← Chapters

အခန်း ၃၇-၃၉

Vol. 3 Ch. 37-39

အခန်း ၃၇-၃၉

Vol. 3 Ch. 37-39

အခန်း (၃၇)

မြောက်ပိုင်းနယ်စားမင်းသားအပေါ် ဝမ်ချင်းစီ၏ အမြင်

သွေးလဝန်းရဲတိုက်မှ အသက်မသေပဲ ကျန်ရှိသော အဆင့်ကိုး သိုင်းပညာရှင်နှစ်ဦးသည် မြောက်ပိုင်းနယ်စားမင်းသားက အနက်ရောင်လက်နက်တစ်ခုဖြင့် လျှူယွမ်ကို တစ်ခဏအတွင်း သတ်ဖြတ်လိုက်သည်ကို တွေ့မြင်သောအခါ ခုခံတိုက်ခိုက်ရန် လုံးဝ စိတ်မကူးကြတော့ပါ။

ထိပ်သီးအဆင့် တစ်ဝက်ရှိသူကိုပင် မြောက်ပိုင်းနယ်စားမင်းသားက ကြက်ကလေး ငှက်ကလေး သတ်ဖြတ်သကဲ့သို့ လွယ်ကူစွာ သတ်ဖြတ်လိုက်သောကြောင့် အဆင့်ကိုး သိုင်းပညာရှင်နှစ်ဦးဖြစ်သော သူတို့က မည်သို့သော ခုခံမှုကိုမျှ ပြုလုပ်နိုင်ပါမည်နည်း။

ထိုသူမှာ ထိပ်သီးအဆင့် တစ်ဝက်ရှိသူဖြစ်သည်။ ထိပ်သီးအဆင့်သို့ ရောက်ရှိရန် တစ်ခြေလှမ်းသာ ကွာဝေးနေသေးသော ထိပ်သီးအဆင့် တစ်ဝက်ရှိသူဖြစ်သည်။

ထိပ်သီးအဆင့်တစ်ယောက်ပင် ထိပ်သီးအဆင့် တစ်ဝက်ရှိသူကို တစ်ခဏတည်း သတ်ဖြတ်ရန် မလွယ်ကူပေ။ သို့သော် အသုံးမကျသူဟုသတင်းစကားများ ပျံ့နှံ့နေသော မြောက်ပိုင်းနယ်စားမင်းသားသည် တစ်စက္ကန့်အတွင်း သူ့ကို သတ်ဖြတ်ခဲ့သည်။

“မင်းသား၊ ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးပါ။ ကျွန်တော်တို့ဟာ လျှူယွမ်ရဲ့ ခြိမ်းခြောက်မှုကြောင့် ဒီနေရာကို ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ မင်းသားကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး” ဟု သူတို့က တောင်းပန်ကြသည်။

“မင်းသား သနား‌ပေးပါ။ ကျွန်တော်တို့က သွေးလဝန်းရဲတိုက်၏ လျှို့ဝှက်နေရာများကို သိပါတယ်။ မင်းသား သွေးလဝန်းရဲတိုက်ကို ဖျက်ဆီးလိုရင် ကျွန်တော်တို့ အကူအညီ ပေးနိုင်ပါတယ်။”

ထိုသို့ ပြောရင်း သွေးလဝန်းရဲတိုက်မှ အဆင့်ကိုး သိုင်းပညာရှင်နှစ်ဦးသည် အဆက်မပြတ် ဒူးထောက်ဦးညွှတ်နေကြတော့၏။ သူတို့၏ သွေးများသည် သူတို့၏ဆံပင်ရှည်များကိုပင် စေးကပ်နေစေပြီဖြစ်သည်။

ထိုမြင်ကွင်းကို တွေ့မြင်သောအခါ ဝမ်ချင်းစီ၏ စိတ်ထဲတွင် စိတ်ခံစားမှုမျိုးစုံ ပြည့်နှက်သွားတော့သည်။

တစ်ချိန်က သူမသည် အဆင့်ကိုး သိုင်းပညာရှင်များသည် အလွန်ပင် အစွမ်းထက်သည်ဟု ထင်မှတ်ခဲ့ဖူးသည်။ သူမကိုယ်တိုင် အဆင့်ကိုး သိုင်းပညာရှင် ဖြစ်လာပြီးနောက် သူမသည် တစ်နေ့တွင် မိမိကိုယ်ပိုင် အစွမ်းအားဖြင့် မြူကျောင်းတော်နှင့် ဝမ်မျိုးနွယ်များ၏ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

သို့သော် ယခုအခါ အဆင့်ကိုး ဖြစ်ခြင်းသည် သိပ်မထူးခြား‌သော အရာဖြစ်သွားပြီဖြစ်သည်။ အဆင့်ကိုးမျှမက ထိပ်သီးအဆင့် တစ်ဝက်ရှိသူ၏ အဆင့်အတန်းသည်ပင် နောင်အနာဂတ်တွင် ကျဆင်းသွားနိုင်သည်။

ထိုစိတ်ကူးများဖြင့် ဝမ်ချင်းစီသည် လုချန်း၏ လက်ထဲတွင်ရှိသော အမည်းရောင်တုတ်ကို တစ်ကြိမ်ထပ်မံ ကြည့်လိုက်သည်။ ထိုလက်နက်ဖြင့်ဆိုလျှင် ထိပ်သီးအဆင့် တစ်ဝက်ရှိသူမည်သူမဆို သာမန်လူတစ်ဦးနှင့် ကွာခြားမှု မရှိတော့ပေ။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် ထိုကဲ့သို့သော လက်နက်မျိုးကို ထုတ်လုပ်လာနိုင်ပါက သိုင်းလောကတစ်ခုလုံး မှောက်ခုံလန်သွားနိုင်ပေမည်။

ထိုအခိုက်တွင် သိုင်းလောက ပြိုလဲသွားမည်ဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားသည် တိုက်ကြီးတစ်ခုလုံးကို စုစည်းနိုင်မည်ဟု ဝမ်ချင်းစီ ခန့်မှန်းမိသည်။

ထိုအချိန်တွင် လီဖန်းက လုချန်းအား “မင်းသား ဒီလူနှစ်ဦးကို ထိန်းသိမ်းသင့်ပါသလား။ သူတို့က သွေးလဝန်းရဲတိုက်ရဲ့ လျှို့ဝှက်နေရာကို ရှာဖွေရာမှာ ကူညီပေးနိုင်မှာပါ။” ဟု ပြောလိုက်သည်။

ခဏမျှ စဉ်းစားပြီးနောက် လုချန်းက

“ဗိုလ်ချုပ်လီ၊ ဒီအဆင့်ကိုး သိုင်းပညာရှင်နှစ် ယောက် ထွက်မပြေးဘူးလို့ ခင်ဗျားအာမခံနိုင်လား။” ဟု မေးမြန်းလိုက်သည်။

လီဖန်းက “မင်းသား၊ ကျွန်တော်သူတို့ရဲ့ ညှပ်ရိုးတွေကိုဖောက်ပြီး သံကွင်းခတ် ချုပ်နှောင်ထားရင် သူတို့၏ စွမ်းအားများတွေကို အသုံးမပြုနိုင်ပါဘူး။” ဟု ပြန်လည်ပြောကြားလိုက်သည်။

လုချန်းက ပြုံးလိုက်ပြီး “ဗိုလ်ချုပ်လီ။ ကျွန်တော်မေးတာက ဒီအဆင့်ကိုး သိုင်းပညာရှင်နှစ်ယောက် ထွက်မပြေးဘူးလို့ အာမခံနိုင်လား မေးတာ” ဟု မေးမြန်းလိုက်သည်။

လီဖန်း တိတ်ဆိတ်သွားသည်။

သေချာပေါက် သူသည် ထိုကဲ့သို့ အာမခံနိုင်မည် မဟုတ်ပေ။

သူတို့သည် ထိုလူနှစ်ဦး၏ ညှပ်ရိုးကို သံကွင်းခတ်ပြီး ချုပ်နှောင်ထားလျှင်တောင် အဆင့်ကိုး သိုင်းပညာရှင်များ ဖြစ်သောကြောင့် ထွက်ပြေးရန် နည်းလမ်းများကို ဆက်လက် ရှာဖွေနေနိုင်ဆဲ ဖြစ်သည်။

လီဖန်း တိတ်ဆိတ်နေသည်ကို တွေ့သောအခါ လုချန်းသည် လီဖန်းပင် သူတို့ ထွက်ပြေးမည် မဟုတ်ကြောင်း အသေအချာ အာမခံနိုင်မည် မဟုတ်ကြောင်း သိရှိလိုက်သည်။

သူ့ဘေးတွင် အဆင့်ကိုး တစ်ဦးနှင့် ထိပ်သီးအဆင့် တစ်ဝက်ရှိသူ တစ်ဦး ရှိသော်လည်း တစ်ဦးမှာ ဝမ်ချင်းစီဖြစ်ပြီး နောက်တစ်ဦးမှာ ချူးယုချင်ဖြစ်နေသည်။ သူသည် သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများကို စောင့်ကြည့်ရန် သူတို့ကို ခိုင်းစေနိုင်မည် မဟုတ်ပေ။

လီဖန်းနှင့် ကျန်သူများက ထိုလုပ်ကြံသူများကို စောင့်ကြည့်ရမည်ဆိုပါက လီဖန်းသည် အဆင့်ခုနစ်ရှိသာပြီး ကျန်ရှိသော စစ်သားများသည် အဆင့်သုံးနှင့် အဆင့်လေးများ ဖြစ်သောကြောင့် သွေးလဝန်းရဲတိုက်မှ လုပ်ကြံသူများသည် အမှန်တကယ် ထွက်ပြေးဖို့ ကြိုးစားလာပါက သူတို့လည်း တားဆီးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် စိတ်ချရစေရန် ထိုသူနှစ်ဦးကို ရှင်းလင်းလိုက်တာက ပိုကောင်းသည်။

ထိုစိတ်ကူးဖြင့် လုချန်းသည် နောက်ထပ် စကားတစ်ခွန်းမျှ မပြောဘဲ သူ၏ လက်အင်္ကျီလက်ထဲမှ မျက်လှည့်ပြသကဲ့သို့ သဲကန္တာရသိမ်းငှက်သေနတ်ကို ထုတ်ယူလိုက်ပြီး အဆင့်ကိုး သိုင်းပညာရှင်နှစ်ဦးကို ချိန်လိုက်ကာ နှစ်ချက်ဆက်တိုက် ပစ်ခတ်လိုက်သည်။

“ ဒိုင်း ဒိုင်း”

သွေးလဝန်းရဲတိုက်မှ စေလွှတ်လိုက်သော နောက်ဆုံး လုပ်ကြံသူနှစ်ဦးသည် မြေပေါ်သို့ လဲကျသွားတော့သည်။ ထိုသို့ဖြင့် သွေးလဝန်းရဲတိုက်မှ စေလွှတ်လိုက်သော လုပ်ကြံသူများအားလုံး သုတ်သင်ခံလိုက်ရပြီး မြောက်ပိုင်းနယ်စားမင်းသား လုရှုယွမ်၏ စီစဉ်မှုသည် နောက်တစ်ကြိမ်ထပ်မံ၍ ပျက်ပြားသွားခဲ့ရ‌ တော့သည်။

အဆင့်ကိုး ပညာရှင်နှစ်ဦး ကျဆုံးသွားသည်ကို တွေ့မြင်သောအခါ စစ်သည်များသည် တံတွေးမျိုချလိုက်မိကြသည်။

ယခင်ကဆိုလျှင် အဆင့်ကိုး တစ်ဦးသည် သူတို့ထဲမှ အယောက်ငါးဆယ်ကို အနိုင်ယူနိုင်သည်။ ပုံမှန်အခြေအနေများတွင် ဤအဆင့်ကိုး ပညာရှင်နှစ်ဦးသည် အင်အားတစ်ရာကျော်ရှိ‌သော သူတို့အားလုံးကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။

သို့သော် ယခုအခါ အဆင့်ကိုး ပညာရှင်နှစ်ဦးကို သူတို့၏ မင်းသားက လွယ်ကူစွာပင် ကွပ်မျက်ခဲ့သည်။

မင်းသား၏ လက်ထဲတွင်ရှိသော လက်နက်သည် ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုကဲ့သို့သော လက်နက်မျိုးကို နောင်အနာဂတ်တွင် သူတို့အပေါ် သုံးစွဲပါက မည်သို့ဖြစ်လာမည်ကို သူတို့ မစဉ်းစားရဲကြပေ။

ထိုအခိုက်တွင် လီဖန်းနှင့် အခြားသူများသည် မြောက်ပိုင်းမြို့တော်တွင် နေထိုင်ရန် ရွေးချယ်ခဲ့ခြင်းသည် အမြော်အမြင်ရှိသော လုပ်ရပ်ဖြစ်ကြောင်း တွေးမိကြပြီး စိတ်သက်သာရာရသွားကြသည်။

နေပြည်တော်သို့ ပြန်သွားရန် ရွေးချယ်ခဲ့ပါက ရန်ခရိုင်မှ ထွက်နိုင်မည်ပင် မဟုတ်လောက်ပေ။ သူတို့ နေပြည်တော်ကို ပြန်ရောက်ခဲ့လျှင်ပင် မြောက်ပိုင်းမယ်စားမင်းသား အာဏာရရှိလာသည့်အခါ သူတို့သည် မြောက်ပိုင်းနယ်စားမင်းသား၏ လက်ထဲတွင်ရှိသော ထိုလျို့ဝှက်ဆန်းကြယ်လက်နက်များကို တိုက်ရိုက် ရင်ဆိုင်ရမည်ဖြစ်သည်။

လက်ပစ်ဗုံး ပေါက်ကွဲခဲ့သည့်အကြောင်းကို သူတို့ ထပ်မံစဉ်းစားလိုက်သည့်အခါ သူတို့၏ ခန္ဓာကိုယ်များ မထိန်းချုပ်နိုင်အောင် တုန်ယင်လာကြတော့သည်။

ထိုအခိုက်တွင် ဝမ်ချင်းစီသည် လုချန်း၏ လက်ထဲတွင်ရှိသော သဲကန္တာရသိမ်းငှက်သေနတ်ကို အကဲခတ်ကြည့်နေသည်။ သူမသည် မြောက်ပိုင်းနယ်စားမင်းသားတွင် ထိုရှည်လျားနက်မှောင်သော လက်နက်တစ်ခုသာ ရှိသည်ဟု ထင်ခဲ့၏။ အခုတော့ မြောက်ပိုင်းနယ်စားမင်းသားတွင် အဆင့်ကိုး သိုင်းပညာရှင်တစ်ဦးကို လွယ်ကူစွာ သတ်ဖြတ်နိုင်သော လျှို့ဝှက်လက်နက်တစ်ခုလည်း ရှိနေသည်ကို တွေ့ရှိရသဖြင့် ထပ်မံအံ့အားသင့်သွားတော့သည်။

မြောက်ပိုင်းနယ်စားမင်းသားက ဘယ်လို ကြောက်မက်ဖွယ်ကောင်းသည့် လက်နက်မျိုး ပိုင်ဆိုင်နိုင်‌တာလဲ။ ထိုလက်နက်တွေက ဘယ်နေရာက လာတာလဲ။

ဝမ်ချင်းစီသည် ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် လက်နက်မျိုးသည် ဤလောကတွင် မရှိကြောင်း လုံးဝယုံကြည်သည်။ မဟုတ်ပါက သိုင်းလောကတစ်ခုလုံး ကမောက်ကမ ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

ထိုအခိုက်တွင် လုချန်းသည် သူ၏ ဦးခေါင်းကို လှည့်ကာ ဝမ်ချင်းစီကို ကြည့်လိုက်သည်။ ဝမ်ချင်းစီ၏ နူးညံ့သော ကိုယ်လုံးသည် အနည်းငယ် တုန်လှုပ်သွားပြီး သူမ၏ စိတ်ထဲမှ စိတ်ကူးများ ပျောက်ကွယ်သွားသည်။

လုချန်း၏ အကြည့်တစ်ချက်ကပင် ဝမ်ချင်းစီအား ကြောက်စိတ်များ လွှမ်းမိုးသွားစေသည်။ သူမ၏ နှလုံးသားထဲတွင် မြောက်ပိုင်းနယ်စားမင်းသားသည် သေခြင်း၏ နတ်ဘုရားသဖွယ် ဖြစ်လာခဲ့သည်။

လုချန်းက ပြုံးလိုက်ပြီး “ချင်းစီ၊ မြူကျောင်းတော်က လူတွေကို ဘယ်လိုလုပ်လိုက်လဲ” ဟု မေးမြန်းလိုက်သည်။

လုချန်းသည် ဝမ်ချင်းစီကိုသာ လက်ခံသိမ်းသွင်းခဲ့ခြင်း ဖြစ်သောကြောင့် သူသည် မြူကျောင်းတော်မှ ကျန်ရှိသူများကို ချမ်းသာပေးရန် ရည်ရွယ်ချက် မရှိပေ။ အပြည့်အဝ ထိန်းချုပ်နိုင်မည် မဟုတ်သည့် အရာများကို လုံးဝ ဖျက်ဆီးလိုက်သင့်သည်။

သူသည် ကမ္ဘာတစ်ခုလုံးနှင့် ယှဉ်ပြိုင်နိုင်ရန် လုံလောက်သည့်အဆင့်သို့ မရောက်ရှိသေးပေ။ ထို့ကြောင့် သူသည် ဆက်လက်၍ သတိထား လုပ်ဆောင်ရန် လိုအပ်သေးသည်။

လုချန်း၏ မေးခွန်းကို ကြားသောအခါ ဝမ်ချင်းစီသည် ချက်ချင်း ပြန်လည်ပြောကြားလိုက်သည်။

“မင်းသား စိတ်ချပါ။ ကျွန်မ ဒေါ်လေးချူးရဲ့ အကူအညီနှင့် သူတို့အားလုံးကို ကိုင်တွယ်ပြီးပါပြီ။”

ဟမ်။

လုချန်းသည် ဝမ်ချင်းစီ၏ အဖြေကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ တကယ်တော့ သူသည် ဝမ်ချင်းစီ ထိုကဲ့သို့ လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူမသည် မြူကျောင်းတော်၏ သူတော်စင်မဖြစ်ပြီး ငယ်စဉ်ကတည်းက ထိုနေရာတွင် ကြီးပြင်းလာခဲ့သောကြောင့်ဖြစ်သည်။

ထို့နောက် ချူးယုချင်က ပြောလိုက်သည်။

“ချန်းလေး။ နောက်ပိုင်းတွေမှာ ဘာလုပ်မှာလဲ။”

သူတို့သည် သွေးလဝန်းရဲတိုက်၏ လုပ်ကြံမှုကို တားဆီးနိုင်ခဲ့သော်လည်း သွေးလဝန်းရဲတိုက်က ဒီအတိုင်း လွှတ်ထားလိမ့်မည်ဟု ချူးယုချင် မယုံကြည်ပေ။

ယခုအကြိမ်တွင် သူတို့၏ ဒုတိယရဲတိုက်မှူးသည် မြောက်ပိုင်းစားမင်းသားစံအိမ်တွင် သေဆုံးသွားပြီဖြစ်သည်။ သွေးလဝန်းရဲတိုက်က မရမက လက်စားချေတတ်သည်ဟု နာမည်‌ကျော်ကြားသည်။ သူတို့ လက်စားချေရန် ပြန်လာမည်မှာ သေချာသည်။

မင်းသားစံအိမ် အခြေအနေက အန္တရာယ် များ‌နေဆဲဖြစ်သည်။

ခဏမျှ စဉ်းစားပြီးနောက် လုချန်းက

“ဒီနေ့ဖြစ်ခဲ့‌တာတွေကို သတင်းဖြန့်လိုက်ပါ။ မင်းသားစံအိမ်က လျှို့ဝှက်ထိပ်သီးပညာရှင်က ထွက်ခွာသွားခြင်း မရှိသေးပဲ ထိပ်သီးပညာရှင်ရဲ့ အကူအညီနဲ့ သွေးလဝန်းရဲတိုက်ရဲ့ လုပ်ကြံမှုကို တစ်ကြိမ်ထပ်မံ တားဆီးနိုင်ခဲ့တယ်ဆိုပြီး သတင်းဖြန့်လိုက်ပါ။” ဟု ပြောလိုက်သည်။

လုချန်းသည် သူ၏ သဲကန္တာရသိမ်းငှက်သေနတ်နှင့် ဘာရတ်‌သေနတ်ကို ကမ္ဘာကြီးကိုထုတ်ဖော်ပြသရန် အဆင်သင့် မဖြစ်သေးပေ။ ထို့ကြောင့် သူသည် မင်းသားစံအိမ်အား ရန်ရှာသူများကို ဟန့်တားရန် လျှို့ဝှက်ထိပ်သီးပညာရှင်ကိုသာ အသုံးပြုနိုင်သည်။

ချူးယုချင်က ခဏမျှ စဉ်းစားပြီးနောက် လုချန်း၏ နည်းလမ်း မှန်ကန်ကြောင်း သဘောတူလိုက်သည်။

“ချန်းလေး၊ မုကျိရွှမ်းတို့ကို သွားကြည့်သင့်တယ်။ ဒီမှာရှိတဲ့ ကိစ္စတွေကို ဒေါ်လေးတို့ကို ပေးထားလိုက်ပါ” ဟုပြောလိုက်သည်။

မုကျိရွှမ်းနဲ့ ကျောင်းညီအစ်မတို့က ဥမင်လှိုင်‌ ခေါင်းထဲမှာ ရှိနေဆဲဖြစ်ပြီး စံအိမ်ပေါ်မှာ လှုပ်လှုပ်ရှားရှားတွေဖြစ်နေတာကို သိရှိနေပြီး စိုးရိမ်ပူပန်နေကြမည်ဖြစ်သည်။ ထို့ကြောင့် ချူးယုချင်က လုချန်းအား သူတို့ကို ဦးစွာ သွားကြည့်စေချင်သည်။

မုကျိရွှမ်း အပါအဝင် အမျိုးသမီးသုံးဦးစလုံး ကိုယ်ဝန်ဆောင်နေကြသူများဖြစ်ပြီး အလွန်အမင်း ထိတ်လန့်မှုများ မဖြစ်စေသင့်ပေ။

လုချန်းက “ကောင်းပါပြီ” ဟုသာ ပြောပြီး ထွက်ခွာသွားလိုက်သည်။

ထိုအချိန်တွင်ပင် မင်းသားစံအိမ်၏ ဥမင်အတွင်း၌ မုကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့သည် ဥမင်၏ အပေါ်ဘက်သို့ စိုးရိမ်စွာ ကြည့်နေကြသည်။

ကျောင်းရှောင်ရှောင်က မုကျိရွှမ်းကို

“မုအစ်မ၊ မင်းသား အဆင်ပြေမှာ မဟုတ်လား” ဟု မေးမြန်းလိုက်သည်။

ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့သည် သူတို့၏ မိသားစု ပျက်စီးခဲ့ရသည့် ဒုက္ခကို ခံစားခဲ့ရသဖြင့် ယခုကဲ့သို့သော ကိစ္စရပ်များကို ပိုမိုခံစားမိကြသည်။ ယခင်က ဘဝပုံစံသို့ သူတို့ ပြန်မသွားလိုကြပေ။ သူတို့အတွက် မြောက်ပိုင်းနယ်စားမင်းသားသည် ကောင်းကင်ကြီးကဲ့သို့ ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား တစ်ခုခုဖြစ်ပါက သူတို့၏ ကမ္ဘာကြီး ပြိုလဲသွားမည် ဖြစ်သည်။

မုကျိရွှမ်းက “စိတ်မပူပါနဲ့၊ မင်းသား အဆင်ပြေမှာပါ” ဟု အားပေးစကား ပြောလိုက်သည်။

မုကျိရွှမ်းသည် ယခင်က လုချန်း လျို့ဝှက်လက်နက်ဖြင့် အဆင့်ကိုး သိုင်းပညာရှင်ကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို ကိုယ်တိုင် မတွေ့မြင်ခဲ့သော်လည်း လူယုံများထံမှ နောက်ပိုင်းတွင် ကြားသိခဲ့ရသည်။

ထို့ကြောင့် သူမသည် မိမိလက်ထပ်ထားသော လူသားသည် သာမန်လူသားမဟုတ်ကြောင်း ခိုင်မာစွာ ယုံကြည်သည်။ သူသည် သွေးလဝန်းရဲတိုက်၏ လုပ်ကြံမှုများကို လွယ်ကူစွာ ကိုင်တွယ်နိုင်မည် ဖြစ်သည်။ သူတို့ ဒီနေရာမှာ စောင့်ဆိုင်းနေရုံသာ လိုအပ်သည်။

ထိုအခိုက်တွင် ပိန်ပါး၍ ခန့်ညားသော လူတစ်ဦးသည် ဥမင်ထဲသို့ ဝင်လာသည်။ လုချန်းဖြစ်ကြောင်း တွေ့မြင်သောအခါ ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့သည် တုန့်ဆိုင်းမနေတော့ဘဲ ပြေး၍ဖက်လိုက်ကြသည်။

“တော်သေးတာပေါ။ မင်းသား ဘာမှမဖြစ်ဘူး။”

“ကျွန်မတို့ သေအောင် ကြောက်နေကြတာ။”

လုချန်းက ကျောင်းယိုယိုနှင့် ကျောင်းရှောင်ရှောင်တို့၏ ကျောပြင်များကို ပုတ်ပေးလိုက်ပြီး ပြုံးလျက်

“အားလုံး ပြီးသွားပါပြီ။ ဘာမှမဖြစ်တော့ပါဘူး ” ဟု ပြောလိုက်သည်။

အခန်း (၃၈)

နေပြည်တော်တွင် ပျံ့နှံ့သွားသော ကောလဟလများ

မနက်စောစောပိုင်းတွင် မြောက်ပိုင်းမြို့တော်၏ စစ်တပ်က ရန်ခရိုင်ကို ပိတ်ဆို့လိုက်သည်။ လမ်းများပေါ်တွင် စစ်သားများသည် လမ်းတိုင်းလိုလိုတွင် သွားလာနေကြသည်။ ထိုမြင်ကွင်းကို တွေ့မြင်သောအခါ ပြည်သူများသည် အလွန်ကြောက်ရွံ့လန့်ဖြန့်သွားကြကာ သူတို့၏ နေအိမ်များသို့ အမြန်ပြေးဝင်ကြသည်။

ထို့အပြင် နယ်စားရုံး ဝင်ပေါက်ကိုလည်း စစ်သားတစ်စုက ဝိုင်းရံထားသည်။ လိယုရီသည် သူ၏ ဇနီး ကြောက်လန့်တကြားဖြင့် ခန်းထဲသို့ ဝင်လာပြီး အော်ဟစ်လိုက်သည့် အချိန်မှသာ အိပ်ရာမှ ထလာခဲ့သည်။

“သခင်ကြီး။ ဆိုးဆိုးရွားရွား တစ်ခုဖြစ်သွားပြီထင်တယ်။”

လိယုရီသည် သူ့ဇနီး၏ အသံကို ကြားသောအခါ အိမ်ချင်မူးတူးဖြင့် ထလိုက်ရပြီး “သခင်မကြီး၊ ဘာဖြစ်လို့လဲ” ဟု မေးမြန်းလိုက်သည်။

လိက‌တော်က

“စစ်သားအုပ်စုတစ်စု နယ်စားရုံးကို ရှာဖွေဖို့ ရောက်နေတယ်” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လိယုရီ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး လုံးဝ နိုးကြားသွားသည်။

သူကချက်ချင်း အိပ်ရာပေါ်မှ ထလိုက်ပြီး

“ဘာဖြစ်နေတာလဲ။ နယ်စားရုံးကို စစ်သည်တွေက ဘာလို့ ရှာဖွေနေရတာလဲ” ဟု မေးမြန်းလိုက်သည်။

လိက‌တော်က

“ကျွန်မလည်း ဘာဖြစ်မှန်း မသိဘူး၊ သခင်ကြီး သွားကြည့်သင့်တယ်။ သူတို့က တံခါးဖျက်ပြီး ဝင်ဖို့ပြင်ဆင်နေပြီ” ဟု ပြောလိုက်သည်။

လိယုရီသည် သူ၏နယ်စားဝတ်စုံကိုပင် မဝတ်တော့ပဲ နယ်စားရုံးတံခါးဆီသို့ အမြန်ပြေးသွားလိုက်သည်။ ထိုအခိုက်တွင် လိယုရီ အလွန်တရာ တုန်လှုပ်နေသည်။ မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို တစ်ခုခု လုပ်တော့မလားဟု စဉ်းစားနေသည်။

သို့သော် သူသည် စစ်တပ်အာဏာကို လွှဲပြောင်းပေးပြီး မြောက်ပိုင်းနယ်စားမင်းသား လုပ်ငန်းများကို ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို ဘာမှလုပ်စရာ မလိုဘူး မဟုတ်လား။ယခုအခါ သူသည် သူ့ကိုယ်သူ မြောက်ပိုင်းနယ်စားမင်းသား၏ လူတစ်ဦးဟု ယူဆပြီးဖြစ်သည်။ ဘယ်သူက ကိုယ့်လူကို ပြန်ပြီးဒုက္ခပေးမှာလဲ။

သူကဲ့သို့သော နယ်စားအား ဖယ်ရှားပါက မြောက်ပိုင်းနယ်စားမင်းသားအတွက် မြောက်ပိုင်းမြို့တော်ရှိ အာဏာရှိ အုပ်စုအသီးသီးကို နှိမ်နင်းရန် ပို၍ ခက်ခဲလာမည်ဖြစ်သည်။

မကြာမီ လိယုရီသည် နယ်စားရုံး ဝင်ပေါက်သို့ ရောက်ရှိလာသည်။ စစ်သားများကို ဦးဆောင်လာသော အရာရှိသည် သူသိပြီးသား လူတစ်ဦးဖြစ်ကြောင်း တွေ့မြင်သောအခါ လိယုရီသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး

“ဗိုလ်ကြီးဝူ၊ ဘာကိစ္စရှိလို့လဲ” ဟု မေးမြန်းလိုက်သည်။

ဝူဟုန်က ပြုံးလျက်

“နယ်စားကြီး အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပါ။ ညက မင်းသားကို သွေးလဝန်းရဲတိုက်က လုပ်ကြံသူတွေက တိုက်ခိုက်ခဲ့တယ်။ လုပ်ကြံသူအချို့လည်း ထွက်ပြေးသွားတယ်လို့ ဆိုတယ်။ မင်းသားက မြို့တစ်ခုလုံး ရှာဖွေဖို့ အမိန့်ထုတ်ထားတယ်။ ဘယ်သူ့ရဲ့ နေအိမ်မှ ကျန်လို့မရဘူး။” ဟု ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ လိယုရီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပင်

“မင်းသား ဘေးရန်ကင်းပါသလား” ဟု မေးမြန်းလိုက်သည်။

ဝူဟုန်က

“နယ်စားကြီး၊ စိတ်မပူပါနှင့်။ မင်းသားစံအိမ်မှ လျှို့ဝှက်ထိပ်သီးပညာရှင်ရဲ့ အကူအညီကြောင့် မင်းသား အထိတ်တလန့် ဖြစ်သွားရုံကလွဲပြီး ဘာထိခိုက်မှုမှ မခံရပါဘူး” ဟု ပြန်လည်ပြောကြားလိုက်သည်။

ထိုသတင်းကို ကြားသောအခါ လိယုရီသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသား သေဆုံးသွားပါက နယ်စားဖြစ်သူ သူသည်လည်း ပြဿနာထဲ ပါဝင်ပတ်သက်သွားမည်ဖြစ်သည်။

ထို့နောက် လိယုရီက “ကောင်းပါပြီ၊ ရှာဖွေမှုကို ဆက်လက်လုပ်ဆောင်ပါ” ဟု ပြောလိုက်သည်။

ဝူဟုန်က ဦးညွှတ်ပြီး

“နားလည်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။

ထို့နောက် ဝူဟုန်က စစ်သားများကို ဦးဆောင်၍ နယ်စားရုံးအတွင်းသို့ အလျင်အမြန် ရှာဖွေမှု ပြုလုပ်ပြီး နောက်အိမ်သို့ ဆက်လက်ထွက်ခွာသွားလေသည်။ မကြာမီပင် မြောက်ပိုင်းနယ်စားမင်းသား၏ အသက်ကို လုပ်ကြံသည့် သတင်းသည် ရန်ခရိုင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

မြောက်ပိုင်းနယ်စားမင်းသားအား သွေးလဝန်းရဲတိုက်မှ လူများက လုပ်ကြံတိုက်ခိုက်မှုတွင် မင်းသားစံအိမ်မှ လျို့ဝှက်ထိပ်သီးပညာရှင်က တားဆီးနိုင်ခဲ့သည်ဟု ရန်ခရိုင်ရှိ လူအားလုံးနီးပါးသည် သိရှိကြသည်။

မြောက်ပိုင်းနယ်စားမင်းသားသည် အစွမ်းမရှိသော မင်းသားဟု သတ်မှတ်ခံရသော်လည်း သူက မင်းသားတစ်ပါးပင်ဖြစ်သည်။ မင်းသားတစ်ပါးကို လုပ်ကြံရန် ကြိုးစားခြင်းသည် ကြီးမားသော ဖြစ်ရပ်တစ်ခုဖြစ်သည်မှာ အသေအချာပင်ဖြစ်သည်။

ထိုသတင်းသည် နေပြည်တော်သို့ အလျင်အမြန် ပျံ့နှံ့သွားသည်။

မင်းသားလုရှုယွမ်၏ နေအိမ်။

ဝမ်ချင်းစီထံမှ စာပို့ခိုဖြင့် ပို့လာ‌သောစာကို တွေ့မြင်သောအခါ လုရှုယွမ်၏ ဒေါသပေါက်ကွဲသွားတော့သည်။ သူသည် လက်ကိုမြှောက်ကာ စားပွဲပေါ်ရှိ ပစ္စည်းအားလုံးကို တွန်းချလိုက်ပြီး စားပွဲကိုလည်း လှန်ချလိုက်သည်။

လုရှုယွမ်သည် အခန်းထဲရှိ ခွဲနိုင်သမျှ ပစ္စည်းအားလုံးကို ပစ်ခွဲနေ ‌‌သည့်အတွက် ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။

“အမှိုက်။ အမှိုက်။ အကုန် အမှိုက်တွေပဲ။”

“အဆင့်ကိုး သိုင်းပညာရှင် ခြောက်‌ယောက်နဲ့ ထိပ်သီးအဆင့် တစ်ဝက် တစ်ယောက်။ ဒါပေမဲ့ အသုံးမကျတဲ့ လူတစ်ယောက်ကိုတောင် သတ်မသွားနိုင်ဘူး။”

“မင်းတို့က ဘာအသုံးတည့်လဲ။”

လုရှုယွမ်ရဲ့ အသံကို ကြားတော့ အခန်းထဲမှ အစေခံများအားလုံး တစ်ဖက်တွင် စု၍ရပ်‌နေကြပြီး တုန်ယင်နေကြ၏။ အသံတစ်ချက်ပင် ထွက်ရဲခြင်း မရှိကြပေ။ လုရှုယွမ်သည် ထိုလုပ်ငန်းစဉ် တကယ်ပင် မ‌အာင်မြင်ခဲ့ရသည်ကို ယုံကြည်နိုင်ခြင်း မရှိပေ။

လျှို့ဝှက်ထိပ်သီးပညာရှင်သည် မြောက်ပိုင်းစားမင်းသားစံအိမ်တွင် ဆက်လက်ရှိနေသော်လည်း သွေးလဝန်းရဲတိုက်မှ ထိပ်သီးအဆင့် တစ်ဝက် ရှိသူက ထိုသူကို ခဏတာ အချိန်ဆွဲထားနိုင်ရမည်ဖြစ်ပြီး ထိုအချိန်တွင် အခြားသော အဆင့်ကိုး သိုင်းပညာရှင်များက လုချန်းကို သတ်ဖြတ်ရန် အခွင့်အရေး ရယူရမည်ဖြစ်သည်။

သို့သော် သွေးလဝန်းရဲတိုက်သည် တကယ်ပင် ရှုံးနိမ့်ခဲ့သည်။

သွေးလဝန်းရဲတိုက်မှ လူများသာမက မြူကျောင်းတော်မှ စေလွှတ်သူ အားလုံးနီးပါးလည်း သေဆုံးခဲ့ကြသည်။ ဝမ်ချင်းစီတစ်ဦးတည်းသာ ထွက်ပြေးနိုင်ခဲ့ပြီး သတင်းများအရ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကာ ရန်ခရိုင်တွင် ပုန်းအောင်းနေပြီး အသက်လုနေရသည်။

ဒေါသကြောင့် သူ၏အဆုတ်များ ပေါက်ကွဲသွားတော့မလို လုရှုယွမ် ခံစားနေရသည်။ ထိုအသုံးမကျသော လုချန်းကို ဖယ်ရှားခြင်းက လွယ်ကူသော အလုပ်တစ်ခုဖြစ်မည်ဟု သူ စဉ်းစားခဲ့သော်လည်း ယခုအခါ သူသည် နှစ်ကြိမ်တိုင်တိုင် မအောင်မြင်ခဲ့‌ပေ။

ဤသို့သော နှစ်ကြိမ်ရှံးနိမ့်မှုက နောင်တွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို တိုက်ခိုက်ရန် ပိုမို၍ ခက်ခဲလာစေမည်ဖြစ်သည်။ အခြားသော အဖွဲ့များသည် အရူးများ မဟုတ်ကြပေ။ သွေးလဝန်းရဲတိုက်ကဲ့သို့သော ကြေးစားလူသတ်သမား အဖွဲ့အစည်းသည်ပင် မအောင်မြင်ခဲ့‌ပေ။ ထို့ကြောင့် အခြားသော ကြေးစားအဖွဲ့အစည်းများက သူငှားရမ်းလာပါက ငြင်းဆိုကြမည်မှာ သေချာသည်။

လုရှုယွမ်သည် ပစ္စည်းများကို ပစ်ခွဲခြင်းဖြင့် သူ၏ စိတ်ဆိုးမှုကို ဖြေဖျောက်နေစဉ်တွင် အစေခံတစ်ဦး အလောတကြီး ပြေးဝင်လာသည်။

“မင်းသား။ ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဘေးဆိုးကြီးတစ်ခုဖြစ်ပါတယ်။”

လုရှုယွမ်သည် မခံမရပ်နိုင်အောင် ဒေါသထွက်နေပြီး အစေခံ၏ ကြောက်လန့်တကြား သတင်းပို့သံကို ကြားသောအခါ သူ၏ ဒေါသသည် ပိုမိုကြီးမားလာသည်။ သူသည် အစေခံကို ဆောင့်ကန်လိုက်သဖြင့် အစေခံလည်း လွင့်ထွက်သွားပြီး နံရံနှင့် ဆောင့်မိသွားသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ ကန်အားက မပြင်းထန်လှပါ။ သူသည် အစေခံကို သေသည်အထိ ကန်မိခြင်း မရှိပါ။ သွေးများကို ထွေးထုတ်လိုက်ပြီးနောက် အစေခံက အမြန်ပြန်ထလိုက်ပြီး

“မင်းသား။ မင်းသားက တောင်ပိုင်းအာဏာရှိ အုပ်စုတွေရဲ့ထောက်ခံမှုကို ရယူဖို့ သွေးလဝန်းရဲတိုက်က လူသတ်သမားတွေကို စေလွှတ်ပြီး မြောက်ပိုင်းနယ်စားမင်းသားကို သတ်ဖို့ကြိုးစားတယ်ဆိုတဲ့ ကောလဟာလတွေ နေပြည်တော်တစ်ခုလုံးမှာ ပျံ့နှံ့နေပါတယ်” ဟု ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ လုရှုယွမ် တုန်လှုပ်သွားပြီး ခဏမျှ မလှုပ်ရှားနိုင် ဖြစ်သွားသည်။ ထို့နောက် သူသည် ချက်ချင်းပင် ကိုယ့်ကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်၏။ သူ၏ မျက်နှာသည် ခဏတာအတွင်း ညိုမှောင်သွားသည်။

“ငါ့ညီအစ်ကိုကောင်းတွေက တကယ်ပဲ ဖြစ်နိုင်တဲ့ အခွင့်အရေးတိုင်းကို ယူတတ်ကြတာပဲ။”

နိုင်ငံရေးတွင် လုပ်ဆောင်နိုင်သောအရာကို ကြေညာ၍ မရပေ။ ကြေညာသောအရာကို လုပ်ဆောင်၍ မရပေ။ ညီအစ်ကိုမင်းသားများအကြား နန်းလျာ‌ နေရာအတွက် သတ်ဖြတ်ခြင်းသည် ပုံမှန်ဖြစ်လေ့ရှိသော ကိစ္စတစ်ခု ဖြစ်သော်လည်း တားမြစ်ထားသော ကိစ္စဖြစ်သည်။

မင်းသားလုရှုယွမ်သည် မြောက်ပိုင်းနယ်စားမင်းသား လုချန်းကို ဖယ်ရှားလိုသည့် ဆန္ဒရှိသူဖြစ်ကြောင်း အားလုံးက သိရှိကြသည်။ သူတို့၏ မိခင်မျိုးရိုးများသည် တောင်ပိုင်း အာဏာရှိ မိသားစုများမှ ဆင်းသက်လာကြသည်။ နန်းလျာဆက်ခံရေး ကိစ္စတွင် သူတို့အနေနှင့် မင်းသားတစ်ပါးကိုသာ ထောက်ခံနိုင်သည်။

သို့သော် ထိုကဲ့သို့သော ကိစ္စရပ်များသည် လူသိရှင်ကြား ဆွေးနွေးခြင်းမရှိသော ကိစ္စများဖြစ်သည်။ မင်းသားညီအစ်များ အချင်းချင်း နန်းလျာနေရာအတွက် သတ်ဖြတ်သည်ဆိုသော ကိစ္စမှာ လူကြားကောင်းသော ကိစ္စ မဟုတ်ပါ။

ထိုကဲ့သို့သော ကိစ္စရပ်များသည် ဘုရင့် မျိုးနွယ်များကြား တားမြစ်ထားသော ကိစ္စရပ်များဖြစ်လျှင် ယခု နေပြည်တော်တွင် သူသည် မြောက်ပိုင်းနယ်စားမင်းသား လုချန်းကို လုပ်ကြံရန် လူများကို စေလွှတ်သည်ဟူသော သတင်းစကားများက အဘယ့်ကြောင့် ပျံ့နှံ့နေရသနည်း။

ထင်ရှားသည်မှာ အခြားသော မင်းသားတစ်ပါးသည် ဤကိစ္စ၏ နောက်ကွယ်တွင် ရှိနေပြီး သူ့ကို အိမ်ရှေ့စံ နေရာအတွက် ယှဉ်ပြိုင်ပွဲတွင် အားနည်းသွားအောင် ကြံစည်နေခြင်းဖြစ်သည်။

နေပြည်တော်ရှိ သတင်းစကားများကို ကြားသိပြီးနောက် လုချန်းကို မည်သို့ ဖယ်ရှားရမည်ကို စဉ်းစားနေသည့် လုရှုယွမ်လည်း သူ့အနေနှင့် လုချန်းနှင့် ပက်သက်ပြီး ဘာမှထပ်လုပ်ရန် မဖြစ်နိုင်တော့သည့် အခြေအနေကို ရောက်ရှိသွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။

ဤသည်မှာ ထုတ်ပြောဆို၍ မရသောအရာကို လုပ်ဆောင်ခြင်း၏ နိုင်ငံရေး သဘောဖြစ်သည်။ ယခုအခါ သတင်းစကားများ ပျံ့နှံ့သွားပြီဖြစ်၍ သူသည် လူတစ်ဦးကို စေလွှတ်ပြီး လုချန်းကို သတ်ဖြတ်စေပါက လုချန်းသေဆုံးသွားလျှင် သူ့လက်ချက်ဖြစ်သည်ဟုသက်သေပြလိုက်သလို ဖြစ်လာမည်ဖြစ်သည်။

လုချန်း၏ သေဆုံးမှုသည် သူ၏လက်ချက်မဟုတ်လျှင်‌တောင် အခြားသော မင်းသားများကို ထောက်ခံသည့် နန်းတွင်းအရာရှိများက သူ၏လုပ်ရပ်ဖြစ်သည်ဟု ဆိုကြမည်ဖြစ်ပြီး ပြည်သူများကလည်း သူက မင်းသားလုချန်းကို သတ်ဖြတ်ခဲ့သည်ဟု ယုံကြည်ကြမည်ဖြစ်သည်။

ထိုအချိန်တွင် သူသည် အိမ်ရှေ့စံရာထူးအတွက် ယှဉ်ပြိုင်ခွင့်ကို လုံးဝ ဆုံးရှုံးသွားမည်ဖြစ်သည်။ လုရှုယွမ်က လက်သီးဆုပ်လိုက်၏။ သူ၏ နှလုံးသားထဲတွင် မကျေနပ်သော စိတ်များဖြင့် ပြည့်နေသည်။ ထိုအသုံးမကျသော သူကို လွှတ်ပေးရ တော့မှာလား။

ပထမအကြိမ်နှင့် ဒုတိယအကြိမ် လုပ်ကြံမှုများသည် သူ၏ကိုယ်ပိုင် နိုင်ငံရေးရည်ရွယ်ချက်များအတွက် ဖြစ်သော်လည်း ယခုအခါတွင် လုရှုယွမ်အလွန် ဒေါသထွက်သွားသဖြင့် နိုင်ငံရေး ရည်ရွယ်ချက်များကို ထည့်သွင်း စဉ်းစားခြင်း မရှိတော့ပေ။ သူ့တွင် လုချန်းကို ဖယ်ရှားလိုစိတ်သာ ရှိတော့သည်။

သို့သော် ဒါတွေက ခဏတာ ကိုယ်ပိုင်စိတ်ခံစားမှုတစ်ခုသာဖြစ်ပြီး လုရှုယွမ် မကြာမီပင် ငြိမ်သက်သွားလေသည်။ ထို့ပြင် ယခုအချိန်တွင် သူသည် လုချန်းကို ဖယ်ရှားနိုင်သည့် အနေအထား မရှိပေ။ ထိုစဉ် လုရှုယွမ်က တစ်ဖက်သို့ လှည့်လိုက်ကာ စာကြည့်ခန်းထဲရှိ စာအုပ်စင်ရှိရာကို ကြည့်လိုက်ပြီး လက်ညိုးညွှန်လိုက်သည်။

“ဝမ်ချင်းစီဆီကို ချက်ချင်း သတင်းပို့ပါ။ ဒဏ်ရာတွေ ကုနေရင်း ရန်ခရိုင်မှာပဲ ဆက်ပြီးပုန်းအောင်းနေဖို့နဲ့ လောလောဆယ် ဘာမှမလှုပ်ရှားဖို့ ပြောလိုက်ပါ။”

လုရှုယွမ် ပြောပြီးသည်နှင့် အရိပ်တစ်ခုသည် စာကြည့်ခန်း ပြတင်းပေါက်မှ ထွက်သွား၏။

...........

အခန်း( ၃၉)

ချူးမိသားစု၏ အန္တရာယ်ရှိနေသော အခြေအနေ

နေပြည်တော်နန်းတော်၊ နန်း‌တော်ဥယျာဉ်။

ဆွမ်ဧကရာဇ်သည် နဂါးဝတ်ရုံကို ဝတ်ဆင်ကာ အဆောင်ငယ်ထဲတွင် ထိုင်နေပြီး သူ၏လက်ထဲတွင် ရှိသည့် အနံ့အရသာနှင့် ပြည့်စုံ‌‌သော လက်ဖက်ရည်ကို နှစ်ခြိုက်စွာ သောက်သုံးနေသည်။

ထိုအခိုက်တွင် ချပ်ဝတ်တန်ဆာဝတ် စစ်သည်တစ်ဦး ရောက်လာသည်။

“မင်းကြီး၊ မင်းသားလုရှုယွမ်က မြောက်ပိုင်းနယ်စားမင်းသား လုချန်းကို လုပ်ကြံဖို့ လူများကို စေလွှတ်သည်ဟူသော သတင်းစကားများကို ပျံ့နှံ့စေသူမှာ မင်းသားလုရိဖြစ်ကြောင်း အတည်ပြုနိုင်ပါပြီ” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဆွမ်ဧကရာဇ်၏ လက်ထဲရှိ လက်ဖက်ရည်ခွက်သည် ချက်ချင်း တုန်ခါသွားပြီး အေးစက်စွာဖြင့်

“ငါ့သားသမီးတွေက တကယ်ကို ကြိုးစားလာကြတာပဲ။ ငါ့ကို မြန်မြန် သေစေချင်နေကြတာလား။ အိမ်ရှေ့စံရာထူးကို အရမ်းလိုချင်‌ နေကြတာလား။”

ဆွမ်ဧကရာဇ်၏ ဒေါသကို တွေ့မြင်သောအခါ သူ့အရှေ့တွင် ထိုင်နေသော ပညာရှိစစ်တူစီက ချက်ချင်းပင်

“မင်းကြီး။ ကျေးဇူးပြုပြီး အမျက်မထွက်ပါနဲ့။ အိမ်ရှေ့စံရာထူး မသေချာသေးသည့် အခါမှာ ညီအစ်ကိုတွေကြား တစ်ဦးနှင့်တစ်ဦး ပြိုင်ဘက်ဖြစ်လာခြင်းက မထူးဆန်းပါဘူး။ မင်းကြီးသာ အိမ်ရှေ့စံကို မကြာခင် ရွေးချယ်လိုက်ရင် မင်းသားများအချို့က ငြိမ်သွားကြမှာပါ” ဟု ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ဆွမ်ဧကရာဇ်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး

“ပညာရှိကြီး ခင်ဗျားတစ်ဦးတည်းသာ ကျုပ်ကို ဒီလိုပြောရဲတာ။ အခြားသူတစ်ယောက်သာ ကျုပ်ကိုအိမ်ရှေ့စံ ရွေးထားဖို့ အကြံပြုရင် ကျုပ်က ကြိမ်ဒဏ်တစ်ရာ ပေးလိုက်မှာ” ဟု ပြောလိုက်သည်။

ထိုသို့ ပြောဆိုပြီးနောက် ဆွမ်ဧကရာဇ်သည် သူ၏ ကျောက်ခုံမှ ထလိုက်ပြီး လက်ကို နောက်ပစ်ထားကာ နန်းဆောင်ဥယျာဉ်ရှိ ကြာကန်ကို ငေးကြည့်နေသည်။

“တကယ်တော့ ကျုပ်စိတ်ဝင်စားတာက နေပြည်တော်မှာ ဖြစ်နေတဲ့ ကိစ္စတွေထက် ချန်းက ဘယ်လိုမျိုး အသက်ဘေးက လွတ်သွားတယ် ဆိုတာကိုပဲ။”

ဆွမ်ဧကရာဇ်၏ စိတ်ကူးများသည် လုရှုယွမ်၏ စိတ်ကူးများနှင့် တူညီပါသည်။ ချူးမိသားစုက လျှို့ဝှက်ထိပ်သီးပညာရှင်တစ်ဦးကို လုချန်းကို ကာကွယ်ရန် စီစဉ်ခဲ့တယ် ဆိုလျှင်တောင် သွေးလဝန်းရဲတိုက်မှ လုပ်ကြံမှုသည် အောင်မြင်နိုင်သည်ဟု ယူဆသည်။

အရိပ်ကိုယ်ရံ‌တော်တပ်မှ စုဆောင်းထားသော ထောက်လှမ်းရေး သတင်းအချက်အလက်များအရ သွေးလဝန်းရဲတိုက်သည် ထိပ်သီးအဆင့် တစ်ဝက်တစ်ဦးနှင့် အဆင့်ကိုး တိုက်ခိုက်ရေးသမား ငါးဦးကို မြောက်ပိုင်းမြို့တော်သို့ စေလွှတ်ခဲ့သည်။

ထို့ပြင် လုရှုယွမ်က မြောက်ပိုင်းမြို့တော်တွင် ချထားသော လူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပါက ထိပ်သီးပညာရှင်တစ်ဦး ရှိနေသော်လည်း မြောက်ပိုင်းနယ်စားမင်းသားသည် အသက်ဘေးမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သို့သော် မြောက်ပိုင်းနယ်စားမင်းသားသည် အသက်ရှင်နိုင်ခဲ့သည်။

ထိုကြောင့် ဆွမ်ဧကရာဇ်သည် မြောက်ပိုင်းနယ်စားမင်းသား၏ ဘေးတွင် ရှိသော လျှို့ဝှက်ပညာရှင်သည် တကယ်ပင် ထိုမျှလောက် ရိုးစင်းပါ့မလားဟု သံသယဖြစ်မိသည်။

ထိုအခိုက်တွင် စစ်တူစီက

“မင်းသားလုချန်းရဲ့ ကံကြမ္မာက သူ့ကို မသေစေချင်သေးလို့ အသက်ရှင်နေသေးတာ ဖြစ်မှာပါ။ ကံကြမ္မာက သူ့ဘက်မှာ ရပ်တည်တယ်လို့ ယူဆရမှာပါ” ဟု ပြောလိုက်သည်။

ဆွမ်ဧကရာဇ်က မထူးဆန်းသလို ပြောလိုက်သည်။

“လုံလောက်ပြီ။ ဒီပြဇာတ်ကို အဆုံးသတ်ရမယ်။ ချူးမိသားစုက လတ်တလောမှာ ဘယ်သူ့ကိုမျှ ချန်းကို ဆက်သွယ်ဖို့ မြောက်ပိုင်းမြို့တော်ကို စေလွှတ်တာမျိုး မရှိသေးဘူးဆိုတော့ အဲ့ဒီမှာ သူလုပ်ချင်တာ လုပ်ပါစေ။ သူ့အကြောင်းတွေ ကျုပ်ထပ်မစုံစမ်း တော့ဘူး။”

ဆွမ်ဧကရာဇ်သည် မကြာသေးမီက ချူးမိသားစုကို ထောက်လှမ်းစေခဲ့ပြီးဖြစ်သည်။ပထမဆုံးအကြိမ် လုချန်း မြောက်ပိုင်းမြို့တော်သို့ သွားသောအခါ ချူးယုချင်နှင့် ထိုလျှို့ဝှက် ထိပ်သီးပညာရှင်ကို ကာကွယ်ရန် စေလွှတ်ခဲ့သည်မှလွဲ၍ သူတို့သည် ထပ်မံ၍ လှုပ်ရှားမှု မပြုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

သူတို့သည် လုချန်းကို ဆက်သွယ်ရန် မည်သူ့ကိုမှ စေလွှတ်ခြင်း မရှိပေ။ သူ့တို့က တကယ်ပဲ လုချန်းကို စွန့်လွှတ်ခဲ့ကြပြီဟု ယူဆရသည်။ ချူးမိသားစုအတွင်းတွင် မိသားစုခေါင်းဆောင် ချူးရှုံအား ကျေနပ်မှုမရှိသည့် အ‌ကြောင်းများကို သိရှိခဲ့ရပြီး သူ့ကို နေရာစွန့်လွှတ်စေရန်ပင် ဆွေးနွေးနေကြသည်ဟု ဆွမ်ဧကရာဇ် ကြားသိခဲ့သည်။

ချူးရှုံသည် သူ၏ကိုယ်ပိုင်ပြဿနာမျာကြောင့် မြောက်ပိုင်းမြို့တော်ရှိ လုချန်းကို စိတ်မဝင်စားနိုင်တော့ပေ။ ဆွမ်ဧကရာဇ်သည် ထို့နောက် သူ့ဘေးတွင် ရှိသော အနီရောင်ဝတ် မိန်းမစိုးကို အမိန့်ပေးလိုက်သည်။

“ငါရဲ့အမိန့်ကို ထုတ်ပြန်ပါ။ ကောလဟလတွေ ပျံ့နှံ့စေပြီး တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အတွက် မင်းသားလုရိကို သုံးလ နေအိမ်တွင်း အကျဉ်းချပါ။”

“မင်းသားရှုယွမ်နှင့် ပတ်သက်ပြီး...”

ထိုစကားများကို ပြောဆိုပြီးနောက် ဆွမ်ဧကရာဇ်သည် ခဏတာ ရပ်တန့်သွား၏။ ထို့နောက် ဆက်ပြောလိုက်သည်။

“မိန်းမစိုးလျိုး၊ နောက်ပိုင်းမှာ မင်းသားရှုယွမ်ကို သူ့ရပ်လုပ်ရပ်တွေ ထိန်းသိမ်းဖို့ သွားပြောလိုက်ပါ။”

ထိုစကားများကို ကြားသောအခါ ဆွမ်ဧကရာဇ်ရှေ့တွင် ရှိသော အနီရောင်ဝတ် မိန်းမစိုးက ချက်ချင်းပင် “အမိန့်အတိုင်းပါ မင်းကြီး” ဟု ပြန်လည်ပြောကြားလိုက်သည်။ ထို့နောက် မိန်းမစိုးလျိုးသည် နန်းတော်မှ ထွက်ခွာသွားပြီး မင်းသားလုရိနှင့် မင်းသားလုရှုယွမ်တို့၏ နေအိမ်သို့ အမိန့်များကို ပေးပို့ရန် ဦးတည်သွားလေသည်။

ထို့အတူ။

တောင်ပိုင်း၊ ဆူဖုန်းမြို့။

ချူးမိသားစု။

ဆံပင်များဖြူဖွေးနေပြီဖြစ်‌သော အသက်ကြီးပုဂ္ဂိုလ်တစ်ဦးသည် အဆောင်တစ်ခုထဲတွင် သူ၏လက်ထဲတွင်ရှိသော စာကို အထပ်ထပ် အခါခါ ဖတ်နေသည်။ ထိုအခိုက်တွင် ပိန်းပိန်းပါးပါးနှင့် အပြာရောင် ပိုးဝတ်စုံကို ဝတ်ဆင်ထားသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် အဆောင်ထဲသို့ ဝင်လာသည်။

“ဖခင်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ကိစ္စတွေကို ယာယီလစ်လျှူရှုထားမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဘာလို့ ယုချင်ကို ပြန်လာခွင့် မပြုရတာလဲ။ နောက်ပြီး ဖခင်က လျှို့ဝှက်ထိပ်သီးပညာရှင်တစ်ယောက်ကို မြောက်ပိုင်းနယ်စားမင်းသားကို ကာကွယ်ဖို့ တိတ်တိတ်လေး လွှတ်ထားတာလား” ဟု ပြောလိုက်သည်။

XXX

ချူးဟုန်ဖေးဟု အမည်ရှိသော လူသည် ချူးရှုံ၏ သားဖြစ်ပြီး သူသည် လုချန်း၏ ဦးလေးလည်း ဖြစ်သည်။ လုချန်းသည် သူ၏တူဖြစ်သော်လည်း ချူးဟုန်ဖေးသည် လုချန်းနှင့် ဆက်ဆံရေး နည်းပါးပြီး သူ့ကို သဘောကျခြင်း မရှိပါ။ ထို့ကြောင့် မြောက်ပိုင်းစားမင်းသားစံအိမ်တွင် လျှို့ဝှက်ထိပ်သီးပညာရှင် ရှိသည်ဟု သိရှိရပြီးနောက် ချူးဟုန်ဖေး မ‌ကျေနပ်နိုင် ဖြစ်နေသည်။

ထို့ပြင် သူချစ်မြတ်နိုးသော အမျိုးသမီးသည် မြောက်ပိုင်းနယ်စားမင်းသားနှင့် အမြဲတမ်း ရှိနေခဲ့သည်။ ထိုကြောင့် ချူးဟုန်ဖေးသည် ပို၍ပင် ကျေနပ်ခြင်း မရှိပါ။ သူချစ်မြတ်နိုးသော အမျိုးသမီးသည် ချူးယုချင်ဖြစ်သည်။ သူသား၏ မေးခွန်းကို ရင်ဆိုင်ရတော့ ချူးရှုံခဏမျှ တိတ်ဆိတ်သွား၏။

“ဟုန်ဖေး၊ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ထိပ်သီးပညာရှင်ကို ငါစေလွှတ်ခဲ့တာလို့မင်း တကယ်ထင်နေတာလား” ဟု ပြန်လည်မေးမြန်းလိုက်သည်။

ချူးရှုံ၏ စကားများကို ကြားသောအခါ ချူးဟုန်ဖေး အံ့ဩသွားပြီး

“ဖခင်အပြင် အခြားဘယ်သူက အသုံးမကျတဲ့ မင်းသားကို ကာကွယ်ဖို့ ထိပ်သီးပညာရှင်တစ် ယောက်ကို လွှတ်မှာလဲ။” ဟု ပြောလိုက်သည်။

ချူးဟုန်ဖေး၏ အမြင်တွင် ချူးရှုံသည် သူ၏ မြေးဖြစ်သော လုချန်း ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ထိပ်သီးပညာရှင်ကို စေလွှတ်ခဲ့သည်ဟု ယူဆသည်။

ထိုအခိုက်တွင် ချူးရှုံက သက်ပြင်းတစ်ချက် ချလိုက်ပြီး

“တကယ်တော့ ငါမြောက်ပိုင်းနယ်စားမင်းသားကို ကာကွယ်ဖို့ ထိပ်သီးပညာရှင် တစ်‌ယောက်ကို လွှတ်ဖို့ စဉ်းစားခဲ့ပေမယ့် နေပြည်တော်မှာ ဖြစ်နေတဲ့ လတ်တလော လှုပ်ရှားမှုတွေကို စဉ်းစားပြီး အဲ့ဒီစိတ်ကူးကို ငါစွန့်လွှတ်ခဲ့တယ်” ဟု ပြောလိုက်သည်။

“အဲ့ဒီလျှို့ထိပ်သီးပညာရှင် ဘယ်ကလာလဲဆိုတာ ငါလည်း မသိဘူး။”

“နောက်ပြီး ယုချင်က သူ့ဆန္ဒနဲ့သူ မြောက်ပိုင်းနယ်စားမင်းသားနဲ့ မြောက်ပိုင်းမြို့တော်သို့ လိုက်သွားခဲ့တာ။ အခု သူက ချူးမိသားစုရဲ စကားကို နားမထောင်တော့ဘူး။”

ထိုအခိုက်တွင် ချူးဟုန်ဖေး၏ မျက်နှာပေါ်တွင် သံသယရှိသည့် အရိပ်အယောင်များ ပေါ်လာပြီး

“ဖခင်။ ကျွန်တော့်ကို လိမ်နေတာ မဟုတ်ပါလား” ဟု မေးမြန်းလိုက်သည်။

“ဖခင်ရဲ့ အမိန့်မပါရင် ယုချင်က အသုံးမကျတဲ့သူနောက်ကို လိုက်သွားမှာ မဟုတ်ဘူး။

ကျွန်တော် မယုံပါဘူး။”

ချူးရှုံက စိတ်ပျက်လက်ပျက်ဖြင့်

“အခု ဆွမ်ဧကရာဇ်က သူ့ရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်မှာ မဟုတ်ဘူး။ နေပြည်တော်က မြို့တော်စောင့်တပ်မှူးကို ဆက်တိုက် ပြောင်းနေတယ်။ ကျောင်းဝမ်တိန်လည်း အရှင်းခံလိုက်ရတယ်။ မူချန်တိန်ကိုလည်း နေပြည်တော်မှာ ထောင်ချထားတယ်။ ဆွမ်ဧကရာဇ်က အာဏာရှိအုပ်စုတွေကို တိုက်ခိုက်ဖို့ပြင်ဆင်နေပြီ။ ဒီလို အချိန်မျိုးမှာ ငါက မြောက်ပိုင်းနယ်စားမင်းသားနှင့် အဆက်အသွယ်တွေ ဘယ်လိုလုပ် ရှိရဲမှာလဲ။ ငါသူငယ်ပြန်သွားပြီး ဆွမ်ဧကရာဇ်ရဲ့ ဓားက ငါတို့အပေါ် ပိုပြီးမြန်မြန် ကျအောင်လုပ်မယ်လို့ မင်းထင်နေတာလား” ဟု ပြောလိုက်သည်။

“ယုချင်နှင့်ပတ်သက်ရင်‌တော့ သူကိုစွန့်လွှတ်လိုက်ဖို့ ငါ အကြံပေးချင်တယ် ငါ့သား။ သူ့ခင်ပွန်းက လက်ထပ်တဲ့နေ့မှာ သေသွားတယ် ဆိုပေမဲ့ သူက အခုချိန်အထိ ဝမ်မိသားစုရဲ့ ချွေးမအဖြစ် ရှိနေသေးတယ်။”

ချူးရှုံ၏ စကားများကို ကြားသောအခါ ချူးဟုန်ဖေးက စဉ်းစဉ်းစားစားဖြင့် ပြောလိုက်သည်။

“ဖခင်က မြောက်ပိုင်းမြို့တော်ကို ထိပ်သီးပညာရှင်ကို စေလွှတ်ခဲ့တာ မဟုတ်ဘူးဆိုရင် ဘယ် ထိပ်သီးပညာရှင်ကမှ မြောက်ပိုင်းနယ်စားမင်းသားကို ကာကွယ်‌ပေးမှာ မဟုတ်ဘူး မလား။”

ချူးရှုံသည် သူ၏ မီးခိုးရောင် မုတ်ဆိတ်မွှေးများကို ပွတ်သပ်လိုက်ပြီး

“ငါလည်း ဒီသတင်းစကားကို ပထမဆုံး ကြားတုန်းက အံ့အားသင့်မိတယ်။ ဒါပေမဲ့ အခု နေပြည်တော်က သတင်းတွေအရ‌တော့ ဒီကိစ္စက မင်းသားလုရိနဲ့ ဆက်စပ်နိုင်တယ်လို့ ထင်ရတယ်” ဟု ပြောလိုက်သည်။

ထိုသို့ ပြောဆိုနေစဉ် ချူးရှုံသည် သူကိုင်ထားသော စာကို ချူးဟုန်ဖေးထံသို့ ကမ်းပေးလိုက်သည်။ ချူးဟုန်ဖေးက စာကို ယူကြည့်လိုက်ပြီး‌ နောက် သူ၏ မျက်နှာအမူအရာများ အဆင့်ဆင့် ပြောင်းလဲသွားသည်။

ထို့နောက် သူက

“မင်းသားလုရိက မြောက်ပိုင်းနယ်စားမင်းသားကို ကာကွယ်ဖို့ ထိပ်သီးပညာရှင်ကို စေလွှတ်ပြီး ဒီနည်းနှင့် ကျွန်တော်တို့ ချူးမိသားစုကို သူ့ဘက်ပါအောင် ဆွယ်ချင်‌နေတာလို့ ဖခင် ယူဆနေတာလား” ဟု ပြောလိုက်သည်။

ချူးရှုံက မထူးဆန်းသလို ပြောလိုက်၏။

“ချူးမိသားစုကို ဆွယ်ဖို့မဟုတ်ဘူ။ ငါ့ကို သိမ်းသွင်းဖို့။”

ချူးဟုန်ဖေး၏ လက်ထဲရှိ စာသည် နေပြည်တော်ရှိ ချူးမိသားစု၏ သူလျိုထံမှ ပို့လိုက်သော စာဖြစ်သည်။ ထိုသူလျိုသည် မင်းသားလုရိက မြောက်ပိုင်းနယ်စားမင်းသားနှင့် ပတ်သက်သော သတင်းများကို အကြိမ်ကြိမ် ပျံ့နှံ့စေခဲ့သည်ကို တွေ့ရှိခဲ့သည်။ နေပြည်တော်တွင် ပျံ့နှံ့နေသော သတင်းစကားများဖြစ်သည့် ရှစ်‌ယောက်မြောက် မင်းသား၏အဖွဲ့က မြောက်ပိုင်းနယ်စားမင်းသားကို လုပ်ကြံရန် ကြိုးစားခဲ့သည်ဟူသော သတင်းစကားကိုလည်း မင်းသားလုရိကသာ ဖြန့်ခဲ့ခြင်းဖြစ်သည်။

မင်းသားလုရှုယွမ်သည် မြောက်ပိုင်းနယ်စားမင်းသားကို ကာကွယ်နေသည်ဟု ထင်ရသည်။ သို့သော် ချူးရှုံသည် အရူးမဟုတ်ပါ။ ထိုလုပ်ရပ်က သူကြည့်ရှုရန်အတွက် လုပ်ဆောင်နေသော ဖျော်ဖြေမှုတစ်ခုသာ ဖြစ်သည်ကို သေချာသ‌ဘောပေါက်၏။

သို့‌သော် မြောက်ပိုင်းနယ်စားမင်းသား၏ ဘေးတွင် ရှိသော ထိပ်သီးပညာရှင်သည် မင်းသားလုရိလက်အောက်ငယ်သားဖြစ်သည်ဟု ဆိုရန်ကတော့ ခက်ခဲသည်။

မင်းသားလုရိသည် အိမ်ရှေ့စံ ဖြစ်လာနိုင်ခြေ အများဆုံး ပုဂ္ဂိုလ်ဖြစ်သောကြောင့် သူ့အောက်တွင် ထိပ်သီးပညာရှင် ရှိနေသည်မှာက သံသယဖြစ်စရာ မရှိပေ။

သို့သော် ထိပ်သီးပညာရှင်များသည် ဟင်းသီးဟင်းရွက်များလို မ‌ပေါများပေ။ မင်းသားလုရိ ကိုယ်တိုင်သည်လည်း ထိပ်သီးပညာရှင်၏ ကာကွယ်မှုကို လိုအပ်သည်။ မြောက်ပိုင်းနယ်စားမင်းသားကို ကာကွယ်ရန် ထိပ်သီးပညာရှင်တစ်ဦးကို စေလွှတ်ပါက နေပြည်တော်တွင် သူ့ကို ကာကွယ်ရန် မည်သူရှိမည်နည်း။ သူ့ဘေးတွင် ထိပ်သီးပညာရှင် တစ်ဦးထက်ပို၍ မရှိပါက ထိုသို့မလုပ်နိုင်ပေ။

ထိုအခိုက်တွင် ချူးဟုန်ဖေးသည် စာကို ကျောက်စားပွဲပေါ်တွင် ချထားလိုက်ပြီး

“ကျွန်တော် ဂရုမစိုက်ဘူး။ ယုချင် ဘယ်လိုပဲဖြစ်ဖြစ် ပြန်လာရမယ်။ မြောက်ပိုင်းမြို့တော်မှာ အသုံးမကျတဲ့ မင်းသားနှင့်အတူ နေထိုင်နေရတာ အဓိပ္ပာယ်မရှိဘူး။ ပြီးတော့ မြောက်ပိုင်းမြို့တော်မှာ အခြေအနေက ကောင်းတာမဟုတ်ဘူး။ သူဒုက္ခရောက်လိမ့်မယ်” ဟု ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ချူးရှုံသည် ဒေါသထွက်ကာ ဆူ‌‌ငေါက်လိုက်သည်။

“မင်းက မိန်းမတွေအကြောင်းကိုပဲ စဉ်းစားနေတာပဲ။ မင်းဆန္ဒက ဒါပဲလား။ ချူးမိသားစု အန္တရာယ်နဲ့ နီးနေတာတောင် မင်းက အခုအထိ မိန်းမကိစ္စပဲ စိတ်ပူနေတာလား။”

ချူးဟုန်ဖေးသည် ဂရုမစိုက်ပဲ ပြန်ပြောလိုက်သည်။

“ချူးမိသားစုရဲ့ အန္တရာယ်က ကျွန်တော်နဲ့ ဘာများဆိုင်လို့လဲ။ အချိန်ကျလာရင် ကျွန်တော်က ယုချင်ကို ဝူနိုင်ငံ‌တော်ကြီးကို ခေါ်သွားမှာ။”

ချူးရှုံသည် ချူးဟုန်ဖေး၏ စကားများကို ကြားသောအခါ ဒေါသထွက်လွန်းသဖြင့် အသက်ရှူကျပ်သွားမလိုပင် ဖြစ်လာသည်။

“ထွက်သွား။ ဒီနေရာကနေ ထွက်သွား။” ဟု ချူးရှုံက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ချူးရှုံသည် ဒေါသထွက်နေသည်ကို တွေ့မြင်သောအခါ ချူးဟုန်ဖေးသည် အ‌ဆောင်တွင်းမှ အမြန်ထွက်သွားလိုက်သည်။

ချူးဟုန်ဖေးထွက်သွားပြီးနောက် ချူးရှုံသည် သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး

“ယွဲ့လေး၊ ဖခင် မင်းအပေါ် မှားယွင်းခဲ့ပါတယ်။ ငါမင်းကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ အခုလည်း ငါမင်းရဲ့ သားကို ကာကွယ်ဖို့ လူတစ် ယောက်တောင် မလွှတ်ပေးရဲဘူး...” ဟု ပြောလိုက်သည်။

...........

All Chapters