ပြီးဆုံးခြင်းမရှိတဲ့ ပွဲလမ်းသဘင်ဆိုတာ မရှိပါဘူးလေ
Vol. 7 Ch. 101
ယွီဟွေးဖေးက "တစ်နှစ်ပဲ ကျန်တော့တာကို၊ နင်က အဲ့ဒီဘွဲ့လက်မှတ်လေးကို ဒီအတိုင်းပဲ စွန့်လွှတ်လိုက်တော့မှာလား"
လျိုရှင်းကတော့ ပေါ့ပေါ့သဘောနဲ့ "ကျွန်မသင်နေတာ ပန်းချီပညာလေ၊ ပညာတတ်သွားပြီဆိုရင် ကျန်တာက လက်ရာနဲ့ပဲ သက်သေပြရတော့မှာ။ ဘွဲ့လက်မှတ်လေးတစ်ရွက်က တန်ဖိုးရှိတာမှ မဟုတ်တာ... ပြီးတော့လေ၊ ကိုယ်ပျော်ဖို့က ငွေပေးဝယ်လို့မှမရတာ"
လျိုရှင်းက ပြောပြီးတော့ လွတ်လပ်ပေါ့ပါးစွာနဲ့ ထွက်သွားပါလေရော။
ဒီမြင်ကွင်းကို ကြည့်ပြီး ယွီဟွေးဖေးက အရင်တစ်ခါ အိမ်သာထဲမှာ တွေ့ခဲ့တဲ့၊ လမ်းခွဲစကားကို ပြတ်ပြတ်သားသားပြောပြီး မြင်းထိုင်ခုံထိုင်တာ အကြာဆုံးခံနိုင်တဲ့ ဟိုလွတ်လပ်တဲ့ကောင်မလေးကို ပြန်သတိရသွားတယ်။
"လာလေ၊ ရှင့်က ကျွန်မကို ဒီသင်္ချိုင်းကုန်း လိုက်ပြမယ်ဆို" လျိုရှင်းက နောက်လှည့်ပြီး လက်ပြခေါ်တော့ ယွီဟွေးဖေးက ပြုံးလိုက်ပြီး နောက်ကလိုက်သွားရော။
သင်္ချိုင်းကုန်းက တကယ်တော့ သိပ်မကြီးပါဘူး၊ မိတ်ဆက်ပေးစရာဆိုလို့လည်း ဘာမှထွေထွေထူးထူးမရှိဘူးပေါ့။ ဒါပေမဲ့ ဟိုအာဇာနည်တွေရဲ့ သင်္ချိုင်းရှေ့ရောက်တော့ ယွီဟွေးဖေးက ရုတ်တရက် သူဘာပြောရမလဲဆိုတာ သိသွားတယ်။
ဒါနဲ့ လျိုရှင်းကို ကျန်းရွှင့်ရဲ့ ဇာတ်လမ်းကို စပြောပြတော့တာပဲ...
တကယ်ပဲ၊ ရှေ့ကလူတွေရဲ့ ဇာတ်လမ်းတွေက တော်တော်လေး စိတ်ခံစားမှုကို လှုံ့ဆော်နိုင်စွမ်းရှိတယ်၊ မကြာခင်မှာပဲ လျိုရှင်းက ယွီဟွေးဖေးပြောတာကို နားထောင်ရင်း မျက်ရည်တွေဝဲလာပါလေရော။ ပြီးတော့ ဒီကောင်မလေးက ယွီဟွေးဖေးကို ဆွဲခေါ်ပြီး ထွက်သွားတယ်၊ အပြင်ရောက်တော့ စက္ကူပိုက်ဆံတွေ အများကြီးဝယ်လာပြီး အာဇာနည်တွေကို တစ်ယောက်ချင်းစီ ဦးချ၊ စက္ကူမီးရှို့ပေးတယ်လေ။
အလုပ်တွေပြီးသွားတော့ ယွီဟွေးဖေးက အရင်ဆုံး မခံနိုင်တော့ဘူး၊ အဲ့ဒီမှာလှဲပြီး လုံးဝမလှုပ်ချင်တော့ဘူး။ နေ့လည်စာကို အားလုံးက ဖြစ်သလိုလေးပဲ စားလိုက်ကြတယ်၊ တကယ်တော့ လျိုရှင်းက ချက်ပေးချင်သေးပေမယ့် အချိန်က တကယ်မမီတော့လို့ လက်လျှော့လိုက်ရတယ်။
ညဘက်မှာတော့ လျိုရှင်းက မြစ်ငါးကြီး တစ်ကောင်ဝယ်လာပြီး အားလုံးအတွက် ငါးအသားဟော့ပေါ့ လုပ်ပေးတောပေါ့။ အရသာက အရမ်းကောင်းတယ်၊ တစ်ခုပဲလိုတာက ငါးနည်းသွားတာပဲ။ နောက်ဖေးခြံမှာ ရှောင်ထျန်းချန်တစ်ကောင်တည်းမှ မဟုတ်တာ၊ နွားခေါင်းနဲ့မြင်းခေါင်းကလည်း အစာအိမ်ကြီးတဲ့ကောင်တွေ၊ ဒီနှစ်ကောင်က လုံးဝမဝဘူး။ဒါပေမဲ့ နှစ်ယောက်သားက အပြင်ထွက်ပြီး စားစရာတောင်းလို့လည်း မကောင်းတော့ နောက်ဖေးခြံမှာ ဗိုက်ဆာဆာနဲ့ပဲ နေနေရတယ်။
သန်းခေါင်ယံရောက်တော့ ဒီနှစ်ကောင် မနေနိုင်တော့ဘူး၊ ယွီဟွေးဖေးရဲ့ ကုတင်ခေါင်းရင်းမှာ အော်ဟစ်ငိုယိုကြတော့ကော။
"ဗိုက်ဆာတယ်... ဗိုက်ဆာတယ်"
မတတ်နိုင်တဲ့အဆုံး ယွီဟွေးဖေးက ထပြီး နှစ်ယောက်အတွက် ထမင်းကြော်အိုးကြီးတစ်အိုး ကြော်ပေးပြီး ယာယီဖြေရှင်းပေးလိုက်ရတော့တာပေါ့လေ။
တတိယနေ့ မနက်စောစောမှာ ယွီဟွေးဖေး အိပ်ရာကထထချင်းပဲ လျိုရှင်းကောင်မလေးက နံရိုးတစ်ခြမ်းလုံးကို တစ်ယောက်တည်းထမ်းပြီး ပြန်လာတာကို တွေ့လိုက်ရရော။ ဒီကောင်မလေးက ကိုယ်အလေးချိန်တောင် ပေါင်တစ်ရာမပြည့်တာ၊ ပေါင်သုံးဆယ်ကျော်တဲ့ နံရိုးကိုထမ်းလာတာ။ ယွီဟွေးဖေးက သူလည်း နတ်ပြည်အကျဉ်းသားတစ်ယောက်များလားလို့ အလေးအနက် သံသယဝင်သွားမိတဲ့အထိပဲ။ ယွီဟွေးဖေးက အမြန်သွားပြီး ကူညီမလို့လုပ်တာပဲ။
"နေနေ... ကျွန်မကိုမထိနဲ့။ ရှင့်အင်္ကျီတွေ သွေးတွေပေကုန်မယ်"
လျိုရှင်းက လက်ဝှေ့ယမ်းပြပြီး ငါလုပ်နိုင်တယ်ဆိုတဲ့ပုံစံနဲ့ပေါ့။ ယွီဟွေးဖေးကတော့ ဂရုမစိုက်ဘူး။ နံရိုးကို တန်းလုယူပြီး ကိုယ့်ပခုံးပေါ်ထမ်းတင်လိုက်တယ်။ ပြီးတော့ ယောက်ျားပီသစွာနဲ့ ပြောပါလေရော။
"ငါ့အင်္ကျီကိုကြည့်။ ဒါက သွေးနဲ့ဆိုးထားတာလေ။ ငါက ကြောက်မယ်ထင်လို့လား"
လျိုရှင်းက ကြောင်သွားပြီး အားငယ်စွာနဲ့ "ရှင်တို့ယောက်ျားတွေလည်း လစဉ်သွေးဆင်းကြလားဟင်"
ဘုန်း...
ယွီဟွေးဖေးက နေရာမှာတင် တစ်ပတ်လည်ပြီး လဲကျသွားပါလေရော...။ သောက်ကျိုးနည်း၊ ဒါက ဘယ်လိုတောင် ထူးချွန်တဲ့အတွေးအခေါ်မို့လို့ အဲ့ဒီဘက်ကို ရောက်သွားရတာလဲ။
နံရိုးကို မီးဖိုချောင်ထဲ ပို့လိုက်တယ်။ ယွီဟွေးဖေးက ကူညီမလို့လုပ်ပေမယ့် လျိုရှင်းက တွန်းထုတ်တာကို ခံရပါလေရော။ ဒီကောင်မလေးက အရိုးခုတ်ဓားတောင် ဝယ်လာသေး။
ဓားမတစ်ချောင်းကိုင်ထားတော့ ဒီကောင်မလေးက နည်းနည်းကြမ်းတမ်းတဲ့အရှိန်အဝါလေးပါ ထွက်လာပြီး ယွီဟွေးဖေးကိုကြည့်ကာ "နံရိုးကို သေးသေးလေးတွေတုံးရင် ဘယ်လိုနေမလဲ"
ယွီဟွေးဖေးက သနားစရာကောင်းစွာနဲ့ သူ့လက်ထဲက အရိုးခုတ်ဓားကိုကြည့်ပြီး ဟဲဟဲရယ်ကာ "ဓားက ရှင့်လက်ထဲမှာ၊ ရှင်ပြောသမျှ အမှန်ပဲ"
လျိုရှင်းက သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး စဉ်းတီတုံးကို မြေကြီးပေါ်ချ၊ နံရိုးကို အပေါ်တင်ပြီး အရိုးခုတ်ဓားကိုလွှဲကာ ဘုန်းဘုန်းနဲ့ ခုတ်တော့တာပဲ။ အဓိကက သူ့ဓားသိုင်း တော်တော်ကောင်းတာ။
ဓားတစ်ချက်ချင်းစီက နေရာကျပြီး ခုတ်ထွက်လာတဲ့နံရိုးတွေက မကြီးမသေးနဲ့ သေသပ်လှပတယ်။ ယွီဟွေးဖေးက အလေးအနက်သံသယဝင်နေသား။ ဒီကောင်မလေးက ပန်းချီသင်နေတာမဟုတ်ဘဲ နယူးအရှေ့တိုင်းက ထွက်လာတဲ့ စားဖိုမှူးမလေးတစ်ယောက်ပဲ ဖြစ်ရမယ်။
"ဒါမှမဟုတ်၊ ငါစမ်းကြည့်ရမလား" ယွီဟွေးဖေးက မေးတယ်။
လျိုရှင်းက ခေါင်းခါပြီး "နေပါ၊ ရှင့်ခုတ်တာ အရွယ်အစားမညီမှာစိုးလို့"
ယွီဟွေးဖေးက ဒီစကားကြားတော့ စိတ်မကောင်းဖြစ်သွားတယ်၊ ဘယ်သူ့ကို အထင်သေးနေတာလဲ။
"စိတ်ချ... ငါခုတ်တာတွေအကုန်လုံး နင်နဲ့အရွယ်အစားတူတူဖြစ်စေရမယ်လို့ အာမခံတယ်"
"တကယ်လား"
ယွီဟွေးဖေးက ခေါင်းညိတ်လိုက်ပေမဲ့ တစ်ခွန်းဖြည့်စွက်လိုက်တယ်။ "ဒါပေမဲ့... ငါနောက်ဖေးခြံကိုပဲ သွားလိုက်တော့မယ်။ မီးဖိုချောင်က သေးလွန်းတယ်၊ နင်တခြားဟင်းတွေ အရင်လုပ်နှင့်"
လျိုရှင်းက ခေါင်းညိတ်ပြီး "ရတာပဲ..."
ပြီးတော့ အရိုးခုတ်ဓားကို ယွီဟွေးဖေးဆီ ပေးလိုက်တယ်။ ယွီဟွေးဖေးက အမြန်သရဲဖြူကို အကူအညီတောင်းတော့တာပဲ။ တစ်ယောက်က စဉ်းတီတုံးထမ်း၊ တစ်ယောက်က နံရိုးဆွဲပြီး နောက်ဖေးခြံကို ပြေးသွားကြကော။
နောက်ဖေးခြံထဲဝင်ဝင်ချင်းပဲ ယွီဟွေးဖေးက တိုးတိုးလေးအော်တယ်။ "ကိုမြင်းကြီး... မြန်မြန်ထွက်ခဲ့ပြီး ကူညီပါဦး။"
မြင်းခေါင်းက ချက်ချင်းပြေးထွက်လာပြီး "ဘာလုပ်မလို့လဲ"
ယွီဟွေးဖေးက မြေကြီးပေါ်က နံရိုးကို လက်ညှိုးထိုးပြရင်း "လာ... နံရိုးခုတ်ကူပါဦး"
မြင်းခေါင်းက ကြည့်ပြီးတော့ ရယ်ကာ "ဒီလောက်လေးလား"
ယွီဟွေးဖေးက အတုံးသေးသေးလေးတစ်တုံး ထုတ်ပြပြီး "အကုန်လုံး ဒီအရွယ်အစားလောက် ခုတ်ပေး"
မြင်းခေါင်းက ခေါင်းခါရင်း "ငါက ဓားသမားကွ၊ မင်းက ခြင်ခြေထောက်အရွယ်လိုချင်ရင်တောင် ငါခုတ်ပေးနိုင်တယ်" ပြောပြီးတာနဲ့ သူ့ရဲ့ နဂါးစိမ်းလခြမ်းဓားကြီးကို ထုတ်လိုက်ပါလေကော။
ယွီဟွေးဖေးက အမြန်သူ့ဓားကိုတားပြီး "ခင်ဗျားရဲ့ဒီဓားက ပုံမှန်လူခုတ်တဲ့ဓား၊ ကျုပ်တို့ဒါက ခုတ်ပြီးရင် စားရဦးမှာ"
မြင်းခေါင်းက စဉ်းစားကြည့်တော့လည်း ဟုတ်တာပဲ။ ဒါနဲ့ အရိုးခုတ်ဓားကိုယူပြီး လက်ထဲမှာ ဓားပန်းတစ်ပွင့် လှည့်ပြလိုက်ပြီး နောက်တစ်ခဏ... ယွီဟွေးဖေးက လျှပ်စီးတစ်ချက် ကျလာသလို မြင်လိုက်ရတယ်။
ဒုန်းဒုန်းဒုန်း...
စိပ်စိပ်ညံတဲ့အသံနဲ့အတူ ယွီဟွေးဖေးက မျက်တောင်ခတ်လိုက်ရုံပဲရှိသေးတယ်... မြင်းခေါင်းက ဓားကို စဉ်းတီတုံးပေါ် ပစ်တင်ပြီး လက်ခါလို့တောင်နေပြီ။
"ပြီးပြီ"
ယွီဟွေးဖေးက ထိုင်ချကြည့်လိုက်တော့ ဟိုနံရိုးက အကောင်းပကတိအတိုင်း ရှိနေသေးတယ်။ ဒါပေမဲ့ လေတစ်ချက်တိုက်လိုက်တော့ ဝက်နံရိုးတစ်ခြမ်းလုံးက ပြတ်ထွက်သွားပြီး အရိုးတုံးသေးသေးလေးတွေက စဉ်းတီတုံးပေါ်မှာ ညီညီညာညာ လဲလျောင်းနေလေရဲ့။
သူက တစ်တုံးယူပြီး အရင်က လျိုရှင်းခုတ်ထားတဲ့တစ်တုံးနဲ့ ယှဉ်ကြည့်လိုက်တော့ နည်းနည်းလေးတောင်မလွဲဘူး။ ယွီဟွေးဖေးက လက်မတစ်ချောင်းထောင်ပြရင်း ချီးကျုးလိုက်ကော။
"ခင်ဗျား တော်တော်မိုက်တာပဲ"
မြင်းခေါင်းက ဂုဏ်ယူစွာနဲ့ "တခြားတော့မပြောရဲဘူး၊ ဓားပညာမှာတော့ ဟင်းဟင်း... ငါ့ထက်တော်တဲ့သူ သိပ်မရှိဘူး"
ယွီဟွေးဖေးကလည်း စကားမများတော့ဘူး၊ အမြန်နံရိုးကို အိတ်ထဲထည့်ပြီး သရဲဖြူနဲ့အတူ တစ်ယောက်က နံရိုးဆွဲ၊ တစ်ယောက်က စဉ်းတီတုံးဆွဲပြီး ပြန်ထွက်သွားကြတယ်။
"ပြီးပြီ"
ယွီဟွေးဖေးက အရမ်းဂုဏ်ယူစွာနဲ့ ခုတ်ပြီးသားနံရိုးတစ်အိတ်ကို မီးဖိုပေါ်တင်လိုက်ချိန် လျိုရှင်းက ကြောင်သွားရော။
"ဒီလောက်မြန်တာလား"
ယွီဟွေးဖေးက ပြုံးပြီး "ဒါပေါ့... ငါတို့က မိုက်တာကိုး"
ဘေးက သရဲဖြူက သူ့ကိုတစ်ချက်ကြည့်ပြီး သူ့အကြည့်တွေက မျက်နှာပြောင်တိုက်နေတယ်လို့ ပြောနေသလိုပဲ။ ဒါပေမဲ့ ယွီဟွေးဖေးက ကောင်မလေးရှေ့ရောကနေတာကို ထောက်ထားပြီး သရဲဖြူက မဖော်ကောင်လုပ်ဘဲ တစ်ခွန်းဖြည့်စွက်လိုက်တယ်။
"သူက အရမ်းမြန်တာ၊ ငါတို့ဒီခြံထဲမှာ သူအမြန်ဆုံးပဲ"
ယွီဟွေးဖေးက ဒီစကားကြားတော့ မျက်နှာမည်းသွားတယ်။ "မင်းမှမြန်၊ မင်းတစ်အိမ်လုံးမြန်၊ မြန်မြန်သွားစမ်း"
သရဲဖြူက ဟီးဟီးရယ်ပြီး "အစ်ကိုကြီး၊ ပြောတာမှန်တယ်"
ယွီဟွေးဖေးရဲ့ မျက်နှာက ပိုမည်းသွားရော။ "သွားစမ်း... သွားစမ်း"
နှစ်ယောက်သား ရန်ဖြစ်နေတာကိုကြည့်ပြီး လျိုရှင်းကတော့ အမြန်နံရိုးအရွယ်အစားကို စစ်ဆေးလိုက်တယ်၊ သူ့စံနှုန်းနဲ့ လုံးဝကိုက်ညီနေတယ်။ လျိုရှင်းက အံ့ဩတကြီးနဲ့ မေးပါလေကော။
"ရှင့်ဘယ်လိုလုပ်လိုက်တာလဲ။ စက်နဲ့လုပ်ရင်တောင် ဒီလောက်မဖြစ်နိုင်ဘူး။ မဟုတ်ဘူး၊ စက်တောင် ဒီလောက်မမြန်ဘူး"
ယွီဟွေးဖေးက ရယ်ပြီး "ဒါတော့ နင်ဂရုစိုက်စရာမလိုပါဘူး။ ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ပညာလေ။ အဲ့တော့ ဒီလောက်မိုက်တာပေါ့"
လျိုရှင်းကလည်း စိတ်ကြီးတဲ့ကောင်မလေး၊ စပ်စုစိတ်ရှိပေမယ့် သိပ်မပြင်းထန်ဘူး။ ယွီဟွေးဖေးက မပြောတော့ သူလည်းမမေးတော့ဘူး၊ နောက်လှည့်ပြီး သူ့ဟင်းသူ ဆက်ချက်နေတော့တယ်။
နေ့လည်စာက သီးနှံစုံဟင်းကြီး။ သီးနှံစုံဟင်းကြီးဆိုတာက အာလူး၊ ပြောင်း၊ ပဲတောင့်ရှည်နဲ့ နံရိုး၊ ကြာဇံတို့ကို တစ်အိုးတည်းပေါင်းတာ။
ဒါက တကယ်တစ်အိုးကြီးပဲ။ လျိုရှင်းက နံရိုးတစ်ခြမ်းလုံးနီးပါးကို ပေါင်းလိုက်တာ။ ပြီးတော့ အာလူးကြီးအလုံးကြီးတွေ၊ ပဲတောင့်ရှည်တစ်ပုံ၊ ကြာဇံတွေပါ ထပ်ထည့်တယ်။ သံဒယ်အိုးကြီးတစ်အိုးလုံးအပြည့် ဟင်းတွေချည်းပဲ။
ပွဲပြင်လာတော့ ယွီဟွေးဖေးတောင် ကြောင်သွားတယ်၊ ခေါင်းမော့ပြီး လျိုရှင်းကိုကြည့်ရင်း မေးပါလေကော။
"ဧည့်သည်လာမှာလား"
လျိုရှင်းက ခေါင်းခါပြီး "မလာပါဘူး"
ယွီဟွေးဖေးက "ဒါဆို နင်က ဝက်ကျွေးမလို့လား"
လျိုရှင်းက သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး "ရှင်တို့ စားနိုင်တယ်ဆိုတာ ကျွန်မသိတယ်။ မနေ့ညက ကျွန်မကြားတယ်လေ။ တစ်ယောက်ယောက်က ဗိုက်ဆာတယ်လို့အော်နေတာ။ ဒါကြောင့် များများချက်လိုက်တာ... ပြီးတော့ ဒီပေါင်းဟင်းက ညဘက်ဆက်စားလို့ရတယ်လေ"
ဒီနေရာမှာပြောရင်း ယွီဟွေးဖေးက တိတ်ဆိတ်သွားပြီး ခေါင်းငုံ့ကာ ပန်းကန်ထဲကထမင်းကို အားရပါးရစားနေတော့တယ်။ စားလို့ကောင်းနေတဲ့ သရဲနက်ဖြူလည်း တူကိုရပ်ပြီး ယွီဟွေးဖေးကို အတူတူကြည့်နေကြလေရဲ့။
ချွေ့ကျွယ်ကတော့ သက်ပြင်းတစ်ချက်ချပြီး ထထွက်သွားတယ်။ သူတို့အားလုံးသိတယ်၊ လျိုရှင်းက သုံးရက်နေပြီးပြီ၊ ဒီနေ့ညနေဆိုရင် အခန်းပြန်အပ်ပြီး ထွက်သွားရတော့မယ်။