အိမ်တွင်းရေးကိစ္စလား
Vol. 7 Ch. 104
အဲ့ဒီတစ်ခါခါလိုက်တာ ရေစက်တွေ လေထဲပျံဝဲပြီး မိုးရွာနေသလိုပဲ။ ယွီဟွေးဖေးက အဝေးကြီးကရှောင်ပြီး သူတို့နှစ်ယောက်ငြိမ်သွားမှ အနားကပ်သွားတယ်။
"ကိုနွားကြီး၊ ကိုမြင်းကြီး... ခင်ဗျားတို့နှစ်ယောက် နောက်ဆို မျက်နှာသုတ်ပဝါသုံးကြပါလား"
နှစ်ယောက်သားက ဟဲဟဲရယ်ပြီး "မျက်နှာသုတ်ပဝါလား...။ မင်းဟာက ချည်နဲ့လုပ်ထားတာကို ချည်ပဝါလို့ခေါ်ရင်တောင် တော်သေးတယ်"
ပြောပြီးတော့ မြင်းခေါင်းက သူ့မျက်နှာပေါ်က အမွှေးရှည်တွေကိုဆွဲပြီး "မြင်လား... ဒါမှ အမွှေးအစစ်နဲ့ မျက်နှာသုတ်ပဝါစစ်စစ်"
ယွီဟွေးဖေးက တစ်ခဏအတွင်းမှာ ဘာမှပြန်မပြောနိုင်တော့ဘူး။ နေ့လည်စာက သီးနှံစုံပေါင်းဟင်းပဲ။ မတတ်နိုင်ဘူးလေ။ မနေ့ကဒီကောင်တွေ မူးနေကြတာကိုး။ အစပိုင်းက ထမင်းစားအရက်သောက်၊ နောက်ပိုင်းက ခွေးရိုက်တဲ့ပညာရှင်တွေဖြစ်သွားတော့ ဟင်းက သိပ်မစားဖြစ်ဘူး...။
ဒီအချိန်မှာ ရှောင်ထျန်းချန်က ခြေထောက်တစ်ဖက်ထော့နဲ့နဲ့ ထွက်လာတယ်၊ ယွီဟွေးဖေးကိုမြင်တော့ ခွေးမျက်လုံးတွေက မီးသီးလိုပြူးထွက်မတတ်ဖြစ်ပြီး ဒေါသတကြီးနဲ့ အော်တော့တာပဲ။
"ငါ့ညီလေးယွီ... မင်းငါ့ကို ထောင်ချောက်ဆင်တယ်"
"ကိုခွေးကြီး... လျှောက်မပြောနဲ့။ မနေ့က ကျုပ်တကယ်စေတနာကောင်းနဲ့ ခင်ဗျားနဲ့အတူ အရက်သောက်ပေးတာလေ"
"မင်းအဘကိုစေတနာလား။ မင်းစကားပြောတုန်းက ရယ်နေတာများ ပါးစပ်ကြီးကိုဖြီးလို့နေတာပဲ"
ယွီဟွေးဖေးက ဒီစကားကြားတော့ ပါးစပ်ကိုပွတ်ပြီး ရယ်ကာ "တကယ်လား... ဒါဆိုရင်တော့ အားမနာတော့ဘူး။ ဟားဟားဟား... ခင်ဗျားရဲ့ခွေးခြေထောက်ကို ဘယ်သူရိုက်လိုက်တာလဲ။ တော်တော်ညီတာပဲနော်..."
ရှောင်ထျန်းချန်က ဒေါသတကြီးနဲ့ နွားခေါင်း၊ မြင်းခေါင်းကို မျက်စောင်းတစ်ချက်ထိုးတော့တာပဲ၊ ဒီကောင်က မိုင်ရှစ်ရာအမြန်ချောနဲ့ အပို့ခံလိုက်ရတာ သိသာတယ်။
ယွီဟွေးဖေးက နွားခေါင်းနဲ့မြင်းခေါင်းကို "နွားအစ်ကိုကြီး၊ မြင်းအစ်ကိုကြီး၊ လုပ်တာကောင်းတယ်ဗျာ"
ရှောင်ထျန်းချန်က အသံကုန်အော်ရော "ယွီလေး... ငါမင်းကိုသတ်မယ်"။ ပြီးတော့ ရှောင်ထျန်းချန်က ယွီဟွေးဖေးကို မြေကြီးပေါ်တွန်းလှဲလိုက်ရင်း လူတစ်ယောက်နဲ့ခွေးတစ်ကောင် မြေကြီးပေါ်မှာ လူးလှိမ့်ပြီး ရိုက်ကြပုတ်ကြတော့တာပဲ။
...
နေ့လည်စာစားပြီးတော့ ယွီဟွေးဖေးက အပြင်ထွက်သွားပြီး ပြန်လာတော့ ရဲတွေက အိမ်ရှေ့မှာ ပိတ်နေတာကို တွေ့လိုက်ရတယ်။ ဒီအခြေအနေမြင်တော့ ယွီဟွေးဖေးရဲ့ခေါင်းက ပေါက်ကွဲတော့မလိုဖြစ်သွားရော။
ကိုယ့်အိမ်ထဲမှာ နွားခေါင်း၊ မြင်းခေါင်း၊ သရဲနက်ဖြူတို့ ပုန်းနေတဲ့ကိစ္စ ပေါ်သွားပြီ၊ နိုင်ငံတော်က လူဖမ်းပြီး ခွဲစိတ်တော့မယ်လို့ ထင်နေတာ။ ဒါပေမဲ့ နောက်တစ်ခဏမှာ သူက ကောင်မလေးတစ်ယောက်ကို ဆွဲထုတ်လာတာကို တွေ့လိုက်ရတယ်။ သေသေချာချာကြည့်လိုက်တော့ မနေ့ညကတည်းခိုတဲ့ကောင်မလေးပဲ။
ယွီဟွေးဖေးက ကြောင်သွားပြီး "ဟေ... ကြည့်ရတာ အလိုရှိတရားခံနဲ့မတူပါဘူး"
ယွီဟွေးဖေးက အနားကပ်သွားပြီး အိမ်နီးချင်းတွေရဲ့စကားကို နားထောင်ကြည့်တော့မှ နားလည်သွားတယ်။ လာဖမ်းတာက ရဲမဟုတ်ဘူး၊ ကောင်မလေးရဲ့မိဘနဲ့မောင်လေး။
သူတို့ရောက်လာတော့ တံခါးကိုထုတယ်၊ အတွင်းကကောင်မလေးက အသည်းအသန်တံခါးကို ပိတ်ဆို့ထားတယ်။ ရန်ဖြစ်တာပြင်းထန်လာတော့ တစ်ယောက်ယောက်က ရဲခေါ်လိုက်ရော။ ရဲရောက်လာတော့ ကောင်မလေးကိုတံခါးဖွင့်ခိုင်းတယ်။ ပြီးတော့ သူ့မိဘတွေက ဝင်သွားပြီး သူ့မောင်လေးနဲ့အတူ ကောင်မလေးကိုဆွဲထုတ်လာကြတာ။
မိဘတွေက ကောင်မလေးက အိမ်ကပိုက်ဆံယူသွားတယ်၊ ဒါက သူ့မောင်လေးမင်္ဂလာဆောင်ဖို့သုံးမယ့်ပိုက်ဆံတဲ့။ ရဲက ဒီစကားကြားတော့ ဒီကိစ္စက ဝင်ပါလို့မရတော့ဘူး၊ ဘေးမှာရပ်ကြည့်နေရုံပဲ။ အဲ့ဒီသုံးယောက်က ဒီအတိုင်းကောင်မလေးကို ဆွဲခေါ်သွားကြရော။
"ဒီကောင်မလေး၊ ဘယ်လိုကံဆိုးမိုးမှောင်ကျနေတာမို့လို့ ဒီလိုအိမ်မျိုးမှာ မွေးလာရတယ်လို့"
အဘိုးကြီးတစ်ယောက်က ရေရွတ်နေတော့ ယွီဟွေးဖေးက စပ်စုသွားပြီး အနားကပ်သွားတယ်။
"ဦးလေးဝမ်... ဘာအခြေအနေလဲ"
အဘိုးကြီးက ယွီဟွေးဖေးကိုမြင်တော့ သက်ပြင်းချရင်း "ညီလေးယွီ... ဘာမှမဟုတ်ပါဘူး။ ဟိုကောင်မလေးက အဘိုးကြီးရွှီရဲ့ကလေး။ ဒီကလေးမက တော်တော်ကောင်းပါတယ်၊ နည်းနည်းဆိုးပေမယ့် လူကတော့ ပြဿနာမရှိဘူး။ ကံဆိုးတာက မှားတဲ့အိမ်မှာ မွေးလာတာပဲ"
ယွီဟွေးဖေးက ထူးဆန်းစွာနဲ့ "ဒီစကားက ဘာလို့ပြောတာလဲ"
ဘေးကအဒေါ်ကြီးတစ်ယောက်က "ဘာဘယ်လိုပြောရမှာလဲ။ အဘိုးကြီးရွှီအိမ်က ယောက်ျားလေးဦးစားပေးတာ နာမည်ကြီးပဲ... ဟိုကောင်မလေးက သူ့မောင်လေး မင်္ဂလာဆောင်ပိုက်ဆံယူသွားတယ်ဆိုတာ ငါတော့ပြဿနာရှိတယ်ထင်တယ်။ ဟိုကောင်မလေးကို အားလုံးကရင်းနှီးတယ်၊ ပါးစပ်နည်းနည်းကြမ်း၊ စိတ်ဓာတ် နည်းနည်းဆိုးပေမယ့် ဒီလောက်နှစ်တွေအတွင်းမှာ ဘယ်သူ့ပိုက်ဆံမှယူသွားတယ်လို့ မကြားဖူးဘူး။ ပြီးတော့ ရွှီကျဲ ဒီကောင်မလေးက တကယ်အပင်ပန်းခံနိုင်တယ်..."
"ဟုတ်တယ် ဟုတ်တယ်..."
အားလုံးက ထောက်ခံကြတယ်။ အဘိုးကြီးဝမ်က လက်ဝှေ့ယမ်းပြပြီး "ပြီးပြီ၊ ပါးစပ်မဖွာကြနဲ့တော့၊ ပြန်ကြတော့။ သူတို့အိမ်တွင်းရေးကိစ္စ၊ ငါတို့အများကြီးပြောတော့ ဘာအသုံးဝင်မှာလဲ"
လူတွေက စဉ်းစားကြည့်တော့လည်း ဟုတ်တာပဲ၊ ပြီးတော့ ပြန်သွားကြချိန် ယွီဟွေးဖေးက အဲ့ဒီမှာရပ်ပြီး ခဏစဉ်းစားပြီးတော့ မပြန်သေးတဲ့ရဲနောက်ကို လိုက်သွားတယ်။
"ဒါဘာအခြေအနေလဲ ဦးလေးကျန်း"
ယွီဟွေးဖေးက ရဲဝန်ထမ်း ကျန်းလီမင်ကိုမေးတယ်။ ကျန်းလီမင် မျက်နှာက လေးထောင့်စပ်စပ်၊ မျက်ခုံးထူမျက်လုံးကြီးတွေနဲ့၊ အားလုံးရဲ့စကားအရဆိုရင် သူ့မျက်နှာက မွေးကတည်းက ရဲဖြစ်မယ့်ရုပ်တဲ့။ ကျန်းလီမင်ကလည်း အားလုံးကိုစိတ်မပျက်စေဘူး၊ အလုပ်လုပ်တာ အရမ်းစနစ်ကျတယ်၊ တစ်ခုပဲအားလုံးကိုစိတ်ညစ်စေတာက သူက အရမ်းစည်းကမ်းကြီးတာပဲ။
ကျန်းလီမင်က "အိုး... ညီလေးယွီလား။ ကိစ္စကဒီလိုကွ။ အဘိုးကြီးရွှီက သူ့သမီး အိမ်ကပိုက်ဆံယူပြီး မင်းအိမ်မှာပုန်းနေတယ်လို့ တိုင်တယ်။ ငါတို့လည်းမတတ်နိုင်ဘူးလေ... လာကြည့်ရတာပေါ့"
ယွီဟွေးဖေးက "ဦးလေးကျန်း၊ ခင်ဗျားဒါက သူတို့ကိုကြည့်ခိုင်းရုံသက်သက်မဟုတ်ဘူးမလား။ ခင်ဗျားဒါက တံခါးဖွင့်အောင်လိမ်ပြီးတော့ မသိချင်ယောင်ဆောင်လိုက်တာ"
ကျန်းလီမင်က ယွီဟွေးဖေးကို မျက်စောင်းတစ်ချက်ထိုးပြီး "မင်းဒီစကားက ဘာလို့ပြောတာလဲ"
ယွီဟွေးဖေးက ဆွဲခေါ်သွားခံရတဲ့ကောင်မလေး ရွှီကျဲကိုကြည့်ပြီး "ခင်ဗျားပြောကြည့်လေ"
ကျန်းလီမင်က ညည်းညည်းညူညူနဲ့ "ဒါဆိုငါဘယ်လိုလုပ်ရမှာလဲ။ နှစ်သောင်းက နည်းတဲ့ပမာဏမဟုတ်ဘူး၊ အမှုဖွင့်လို့ရပြီ။ အဘိုးကြီးရွှီကလည်းပြောတယ်၊ ငါသူ့ကိုမထုတ်ပေးရင် သူတို့က ငါ့ကိုအမှုဖွင့်စစ်ဆေးခိုင်းမယ်တဲ့။ ဟိုကောင်မလေးက တက္ကသိုလ်တက်နေတုန်း၊ နှစ်ကုန်ရင် ဘွဲ့ယူတော့မှာ။ ဒီအချိန်မှာ သူ့ကိုအမှုဖွင့်လိုက်ရင် ဒီကျောင်းဆက်တက်လို့ရဦးမှာလား။ ဒီလောက်နှစ်တွေပင်ပင်ပန်းပန်းနဲ့ ကြိုးစားလာတာ၊ အောင်မြင်တော့မှာ... ဒီကိစ္စကြောင့် ပျက်စီးသွားလို့မဖြစ်ဘူးလေ"
ယွီဟွေးဖေးက "ခင်ဗျားက ရွှီကျဲပိုက်ဆံခိုးတယ်ဆိုတာ အဲ့လောက်သေချာနေတာလား"
ကျန်းလီမင်က ခေါင်းခါပြီး "မယုံဘူး။ ဒါပေမဲ့ အမှုဖွင့်စစ်ဆေးလိုက်ရင် သူ့ကျောင်းက မသိဘဲမနေနိုင်ဘူးလေ။ အဲ့ဒီအချိန်မှာ ဒီကိစ္စက ပေါက်ကြားသွားရင်... ပိုက်ဆံက သူခိုးခိုးမခိုးခိုး။ အဘိုးကြီးရွှီက အများဆုံးမျက်နှာပျက်ရုံပဲ၊ ရွှီကျဲကတော့ သူ့အနာဂတ်ကိုပါ ပေးဆပ်ရနိုင်တယ်"
ယွီဟွေးဖေးက တစ်ခဏတိတ်ဆိတ်သွားပြီး "တကယ်လို့ပိုက်ဆံက ရွှီကျဲရဲ့ ကိုယ်ပိုင်ပိုက်ဆံဆိုရင် သူတို့က အတင်းအဓမ္မတောင်းတာမျိုးကျ ဘယ်လိုပြောမလဲ"
ကျန်းလီမင်က သက်ပြင်းချရင်း "ဒါက ရွှီကျဲ ဘယ်လိုပြောမလဲဆိုတာပေါ်မူတည်တယ်။ သူတို့ကိုလုယက်မှုနဲ့တိုင်ရင်လည်း မဖြစ်နိုင်တာမဟုတ်ဘူး။ ဒါပေမဲ့ တကယ်လို့ ရွှီကျဲက လုယက်မှုမဟုတ်ဘူးလို့ဝန်မခံရင် ငါတို့လည်းဝင်ပါလို့မကောင်းဘူး။ ပြီးပြီ... ဒီကိစ္စကို မင်းဝင်မရှုပ်နဲ့တော့။ သူတို့က ဘယ်လိုပဲဖြစ်ဖြစ် မိသားစုပဲ။ ရန်ဖြစ်ပြီးရင် ပြီးသွားမှာပဲ။ ဘာပဲဖြစ်ဖြစ် ဒီလောက်နှစ်တွေ ဒီအတိုင်းပဲနေလာတာ၊ မဖြစ်မြောက်ခဲ့ဘူးမလား"
ယွီဟွေးဖေးက စဉ်းစားကြည့်တော့လည်း ဟုတ်တာပဲ၊ ကျားဆိုးက သားကိုမစားဘူး၊ ပြီးတော့ ဒီလောက်ကြီးအောင်မွေးထားတာကိုး။ ယွီဟွေးဖေးက ဒီလောက်အများကြီးပြောတာက တစ်ဖက်က အခြေအနေကိုသိချင်တာနဲ့ ကျန်းလီမင်ကို စမ်းသပ်ကြည့်ချင်တာလည်းပါလို့။ သူက ကိုယ့်ခြံထဲက နွားခေါင်း၊ မြင်းခေါင်း၊ သရဲနက်ဖြူတို့ကို မြင်မမြင်သိချင်လို့ပဲ။ ကျန်းလီမင်ရဲ့ အခြေအနေအရဆိုရင်တော့ မမြင်သင့်တာဘာမှမမြင်ဘူးဆိုတော့ ယွီဟွေးဖေးလည်း စိတ်အေးသွားပြီ။
ကိုးလွှာကိုပြန်ရောက်တော့ ယွီဟွေးဖေးက အမြန်တံခါးမကြီးကို ပိတ်လိုက်တယ်။
တံခါးမကြီးပိတ်လိုက်တာနဲ့ ရှေ့ခြံမှာကင်းစောင့်နေတဲ့ ရှောင်ထျန်းချန်က ချက်ချင်းနောက်လှည့်ပြီး နောက်ဖေးခြံကိုပြေးဝင်သွားပြီး မကြာခင်မှာ ချွေ့ကျွယ်တို့ထွက်လာကြရော။
ချွေ့ကျွယ်က "ငါ့ညီလေးယွီ... ဒါဘာအခြေအနေလဲ"
ယွီဟွေးဖေးက ခေါင်းခါပြီး "ကျုပ်လည်း သေချာမရှင်းဘူး။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စဖြစ်မယ်ထင်တယ်"