← Chapters

လူ့လောကမှ မကောင်းဆိုးဝါး (အပိုင်း ၁)

Vol. 7 Ch. 105

လူ့လောကမှ မကောင်းဆိုးဝါး (အပိုင်း ၁)

Vol. 7 Ch. 105

ပါးစပ်ကဒီလိုပြောပေမယ့် ယွီဟွေးဖေးကတော့ နည်းနည်းစိတ်မအေးဘူး။ အထူးသဖြင့် ရွှီကျဲဆွဲထုတ်ခံရတဲ့မြင်ကွင်းကိုတွေးမိတော့ မိသားစုဝင်အချင်းချင်း ဘယ်လိုလုပ် မိန်းကလေးဆံပင်ကိုဆွဲပြီး အပြင်ကိုဆွဲထုတ်နိုင်ရတာလဲ။ ပြီးတော့ ရွှီကျဲမနေ့ညက လမ်းဘေးမှာထိုင်ပြီး တိတ်တိတ်လေးငိုနေတာ၊ သန်းခေါင်ယံမှာအိမ်ရှိပေမယ့် မပြန်ရဲဘဲ သူ့ရဲ့ဒီသင်္ချိုင်းကုန်းတည်းခိုခန်းကို လာတည်းတဲ့မြင်ကွင်းကိုတွေးမိတယ်။

အဲ့ဒါအပြင် မနက်က သူ့ရဲ့ဆံပင်ဖွာလန်ကျဲနေတဲ့ပုံစံကိုတွေးမိတော့ ယွီဟွေးဖေးက ရုတ်တရက်သဘောပေါက်သွားတယ်။ သူက တမင်လုပ်တာဖြစ်နိုင်တယ်၊ ဆံပင်ဖွာလန်ကျဲထားတာက သူ့မျက်နှာပေါ်ကဒဏ်ရာတွေကို ဖုံးကွယ်ဖို့ဖြစ်နိုင်ချေများသား။ ပြီးတော့ ချွေ့ကျွယ်ကလည်းပြောဖူးတယ်လေ။ အဲ့ဒီအချိန်မှာ သူ့မိတ်ကပ်တွေပျက်နေတာ၊ ခေါင်းမော့လိုက်တော့ သရဲတစ္ဆေတွေမြင်နေကျ ချွေ့ကျွယ်တောင် လန့်သွားစေတယ်တဲ့။ ဒါဆိုရင် မိတ်ကပ်ပျက်ရုံတင်မကဘူး၊ မျက်နှာပေါ်မှာဒဏ်ရာတွေပါ ရှိနေနိုင်တယ်။

ရွှီကျဲအတွက် နည်းနည်းစိုးရိမ်ပေမယ့် ဒါကသူတို့အိမ်တွင်းရေးကိစ္စပဲ။ ယွီဟွေးဖေးက ဝင်စွက်ဖက်ဖို့အကြောင်းပြချက်မရှိဘူး။ ဒါပေမဲ့ တစ်မွန်းလွဲလုံးကုန်သွားပေမယ့် ယွီဟွေးဖေးရဲ့စိတ်က ငြိမ်သက်လို့မရဘူး။

သင်္ချိုင်းကုန်းသန့်ရှင်းရေးလုပ်နေရင်တောင် စိတ်ထဲမှာမကောင်းဘူး။

အာဇာနည်တွေရဲ့သင်္ချိုင်းကျောက်တိုင်ရှေ့မှာရပ်ပြီး ယွီဟွေးဖေးက ဒီအာဇာနည်တွေရဲ့သင်္ချိုင်းကျောက်တိုင်တွေကိုကြည့်ပြီး အားငယ်စွာနဲ့ တိုင်တည်နေတောါတာပဲ။

"ဒီကိစ္စ ခင်ဗျားတို့ပြောကြည့်။ ဝင်ပါသင့်လား မပါသင့်ဘူးလား"

သင်္ချိုင်းကျောက်တိုင် "..."

"ရှေ့ကလူကြီးမင်းတို့၊ စကားတစ်ခွန်းလောက်ပြောပါဦး။"

သင်္ချိုင်းကျောက်တိုင် "..."

"ဒါမှမဟုတ်ဒီလိုလုပ်ပါလား... ခင်ဗျားတို့စကားမပြောရင် ဝင်ပါမယ်။ စကားပြောရင် မဝင်ပါဘူး၊ ဘယ်လိုနေလဲ"

"စကားမပြောရင် သဘောတူတယ်ဆိုတဲ့သဘောပေါ့။ စကားမပြောပြန်ဘူး၊ ဒါဆိုရင် ဝင်ပါမယ်ပေါ့"

ပြောပြီးတော့ ယွီဟွေးဖေးက တန်းဦးသုံးကြိမ်ချပြီး ဟီးဟီးရယ်ကာထလိုက်တယ်။ "ဒါက ခင်ဗျားတို့ကျွန်တော့်ကို ဝင်ပါခိုင်းတာနော်၊ ကျွန်တော့်ကိုအပြစ်မတင်နဲ့"

ပြောတာနဲ့ ယွီဟွေးဖေးက နောက်လှည့်ပြီး ပြေးထွက်သွားတော့ ချွေ့ကျွယ်နဲ့ မျက်နှာချင်းဆိုင်တိုးရော။

ချွေ့ကျွယ်က ရယ်ကျဲကျဲနဲ့ "ဝင်ပါတော့မှာလား"

ယွီဟွေးဖေးက ပြုံးပြီး "ကျုပ်အဘိုးပြောဖူးတယ်၊ လူ့ဘဝမှာ အမည်နဲ့အကျိုးက အတုအယောင်တွေပဲ၊ ရင်ထဲကသမာဓိတရားကမှ အစစ်အမှန်တဲ့။ ဒီနေ့ဒီကိစ္စကိုမဝင်ပါရင် စိတ်ထဲကမကျေနပ်ဘူး၊ နေမထိထိုင်မသာဖြစ်တယ်၊ ဒါကြောင့် သွားကြည့်ပြီးမှ ဆုံးဖြတ်မယ်"

ချွေ့ကျွယ်က "အကူအညီလိုလား"

ယွီဟွေးဖေးက ခေါင်းခါပြီး "မလိုပါဘူး... အရင်သွားကြည့်လိုက်ဦးမယ်"

ပြောပြီးတော့ တံခါးမကြီးဖွင့်ပြီး ထွက်သွားတယ်။ နေဝင်ဆည်းဆာကျရောက်တော့ ရှို့လင်လမ်းမက တဖြည်းဖြည်းတိတ်ဆိတ်လာပြီ။ ယွီဟွေးဖေးက အဲ့ဒီမှာထိုင်ပြီး ဖောက်သည်စောင့်နေတဲ့ အဘိုးကြီးကိုကြည့်ပြီး အနားကပ်သွားတယ်။

"အဘိုးကြီး အနားယူနေတာလား"

အဘိုးကြီးကျန်းက ကြားတော့ မျက်ခွံတစ်ချက်ပင့်ပြီး အေးစက်စက်ရယ်ကာ "မင်းဘယ်မျက်လုံးက ငါအလုပ်ရှုပ်နေတာကိုမြင်တာလဲ"

"ပြောစရာရှိရင် မြန်မြန်ပြော"

အဘိုးကြီးကျန်းကလည်း မြင်သားပဲ၊ ဒီကောင်က ကိစ္စရှိလို့သူ့ဆီလာတာကိုး။ ဒါပေမဲ့ အရင်တစ်ခါ ယွီဟွေးဖေးက တောင်ထဲဝင်တဲ့လူတချို့ကို ခေါ်ထုတ်လာတဲ့ကိစ္စက အဘိုးကြီးကို နည်းနည်းထိခိုက်စေတယ်။ အဲ့ကတည်းက ယွီဟွေးဖေးအပေါ်ထားတဲ့သဘောထားက တော်တော်လေးကောင်းသွားတယ်။ ဒါပေမဲ့ သူလည်းဘာလို့လဲမသိဘူး၊ ဒီကောင်ကိုမြင်တိုင်း သူဒေါသထွက်လာပြန်ရော။

ယွီဟွေးဖေးက "အဘိုးကြီး ဒီကိုရောက်လာတာ ရက်အနည်းငယ်ရှိပြီ၊ ကိစ္စတစ်ခုမေးမလို့၊ အဘိုးကြီးရွှီအိမ်လေ... အဲ့ဒါက ဘယ်လိုအခြေအနေလဲ"

အဘိုးကြီးကျန်းက ဟွန်းခနဲတစ်ချက်လုပ်ပြီး "မင်းဒါကိုမေးတာလား..."

ပြီးတော့ အဘိုးကြီးကျန်းက လက်တစ်ဖက်ဆန့်ထုတ်တော့ ယွီဟွေးဖေးက တန်းပြီး အနီရောင်တစ်ရွက်တင်ပေးလိုက်တာပေါ့။

"ပြောပြ"

အဘိုးကြီးကျန်းက ကြောင်သွားပြီး ယွီဟွေးဖေးရဲ့ကိုယ်ပေါ်ကိုပုတ်ပြီး "သူခိုးမှာလည်း ကျင့်ဝတ်ရှိတယ်ကွ။ မင်းက ငါ့ပစ္စည်းမဝယ်ဘဲနဲ့ ငါမင်းပိုက်ဆံကို ဘာလုပ်ဖို့ယူမှာလဲ။ မင်းက ငါ့သတင်းက တန်ဖိုးရှိတယ်ထင်ရင် ခဏနေရင် သော့တစ်လုံးဝယ်။ ဘာပဲဖြစ်ဖြစ် မင်းကလည်း ကောင်းတဲ့ကောင်မဟုတ်ဘူး၊ ကြယ်ပျံ... အဲ... သံကြိုးသော့တစ်လုံးရှိရင် မနစ်နာဘူး"

ယွီဟွေးဖေးက စိတ်ထဲမှာ ‘သောက်ကျိုးနည်း၊ အဘိုးကြီးက ခင်ဗျားရောင်းတာ ကြယ်ပျံတူဆိုတာသိနေတာလား။ သံကြိုးသော့တဲ့... မျက်နှာရော’

ဒါပေမဲ့ ယွီဟွေးဖေးက ပိုက်ဆံပြန်ယူပြီး ခုံငယ်လေးပေါ်မှာ ထိုင်ချလိုက်တယ်။ အဘိုးကြီးကျန်းက "အတိအကျတော့ငါလည်းမသိဘူး၊ ငါလည်းရောက်လာတာ နှစ်နှစ်ပဲရှိသေးတယ်။ ဒါပေမဲ့ ဟိုအဘိုးကြီးရွှီအိမ်က အရမ်းအယူသီးတယ်၊ အဓိကက ယောက်ျားလေးဦးစားပေးတာ အရမ်းဆိုးတယ်။ ဟိုကောင်မလေးကို ငါမြင်ဖူးတယ်၊ လူကောင်းလေးတစ်ယောက်ပါပဲ။ အပေါက်နည်းနည်းဆိုးရုံပေါ့... ဒီကိစ္စက မကြည့်ဘဲနဲ့သိတယ်။ သေချာပေါက် အဘိုးကြီးရွှီမှားတာ။ ဒီနှစ်နှစ်အတွင်းမှာ ကိစ္စက သူ့သား၊ သမီးနဲ့ပတ်သက်ရင် သေချာပေါက် အဘိုးကြီးရွှီရဲ့ပြဿနာပဲ"

ယွီဟွေးဖေးက ဆက်ပြောဖို့စောင့်နေပေမယ့် ရလဒ်ကတော့ အဘိုးကြီးကျန်းက စကားမပြောတော့ဘူး။

"ဆက်ပြောလေ"

အဘိုးကြီးကျန်းက ယွီဟွေးဖေးကို မျက်စောင်းတစ်ချက်ထိုးပြီး "မင်းက ငါ့ကို ဗေဒင်ဆရာထင်နေလား၊ ဒါမှမဟုတ် နတ်ဘုရားများထင်နေလား။ ငါက ဇစ်ပြင်၊ စက်ဘီးပြင်တဲ့သူပဲ။ ငါသိတာ ဒီလောက်ပဲ။"

ယွီဟွေးဖေးက ဘာမှဆက်မပြောနိုင်တော့ဘူး၊ ဒီအဘိုးကြီးက အရာရာသိတဲ့ပညာရှင်လို ရွာရဲ့အခြေအနေကို ရှင်းရှင်းလင်းလင်းပြောနိုင်မယ်ထင်နေတာ၊ ရလဒ်ကတော့ အလကားပဲ။

ယွီဟွေးဖေးက နည်းနည်းစိတ်ပျက်ပေမယ့် အကျိုးမရှိတာတော့မဟုတ်ဘူး။

လူတစ်ယောက်က ရွှီကျဲဟာ လူကောင်းတစ်ယောက်လို့ပြောရင် ပြဿနာရှိနိုင်တယ်၊ ဒါက အဲ့ဒီလူရဲ့အမြင်ကြောင့်ဖြစ်နိုင်တယ်။

ဒါပေမဲ့ အားလုံးကဒီလိုပြောရင်တော့ တကယ်ပြဿနာရှိနေပြီ။ ယွီဟွေးဖေးက တစ်ရာတန်တစ်ရွက်ပေးပြီး "ကြယ်ပျံတူတစ်လုံးပေး၊ ဝယ်ပြီး ပြန်လေ့ကျင့်မလို့"

အဘိုးကြီးကျန်းက "ငါးရာ"

"သောက်ကျိုးနည်း..." ယွီဟွေးဖေးက တန်းဆဲတော့တယ်၊ ဒီကောက်ကျစ်တဲ့ကုန်သည်က စိတ်ပြောင်းသွားပြီထင်နေတာ ရလဒ်ကတော့ အရင်အတိုင်းပဲ။ ယွီဟွေးဖေးက တစ်ရာတန်တစ်ရွက်ပစ်ချပြီး မြေကြီးပေါ်ကသော့ကိုကောက်ပြီး ပြေးသွားကော။

အဘိုးကြီးကျန်းက နောက်ကနေဆဲပါလေရော... "မင်းသေနာကောင်။ မင်းလိုဈေးဆစ်တာမရှိဘူး။ မင်းက ငါ့ကိုပြန်ဈေးဆစ်ခွင့်ပေးဦးလေ"

ယွီဟွေးဖေးကတော့ သူ့ကိုဂရုမစိုက်ဘူး...

အဘိုးကြီးရွှီအိမ်က လမ်းမကြီးပေါ်မှာမဟုတ်ဘဲ ဘေးကလမ်းသွယ်လေးပေါ်မှာ။ အဲ့ဒီတုန်းက သူဌေးလီက အဓိကရင်းနှီးမြှုပ်နှံတာက ဟိုရှို့လင်လမ်းမကြီးပဲ။ ဒါပေမဲ့ တကယ်လို့ရွာထဲကလူတွေကလည်း ဒီပုံစံအတိုင်းအိမ်ကို ပြန်ဆောက်ချင်ရင်၊ ပြီးတော့ သူဌေးလီရဲ့စီမံကိန်းကိုလက်ခံရင် သူဌေးလီက ကုန်ကျစရိတ်တစ်ဝက်ကို ကူညီပေးနိုင်တယ်။

အဲ့ဒီအချိန်မှာ အိမ်မှာပိုက်ဆံပိုရှိပြီး သူဌေးလီရဲ့အိမ်က စိတ်ချရတယ်ထင်တဲ့သူတွေအများကြီးက ပြန်ဆောက်ကြတယ်။ ဒါပေမဲ့ လူတချို့ကတော့ ပိုက်ဆံမရှိလို့၊ ဒါမှမဟုတ် သူဌေးလီက ထောင်ချောက်ဆင်နေတယ်ထင်လို့၊ ဒါမှမဟုတ် သူဌေးလီက တစ်ရွာလုံးကိုပြန်ဆောက်ချင်တယ်၊ သူတို့ကခုခံထားရင် နောက်ပိုင်းမှာဈေးတက်နိုင်တယ် ဒါမှမဟုတ် အခြေအနေညှိနှိုင်းလို့ရတယ် ထင်လို့ပဲ။

ရလဒ်ကတော့ ရှို့လင်လမ်းမ ပြန်ဆောက်ပြီးတော့ သူဌေးလီက ဒီကိစ္စကိုထပ်မပြောတော့ဘူး။ ဒီလူတွေက ချက်ချင်းနောင်တရသွားကြတယ်။ ပြန်ဆောက်ချင်ပေမယ့် ဒီလိုတောင်ပိုင်းရေပြာအုတ်ကြွပ်ဖြူရောင် နံရံအိမ်မျိုးကို သူတို့ကိုယ်တိုင်မဆောက်နိုင်ဘူး။ ဆောက်နိုင်ရင်တောင် ဆောက်လုပ်ရေးအဖွဲ့ရှာရတာခက်တယ်။ အနီးအနားရွာတွေက လက်သမားတွေက ဒါကိုမကျွမ်းကျင်ဘူးလေ။ နောက်ဆုံးမှာတော့ ဒီအတိုင်းပဲပြီးသွားတယ်။

အဘိုးကြီးရွှီအိမ်က ဒီအခြေအနေပဲ။ တခြားသူတွေအိမ်က တံခါးမြင့်ခြံကျယ်တွေဆိုပေမယ့် သူတို့အိမ်ကတော့ ရိုးရာအနိမ့်အုတ်နီရောင်နံရံ၊ အိမ်သုံးခန်းတွဲကြီးပဲ။

အဲ့ဒီတုန်းက ခန့်ညားပေမယ့် အခုတော့သိသိသာသာမလောက်တော့ဘူး။ ရိုးရာအရှေ့မြောက်ပိုင်းကျေးလက်ခြံက တစ်မီတာကျော်ကျော်အုတ်နီရောင်နံရံ၊ နံရံကလည်း စေ့စပ်တာမဟုတ်ဘဲ အပေါက်တစ်ပေါက်တစ်ပေါက်နဲ့၊ ခြံအပြင်ဘက်မှာထိုင်ရင် ခြံထဲကိုမြင်နိုင်တဲ့အမျိုးအစား။

ဒါကလည်း အစောပိုင်းနှစ်တွေကခေတ်စားတဲ့ဒီဇိုင်း၊ ဒီဒီဇိုင်းက အုတ်နဲ့ပိုက်ဆံအများကြီးသက်သာစေတယ်။ တစ်ချိန်တည်းမှာပဲ ဝက်၊ နွားစတာတွေ ခြံထဲဝင်ပြီး စိုက်ခင်းတွေဖျက်ဆီးတာကို ကာကွယ်နိုင်တယ်လေ။ သူခိုးကာကွယ်ဖို့ကတော့ ဒီအရှေ့မြောက်ပိုင်းမှာ လူတွေက သိပ်မစဉ်းစားဘူး။

ဘာပဲဖြစ်ဖြစ် ဘယ်လောက်မြင့်တဲ့နံရံဖြစ်ဖြစ် သူတို့ကစိတ်ရှိရင် ကျော်ဝင်နိုင်တာပဲ။ အဓိကက အရှေ့မြောက်ပိုင်းကျေးလက်မှာ အိမ်မှာအမြဲလူရှိတယ်... လူမရှိရင်တောင် အိမ်မှာပိုက်ဆံမရှိဘူး။

ဒီအချိန်မှာ ယွီဟွေးဖေးက လမ်းပေါ်မှာရပ်ပြီး ဟိုပြတင်းပေါက်ကြီးကနေ အိမ်ထဲကအခြေအနေကိုမြင်ချင်တယ်၊ ဒါပေမဲ့ လိုက်ကာဆွဲထားတော့ ဘာမှမမြင်ရဘူး။ အဲ့တော့ မတတ်သာဘဲ နံရံကျော်ဝင်သွားတယ်။

ပြတင်းပေါက်အနားမကပ်ခင်မှာပဲ ယွီဟွေးဖေးက ကောင်မလေးတစ်ယောက်ရဲ့ ကြောက်မက်ဖွယ်အော်သံကိုကြားလိုက်ရတယ်။

ပြီးတော့ ပစ္စည်းတွေနဲ့လူကိုရိုက်တဲ့အသံ၊ အသံကထိုင်းထိုင်းနဲ့၊ လူပေါ်မှာပဲရိုက်နေတာသိသာတယ်။

ယွီဟွေးဖေးက မျက်မှောင်ကြုတ်မိသွားကော။ ဒီလက်ကလည်း အရမ်းကြမ်းတာပဲ။ ပြတင်းပေါက်ဘေးကိုကပ်သွားပေမယ့် ရလဒ်ကတော့ ဘာမှမမြင်ရဘူး။ အိမ်ထဲက ရွှီကျဲ အော်ဟစ်ငိုယိုနေတာပဲကြားရသလို တစ်ချိန်တည်းမှာပဲ လူလတ်ပိုင်းယောက်ျားတစ်ယောက်က အော်ဟစ်နေလေရဲ့။

"ပိုက်ဆံရော... ပိုက်ဆံဘယ်မှာထားလဲ ပြော"

All Chapters