← Chapters

အခန်း ၇-၉

Vol. 1 Ch. 7-9

အခန်း ၇-၉

Vol. 1 Ch. 7-9

အခန်း (၇)

ဘာကိုရယ်နေတာလဲ ကောင်လေး (၁)

သူမ၏ညာဘက်တွင် အနက်ရောင်အရိပ်တစ်ခု ပေါ်လာပြီး သူမ၏ခန္ဓာကိုယ်ဆီသို့ ဓားဖြင့်ထိုးလိုက်သည့် အချိန်တွင်တော့ ချူးယုချင် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ခြေထောက်ကို အနည်း‌ငယ် ဆောင့်လိုက်ပြီး ချူးယုချင်၏ ခန္ဓာကိုယ်က ငှက်တစ်ကဲ့သို့ လေထဲတွင် ပျံသန်းသွားပြီး ကောင်းကင်ပေါ်သို့ ခုန်တက်သွားသည်။

ထို့နောက် ပြန်လှည့်လိုက်ပြီး လုပ်ကြံသူဘက်ဆီသို့ ဓားဖြင့်လှမ်းခုတ်လိုက်၏။

လုပ်ကြံသူက လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။

“ချူးမိသားစုက လေ့ကျင့်ပေးထားတဲ့ အမျိုးသမီး တစ်ယောက်အနေနှင့် မဆိုးပါဘူး! တုံ့ပြန်မှု လျင်မြန်တယ်!”

ထိုအသံကို ကြားပြီးနောက် ချူးယုချင် ထိုသူများ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ရလိုက်ရသည်။လူနှစ်ယောက်ဖြစ်သည်။ သူတို့က မျက်နှာဖုံးများ မဝတ်ဆင်ထားပါ။ ထိုသူနှစ်ဦးထံမှ ထွက်ပေါ်လာသော အငွေ့အသက်များအရ အနည်းဆုံး အဆင့်ကိုး သိုင်းပညာရှင်များ ဖြစ်‌ကြောင်း ညွှန်ပြနေသည်။

အဆင့်သုံး သိုင်းသမားအားလုံး မျက်နှာဖုံးများ စွပ်ထားသော်လည်း အဓိက ပုဂ္ဂိုလ်နှစ်ဦးက‌ တော့ ဝတ်ဆင်ထားခြင်း မရှိပါ။ ဒီအချက်က ဘာကိုဆိုလိုတာလဲ။ သူတို့က သူတို့မျက်နှာကို မြင်လျှင်လည်း ဂရုမစိုက်ကြောင်း ဆိုလိုခြင်းသာဖြစ်သည်။ ယနေ့သူတို့၏ ပစ်မှတ်များအားလုံး ကိုနှုတ်ပိတ် သတ်ဖြတ်နိုင်မည်ဟု ယုံကြည်နေခြင်းလည်းဖြစ်သည်။

သို့မဟုတ် ကျွမ်းကျင်စွာ ရုပ်ဖျက်ထားနိုင်သောကြောင့်လည်း ဖြစ်နိုင်သည်။ သေချာတစ်ခုက ဒါတွေအခုအချိန်မှာ အရေးမပါပါ။ အရေးကြီးသည်မှာ ထိုသူနှစ်ဦးကို မည်သို့ ကိုင်တွယ်ရမည်ဟူသော အချက်ပင်ဖြစ်သည်။ ထိုအခိုက် ချူးယုချင်က ထိုသူနှစ်ဦး၏ အဝတ်အစားများတွင်ပါသော လဝန်းနီအမှတ်အသားကို သတိပြုမိလိုက်သည်။

ချက်ချင်းပင် သူတို့ဘယ်ကလာမှန်း ချူးယုချင် နားလည်လိုက်သည်။ ချူးယုချင်က တည်ငြိမ်စွာ ပြောလိုက်သည်။ “သွေးလဝန်းရဲတိုက်က သူတို့ဘာတွေလုပ်မိနေလဲဆိုတာကို နားလည်ရဲ့လား။ မြောက်ပိုင်းနယ်စားမင်းသား ရထားပေါ်မှာ ရှိနေတယ်။ ဆွမ် ဧကရာဇ်က မြောက်ပိုင်းနယ်စားမင်းသားကို သွေးလဝန်းရဲတိုက်က လုပ်ကြံတယ်လို့ သိသွားရင် ရှင်တို့ကို ချက်ချင်းရှင်းပစ်လိမ့်မယ်။"

ထိုစကားကို ကြားလိုက်သောအခါ လျူတုံးက "ဟားဟား၊ ချူးအမျိုးသမီးက ဟာသတွေ ပြောတတ်တယ်။ ဆွမ်မင်းကြီးက ကျွန်တော်တို့ကို ကိုင်တွယ်နိုင်ရင် သွေးလဝန်းရဲတိုက်ကို ဒီနေ့အထိ‌တောင် မစောင့်ပဲ ဖျက်ဆီးတာ ကြာပြီပေါ့" ဟုရယ်ပြီး ပြောလိုက်၏။

ထိုအချိန်မှာ လျူတုံးဘေးမှ ကြိုးကြာဖြူက

"ချူးအမျိုးသမီး ကျွန်တော်တို့က ချူးမိသားစုကို မထိခိုက်စေချင်ပါဘူး။ ဘေးဖယ်‌ နေပေးလိုက်ပါ။ ကျွန်တော်တို့ လက်ဖျားနဲ့တောင် မထိပါဘူး။" ဟုအေးအေးဆေးဆေး ပြောလိုက်၏။

ထိုစကားကိုကြားတော့ ချူးယုချင်က သူမ၏ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အေးစက်စွာ တုန့်ပြန်လိုက်၏။

"မြောက်ပိုင်းနယ်စားမင်းသားကို ထိခိုက်စေရင် ချူးမိသားစုရဲ့ ရန်သူပဲ။"

လျူတုံးက ပြန်မေးလိုက်သည်။

"လက်‌လျှော့လိုက်ပါ‌တော့။ မြောက်ပိုင်းနယ်စားမင်းသားကို ဆွမ်မင်းကြီးက စွန့်ပယ်လိုက်ပြီ။ သူက ဘယ်တော့မှ နန်းမတက်နိုင်တော့ဘူး။ ချူးမိသားစုက ဘာကြောင့် သူ့ကို ဒီလိုအချိန်မှာ ထောက်ခံမှာလဲ။"

ကြိုးကြာဖြူကလည်း

"ချူးအမျိုးသမီး။ ကျွန်တော်တို့က အလုပ်အပ်ထားတဲ့အတိုင်း လုပ်နေတာပါ။ ခင်ဗျားကျွန်တော်တို့ကို ဟန့်တားရင် ကျွန်တော်တို့ရဲ့ ဓားတွေ ကသနားမှာမဟုတ်ဘူး။"

ချူးယုချင်က သူမ၏ ဓားကို လေထဲတွင် လှည့်ပတ်ကာ ဓားမှတစ်ဆင့် အတွင်းအား ထုတ်လွှတ်လိုက်သဖြင့် အားလှိုင်းတစ်ခု သူတို့၏ကြားတွင် ထွက်ပေါ်လာသည်။

"ဒါက စည်းပဲ။ ဒီစည်းကျော်ရင် သေရမယ်။"

ချူးယုချင်က လမ်းမဖယ်ပေးချင်တာကို တွေ့တော့ ကြိုးကြာဖြူနှင့် လျူတုံးလည်း ရွေးစရာ မရှိတော့ပါ။ တိုက်ပွဲစရန်သာ ရှိတော့သည်။

အမှန်တကယ်တော့ သူတို့ ချူးယုချင်နဲ့ ထိပ်တိုက် ရင်ဆိုင်လိုခြင်း မရှိပါ။

သူတို့အားလုံးသည် အဆင့်ကိုးတွင် ရှိနေသော်လည်း အဆင့်တူသူများ ကြားတွင်လည်း ကြီးမားသော ကွာခြားချက်များ ရှိနေနိုင်၏။

ချူးယုချင်က အမျိုးသမီးတစ်ဦးသာ ဖြစ်သော်လည်း ဓားသွားပညာရပ်တွင်မှု သူမ၏ ပင်ကိုယ်ပါရမီက မယုံကြည်နိုင်‌လောက်အောင် မြင့်မားပြီး ရှားပြည်တစ်ခွင်လုံးတွင် ထင်ရှားကျော်ကြားသူ ဖြစ်သည်။ သို့သော် ချူးယုချင်က ဘေးဖယ်နေပေးလိုခြင်း မရှိသောကြောင့် တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပါ။

ကြိုးကြာဖြူက ချက်ချင်းပင် လျူတုံးအား "အစ်ကိုလျူက သူ့ကို ခဏလောက် ထိန်းထားပေးပါ။ ကျွန်တော်က သုံးမရတဲ့ မင်းသားကို သွားစီရင်လိုက်ပါ့မယ်" ဟု ပြောလိုက်သည်။

သံတူကြီးတစ်ခုကို ကိုင်ဆောင်ထားသော လျူတုံးက ဟက်ဟက်ပက်ပက်ရယ်‌မောလိုက်ကာ

"ကောင်းတယ်။ ချူးအမျိုးသမီးရဲ့ ဓားပညာကို ကြည့်ချင်နေတာကြာပြီ။ ချူးမိသားစုရဲ့ အကောင်းဆုံး အမျိုးသမီးဓားသမား ဘယ်လောက်စွမ်းသလဲ ကြည့်ရအောင်" ဟု ပြောလိုက်သည်။

ထိုသို့ ပြောနေစဉ်အတွင်းမှာပင် လျူတုံးက ခြေဆောင့်၍ ချူးယုချင်ဆီသို့ အမြောက်ဆံတစ်ခုကဲ့သို့ ခုန်ပျံလာသည်။

ချူးယုချင်က မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ဓားကို ဝှေ့ယမ်းလိုက်ကာ အတွင်းအားလှိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။

ချူးယုချင်၏ ခန္ဓာကိုယ်သည် အလွန်ပေါ့ပါး‌၏။ အလေးချိန်မရှိသလိုမျိုး လေထဲတွင် လွင့်မျော ပျံသန်းနေသည်။

သူမ၏ ခန္ဓာကိုယ်သည် ပေါ့ပါးသွက်လက်သောကြောင့် သူမ၏ ဓားသည်လည်း အံ့သြစရာ ကောင်းလောက်အောင် လျင်မြန်သည်။

သိုင်းကွက်တစ်ကွက် ရင်ဆိုင်ပြီးနောက် လျူတုံးသည် ချူးယုချင်၏ ဓားဖြင့် ထိုးသွင်းခံရ တော့မည့် အခြေအနေသို့ နီးနီးစပ်စပ် ရောက်သွားတော့သည်။ ချူးယုချင်၏ ဓားကသူ၏ ဆံပင်ကို ဖြတ်တောက်သွားသည်ကို မြင်လိုက်ရတော့ လျူတုံးက ချက်ချင်းပင် ကြိုးကြာဖြူအား လှမ်းအော်လိုက်သည်။

"အစ်ကိုဖြူ၊ အချိန်မဖြုန်းပါနဲ့။" ဟု အော်လိုက်သည်။

လျူတုံးက ချူးယုချင်၏ ဓား ဒီလောက် လျင်မြန်လိမ့်မည်ဟု မထင်ထားပေ။ တိုက်ကွက်တစ်ခုတွင်ပင် သေခါနီး အန္တရာယ်နှင့် သူ ကြုံတွေ့ခဲ့ရသည်။ ကြိုးကြာဖြူကလည်း လျူတုံး ချူးယုချင်နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း သဘောပေါက်သွားသောကြောင့် သူသည် ချက်ချင်းပင် ရထားဆီသို့ ပြေးသွား‌တော့သည်။

ဒီအခြေအနေကို တွေ့သောအခါ ချူးယုချင်က သူမ၏ ခြေချောင်းလေးများကို မြေကြီးနှင့် ပေါ့ပါးစွာ ထိလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကလည်း မြားတစ်စင်းကဲ့သို့ ထိုးထွက်သွားသည်။ ထို့နောက် ချက်ချင်းပင် ချူးယုချင်က သူမ၏ ဓားကို ကြိူးကြာဖြူဆီသို့ ဝှေ့ယမ်းလိုက်သည်။ ကြိုးကြာဖြူက ဦးခေါင်းကို တစ်ချက်လှည့်လိုက်ပြီး သူ၏ဓားကိုမြှောက်ကာ ချူးယုချင်၏ ဓားကိုဟန့်တားလိုက်သည်။

ထိုအခိုက်တွင် ကြိုးကြာဖြူက လျူတုံးအား "အစ်ကိုလျူ၊ ကျွန်တော် သူ့ကို တားထားမယ်!" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လျူတုံး၏ ခန္ဓာကိုယ်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး လုချန်းရှိရာ ရထားဆီသို့ တည့်တည့် ပြေးသွားလေသည်။

လုချန်း၏ ကိုယ်ရံတော်များက ထိုအခြေအနေကို တွေ့မြင်သောအခါ လျူတုံးကို ပိတ်ဆို့ရန် အားလုံး တိုးဝင်လာကြသည်။

သို့သော် အဆင့်ကိုး သိုင်းပညာရှင်ဖြစ်သည့် လျူတုံးက သူ့ရဲ့ သံတူကြီးကို ရမ်းလိုက်ပြီး ကိုယ်ရံ‌တော်တစ်ဦးကို တစ်ချက်တည်းဖြင့် သတ်လိုက်သည်။ လျူတုံးရှေ့တွင် လုချန်း၏ ကိုယ်ရံတော်များအတွက် လုံးဝ အခွင့်အရေးမရှိပါ။ ဤအခြေအနေကို ခပ်လှမ်းလှမ်းနေရာမှ လီဖန်းက စိုးရိမ်သော အမူအရာဖြင့် ကြည့်နေလေသည်။

အခုတော့ တကယ်ဒုက္ခရောက်ပြီ။

သူချက်ချင်း လုချန်း၏ ရထားဆီသို့ ပြေးသွားသော်လည်း ခြေလှမ်းအနည်းငယ်မျှသာ လှမ်းနိုင်ခဲ့သည်။ အဆင့်ရှစ် သိုင်းပညာရှင်တစ်ဦးက သူ့လမ်းကို ပိတ်ဆို့လိုက်ပြီး

"ဗိုလ်ချုပ်လီ ကျုပ်ကခင်ဗျားရဲ့ ပြိုင်ဘက်ပဲ။" ဟု ပြောလိုက်သည်။

လုချန်းသည် အန္တရာယ်ရှိကြောင်း ချူးယုချင်လည်း သဘောပေါက်သွားသည်။ သူမသည် ချက်ချင်းပင် သူမ၏ ဓားကို ဝှေ့ယမ်းလိုက်သဖြင့် ဓားမှတစ်ဆင် အတွင်းအားလှိုင်းများသစ်တောအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်ရှိ သစ်ပင်များလည်း တစ်ခဏအတွင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ကြ၏။

သို့သော် ကြိုးကြာဖြူကလည်း သာမန်ရန်သူတစ်‌ယောက်တော့ မဟုတ်ပါ။ သူသည် ချူးယုချင်၏ ဓားချက်များကို အမြဲတမ်း ရှောင်တိမ်းနိုင်ခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် အဆင့်ကိုး သိုင်းပညာရှင်များ ဖြစ်ကြသည် မဟုတ်ပါလား။ သူ၏သိုင်းပညာက ချူးယုချင်လောက် မကောင်းသော်လည်း သူမကို အချိန်ဆွဲထားခြင်းကတော့ သူ့အတွက် အလွန်ကြီးသည့် ပြဿနာမဟုတ်ပေ။

လျူတုံး လုချန်းရှိရာ ရထားဆီသို့ ရောက်တော့မည်ကို တွေ့သောအခါ ချူးယုချင်သည် စိတ်ဓာတ်ကျလာသည်။ ဒီအတိုင်းသာ ဆက်လက်၍ ပိတ်ဆို့ခံထားရပါက လုချန်း၏ အသက်အတွက် အသက်အန္တရာယ် ရှိလာတော့မည်ဖြစ်သည်။

လုချန်း၏ မိခင် မကွယ်လွန်ခင်က လုချန်းကို ကာကွယ်ပေးပါမည်ဟု သူမကတိပြုခဲ့သည်။

လုချန်း တစ်ခုခုဖြစ်သွားပါက သူမ၏ သွေးသောက်ညီအစ်မဖြစ်သူကို တမလွန်တွင် ဘယ်လို မျက်နှာပြရပါမည်နည်း။

လုချန်းကို ထိခိုက်မှု မရှိစေရ။

ချူးယုချင်သည် ကြိုးကြာဖြူကို ဂရုမစိုက်တော့ပဲ လျူတုံးဆီသို့သာ တည့်တည့် ပြေးသွားလေသည်။

ချူးယုချင်က သူ့ကို ကျော်ဖြတ်သွားသည်ကို တွေ့သောအခါ ကြိုးကြာဖြူက အမြန်ပြေးလာပြီး သူမ၏ လမ်းကို ထပ်မံပိတ်ဆို့လိုက်သည်။

ထိုအချိန်တွင် လျူတုံးလည်း လုချန်းရှိရာ ရထားတန်းရှေ့သို့ ရောက်ရှိသွားပြီဖြစ်သည်။ မည်သည့်ရထားပေါ်တွင် လုချန်းရှိနေမှန်း သူ မသိသော်လည်း ရထားတစ်ခုချင်းစီကို ရှာဖွေရန် ပြင်ဆင်ထားသည်။

လျူတုံးက သူ့ရဲ့ သံတူကြီးနှင့် ထုလိုက်သောအခါ တစ်ခဏအတွင်းပင် ရထားတံခါးက အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့သည်။

ထိုအခိုက်တွင် လုချန်းက ရထားထဲတွင် မတ်မတ် ထိုင်နေသည်။

သူပထမဆုံး ထုခွဲလိုက်သည့် ရထားထဲတွင်

လုချန်းကို တွေ့လိုက်ရသောအခါ လျူတုံးက အသံကျယ်ကျယ်ဖြင့်

"ဟားဟားဟား၊ ကံကောင်းလိုက်တာ!" ဟု ရယ်မောလိုက်သည်။

ခပ်လှမ်းလှမ်းနေရာမှ ချူးယုချင်၏ မျက်နှာလည်း သေသွားသလို ဖြူဖွေးသွားတော့သည်။

"ပြီးသွားပြီ ချန်းလေး။"

လီဖန်းလည်း တုန်လှုပ်သွားသည်။ သူလုချန်းကို ကယ်တင်လိုသော်လည်း သူ့ရှေ့တွင် ရှိနေသည့် ပြိုင်ဘက်က အဆင့်ရှစ် သိုင်းပညာရှင်ဖြစ်ပြီး သူကိုယ်တိုင်ကတောင် အဆင့်ခုနစ် သိုင်းပညာရှင်သာ ဖြစ်သောကြောင့် ကျော်ဖြတ်ရန်မှာ မလွယ်ကူပါ။ မြောက်ပိုင်းနယ်စားမင်းသား သေချာပေါက် သေဆုံးရမည်ဟု အားလုံးက ထင်မြင်နေချိန်တွင် လုချန်းက ခပ်ဖွဖွ ပြုံးလိုက်၏။ ထိုအပြုံးကို တွေ့လိုက်ရသည့် လုချန်း၏ အရှေ့တွင် ရပ်နေသည့် လျူတုံး အံ့သြသွားသည်။

"‌‌ ကောင်လေး မင်းဘာလို့ ရယ်နေတာလဲ။" ဟု လျူတုံးက အံ့သြစွာဖြင့် မေးလိုက်သည်။

လုချန်းက ဘာမှမပြောပဲ သေနတ်မြှောက်၍ ပစ်ချလိုက်သည်။ ပစ်ခတ်သံနှင့်အတူ လျူတုံး၏ ခန္ဓာကိုယ်လည်း ဖြည်းညှင်းစွာ ‌နောက်ပြန်လဲကျသွားသည်။သူ၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းသွားပြီး အံအားသင့်မှုကြောင့် မျက်လုံးများပြူးကျယ်သွားသည်။ သူ အခုလေးတင် သေဆုံးသွားခြင်းဖြစ်သည်ကို ယုံကြည်နိုင်ခြင်း မရှိသေးပါ။

ထိုအခိုက်တွင် လုချန်းကို အာရုံစိုက်နေသူ အားလုံး အံ့သြသွားကြသည်။လူများသည် ဖြစ်ပျက်ခဲ့သည့်အရာကို ချက်ချင်း နားမလည်နိုင်ကြပေ။

မြောက်ပိုင်းနယ်စားမင်းသား သေချာပေါက် ကံဆိုးသွားပြီဖြစ်သည်။ အဲ့ဒီလိုဆို မြောက်ပိုင်းနယ်စားမင်းသားက လက်‌ကလေးမြှောက်လိုက်ရုံနှင့် အဆင့်ကိုး သိုင်းပညာရှင်တစ်ယောက် မြေကြီးပေါ်သို့ အသက်မဲ့စွာ လဲကျသွားရတာလဲ။

ခုနက ကြားလိုက်ရတဲ့ကရော ဘာအသံက ဘာသံလဲ။

ဘာတွေဖြစ်သွားတာလဲ။

လျူတုံး၏ သေဆုံးမှုက ထိုနေရာတွင် ရှိနေသော သွေးလဝန်းရံတိုက် အဖွဲ့ဝင်များအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

လျူတုံးသည် အဆင့်ကိုး သိုင်းပညာရှင်ဖြစ်သည်။ ဒါတောင် မြောက်ပိုင်းနယ်စားမင်းသားကို ကြည့်လိုက်ရုံနှင့် သူသည် သေဆုံးသွားခဲ့ရသည်!

ချူးယုချင်ပင်လျှင် သူမမြင်နေရသည့် အချင်းအရာကို ယုံကြည်နိုင်ခြင်းမရှိပေ။ သူမ လုချန်းအတွက် အသေခံ တိုက်ခိုက်လက်စား‌ချေရန် ပြင်ဆင်ထားခဲ့သော်လည်း အခြေအနေက တစ်ခဏအတွင်း ပြောင်းလဲသွားသည်။ ချူးယုချင်ကတော့ လျူတုံး သေဆုံးသွားပုံကို ခန့်မှန်းနိုင်ခဲ့သည်။ သူ၏ သေဆုံးမှုက လုချန်း၏ လက်ထဲတွင် ကိုင်ထားသည့် အနက်ရောင် တုတ်ချောင်းပုံသဏ္ဌာန် ပစ္စည်းနှင့် သက်ဆိုင်နေနိုင်သည်။

သို့သော် ထိုပစ္စည်းသည် အဆင့်ကိုး သိုင်းပညာရှင်၏ အသက်ကို တစ်ခဏအတွင်း ဇီဝိန်ချွေနိုင်မည်ဟု သူမ ယုံကြည်နိုင်ခြင်းမရှိပေ။

ထိုအခိုက်တွင် အရာအားလုံး ခဏတာ ရပ်တန့်သွားသလို ဖြစ်သွားပြီး နှစ်ဖက်စလုံးလည်း တိုက်ခိုက်ရန်ပင် မေ့လျော့သွားကြသည်။

အခန်း(၈)

ကိုယ့်အဒေါ်ကို ဘာတွေလျှို့ဝှက်ထားတာလဲ

ချူးယုချင် သတိပြန်ဝင်လာရန် အချိန်အတော်ကြာခဲ့သည်။ သူမမျက်လုံးများတွင် သတ်ဖြတ်လိုမှု အရိပ်အယောင် ထင်ဟပ်သွား၏။ လုချန်းကို လုပ်ကြံရန် ကြိုးစားခဲ့သော အဆင့်ကိုး သိုင်းပညာရှင် သေဆုံးသွားပြီဖြစ်သည်။ သူမအနေဖြင့် သူမအရှေ့မှလူကိုတော့ အလွတ်ပေးမည် မဟုတ်ပါ။ လုချန်း လက်ထဲတွင် ဘာရှိနေသည်ကို သူမ မသိသော်လည်း ထိုအရာက သာမန်လူတစ်ယောက်အား အဆင့်ကိုး သိုင်းပညာရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်သည့် စွမ်းအားပေးနိုင်သည်။

ထိုအရာဝတ္ထုသည် အလွန်စွမ်းအားကြီးမားကြောင်း ထိုအချက်က သက်သေပြခဲ့သည်။ ထို့ပြင် ထိုသတင်းပျံ့နှံ့သွားပါက တစ်လောကလုံး ဂယက်ထသွားနိုင်ပေသည်။ ကြိုးကြာဖြူက လျူတုံးချက်ချင်းလဲကျသွားသည်ကို တွေ့မြင်ရပြီး အံ့အားသင့်နေဆဲဖြစ်သည်။ ထို့နောက် သူသတိပြန်လည်ရရှိလာပြီး ထိုနေရာမှ ထွက်ပြေးမည်ဟု စိတ်ကူးလိုက်သည်။

သို့သော် ကြိုးကြာဖြူ အာရုံပြောင်းသွားသည့်အခိုက်တွင် ကောင်းကင်မှ မိုးရွာသကဲ့သို့ စတင်ဖြစ်‌ပေါ်လာခဲ့သည်။ မိုးစက်များနှင့် ပန်းပွင့်ချပ် အရိပ်များ ဖြည်းညှည်းစွာ ကျဆင်းလာနေသည်ကို မျက်စိမှားသလို မြင်တွေ့နေရသည်။

နောက်တစ်စက္ကန့်တွင် ကြိုးကြာဖြူ၏ ခန္ဓာကိုယ်အနီးတဝိုက်တွင် အဖြူရောင် အလင်းများ ပေါ်လာသည်။ ထိုအခါမှသာ ကြိုးကြာဖြူလည်း သူသည် အန္တရာယ်ကို သဘောပေါက်သွားပြီး မျက်နှာဖြူ‌လျော်သွားတော့သည်။

“မကောင်းတော့ဘူး!”

ထိုအခိုက်တွင် ချူးယုချင် တိုးတိုးလေး ပြောလိုက်သည်။

“ကိုးဓားမိုးရွာဓားကွက်!”

ထို့နောက် ချက်ချင်းပင် မိုးစက်များနှင့် ပန်းပွင့်ချပ်များက အလွန်ကြမ်းတမ်း ရက်စက်လာပြီး ကြိုးကြာဖြူ၏ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတော့သည်။

အဆင့်ကိုး သိုင်းပညာရှင်များ တိုက်ပွဲတွင် အရှုံးအနိုင် ကွာခြားမှုက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပေါ်တတ်သည်။ သိုင်းပညာရှင်တစ်ယောက် အာရုံပျံ့လွင့်သွားခြင်းက သူ၏ပြိုင်ဘက်အတွက် အခွင့်အရေးကြီးတစ်ခုဖြစ်ပေါ်စေသည်။

ကြိုးကြာဖြူ အာရုံလွင့်သွားသည့် အခိုက်အတန့်တွင် ချူးယုချင်က ထိုအခွင့်အရေးကို အမိအရ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး သူမ၏ ကြောက်စရာအကောင်းဆုံး ဓားကွက်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ချူးယုချင်၏အရှေ့တွင် မြေကြီးပေါ်သို့ ဖြည်းညှည်းစွာ ကျဆင်းသွားသော ကြိုးကြာဖြူကိုကြည့်ရင်း လုချန်း အံ့အားသင့်သွားသည်။ ချူးယုချင် ဓားက အလွန်မြန်ဆန်လွန်းသဖြင့် သူပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

အဆင့်ကိုး သိုင်းပညာရှင်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော ဓားရောင်၏ တောက်ပမှု တစ်ချို့ကိုသာ သူမြင်နိုင်လိုက်ခြင်းဖြစ်သည်။ ထို့နောက် အဆင့်ကိုး သိုင်းပညာရှင် ပြိုလဲသွားသည်။

ဤသည်ကား အဆင့်ကိုး သိုင်းပညာရှင်တစ်ယောက်၏ အစွမ်းပင်ဖြစ်သည်။ အလွန်ကြောက်စရာကောင်းလှသည်။

လူချန်းအနေနှင့် အဆင့်ကိုး သိုင်းပညာရှင်တစ်ယောက်ကို အခုလေးတင် ရင်ဆိုင်ခဲ့သော်လည်း သေနတ်နှင့် ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတော့ သေနတ်များသည် ပြင်ပအရာဝတ္တုများသာဖြစ်သည်။

တစ်ယောက်ယောက်က သေနတ်ကို အသုံးချ၍ အခြားသူ၏ သတိမပြုမိမှုကို ခုနကလေးတင် ဖြစ်ခဲ့သည့်အတိုင်း အခွင့်ကောင်းယူနိုင်ပါက အဆင့်ကိုသိုင်းပညာရှင်တစ်ယောက်ကို သတ်ဖြတ်ရခြင်းသည် ကြက်ကလေးတစ်ကောင်ကို သတ်ရခြင်းနှင့် ခြားနားမည် မဟုတ်ပါ။

သို့သော် ပြိုင်ဘက်က သတိကြီးကြီးနှင့် ရှိနေပါက အဆင့်ကိုး သိုင်းပညာရှင်တစ်ယောက်ကို သတ်ဖြတ်ရန်မှာ လွယ်ကူမည်တော့ မဟုတ်ပေ။

အထူးသဖြင့် ချူးယုချင်၏ ဓားအမြန်နှုန်းကို မြင်ပြီးနောက် လုချန်း ခံစားခဲ့ရသော အဆင့်ကိုး သိုင်းပညာရှင်တစ်‌ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည့်အပေါ် ဘဝင်ခိုက်မှုသည် စက္ကန့်ပိုင်းအတွင်းပင် ပျောက်ကွယ်သွား‌တော့သည်။

သွေးလဝန်းရဲတိုက်မှ လူများသည် သူတို့၏ အကြီးအကဲနှစ်ဦးစလုံး ကျဆုံးသွားပြီဖြစ်သောကြောင့် သူတို့၏လုပ်ငန်းရည်ရွယ်ချက် ပျက်သွားပြီဖြစ်ကြောင်း နားလည်သွားကာ စတင်ဆုတ်ခွာကြတော့သည်။

“ဆုတ်ခွာကြ! အမြန်ဆုံး ဆုတ်ခွာကြ!”

လီဖန်းနှင့် တိုက်ခိုက်နေသော အဆင့်ရှစ် သိုင်းပညာရှင်သည် အဆင့်ကိုးနှစ်ဦးစလုံး သေဆုံးသွားပြီဖြစ်ကြောင်း သိရှိသွားသည်။ သူဆက်လက်တိုက်ပွဲဝင်ပါက ဒီနေရာတွင်ပဲ သေဆုံးသွားနိုင်ကြောင်း ရိပ်မိသောကြောင့် ချက်ချင်းလှည့်ပြီး တောအုပ်ထဲသို့ တုံ့ဆိုင်းခြင်းမရှိပဲ ထွက်ပြေး‌တော့သည်။

သွေးလဝန်းရဲတိုက်မှ လူများ ထွက်ပြေးနေကြသည်ကို မြင်သောအခါ ချူးယုချင်က စစ်သည်များနှင့် မင်းသားစံအိမ်၏ ကိုယ်ရံတော်များကို အေးစက်စွာ အမိန့်ပေးသည်။

“သတ်ကြ! တစ်ယောက်မျှ မလွတ်စေနှင့်!”

တိုက်ပွဲအခြေအနေ ရုတ်ခြည်း ပြောင်းလဲသွားပြီး‌နောက် လီဖန်း ဦးဆောင်သော သူ၏ စစ်သားများနှင့် မင်းသားစံအိမ်၏ ကိုယ်ရံများသည် ကျန်ရှိသော သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများကို ဝိုင်းလိုက်ကြသည်။

ယင်းလုပ်ကြံသူများသည် အဆင့်သုံး သို့မဟုတ် အဆင့်လေး သိုင်းသမားများ ဖြစ်ကြသော်လည်း သူတို့သည် လူအင်အားဖြည့်ရန်အတွက်သာ ဖြစ်သည်။ သူတို့၏ အဓိကတာဝန်တာဝန်မှာ လုချန်းကို သူတို့၏ အကြီးအကဲများက အောင်မြင်စွာ လုပ်ကြံနိုင်သည်အထိ စစ်သည်အဖွဲ့နှင့် မင်းသားစံအိမ်၏ ကိုယ်ရံတော်များအား အာရုံလွှဲထားရန်ဖြစ်သည်။

ယခုတော့ သူတို့၏ ရည်ရွယ်ချက် မအောင်မြင်တော့သောကြောင့် သူတို့အတွက် ကျန်ရှိသည့် တစ်ခုတည်းသော ရွေးချယ်စရာမှာ ထွက်ပြေးရန်သာ ဖြစ်သည်။

ထိုစဉ် သွေးလဝန်းရဲတိုက်မှ အဆင့်ရှစ် သိုင်းပညာရှင် ထွက်ပြေးနေသည်ကို မြင်သွားသော လုချန်းသည် ရထားမှ ဆင်းလာပြီး ဘာရက်‌ သေနတ်ကို ထုတ်လိုက်သည်။

သူဤလက်နက်ကို မသုံးဖူးသေးပေ။ ထို့ကြောင့် စမ်းသပ်လိုက်ချင်သည်။

ချူးယုချင်သည် အဆင့်ရှစ် သိုင်းပညာရှင်ကို လိုက်ဖမ်းရန် စိတ်ကူးထားသော်လည်း လုချန်း၏ လက်ထဲမှ အနက်ရောင် တုတ်ချောင်းပုံသဏ္ဌာန် အရာဝတ္ထုကို မြင်သောအခါ ခဏမျှ ရပ်တန့်သွားသည်။

ထိုအခိုက်တွင် လုချန်းသည် မြေပေါ်သို့ အမြန် ဝပ်ချလိုက်ပြီး အနက်ရောင် တုတ်ချောင်းကို ထွက်ပြေးနေသော သွေးလဝန်းရဲတိုက်၏ အဆင့်ရှစ် သိုင်းပညာရှင်ဆီသို့ ဦးတည်ကာ ထားလိုက်သည်။

ဘန်း...

ခပ်အုပ်အုပ်နှင့် ကျယ်လောင်သောအသံနှင့်အတူ ထွက်ပြေးနေသော အဆင့်ရှစ် သိုင်းပညာရှင်၏ ဦးခေါင်းသည် စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲထွက်သွားသည်။ ချူးယုချင်လည်း နောက်တစ်ကြိမ် ကြက်သေသေသွားသည်။ ထိုမျှ ဝေးကွာသည့် အကွာအဝေးမှ အဆင့်ရှစ် သိုင်းပညာရှင်တစ်‌ယောက် စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားခြင်းဖြစ်သည်။

လုချန်းသည် သူမ၏ မျက်စိ‌ အောက်တွင်ကြီးပြင်းလာခဲ့သူဖြစ်သည်။ သို့သော် လုချန်းတွင် ထိုမျှအစွမ်းထက်သော လက်နက်ရှိမည်ဟု သူမ မည်သည့်အခါကမှ မသိခဲ့ပေ။

လုချန်း၏အရှေ့တွင် အဆင့်ကိုး၊ အဆင့်ရှစ်များသည် ကြည့်လိုက်ရုံသာ ဖြစ်သည်။ အနက်ရောင် သတ္တုတုတ်ကို မြင်သောအခါ အဆင့်ကိုး သိုင်းပညာရှင်ဖြစ်သော ချူးယုချင်ပင် အေးစက်စက် ချွေးစေးများ ထွက်လာ တော့သည်။

အဆင့်ရှစ်၊ အဆင့်ကိုးများသည် ထိပ်သီးသိုင်းပညာရှင်နှင့် တိုက်ခိုက်နိုင်သော စွမ်းအားရှိကြသည်။ အလွန်အစွမ်းထက်သော အဆင့်ကိုး သိုင်းပညာရှင်များသည် ထိပ်သီးအဆင့် သိုင်းပညာရှင်များနှင့်ပင် တန်းတူယှဉ်ပြိုင်နိုင်သည်။

သို့သော် တစ်ချိန်က အလွန်အဖိုးတန်လှ‌သောအဆင့်ရှစ်၊ အဆင့်ကိုးများကို သာမန်လူတစ်ဦးဖြစ်သော လုချန်းက ကြက်ကလေးများကို သတ်သကဲ့သို့ သတ်ဖြတ်နေသည်။

ချူးယုချင်သည် လုချန်း သိုင်းပညာ မည်သည့်အခါကမှ မတတ်ခဲ့ကြောင်း သိသည်။ သူသည် သူမ၏ ကာကွယ်မှုအောက်တွင် ကြီးပြင်းလာခဲ့သူသာဖြစ်သည်။ လုချန်း သိုင်းပညာလေ့ကျင့်မှု၏ ဒဏ်ကို ခံစားရမည်ကို သူမ မလိုချင်ခဲ့ပေ။

သာမန်လူတစ်ဦးသည် အမည်မသိ လက်နက်တစ်ခုကို ကိုင်ဆောင်အသုံးပြုပြီး အဆင့်ရှစ်နှင့် အဆင့်ကိုး သိုင်းပညာရှင်များကို တစ်စက္ကန့်အတွင်း သတ်ဖြတ်နိုင်ခဲ့သည်။ အဘယ့်ကြောင့်နည်း။

ဆိုလိုချင်သည်က လုချန်း၏ လက်ထဲတွင်ရှိသော လက်နက်အကြောင်း ပျံ့နှံ့သွားပါက သိုင်းလောကတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားမည်ဖြစ်ပြီး သိုင်းပညာရှင်များ၏ အဆင့်အတန်းလည်း ကျဆင်းသွားမည်ဖြစ်သည်။

အချိန်အတော်ကြာမှ ချူးယုချင် ပြန်လည်သတိဝင်လာခဲ့သည်။ ယခုအချိန်က ထိုအရာများကို စဉ်းစားရမည့် အချိန်တော့ မဟုတ်ပေ။ ဦးစားပေးရမည့် အရေးကိစ္စမှာ သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများကို အမြန်ဆုံး ဖြေရှင်းရန် ဖြစ်သည်။

ထိုသို့စိတ်ကူးလိုက်ပြီး ချူးယုချင်သည် သူ၏ ခြေချောင်းထိပ်ဖျားကို တစ်ချက်ဆောင့်လိုက်ကာ သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများဆီသို့ ပြေးသွားတော့သည်။ သွေးလဝန်းရဲတိုက်မှ အဆင့်ကိုး သိုင်းပညာရှင်ပင် ချူးယုချင်ကို ဟန့်တားနိုင်ခြင်း မရှိခဲ့သည့်အတွက် အဆင့်သုံး သိုင်းပညာရှင်များသည် သူမရှေ့တွင် ပုရွက်ဆိတ်များနှင့် မခြားနားပေ။

ချူးယုချင် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများ၏ ရုပ်အလောင်းများသာ ကျန်ရစ်ခဲ့သည်။ မကြာမီ သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများ အားလုံးကို ရှင်လင်းပြီးသွားတော့သည်။

သဘာဝကျစွာပင် လုချန်းတို့၏ ဘက်မှလည်း ကြီးမားသော ဆုံးရှုံးမှုကို ပေးဆပ်ခဲ့ရသည်။ လီဖန်း၏ စစ်သည်အဖွဲ့တွင်လူပေါင်း တစ်ရာခန့်သာ ကျန်ရှိတော့ပြီး မင်းသားစံအိမ်၏ကိုယ်ရံ‌တော်များမှာ ငါးဆယ် ခြောက်ဆယ်ခန့်သာ အသက်ရှင်ကျန်ရှိသည်။

မြေပေါ်တွင် ပြန့်ကျဲနေသော ရုပ်အလောင်းများကို ကြည့်နေသော်လည်း လုချန်း၏ စိတ်ထဲတွင် တုန်လှုပ်မှု တစ်စုံတစ်ရာ မရှိပေ။ အထွတ်အထိပ်သို့ ဦးတည်သော လမ်းသည် သွေးဖြင့်ဖောက်လုပ်ရမည်ဖြစ်ကြောင်း လုချန်းသိရှိထားသည်။

ယနေ့ သတ်ဖြတ်မှုများသည် အစသာဖြစ်သည်။ လုချန်းသည် ရုပ်အလောင်းများကို ကြည့်ရင်း စိတ်ကူးထဲ နစ်မြောနေစဉ် သူ၏နောက်မှ ဆွဲဆောင်မှုရှိသော ပုံရိပ်တစ်ခု ပေါ်လာသည်။

“ချန်း‌လေး၊ မင်း ဒေါ်လေးချူးကို ဘာတွေ ကွယ်ဝှက်ထားသေးလဲ ဝန်ခံစမ်းပါ!”

ချူးယုချင်၏ အသံတွင် စိတ်မကောင်းမှု၏ အရိပ်အမြွက်များ ပါဝင်နေသည်။ လုချန်း ကြီးပြင်းလာသည်အောင် ကြည့်ရှု စောင့်ရှောက် ခဲ့သည့် “‌ေဒာ်‌ေလး” တစ်ဦး အ‌နေနှင့် မင်းသားစံအိမ်ရှိ လုပ်ငန်းကိစ္စအဝဝကို သူမစီစဉ်ပေးခဲ့သည်။ သူမအနေဖြင့် လုချန်းတွင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော လက်နက်ရှိသည်ကို သိခွင့်မရခဲ့ပေ။

ထိုကဲ့သို့သော လက်နက်မျိုးက လုချန်း၏ ပိုင်ဆိုင်မှု မဟုတ်ကြောင်းကိုတော့ တွေးစရာမလိုပေ။ သူမ ယခုသိလိုသည်မှာ လုချန်းအား ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော လက်နက်ကို ပေးခဲ့သူက ဘယ်သူဖြစ်‌ကြောင်းနှင့် ထိုသူတို့၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။

အခမဲ့နေ့လည်စာဟူ၍ မရှိပါ။ တစ်စုံတစ်ဦးက လုချန်းအား ထိုမျှစွမ်းပကားကြီးသော လက်နက်ကို ပေးခဲ့ပါက သူတို့တွင် ရည်ရွယ်ချက်တစ်ချို့ ရှိနေရမည်ဖြစ်သည်။ ချူးယုချင်က လုချန်းတစ်‌ယောက် လိမ်လည်မှုကြီးတစ်ခုထဲသို့ ကျရောက်သွားမည်ကို စိုးရိမ်သည်။

အခု ချူးယုချင် ဖြစ်စေချင်သည်မှာ လုချန်းမြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီးနောက် ငြိမ်းချမ်းသောဘဝကို ဖြတ်သန်းနိုင်ရန် ဖြစ်သည်။ ချူးယုချင်၏ အသံကို ကြားသောအခါ လုချန်း ခဏမျှ အံ့အားသင့်သွားသည်။

သူသည် လက်နက်ငယ်များ၏ အစွမ်းကို စမ်းသပ်လိုခြင်းသာဖြစ်ပြီး နောက်ဆက်တွဲ မေးခွန်းများအား မည်သို့ရှင်းပြရမလဲဆိုတာကို စဉ်းစားခဲ့ခြင်း မရှိပေ။ ထိုသူတို့သည် အဆင့်ရှစ်နှင့် အဆင့်ကိုး သိုင်းပညာရှင်များဖြစ်ပြီး သူ၏ရှေ့မှောက်တွင် တစ်စက္ကန့်အတွင်း ပျောက်ကွယ်သွားသည်။ ထိုသတင်းသာ ပျံ့နှံ့သွားပါက...

ထိုအခိုက်တွင် လုချန်းက ခေါင်းကို လှည့်ကာ ချူးယုချင်ကို ကြည့်ပြီး အပြစ်ကင်းသော အပြုံးဖြင့် ပြန်‌ပြောလိုက်၏။

“ဒေါ်လေးချူး၊ ကျွန်တော် ဒေါ်လေးချူးကို ဘာများကို ကွယ်ဝှက်ထားရမှာလဲ”

လုချန်း သူမရှေ့တွင် ရူးချင်ယောင်ဆောင်နေသည်ကို မြင်သောအခါ ချူးယုချင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆက်လက်မေးသည်။

“ပြောပါ၊ အခုလေးတင် သုံးခဲ့သော လက်နက်နှစ်ခုက ဘယ်သူပေးထားတာလဲ။”

လုချန်းက နားမလည်သလို ဆက်လုပ် နေသည်။

“လက်နက်တွေလား၊ ဘယ်လိုလက်နက်တွေလဲ။”

ချူးယုချင်က လုချန်းကို ကြည့်လိုက်သည်။ “ဒေါ် လေးကို ကန်းနေတယ်များ ထင်လို့လား”

ထိုအခိုက်တွင် လုချန်းက သူ၏ ရင်ခွင်မှ အနက်ရောင် သဲကန္တာရသိမ်းငှက် လက်နက်ကို ထုတ်ယူလိုက်ပြီး ကျည်ဆံထည့်သည့် ပြွန်ကို ဖြုတ်လိုက်သည်။

“ဒီလက်နက်ကို ပြောတာလား”

.........

အခန်း(၉)

မင်းကြီးပြင်းလာပြီပဲ _၁

လုချန်း၏ လက်ထဲတွင်ရှိသော သဲကန္တာရသိမ်းငှက်လက်နက်ကို ကြည့်ရင်း ချူးယုချင် ခဏမျှ အံ့အားသင့်သွားသည်။ ဤလက်နက်သည် သာမန်လူတစ်ယောက်ကို အဆင့်ကိုး သိုင်းပညာရှင်တစ်ယောက်အား တစ်စက္ကန့်အတွင်း သတ်ဖြတ်နိုင်စေသော လက်နက်ဖြစ်သည်။

ချူးယုချင် သဲကန္တာရသိမ်းငှက် လက်နက်အပေါ် စိတ်ဝင်စားမှု ရှိနေသည်ကို မြင်သောအခါ လုချန်းသည် ကျည်ဆံမဲ့ လက်နက်ကို သူမထံသို့ ကမ်းပေးလိုက်သည်။

ချူးယုချင်သည် သဲကန္တာရသိမ်းငှက် လက်နက်ကို ယူလိုက်ပြီးနောက် သူမ၏ ဖြူဖွေးသော လက်များဖြင့် ထပ်ခါထပ်ခါ ပွတ်သပ်ကြည့်ကာ အလွန်စိတ်ဝင်စားနေသည်။ ဤသေးငယ်သော အရာဝတ္ထုက ဘယ်လိုလုပ်များ အဆင့်ကိုး သိုင်းပညာရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့တာလဲ။

ထို့နောက် ချူးယုချင်က မေးသည်။

“ချန်းအာ၊ ဒီလက်နက်ကို မင်းဘယ်ကရလဲ။”

ချူးယုချင်ကိုယ်တိုင်က သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး လက်နက်များစွာကို မြင်ဖူးခဲ့သည်။ သဲကန္တာရသိမ်းငှက်လက်နက်ကို သူမကိုင်တွယ်ကြည့်သည့်အခါ ထိုလက်နက်ကို ပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများသည် သာမန်မဟုတ်ကြောင်း ခံစားသိရှိနိုင်သည်။ ထို့ပြင် လက်နက်၏ တိကျမှုကလည်း စိတ်ကူးဖြင့်ပင် မှန်းဆ၍မရပါ။

ရှားနိုင်ငံတော်၏ တော်ဝင်မိသားစုဆီမှာပင် ထိုကဲ့သို့သော ပစ္စည်းမျိုး မရှိနိုင်သလို ဤမျှ တိကျသော လက်နက်ကိုလည်း ထုတ်လုပ်နိုင်မည် မဟုတ်ပေ။လုချန်းသည် ထိုလျို့ဝှက်လက်နက်၏ အကူအညီဖြင့် အသက်မသေခဲ့သော်လည်း ချူးယုချင်က‌တော့သည် သူမအပြစ်ရှိသလို ခံစားနေမိသည်။ သူမသည် လုချန်း၏ ဘေးအန္တရာယ်ကို အမြဲကာကွယ်ပေးခဲ့သော်လည်း ထိုလျှို့ဝှက် လက်နက်ကို ပေးပို့သူနှင့် ထိတွေ့ခွင့်ပြုခဲ့သည်။

ထိုသူက လုချန်းအား လက်နက်ပေးရန် ရည်ရွယ်ခြင်းမဟုတ်ပဲ သတ်ဖြတ်လိုခြင်းသာ ဖြစ်ပါက နောက်ဆက်တွဲ ဖြစ်ရပ်များက စိတ်ကူးကြည့်လို့ပင် မရပါ။ လုချန်းက ပြုံးပြီးပြန်ပြောလိုက်သည်။ “ဒေါ်လေးချူး၊ ကျွန်တော် ဒါတွေကို ကိုယ်တိုင်ပြုလုပ်ပြီး ကိုယ်တိုင်တပ်ဆင်ထားတယ်လို့ ပြောရင် ယုံမလား။”

ချူးယုချင်သည် အနည်းငယ် မျက်နှာမဲ့လိုက်ပြီး ပြောလိုက်သည်။

“ဒေါ် လေးက အရူးမဟုတ်ဘူး။”

လုချန်းက လူကြီးတစ်ယောက်လို ဟန်ပန်ဖြင့် ပြောလိုက်သည်။

“ဒေါ်လေးချူး၊ ကျွန်တော်လည်း ယောက်ျားတစ်ယောက်ဖြစ်လာပြီ။ ယောက်ျားတစ်ယောက်မှာ လျှို့ဝှက်ချက်လေး တစ်ခုလောက် ရှိတာက သာမန်ပါပဲ။”

လုချန်းက ဟာသလို ပြောလိုက်ရုံသာဖြစ်သော်လည်း ထိုစကားကြားတော့ ချူးယုချင်တိတ်ဆိတ်သွားသည်။ လုချန်း ဆယ်နှစ်သားအရွယ်တွင် မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီးနောက် ချူးယုချင်က သူ့ကို အမြဲကာကွယ်ပေးခဲ့သည်။ သူမ၏ သားကဲ့သို့ စောင့်ရှောက်ပေးခဲ့သည်။

သို့သော် ယခုအခါ လုချန်း၏အသက်က ဆယ့်ခြောက်နှစ် ရှိပြီဖြစ်ပြီး လက်ထပ်ပင် လက်ထပ်ပြီးဖြစ်သည်။ သို့သော် သူမ၏ မသိစိတ်ထဲမှာတော့ သူ့ကို ကလေးတစ်ဦးအဖြစ်သာ ရှုမြင်နေဆဲဖြစ်သည်။ ချူးယုချင် ဆက်လက်ပြောဆိုခြင်း မရှိတော့သည်ကို မြင်သောအခါ လုချန်းက စိုးရိမ်သွားပြီး မေးလိုက်သည်။

“ဒေါ်လေးချူး၊ ဒေါ်လေးချူး ဘာတွေ စဉ်းစားနေတာလဲ။ ကျွန်တော် ပြောတာ မှားသွားလို့လား။”

ချူးယုချင်သည် သတိပြန်ဝင်လာပြီး လက်နက်ကို လုချန်းထံ ပြန်ပေးလိုက်၏။ ထို့နောက်သူမ၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသွား‌သော အပြုံးတစ်ခု ပေါ်လာသည်။

“ချန်းလေး မင်းပြောတာမှန်တယ်။ မင်း ကြီးပြင်းလာပြီ။ မင်း ယောက်ျားတစ်ယောက်ဖြစ်လာပြီ၊။ ဒေါ် လေးက ကလေးတစ်ယောက်လို ဆက်ပြီး ဆက်ဆံနေမှာ မဟုတ်တော့ဘူး။”

“ဒါပေမဲ့ ဒေါ်‌လေး သတိပေးချင်တာက မင်းကို လက်နက်ပေးခဲ့တဲ့လူမှာ အကြံအစည်ကြီးကြီးမားမား ရှိနေမှာ သေချာတယ်။ အဲ့ဒါကို သတိထားရမယ်နော်။”

“နောက်ပြီး မင်းရဲ့လက်နက်နှစ်ခုကို အပြင်လူ‌ တွေ သိမသွား‌စေနဲ့။ မဟုတ်ရင် မြောက်ပိုင်းမြို့တော်ကို ရောက်ပြီးနောက်ပိုင်း လုပ်ကြံမှုတွေ အများကြီး ဖြစ်လာလိမ့်မယ်။”

လုချန်းက ပြန်ပြောလိုက်၏။

“ဟုတ်ကဲ့ပါ ဒေါ်လေးချူး၊ ကျွန်တော် ကောင်းကျိုးဆိုးကျိုး‌တွေကို သတိထားမိပါတယ်။”

ချူးယုချင်က ထပ်ပြောသည်။

“ကောင်းပြီ၊ ကျိရွှမ်းနဲ့ တခြားသူတွေကို သွားကြည့်လိုက်ပါဦး။”

ထို့နောက် ချူးယုချင်သည် တစ်ဖက်လှည့်ပြီး ထွက်ခွာသွားကာ ဗိုလ်ချုပ်လီနှင့် သူ၏ အဖွဲ့ဆီသို့ ဦးတည်သွား၏။ ဗိုလ်ချုပ်လီနှင့် တခြားသူများသည် အလောင်းများကို ရှင်းလင်းရေးကိစ္စများ လုပ်ဆောင်နေကြသည်။ ချူးယုချင် လာနေသည်ကို မြင်သောအခါ ဗိုလ်ချုပ်လီက ချက်ချင်း မေးလိုက်သည်။

“အမတော်ချူး၊ မင်းသား ဘေးကင်းပါရဲ့လား။”

ချူးယုချင်က အေးဆေးစွာ ပြန်‌ပြောလိုက်သည်။

“အင်း။ သူ ဘေးကင်းပါတယ်။”

ထို့နောက် ချူးယုချင်က သတိပေးလိုက်သည်။ “ဗိုလ်ချုပ်လီ၊ ဒီနေ့ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဗိုလ်ချုပ်နှင့် စစ်သည်တော်တွေက ဘယ်အရာကိုမျှ မမြင်ခဲ့ရသလို သဘောထားကြပါ။”

ချူးယုချင်၏ စကားများကို ကြားသောအခါ ဗိုလ်ချုပ်လီက သူမ၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်သည်။ မြောက်ပိုင်းမင်းသားက အဆင့်ကိုး သိုင်းပညာရှင်ကို တစ်စက္ကန့်အတွင်း သတ်ဖြတ်နိုင်လိုက်သည့် ကိစ္စကို ရည်ညွှန်းနေခြင်းဖြစ်သည်။

ပြင်ပလောကတွင် မြောက်ပိုင်းစားမင်းသားသည် သိုင်းပညာနှင့် ပက်သက်လျှင် မည်သည့်အရာကိုမျှ မသိသော၊ ပညာကို သိပ်မကြိုးစားသော၊ စားသောက်ပျော်ပါးရုံသာ သိသော အသုံးမကျသည့် မင်းသားတစ်ပါးသာ ဖြစ်ကြောင်း ကျော်ကြားနေပြီးဖြစ်သည်။

မုအမတ်က မြောက်ပိုင်းမြို့တော်တွင် မြောက်ပိုင်းစားမင်းသား၏ အပိုင်စားမြေကို အုပ်ချုပ်တည်ထောင်ရန် သွားရောက်မည် ခရီးစဉ်အတွင်း မြောက်ပိုင်းစားမင်းသားကို ကာကွယ်ပေးရန် တောင်းဆိုသောအခါ ဗိုလ်ချုပ်လီ၏ စိတ်ထဲတွင် အနည်းငယ် တွန့်ဆုတ်မိခဲ့သည်။

သို့သော် ယနေ့ ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကို မြင်တွေ့ပြီးနောက် လူတွေအားလုံး အထင်လွဲမှားနေခြင်းဖြစ်သည်ဟု ထင်မှတ်ရသည်။ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော လက်နက်ကို ကိုင်ဆောင်ထားသော မြောက်ပိုင်းမင်းသားသည် အသုံးမကျ‌သောလူတစ်ဦး‌တော့ ဖြစ်နိုင်မည် မဟုတ်ပေ။

ထိုသူသည် အဆင့်ကိုး သိုင်းပညာရှင်ဖြစ်သည်!

ထိပ်သီးသိုင်းပညာရှင်ထက် တစ်ဆင့်သာ နိမ့်သော အဆင့်ကိုး!

မြောက်ပိုင်းစားမင်းသားကို တစ်ချက်သာ ကြည့်လိုက်ရုံဖြင့် အဆင့်ကိုး သိုင်းပညာရှင်တစ်ဦး ပျောက်ကွယ်သွားခဲ့ရသည်။ ထို့ပြင် အဆင့်ရှစ် သိုင်းပညာရှင်ကိုလည်း ထိုမျှ ဝေးသည့်အကွာအဝေးမှ ဗိုလ်ချုပ်လီကိုယ်တိုင်ပင် မြားဖြင့်ပစ်၍ သတ်နိုင်မည် မဟုတ်ကြောင်း ဝန်ခံရမည်ဖြစ်သည်။

အဆင့်ရှစ် သိုင်းပညာရှင်များတွင် ထူးခြား‌ သောစွမ်းအင်များရှိ၏။ မြားတစ်စင်း သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားလျှင်တောင် သူတို့သည် ကြွက်သားများကို ထိန်းချုပ်ကာ မြားခေါင်းကို ထိန်းချုပ်ထားနိုင်ကြသည်။

သို့သော် မြောက်ပိုင်းစားမင်းသားသည် အမည်အသိလက်နက်တစ်ခုကို အသုံးပြုကာ ထိုမျှ ဝေးသည့်အကွာအဝေးမှ အဆင့်ရှစ် သိုင်းပညာရှင်၏ ဦးခေါင်းကို တစ်စက္ကန့်အတွင်း ပေါက်ကွဲသွားစေခဲ့သည်။

ထို့ပြင် ထိုအချိန်တုန်းက မြောက်ပိုင်းစားမင်းသားသည် မြေပေါ်တွင် လှဲနေပြီး လှုပ်ရှားမှုလည်းမရှိပေ။ မြားဖြင့်ပစ်လျှင်‌တောင် လေးကိုင်းကို ဆွဲထားရမည်ဖြစ်သော်လည်း မြောက်ပိုင်းစားမင်းသားကတော့ လဲလျောင်းလျက်အနေအထားဖြင့် အဆင့်ရှစ် သိုင်းပညာရှင်၏ အသက်သည် အဆုံးသတ်သွား စေခဲ့သည်။

ဤအချက်များက မြောက်ပိုင်းစားမင်းသား၏ လက်ထဲတွင်ရှိသော လက်နက်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ပြသခဲ့သည်! ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော လက်နက်ကို ကိုင်ဆောင်ထားသော်လည်း မြောက်ပိုင်းစားမင်းသားက နန်းလျာ‌နေရာရယူရန် စိတ်ဝင်စားမှု မရှိပေ။ မြောက်ပိုင်းမြို့တော်သို့ ပင် လိုလိုလားလား သွားခဲ့သည်။

ဒါတွေက ဘာကိုရည်ညွှန်းနေကြတာလဲ။

လီဖန်းသည် ထပ်မံတွေးမရဲတော့ပေ။

မြောက်ပိုင်းစားမင်းသားက သူ့ကို နှုတ်ပိတ်နိုင်မည်ဟုပင် သံသယဖြစ်လာသည်။ သူသည် မြောက်ပိုင်းစားမင်းသား၏ ခရီးစဉ်ကို စောင့်ကြပ်ပေးရန် တာဝန်ပေးအပ်ခံရသော စစ်သည်‌တော်အဖွဲ့၏ ဗိုလ်ချုပ်ဖြစ်ရုံမျှမက ရှားနိုင်ငံတော်၏ ဟူဘင်းစစ်တပ်မှ ဗိုလ်ချုပ်တစ်ဦးလည်း ဖြစ်သည်။

မြောက်ပိုင်းစားမင်းသားသည် သူတို့ကို ယုံကြည်မည် မဟုတ်ပေ။ ထိုသို့တွေးမိသောအခါ လီဖန်းနှင့် သူ၏ လူများလည်း ချွေးစေးများလာပြီး ကျောပြင်များစိုစွတ်လာကြသည်။ ထို့သို့ သူတို့ကို သတိပေးပြီးနောက် ချူးယုချင်ထွက်ခွာသွားသည်။ ချူးယုချင် ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ရင်း စစ်သည်တစ်ဦးက လီဖန်းအား တိုးတိုးလေး ပြောလိုက်သည်။

“ဗိုလ်ချုပ်... ဗိုလ်ချုပ်၊ ကျွန်တော်တို့ မြောက်ပိုင်းမြို့တော်သို့ ရောက်ပြီးရင် နှုတ်ပိတ်ခံရမှာ မဟုတ်ပါလား။”

လီဖန်းနောက်သို့ လိုက်ပါလာသော စစ်သည်များသည် ဟူဘင်းစစ်တပ်အတွင်းမှ ထိပ်တန်း စစ်သားများဖြစ်ပြီး နုံအသူများ မဟုတ်ကြပေ။ အဆင့်ကိုး သိုင်းပညာရှင်ကို တစ်စက္ကန့်အတွင်း သတ်ဖြတ်နိုင်သော လက်နက်ကို ပိုင်ဆိုင်ခြင်း၏ အဓိပ္ပာယ်ကို သူတို့လည်း နားလည်ကြသည်။

ယခုအချိန်တွင် လူအားလုံးထင်နေကြသည်က မြောက်ပိုင်းစားမင်းသားတွင် ကြီးမားသော အကြံအစည်တစ်ခု ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် ယနေ့ ဖြစ်ပွားခဲ့သော ဖြစ်ရပ်များ သတင်း ပျံ့နှံ့မသွားစေရန် မြောက်ပိုင်းစားမင်းသားက သူတို့ကို နှုတ်ပိတ်နိုင်ချေ အလွန်များသည်။

ကျန်ရှိသော စစ်သားတစ်ရာခန့်ကို စိတ်သက်သာစေရန် လီဖန်းက ချက်ချင်းပြန် ပြောလိုက်သည်။

“မိုက်မဲတဲ့ စကားတွေ မပြောကြနဲ့။”

“ကျုပ်တို့က မုအမတ်ရဲ့ လူတွေဖြစ်တယ်။ မြောက်ပိုင်းမင်းသားက မုအမတ်ရဲ့ သားမက်ဖြစ်တယ်။ မြောက်ပိုင်းစားမင်းသားက ကျုပ်တို့ကို ယုံကြည်မှာ သေချာတယ်။”

လီဖန်း၏ စကားများကို ကြားသောအခါ စစ်သားများ သဘောပေါက်သွားကြသည်။ ဟုတ်ပါသည်။ မြောက်ပိုင်းစားမင်းသားသည် မုအမတ်၏ သားမက်ဖြစ်သလို မုအမတ်၏သမီးသည်လည်း မင်းသား၏ မိဖုရားဖြစ်သည်။

မုအမတ်၏ တပ်ဖွဲ့ဝင်များဖြစ်သော သူတို့သည်လည်း မြောက်ပိုင်းစားမင်းသားဘက်မှ လူများ အလိုလို ဖြစ်သွားကြပြီ မဟုတ်ပါလော။ ထို့‌ကြောင့်မြောက်ပိုင်းစားမင်းသား အနေနှင့်သူ၏ လူများကို နှုတ်ပိတ်စရာ အကြောင်းမရှိပါ။ ထိုသို့တွေးမိသောအခါ စစ်သည်များလည်း စိတ်သက်သာရာရသွားကြသည်။ သို့သော် လီဖန်းဆီမှာတော့ အခုထိ စိုးရိမ်စိတ်များ မပျောက်သေးပါ။

သူတို့သည် မုအမတ်၏ တပ်ဖွဲ့ဝင်များဖြစ်သော်လည်း ရှားနိုင်ငံတော်ပိုင် ဟူဘင်းစစ်တပ်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ မြောက်ပိုင်းစားမင်းသားကို မြောက်ပိုင်းမြို့တော်သို့ ခရီးသွားရာတွင် စောင့်ကြပ်ပေးပြီးနောက် နေပြည်တော်သို့ ပြန်လည်သွားရမည်ဖြစ်သည်။

မြောက်ပိုင်းစားမင်းသားက သူတို့ကို ဘယ်လိုယုံကြည်ရမှာလဲ။

မသေချာပါ။

သို့သော် ယခုလောလောဆယ်တော့ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီသည်အထိ စောင့်ဆိုင်းရမည်သာဖြစ်သည်။ အခြားရွေးစရာ မရှိပါ။ တိုက်ပွဲဖြစ်ပွားသည့်နေရာကို သန့်ရှင်းရေးလုပ်ဆောင်ပြီးနောက် လုချန်းနှင့် သူ၏ ခရီးသွားအဖွဲ့သည် မြောက်ပိုင်းမြို့တော်သို့ ဆက်လက် ဦးတည်သွားကြသည်။

နာရီအနည်းငယ်အကြာတွင် အရက်ဆိုင်တစ်ခု၌ လုရှုယွမ်သည် ပြတင်းပေါက်တစ်ခုဘေးတွင် ထိုင်နေပြီး သတင်းကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ ထိုအချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူအနည်းငယ် ခံစားမိလာသည်။ သူတို့ အခုချိန်လောက်ဆို ပြန်လာသင့်ပြီဖြစ်သော်လည်း ယခုအချိန်အထိ ဘာသတင်းမှ မရှိသေးပေ။

ထိုအခိုက်တွင် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ဦး အမြန်ပြေးလာသည်။

“မင်းသား၊ ဆိုးရွားရွားတစ်ခု‌တော့ ဖြစ်သွားပါပြီ။!”

ထိုသူက အခန်းထဲသို့ ဝင်လိုက်ပြီးနောက် ချက်ချင်း ဒူးထောက်ချလိုက်သည်။ လုရှုယွမ်၏ မျက်ခုံးများ ကျုံ့သွားပြီး အေးစက်သော အသံဖြင့် မေးသည်။ “ဘာဖြစ်ခဲ့သလဲ?”

ထိုလူက အမြန်ပြန်ပြောလိုက်သည်။

“သွေးလဝန်းရဲတိုက် မအောင်မြင်ဘူး၊ သူတို့ လွှတ်ခဲ့တဲ့သူ‌တွေ တစ်‌ယောက်မှ သက်ရှင်လျက် မရှိတော့ပါဘူး။ အဆင့်ကိုး သိုင်ပညာရှင်နှစ်‌ယောက်လည်း အပါအဝင်ပါ။”

“အခု သွေးလဝန်းရဲတိုက်မှုးက ဒေါသထွက်နေပါတယ်။ ကျွန်‌တော်တို့က သူတို့ကို တမင်တကာ ထောင်ချောက်ဆင်ခဲ့တယ်လို့ ယုံကြည်နေပြီး လျော်ကြေးတောင်းဆို နေပါတယ်။”

........

All Chapters