← Chapters

ဘဝ

Vol. 7 Ch. 98

ဘဝ

Vol. 7 Ch. 98

ယွီဟွေးဖေး ဆက်မကြည့်တော့ဘဲ နောက်လှည့်ထွက်လာခဲ့တော့တယ်။ ဒီနေရာမှာ ကြည့်ပြီး သူနားလည်သွားပြီ၊ နောက်သုံးရက်အတွင်း သူ့အစာအိမ်ကတော့ သေချာပေါက် အားရပါးရ စားသောက်ရတော့မှာ။

အဲ့တော့ ပထမဆုံးလုပ်တဲ့အလုပ်က တိတ်တဆိတ်စောင့်နေတာမဟုတ်ဘဲ အိမ်သာကို တန်းပြေးတာပဲ။ အစီအစဉ်ချပြီးမှ လှုပ်ရှားတယ်ဆိုသလိုပဲ၊ သူက ဗိုက်ကိုအရင်ရှင်းပြီး ခဏနေရင် တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲဖို့ ပြင်ဆင်နေတာ။

မကြာခင်မှာပဲ လျိုရှင်း ထွက်လာပြီး နီရဲနေတဲ့ ဝက်သားနှပ်တစ်ပန်းကန်ကို စားပွဲပေါ်တင်လိုက်ရင်း ယုံကြည်မှုအပြည့်နဲ့ ပြောတော့တာပဲ။

"မြည်းကြည့်ပါဦး"

ရလဒ်ကတော့ သရဲဖြူနက်နဲ့ ချွေ့ကျွယ်တို့က ပန်းကန်ထဲက ဝက်သားနှပ်ကို တစ်ချက်ကြည့်ပြီး နောက်လှည့်ကာ ဝေါ့ခနဲ အန်ချင်သွားတယ်၊ နောက်ဆုံးမှာ ထပြီး နောက်ဖေးခြံကိုပြေးသွားပြီးတော့ ဝေါ့ဝေါ့အန်သံတွေက မဆုံးနိုင်တော့ဘူး။

လျိုရှင်းက ကြောင်သွားပြီး "ကျွန်မ... ကျွန်မချက်တာ... ဒီလောက်တောင် စားလို့မကောင်းဘူးလား"

ဒီအချိန်မှာ ယွီဟွေးဖေး ရောက်လာတယ်၊ ဗလာကျင်းနေတဲ့ စားပွဲကိုကြည့်ပြီး "လူတွေရော"

လျိုရှင်းက ခါးခါးသီးသီးပြုံးပြီး ညည်းညည်းညူညူနဲ့ "ကျွန်မချက်တာ စားလို့သိပ်မကောင်းလို့နေမယ်၊ သူတို့က အနံ့ရတာနဲ့ ပြေးအန်ကြတော့တာပဲ"

ယွီဟွေးဖေးက ကြောင်သွားပြီး ဘေးမှာ ဟီးဟီးရယ်နေတဲ့ ရှောင်ထျန်းချန်ကို ကြည့်လိုက်တော့ ချက်ချင်းနားလည်သွားတယ်။ ဝက်သားနှပ်လေ၊ ဒါက အားလုံးရဲ့ ကောင်းမွန်တဲ့အမှတ်တရတွေကို ပြန်နှိုးဆွလိုက်တာကိုး... မအန်မှ ထူးဆန်းမှာ။

"သူတို့ကို ဂရုမစိုက်နဲ့၊ သူတို့က ဝက်သားနှပ်နဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာရှိတယ်"

ပြောပြီးတာနဲ့ ယွီဟွေးဖေးက အရင်ထိုင်ချလိုက်ပြီး ရှေ့က ဝက်သားနှပ်ကိုကြည့်မိချိန် အံ့ဩသွားရော။

အထဲမှာ ဝက်သားနှပ်တင်မကဘူး၊ အာလူးလည်းပါတယ်။ တကယ်တော့ ဒီလိုချက်နည်းကို ယွီဟွေးဖေးက မစိမ်းပါဘူး၊ ဒါကို ဝက်သားနှပ်စစ်စစ်လို့ခေါ်လို့မရဘူး၊ ဝက်သားနှပ်အာလူးပေါင်းလို့ ခေါ်ရမှာ။

ယွီဟွေးဖေး ငယ်ငယ်ကလည်း အများကြီးစားဖူးတယ်... ကြီးလာပြီး တက္ကသိုလ်တက်တော့မှ သိပ်မစားဖြစ်တော့တာ။

အာလူးတစ်တုံးကို ညှပ်ပြီး ပါးစပ်ထဲထည့်လိုက်တယ်...။ ဒီဟင်းရဲ့ အနှစ်သာရက အသားပေါ်မှာမဟုတ်ဘူး၊ အာလူးပေါ်မှာဆိုတာ သူကောင်းကောင်းသိတယ်။ အာလူးက ထူးဆန်းတဲ့အရာတစ်ခု၊ ဒီအရာက ဘာနဲ့ပေါင်းပေါင်း အဲ့ဒီအရာရဲ့ အရသာကို စုပ်ယူနိုင်တယ်၊ မူလပါဝင်ပစ္စည်းထက်တောင် ပိုစားကောင်းသေးတယ်။

တကယ်ပဲ၊ အာလူးပါးစပ်ထဲရောက်တာနဲ့ ပျော့အိချိုမွှေးနေရော၊ ကိုယ်ပိုင်အနံ့သာမကဘူး၊ ဝက်သားနှပ်ရဲ့ အသားနံ့လည်း ပါတယ်။ ဒါတွေအကုန်လုံးက နောက်မှရေထည့်ပြီး ပေါင်းထားတဲ့ရလဒ်၊ အသားရဲ့အနံ့ကို အာလူးထဲ စိမ့်ဝင်သွားစေတာ။

ယွီဟွေးဖေးက နှုတ်ခမ်းနဲ့သွားကြားမှာ ပျော်မသွားနိုင်တဲ့ မွှေးရနံ့ကို ခံစားမိပြီး မချီးကျူးဘဲမနေနိုင်ဘူး၊။

"စားလို့ကောင်းလိုက်တာ" ပြီးတော့ ယွီဟွေးဖေးက အားမနာတော့ဘူး၊ ထမင်းတန်းထည့်ပြီး စားတော့တာပဲ။

ဘေးက ရှောင်ထျန်းချန်လည်း မကြည့်နိုင်တော့ဘူး၊ အနားကပ်လာပြီး ယွီဟွေးဖေးရဲ့ ဘောင်းဘီကို နှစ်ချက်ကန်တယ်။ ယွီဟွေးဖေးက သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး ဒီခွေးကိုက်လာတဲ့ ပန်းကန်ကိုယူ၊ ဝက်သားနှပ်ဘာညာကို တစ်ဝက်လောက်ထည့်ပေးပြီး

"နောက်ဖေးခြံမှာ သွားစား" လို့ပြောလိုက်တော့ ရှောင်ထျန်းချန်က ပန်းကန်ကိုက်ပြီး ပြေးသွားရော။

ယွီဟွေးဖေးရဲ့ ဒီအပြုအမူကို လျိုရှင်းကတော့ လုံးဝစိတ်မဆိုးဘူး၊ စပ်စုပြီး "သူအဲ့လောက်အများကြီး စားနိုင်လို့လား"

ယွီဟွေးဖေးက ရယ်ပြီး "စိတ်ချပါ၊ စားကုန်မှာပါ"

လျိုရှင်းက ခေါင်းညိတ်ပြီး မီးဖိုချောင်ထဲပြန်သွားပြီး ချဉ်စပ်မုန်ညင်းဖြူတစ်ပန်းကန်ကို ထပ်ယူလာတယ်။ ယွီဟွေးဖေး တစ်လုတ်မြည်းကြည့်တော့ ချဉ်တာက အတော်ပဲ၊ အရမ်းစားချင်စိတ်ဖွင့်ပေးတယ်။

ဒီအချိန်မှာ သရဲနက်သရဲဖြူတို့ ပြန်ရောက်လာတယ်၊ စားပွဲပေါ်က ဝက်သားနှပ်ကိုကြည့်ပြီး မျက်နှာတွေက ဝမ်းချုပ်နေသလိုပဲ။

"မကြည့်နဲ့တော့၊ မြည်းကြည့်ကြ။ ဒါက ဟိုသေနာကောင် ချက်တာမဟုတ်ဘူး" လို့ပြောလိုက်တော့ သုံးယောက်သား ထပ်ပြီးအန်ချင်သလိုဖြစ်သွားကြရော။ ဒါပေမဲ့ ပြောရမယ်ဆိုရင် ဒီအသားက အရမ်းမွှေးတယ်။

သုံးယောက်သား မနေနိုင်ဘဲ တစ်လုတ်မြည်းကြည့်ပြီး မျက်လုံးနှစ်လုံးမှိတ်ကာ လေလိုမုန်တိုင်းလို စားကြတော့တာပဲ။ ဒီမြင်ကွင်းကိုမြင်တော့ လျိုရှင်းက ပြုံးလိုက်တယ်။ ဒီတစ်နပ်က အစပိုင်းမှာ နည်းနည်းလှိုင်းထပေမယ့် နောက်ပိုင်းရလဒ်ကတော့ အားလုံးက အရမ်းကျေနပ်ကြတယ်။

စားတဲ့သူတွေက ဗိုက်ကားသွားတယ်၊ ချက်တဲ့သူက ပန်းကန်ပြောင်တာမြင်တော့ အရမ်းကျေနပ်နေတာပေါ့။

တစ်ညလုံး ဘာမှထူးထူးခြားခြားမဖြစ်၊ နောက်တစ်နေ့ ယွီဟွေးဖေး မနက်စောစောထတော့ လျိုရှင်း မီးဖိုချောင်ထဲမှာ အလုပ်များနေတာကို တွေ့လိုက်ရတယ်။

သူအနားကပ်ကြည့်လိုက်တော့ လျိုရှင်း မနေ့က အိုးထဲထည့်ထားတဲ့ မုန်ညင်းဖြူကို ဆယ်ထုတ်နေပြီး တစ်ခုချင်းစီက ဆားကြောင့်ထွက်လာတဲ့ရေကို ညှစ်ထုတ်ကာ ဘေးမှာ စီထားနေတာ။ ပြီးတော့ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဂျင်းစတဲ့ ပစ္စည်းတွေကိုရှာပြီး စဉ်းတီတုံးပေါ်မှာ ဒုန်းဒုန်းဒုန်းနဲ့ လှီးဖြတ်၊ ဆားစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေထည့်ပြီး မွှေနေတယ်။

ဒီနေရာမှာ ကြည့်ပြီး ယွီဟွေးဖေးက သူဘာလုပ်မလဲဆိုတာ သိသွားပြီ၊ ဒါက ကင်မ်ချီလုပ်မလို့ကိုး။ ယွီဟွေးဖေးက ပြုံးမိလိုက်သား၊ ဒီကောင်မလေးမှာ ဒီလောက်အစွမ်းအစတွေများတာကို မထင်ထားဘူး။

ခေါင်းခါပြီး ယွီဟွေးဖေးက တံမြက်လှည်းသွားယူမလို့လုပ်တုန်း ယူကြည့်လိုက်တော့ တံမြက်လှည်းက ပြင်ထားတာကို တွေ့လိုက်ရရော။ မူလတံမြက်လှည်းက အနားပေးရလောက်အောင် မပျက်စီးပေမယ့် သုံးလို့မကောင်းတော့ဘူး။ အခုတော့ ပြန်ပြုပြင်ထားတာက အသစ်နဲ့ သိပ်မကွာတော့ဘူး။

"ဘိုးတော်ချွေ့... ခင်ဗျားပြင်တာလား"

ချွေ့ကျွယ်က မီးဖိုချောင်ဘက်ကို မေးငေါ့ပြတယ်၊ သူပြင်တာလို့ ဆိုလိုတာ။

ယွီဟွေးဖေးက ကြောင်သွားပြီး "ဒါ သူပြင်တတ်တယ်လား"

ချွေ့ကျွယ်က ပခုံးတွန့်ပြီး "ရတနာကြီးဟ"

ယွီဟွေးဖေးက ပါးစပ်ဖြဲပြီး ပျော်ရွှင်စွာနဲ့ တံမြက်လှည်းကိုင်ကာ သင်္ချိုင်းကုန်းကို သန့်ရှင်းရေးသွားလုပ်တော့တယ်။ သူ့ကို စိတ်မချမ်းသာစေတာက သင်္ချိုင်းကုန်းထဲမှာ မြူမရှိသေးတာပဲ။ ခေါင်းခါပြီး တံမြက်လှည်းကိုင်ကာ တိတ်တဆိတ် သင်္ချိုင်းကုန်းကို သန့်ရှင်းရေးလုပ်နေတော့တယ်။

နေ့လည်ရောက်တော့ ယွီဟွေးဖေး ထွက်လာချိန် လျိုရှင်းက ခြံထဲမှာ ပန်းချီကားထောင်ပြီး ထိုင်နေတာကို တွေ့လိုက်ရတယ်၊ သူ့ရှေ့မှာတော့ သရဲဖြူ ထိုင်နေလေရဲ့။ ယွီဟွေးဖေးကို ဦးရေပြားထုံသွားပြီး ကြက်သီးမွေးညင်းထစေတာက ဒီကောင် လျှာကို ထုတ်ထားတာပဲ။

ဒါပေမဲ့ လျိုရှင်းရဲ့ အလေးအနက်ထားတဲ့ပုံစံကိုကြည့်ရင် ဒါက ဘာမှမမှားဘူးလို့ ထင်နေတဲ့ပုံပဲ။

ယွီဟွေးဖေး ထွက်လာတာမြင်တော့ လျိုရှင်းက ရယ်ပြီး "ရှင့်အမျိုးရဲ့ မိတ်ကပ်ပညာက တော်တော်ကောင်းတာပဲ၊ ဟိုလျှာက အစစ်အတိုင်းပဲ"

ဘာကို အစစ်အတိုင်းလဲ။ ဒါက အစစ်ပဲလေ။

ယွီဟွေးဖေးက မိုးကောင်းကင်ကို မော့ကြည့်ပြီး စိတ်ထဲမှာ ‘ဒီကောင်မလေးက လက်ရာကောင်းပေမယ့် ဦးနှောက်ကတော့ ကြောင်တောင်တောင်နိုင်တုန်းပဲ...’ လို့ တွေးလိုက်မိသား။ လျိုရှင်းက သိပ်မစဉ်းစားမှတော့ ယွီဟွေးဖေးလည်း စိတ်အေးသွားတယ်။

နေ့လည်စာက အသားကြော်၊ မုန်ညင်းဖြူကြော်နဲ့ အသားမျှင်ကြော်စပ်တစ်ပန်းကန်။

လျိုရှင်းက အိမ်မှာ ဒီပါးစပ်တွေအပြင် အစာအိမ်ကြီးတဲ့ ခွေးကြီးတစ်ကောင်ရှိသေးတယ်ဆိုတာ သတိထားမိတဲ့ပုံပဲ။ ဒါကြောင့် သူနေ့လည်စာကို ပမာဏများများချက်တယ်၊ ယွီဟွေးဖေးက ရှောင်ထျန်းချန်ကို တစ်ဝက်လောက်ထည့်ပေးတာတောင် သူတို့စားဖို့ လုံလောက်တဲ့ဟင်းတွေ ကျန်သေးတယ်။

နေ့လည်စာစားပြီးတော့ ယွီဟွေးဖေး အခုမှသတိထားမိတယ်၊ မီးဖိုချောင်ထဲက ကြာပြီမသုံးဖြစ်တဲ့ ရေအိုးကြီးက အပြင်ထုတ်ထားပြီး ခြံထဲမှာ ထားထားတာ။ ယွီဟွေးဖေးက သွားကြည့်လိုက်တော့ ဆေးကြောပြီးသား။

"ဘယ်သူလုပ်တာလဲ။"

ပန်းကန်ကူသိမ်းနေတဲ့ သရဲနက်က "အာ... ရှောင်ရှင်းလုပ်တာ။ သူက ဆေးကြောပြီးရင် အသုံးဝင်တယ်တဲ့။ ငါတို့က သူ့ကို အပြင်ထုတ်ပေးပြီး တံခါးဝမှာ ဆေးကြောပေးလိုက်တာ။ သူဘာလုပ်မလဲတော့ မသိဘူး..."

ယွီဟွေးဖေးက မေးစေ့ပွတ်ပြီး "ချဉ်ဖတ်လုပ်မလို့တော့ မဟုတ်ပါဘူးနော်" တိုးလေးရေရွတ်လိုက်မိသား။

တကယ်ပဲ၊ နေ့လည်ခင်းရောက်တော့ လျိုရှင်းက မုန်ညင်းဖြူတစ်ခုချင်းစီကို ထုတ်လာတော့တယ်။ ယွီဟွေးဖေးက အမြန်သွားကူမလို့လုပ်တုန်း လျိုရှင်းက သူ့ကို တွန်းထုတ်ပါလေရော။

"ရှင့်အလုပ် ရှင်သွားလုပ်။ ဒါ ကျွန်မဘာသာလုပ်မယ်"

"ငါဘာလုပ်ရမှာလဲ"

လျိုရှင်းက ခေါင်းမော့ကြည့်ပြီး "ရှင့် နေ့လည်ခင်း သင်္ချိုင်းကျောက်တိုင်တွေ မသုတ်ဘူးလား။"

ယွီဟွေးဖေးက ကြောင်သွားကော။ ဒီကောင်မလေးက သူ့သွားလာလှုပ်ရှားမှုကို အကုန်သိနေပါလား။ ဒါပေမဲ့ လျိုရှင်း ပြောတာမှန်တယ်၊ သူနေ့လည်ခင်း သင်္ချိုင်းကျောက်တိုင်တွေ သုတ်ရမှာ၊ ဒီအလုပ်ကို ပစ်ထားလို့မရဘူး။

"နင်ခဏစောင့်နေပါလား။ ဒီလောက်များတဲ့ မုန်ညင်းဖြူကို တစ်ယောက်တည်းလုပ်ရင် အရမ်းပင်ပန်းမှာ။ ငါပြန်လာမှ ငါကူလုပ်ပေးမယ်"

All Chapters