်လိုမှမရှိနိုင်ဘူး။ စိတ်ကူးယဉ်ပြီးဆွဲထားတာ ဒါမှမဟုတ် ပန်းချီကားတချို့ကို ပေါင်းစပ်ပြီး စိတ်ကူးထဲကနိုင်ငံတစ်ခု ဖန်တီးထားတာပဲ။ ဒီလိုပန်းချီကားကို လက်တွေ့ဆန်တဲ့အမျိုးအစားထဲ ထည့်ထားတာကိုကြည့်ရင် ဒီပန်းချီဆွဲတဲ့သူက တော်တော်ပေါ့ပျက်ပျက်နိုင်တာပဲ"

"ဟုတ်တယ်... ငါအရှေ့မြောက်ပိုင်းမှာ ဒီလောက်နှစ်တွေနေလာတာ ဒီလိုနေရာမျိုး တစ်ခါမှမမြင်ဖူးဘူး"

"လူငယ်တွေ နာမည်ကြီးချင်စိတ်က သိပ်များနေတယ်။ ပန်းချီကားက ကောင်းပေမယ့် လူ့ကျင့်ဝတ်က ညံ့ဖျင်းတော့ လက်ရာကိုပါ ထိခိုက်စေတယ်"

...

ယွီဟွေးဖေးက ဒါကိုမြင်တော့ ဒေါသထွက်လာရော။ သောက်ကျိုးနည်း... သူတို့မမြင်ဖူးရင် အကုန်လုံးက အောက်တန်းကျ အတုအယောင်တွေပဲလားဟ။

ဖုန်းကိုင်ပြီး ဘေးတံခါးဖွင့်ကာ သင်္ချိုင်းကုန်းကို ကြည့်လိုက်တယ်၊ ရှုခင်းက အတူတူလောက်ပဲ။ ဒါပေမဲ့... မြူကွဲသွားပြီ။

ဒီအတိုင်း ဓာတ်ပုံတစ်ပုံရိုက်ရင်လည်း ကောင်းပေမယ့် ယွီဟွေးဖေးက ဟိုအင်တာနက်က ကောင်တွေကို ကောင်းကောင်းသိတယ်။ မူရင်းနဲ့ တစ်ပုံစံတည်းတူတာ မပြနိုင်ရင် သူတို့က ဖင်ထဲကနေ ချီးပန်းထုတ်ဦးမှာပဲ။ မတတ်နိုင်တော့ဘဲ ယွီဟွေးဖေးက တပ်ပြန်ဆုတ်လာခဲ့ရပေမဲ့ မှတ်ချက်တစ်ခုတော့ ရေးခဲ့တယ်။

"ငတုံးတစ်သိုက်"

ပြီးတော့ ယွီဟွေးဖေးက အပြင်ထွက်ရင်း အနီးအနားက ရှို့ရွှေမြို့ကိုသွားပြီး ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊ ဂျင်းစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ သွားဝယ်တယ်။ ပြန်ရောက်တော့ နေ့လည်ခင်းရောက်နေပြီ။

ပြန်ရောက်ရောက်ချင်းပဲ ချွေ့ကျွယ်က စာလုံးအလှရေးဖို့ ဆွဲခေါ်သွားတော့တာပဲ။

...

နောက်တစ်နေ့ မနက်စောစောမှာ ယွီဟွေးဖေးက မိုးမလင်းခင်ထပြီး ဖုန်းကိုင်ကာ သင်္ချိုင်းကုန်းမှာ သွားစောင့်နေပါရော။ သူက ဖုန်းနဲ့ ထောင့်တွေကို အဆက်မပြတ်ချိန်ညှိနေပြီး နောက်ဆုံးမှာ ပန်းချီဆွဲတဲ့ထောင့်ကို ရှာတွေ့သွားတယ်။ သူအခုမှသိလိုက်တာက ဒါက ဘေးတံခါးဝပဲကိုး။

ယွီဟွေးဖေးက အရင်က ဒီနေရာမှာ လူတစ်ယောက်တွေ့ဖူးတာကို သတိရတယ်၊ ဒါပေမဲ့ အဲ့ဒီလူက မြန်မြန်ထွက်သွားလို့ ဘယ်သူလဲဆိုတာ မမြင်လိုက်ရဘူး။ အခုပြန်စဉ်းစားကြည့်တော့ သူစိတ်ဖြူစင်စွာနဲ့ တံမြက်လှည်းနေတုန်း လျိုရှင်းက ဒီနေရာမှာ ပန်းချီကားထောင်ပြီး သူ့ကို ဆွဲနေခဲ့တာဖြစ်မယ်။

အဲ့ဒီငတုံးမလေးကို တွေးမိတော့ ယွီဟွေးဖေးက ပြုံးလိုက်တယ်။

သူက အဲ့ဒီနေရာမှာထိုင်ပြီး ဖုန်းကိုင်ကာ ဓာတ်ပုံရိုက်ဖို့ စောင့်နေပေမဲ့ နေမြင့်လာတဲ့အထိ မြူမထွက်လာဘူး၊ ဘယ်လိုရိုက်ရိုက် အရသာနည်းနည်းလျော့နေတယ်။

မနေ့ကကြည့်တဲ့ သတင်းလင့်ခ်ကို ထပ်ဖွင့်ကြည့်လိုက်တော့ အရင်က သိပ်မပေါက်တဲ့လင့်ခ်က အခုတော့ ပေါက်သွားပြီ၊ မှတ်ချက်တွေက တစ်သောင်းကျော်တောင် ရှိနေပြီ။ ပြီးတော့ အများစုက လျိုရှင်းကို ပန်းချီကားအတုဆွဲတယ်၊ အရှက်မရှိဘူးဆိုပြီး ပြစ်တင်နေကြတာ။

ယွီဟွေးဖေးက ဒေါသထွက်လွန်းလို့ နှာခေါင်းတွေတောင် ပွထွက်လာတယ်... အကြိမ်ကြိမ် တစ်ခုခုပြောချင်ပေမယ့် နောက်ဆုံးတော့ လက်လျှော့လိုက်ရရော။

သက်သေမရှိဘဲ ဘာပြောပြော အလကားပဲ...

ဒါနဲ့ ယွီဟွေးဖေးက သည်းခံလိုက်တယ်။ သူစောင့်ရမယ်လေ။ မြူထွက်လာတဲ့အချိန်မှာ ဒီလူတွေကို မျက်နှာတည့်တည့် တစ်ချက်ထိုးရမယ်။

ဒါပေမဲ့ ယွီဟွေးဖေးကို စိတ်ပျက်စေတာက နှင်းကျတဲ့နေ့က အပူချိန်ရုတ်တရက်ကျပြီး နှင်းတွေထူထပ်တာကလွဲရင် ဒီရက်ပိုင်းမှာ မြူတစ်စက်မှမရှိဘူး။

သုံးရက်ဆက်တိုက် ယွီဟွေးဖေးက မြူကိုမစောင့်နိုင်ဘဲ ဒုတိယသတင်းကို ကြည့်လိုက်တာပေါ့။ သတင်းမှာ လျိုရှင်းရဲ့ ကိုယ်ပိုင် Weibo ကို တိုက်ရိုက်ဖော်ပြထားတယ်။

လျိုရှင်းရဲ့ Weibo ပေါ်က တုံ့ပြန်မှုက "ကျွန်မဆွဲတာ တကယ့်ရှုခင်းအစစ်ပါ၊ ရှင်တို့မယုံရင်လည်း ကျွန်မဘာမှမတတ်နိုင်ဘူး၊ ကိုယ့်စိတ်ကိုယ်လုံရင် ပြီးတာပါပဲ"

Follower တစ်ရာကျော်ပဲရှိတဲ့ လျိုရှင်းရဲ့ Weibo မှာ ဒီအချိန်မှာ မှတ်ချက်ပေါင်း ထောင်ချီရှိနေပြီ။

ဒါပေမဲ့ အကုန်လုံးက "အရှက်မရှိဘူး"

"တကယ်အရှက်မရှိဘူး... ထွီး"

"အမှန်အတိုင်းပြောရတာ အဲ့လောက်ခက်နေလား"

"တော်တော်လှတဲ့ကောင်မလေး၊ နာမည်ကြီးချင်လို့ အရှက်တောင်မရှိတော့ဘူးလား။"

...

ဒီလူတွေရဲ့ ယုတ်မာတဲ့စကားတွေကို ကြည့်ပြီး ယွီဟွေးဖေးက ဒေါသထွက်လွန်းလို့ နဖူးကနေ မီးခိုးတွေတောင် ထွက်လာမတတ်ပဲ။ ဟိုကောင်တွေရဲ့ မှတ်ချက်တွေကို လှန်ကြည့်လိုက်တော့ အကုန်လုံးက ပန်းချီဆရာဆိုတဲ့ကောင်တွေချည်း။

တကယ်ပဲ၊ မင်းသေတာကို မျှော်လင့်နေတဲ့သူက အမြဲတမ်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေပဲကိုး။ သူသာ ဒီနေရာကနေ ကြာကြာမထွက်နိုင်တာ၊ ဘာတန်ခိုးမှမရှိတာသာ မဟုတ်ရင် ဒီမနာလိုတဲ့ ကီးဘုတ်သမားတွေကို တစ်ယောက်တစ်ချက် ပိတ်ရိုက်ချင်နေပြီ။

လျိုရှင်းဆွဲတာ အစစ်ဟုတ်မဟုတ် သူသက်သေမပြနိုင်ဘူး၊ ဒါပေမဲ့ အတူတူပဲ၊ ဒီကီးဘုတ်သမားတွေလည်း ဒါက အစစ်မဟုတ်ဘူးလို့ သက်သေမပြနိုင်ဘူးလေ။

အတူတူ သက်သေမပြနိုင်ဘဲနဲ့ ဘာလို့သူတို့က ကိုယ်ကျင့်တရားအမြင့်ဆုံးနေရာမှာရပ်ပြီး သူများကို ဆဲဆိုနေနိုင်ရတာလဲ။

တကယ်ကို ယုတ်မာလွန်းတယ်။

သူတော်တော်စိတ်ညစ်နေတယ်၊ အရမ်းစိတ်ညစ်နေတာ...

ယွီဟွေးဖေး ဒီနှစ်ရက် စိတ်အခြေအနေမကောင်းတာကို မြင်တော့ မျက်ပြူးကြီးက ထွက်လာပြီး ရယ်ကာ "သူငယ်ချင်း၊ ဘာဖြစ်နေတာလဲ။"

ယွီဟွေးဖေးက ဖုန်းကိုင်ပြီး "ကောင်မလေးလျိုရှင်း အပုပ်ချခံနေရတယ်"

မျက်ပြူးကြီးက သိပ်မထွက်လို့ အပြင်ကကိစ္စတွေကို သူအကုန်သိချင်တယ်လေ။ ဒါနဲ့ မျက်ပြူးကြီးက စီးကရက်တစ်လိပ်ထုတ်ပြီး ကမ်းပေးရော။

"ကဲ...၊ ပြောပြစမ်းပါဦး..."

ယွီဟွေးဖေးက စီးကရက်ယူပြီး မီးညှိ၊ မီးခိုးငွေ့တစ်ချက်မှုတ်ထုတ်ပြီး ကိစ္စအစအဆုံးကို ပြောပြလိုက်တယ်။

မျက်ပြူးကြီးကလည်း စီးကရက်တစ်ဖွာဖွာပြီး "တကယ်တော့ နည်းနည်းတော့ ပြဿနာရှိတယ်။ တန်ခိုးမရှိတော့တာ ဝမ်းနည်းစရာပဲ။ မဟုတ်ရင် တန်ခိုးလေးနဲ့ မင်းအတွက် မြူခိုးတွေ ဖန်တီးပေးလို့ရတယ်"

ယွီဟွေးဖေးက လိုက်ပြီး သက်ပြင်းချလိုက်ရော။ ဒီအချိန်မှာပဲ တံခါးခေါက်သံ ကြားလိုက်ရတယ်။

ဒေါက် ဒေါက် ဒေါက်...။

အသံက တိုးတိုးလေး၊ တစ်ယောက်ယောက်ကို လန့်သွားမှာစိုးနေသလိုပဲ။

All Chapters