← Chapters

ကယ်ပေါက်

Vol. 7 Ch. 97

ကယ်ပေါက်

Vol. 7 Ch. 97

ယွီဟွေးဖေးက နောက်ဖေးခြံကနေ ခေါင်းပြူထွက်လာပြီး ညည်းညည်းညူညူနဲ့ ပြောပါလေရော။

"ဒါတွေမပြောပါနဲ့တော့... ပိုက်ဆံဘယ်လိုရှာမလဲပဲ စဉ်းစားကြရအောင်"

ချွေ့ကျွယ်က ယွီဟွေးဖေးကိုကြည့်ပြီး ရယ်ကာ "တကယ်တော့ မင်း အကျဉ်းထောင်ရဲ့ စည်းကမ်းတွေမှာ ကယ်ပေါက်ရှိတာကို မတွေ့မိဘူးလား"

ယွီဟွေးဖေးက ကြောင်သွားပြီး "ဘာ ကယ်ပေါက်လဲ"

"ဒါက မင်းကို ကိုယ့်သဘောနဲ့ ကိုယ့်အကြောင်း ဖော်ကောင်လုပ်တာကိုပဲ တားထားတာလေ။ တကယ်လို့ မင်းဖော်ကောင်လုပ်တာ မဟုတ်ရင်ရော။ မင်းက နတ်ရာထူးတစ်ခု ရထားပေမယ့် တကယ်တော့ သာမန်လူခန္ဓာကိုယ်ပဲ ရှိတာ။ လူ့လောကက ရှုပ်ထွေးတယ်၊ မင်းက အရာရာကို ကြိုသိနိုင်တာမှ မဟုတ်တာ... အမှားအယွင်းတွေ ရှိမှာပဲ။ ဟို ဖိန်ကောလိုပေါ့... သူက နွားခေါင်းနဲ့ နတ်သတ်ဓားပျံကို တွေ့ဖူးတယ်လေ။ စည်းကမ်းအရဆိုရင် မင်းက ပေါက်ကြားပြီးသား ဖြစ်နေပြီ"

ယွီဟွေးဖေးက ကြောင်သွားပြီးမှ "ဟုတ်သားပဲ၊ ဒါဆိုရင်..."

ချွေ့ကျွယ်က ခေါင်းညိတ်ပြီး "မင်းကိုယ်တိုင် ထပြီး ဒီကိစ္စကို မပြောသရွေ့တော့ ဘာမှမဖြစ်လောက်ဘူး"

ယွီဟွေးဖေးရဲ့ မျက်လုံးတွေ ချက်ချင်းတောက်ပသွားပြီး "ဒါဆိုရင် သူများက မမေး၊ ကျုပ်လည်း မရှင်းပြရင် ဘာမှမဖြစ်ဘူးဆိုတဲ့ သဘောလား"

ချွေ့ကျွယ်က "သီအိုရီအရတော့ ဒီလိုပဲ၊ မဟုတ်ရင် ငါတို့က ပေါက်ကြားပြီးသားမို့ မင်းအပြစ်ပေးခံရသင့်နေပြီလေ။ ဒါကြောင့် မင်းကောင်မလေး ရှာလို့ရတယ်..."

ယွီဟွေးဖေးက မေးစေ့လေးပွတ်ပြီး "ဒီလိုဆိုရင် စကားမပြောတတ်တဲ့ကောင်မလေးတစ်ယောက်ရှာတာ အကောင်းဆုံးပဲ..."

ချွေ့ကျွယ်က သူ့ကို မျက်စောင်းတစ်ချက်ထိုးရင်း "မင်း တခြားအလုပ်သွားလုပ်စမ်းပါကွာ၊ မင်းကိုကြည့်ရတာ စိတ်ညစ်တယ်"

အဲ့တော့ ယွီဟွေးဖေးကလည်း နောက်လှည့်ပြီး ထွက်သွားရော။ သူက ချွေ့ကျွယ်ရဲ့ ဆိုလိုရင်းကို နားလည်ပါတယ်၊ လျိုရှင်းကို လိုက်ခိုင်းနေတာ မဟုတ်လား။

သူ့မှာလည်း စိတ်ကူးတော့ရှိသား။ ဒီကောင်မလေးက တုံးတုံးအအလေး၊ အဓိကက အပင်ပန်းခံနိုင်တယ်၊ ချက်တတ်ပြုတ်တတ်တယ်၊ လိမ္မာတယ်၊ ရုပ်ကလည်းချောတယ်... ဒါက ပြီးပြည့်စုံတဲ့ကောင်မလေးပဲ။

ဒါပေမဲ့ ပြဿနာက ဒီကောင်မလေးက စကားပြောတတ်တယ်လေ၊ လူဆိုတာ စပ်စုတတ်တဲ့စိတ် ရှိတာပဲ။ တကယ်လို့ တစ်လမ်းလုံး လိုက်မေးနေရင် သူနောက်ဆုံး ဘယ်လိုလုပ်မလဲ။

လျှောက်ပြောမလား။

လိမ်မလား။

လိမ်တာလည်း တစ်သက်လုံး လိမ်လို့မရဘူးလေ။

ယွီဟွေးဖေး နည်းနည်းခေါင်းစားသွားတယ်၊ ဘာလို့လဲဆိုတော့ ဒီပြဿနာက သူ့ဘဝတစ်လျှောက်လုံး လိုက်ပါနေနိုင်လို့ပဲ။

ဒီအချိန်မှာ ရှောင်ထျန်းချန်က ယိမ်းထိုးပြီး လျှောက်လာတယ်၊ ဒီကောင်က ခေါင်းမမော့ဘဲ ခွေးမျက်လုံးစွေစွေနဲ့ ယွီဟွေးဖေးကို ကြည့်ပြီး "ငတုံး!" လို့ ပြောလိုက်တယ်။

ယွီဟွေးဖေးက ခြေထောက်မြှောက်ပြီး တစ်ချက်ကန်လိုက်ပေမယ့် ရှောင်ထျန်းချန်က ရှောင်လိုက်ပြီး ခွေးခေါင်းမော့ကာ သြဝါဒချွေတော့တာပဲ။

"နတ်ဆိုတာ ဘာလဲသိလား။ နတ်ဆိုတာ မင်းထင်သလို လေးထောင့်မျက်နှာနဲ့ အတိတ်ကရုပ်ကြီးတွေ မဟုတ်ဘူး၊ နတ်ဆိုတာ ကိုယ့်စိတ်ရင်းအတိုင်း နေထိုင်ပြီး လွတ်လပ်ပေါ့ပါးစွာ နေထိုင်တာ။ ငါသိတဲ့နတ်တွေထဲမှာ အစားသရဲတွေရှိတယ်၊ အလှကြိုက်တဲ့သူတွေရှိတယ်၊ ခြေထောက်ကုတ်ရတာ ကြိုက်တဲ့သူတွေရှိတယ်၊ နှစ်ပေါင်းသောင်းချီ ခြေမဆေးတဲ့သူတွေလည်း ရှိတယ်... နတ်ပြည်က ဒီလိုကိစ္စတွေကို ခွင့်ပြုတယ်၊ မျက်နှာပျက်မှာကို ဂရုမစိုက်ဘူး။ ဘာလို့လဲဆိုတော့ လွတ်လပ်မှုက နတ်ဘုရားမို့လို့ပဲ။ မင်းလိုနတ်မျိုးကတော့ တကယ်ကို အကျဉ်းကျနေတာ"

ယွီဟွေးဖေးက ကြောင်သွားပြီးမှ မျက်လုံးတွေတောက်ပလာတယ်၊ ရှောင်ထျန်းချန်ရဲ့ ခွေးခေါင်းကို တစ်ချက်ပုတ်ပြီး "ကျေးဇူးပဲ ကိုခွေးကြီး။ ကျုပ်နားလည်သွားပြီ။ ရှေ့နောက်ကြည့်နေတာတွေ သွားစမ်းပါ၊ စိတ်ကူးရှိရင် အရင်လုပ်လိုက်၊ ပြဿနာကြုံရင် ဖြေရှင်းလိုက်ရုံပဲ။ ဘာကိုကြောက်နေမှာလဲ" လို့ပြောပြီးတာနဲ့ သူက နောက်လှည့်ပြီး ထွက်သွားတော့တာပဲ။

ယွီဟွေးဖေးက တစ်ရှိန်ထိုး ဈေးငယ်လေးဆီ ပြေးသွားတယ်၊ ဒါပေမဲ့ ဒီအချိန်မှာ ဈေးထဲမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့သူ သိပ်မရှိတော့ဘူး။ ယွီဟွေးဖေးက မေးကြည့်တော့ အဖွားကြီးတစ်ယောက်က သူတို့အိမ်နောက်ကို လက်ညှိုးထိုးပြပါကော။

"မင်းပြောတဲ့ကောင်မလေးက နောက်မှာ ကြက်သွန်မြိတ်ရွေးနေတယ်"

အိမ်နောက်ကို ပတ်သွားတော့ ယွီဟွေးဖေး မြင်လိုက်ရတာက နေဝင်ဆည်းဆာအောက်မှာ ဂျင်းဘောင်းဘီ၊ အပြာရောင်အပေါ်အင်္ကျီဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်က ကျောပိုးတောင်းတစ်လုံးနဲ့ ကြက်သွန်မြိတ်ခင်းထဲမှာ ထိုင်နေပြီး တစ်ပင်ချင်းစီ ကြည့်ကာ သင့်တော်တာတွေ့ရင် တစ်ပင်တူးထုတ်နေတာ။ ယွီဟွေးဖေးက မနေနိုင်ဘဲ ရယ်ပြီး "ဒါက ရည်းစားရွေးနေတာလား" လို့ မေးလိုက်တယ်။

လျိုရှင်းက ကြောင်သွားပြီး ခေါင်းမော့ကြည့်တော့ ယွီဟွေးဖေးကိုမြင်ပြီး ရယ်ကာ "သူဌေးယွီ... ရှင့်ဘယ်လိုရောက်လာတာလဲ"

"နင်က ငါတို့ရဲ့ ဧည့်သည်ပဲ။ နင်တစ်ယောက်တည်း ထွက်လာတော့ စိတ်မချဘူးလေ။ တကယ်လို့ နောက်တောင်ဘက်ကို ထပ်ပြေးသွားရင် ဘယ်လိုလုပ်မလဲ"

လျိုရှင်းက ယွီဟွေးဖေး အတိတ်ကအရှက်ကွဲစရာကို ထုတ်ပြောတော့ ချက်ချင်းမျက်နှာလေးနီရဲသွားပြီး မျက်စောင်းတစ်ချက်ထိုးကာ "ကျွန်မ အဲ့လောက်မတုံးပါဘူး၊ တစ်ခါခံဖူးပြီးပြီ၊ နောက်မသွားတော့ဘူး"

ယွီဟွေးဖေးကလည်း ရယ်ပြီး "နင်ဒီလောက်ရွေးနေရင် ငါတို့ညစာငတ်တော့မှာပဲ"

လျိုရှင်းက အလေးအနက်တဲ့ပုံစံနဲ့ ပြန်ရှင်းပြတော့တာပေါ့။

"ဟင်းချက်တာက အဲ့လောက်ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး၊ ကြက်သွန်မြိတ်မှာလည်း သူ့စည်းကမ်းနဲ့သူရှိတယ်။ ရှင့်ကြည့် ဒီကြက်သွန်မြိတ်တွေ ကြည့်ရတာတူတူပဲ။ တကယ်တော့ အရသာမတူဘူး။ တချို့ကြက်သွန်မြိတ်တွေက ပိုစူးတယ်၊ တချို့ကတော့ ပိုချိုတယ်။ ကျွန်မက ချိုတဲ့ကြက်သွန်မြိတ်လေးတွေ ရွေးပြီးသုံးမလို့..."

ယွီဟွေးဖေးက ထိုင်ချပြီး သေသေချာချာကြည့်နေပေမယ့် သူဘယ်လိုကြည့်ကြည့် ဒီကြက်သွန်မြိတ်တွေက ပုံစံတူတူပဲလို့ ခံစားနေရတယ်။

လျိုရှင်းက လက်ဝှေ့ယမ်းပြီး "ရှင့်ဖယ်ပေးပါဦး၊ ဒီမှာ အလင်းကွယ်နေတယ်"

အဲ့တော့ ယွီဟွေးဖေးက နှာခေါင်းပွတ်ပြီး ဘေးကိုဆုတ်သွားတယ်၊ အဲ့ဒီမှာရပ်ပြီး လျိုရှင်း ကြက်သွန်မြိတ်ရွေးနေတာကို တိတ်တဆိတ်ကြည့်နေလိုက်တော့တာပဲ။ ရွေးပြီးတော့ လျိုရှင်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့အဖွားကြီးကို တစ်ခုခုသွားပြောချိန် အဖွားကြီးက ရယ်ကျဲကျဲနဲ့ သဘောတူလိုက်တယ်။

ယွီဟွေးဖေးက ဈေးနှုန်းကိုကြည့်လိုက်တော့၊ သောက်ကျိုးနည်း... သူဝယ်တုန်းကထက်တောင် နည်းနည်းပေါနေပါလား။

ယွီဟွေးဖေး မှတ်မိသေးတယ်၊ ဒီဈေးက အဖွားကြီးတွေက တစ်ယောက်ထက်တစ်ယောက် ကပ်စေးနဲ ကလည်ကျတာ။

တစ်မတ်လောက်လျော့ရင်တောင် မင်းနဲ့ အကြာကြီးငြင်းနေဦးမှာ၊ ဒါပေမဲ့ လျိုရှင်းက တစ်ကျပ်ကျော်တောင် ဈေးဆစ်လိုက်တောင် ဒီအဖွားကြီးက ပျော်တောင်ပျော်နေသေးတယ်။

အလှက ပိုက်ဆံအဖြစ် သုံးလို့ရတာ တကယ်ပဲကိုး။

ပြီးတော့ လျိုရှင်းက သစ်သီးဆိုင်သွားပြီး သစ်တော်သီးဘာညာဝယ်တယ်၊ ပြီးတော့ အကုန်လုံးကို ကျောပိုးတောင်းထဲထည့်ပြီး ယွီဟွေးဖေးကို လက်ဝှေ့ယမ်းပြကာ "အသားသွားဝယ်ကြမယ်"

အပြာရောင်အုတ်ကြွပ်၊ အဖြူရောင်နံရံ၊ နေဝင်ဆည်းဆာ၊ လူရိပ်နှစ်ခုက ရှည်လျားစွာ မြေပြင်ပေါ်ကျရောက်နေလေရဲ့။ ကျောပိုးတောင်းနဲ့ လျိုရှင်းက စိတ်အရမ်းကြည်လင်နေတယ်၊ ခြေလှမ်းအနည်းငယ်လှမ်းပြီးရင် နှစ်ခါခုန်တယ်၊ ပါးစပ်ကလည်း ယွီဟွေးဖေးမကြားဖူးတဲ့ သီချင်းလေးတစ်ပုဒ်ကို ညည်းနေလေရဲ့။

ယွီဟွေးဖေးကတော့ တစ်လမ်းလုံး တိတ်တဆိတ်လိုက်ပါလာတယ်၊ အကြိမ်ကြိမ် သူတစ်ခုခုပြောချင်ပေမယ့် ဒီမြင်ကွင်း၊ ဒီအခြေအနေမှာ ဘာမှမပြောတာက ပိုလှတယ်လို့ ခံစားမိတယ်လေ...။

လမ်းမှာ လျိုရှင်းက ဝက်သုံးထပ်သား သုံးပေါင်၊ အာလူးကြီးလေးလုံးဝယ်ပြီး နှစ်ယောက်သား အိမ်ပြန်လာခဲ့ကြတယ်။

အိမ်ထဲဝင်တော့ လျိုရှင်းက ယွီဟွေးဖေးကို မီးဖိုချောင်အပြင်ဘက်မှာ ပိတ်ထားလိုက်တော့ ပြတင်းပေါက်ရှေ့ရပ်ပြီး အတွင်းက လျိုရှင်းကို ကြည့်နေရတော့တာပေါ့။

ဒီကောင်မလေးက နားကြပ်တပ်ပြီး သီချင်းနားထောင်နေတယ်။ လက်ထဲမှာတော့ ဝက်သုံးထပ်သားကို အမြန်ဆေးကြော၊ ဓားကို ဓားသွေးကျောက်ပေါ်မှာ ဖြူဖွေးတောက်ပြောင်သွားအောင် သွေးပြီး လက်သေးသေးလေးတွေနဲ့ ဝက်သုံးထပ်သားတစ်တုံးကြီးကို လေးထောင့်တုံးလေးတွေဖြစ်အောင် လျင်မြန်စွာလှီးဖြတ်လိုက်တယ်။

ပြီးတော့ ဇွန်းနဲ့ အာလူးခွံခွာ၊ နောက်ဆုံးမှာ ဇွန်းရဲ့တစ်ဖက်နဲ့ အာလူးပေါ်က ချိုင့်ခွက်လေးတွေကို သန့်ရှင်းအောင် ကလော်ထုတ်၊ အဲ့ဒီလက်ရာက သွက်လက်ပြတ်သားတာမို့ ကျွမ်းကျင်သူမှန်း သိသာတယ်။

ယွီဟွေးဖေးက တိုးတိုးလေးရေရွတ်မိတော့တာပဲ။ "သောက်ကျိုးနည်း.. ငါဒီလောက်အသက်ကြီးဘာမှ ဇွန်းနဲ့ အာလူးခွံခွာလို့ရတယ်ဆိုတာ ပထမဆုံးသိတာပဲ"

လျိုရှင်းက သီချင်းနားထောင်၊ သီချင်းလေးညည်းပြီး ခေါင်းလေးက သီချင်းနဲ့အတူ ယိမ်းနွဲ့နေတယ်၊ ဟင်းချက်ရတာကို အရမ်းပျော်နေတဲ့ပုံပဲ။

ဆေးကြောထားတဲ့ ကြက်သွန်မြိတ်တစ်ပင်ကို စဉ်းတီတုံးပေါ်တင်၊ ဓားကျလာတာနဲ့အတူ ညီညာတဲ့ ကြက်သွန်မြိတ်ပိုင်းလေးတွေ ဖြစ်သွားရော။ ငရုတ်သီးခြောက်တစ်တောင့်ချင်းစီကို အပိုင်းလေးတွေဖြစ်အောင် လှီးဖြတ်၊ ဂျင်းတစ်တုံးတင်၊ ဓားနဲ့တစ်ချက်ရိုက်တာ တန်းပြားသွားကော။ ပြီးတော့ ဓားနဲ့ ဖြစ်သလိုနှစ်ချက်လောက်လုပ်ပြီး ဘေးမှာအဆင်သင့်ထားလိုက်တယ်။

ကြက်သွန်ဖြူကိုလည်း စဉ်းတီတုံးပေါ်တင်၊ ဓားနဲ့ရိုက်၊ ရိုက်ပြီးတော့ ယွီဟွေးဖေးကို နှစ်နှစ်ဆယ်လောက် ဒုက္ခပေးခဲ့တဲ့ ကြက်သွန်ဖြူခွံကို လွယ်လွယ်ကူကူ ခွာထုတ်လိုက်ရော။

မီးပြင်းပြင်းနဲ့ ဒယ်အိုးတည်၊ ဒယ်အိုးထဲ ရေထည့်၊ ပြီးတော့ ဝက်သုံးထပ်သားတုံးတွေထည့်၊ ရေနွေးနဲ့တစ်ချက်ပြုတ်ပြီးတော့ လျိုရှင်းက အသားကိုဆယ်ထုတ်ပြီး ဘေးမှာအဆင်သင့်ထားလိုက်တယ်။

ပြီးတော့ ဒယ်အိုးထဲကရေကို သွန်၊ ဆီထည့်၊ ဆီပူလာတော့ သူက ဝက်သုံးထပ်သားကို ထပ်ထည့်၊ တစ်တုံးချင်းစီကို ရွှေဝါရောင်သန်းလာအောင် ညင်သာစွာကြော်ပြီး ထပ်ဆယ်ထုတ်၊ ဟင်းခတ်အမွှေးအကြိုင်တွေ ဒယ်အိုးထဲထည့်လိုက်တာနဲ့ မွှေးရနံ့တစ်ခု ထွက်ပေါ်လာရော။

All Chapters