မင်းအဘလား
Vol. 7 Ch. 99
"ရှင့်အလုပ် ရှင်အရင်သွားလုပ်ပါ" လျိုရှင်းက ထပ်မောင်းထုတ်ပြန်တော့ ယွီဟွေးဖေးက ခေါင်းကုတ်ပြီး နောက်လှည့်ထွက်သွားရကော။
ဒါပေမဲ့ ယွီဟွေးဖေး ညနေပြန်လာတဲ့အခါမှာတော့ ရေအိုးအပြည့် မုန်ညင်းဖြူတွေက စီရီပြီးသား။ ကျောက်တုံးကြီးတစ်တုံးက အပေါ်ကနေ မုန်ညင်းဖြူတွေအကုန်လုံးကို သေသေချာချာဖိထားတော့ လုံးဝပေါ်မလာနိုင်ဘူး။
ယွီဟွေးဖေးက သွားနမ်းကြည့်တော့ ဆားနံ့ရတယ်...
"ဒါကတော့ တကယ်ပဲ... ငါဘာမှခေါင်းရှုပ်စရာမလိုတော့ဘူး"
အပြင်ထွက်တော့ ယွီဟွေးဖေးက သရဲနက်သရဲဖြူနဲ့ ချွေ့ကျွယ်တို့ သုံးယောက် ဖဲရိုက်နေတာကို တွေ့လိုက်ရချိန် "ဒါ... သူတစ်ယောက်တည်း လုပ်တာလား" လို့ မေးလိုက်တော့ သုံးယောက်သား ခေါင်းညိတ်ပြီးမှ ခေါင်းခါကြတယ်။
နောက်ဆုံးမှာ ချွေ့ကျွယ်က ရှင်းပြရော။ "မုန်ညင်းဖြူကိုကိုင်ဖို့ သူက ငါတို့ကို စိတ်မချဘူး၊ အကုန်လုံး သူကိုယ်တိုင်စီတာ၊ ဆားလည်း သူကိုယ်တိုင်ထည့်တာ၊ ဟိုကျောက်တုံးကြီးတောင် သူအပြင်ကနေ သယ်လာတာလေ။ ငါတို့က ရေအိုးကို မီးဖိုချောင်ထဲ ပြန်သယ်ပေးရုံပဲ..."
ဒီနေရာမှာပြောရင်း ချွေ့ကျွယ်က မနေနိုင်ဘဲ တစ်ခွန်းထပ်ပြောတယ်။
"ရတနာကြီးနော်"
ယွီဟွေးဖေးက ရယ်ကျဲကျဲနဲ့ တိုးတိုးလေး "တကယ်သန်မာတာပဲ..." ပြောမိလိုက်သား။
ညစာမှာ ဟင်းအသစ်တွေထပ်ပါလာတယ်၊ ကြက်သွန်နီကြက်ဥကြော်နဲ့ ကြက်သွန်ဖြူမုန်ညင်းကြော်... ပြီးတော့ ငါးသလောက်ပေါင်းတစ်ပန်းကန်။ ဒီတစ်ညမှာ တစ်သိုက်လုံး ဗိုက်ကားအောင် ထပ်စားကြပြန်တယ်...
ညသန်းခေါင်ကျော်၊ နောက်ဖေးခြံမှာ ယွီဟွေးဖေး ဆယ်ကီလိုမီတာပြေးပြီးတော့ နွားခေါင်းတို့နဲ့အတူ အိမ်ခေါင်မိုးပေါ်မှာလှဲပြီး ကြယ်တွေကြည့်နေကြချိန် နွားခေါင်းက စကားစပါလေရော။
"ညီလေးယွီ... လျိုရှင်းမှာ ပြဿနာရှိနေတယ်လို့ ငါထင်တယ်"
မြင်းခေါင်းကလည်း ခေါင်းညိတ်ပြီး "ငါလည်း သတိထားမိတယ်"
ယွီဟွေးဖေးက ထူးဆန်းစွာနဲ့ "ဘာပြဿနာရှိလို့လဲ"
နွားခေါင်းက "ပြဿနာက ကြီးလွန်းတယ်၊ ဒီကောင်မလေးက ပန်းချီဆွဲတတ်တယ်၊ တံမြက်လှည်းပြင်တတ်တယ်၊ တောင်းကိုလည်း ပြင်တတ်တယ်၊ အဓိကက ဟင်းချက်အရမ်းကောင်းတာ။ သတိထားရမှာက ဟင်းချက်တတ်တာပေါ်မှာ၊ ပြီးတော့ တစ်နပ်တစ်နပ် အရမ်းစားကောင်းအောင် ချက်တာ။ ဒီထဲမှာ လျှို့ဝှက်ကြံစည်မှုရှိတယ် ငါသေချာပေါက်သိနေတယ်"
မြင်းခေါင်းက လိုက်ပြီးခေါင်းညိတ်တော့ ယွီဟွေးဖေးက "ဒါက ဘာလျှို့ဝှက်ကြံစည်မှုရှိလို့လဲ"
သရဲနက်က ဟီးဟီးရယ်ပြီး "ငါ့ညီလေးယွီ... မင်းမစဉ်းစားမိဘူးလား၊ သူက ဒီသုံးရက်အတွင်း ငါတို့ကို အမျိုးမျိုးပြောင်းပြီး စားစရာကောင်းကောင်းတွေ လုပ်ကျွေးတယ်။ အစာအိမ်ကို အကျင့်ပါသွားအောင် လုပ်ပြီး သူထွက်သွားရင် ငါတို့ဘဝက ဘယ်လိုဆက်ဖြစ်မလဲ"
ဒီစကားကြားတော့ ယွီဟွေးဖေး တစ်ယောက်လုံး ကြောင်သွားတယ်။
သရဲဖြူက "ဟုတ်တယ်လေ၊ သူထွက်သွားရင်... မင်းက ငါတို့ကို မင်းရဲ့လက်ရာဆိုးတွေ ဆက်ကျွေးဦးမှာလား"
ယွီဟွေးဖေးက သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး "မကြိုက်ရင် ကိုယ့်ဘာသာကိုယ် ချက်စား"
သရဲဖြူက "မင်းကို မကြိုက်တာမဟုတ်ဘူး၊ ဒါပေမဲ့... ဒါက တကယ်ပြဿနာတစ်ခုပဲ။ သူက ဖင်ခါပြီးထွက်သွားရင်တော့ တော်တော်ဒုက္ခရောက်မှာ။ ဘာပဲဖြစ်ဖြစ်... ငါပါးစပ်က သဘောတူပေမယ့် ငါ့အစာအိမ်က သဘောမတူဘူး"
သရဲနက်ကလည်း "ငါလည်းပဲ အဲ့လိုထင်တယ်။ မင်းသူ့ကို နေခိုင်းဖို့ နည်းလမ်းရှာသင့်တယ်"
နွားခေါင်းနဲ့မြင်းခေါင်းက တစ်ပြိုင်နက်တည်း လက်ထောင်ကြတော့ ယွီဟွေးဖေး ပြန်ရှင်းပြရတာပေါ့။
"ကျုပ်လည်း ကြိုးစားတာပဲလေ။ ပြဿနာက... ခင်ဗျားတို့ပြောသလောက် မလွယ်ဘူး"
မြင်းခေါင်းက "ငါစဉ်းစားပြီးပြီ၊ သူ့အရပ်အမောင်းအရဆိုရင် အိတ်တစ်လုံးဆို လုံလောက်တယ်"
ယွီဟွေးဖေး: "သွားစမ်းပါကွာ... ဘယ်ခေတ်ရောက်နေပြီလဲ၊ ပြန်ပေးဆွဲခိုင်းနေသေးတယ်"
နွားခေါင်းကလည်း "ဟုတ်တယ်... ငါ့ညီလေးယွီ... မင်းလုပ်ကြည့်သင့်တယ်၊ တကယ်လို့ အောင်မြင်သွားရင်ရော"
ယွီဟွေးဖေးက စိတ်ညစ်ညစ်နဲ့ "အဲ့လောက်မလွယ်ပါဘူးကွာ"
"မစမ်းကြည့်ဘဲနဲ့ ဘယ်လိုလုပ်မဖြစ်နိုင်ဘူးလို့ သိမှာလဲ" ချွေ့ကျွယ်က ရုတ်တရက်ပြောလိုက်တယ်။
ယွီဟွေးဖေးက သံသယနဲ့ ချွေ့ကျွယ်ကိုကြည့်တော့ ချွေ့ကျွယ် ပြုံးပြီး "တစ်ရက်ပဲကျန်တော့တယ်၊ အားလုံးအတူတူ ကြိုးစားကြရအောင်"
နောက်တစ်နေ့... ယွီဟွေးဖေး မထရသေးဘူး၊ လက်ကြီးတစ်ဖက်က သူ့လည်ပင်းကိုညှစ်ရင်း ဆွဲထူပြီးတော့ သူ့ကို ရေဇလုံထဲ မျက်နှာနှစ်ခိုင်းလိုက်ရော။ အဲ့ဒါအပြင်ပြီး ဖိနပ်တိုက်တဲ့ ဘရက်တစ်ချောင်းက ရေဇလုံထဲဝင်လာပြီး သူ့မျက်နှာကို တိုက်တော့တာပဲ။
"အမလေး သေပါပြီ"
ယွီဟွေးဖေးက ရုတ်တရက်ခေါင်းမော့ပြီး အော်မေးတော့ရော။
"ဘာလုပ်တာလဲ"
"အချိန်မဆွဲနဲ့... မြန်မြန်လုပ်ဟ။ အချိန်မရှိတော့ဘူး" နွားခေါင်းက ပြောပြီး စုတ်တံက ယွီဟွေးဖေးရဲ့ မျက်နှာဘက်ကို ထပ်တိုးလာတယ်၊ ယွီဟွေးဖေးက ဟိုသံမဏိလိုမာကျောတဲ့ စုတ်တံကိုကြည့်ပြီး အသဲအသန်တားရကော။
"ခင်ဗျားက မျက်နှာတိုက်တာလား၊ အရေခွံခွာတာလား။ ကျုပ်ဘာသာ ကျုပ်လုပ်မယ်"
မျက်နှာသစ်ပြီးတော့ မြင်းခေါင်းက ဓားမကြီးတစ်ချောင်းကိုင်ပြီး ဝင်လာတာမြင်တာနဲ့ ယွီဟွေးဖေးက အော်ဟစ်တော့တယ်။
"သောက်ကျိုးနည်း... ခင်ဗျားကရော ဘာလုပ်မလို့လဲ"
မြင်းခေါင်းက ဟီးဟီးရယ်ပြီး "ငါ့ညီလေးယွီ... စိတ်မလှုပ်ရှားပါနဲ့။ စိတ်ချစမ်းပါ။ ကိုကြီးမြင်းရဲ့ ဓားသိုင်းက အရမ်းကျွမ်းတာ။ ဓားအောက်မှာ အမွှေးတစ်ပင်မကျန်စေရဘူး"
ယွီဟွေးဖေးက မသိစိတ်နဲ့ ပေါင်ခြံကိုကျုံ့လိုက်မိတဲ့အထိပဲ။ မြင်းခေါင်းက မျက်လုံးလှန်ပြီး "အဲ့ဒါမဟုတ်ဘူး... ငါမင်းကို မုတ်ဆိတ်ရိတ်ပေးမလို့"
"မုတ်ဆိတ်ရိတ်တာကို ခင်ဗျားက ဓားမကြီးနဲ့ရိတ်မလို့လား"
မြင်းခေါင်းက လေနက်တည်ကြည်တဲ့ လေသံနဲ့ "ငါ့ဆီမှာ နဂါးစိမ်းလခြမ်းဓားကြီးလည်း ရှိသေးတယ်..."
"သွားစမ်းပါကွာ... ကိုယ့်ဘာသာ လုပ်မယ်"
ယွီဟွေးဖေးက အမြန်မုတ်ဆိတ်ရိတ်စက်ရှာပြီး မုတ်ဆိတ်ရိတ်ရတယ်။ မုတ်ဆိတ်ရိတ်ပြီးတော့ ယွီဟွေးဖေးကို နွားခေါင်းက ဆွဲထုတ်သွားကော။ နောက်ဖေးခြံထဲမှာ ပန်းတွေပုံနေတာကို တွေ့လိုက်ရချိန် ယွီဟွေးဖေး လုံးဝကြောင်သွားတယ်။
"ဒါ... ဘယ်ကရောက်လာတာလဲ"
မြင်းခေါင်းက ဂုဏ်ယူစွာနဲ့ "ငါရှာတွေ့တာလေ။ ဟိုဘက်က တောင်ငယ်လေးပေါ်မှာ အများကြီးပဲ။ ငါတို့က နည်းနည်းပဲယူလာတာ။ ငါမှတ်မိသလောက် မင်းတို့လူသားတွေက မိတ်လိုက်ချင်ရင် ပန်းပေးရတယ်လေ။ မင်းကြည့် ဒီပန်းတွေ ဘယ်လိုနေလဲ"
ယွီဟွေးဖေးက ပန်းဖြူကြီးတစ်ပွင့်ကို ယူကြည့်လိုက်တယ်၊ ပန်းအစစ်မဟုတ်ဘူး။ စက္ကူနဲ့လုပ်ထားတာတွေ၊ ပြီးတော့ ပန်းအောက်မှာ စာတောင်ပါသေး။ ဘာလည်းဆိုတာ ကြည့်စရာမလိုတော့ဘူး။ ယွီဟွေးဖေးရဲ့ နဖူးမှာ မျဉ်းမည်းတွေ ပြည့်နေပြီ။
"အစ်ကိုကြီး... ခင်ဗျားဒါက လွမ်းသူ့ပန်းခွေပေါ်ကနေ ဖြုတ်လာတာမဟုတ်လား"
မြင်းခေါင်းက ဒေါသထွက်ပြီး တုန်နေတဲ့ ယွီဟွေးဖေးကိုကြည့်ပြီး "ညီအစ်ကိုတွေပဲ၊ ဒီလောက်စိတ်လှုပ်ရှားစရာမလိုပါဘူး။ ဒါပေမဲ့ ငါဒါက လွမ်းသူ့ပန်းခွေပေါ်ကနေ ဖြုတ်လာတာဆိုတာ မင်းဘယ်လိုသိတာတုန်း"
ယွီဟွေးဖေးက နေရာမှာတင် ပေါက်ကွဲတော့မလိုဖြစ်သွားရော။ ဒါကိုတောင် မမြင်နိုင်ရအောင်လား။ သူကလည်း မြေအောက်ဘုရင်ရဲ့ လက်ပါးစေနတ်မင်းများ ထင်နေလားမသိဘူး။
ဒီအချိန်မှာ သရဲဖြူနဲ့သရဲနက် ပြန်ရောက်လာတယ်။ ဒီနှစ်ကောင်က ဝင်ဝင်ချင်းပဲ "မြန်မြန်... အိမ်ထဲဝင်" ဆိုပြီး လောဆော်တော့တာပဲ။ ယွီဟွေးဖေးက အခြေအနေကို နားမလည်သေးခင်မှာပဲ တဝီးဝီးအသံတွေ မဆုံးနိုင်တော့ဘဲ တိမ်မည်းငယ်လေးလို ပျားအုံတစ်အုံ ဝင်လာရော။ အဲ့တော့ ယွီဟွေးဖေးလည်း တစ်ချိုးတည်း နောက်လှည့်ပြေးရတော့တာပဲ။
"ခင်ဗျားတို့ ပျားအုံသွားနှိုက်ပြန်ပြီလား။ ဒီတစ်ခါ အိမ်ရှင်ပါ ခေါ်လာတာလား။ ခင်ဗျားတို့... သေပြီကွာ"
တော်တော်ကြာမှ ပျားတွေကွဲသွားတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ယွီဟွေးဖေးက အဲ့လောက်ကံမကောင်းတော့ဘူး၊ ပျားတွေက အရမ်းမြန်တော့ သူပြေးချိန်တောင်မရဘူး၊ မျက်နှာမှာ အဖုကြီးတွေ အများကြီးရှိနေပြီ။ ကျန်တဲ့သူတွေလည်း အတူတူပဲ၊ တစ်ယောက်ချင်းစီက ရုပ်ပျက်ဆင်းပျက်ဖြစ်နေသလိုပဲ။
ချွေ့ကျွယ်တစ်ယောက်တည်းပဲ ပြေးတာမြန်လို့ မထိခိုက်ဘူး၊ ဒီအချိန်မှာ ရယ်ကျဲကျဲနဲ့ အားလုံးကိုကြည့်နေလေရဲ့။ ယွီဟွေးဖေးက အားလုံးကို ညည်းညည်းညူညူနဲ့ ပြောပါလေကော။
"အစ်ကိုတို့၊ ခင်ဗျားတို့ ကျုပ်ကို ကောင်းစေချင်တယ်။ ကူညီချင်တယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့... တောင်းပန်ပါတယ်၊ ခင်ဗျားတို့ ကျုပ်ကို လွှတ်ပေးကြပါ။ ကျုပ်ရက်အနည်းငယ်လောက် အသက်ပိုရှည်ချင်သေးတယ်"
အားလုံးက အားနာနာနဲ့ ခေါင်းကုတ်ကြလေရဲ့။ နွားခေါင်းက "ဒါ... ငါတို့က တကယ်ပဲ မင်းကိုကူညီချင်လို့ပါ။ ဒါနဲ့ ငါတို့ဟာက မဖြစ်ပေမယ့် ဘိုးတော်ချွေ့ဟာကတော့ သေချာပေါက်အလုပ်ဖြစ်တယ်"
ယွီဟွေးဖေးက ကြောင်သွားပြီး အမြဲတည်ငြိမ်တဲ့ ချွေ့ကျွယ်ကိုကြည့်ပြီး "ခင်ဗျားကရော ဘာလုပ်လိုက်ပြန်ပြီလဲ"
ချွေ့ကျွယ်က ရယ်ပြီး "ဘာမှမဟုတ်ပါဘူး။ အဟမ်း... အင်း... မင်းအတွက် အချစ်စာပေလွှာတစ်စောင် ရေးပေးလိုက်ရုံပါပဲ"
ယွီဟွေးဖေးက ဒီစကားကြားတော့ တစ်ကိုယ်လုံးက ဦးရေပြားတွေတောင် ထောင်ထမတတ်ဖြစ်သွားတယ်။
"အစ်ကိုကြီး... အဲ့စာကရော"
"အာ... လျိုရှင်းရဲ့ တံခါးကြားထဲ ညှပ်ထားလိုက်တယ်။ အင်း... သူနိုးပြီလားတော့ မသိဘူး"
ယွီဟွေးဖေးက ဒီစကားကြားတော့ စကားမပြောဘဲ ဝုန်းခနဲ ပြေးထွက်သွားပြီး နောက်တံခါးကို တစ်ချက်ကန်ဖွင့်ရင်း လျိုရှင်းရဲ့ တံခါးဝကို တန်းပြေးသွားရော။