သင်္ချိုင်းကုန်းမှာ ဒိတ်လုပ်မလား
Vol. 7 Ch. 100
ရလဒ်ကတော့ လျိုရှင်းရဲ့ တံခါးက တစ်ပြိုင်နက်တည်း ပွင့်လာတော့ နှစ်ယောက်သား ချက်ချင်းမျက်နှာချင်းဆိုင် ဖြစ်သွားကော။ အဲ့တော့ လျိုရှင်းက ယွီဟွေးဖေးကို စပ်စုပြီး မေးတော့တာပဲ။
"သူဌေးယွီ... ကိစ္စရှိလို့လား"
ယွီဟွေးဖေးက မသိစိတ်နဲ့ လျိုရှင်းရဲ့ ခြေထောက်ဘေးက ပန်းရောင်စာအိတ်ကို ကြည့်လိုက်တယ်၊ သူ့နဖူးမှာ မျဉ်းမည်းတွေ ပြည့်နေပြီး စိတ်ထဲမှာလည်း အော်ဟစ်နေလေရဲ့။
‘သောက်ကျိုးနည်း... ပန်းရောင်ကြီးလားဟ။ ခင်ဗျားက ယမမင်းကြီးလေ။ ရည်းစားစာရေးတာကို ယောက်ျားဆန်တဲ့ စာရွက်လေးဘာလေး သုံးလို့မရဘူးလား...’
လျိုရှင်းက ယွီဟွေးဖေး သူ့ခြေထောက်အောက်ကို ကြည့်နေတာမြင်တော့ မသိစိတ်နဲ့ ခေါင်းငုံ့မလို့လုပ်တယ်။ ယွီဟွေးဖေးက ဒါကိုမြင်တော့ အမြန်အော်လိုက်တာပေါ့။
"လျိုရှင်း..."
"အာ... ဘာဖြစ်လို့လဲ"
"အဲ... နင်ငါတို့အိမ်က သင်္ချိုင်းကုန်းကို သိပ်မလည်ဖူးသေးဘူးမလား။ ငါလိုက်ပြရမလား"
ဒီစကားထွက်လာတာနဲ့ ယွီဟွေးဖေးက ကိုယ့်ကိုယ်ကို ပါးတစ်ချက်ရိုက်ချင်သွားတယ်။
သောက်ကျိုးနည်း... ကောင်မလေးကို သင်္ချိုင်းကုန်းလည်ဖို့ ဒိတ်ခေါ်တာ သူက ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်လောက်တယ်။
နောက်ဖေးခြံမှာ မြင်းခေါင်းက နှုတ်ခမ်းထော်ပြီး မထီမဲ့မြင်နဲ့ "သူ့ကို သင်္ချိုင်းကုန်းလည်ဖို့ခေါ်တာက ငါလွမ်းသူ့ပန်းခွေပေးတာထက် သိပ်မသာပါဘူး"
အားလုံးက ခေါင်းညိတ်ထောက်ခံကြတယ်...။ ဒါပေမဲ့ အားလုံးကို အံ့ဩစေတာက လျိုရှင်းက သဘောတူလိုက်တာပဲ။
ယွီဟွေးဖေးတောင် နည်းနည်းမယုံနိုင်ဘူး။ သူက ပါးတစ်ချက်အရိုက်ခံရပြီး မသာမယာနဲ့ လမ်းခွဲရတော့မယ်လို့ ပြင်ဆင်ထားတာ၊ ရလဒ်ကတော့ တစ်ဖက်က သဘောတူလိုက်လား။ ပြီးတော့ ယွီဟွေးဖေးက ခေါင်းကုတ်ပြီး အကြံလေးပေးကြည့်တာပေါ့။
"ဒါမှမဟုတ်... အင်း... နေရာပြောင်းမလား"
လျိုရှင်းက ခေါင်းခါပြီး "မပြောင်းဘူး၊ ကျွန်မ သင်္ချိုင်းကုန်းပဲ လည်ချင်တယ်"
ယွီဟွေးဖေး ဘာပြောနိုင်မှာလဲ။ နာမည်ကြီးရှုခင်းသာနေရာတွေ သွားမယ်ဆိုရင် သူပိုက်ဆံမရှိဘူး။
ဒါပေမဲ့ သင်္ချိုင်းကုန်းလည်မယ်ဆိုရင်တော့ သူယုံကြည်မှုအပြည့်ရှိတယ်။ ဘေးတစ်စောင်းလှည့်ပြီး ယွီဟွေးဖေးက ဖိတ်ခေါ်တဲ့အမူအရာလုပ်ပြီး "သွားစို့"
လျိုရှင်းက ပခုံးချင်းယှဉ်ပြီး ဖြတ်သွားတဲ့အချိန်မှာ ယွီဟွေးဖေးက လျှပ်စီးလက်သလို အမြန်နှုန်းနဲ့ ထိုင်ချ၊ ဟိုရည်းစားစာကိုကောက်ပြီး လက်အင်္ကျီထဲ ထိုးထည့်လိုက်တယ်။ ဘေးတံခါးဖွင့်ပြီး သင်္ချိုင်းကုန်းထဲ ရောက်သွားချိန်မှာ နှစ်ယောက်လုံး ကြောင်သွားကော။
သင်္ချိုင်းကုန်းတစ်ခုလုံးက မြူခိုးတွေအောက်မှာ ဖုံးလွှမ်းနေတယ်လေ။ မြူခိုးတွေက အငွေ့ပျံပြီး သိပ်မမြင့်ခင်မှာ ပျောက်ကွယ်သွားရော။ လူကို မြေကြီးပေါ်မှာ မြူခိုးတစ်လွှာ ပျံဝဲနေသလို ခံစားရစေပြီး အိပ်မက်ဆန် စိတ်ကူးယဉ်ဆန်တယ်...။
မေပယ်တောက လေနဲ့အတူ ယိမ်းနွဲ့နေပြီး အနီရောင်မေပယ်ရွက်တစ်ရွက်ချင်းစီက လေနဲ့အတူ လွင့်ကျနေလေရဲ့။ ပိုဝေးတဲ့နေရာမှာ တောင်တန်းတွေနောက်ကနေ နေနီနီတစ်လုံးက တောင်ထိပ်ပေါ်ကနေ ထွက်ပေါ်လာဖို့ ကြိုးစားနေတယ်။ ဒီမြင်ကွင်းကိုမြင်တော့ လျိုရှင်းက ပြုံးလိုက်ရော။
ကလစ်...
လျိုရှင်းက ကြောင်သွားပြီး နောက်လှည့်ကြည့်တော့ ယွီဟွေးဖေးက ဖုန်းကို အောက်ချနေတာကို တွေ့လိုက်ရတယ်။
"ရှင့် ဓာတ်ပုံရိုက်နေတာလား"
ယွီဟွေးဖေးက ဖုန်းထဲကဓာတ်ပုံကိုကြည့်လိုက်တော့ တောင်မြင့်ကြီးတွေ၊ မေပယ်တော၊ ရွက်ကြွေတွေ၊ မြူခိုးတွေကြားမှာ သင်္ချိုင်းကျောက်တိုင်တွေက မထင်မရှားမြင်နေရတယ်။ ဒါပေမဲ့ ဒီအချိန်မှာ အနီရောင်ဝတ်စုံနဲ့ သူတစ်ယောက်ပဲ လျော့နေတယ်။ ဒါပေမဲ့ ဆံပင်ရှည်ရှည်က လေနဲ့အတူလွင့်နေပြီး ဂျင်းဘောင်းဘီက သွယ်လျတဲ့ခန္ဓာကိုယ်ကို ပုံဖော်ပေးထားတဲ့၊ အဖြူရောင်အပေါ်အင်္ကျီက လေနဲ့အတူလွင့်နေတဲ့ လှပတဲ့အရိပ်တစ်ခု ပိုလာတယ်၊ သူက မျက်နှာတစ်စောင်းနဲ့ ပြုံးနေပြီး အရမ်းလှနေတာပေါ့လေ။
လျိုရှင်းက ဒီဓာတ်ပုံကိုကြည့်ပြီး ကြောင်သွားရော။ ယွီဟွေးဖေးက ဓာတ်ပုံပညာရှင်မဟုတ်ပေမယ့် ဒီဖြစ်သလိုရိုက်လိုက်တာက ဖုန်းရဲ့ filter effect နဲ့ပေါင်းစပ်ပြီး အံ့ဩစရာကောင်းလောက်အောင် ကောင်းနေတယ်။
"ဟူး... နောက်ဆုံးတော့ မြူခိုးကို ရိုက်မိပြီ။ ဒီတစ်ခါ ဟိုသေနာကောင်တွေ ဘာပြောဦးမလဲ ကြည့်ကြသေးတာပေါ့"
ပြောပြီးတာနဲ့ ယွီဟွေးဖေးက ဝဘ်ဆိုဒ်ဖွင့်၊ Weibo ဝင်ပြီး လျိုရှင်းရဲ့ ပန်းချီကားအောက်မှာ ဒီဓာတ်ပုံကို တင်လိုက်တယ်၊ တစ်ချိန်တည်းမှာပဲ "ငတုံးတွေ၊ ပါးစပ်ပိတ်လို့ရပြီ။ မကျေနပ်ရင် အစ်ကိုက ဗီဒီယိုတစ်ခု ထပ်တင်ပေးမယ်။ ဒါတောင်မကျေနပ်သေးရင် အခု live ဖွင့်မယ်၊ တိုက်ရိုက်လာကြည့်"
ယွီဟွေးဖေးက ချက်ချင်းပဲ တကယ်ကြီး ဗီဒီယိုရိုက်တော့တယ်၊ တစ်မိနစ်လောက်ရိုက်ပြီးတော့ တန်းတင်လိုက်ပြီး live function ကို ဖွင့်လိုက်တယ်။ ရလဒ်ကတော့ ယွီဟွေးဖေးကို အံ့ဩစေတာက လူအများကြီးလာကြည့်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ တော်တော်ကြာစောင့်နေတာတောင် လူသုံးလေးယောက်ပဲ လာတယ်။
လျိုရှင်းက ရယ်ပြီး "ကြည့်ရတာ လူတွေက ဒီကိစ္စကို သိပ်စိတ်မဝင်စားကြဘူး၊ အစကတည်းက ဆဲလို့ကောင်းတယ်ထင်လို့ ဝင်လာကြတာ။ တကယ်တော့ စိတ်ဝင်စားတဲ့သူ မများဘူး..."
ယွီဟွေးဖေးက ခေါင်းကုတ်ပြီး "ဟုတ်သလိုလိုပဲ။"
ဒီအချိန်မှာ ယွီဟွေးဖေးက live ကြည့်တဲ့သူတွေ များလာတာကို တွေ့လိုက်ရသလို ပိုပိုပြီးများလာရော။ သူမေ့သွားတာက သူတို့နှစ်ယောက်က စောစောလေးနာရီခွဲထတယ်။ အခုတောင်မှ မနက်ငါးနာရီခွဲပဲရှိသေးတယ်၊ ခြောက်နာရီမထိုးသေးဘူး။
ဒီအချိန်မှာ လူတွေက အိပ်နေကြတာ။ အခုခြောက်နာရီထိုးပြီဆိုတော့ လူတွေက ဒီဘက်ကို စိတ်ဝင်စားလာကြပြီ။ ဒါကြောင့်...
လူတစ်ရာ၊ နှစ်ရာ...
တစ်ထောင်၊ နှစ်ထောင်...
တစ်သောင်း!
လူဦးရေ တစ်သောင်းကျော်သွားတော့ ယွီဟွေးဖေးတောင် ကြောင်သွားတယ်...။ ဒါပေမဲ့ တကယ်ကြောင်သွားတာက live ကြည့်နေတဲ့သူတွေပဲ။
"ဘုရား ဘုရား၊ လှလိုက်တာ"
"ကျွန်မက ဟိုပန်းချီကားက ပန်းချီဆရာ စိတ်ကူးယဉ်ပြီးဆွဲထားတာလို့ ထင်နေတာ၊ တကယ်ဒီလိုရှုခင်းရှိတယ်ဆိုတာ မထင်ထားဘူး"
"တကယ်လှတယ်၊ လိပ်စာတောင်းပါတယ်"
"အတူတူပဲ လိပ်စာတောင်းပါတယ်"
"လိပ်စာတောင်းတယ်လား။ မင်းတို့ကို လိပ်စာပေးရင်တောင် မင်းတို့သွားရဲလို့လား။ ဒါက သင်္ချိုင်းကုန်းဆိုတာ မမြင်ဘူးလား"
"သင်္ချိုင်းကုန်းက ဘာဖြစ်လဲ။ သုသာန်ဖြစ်နေရင်တောင် ဒီလောက်လှတဲ့ရှုခင်းကို ကျွန်တော်သွားကြည့်ချင်တယ်"
ဒါနဲ့ လူအများကြီးက လိပ်စာတောင်းကြတော့တယ်။ ယွီဟွေးဖေးက လိပ်စာချန်ခဲ့ပြီး ကိုယ့်ရဲ့ သရဲနတ်ဧည့်ရိပ်သာ တည်းခိုခန်းကို ကြော်ငြာမလို့လုပ်တုန်း၊ တစ်ယောက်ယောက်က အော်နေတာကို တွေ့လိုက်ရတယ်။
"ဖယ်ကြစမ်း... ငါရှုခင်းမကြည့်ချင်ဘူး၊ မင်းတင်ထားတဲ့ဓာတ်ပုံထဲက ကောင်မလေးကို တောင်းဆိုပါတယ်။ ငါချစ်သွားပြီ"
"အတူတူပဲ တောင်းဆိုပါတယ်၊ ငါလည်း ချစ်သွားပြီ"
"အဲ့ဒီအပြုံးက အရမ်းလှတယ်၊ အရမ်းဖြူစင်တယ်၊ ငါလည်း ချစ်သွားပြီ။ အတူတူပဲ တောင်းဆိုပါတယ်"
"သူက ပန်းချီဆရာ လျိုရှင်း မဟုတ်လား"
"ဟုတ်တယ်... ဓာတ်ပုံတွေ ထပ်တောင်းဆိုပါတယ်"
"သူအဲ့ဒီမှာ ရှိနေမှာပဲမလား။ မျက်နှာပြဖို့ တောင်းဆိုပါတယ်"
ယွီဟွေးဖေးက ဒီနေရာမှာ ကြည့်ပြီး မျက်နှာမည်းသွားရော။
"မင်းအဘကို ကြည့်"
ပြီးတော့ ယွီဟွေးဖေးက live ကို တန်းပိတ်လိုက်ရင်း တစ်ချိန်တည်းမှာပဲ "ငါ့ကောင်မလေးကို ကြည့်ချင်တယ်၊ စိတ်ကူးယဉ်မနေနဲ့" ပြောပြီးတာနဲ့ ယွီဟွေးဖေးက ကြောင်သွားတယ်။ ဘာလို့လဲဆိုတော့ သူသတိရသွားတာက လျိုရှင်းက ဘေးမှာရှိနေတာကိုး။
ဒါပေမဲ့ ဒီအချိန်မှာ ဒီတုံးမလေးက... "မြန်မြန်ကြည့်၊ တောင်ပေါ်မှာ သက်တန့်" လျိုရှင်းက တောင်ပေါ်ကို လက်ညှိုးထိုးပြီး စိတ်လှုပ်ရှားစွာအော်နေလေရဲ့။
ယွီဟွေးဖေးက နဖူးပေါ်က ချွေးအေးတွေကို သုတ်ပြီး ဟီးဟီးရယ်ကာ "အင်း... သက်တန့်"
လျိုရှင်းက "မနက်စောစော သက်တန့်ထွက်တယ်၊ ဒီနေ့ ကံကောင်းမယ့်နေ့ပဲ။"
ယွီဟွေးဖေးလည်း ဘေးက သင်္ချိုင်းကျောက်တိုင်ကိုကြည့်ပြီး စဉ်းစားနေတယ်၊ သင်္ချိုင်းကျောက်တိုင်ကြားမှာရပ်ပြီး ဒီစကားပြောတာ၊ ဒါက ဘယ်သူက သူ့ကို သတ္တိပေးလိုက်တာလဲ။ ယမမင်းလား။
ဒီကောင်မလေးက တကယ်ပဲ၊ အခါအားလျော်စွာ တုံးတုံးအအလေး လုပ်ပြတတ်တယ်။ ဒီအချိန်မှာ လျိုရှင်းရဲ့ ဖုန်းမြည်လာရော။
"အာ... တကယ်လား။ ရှင်းသွားပြီလား။ မလိုပါဘူး... မလိုပါဘူး... ဆရာ တောင်းပန်စရာမလိုပါဘူး။ တကယ်၊ တကယ်မလိုပါဘူး။ ကျွန်မ ကျောင်းထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ"
ဒီစကားကြားတော့ ယွီဟွေးဖေးလည်း လန့်သွားတယ်။ သူမမှားဘူးဆိုရင် လျိုရှင်းက ဒီနှစ် တတိယနှစ်၊ နောက်နှစ် ဘွဲ့ယူပန်းချီကားအတွက် ပြင်ဆင်နေတာ။ တကယ်တော့ အရင်တစ်ချပ်က ဘွဲ့ယူဖို့အတွက် ပြင်ဆင်နေတာလို့ ပြောလို့တောင်ရသေးတယ်။ ဘယ်လိုလုပ် ရုတ်တရက် ကျောင်းထွက်မယ်လို့ အော်နေရတာလဲ။
ဟိုဘက်မှာ လျိုရှင်းက အရမ်းပျော်ရွှင်စွာရယ်နေရင်း "ပြီးပါပြီ ဆရာ၊ ကျွန်မ ဆရာ့ကို စိတ်မဆိုးပါဘူး။ ဒီကိစ္စက ကျွန်မကို ရုတ်တရက် အမှန်တရားတစ်ခု နားလည်သွားစေတယ်။ တစ်ခါတလေမှာ... လူက သိပ်အတင်းအကြပ်လုပ်လို့မရဘူး၊ အဓိကက ကိုယ်ကိုယ်တိုင် ပျော်ရွှင်စွာနေထိုင်ဖို့ပဲ။ ပန်းချီကိစ္စ ပြီးသွားမှတော့ သူ့ကို သွားခိုင်းလိုက်တော့"
လျိုရှင်းက ပြောပြီး ဖုန်းချလိုက်ရင်း နောက်လှည့်ကြည့်တော့ ယွီဟွေးဖေးက သူ့ကို အံ့ဩစွာကြည့်နေတာကို တွေ့လိုက်ရတယ်။
"ကျွန်မကို ဒီလိုမကြည့်နဲ့၊ ကျွန်မက ဒီလိုပဲ။ မစဉ်းစားရင်မစဉ်းစား၊ စဉ်းစားမိရင် လုပ်လိုက်တာပဲ"