အခန်း ၁၀-၁၂
Vol. 1 Ch. 10-12
အခန်း (၁၀)
ချူးမိသားစုသည် ချူးမိသားစုဝင်များ၏ ချူး မဟုတ်ပါ
လက်အောက်ငယ်သား၏ စကားများကို ကြားသောအခါ လုရှုယွမ်၏ မျက်နှာ ချက်ချင်း ညိုမှိုင်းသွားသည်။
အဆင့်ကိုးနှစ်ဦး၊ အဆင့်ရှစ်တစ်ဦးနှင့် အဆင့်သုံးဝန်းကျင်ရှိ သိုင်းသမားပေါင်း တစ်ရာကျော်အသုံးပြုခဲ့သည်။ သို့သော် သူတို့သည် အသုံးမကျသော မင်းသားကို သတ်ဖြတ်နိုင်ခဲ့ခြင်း မရှိပေ။
လုပ်ကြံရန် ပျက်ကွက်ခဲ့သည်သာမက တစ်ဦးမှလည်း ပြန်လာနိုင်ခဲ့ခြင်း မရှိကြ။
လုရှုယွမ် တွေးလေလေ ပို၍ပို၍ ဒေါသထွက်လာလေ ဖြစ်နေသည်။ သူက စားပွဲကို
လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ခွက်များနှင့် ပန်းကန်များလည်း လွင့်စင်သွားသည်။
“အသုံးမကျဘူး၊ တစ်ယောက်မှ အသုံးမကျဘူး!”
သူတို့ ဘာလို့မအောင်မြင်ခဲ့ရတာလဲဆိုတာကို လုရှုယွမ် စဉ်းစားကြည့်၍ပင် မရနိုင်ပေ။
မြောက်ပိုင်းမြို့တော်သို့သွားမည့် ခရီးစဉ်တွင် မြောက်ပိုင်းစားမင်းသားနှင့်အတူ လိုက်ပါလာမည့် လူစုကို သူသေချာစွာ ထောက်လှမ်းခဲ့သည်။ ထိုသူများအနက် ချူးယုချင်နှင့် လီဖန်းသာ တနည်းတစ်ဖုံ အစွမ်းထက်ကြသည်။
သူတို့နှစ်ဦးမှလွဲ၍ အဆင့်ငါးထက် ပိုမိုမြင့်မားသူများ မရှိသလောက်ပင် ဖြစ်သည်။
သို့သော် သွေးလဝန်းရဲတိုက် မအောင်မြင်ခဲ့!
သူတို့ ကျရှုံးခဲ့သည်!
သွေးလဝန်းရဲတိုက်၏ လုပ်ကြံသူများက ဘာများ အသုံးကျသလဲ။ သူတို့ဘာအတွက် အစားစားနေကြတာလဲ။ အဆင့်ကိုး ပညာရှင်နှစ်ယောက်က ချူးယုချင်ကို မယှဉ်နိုင်ရင်တောင် တစ်ယောက်က သူမကို ဟန့်တားထားနိုင်ပြီး ကျန်တစ်ယောက်က ထိုအသုံးမကျသော မင်းသားကို စီရင်နိုင်သည်။
သို့သော် သူတို့ ပျက်ကွက်ခဲ့သည်။ ဒါတောင် သွေးလဝန်းရဲတိုက်က သူတို့ထံမှ လျော်ကြေးတောင်းဆိုနေသေးသည်။ သူတို့သည် အသုံးမကျသော မင်းသားကို သတ်ဖြတ်နိုင်ခဲ့ခြင်း မရှိပေ။ ဒါတောင် လျော်ကြေး တောင်းနေချင်သေးတာလား။ စိတ်လွတ်သွားပြီးနောက် လုရှုယွမ်သည် အနည်းငယ် ပြန်လည်တည်ငြိမ်လာပြီး အေးစက်စွာဖြင့် မေးလိုက်သည်။
“သွေးလဝန်းရဲတိုက်က သူတို့လုပ်ငန်း မအောင်မြင်ရတဲ့ အကြောင်းရင်းကို ရှာတွေ့ကြလား။”
မြေပေါ်တွင် ဒူးထောက်နေသော လူက ချက်ချင်း ပြန်ပြောလိုက်သည်။
“မင်းသား၊ သွေးလဝန်းရဲတိုက်က လူတစ်ဦးကို စုံစမ်းစစ်ဆေးရန် စေလွှတ်ပါတယ်။ သူတိုအဖွဲ့ဝင်အချို့ရဲ့ မီးလောင်ကျွမ်းပြီးသား အလောင်းတွေကိုပဲ တွေ့ခဲ့ရပါတယ်။”
လုချန်းနှင့် သူ၏အဖွဲ့ ထွက်ခွာသွားသောအခါ သူတို့လူများ၏ ရုပ်အလောင်းများကို မြေမြှုပ်ခဲ့ကြသည်။ ထို့နောက် သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူအချို့၏ ရုပ်အလောင်းများကို စုပုံပြီး မီးရှို့ခဲ့ကြသည်။ အချိန်အချို့ အသုံးပြုရမည်ဖြစ်သော်လည်း ချူးယုချင်က ထိုသို့လုပ်ရန် လိုအပ်ကြောင်း ယူဆသည်။ အထူးသဖြင့် လုချန်း သတ်ဖြတ်ခဲ့သော သူများအတွက် ဖြစ်သည်။
သိုင်းပညာရှင်များ၏ ရုပ်အလောင်းပေါ်ရှိ ဒဏ်ရာများမှ သူတို့၏ သေဆုံးပုံကို သိရှိနိုင်သည်။ သွေးလဝန်းရဲတိုက်က သူတို့၏ သေဆုံးပုံကို မတွေ့ရှိသွားစေရန် ချူးယုချင်သည် ရုပ်အလောင်းများကို ဖျက်ဆီးပြီး သဲလွန်စများကို ဖျောက်ဖျက်ရန် နည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
သူ၏ လက်အောက်ငယ်သား ပြောလိုက်သည့်သတင်းကို ကြားသောအခါ လုရှုယွမ်သည် ပို၍ပင် ဒေါသထွက်လာသည်။ မအောင်မြင်ခဲ့သည့် ကိစ္စကပင် တော်တော်ဆိုးနေပြီဖြစ်သည်။ အခု သူတို့၏ လူများ မည်သို့ သေဆုံးသွားသည်ကိုပင် မသိရခြင်းက ပိုမိုဆိုးရွားသည် မဟုတ်ပါလား။
ထိုအခိုက်တွင် လုရှုယွမ်၏ ဘေးတွင်ရှိသော လက်အောက်ငယ်သားတစ်ဦးက ခန့်မှန်းလိုက်သည်။
“မင်းသား။ မြောက်ပိုင်းစားမင်းသားရဲ့ ခရီးသွားအဖွဲ့အတွင်းမှာ ထိပ်သီးအဆင့်ပညာရှင် တစ်ဦး လျှို့ဝှက်စွာ ရှိနေခဲ့တယ်လို့ ကျွန်တော် သံသယရှိပါတယ်။”
သူ၏ လက်အောက်ငယ်သား၏ ခန့်မှန်းချက်ကို ကြားသောအခါ လုရှုယွမ်၏ စိတ်ထဲတွင် ခဏမျှ စဉ်းစားရခက်သွားသည်။ ထို့နောက် သူ တိတ်ဆိတ်သွားပြီး သူ၏ မျက်နှာပေါ်တွင် အမျိုးမျိုးသော ခံစားချက်များ ပေါ်ပေါက်ထင်ဟပ်လာသည်။ အချိန်အနည်းငယ်အကြာတွင် လုရှုယွမ်၏ မျက်လုံးထဲတွင် မလိုမုန်းထားသော အကြည့်တစ်ခု ပေါ်ပေါက်လာသည်။
“အဲ့လိုဆိုရင်တော့ ဒီအသုံးမကျတဲ့ကောင်က လောကကြီးကနေ ပိုပြီးဖယ်ရှားခံရသင့်ပြီ။”
သူ၏ လက်အောက်ငယ်သားက ထပ်၍ပြောလိုက်သည်။
“စိတ်မပူပါနှင့် မင်းသား။ ကျွန်တော်တို့ရဲ့ လူ တွေက အခုလောက်ဆို မြောက်ပိုင်းမြို့တော်ကို ရောက်ရှိနေပါပြီ။ ထိပ်သီးအဆင့် ပညာရှင်က သူ့ကို ကာကွယ်ပေးနေရင်တောင် အချိန်တစ်ခုမှာတော့ သူတို့ပေါ့လျော့လာမှာပါ။”
လုရှုယွမ် ထပ်မံပြောဆိုခြင်း မရှိတော့ပေ။ အခု လောလောဆယ် သူလုပ်နိုင်သည်က စောင့်ဆိုင်းခြင်းသာ ဖြစ်သည်။ ကံကောင်းသည်တစ်ခုက သူ့တွင် အရေးပေါ်အစီအစဉ်တစ်ခု ရှိနေခြင်းဖြစ်သည်။ လုရှုယွမ်သည် သူ၏ ဦးခေါင်းကို မော့ကာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်ပြီး သူ့ဘာသာသူ တွေးတောလိုက်သည်။
“ငါ့ရဲ့ညီအကိုကောင်း၊ မင်းရဲ့ ကံကောင်းခြင်းတွေ ထာဝရ ကြာရှည်ပါစေကွာ!”
…
ထိုစဉ် နေပြည်တော်အတွင်းရှိ ရာထူးအဆင့်အတန်းရှိသူများအားလုံးနီးပါး သွေးလဝန်းရဲတိုက်၏ လုပ်ကြံမှု မအောင်မြင်ခြင်းကို သိရှိခဲ့ကြသည်။ သို့သော် မည်သူက သတင်းဖြန့်လိုက်သည်ကိုတော့ မသိရှိရပေ။
နန်းတော်။
နန်းတော်ဥယျာဉ်။
ဆွမ်မင်းကြီးက သူ၏သူလျှိုများထံမှ သတင်းကို လက်ခံရရှိပြီးနောက် မယုံကြည်နိုင်သလို ဖြစ်နေ၏။ ဆွမ်မင်းကြီး၏ ရှေ့တွင် ဆံပင်ဖြူဖြူ သက်ကြီးပိုင်းတစ်ဦး ထိုင်နေ၏။ ထိုသူသည် ဆွမ်မင်းကြီး၏ မျက်နှာပေါ်မှ အံ့အားသင့်နေသည့် ပုံစံကို ကြည့်ရင်း မေးလိုက်သည်။
“အရှင်မင်းကြီး ဘာများဖြစ်လို့လဲ။”
ဆွမ်မင်းကြီးက သတိပြန်ထားလိုက်ပြီး သူ၏ လက်ထဲတွင်ရှိသော စာရွက်ကို ဆုတ်ဖြဲလိုက်သည်။
“မထင်မိခဲ့ဘူး။ ချန်းဆီမှာ ထိပ်သီးအဆင့်ပညာရှင် တစ်ယောက် ရှိနေမယ်လို့။
ချူးမိသားစုက တကယ်ကို ပိုက်ဆံသုံးထားတာပဲ။”
ထိုစကားများကို ကြားသောအခါ ဆွမ်မင်းကြီး၏ ရှေ့တွင်ရှိသော အသက်ကြီးပိုင်းလည်း တုံ့ဆိုင်းသွားသည်။
ဆွမ်မင်းကြီးက ဆက်ပြောလိုက်သည်။ “ပရောဟိတ်ကြီး။ ချူးမိသားစုက တကယ်ပဲ နံပါတ်ကိုး မင်းသားကို ထောက်ခံလိုတာလား ဒါမှမဟုတ် တမင် အာရုံပြောင်းအောင် လုပ်ချင်နေတာလား။”
ဆွမ်မင်းကြီး၏ ရှေ့တွင်ရှိသော သက်ကြီးပိုင်းသည် ရှားနိုင်ငံတော်၏ ပရောဟိတ်ကြီး စစ်တူစီဖြစ်ပြီး ဆွမ်မင်းကြီးအား မဟာဗျူမြောက် အကြံဥာဏ်များ ပေးလေ့ရှိသူဖြစ်သည်။ ဆွမ်မင်းကြီး၏ မေးခွန်းကို ကြားရပြီး စစ်တူစီက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်တော်မျိုး ယုံကြည်သည်မှာက ဒီလုပ်ရပ်မှာ ချူးရှုံ၏ ကိုယ်ပိုင်ရည်ရွယ်ချက်ဖြစ်ပြီး ချူးမိသားစုရဲ့ စိတ်ဆန္ဒကို ကိုယ်စားပြုခြင်း မဟုတ်နိုင်ပါ။”
ဆွမ်မင်းကြီးက တစ်ရယ်လိုက်ပြီး ပြောလိုက်သည်။
“ဟုတ်လား။ ပရောဟိတ်ကြီးက ဘယ်လိုထင်လို့လဲ။”
စစ်တူစီက ပြန်လည်ဖြေကြားလိုက်သည်။ “မြောက်ပိုင်းမြို့တော်က အေးစိမ့်သော ဒေသဖြစ်ပါတယ်။ မြောက်ပိုင်းစားမင်းသားက ထိုနေရာသို့ သွားတယ်ဆိုသော်လည်း မြောက်ပိုင်းစားမင်းသား အနေနှင့် စစ်သည်များ စုဆောင်းခြင်း သို့မဟုတ် အင်အားစုဆောင်းခြင်း မဆိုထားနှင့် မြောက်ပိုင်းမြို့တော်ကို ဖွံ့ဖြိုးတိုးတက်စေရန်ကိစ္စမှာတောင် ခက်ခဲမှာ ဖြစ်ပါတယ်။ “
“ချူးမိသားစုသည် ချူးမျိုးနွယ်များ၏ ချူးမိသားစု မဟုတ်ပါ။ သူတို့ဟာ ထီးနန်းအတွက် ပြိုင်ဆိုင်မှုကို တရားဝင်လက်လွတ် ဆုံးရှုံးသွားပြီဖြစ်တဲ့ မင်းသားကို ထောက်ပံ့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ချူးရှုံကတော့ မတူပါဘူး။ ချူးရှုံက မြောက်ပိုင်းမင်းသားရဲ့ အဖိုးဖြစ်ပါတယ်။ သူတို့ကြားမှာက သွေးချင်းဆက်ဆံရေး ရှိပါတယ်။”
“ထို့ကြောင့် ကျွန်တော်မျိုး ယုံကြည်သည်မှာ ချူးရှုံဟာ မြောက်ပိုင်းစားမင်းသားက သူ၏မြေးဖြစ်သောကြောင့် သူ့ကို ကာကွယ်ရန်သာ လူတစ်ဦးကို စေလွှတ်မှာဖြစ်ပြီး။ ထိုအချင်းအရာဟာ ချူးမိသားစု၏ ဆန္ဒနှင့် မပက်သက်နိုင်ပါ။
စစ်တူစီ၏ စကားများကို ကြားသောအခါ ဆွမ်မင်းကြီးသည် ကျောက်ခုံတန်းမှ ထလာကာ အသံကျယ်ကျယ်နှင့် ရယ်မောလိုက်ပြီး ပြောသည်။
“ပရောဟိတ်ကြီးရဲ့ စကားများတွေက အလွန်စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ ချူးမိသားစုဟာ ချူးမျိုးနွယ်များရဲ့ ချူးမိသားစု မဟုတ်ဘူးပဲ။
ဟားဟားဟား၊ ဒီကိစ္စက ငါကိုယ်တော့်ကိုတောင် ကိုယ့်ကိုယ်ကို သတိရစေတယ်။
ဒီကြီးမြတ်သောရှား နိုင်ငံတော်ကြီးကလည်း ငါ့ရဲ့ကြီးမြတ်သောရှား နိုင်ငံတော်ကြီး မဟုတ်ဘူးပဲ။”
ချူးမိသားစုသည် တောင်ပိုင်း၏ တန်ခိုးအာဏာကြီးသူများနှင့် ချိတ်ဆက်ပြီးဖြစ်သောကြောင့် နန်းတော်ထီးနန်းဆက်ခံမှုအတွက် မျှော်လင့်ချက်မရှိသော မင်းသားကို မစဉ်းစား မဆင်ခြင်ပဲ ထောက်ပံ့ရန် မဖြစ်နိုင်ပေ။ သူတို့သည် ထိုသို့လုပ်ဆောင်ပါက ထိုအင်အားစုများနှင့် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ပြီး ချူးမိသားစု ပြိုကွဲသွားနိုင်သည်။
ထို့ကြောင့် ချူးမိသားစုသည် ချူးလူမျိုးများ၏ ချူးမဟုတ်ပေ။ စစ်တူစီ၏ စကားများသည် ဆွမ်မင်းကြီးကိုလည်း သူ၏ကိုယ်ပိုင် အခြေအနေကို ပြန်လည် စဉ်းစားစေခဲ့သည်။
ချူးမိသားစုသည် သူတို့ လိုချင်သည့် ဆန္ဒအတိုင်းမလုပ်ဆောင်နိုင်သကဲ့သို့ သူသည်လည်း ဘုရင်မင်းမြတ်အနေဖြင့် သူ၏ ကိုယ်ပိုင်ဆန္ဒများအတိုင်း လုပ်ဆောင်နိုင်ခြင်း မရှိပဲ အမျိုးမျိုးသော အင်အားစုများ၊ အထူးသဖြင့် ချူးမိသားစုကဲ့သို့သော အာဏာရှိသော မင်းစိုးရာဇာများ၏ ကန့်သတ်ချက်များကို ခံ နေရသည်။
…
မုအမတ်၏ နေအိမ်။
သူ၏ လက်ထဲတွင်ရှိသော စာကိုဖတ်နေရင်း မုချန်တိန်၏ လက်များ အနည်းငယ် တုန်ရင်သွားသည်။ ဤစာသည် လီဖန်းက ပေးပို့ခဲ့သော စာဖြစ်ပြီး သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများ၏ တိုက်ခိုက်မှုကို အသေးစိတ် ဖော်ပြထားသည်။
မုချန်တိန်သည် စာ၏ အပိုင်းတစ်ခုတွင် သွေးလဝန်းရဲတိုက်က အဆင့်ကိုး သိုင်းပညာရှင်နှစ်ဦးနှင့် အဆင့်ရှစ် သိုင်းပညာရှင်တစ်ဦးကို စေလွှတ်ခဲ့သည်ဟူသော စာများကို မြင်သောအခါ မြောက်ပိုင်းစားမင်းသား အမှန်တကယ်ပင် ကံဆိုးမှုကို တွေ့ကြုံခဲ့ရပြီဟု ထင်မြင်သွားသည်။
သို့သော် စာ၏ အဆုံးတွင် လီဖန်းက ထူးဆန်းလျှို့ဝှက်သော ထိပ်သီးအဆင့်ပညာရှင်တစ်ဦး ပေါ်ထွက်လာပြီး သွေးလဝန်းရဲတိုက်မှ အဆင့်ကိုး အတတ်ပညာရှင်နှစ်ဦးကို ကိုင်တွယ် ဖြေရှင်းခဲ့ကြောင်း ပြောပြထားသည်။
ထိုအချက်က မုချန်တိန်ကို စိတ်ဝင်စား စေခဲ့သည်။ လျှို့ဝှက်သော အတတ်ပညာရှင်တဲ့။ မည်သူကများ မြောက်ပိုင်းစားမင်းသားကို ကာကွယ်ရန် စေလွှတ်ခဲ့သနည်း။ ထိုလျှို့ဝှက်သောပညာရှင်ကရော နန်းတော်မှထဲ လာခြင်းလား။
ထိုသို့သော အတွေးများ သူ၏စိတ်ထဲသို့ ရောက်သောအခါ မုချန်တိန်၏ မျက်လုံးများသည် နန်းတော်ဘက်သို့ ဦးတည်သွားသည်။ သို့သော် သူသည် ထိုအတွေးကို အလျင်အမြန် ဖယ်ရှားလိုက်သည်။
ဆွမ်မင်းကြီးသည် မြောက်ပိုင်းစားမင်းသားကို သူ၏သားအရင်းအဖြစ် မည်သည့်အခါကမျှ မမှတ်ယူခဲ့ပေ။ သူသည် မြောက်ပိုင်းစားမင်းသားကို သူ၏ ကံကြမ္မာအတိုင်းဟုသာ လွှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် မြောက်ပိုင်းစားမင်းသားကို ကာကွယ်ပေးနိုင်မည့် တစ်ယောက်ယောက်ကို စေလွှတ်နိုင်မည် မဟုတ်ပေ။
…
ထိုအချိန်တွင် လုချန်းနှင့် သူ၏အဖွဲ့သည် ဆက်လက်ထွက်ခွာလာခဲ့ပြီးဖြစ်သည်။ ထို့နောက် တစ်လကြာသည်အထိ လုချန်းသည် လုပ်ကြံမှုများကို ထပ်မံ၍ မတွေ့ကြုံခဲ့ပေ။ အမှန်တော့ နေပြည်တော်တစ်ခုလုံး ပျံ့နှံ့သွားသော သတင်းတစ်ခုကြောင့်သာ ဖြစ်သည်။
အခုအချိန်တွင် အများစုသည် လုချန်းကို ထိပ်သီးအဆင့် ပညာရှင်တစ်ဦးက ကာကွယ်ပေးနေသည်ဟု ယုံကြည် နေကြပြီဖြစ်သည်။ ထိပ်သီးအဆင့် ပညာရှင်တစ်ဦး ရှိနေသောကြောင့် မည်သူကမှသူ့ကို လုပ်ကြံဖို့ကြိုးစားသည်အထိ မိုက်မဲမည် မဟုတ်ပေ။
ဟုတ်ပါသည်။ လူတွေက ထိပ်သီးအဆင့် ပညာရှင်က လုချန်း၏ ဘေးတွင် အမြဲတစေ ကာကွယ်ပေးနေမည်ဟုတော့ မယုံကြည်ကြပါ။ ရှားနိုင်ငံတော်တစ်ခုလုံးတွင် ထိုက်မိန်အဆင့်ပညာရှင် များစွာမရှိပါ။ အသုံးမကျသော မင်းသားကို အစဉ်အမြဲ ကာကွယ်ပေးရန် မဖြစ်နိုင်ပေ။
လူများ၏ မျက်လုံးထဲတွင် ထိုပညာရှင်က မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိသည်အထိသာ မြောက်ပိုင်းစားမင်းသားကို ကာကွယ်ပေးမည်ဟု ယုံကြည်ကြသည်။
.......
အခန်း (၁၁)
မုကျိရွှမ်း ကိုယ်ဝန်ရခြင်း
လုချန်းတို့အဖွဲ့သည် မြင်းစီး၍လည်းကောင်း၊ လှေဖြင့်လည်းကောင်း နှစ်လနီးပါးခရီးသွားပြီးနောက် နောက်ဆုံးတွင် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာခဲ့သည်။ လမ်းတစ်လျှောက် တွေ့ဆုံရသည့် နယ်စားများနှင့် မြို့နယ်အုပ်ချုပ်သူများက သူတို့ကို ကြိုဆို ဧည့်ခံကြ၏။
ခရီးစဉ်အတွင်း လုချန်းသည် သူ၏ မယားများနှင့် ဆက်သွယ်မှုရှိခဲ့သော်လည်း အလောတကြီး ခရီးနှင်နေရသဖြင့် သေသေချာချာပင် စကားပြောဆိုခြင်းများ မပြုနိုင်ခဲ့ပါ။ အတွင်းအားမန္တာန်ကျင့်စဉ်နှင့် ပြန်လည်သန်စွမ်းစေသော စွမ်းအားကိုလည်း လေ့ကျင့်နိုင်ခြင်းမရှိပေ။
မြောက်ပိုင်းမြို့တော်၏ နယ်နိမိတ်တိုင်ကို မြင်သည်နှင့် နှစ်လတိုင် ခရီးသွားခဲ့သည့် ပင်ပန်းမှုများ ချက်ချင်းပျောက်ကွယ်သွား တော့သည်။
ကွန်ကရစ်လမ်းများ မရှိသေးသော ကမ္ဘာကြီးတွင် မြင်းလှည်းဖြင့် ခရီးသွားခြင်းသည် လူတစ်ယောက်ကို သေစေနိုင်သည်အထိ တုန်ခါစေနိုင်သည်။
ယခု မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာပြီဖြစ်သောကြောင့် သားသမီးများ ရရှိရန် အစီအစဉ်ကို စတင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီဖြစ်သည်။
ထိုစိတ်ကူးနှင့်အတူ လုချန်းသည် သူ၏ စံအိမ်သစ်သို့ အမြန်သွားရန် သူ၏လူများကို အမိန့်ပေးလိုက်သည်။ မကြာမီ လုချန်းတို့အဖွဲ့သည် မြောက်ပိုင်းမြို့တော်ရှိ ရန်ခရိုင်သို့ ရောက်ရှိလာခဲ့သည်။ ရန်ခရိုင်သည် မြို့ပေါင်း ၁၃ မြို့ကို အုပ်ချုပ်သည့် ခရိုင်ဖြစ်ပြီး အချမ်းသာဆုံးခရိုင်လည်းဖြစ်သည်။ နောင်အနာဂတ်တွင် လုချန်း၏ မင်းသားကြိီးကြပ်သော မြို့တော်အဖြစ် ထားရှိမည့် မြို့လည်းဖြစ်သည်။
လုချန်းတို့အဖွဲ့ ရန်ခရိုင်သို့ ရောက်ရှိလာသည့်အခါ ဒေသအုပ်ချုပ်ရေးမှူးများအားလုံး ထွက်ကြိုဆိုကြပြီး လူများကလည်း လမ်းများတစ်လျှောက် ရပ်စောင့်ကြသည်။ ထိုအခိုက်အတွင်း လူအုပ်ထဲလူများက မြောက်ပိုင်းစားမင်းသားအကြောင်း တိုးတိုးတိတ်တိတ်ဆွေးနွေးနေကြသည်။
“နောက်ဆုံးတော့ ကျုပ်တို့ မြောက်ပိုင်းဒေသသို့ အပိုင်စားမင်းသားရောက်ရှိလာပြီ။”
“ဘာအသုံးကျမှာလဲ၊ မြောက်ပိုင်းမင်းသားက ဆယ့်ခြောက်နှစ်ပဲရှိသေးတယ်၊ ကလေးပဲရှိ သေးတယ်လေ။”
“ကျုပ်ကြားသိရတာကတော့ မြောက်ပိုင်းစားမင်းသားက အသိဉာဏ်နည်းတယ်တဲ့။ အဲဒါကြောင့်ပဲ မြောက်ပိုင်းမြို့တော်ကို ပို့လိုက်တာလို့ပြောတယ်။”
“မြောက်ပိုင်းစားမင်းသားက အခွန်တွေ ချက်ချင်းတိုးမလား မသိဘူး။ အခွန်တွေ ထပ်တိုးရင် ကျွန်တော်တို့ အသက်ရှင်နိုင်မှာ မဟုတ် တော့ဘူး။”
“မြောက်ပိုင်းစားမင်းသားက သူ့ရဲ့ စံအိမ်မှာပဲ ပျော်ပါးပြီး ကျုပ်တို့ကို ဂရုမစိုက်ဘူးဆိုရင် အကောင်းဆုံးပဲ။ အပိုင်စားမင်းသားရောက်လာပြီး တချို့နေရာတွေမှာ လူတွေဘဝက ပိုခက်ခဲလာတယ်လို့ ကြားဖူးတယ်။”
…
လုချန်းသည် မြို့တွင်းသို့ ဝင်ရောက်သည့်အခါ လမ်းပေါ်ရှိ လူများကို ကြည့်လိုက်သည်။ မြောက်ပိုင်းဒေသသားများ၏ အဝတ်အစားများသည် အခြားနယ်စားများနှင့် မြို့နယ်များမှ လူများထက် ပိုမိုယိုယွင်းနေသည်။ အခြားနယ်သားများနှင့် နှိုင်းယှဉ်ပါက သူတို့သည် သူတောင်းစားများနှင့်တောင် တူနေသည်။ ဤသည်မှာ အလွန်သနားစရာ ကောင်းသည်။
ရန်ခရိုင်ဆိုလျှင် မြောက်ပိုင်းမြို့တော်တွင် အချမ်းသာဆုံးမြို့ဖြစ်သည်။ ရန်ခရိုင်သားများပင် ထိုသို့ ယိုယွင်းနွမ်းပါးစွာ ဝတ်ဆင်နေပါက အခြားခရိုင်များ၏ အခြေအနေကို စိတ်ကူး၍ပင် မရပေ။ သူ၏ဖခင်ဖြစ်သူ ဧကရာဇ်သည် သူ့ကို ဤကဲ့သို့သော နေရာသို့ ပို့လိုက်ခြင်းက တကယ်ကို နှလုံးသားကင်းမဲ့လွန်းသော လုပ်ရပ်ဖြစ်သည်။
မြောက်ပိုင်းမြို့တော်တွင် အမှတ်ကိုးဆယ်ရရှိနိုင်သော အမျိုးသမီးများများစားစားကော ရှိနိုင်ပါ့မလားဟု လုချန်းတွေးမိလိုက်သည်။ မဟုတ်ပါက သူ၏ မောင်းမများယူရန် အစီအစဉ် ထိခိုက်သွားနိုင်သည်။
လူအုပ်ထဲမှ အမှတ်ကိုးဆယ်ရရှိနိုင်သော အမျိုးသမီးများကို စနစ်ကိုအသုံးပြု၍ ဆက်တိုက်ရှာဖွေနေသော်လည်း တစ်ယောက်ကိုမှ တွေ့ရှိခဲ့ခြင်းမရှိပေ။ လမ်းဘေးနှစ်ဖက်ရှိ လူထုထဲမှ ဘယ်အမျိုးသမီးကမှ အမြင့်ဆုံးရမှတ်မှာပေါင်း ၈၀ ကျော်ခြင်းမရှိကြ။ လုချန်း စိတ်ဓာတ်အနည်းငယ်ကျသွားသည်။ ရထားတန်းသည် မြို့တံခါးသို့ ရောက်ရှိသောအခါ မြောက်ပိုင်းမြို့တော်မှ အရာရှိများအားလုံး ဦးညွှတ်၍ “မင်းသားကို ကြိုဆိုပါသည်” ဟု နှုတ်ဆက်ကြသည်။
ထို့နောက် လုချန်းလည်း သူ၏ ရထားပေါ်မှ ဆင်းလာခဲ့သည်။ လုချန်း ထွက်လာသည်ကို မြင်သည်နှင့် လူအုပ်ထဲ၌ စိတ်လှုပ်ရှားမှုများနှင့် ပွက်လောထိုးသွားသည်။
“မြောက်ပိုင်းစားမင်းသားက အရမ်းခန့်ညားတယ်။”
“သူတို့က မြောက်ပိုင်းစားမင်းသားက ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်လို့ ပြောကြတယ်၊ ဒါပေမယ့် သူက နှစ်ဆယ့်အရွယ်လူကြီးလိုမျိုး ရင့်ကျက်နေပြီ။”
“သူ့ရဲ့ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီးတော့ မြောက်ပိုင်းစားမင်းသားက ပညာမဲ့တဲ့သူလို မထင်ဘူးမဟုတ်လား။”
…
ထိုအခိုက်တွင် စိမ်းပြာရောင်အင်္ကျီကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက လုချန်းထံသို့ တိုးကပ်လာပြီး
“ကျွန်တော်က လိယုရီပါ၊ မင်းသားရဲ့ တာဝန်ထမ်းဆောင်ဖို့ အသင့်ပါ။” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းက လိယုရီကို အကဲခတ် ကြည့်လိုက်၏။
[အမည် - လိယုရီ]
[မှတ်ပုံတင် - မြောက်ပိုင်းမြို့တော် ယာယီနယ်စား]
[စွမ်းအား - တတိယအဆင့်]
[သစ္စာရှိမှု - ၃၀ (သူ၏အမြင်အရ မင်းသားသည် အရည်အချင်းမဲ့သော အလေအလွင့်တစ်ခုဖြစ်သည်။)]
လိယုရီ၏ သစ္စာရှိမှု အလွန်နည်းသည်ကို မြင်သောအခါ လုချန်းသည် မြောက်ပိုင်းမြို့တော်ရှိ အရာရှိများ၏ သစ္စာရှိမှု ရမှတ်များကို ချက်ချင်းစစ်ဆေးလိုက်ရာ အခြားအရာရှိအားလုံးနီးပါးကလည်း လိယုရီနှင့် သစ္စာရှိမှုရမှတ် မကွာကြကြောင်း တွေ့ရှိခဲ့သည်။ ထိုကဲ့သို့ဖြစ်ခြင်းက မထူးဆန်းပါ။ ဤသူများသည် သူ၏ဂုဏ်သတင်းကို နေပြည်တော်တွင် စုံစမ်းမေးမြန်းပြီးသား ဖြစ်လိမ့်မည်။
လုချန်းက တိုက်ရိုက်မေးလိုက်သည်။
“နယ်စား လိယုရီ၊ ကျွန်တော့်ရဲ့ စံအိမ်တည်ဆောက်မှု အခြေအနေ ဘယ်လိုလဲဆိုတာ သိချင်ပါတယ်။”
လိယုရီက ဖြေကြားလိုက်သည်။
“စိတ်ချပါ မင်းသား။ မင်းသားရဲ့ စံအိမ်တည်ဆောက်မှုပြီးစီးပြီး နေထိုင်ဖို့လည်း ပြင်ဆင်ပြီးပါပြီ။”
လုချန်းက ပြုံးလျက် “အဲ့ဒါဆို ဦးဆောင်လမ်းပြပေးပါ” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ မင်းသား။”
ထို့နောက် လိယုရီနှင့် အခြားသူများသည် ရထားတန်းကို မြောက်ပိုင်းစားမင်းသား စံအိမ်သို့ ဦးဆောင်သွားကြသည်။ မြောက်ပိုင်းစားမင်းသား စံအိမ်သို့ ဝင်ရောက်သည်နှင့် တပြိုင်နက် လိယုရီက တိုက်ရိုက်မေးလိုက်သည်။
“မင်းသား ဘယ်အချိန်မှာ အားလပ်နိုင်မလဲ။ ကျွန်တော် မြောက်ပိုင်းမြို့တော်ရဲ့ အခြေအနေကို တင်ပြချင်ပါတယ်။”
လိယုရီသည် အသုံးမကျသော အပိုင်စားမင်းသားဖြစ်သည့် လုချန်းကို အထင်ကြီးမှုတော့ မရှိပါ။ သို့သော် လုချန်းသည် မြောက်ပိုင်းစားမင်းသားဖြစ်ပြီး ယခု မြောက်ပိုင်းမြို့တော်၏ အမြင့်ဆုံးအုပ်ချုပ်သူဖြစ်သည်။ မြောက်ပိုင်းမြို့တော်ရှိ အရာရှိများကို ခန့်အပ်ခြင်းနှင့် ထုတ်ပယ်ခြင်းများကို မြောက်ပိုင်းစားမင်းသားက ဆုံးဖြတ်ရမည်ဖြစ်သည်။
ဤခေတ်ကာလတွင် အပိုင်စားမင်းသားများသည် သူတို့၏ နယ်မြေတွင် အခွင့်အာဏာကြီးကြသည်။ အုပ်ချုပ်ရေးအာဏာသာမက အရာရှိများကို ခန့်အပ်ခြင်းနှင့် ထုတ်ပယ်ခြင်း၊ ငွေကြေးထုတ်လုပ်ခွင့်နှင့် စစ်တပ်ကို စေခိုင်းခွင့်အာဏာများလည်း ရှိသည်။
လိယုရီသည် နန်းတွင်းမှ ခန့်အပ်သော ယာယီနယ်စားသာဖြစ်သည်။ မြောက်ပိုင်းမင်းသား ရောက်ရှိလာခြင်းဖြင့် သူအခြားသို့ ပြောင်းရွှေ့ရနိုင်သည့် အခြေအနေ ရှိသောကြောင့် လိယုရီက မြောက်ပိုင်းစားမင်းသားကို အထင်ကြီးစေရန်နှင့် သူ၏ အရေးပါမှုကို ပြသရန် ကြံစည်ထားခဲ့သည်။ သူအရည်အချင်းရှိသော အရာရှိတစ်ဦးဖြစ်ကြောင်း လုချန်းသိစေရန်ဖြစ်သည်။
လိယုရီ၏ စကားများကို ကြားသောအခါ လုချန်းသည် သူ၏ ပခုံးကို ပုတ်ပြီး ရယ်မောလျက် “ကျွမ်းကျင်သူရဲ့ကိစ္စကို ကျွမ်းကျင်သူရဲ့ လက်ထဲပဲ ထားလိုက်ပါ။ နယ်စား လိယုရီက ကျွန်တော် ရောက်မလာခင်ကတည်းက မြောက်ပိုင်းမြို့တော်ကို ကောင်းကောင်း အုပ်ချုပ်ခဲ့တယ် မဟုတ်လား။ နောင်အနာဂတ်မှာလည်း မြောက်ပိုင်းမြို့တော်ကို ကျွန်တော့်အတွက် ဆက်လက်အုပ်ချုပ်ပေးပါ” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လိယုရီလည်း စိတ်လှုပ်ရှားစွာဖြင့် ဒူးတစ်ဖက်ထောက်၍ “မင်းသားရဲ့ အသိအမှတ်ပြုမှုအတွက် ကျေးဇူးတင်ပါသည်။ ကျွန်တော့်ရဲ့ နောက်ဆုံးထွက်သက်အထိ မင်းသားကို အစွမ်းကုန် ကူညီပါမယ်။”
လုချန်း ပြန်စကားပြောစရာကို ရှာမတွေ့တော့ပေ။ သူက အလုပ်လုပ်ရန် တစ်ယောက်ယောက်ကို တာဝန်ပေးခြင်း သဘောသာဖြစ်သည်။ ထိုအခိုက်အတွင်း လုချန်းသည် လိယုရီ၏ သစ္စာရှိမှု တိုးမြင့်လာသည်ကို ချက်ချင်းတွေ့ရှိလိုက်ရပြီး
“ကောင်းပြီ၊ နယ်စား လိယုရီ၊ ခင်ဗျားရဲ့ အလုပ်ကိုသာလုပ်ပါ။ အရေးကြီးတဲ့ အကြောင်းကိစ္စမရှိရင် အခုချိန်ကစပြီး ကျွန်တော့်ကို လာမရှာပါနဲ့။ ကျွန်တော်လည်း ဒီစံအိမ်နှင့် ရင်းနှီးသွားကျင့်သားရသွားတော့မှာပါ။”
ထိုသို့ပြောပြီး လုချန်းသည် သူ၏ မင်းသားစံအိမ်သို့ လျှောက်သွားသည်။ာလုချန်း ထွက်သွားသည့် ပုံစံကို ကြည့်ရင်း လိယုရီ၏ ခံစားချက်များ ရှုပ်ထွေးနေသည်။ ထင်ရှားသည်မှာ မြောက်ပိုင်းစားမင်းသားသည် အပေါ်ယံ အုပ်ချုပ်လိုသူဖြစ်ပြီး မြောက်ပိုင်းမြို့တော်၏ ကိစ္စရပ်အားလုံးကို နယ်စားထံ လွှဲထားလိုက်ခြင်းဖြစ်သည်။ သူ့အတွက်တော့ တကယ့်သတင်းကောင်းဖြစ်သည် ။ အာဏာကို မည်သူက မကြိုက်ပဲ ရှိမည်နည်း။
သို့သော် မြောက်ပိုင်းစားမင်းသား၏ ယုံကြည်မှုအား လွန်ကဲစွာရယူခြင်းကို နန်းတွင်းမှ မကျေနပ်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း လိယုရိ သဘောပေါက်သည်။ ရှမင်းဆက်တွင် မင်းသားမြို့တော်၏ အတွင်းရေးမှုးချုပ်တစ်ဦးသာ အပိုင်စားမင်းသား၏ အာဏာအားလုံးကို သိမ်းပိုက်ခဲ့ဖူးသည့် သမိုင်းရှိသည်။ ထို့နောက် နန်းတွင်းမှ “အပိုင်စားမင်းသား၏ အာဏာကို သိမ်းပိုက်ခြင်း၊အပိုင်စားမင်းသားကို ထောင်ချခြင်း” ဟူသော စွပ်စွဲချက်များဖြင့် ထိုသူကို တရားစီရင်ခဲ့ပြီး ထိုအတွင်းရေးမှုးချုပ်၏ မိသားစုတစ်စုလုံးလည်း သုတ်သင်ခံခဲ့ရသည်။
...
မင်းသားစံအိမ်သို့ ဝင်ရောက်ပြီးနောက် လုချန်းသည် သူနေထိုင်မည့် အဆောင်ကို ဆုံးဖြတ် ရွေးချယ်လိုက်သည်။ ထို့နောက် သူသည် စနစ်ဆီမှ နဂါးဖီးနစ် အမြုတေစေ့ကို ထုတ်ယူလိုက်သည်။ သူ၏လက်ချောင်းထိပ်ကိုကိုက်၍ နဂါးဖီးနစ် အမြုတေပင်စေ့ ပေါ်သို့ သွေးတစ်စက် စက်ချပြီးနောက် အစေ့ကို မြေသွားထဲ မြုပ်လိုက်ပြီး ကောင်းစွာ ဂရုစိုက်ရန် အစေခံများကို ညွှန်ကြားလိုက်သည်။
နဂါးဖီးနစ်ပင်ပေါက်လာသောအခါ တွင် ထိုအပင်၏ အရွက်များဖြင့် ကျိုချက်ထားသော လက်ဖက်ရည်ကို သောက်သုံးသည့် အမျိုးသမီးများကို သူ့အပေါ် ပိုမို မှီခိုစေနိုင်မည်ဖြစ်သည်။ လုချန်းအတွက် အလွန်အသုံးဝင်သော ပစ္စည်းတစ်ခုဖြစ်သည်။
ထိုစဉ် မုကျိရွှမ်းက အနီရောင်ပိတ်ကျဲအင်္ကျီကို ဝတ်ဆင်ကာ အဆောင်နားမှ ဖြတ်သန်းသွားသည်။ လုချန်းက လက်ချောင်းထိပ်ကိုကိုက်၍ မြေသွားထဲသို့ သွေးကို ထပ်ခါထပ်ခါ ညှစ်နေသည်ကို မြင်သောအခါ သူမက အဆောင်ထဲသို့ အမြန်ပြေးဝင်လာသည်။
“မင်းသား၊ ဘာဖြစ်လို့လဲ။”
မုကျိရွှမ်းက လုချန်း မြွေအကိုက်ခံရပြီး အဆိပ်များကို ညှစ်ထုတ်နေသည်ဟု အစက ထင်ခဲ့သည်။
ဆွဲဆောင်မှုရှိနေသော မုကျိရွှမ်းကို တစ်ချက်ကြည့်လိုက်ရင်း လုချန်းက ရယ်မောလျက်
“မောင်တော် ဘာမှမဖြစ်ပါဘူး။ မောင်တော့်သွေးနဲ့ နဂါး ဖီးနစ် ပင် စိုက်နေတာ။”
မုကျိရွှမ်းက နားမလည်နိုင်စွာ မေးလိုက်သည်။
“ နဂါးဖီးနစ် ပင်က ဘာပင်လဲ။”
လုချန်းက မုကျိရွှမ်း၏ သေးသွယ်သော ခါးလေးကို ဖက်လိုက်ရင်း
“နောင်ကျရင် သိလိမ့်မည်။”
ထိုသို့ပြောပြီး လုချန်း၏ လက်သည် မုကျိရွှမ်း၏ ခါးကိုသိုင်းဖက်လိုက်ကာ
“နှမတော် ကိုယ်တို့အခု မင်းသားစံအိမ် အိပ်ရာက ဘယ်လောက်သက်သောင့်သက်သာရှိလဲ သွားစမ်းသပ်ကြည့်ကြစို့။”
ထိုစကားကို ကြားသောအခါ မုကျိရွှမ်း၏ မျက်နှာ ချက်ချင်းနီမြန်းသွားသည်။ ထို့နောက် လုချန်းသည် မုကျိရွှမ်း၏ ခါးကိုဖက်၍ မချီလိုက်ပြီး အခန်းဆီသို့ ဦးတည်သွား တော့သည်။
…
[ဇနီးဖြစ်သူနှင့် ဆက်ဆံရေး တစ်ကြိမ်တည်ဆောက်ခြင်းအတွက် အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံ ၁၀ဆ တိုးမြင့်လာသည်။ အတွင်းအားမန္တာန်ကျင့်စဉ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ခန္ဓာကိုယ်အတွင်းသို့ အတွင်းအား စီးဆင်းစေနိုင်ခဲ့ပါပြီ။]
[ဂုဏ်ယူပါတယ် မုကျိရွှမ်းကို အောင်မြင်စွာ ကိုယ်ဝန်ဆောင်စေခဲ့ပါပြီ။ ဆပ်ပြာပြုလုပ်နည်းကို ရရှိခဲ့ပါသည်။]
[ကိုယ်ဝန်ဆောင်မှုအောင်မြင်ခြင်းအတွက် ဆုလာဘ်မှာ အားပေးမှုဆုလာဘ်ဖြစ်သောကြောင့် အခြားဆုလာဘ်များနှင့် နှိုင်းယှဉ်ပါက သေးငယ်ပါသည်။ အောင်မြင်စွာ မွေးဖွားပါက ပိုမိုကြွယ်ဝသော ဆုလာဘ်များ ရရှိမည်ဖြစ်သည်။]
........
အခန်း (၁၂)
မင်းကသေနေပြီပဲ
စနစ်၏ ကြေညာချက်ကို ကြားသောအခါ လုချန်းသည် ခန္ဓာကိုယ်တစ်ခုလုံး အလွန်ပေါ့ပါးသွားတာကို ခံစားလိုက်ရ၏။ သူ၏အရေပြားကပင် အသက်ရှုသလို ခံစားရသည်။ လုချန်း အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။ နောက်ဆုံးတွင် ကိုယ်ခန္ဓာအတွင်းသို့ အတွင်းအားကို စုပ်ယူနိုင်ခဲ့ပြီဖြစ်သည်။ အတွင်းအားကို ကိုယ်ခန္ဓာအတွင်းသို့ စုပ်ယူနိုင်ခြင်းက သူသည် အတွင်းအားပျိုးထောင်နိုင်မည့် လမ်းစဉ်သို့ ခြေချနိုင်ခဲ့ပြီလားဟု လုချန်း စဉ်းစားမိလိုက်သည်။
ထို့ပြင် လုချန်းကို ပျော်ရွှင်စေသည့် အခြား အကြောင်းအရာတစ်ခုကလည်း ရှိနေသေးသည်။ မုကျိရွှမ်း ကိုယ်ဝန်ရနေပြီဖြစ်သည်။ ယခင်နှစ်လအတွင်း သူတို့သည် ခရီးနှင်နေကြရသည်။ အချင်းချင်း ဆက်သွယ်မှုရှိပြီး ဆက်ဆံရေးထောင်မှုများ ပြုလုပ်ခဲ့သော်လည်း မိန်းမသုံးဦးစလုံးတွင် ကိုယ်ဝန်ရသည့် လက္ခဏာများ မတွေ့ရှိခဲ့ပေ။
မျှော်လင့်မထားဘဲ နေရာတကျ အခြေကျပြီးနောက်မှ မုကျိရွှမ်း ကိုယ်ဝန်ရလာခဲ့သည်။ သားသမီးများကို မွေးဖွားရန်အတွက် တည်ငြိမ်သောပတ်ဝန်းကျင်က အလွန်အရေးကြီးပါသည်။ လုချန်းသည် မုကျိရွှမ်းကို ပွေ့ဖက်ထားပြီး သူမ၏ ဖြူ ဖွေး၍နှင်းဆီရောင်သမ်းသောအသားကို ခပ်ဖွဖွပွတ်သပ်လျက်
“ ကိုယ့်မှာ ငွေရှာနည်းတစ်ခုရှိတယ်။ နားထောင်ဖို့ မင်းစိတ်ဝင်စားလား။”
လုချန်းသည် ယခုအခါ မြောက်ပိုင်းမြို့တော်၏ အပိုင်စားမင်းသားဖြစ်လာပြီး မင်းသားစံအိမ်၏ စီးပွားရေးအရင်းအမြစ်မှာ ပြည်သူများထံမှ ရရှိသော အခွန်များသာဖြစ်သည်။ သို့သော် ထိုအခွန်များကို အရာရှိများအား လစာပေးရန် သုံးစွဲရမည်ဖြစ်ပြီး မင်းသားစံအိမ်အတွက် ကျန်ရှိသောငွေမှာ မများလောက်ပါ။
မင်းသားစံအိမ်သည် ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံ နေထိုင်လိုပါက ကိုယ်ပိုင်လုပ်ငန်းများ ပိုင်ဆိုင်ရန်လိုအပ်၏။ အခု သူသည် ဆပ်ပြာပြုလုပ်နည်းကို ရရှိခဲ့ပြီဖြစ်သည်။ သေချာပေါက် ငွေကြေးအမြတ်အစွန်း အများဆုံးရရှိသော ကုန်ပစ္စည်းများမှာ ဆားနှင့်သံဖြစ်သော်လည်း ယခုလောလောဆယ်တွင် လုချန်းထိုကုန်ပစ္စည်းများကို ထိတွေ့ရန် အကြံမရှိပါ။
ထိုပစ္စည်းများက လုပ်ပိုင်ခွင့် အကျိုးစီးပွားရှာလိုသူများစွာ ပါဝင်ပက်သက်သော လုပ်ငန်းများဖြစ်သည်။ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီး မကြာခင်မှာပင် ယင်းကိစ္စရပ်များကို ဝင်ရောက် စွက်ဖက်ပါက သူ၏အသက်ကို ထပ်မံလုပ်ကြံမည့် အလားအလာ များစေနိုင်သည်။
လုချန်း၏စကားကို ကြားသောအခါ မုကျိရွှမ်း၏မျက်လုံးများ ပြောင်လက်လာပြီး ချက်ချင်းပင်
“မင်းသား၊ ရှင်ပြောမှာ ဘာနည်းလမ်းလဲ။” ဟု မေးလိုက်သည်။
မုကျိရွှမ်းသည်လည်း သူမ၏တန်ဖိုးသည် အခန်းထဲမှာပင် ကန့်သတ်မထားကြောင်း သက်သေပြလိုသည်။ နေပြည်တော်၌ ရှိစဉ်တုန်းက သူမ၏ဖခင်သည် သူမအား အိမ်ရှေ့မိဖုရားဖြစ်လာရန် လေ့ကျင့်သင်ကြားပေးခဲ့သည်။ ထို့ကြောင့် သူမ၏စွမ်းရည်များသည် ကဏ္ဍအားလုံးတွင် တော်တော်လေး ကောင်းမွန်သည်။
“ မောင်တော့်ဆီမှာ အဝတ်အစားတွေကို သန့်ရှင်းစေနိုင်တဲ့ ပစ္စည်းတစ်မျိုး ရှိတယ်။ လူတွေ သဘောကျမယ်လို့ ထင်တယ်။” လုချန်း ပြောလိုက်သည်။
မုကျိရွှမ်းက စိတ်ဝင်တစားဖြင့်
“မင်းသားက ဆပ်ပြာသီးတွေကို ပြောတာလား။”
ဤလောက၌ အဝတ်အစားများကို သန့်ရှင်းစေနိုင်သော အသီးများကို သီးပေးသည့် သစ်ပင်တစ်မျိုးရှိပြီး လူများက ဆပ်ပြာသီးဟု ခေါ်ကြသည်။ ဆပ်ပြာသီးများက ပေါများပြီး စက်မှုလုပ်ငန်းအဖြစ်သို့ ပြောင်းလဲရန် ခက်ခဲသည်။ လုချန်းက ပြုံး၍ပြောလိုက်၏။
“မဟုတ်ပါဘူး။ မောင်တော်ပြောတဲ့ အရာက ဆပ်ပြာသီးထက် သန့်စင်စွမ်းအား ပိုကောင်းမွန်ပါတယ်။ နောက်နှစ်ရက်သုံးရက်အတွင်း မောင်တော်ပြုလုပ်ပြီးရင် နားလည်လာလိမ့်မယ်။”
မုကျိရွှမ်းက
“နားလည်ပါပြီ၊ မင်းသား။”
ထိုအခိုက်တွင် တံခါးပြင်ဘက်မှ ရံရွေတော်၏ အသံကို ကြားလိုက်ရ၏။
“မင်းသား၊ ဒေါ်လေးချူးက တွေ့ဆုံလိုပါတယ်။”
ထိုအသံကို ကြားသောအခါ မုကျိရွှမ်းက လုချန်းအား ချက်ချင်းပြောလိုက်သည်။
“မင်းသား သွားတွေ့သင့်ပါတယ်။ ဒေါ်လေးချူးမှာ အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိလို့ နေမယ်။”
သူတို့သည် မြောက်ပိုင်းမြို့တော်သို့ ယခုမှ ရောက်ရှိလာခြင်းဖြစ်သောကြောင့် လုပ်ဆောင်စီမံရမည့် ကိစ္စရပ်များစွာရှိသည်။ မုကျိရွှမ်းလည်း လုချန်းကို တွယ်ကပ် မနေရဲပါ။ မြောက်ပိုင်းမြို့တော်သို့ ရောက်လျှင် ရောက်ချင်း လုချန်းကို တွယ်ကပ်နေသည်ဟု သတင်းပျံ့နှံ့သွားပါက သူမအား ဝေဖန်သူတွေ ဘယ်လောက်ရှိလာမည်ကို မသိနိုင်ပေ။
“ညီမ ကောင်းကောင်းစွာနားနေပါ။ ကိုယ် သွားကြည့်လိုက်ဦးမယ်။”
ဟု လုချန်းက တုန့်ပြန်လိုက်သည်။
ပျင်းရိစွာဖြင့် အိပ်ရာပေါ်မှ ထလာပြီးနောက် လုချန်းသည် အဝတ်အစားများကို ဝတ်ဆင်ကာ အခန်းထဲမှ ထွက်သွားလိုက်သည်။ လုချန်း မင်းသားစံအိမ်၏ လေ့ကျင့်ရေးနေရာသို့ ရောက်ရှိသောအခါ လိီဖန်းနှင့် ချူးယုချင်တို့ တစ်ခုခုကို ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။
လုချန်းရောက်လာသည်ကို တွေ့သောအခါ လိီဖန်းက ချက်ချင်းပင် ဦးညွှတ်ပြီး
“မင်းသားကို နှုတ်ဆက်ပါတယ်။”
လုချန်းက ချူးယုချင်ကို ကြည့်ပြီး
“ဒေါ်လေးချူးက ကျွန်တော့်ကို တွေ့ချင်တယ်ဆို။” ဟု မေးလိုက်၏။
ချူးယုချင်က
“ ဒေါ်လေး တွေ့ချင်တာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်လီက တွေ့လိုတာပါ။”
လုချန်း၏အကြည့်က လီဖန်းထံသို့ ရောက်ရှိသွားသည်။ လီဖန်းက သူ၏ရင်ဘတ်ထဲမှ စာတစ်စောင်ကို အလျင်အမြန် ထုတ်လိုက်ပြီး လုချန်းကို ပြောလိုက်၏။
“မင်းသား၊ ဒီစာက မုအမတ် ဆီကပါ။ မြောက်ပိုင်းမြို့တော်ရောက်ရင် ဒီစာကို မင်းသားဆီ ပေးဖို့ သူမှာထားတာပါ။”
လုချန်းက လီဖန်းလက်ထဲက စာကို ချက်ချင်းယူပြီး ဖတ်လိုက်၏။ လီဖန်းနဲ့ သူ့နောက်မှ စစ်သည်များ အားလုံးကလည်း လုချန်းလက်ထဲကစာကို အလွန်စိတ်ဝင်စားနေကြ၏။ အထူးသဖြင့် လီဖန်းက အလွန်စိတ်လှုပ်ရှားနေပုံရသည်။ စာထဲမှာ ဘာပါလဲ သူမသိပါ။ သူအခု လောလောဆယ် မြောက်ပိုင်းစားမင်းသားက သူ့တို့ကိုနှုတ်ပိတ်မှာ လီဖန်း ကြောက်နေ၏။
သူတို့လည်း နေပြည်တော်ကို ပြန်ခါနီးဖြစ်နေပြီ ဖြစ်သည်။ မြောက်ပိုင်းစားမင်းသားက သူတို့ကို မယုံကြည်လောက်ပေ။ာစာကိုဖတ်ပြီးနောက် လုချန်းက လီဖန်းနှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်သည်။
လီဖန်း၏ သစ္စာစောင့်ထိန်းမှုမှာ ၈၇ ရာခိုင်နှုန်းအထိ ရောက်ရှိလာပြီဖြစ်သည်။ သူ့ကို လုံးဝ ယုံကြည်လို့ ရလောက်ပြီဖြစ်သည်။ စောင့်ရှောက်ရေးအဖွဲ့မှ စစ်သားများ၏ သစ္စာစောင့်ထိန်းမှုမှာလည်း မြင့်မားလာသည်။ အခြေခံအားဖြင့် ၆၀အောက် မရှိပါ။
လုချန်းက တိုက်ရိုက် ပြောလိုက်သည်။
“မုအမတ်က ဒီစာထဲမှာ ခင်ဗျားတို့အားလုံး သေဆုံးသွားပြီလို့ ပြောထားတယ်။”
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆူညံသွားတော့၏။ လီဖန်းနှင့် စစ်သည်များကတော့ မြောက်ပိုင်းစားမင်းသားက သူတို့ကို နှုတ်ပိတ်ရန် ကြံစည်နေတာလားဟု မစဉ်းစားပဲ မနေနိုင်ကြပေ။ မဟုတ်ပါက မုချန်တိန်က သူတို့အား အသက်ရှင်ခွင့်ပေးပြီး ပြန်လာစေရန် ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ပါ။ စာကလည်း မုချန်တိန်မှ မြောက်ပိုင်းစားမင်းသားထံသို့ ပို့လိုက်သော စာဖြစ်သည်။
လီဖန်းနှင့် သူ၏လူများ စိတ်လှုပ်ရှားနေသည်ကို တွေ့သောအခါ လုချန်းက ဆက်ပြောလိုက်သည်။
“မုအမတ်က ခင်ဗျားတို့ရဲ့ မိသားစုဝင်တွေကို ရန်ခရိုင်ကို ခေါ်ဆောင်လာပြီးဖြစ်တဲ့အကြောင်းလည်း ကျွန်တော့်ကို ပြောပြထားပါတယ်။ ခင်ဗျားတို့ကို ဟူဘင်းစစ်တပ်က ထုတ်လိုက်ပါပြီ။ အခုချိန်ကစပြီး ခင်ဗျားတို့ ကျုပ်နောက်လိုက်ရတော့မယ်။”
ဒါက…လုချန်း၏ ဆိုလိုရင်းကို နားလည်မှုလွဲခဲ့ကြောင်း လီဖန်းချက်ချင်း သဘောပေါက်လိုက်သည်။ သူတို့သည် “သေဆုံး” သွားပြီဖြစ်သည်။ ဆိုလိုသည်မှာ ရှားနိုင်ငံတော်၏ ဟူဘင်းတပ်မှ ထုတ်ပယ်ခံလိုက်ရပြီဖြစ်သည်။
မုချန်တိန်သည် နဂိုကတည်းက သူတို့အား နေပြည်တော်သို့ ပြန်လာစေရန် စိတ်ကူးရှိခဲ့ပုံ မရပါ။ သူတို့အား မြောက်ပိုင်းစားမင်းသားနောက်ကိုသာ လိုက်စေလိုခြင်း ဖြစ်သည်။
ထိုအခိုက်တွင် လုချန်းက လိမ္မာပါးနပ်စွာ ပြုံးလိုက်ပြီး
“ခင်ဗျားတို့ ကျွန်တော့်နောက် မလိုက်ချင်ရင်လည်း ကျွန်တော်က အတင်းအကြပ် တွန်းအားပေးမှာ မဟုတ်ပါဘူး။”
ထိုစကားကြားသောအခါ လီဖန်းနှင့် စစ်သည်တစ်ရာကျော်တို့က မဆိုင်းမတွပင် ဒူးထောက်လိုက်ကြသည်။
“ မင်းသားကို သေတဲ့အထိ သစ္စာစောင့်သိပါမယ်။”
နောက်နေတာလား။ သူတို့သာ ငြင်းပယ်တဲ့ စကားတစ်ချက်ထွက်ရဲခဲ့လျှင် သူတို့ရန်နယ်က ထွက်နိုင်တော့မည် မဟုတ်ပါ။ သူတို့သည် အရူးများ မဟုတ်ကြ။ ထို့ပြင် မြောက်ပိုင်းမင်းသားနောက် လိုက်ရခြင်းကလည်း ဆိုးသောကိစ္စ မဟုတ်ပါ။ အဆင့်ကိုးသိုင်းပညာရှင်ကို သတ်ဖြတ်နိုင်သည့်လက်နက်ကို ပိုင်ဆိုင်ထားကြောင်း သူတို့သိခဲ့ရကတည်းက မင်းသားက သူ၏အစွမ်းအစများကို ဖုံးကွယ်ထားခြင်းသာဖြစ်သည်ဟု သူတို့ယုံကြည်ခဲ့ကြသည်။
မြောက်ပိုင်းမင်းသားသည် နေပြည်တော်သို့ ပြန်လည်ရောက်ရှိပြီး အာဏာရရှိပါက သူတို့အားလုံးလည်း အကျိုးခံစားခွင့်များကို ရရှိကြမည်ဖြစ်သည်။ ရွေးချယ်ရမည်က ထင်ရှားပေါ်လွင်လှ၏။ တွေးတောစရာပင် မလိုပေ။
လုချန်းက “ကောင်းပါပြီ။အားလုံး ထကြပါ။”
“ကျေးဇူးတင်ပါတယ် မင်းသား။”
လုချန်းက သူ၏ ရင်ဘတ်ထဲမှ တံဆိပ်တစ်ခုကို ထုတ်ယူကာ လီဖန်းထံသို့ ပစ်ပေးလိုက်၏။ “ဗိုလ်ချုပ်လီ၊ ကျွန်တော်တံဆိပ်ကို ယူပြီး မြောက်ပိုင်းမြို့တော်က စစ်တပ်ကို ခေါင်းဆောင်ပါ။” ဟု ပြောလိုက်သည်။
“တပ်တွေကို လေ့ကျင့်သင်ကြားဖို့ကိုလည်း ခင်ဗျားပဲ တာဝန်ယူပါ။”
လီဖန်းက ချက်ချင်းပင် လက်သီးကို ဆုပ်၍ “မင်းသား စိတ်မပျက်စေရပါဘူး။မြောက်ပိုင်းမြို့တော်က တပ်တွေကို လျင်လျင်မြန်မြန် ပြန်လည်စုစည်းပြီး တိုက်ပွဲဝင်နိုင်တဲ့ တပ်ဖွဲ့များဖြစ်အောင် လေ့ကျင့်ထားပါမယ်။”
လုချန်းက “အမြန်လုပ်စရာ မလိုပါဘူး။ ကြီးကြီးမားမားတွေလုပ်ရင် ဆိုးကျိုးတွေ ရှိလာနိုင်တယ်။”
လီဖန်း ချက်ချင်း နားလည်သွားပြီး
“နားလည်ပါတယ်။ သတိထား၍ ဆောင်ရွက်ပါမယ်။”
လီဖန်းက တွေးမိသည်မှာ မြောက်ပိုင်းစားမင်းသားသည် သူ၏ အစွမ်းများကို ဆက်လက်၍ ဖုံးကွယ်ထားရန် စီစဉ်နေခြင်း ဖြစ်မည်။
“ကောင်းပြီ၊ သွားလုပ်ကြပါ။”
ထိုသို့ ပြောလိုက်ပြီးနောက် လုချန်းသည် လှည့်၍ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ထိုအခိုက်တွင် ချူးယုချင်က လုချန်းထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း စိတ်ထဲတွင် မသက်မသာ ခံစားမှုများ ရရှိလာသည်။ ဘာအကြောင်းကြောင့်မှန်းမသိ သူမ လုချန်းရဲ့ ပတ်ဝန်းကျင်မှာ အတွင်းအား တစ်ခုခု ရှိနေသလို ခံစားနေရ၏။
သူမ၏ သံသယကို အတည်ပြုရန် ချူးယုချင်သည် ခြေချောင်းထိပ်ဖျား အားပြု၍ ခုန်လိုက်ကာ ချက်ချင်းပင် လုချန်း၏ အနောက်ကရောက်ရှိသွားသည်။ သူ၏နောက်ကွယ်တွင် အားလှိုင်းတစ်ခု တုန်ခါမှုကို ခံစားရသောအခါ လုချန်းသည် ချက်ချင်းပင် လှည့်ပြန်လိုက်သည်။ ထိုအခါ ချူးယုချင်နှင့် မျက်လုံးချင်း ဆုံမိသွားတော့သည်။
ချူးယုချင်နှင့် လုချန်း စင်တီမီတာ သုံးဆယ်အကွာအဝေးထပ်ပင် နီးကပ်သွားကြသည်။ ညင်သာသော မွှေးရနံ့တစ်ခုကလည်း လုချန်း၏ နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး သူ့ကို တအား တုန်လှုပ်သွားစေသည်။
“ဒေါ်လေးချူး…”
ချူးယုချင်က ပြုံးပြီး
“ချန်းလေး။ ဒေါ်လေးတောင် မထင်ထားဘူး။ မင်းက ဒေါ်လေး နောက်ကွယ်မှာ သိုင်းပညာရှင် ကြီးဖြစ်နေပြီ။ ဒေါ်လေးမင်းသိုင်းကျင့်တာ ဘာလို့များ တစ်ခါမှ မတွေ့ဖူးရတာလဲ။ဘယ်လို အတွင်းအား ကျင့်စဉ်ကို လေ့ကျင့်နေတာလဲ။” ဟုမေးတော့သည်။
လုချန်းက သူလူမိသွားတာကို သိသော်လည်း ခပ် ပြုံးပြုံးလုပ်၍
“ဒေါ်လေးချူး၊ ဒါက မိန်းကလေးတွေ မသိသင့်တဲ့ လျှို့ဝှက်ချက်လေးပါ။”
ချူးယုချင်က စိတ်တိုနေသည့်အသံဖြင့်
“ဒီလို လျှို့ဝှက်ချက်တွေကို မင်းက ဘယ်က လေ့လာလာတာလဲ” ဟု မေးလိုက်သည်။
လုချန်းက ရယ်လိုက်ပြီး “ ယောင်္ကျားလေးတစ်ယောက်မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတာ သဘာဝကျပါတယ်” လို့ ပြန်ဖြေလိုက်သည်။
ချူးယုချင်က လုချန်းကို စကားမပြောတော့ပဲ လေသံတင်းတင်းနဲ့
“ကောင်းပြီလေ၊ မပြောနဲ့တော့။ ဒေါ်လေး ကာကွယ်ရေးကိစ္စတွေ သွားစီစဉ်လိုက်ဦးမယ်။” ဟုပြောဆိုပြီး ထွက်ခွာသွားတော့သည်။
ချူးယုချင်က ထိုစကားပြောပြီးသည်နှင့် မင်းသားစံအိမ် အပေါက်ဝသို့ ထွက်သွားတော့သည်။ လုချန်းက ချူးယုချင်၏ ကျော့ရှင်းလှပသော ပုံပန်းကို ငေးကြည့်ရင်း သူ၏နှလုံးသားထဲမှ မီးတောက်များ ပိုမိုတောက်လောင်လာသည်။ ထို့နောက် လုချန်းလည်း အမြန်ပင် ခေါင်းကိုလှည့်လိုက်ပြီး သူ၏ မောင်းမနှစ်ဦးကို ရှာဖွေကာ အတွင်းအားကျင့်စဉ်ကျင့်ရန် ပြေးသွားလိုက်သည်။
...........