← Chapters

မီးဖိုချောင်က ဒေါ်ဒေါ်လေး

Vol. 7 Ch. 96

မီးဖိုချောင်က ဒေါ်ဒေါ်လေး

Vol. 7 Ch. 96

ယွီဟွေးဖေးက အံ့သြနေတဲ့အမူအရာနဲ့ ထလိုက်ချိန် မျက်ပြူးကောင်ကတော့ ဘူးသီးထဲကို အမြန်ပြန်ဝင်ပြေးသွားပါလေရော။ တံခါးဖွင့်လိုက်တော့ ကြောင်တောင်တောင် ဖြစ်သွားတယ်။

တံခါးဝမှာ ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးတစ်ယောက်က အင်္ကျီပါးလေးတစ်ထည်နဲ့ ပန်းရောင်ခရီးဆောင်သေတ္တာလေးတစ်လုံးကိုဆွဲပြီး ရပ်နေတာပဲ၊ မျက်နှာလေးက ဖြူဖျော့နေပြီး လေတိုက်လိုက်တိုင်း တုန်တုန်သွားသေးတယ်။

လာတဲ့သူက ဘယ်သူလဲဆိုတော့... လျိုရှင်းပါပဲ

ယွီဟွေးဖေးက အံ့ဩတကြီးနဲ့ "နင် ဘယ်လိုလုပ်ရောက်လာတာလဲ"

လျိုရှင်းက ခေါင်းလေးငုံ့ပြီး "ဟူး... စိတ်ညစ်စရာလေးတွေများနေလို့၊ ဒုက္ခရှောင်မလို့ ထွက်လာတာ။ ဘာလဲ၊ မရဘူးလား"

ယွီဟွေးဖေးက ပြုံးလိုက်ပြီး နောက်လှည့်ကာ အသံကုန်အော်လိုက်တယ်။ "လျိုရှင်း လာပြီဟေ့"

ဒီအော်သံကြောင့် လျိုရှင်း လန့်ဖြန့်သွားကော၊ သူခိုးဖမ်းခိုင်းတယ်များ ထင်သွားလားမသိဘူး။ ပြီးတော့ သူမြင်လိုက်ရတာက နောက်ဖေးခြံတံခါးက ဂျိန်းဆိုပြီး ပွင့်ထွက်လာတာပဲ။

သရဲနက်ဖြူနှစ်ကောင်က မီးလောင်ရာလေပင့်လို ပြေးထွက်လာပြီး တွေ့တွေ့ချင်းပဲ ရယ်ကျဲကျဲနဲ့ "ဟယ်လို လျိုရှင်း၊ နင်က ခုမှရောက်ရသလား။ လာလာ... အထဲဝင်ပြီး စကားပြောရအောင်"

ပြီးတော့ သရဲဖြူက လမ်းပြ၊ သရဲနက်က သေတ္တာဆွဲ၊ ယွီဟွေးဖေးဘေးက ဖြတ်သွားတော့ ယွီဟွေးဖေးကို ပြောသွားသေးတယ်။ "ဘာကြောင်ကြည့်နေတာလဲ။ ကောင်မလေး အေးနေတာ မမြင်ဘူးလား။ ရေနွေးသွားယူလေကွာ"

ယွီဟွေးဖေးက မျက်လုံးပြူးကြီးနဲ့ "သောက်ကျိုးနည်း... ငါက သူဌေးကွ၊ ဟုတ်ပြီလား"

အဟိ...

လျိုရှင်းက သူတို့သုံးယောက်ရဲ့ စကားဝိုင်းကိုကြားပြီး ရယ်ချင်သွားတယ်၊ ဖြူဖျော့နေတဲ့ မျက်နှာလေးပေါ်မှာ ရှက်သွေးလေးတွေ ပြေးတက်လာရော။

ပစ္စည်းပစ္စယတွေ နေရာချပြီးတဲ့အခါမှာတော့ ယွီဟွေးဖေးတစ်ယောက် ခေါင်းစားရပြန်ပြီ။ ဒီကောင်မလေးဆီက ပိုက်ဆံယူရမှာလား၊ မယူရဘူးလား။ အဲ့တော့ သူက ဒီမေးခွန်းကို သရဲနက်ဖြူ၊ နွားခေါင်း၊ မြင်းခေါင်းနဲ့ ချွေ့ကျွယ်တို့ဆီ ပစ်ချလိုက်တယ်။

အဲ့ဒီကောင်တွေ ပါးစပ်မဟရသေးဘူး၊ ရှောင်ထျန်းချန်က ပထမဆုံးထရပ်ပြီး "ပိုက်ဆံတောင်း"

ကျန်တဲ့သူတွေ မျက်မှောင်ကြုတ်ပြီး စကားပြောမလို့လုပ်တုန်း ရှောင်ထျန်းချန်က တစ်ခွန်းထပ်ပြောတယ်။

"ဟိုမှာ မုန်ညင်းဖြူ ပေါင်ငါးရာတောင် ရှိတယ်နော်"

အားလုံး ကြောင်သွားပြီးမှ တစ်ပြိုင်နက်တည်း အော်ကြကော။

"ပိုက်ဆံတောင်း"

ဘာရမလဲ... ယွီဟွေးဖေးက ချွေ့ကျွယ်ကို ရှေ့တွန်းထုတ်လိုက်ပါလေရော...။ ချွေ့ကျွယ်လည်း ဘာမှမတတ်နိုင်တော့ဘူး၊ နောက်ဆုံးတော့ မျက်နှာပြောင်တိုက်ပြီး သွားလိုက်ရတယ်။ တံခါးဖွင့်လိုက်တော့ လျိုရှင်းက ပိုက်ဆံကိုင်ပြီး ထွက်လာနှင့်နေပြီ။

"ကိုချွေ့လာတာနဲ့ အတော်ပဲ... ဒါ ကျွန်မရဲ့ အခန်းခပါ။ သုံးရက်စာ သုံးထောင်၊ ရေကြည့်ပါဦး"

ချွေ့ကျွယ်က ဒါကိုမြင်တော့ ကျေးဇူးတင်တဲ့အမူအရာလေးနဲ့ "အားနာစရာကြီး... အရင်ဧည့်သည်ပဲဟာ၊ ကျုပ်တို့ဘက်က သုံးရက်စာ စားစရိတ်ပါ လက်ဆောင်ထည့်ပေးလိုက်ပါတယ်"

လျိုရှင်းက ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ်... ဒါနဲ့ သူဌေးယွီရောဟင်"

လျိုရှင်း မေးသံကြားတော့ နောက်ဖေးခြံတံခါးနောက်ကနေ နားစွင့်ပြီး ချောင်းနားထောင်နေတဲ့ တစ်သိုက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ယွီဟွေးဖေးကို ဝိုင်းကြည့်ကြတယ်။

မြင်းခေါင်းက ဟီးဟီးရယ်ပြီး "ငါ့ညီလေးယွီ... ကြည့်ရတာ ဒီကောင်မလေးက မင်းကို ရည်မှန်းပြီးလာတာပဲ။ မယားကြီးအဖြစ် ကောက်လိုက်ပါတော့လား။ သူက ချက်တတ်ပြုတ်တတ်တယ်၊ မယားကြီးနေရာထားရင် ဘာမှပြောစရာမရှိဘူး"

"သွားစမ်းပါကွာ... ဘာတွေလျှောက်ပြောနေတာလဲ" ယွီဟွေးဖေးက သူ့ကို ဆဲလွှတ်လိုက်တယ်။

အချစ်ရေးဆိုတာ ယွီဟွေးဖေးအတွက်တော့ စိမ်းသက်နေတုန်းဆိုပေမယ့် လူငယ်တစ်ယောက်အနေနဲ့ ဘယ်သူက မတောင့်တဘဲ နေမလဲ။ ဒါပေမဲ့ ယွီဟွေးဖေးက ကိုယ့်ကိုယ်ကို အထင်ကြီးပြီး နောက်ဆုံးမှာ အသေဆိုးနဲ့သေသွားတဲ့သူတွေ အများကြီးတွေ့ဖူးတယ်။

ရှေးလူကြီးတစ်ယောက်က ပြောဖူးတယ်။ မိန်းမတွေနဲ့ အတူရှိနေတဲ့အခါ ကိုယ့်ရဲ့ပင်ကိုယ်အသိကို ဘယ်တော့မှမယုံနဲ့တဲ့။ ကိုယ့်ကို သူစိတ်ဝင်စားနေတယ်လို့ ခံစားမိတဲ့အခါ၊ ဂုဏ်ယူပါတယ်... သူက မင်းကို စိတ်မဝင်စားတာ ၈၀ရာခိုင်နှုန်းလောက် သေချာသွားပြီတဲ့။

ဒါက နာမည်ကြီးတဲ့ ပင်ကိုယ်အသိပြောင်းပြန်သုံး ဖွန်ကြောင်သီအိုရီပဲ။ ဒီသီအိုရီကို ယွီဟွေးဖေးက အကြွင်းမဲ့ယုံကြည်တယ်။

ဒါကြောင့် သူအခု သုံးသပ်ပြီးတဲ့ရလဒ်ကတော့ လျိုရှင်းက သူ့ကို စိတ်မဝင်စားဘူးဆိုတာပဲ။

သူများက စိတ်မဝင်စားမှတော့ ယွီဟွေးဖေးလည်း စိတ်မကူးတော့ဘူး။ ကိုယ့်အခြေအနေကိုယ် ကောင်းကောင်းသိတယ်။ သုံးလောကအကျဉ်းထောင်မှူးဆိုတဲ့ ရာထူးကို ဖယ်ထားလိုက်ရင်တောင်၊ မျိုးရိုး၊ အလုပ်အကိုင်နဲ့ ဝင်ငွေကို ကြည့်ရုံနဲ့ မိန်းကလေးတွေနဲ့ ဘာမှပတ်သက်စရာအကြောင်းမရှိဘူး။

သုံးလောကအကျဉ်းထောင်မှူးဆိုတဲ့ ရာထူးကို ထည့်တွက်လိုက်ရင်တော့ ဖွန်ကြောင်ဖို့ဆိုတာ ပိုပြီး ဝေးသွားပြီ...

နွားခေါင်းကိုကြည့်၊ မြင်းခေါင်းကိုကြည့်၊ ရှောင်ထျန်းချန်ကိုကြည့်၊ ဒါတွေက ဘာကောင်တွေလဲ။

လုံးဝ အလင်းပြလို့မရတဲ့ ငနဲတွေ။

ဒါကြောင့် ယွီဟွေးဖေးက ဒီလက်တွေ့မဆန်တဲ့ စိတ်ကူးတွေကို ချေဖျက်ဖို့ ဆုံးဖြတ်ပြီး ခေါင်းခါကာ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ဖို့ ထွက်သွားတယ်။ သူ့နောက်ကျောမှာတော့ လက်ခလယ်တစ်တန်းနဲ့ မထီမဲ့မြင်အကြည့်တွေ ကျန်ခဲ့ရော။

ယွီဟွေးဖေး ဘာပြောနိုင်မှာလဲ။

သူဘာတတ်နိုင်မှာလဲ။

ဟူး...

ချွေ့ကျွယ်က ယွီဟွေးဖေး ကိုယ်တိုင်မထွက်လာတာမြင်တော့ "သူလား၊ အလုပ်များနေလို့နေမှာပေါ့၊ သူအလုပ်အားရင် ကျုပ်သွားခေါ်လိုက်မယ်"

လျိုရှင်းက ရယ်ပြီး "ဒါလည်း ကောင်းတာပဲ။ ဒါပေမဲ့ ရှင်တို့က ကျွန်မကို စားစရိတ်လွတ်ပေးမှတော့ ကျွန်မလည်း အလကားမစားနိုင်ဘူးလေ။ ဒီလိုလုပ်ပါလား... ဒီနေ့ကစပြီး မီးဖိုချောင်က ကျွန်မတာဝန်ထား"

ဒီစကားကြားတော့ ချွေ့ကျွယ် ပါးစပ်မဟရသေးဘူး၊ နောက်တံခါးက ဗုန်းဆိုပြီး ပွင့်ထွက်လာတယ်။ သရဲနက်ဖြူနှစ်ကောင်က ပြေးထွက်လာပြီး လက်နှစ်ဖက်မြှောက်ကာ "ထောက်ခံတယ်၊ ငါတို့ ထောက်ခံတယ်"

ရှောင်ထျန်းချန်ကလည်း လိုက်အော်မလို့လုပ်တုန်း၊ ပါးစပ်ဟလိုက်တာနဲ့ နွားခေါင်းက သူ့ပါးစပ်ကို လက်နဲ့ဖမ်းဆွဲပြီး ပိတ်ထားလိုက်ကော။ ရှောင်ထျန်းချန်လည်း သူက လူရှေ့မှာ စကားပြောလို့မရဘူးဆိုတာ အဲ့တော့မှသတိရတယ်။ နှုတ်ခမ်းလေးထော်ပြီး တိုးတိုးလေး ရေရွတ်လိုက်ရတာပေါ့။

"ကျေးဇူးပဲ"

...

ရှေ့ခြံမှာ လျိုရှင်းက ဒါကိုမြင်ပြီး ပျော်ရွှင်စွာရယ်မောရင်း "အားလုံးသဘောတူမှတော့ ဒီနေ့ကစပြီး သုံးရက်အတွင်း မီးဖိုချောင်က ကျွန်မအပိုင်၊ အဲ့တော့ ကျွန်မနဲ့လာမလုနဲ့နော်"

ချွေ့ကျွယ်က ရယ်ပြီး "ဒါဆိုရင်တော့ လျိုရှင်းကို အားကိုးရတော့မှာပေါ့" ပြောလိုက်ချိန် လျိုရှင်းက ပြုံးလိုက်ပြီး ဆံပင်လေးသပ်တင်ကာ မီးဖိုချောင်ထဲ ဝင်သွားရော။

မီးဖိုချောင်ထဲမှာ ဆန်၊ ဆီ၊ ဆား အကုန်ရှိပေမယ့် ဟင်းသီးဟင်းရွက်ကတော့ သိပ်မများဘူး။ အဓိကက မုန်ညင်းဖြူတစ်ပုံကြီးပဲ။ ယွီဟွေးဖေးက ဒီရက်ပိုင်း မုန်ညင်းဖြူမချက်ပေမယ့် သူက ချက်ဖို့အစီအစဉ်ရှိတယ်ဆိုတာ သိသာနေတယ်။

ဒီအပေါ်မှာ သရဲဖြူနက်၊ နွားခေါင်း၊ မြင်းခေါင်းတို့က ၁၂၀ရာခိုင်နှုန်း ကန့်ကွက်ကြပေမယ့် ဝယ်ပြီးမှတော့ သူတို့လည်း ဘာမှပြောလို့မရတော့ဘူး။

လျိုရှင်းက တစ်ပတ်ကြည့်ပြီးတော့ မျက်လုံးတွေတောက်ပြောင်သွားပြီး "အကြံရပြီ" ပြောပြီးတာနဲ့ ထင်းထားတဲ့အခန်းထဲမှာ ဟိုရှာဒီရှာလုပ်ပြီး ဖုန်တွေ၊ ရွှံ့တွေ၊ အညစ်အကြေးတွေနဲ့ မံနေတဲ့ မြေအိုးတစ်လုံးကို ရှာထုတ်လာတယ်။

တံခါးဝက မြစ်ငယ်လေးဘေးမှာ ဘရပ်ရှ်နဲ့တိုက်လိုက်တော့ တော်တော်လေးတောင် ကြည့်ကောင်းသွားသေးတယ်။ လျိုရှင်း အဲ့ဒီမှာ လုံးလည်လိုက်နေတာကိုမြင်တော့ ချွေ့ကျွယ်တို့လည်း စပ်စုပြီး သူ့နောက်လိုက်သွားကြတာပေါ့။

သရဲဖြူက မြေအိုးကိုကြည့်ပြီး "နင်ဒါဘာလုပ်မလို့လဲ"

လျိုရှင်းက အသာအယာပြုံးပြီး "အရသာရှိတာတွေ လုပ်မလို့ပေါ့၊ ရှင်တို့စောင့်နေ" ပြောပြီးတော့ သူတို့ကို လက်သီးလေးဆုပ်ပြရင်း ခြိမ်းခြောက်လိုက်တော့တာပဲ။

"နောက်ကလိုက်မလာနဲ့နော်"

မီးဖိုချောင်တံခါးပိတ်ပြီး လျိုရှင်းက မြေအိုးကို နောက်တစ်ခါဆေးကြော၊ ရေနွေးနဲ့ပိုးသတ်ပြီး ဘေးမှာအဆင်သင့်ထားလိုက်ပြီးတော့ သူက မုန်ညင်းဖြူတွေ စရွေးတော့ကော။ မုန်ညင်းဖြူတွေထဲကနေ အရွယ်အစားနည်းနည်းသေးပြီး နုနယ်နေတဲ့ နှစ်ခုကိုရွေး၊ အပြင်ဘက်က ညစ်ပတ်ပြီး ညှိုးနေတဲ့အရွက်တွေကို ဖယ်၊ အတွင်းပိုင်းကိုချန်ပြီး ရေသန့်နဲ့ဆေးကြောကာ ဘေးမှာထားလိုက်တယ်။

ပြီးတော့ သူက ဆားကြမ်းကိုရှာပြီး ပြင်ဆင်ထားတဲ့ မုန်ညင်းဖြူကိုယူ၊ အရွက်တွေကိုခွဲပြီး ဆားကြမ်းကို အရွက်တစ်ရွက်ချင်းစီရဲ့ နှစ်ဖက်စလုံးမှာ သုတ်လိမ်း၊ ပြီးတော့ ဘေးက အိုးငယ်လေးထဲထည့်ပြီး ကျောက်တုံးနဲ့ဖိထား။

လက်ခါပြီး လျိုရှင်းက ပြုံးရင်း "နောက်တော့ စောင့်ရုံပဲ... မနက်ဖြန်မှ ပြန်လာကြည့်မယ်" ပြောပြီးတာနဲ့ ပြတင်းပေါက်အပြင်က မေပယ်တောကိုကြည့်ပြီး မျက်လုံးတွေတောက်ပြောင်သွားကာ လက်ခုပ်တစ်ချက်တီးပြီး "ဒီညတော့ ဝက်သားနှပ်စားကြစို့"

ပြောပြီးတာနဲ့ လျိုရှင်းက နံရံမှာချိတ်ထားတဲ့ ကြာပြီမသုံးဖြစ်တဲ့ တောင်းတစ်လုံးကို ယူလိုက်တယ်။ သူက ခဏလောက်လေ့လာပြီးတော့ သူ့အခန်းထဲကို တန်းသယ်သွားရော။ မကြာခင်မှာပဲ ညစ်ပတ်ပြီး မြေတွေပေနေတဲ့ တောင်းက သူ့လက်ထဲမှာ ပြုပြင်မွမ်းမံခံလိုက်ရကော။

ကျောပိုးကြိုးနှစ်ချောင်းထပ်တိုးလာတယ်၊ ညစ်ပတ်တဲ့နေရာတွေလည်း သန့်ရှင်းသွားပြီ၊ ပြီးတော့ အနုစိတ်မျဉ်းကြောင်းလေးတွေပါ ထပ်ထည့်လိုက်တော့ ဒီတောင်းက တော်တော်လေး အဆင့်မြင့်သွားတယ်။

လျိုရှင်းက တောင်းကိုကျောပိုးပြီး ခုန်ပေါက်ရင်း တံခါးဖွင့်လို့ထွက်သွားချိန် ချွေ့ကျွယ်က သူမကျောပြင်ကိုကြည့်ပြီး သက်ပြင်းချတော့တာပဲ။

"ငါ့ညီလေးယွီ... ဒါက ရတနာပဲကွ"

All Chapters