← Chapters

အခန်း ၄၀-၄၂

Vol. 3 Ch. 40-42

အခန်း ၄၀-၄၂

Vol. 3 Ch. 40-42

အခန်း (၄၀)

မင်္ဂလာရှိသော နိမိတ်များ

နေ့ရက်များ ကြာလာသည်နှင့်အမျှ မုကျိရွှမ်းတို့ ဇနီးသုံးဦး၏ ဗိုက်များ ကြီးထွားလာပြီး မကြာမီ မွေးဖွားချိန် နီးကပ်လာခဲ့သည်။

မြောက်ပိုင်းနယ်စားမင်းသားကို သွေးလဝန်းရဲတိုက်က လုပ်ကြံသတ်ဖြတ်ရန်ကြိုးစားပြီး နောက် လျှို့ဝှက် ထိပ်သီးပညာရှင်က ကယ်တင်လိုက်သည် ဆိုသော သတင်း ပျံ့နှံ့သွားပြီး မြောက်ပိုင်းမြို့တော်သည် ပိုမိုတည်ငြိမ်လာခဲ့သည်။

ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားအား ကာကွယ်စောင့်ရှောက်မည့် ထိပ်သီးပညာရှင်သည် မြောက်ပိုင်းနယ်စားမင်းသားနှင့် အမြဲတမ်းအတူ ရှိနေနိုင်သည်ဟု အချို့သော အင်အားစုများက ယူဆမိကြသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် စွမ်းရည်မပြည့်ဝသူ ဖြစ်သော်လည်း သူ၏ ဘေးတွင် ရှိနေသည့် ထိပ်သီးပညာရှင်ကို လျစ်လျူရှု၍ မရပေ။

ထို့ပြင် ဆွမ်ဧကရာဇ်၏ သတိပေးချက်ကြောင့် မင်းသားလုရှုယွမ်သည် လုချန်းအား လုပ်ကြံရန် လူသတ်သမားများ ဆက်လက် စေလွှတ်ခြင်း မရှိတော့ပေ။ သို့သော် လုချန်းအား ဝမ်ချင်းစီက ဆက်လက်စောင့်ကြည့်ရန်နှင့် မြောက်ပိုင်းနယ်စားမင်းသားနှင့် ချူးမိသားစုတို့ ဆက်သွယ်မှုရှိပါက ချက်ချင်းအကြောင်းကြားရန် လုရှုယွမ်က ညွှန်ကြားခဲ့သည်။

လပေါင်းများစွာအတွင်း လုချန်းသည် မြောက်ပိုင်းမြို့တော်ရေးရာများကြောင့် စိတ်ပူပန်ရခြင်း မရှိခဲ့ပေ။ နယ်စားလိယုရီက ဆက်လက်၍ အုပ်ချုပ်ခဲ့သည်။ သို့သော် လုချန်းသည် မင်းသားစံအိမ်၏ မြေများကို တိုင်းတာစစ်ဆေးစေခဲ့သည်။ ထို့နောက် လူများအား မစိုက်ပျိုးမရသေးသော လယ်မြေများကို ဖော်ဆောင်စေခဲ့ပြီး အာလူးမျိုးစေ့ တစ်သောင်းခန့်ကို စိုက်ပျိုးစေခဲ့သည်။

မြောက်ပိုင်းမြို့တော်တွင် အသုံးမပြုသေးသော ယာမြေများ များစွာရှိသည်။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လယ်ယာမြေစစ်ဆေးတိုင်းတာခြင်းနှင့် ဖော်ဆောင်ခြင်းလုပ်ငန်းများကို လူအများက ဂရုမစိုက်ခဲ့ပေ။

ယခုနေ့ရက်များအတွင်း လုချန်းသည် မင်းသားစံအိမ်တွင် နေ့စဉ်ရှိနေခဲ့သည်။ မကြာမီ မီးဖွားတော့မည့် မုကျိရွှမ်းနှင့် အမျိုးသမီးနှစ်ဦးတို့အား အဖော်ပြုပေးနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ဖြစ်နိုင်သည့် ဘေးအန္တရာယ်များကို စိုးရိမ်မိ၍ သူတို့အား အထူးဂရုစိုက်ခဲ့သည်။

လုချန်းသည် မုကျိရွှမ်း၏ ထွက်နေသော ဝမ်းဗိုက်ကို ဖြေးဖြေးချင်း ပွတ်သပ်လိုက်ရင်း ပြုံး၍

“မိဖုရား ယခုအချိန်ကစပြီး မင်းသားစံအိမ်ရေးရာများကို ဒေါ်လေးချူးကို အပ်ထားလိုက်ပါ။ မီးဖွားဖို့ အတွက်ပဲ အာရုံစိုက်ပါ။ အခြားကိစ္စရပ်များကို မစိုးရိမ်ပါနှင့်” ဟု ပြောလိုက်သည်။

လွန်ခဲ့သော လအနည်းငယ်အတွင်း မုကျိရွှမ်းသည် ဆပ်ပြာနှင့် ရေမွှေး ထုတ်လုပ်မှုလုပ်ငန်းကို အဆပေါင်းများစွာ ချဲ့ထွင်ခဲ့သည်။ ယခုအခါ ရှ. နိုင်ငံတစ်ခုလုံးတွင် မင်းမျိုးမင်းနွယ်များ၊ အရာရှိကြီးများမှစ၍ ပြည်သူလူထုအထိ မင်းသားစံအိမ်မှ ထုတ်လုပ်သော ရေမွှေး နှင့် ဆပ်ပြာများကို အသုံးပြုနေကြပြီဖြစ်သည်။

ယင်းကုန်ပစ္စည်းနှစ်မျိုးသည် အကျိုးအမြတ်များစွာရရှိ၏။ သို့သော် မြောက်ပိုင်းနယ်စားမင်းသား၏ စီးပွားရေးလုပ်ငန်းများ ဖြစ်သောကြောင့်နှင့် မုချန်တိန်က နေပြည်တော်တွင် ကြီးကြပ်မှုများ ဆောင်ရွက်နေသောကြောင့် ယခုအချိန်အထိ ထိုလုပ်ငန်းများကို မည်သူမျှ ထိပါးဝံ့ခြင်း မရှိကြပေ။

လုချန်းအား အံ့အားအသင့်ဆုံးမှာ မုကျိရွှမ်းသည် စီးပွားရေးတွင် ထက်မြက်သူတစ်ဦးဖြစ်သည်ကို တွေ့ရှိရခြင်းပင် ဖြစ်သည်။ ရေမွှေးနှင့် ဆပ်ပြာကို ပေါင်းစပ်၍ “အနံ့ရှိသောဆပ်ပြာ” ဟုခေါ်သည့် ထုတ်ကုန်အသစ်ကို ဖန်တီးခဲ့သည်။

ယင်းပေါင်းစပ်မှုသည် လွယ်ကူသောကိစ္စမဟုတ်ပေ။ အနံ့ရှိသောဆပ်ပြာကို ရေချိုးသည့်အခါ အသုံးပြုနိုင်သည်အထိ တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲခဲ့ရသည်။

မင်းသားစံအိမ်တွင် ထိုလုပ်ငန်းများ ရှိနေသောကြောင့် လစဉ် ငွေသိန်းပေါင်းများစွာ ရရှိသည်။ ထို့ပြင် မုကျိရွှမ်းသည် ယင်းကုန်ပစ္စည်းများကို အခြားနိုင်ငံများသို့ ရောင်းချနိုင်ရန် ကုန်သွယ်ရေးလမ်းကြောင်းများကို ဆက်လက်၍ တက်ကြွစွာ ချဲ့ထွင်နေဆဲဖြစ်သည်။

သို့သော် သူမ၏ ဝမ်းဗိုက်သည် နေ့စဉ်နှင့်အမျှ ပိုမိုကြီးမားလာသောကြောင့် နေ့တိုင်းအနားယူခအိပ်စက်ချင်စိတ်က များလာသည်။ ယခုအခါ မင်းသားစံအိမ်၏ စီးပွားရေး ကိစ္စများကို စီမံခန့်ခွဲနိုင်ခြင်း လုံးဝမရှိ‌တော့ပေ။

“ အင်း နှမတော် မင်းသားစံအိမ်ရဲ့ စီးပွားရေးစာရင်းအားလုံးကို ဒေါ်လေးချူးဆီ လွှဲပြောင်းပေးပြီးသွားပါပြီ။ သူကလည်း ဒီရက်ပိုင်းစီးပွားရေးလုပ်တွေနှင့် ရင်းနှီးအောင် လေ့လာနေပါတယ်” လုချန်း၏ စကားများကို ကြားသောအခါ မုကျိရွှမ်းက ပြောလိုက်သည်။

ချူးယုချင်အား မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ မိသားစုဝင်တစ်ဦးအဖြစ် မသတ်မှတ်နိုင်သေးသော်လည်း ထိုနေရာရှိ လူတိုင်းက သူမအား ယုံကြည်ကြသည်။ သူမသည် နောင်တွင် လုချန်း၏ အမျိုးသမီးတစ်ဦး ဖြစ်လာမည်ကို သိကြသောကြောင့် ဖြစ်သည်။

မင်းသားစံအိမ်၏ စီးပွားရေးလုပ်ငန်းများကို သူမထံ လွှဲပြောင်းပေးခြင်းဖြင့် ပြဿနာများဖြစ်ပေါ်လာမလားဟု မည်သူကမှ မစိုးရိမ်ကြပေ။

“မင်းသား၊ ဗိုလ်ချုပ်လီက တွေ့ခွင့်‌တောင်းပါတယ်။ အရေးကြီးကိစ္စရှိကြောင်းလည်း ပြောပါတယ်” ထိုအခိုက်တွင် အ‌စေခံရှောင်ရို့က အခန်းထဲသို့ ဝင်လာပြီး တိုးတိုးလေး ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချန်းသည် မုကျိရွှမ်း၏ ပါးပြင်ကို ဖွဖွ ပွတ်သပ်လိုက်ပြီးနောက် “မိဖုရား ကိုယ် ခဏလေး ထွက်သွားလိုက်ဦးမယ်။ ဒီမှာပဲ နားနေလိုက်” ဟု ပြောလိုက်သည်။

မုကျိရွှမ်းက ပြုံး၍ “ဟုတ်ကဲ့ မင်းသား၊ သွားပါ လုပ်စရာရှိတာ လုပ်ပါ” ဟု ပြောလိုက်သည်။

ထို့နောက် လုချန်းသည် ထရပ်လိုက်ပြီး လေ့ကျင့်ရေးကွင်းသို့ ဦးတည် လျှောက်လှမ်းသွားလိုက်သည်။

လုချန်းသည် လီဖန်းအား မြင်သည်နှင့် အရိုအသေပေးတာကို စောင့်မနေတော့ပဲ

“ဗိုလ်ချုပ်လီ၊ ဘာကိစ္စနဲ့ လာတာလဲ။ ဘာကိစ္စရှိလို့လဲ” ဟု မေးလိုက်သည်။

လီဖန်းက ချက်ချင်းပင်

“မင်းသား၊ သတင်းကောင်းပါ။ ကျွန်တော်တို့ကို စိုက်ပျိုးခိုင်းထားတဲ့ သီးနှံတွေ... အဲ့ဒါတွေ...”

ခဏတာ ရပ်နားပြီးနောက် လီဖန်းက ချက်ချင်းပင် “ဟုတ်ပါတယ်၊ အာလူးပါ” ဟု ထပ်မံပြောလိုက်သည်။

“အာလူး‌‌တွေကို ရိပ်သိမ်းဖို့ အချိန်ရောက်ပါပြီ”

ထိုစကားကို ကြားသောအခါ လုချန်း၏ မျက်လုံးများ ဝင်းလက်လာသည်။ အာလူးသည် မြောက်ပိုင်းမြို့တော်ရှိ ရိက္ခာပြတ်လပ်မှုကို ဖြေရှင်းရန် အသင့်တော်ဆုံးသီးနှံဟု ယူဆရသည်။ ထို့ကြောင့် အာလူးသည် လုချန်း အလွန်တန်ဖိုးထားသော ထွက်ကုန်တစ်ခု ဖြစ်သည်။

လုချန်းက ချက်ချင်းပင် “သွားကြည့်ကြစို့” ဟု ပြောလိုက်သည်။ ထို့နောက် သူသည် မင်းသားစံအိမ်၏ ပင်မတံခါးထံသို့ ဦးတည်သွားလိုက်သည်။ လုချန်းသည် မြောက်ပိုင်းမြို့တော်တွင် စိုက်ပျိုးခဲ့သော အာလူးများ၏ ရိပ်သိမ်းနိုင်သည့် အထွက်နှုန်းကို သိလိုစိတ် ပြင်းပြနေသည်။

သူသည် လယ်ယာစိုက်ပျိုးရေးပညာရှင် မဟုတ်ပေ။ ဤခောတ်ကမ္ဘာမှ လူများ၏ စိုက်ပျိုး‌ရေးနည်းလမ်းများကိုသာ အသုံးပြုရ‌သောကြောင့် သူ့စိတ်ထဲ အတော်လေး သေချာမှုမရှိပေ။ မကြာမီ လုချန်းသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က အာလူးများ စိုက်ပျိုးခဲ့သော လယ်ကွင်းသို့ ရောက်ရှိလာသည်။

ထိုအချိန်တွင် စစ်သည်များနှင့် ဒေသခံပြည်သူများ များစွာကလည်း ထိုနေရာတွင် စောင့်ဆိုင်းနေပြီး ဖြစ်သည်။

ဒေသခံပြည်သူများသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် စိုက်ပျိုးသော သီးနှံအသစ်ကို စိတ်ဝင်စားကြသည်။ မည်သည့်သီးနှံများ စိုက်ပျိုးနေသည်ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က သူတို့အား ဘယ်တော့မှ မဖွင့်‌ပြောခဲ့သော်လည်း စစ်သားများကို နေ့စဉ် လယ်ကွင်းများဆီသို့ လှည့်ကင်းစေလွှတ်ခြင်းဖြင့် ယင်းသီးနှံများသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အတွက် အလွန်အရေးကြီးသော သီးနှံများဖြစ်ကြောင်း ပြသနေသည်။

ဒေသခံပြည်သူများ များစွာရှိနေသည်ကို မြင်သောအခါ လီဖန်းက

“မင်းသား ဒီပြည်သူ‌တွေကို နှင်ထုတ်သင့်ပါသလား” ဟု မေးလိုက်သည်။

အာလူးသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ ပြည်သူများ များစွာသိလျှင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အာလူးများကို လိုချင်သောသူများ များစွာရှိလာနိုင်သည်။

လုချန်းက ခေါင်းခါပြီး “ကျွန်တော်တို့ သူတို့ကို နှင်ထုတ်လိုက်ရင် ဘယ်လိုလုပ် မြောက်ပိုင်းမြို့တော်မှာ အာလူးစိုက်ပျိုးမှုကို ကျယ်ပြန့်စေနိုင်မှာလဲ” ဟု ပြောလိုက်သည်။

သူသည် မြောက်ပိုင်းမြို့တော်ရှိ ပြည်သူများအား အာလူးများ စိုက်ပျိုးစေလိုသည်။ သို့သော် သူတို့သည် တစ်ဧကအလိုက် အထွက်နှုန်းကို မသိကြပါက အာလူးကို စိုက်ပျိုးလိုကြတော့မည် မဟုတ်ပါ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ပြည်သူများအား သူတို့တစ်ခါမှ မမြင်ဖူးသော သီးနှံကို အတင်းအကျပ်စိုက်ပျိုးစေပါက ပြည်သူလူထုအတွင်း မကျေမနပ်မှုများ ဖြစ်ပေါ်လာနိုင်သည်။

ထိုအခိုက်တွင် ပတ်ဝန်းကျင်ရှိ ပြည်သူများက မြောက်ပိုင်းနယ်စားမင်းသားကိုယ်တိုင် ရောက်လာသည်ကို မြင်သောအခါ တီးတိုးဆွေးနွေးပြောဆိုမှုများ စတင်လာကြသည်။

“ကြည့်စမ်း! ဒါ မင်းသားမဟုတ်လား”

“ဟုတ်တယ်၊ သူပဲ။ သူ ရန်ခရိုင်ကို ပထမဆုံးရောက်လာတုန်းက ငါမြင်ခဲ့တယ်။”

“ဒီလယ်ကွင်းတွေမှာ ဘာတွေစိုက်ထားတာလဲ မသိဘူး။ မြောက်ပိုင်းနယ်စားမင်းသားကိုယ်တိုင် လာရတဲ့အထိပဲ။”

“စားသုံးနိုင်တဲ့ အစားအစာတွေလို့ ပြောကြတယ်”

“ဟုတ်လား၊ မြေကြီးထဲမှာ စိုက်ထားရတဲ့ အစားအစာကို ပထမဆုံး ကြားဖူးတာပဲ။”

“စောင့်ကြည့်ရအောင်။ သူတို့ စတူးတော့မှာပဲ။ ပြီးရင် ကျွန်တော်တို့ သိရတော့မယ်။”

လုချန်းသည် ပြည်သူများ၏ဆွေးနွေး ပြောဆိုနေမှုများအား ဂရုမစိုက်ပေ။ သူကလူအုပ်ကို တစ်ချက် ကြည့်ပြီးနောက် ပေါက်ပြားကိုင်ထားသော စစ်သည်များအား

“တစ်ဧကကို အရင်တူးကြည့်ပါ။ အထွက်နှုန်းကို ကြည့်ကြပါစို့” ဟု ပြောလိုက်သည်။

လုချန်း၏ အမိန့်အရ စစ်သည်များလည်း စတင်တူး‌ဖေါ်ကြသည်။ မကြာမီပင် ပုံသဏ္ဍန် မတိကျသော ဥပုံစံ အာလူးများစွာသည် လူအားလုံး၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။ တစ်ပင်တည်း၏အောက်တွင် အာလူးများစွာထွက်လာသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ ပြည်သူများ အံ့အားသင့်ကြသည်။

“ဒါတွေကို စားလို့ရမှာလား။”

“အိုး၊ တစ်ပင်တည်းမှာ ဒီလောက်များနေတာလား။”

“အားလုံးကို စားလို့ရရင် မြောက်ပိုင်းမြို့တော်မှာ အငတ်ဘေး ဘယ်တော့မှ ဖြစ်တော့မှာ မဟုတ်ဘူး။”

“ဒါပေမယ့် မြောက်ပိုင်းနယ်စားမင်းသားက ဒီသီးနှံရဲ့ မျိုးစေ့တွေကို ကျွန်တော်တို့ ပြည်သူတွေကို ဖြန့်ဝေပေးမှာလား။”

အချိန်ကြာလာသည်နှင့်အမျှ တစ်ဧကစာမြေကို တူးဖော်ခြင်းလုပ်ငန်း ပြီးဆုံးသွားသည်။ အာလူးများသည် တောင်ငယ်လေးတစ်ခုလို ပုံလာသည်ကို မြင်သောအခါ မြောက်ပိုင်းမြို့တော်ရှိ စစ်သားများနှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများ အံ့ဩဘနန်း ဖြစ်ကုန်ကြသည်။

နောက်ဆုံးတွင် အလေးချိန် ချိန်ကြည့်ပြီးနောက် တစ်ဧကမြေမှ အာလူးအထွက်နှုန်းမှာ ကီလိုဂရမ်နှစ်ထောင်နီးပါး ရှိသည်။

လီဖန်းသည် ထိုအထွက်နှုန်းကို မြင်သောအခါ ယုံပင်မယုံနိုင်ပေ။ တစ်ဧကမြေမှ အာလူး ကီလိုဂရမ်နှစ်ထောင်....

ယခုခေတ်တွင် တစ်ဧကမှ ဂျုံကီလိုဂရမ်နှစ်ရာပင် မရရှိနိုင်ပေ။ ယုံကြည်လက်မခံနိုင်သော်လည်း ဤအရာအားလုံးသည် သူ့မျက်စိရှေ့တွင် ဖြစ်ပေါ်နေသည်။ ထို့ကြောင့် လီဖန်းအတွက် ယုံကြည်ရန်သာ ကျန်တော့သည်။

ထို့နောက် လီဖန်းသည် လုချန်းထံ တိုးကပ်၍ တိုင်းတာချက်ရလဒ်များကို တင်ပြရန် ပြင်ဆင်သည်။ သို့သော် လုချန်းက လီဖန်းအား “ဗိုလ်ချုပ်လီ၊ ကျွန်‌တော်တို့ရဲ့ အာလူး တစ်ဧကအလိုက် အထွက်နှုန်းကို ပြည်သူတွေသိ‌အောင်အသံကျယ်ကျယ် ပြောပြပါ” ဟု တိုက်ရိုက်ပြောလိုက်သည်။

လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသော လီဖန်းက အသံကျယ်ကျယ်ဖြင့် “မင်းသား၊ ကျွန်‌တော်တို့ရဲ့ တိုင်းတာချက်အရ အာလူး တစ်ဧကအလိုက် အထွက်နှုန်းမှာ ကီလိုဂရမ်နှစ်ထောင်ရှိပါသည်” ဟု ကြေညာလိုက်သည်။

ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ ပြည်သူများလည်း စိတ်လှုပ်ရှားမှုကြောင့် ဆူညံသွားကြသည်။

“မိုးနတ်မင်း။ ကီလိုဂရမ်နှစ်ထောင်တဲ့။”

“ရိက္ခများများ ရှိတော့နောက်ပိုင်း ဆာလောင်မှုကို စိုးရိမ်စရာမလိုတော့ဘူး!”

“မင်္ဂလာရှိတဲ့ နိမိတ်။ ဒါကတကယ့်မင်္ဂလာရှိတဲ့ နိမိတ်ပဲ။”

...........

အခန်း (၄၁)

သားဦးမွေးဖွားခြင်း

ပြည်သူများ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ လုချန်း ပြုံးလိုက်သည်။ အာလူး၏ အထွက်နှုန်းကို မြင်ပြီးနောက် သူတို့၏ စိတ်ထဲတွင် အာလူးများ စိုက်ပျိုးလိုစိတ် ပေါ်ပေါက်လာပြီဟု သူယုံကြည်သည်။

ဘာပဲဖြစ်ဖြစ် ဂျုံနှင့် နှိုင်းယှဉ်ပါက ဂျုံ၏ အထွက်နှုန်းသည် အလွန်နည်းပါးသည်။

ထိုအခိုက်တွင် လုချန်းက ပတ်ဝန်းကျင်ရှိ လူများအား “အားလုံး တိတ်ဆိတ်ကြပါ” ဟု အော်ဟစ်လိုက်သည်။

မြောက်ပိုင်းနယ်စားမင်းသားက ပြောသောအခါ လူအုပ်သည် ချက်ချင်း တိတ်ဆိတ်သွားသည်။ သူတို့၏ မျက်လုံးများသည် သားကောင်ကို စိုက်ကြည့်နေသည့် ဆာလောင်နေသော ဝံပုလွေများကဲ့သို့ လုချန်းအား စိုက်ကြည့်နေကြသည်။

သူတို့သည် မြောက်ပိုင်းနယ်စားမင်းသားက ယင်းသီးနှံ၏ မျိုးစေ့များကို ပြည်သူများအား ဖြန့်ဝေပေးမည်လား အလွန်သိလိုကြသည်။ လူအုပ် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လုချန်းက ထပ်မံပြောလိုက်သည်။

“ခင်ဗျားတို့ မြင်နေရတဲ့ သီးနှံကို အာလူးလို့ ခေါ်ပါတယ်။ အာလူးကို အဓိကအစားအစာ အဖြစ် စားသုံးနိုင်တယ်။ သူ့ရဲ့ အထွက်နှုန်းကိုလည်း ခင်ဗျားတို့ကိုယ်တိုင် မြင်ခဲ့ကြရပြီ။”

“ကျွန်တော်က ပြည်သူတွေ စိုက်ပျိုးဖို့ အာလူးစေ့အချို့ကို ဖြန့်ဝေပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အာလူးစိုက်ပျိုးသူများဟာ နှစ်နှစ်တိုင် လယ်ယာခွန် မဆောင်ရပါဘူး။”

လုချန်း၏ စကားများကို ကြားသောအခါ ပြည်သူများ တစ်ကြိမ်ထပ်မံ၍ စိတ်လှုပ်ရှား သွားကြသည်။ မြောက်ပိုင်းနယ်စားမင်းသားက ဤအံ့သြဖွယ်သီးနှံကို စိုက်ပျိုးရန် သူတို့အား ပေးလိမ့်မည်ဟု မျှော်လင့်မထားပေ။ ထို့ပြင် လယ်ယာခွန်ကို နှစ်နှစ်တိုင် ကင်းလွတ်ခွင့်ပေးမည်ဟုလည်း ပို၍မျှော်လင့်မထားပေ။

ထို့နောက် ပြည်သူအချို့သည် ဒူးထောက်လိုက်ကြပြီး လုချန်းအား ကျေးဇူးတင်စွာ ဦးညွှတ်နေကြသည်။

ပြည်သူများ စိတ်အားထက်သန်နေသည်ကို မြင်သောအခါ လုချန်းသည် အာလူးစိုက်ပျိုးခြင်း ထွန်းကားစေရန် ပြဿနာမကြီးလှဟု သိရှိလိုက်သည်။ နှစ်အနည်းငယ်အကြာတွင် မြောက်ပိုင်းမြို့တော်တွင် သဘာဝဘေးအန္တရာယ် သို့မဟုတ် ကပ်ဘေးဒဏ်များ မဖြစ်ပွားပါက ယခုကဲ့သို့ အစာရေစာပြတ်လပ်မှု ကြီကြီးမားမား ဖြစ်ပေါ်လာမည် မဟုတ်ပေ။

ထိုအခိုက် လုချန်း တစ်စုံတစ်ခုပြောရန် ပြင်ဆင်နေစဉ် စနစ်၏ အကြောင်းကြားချက်တစ်ခု ပေါ်လာသည်။

[သခင်၏ ပထမဆုံးသား မွေးဖွားလာသောကြောင့် ဂုဏ်ပြုပါသည်။ ဆုများမှာ အထူးကိုယ်ရံတော်စစ်သည် ငါးထောင်၊ ထိပ်တန်းအဆင့် တပ်မှူးနှစ်ဦးနှင့် အပိုဆုအဖြစ် လက်နက်ထုတ်လုပ်မှုနည်းပညာ တို့ဖြစ်ပါသည်။]

[သားသမီးများ ပိုမိုများပြားလာသည်နှင့်အမျှ ဆုလာဘ်များ ပိုမိုတန်ဖိုးရှိလာမည်ဖြစ်သည်။ ထိုဆုလာဘ်များတွင် အမျိုးမျိုးသော ခေတ်မီနည်းပညာများ၊ စက်ရုံများနှင့် စက်မှုကုန်ထုတ် နည်းလမ်းများပါဝင်သည်။]

မျှော်လင့်မထားပဲ စနစ်၏ အသံကို ကြားသောအခါ လုချန်း အံ့အားသင့်သွားသည်။ မင်းသားစံအိမ်မှ ထွက်လာပြီး မကြာမီပင် သူ့ သားဦးရရှိမည်ဟု စဉ်းစားမထားခဲ့ပေ။ မုကျိရွှမ်း မီးဖွားပြီးဖြစ်မည်မှာ သေချာပါသည်။

ထိုအခိုက် သူသည် မင်းသားစံအိမ်သို့ ပြန်သွားရန် ပြင်ဆင်နေစဉ် မင်းသားစံအိမ်မှ လူယုံ အရာရှိတစ်ဦးက သူ့ထံသို့ မြင်းစီး၍ ရောက်လာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

“မင်းသား၊ မင်းသား၊ မိဖုရားက မီးဖွားတော့မှာ ဖြစ်ပါတယ်။ ဒေါ်လေးချူးက မြန်မြန်ပြန်လာဖို့ တောင်းဆိုလိုက်ပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်းသည် လီဖန်းအား

“ဗိုလ်ချုပ်လီ၊ ကျန်တာကို ခင်ဗျားပဲ ဆက်လုပ်လိုက်ပါ။ ကျွန်တော် သွားကြည့်လိုက်ဦးမယ်” ဟု ပြောလိုက်သည်။

လီဖန်းသည် မင်းသားမိဖုရား မီးဖွားခြင်း၏ အရေးပါမှုကို သဘောပေါက်သည်။ ဆက်ခံသူ မွေးဖွားမှ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ မျိုးဆက်သည် ဆက်လက်ရှင်သန်နိုင်မည်ဖြစ်သည်။ သူက ချက်ချင်းပင်

“မင်းသား၊ စိတ်ချလက်ချ ပြန်သွားပါ။

ကျွန်‌တော် စစ်သည်‌တွေကို အာလူးတွေ အမြန်ဆုံး ဆက်တူးခိုင်းထားပါမယ်” ဟု ပြန်လည်ပြောလိုက်သည်။ လုချန်း ဘာမှထပ် မပြောတော့ပေ။ ချက်ချင်းပင် သူ၏ မြင်းရထားပေါ်သို့ တက်လိုက်သည်။

ထိုအချိန်တွင်။

မြောက်ပိုင်းမြို့တော် ရန်ခရိုင်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုခန်းပိုင်ရှင်သည် ထောင့်တစ်ထောင့်တွင် ရပ်လျက် ပေသီးခေါက် တွက်ချက်နေသည်။ ရုတ်တရက် သတင်းအချက်အလက်များ စီးဝင်လာသောကြောင့် သူ၏ဦးနှောက် ရပ်တန့်သွားသည်။ တည်းခိုခန်းပိုင်ရှင်သည် ချက်ချင်းပင် အံ့အားသင့်သွားပြီး မယုံကြည်နိုင်သည့်အလားမြောက်ပိုင်းနယ်စားမင်းသားစံအိမ်ဘက်သို့ ဦးခေါင်းလှည့်လိုက်သည်။

သူ့ဘာသာသူ တွေးတောနေရင်း တည်းခိုခန်းပိုင်ရှင် ရေရွတ်လိုက်သည်။

“သူဖြစ်နိုင်မလား။ အံ့ဩစရာတော့ မရှိပါဘူး၊ အံ့ဩစရာ မရှိပါဘူး။”

“နောင်အနာဂတ်မှာ ငါအလုပ်များတော့မယ်ထင်တယ်”

ထိုစကားဖြင့် တည်းခိုခန်းပိုင်ရှင်သည် ပေသီးကိုချပြီး အဝတ်အစားများကို လဲလှယ်လိုက်သည်။

တစ်ချိန်တည်းမှာပင်။

နေပြည်တော်။

မင်းသားလုရှုယွမ် ပုံမှန်သွားလေ့ရှိသော ယမကာဆိုင်ပိုင်ရှင်နှင့် မန်နေဂျာလည်းဖြစ်သူ ဂုဏ်သရေရှိ ဧည့်သည်များကို ကိုယ်တိုင် ကြိုဆိုရန် ပြင်ဆင်နေစဉ် သူသည်လည်း ချက်ချင်း ရပ်တန့်သွားပြီး သူ၏မျက်နှာက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

သူက သူ့ဘာသာသူ တွေးတောလိုက်သည်။

“မင်းသား လုပ်နေတာဆိုရင် ငါ့တာဝန်က ရောက်လာတော့မယ်။ ကြည့်ရတာ ငါကြိုတင်ပြင်ဆင်ရထားရမယ်ထင်တယ်။”

မင်းသားစံအိမ်သို့ ပြန်လာစဉ် လုချန်းသည် ယခုပင် ရရှိခဲ့သော ဆုလာဘ်များကို ကြည့်ရှုရန် စနစ်ကို ဖွင့်လိုက်သည်။

“စနစ်၊ အထူးကိုယ်ရံ‌တော်စစ်သည် ငါးထောင်က အခု ဘယ်မှာလဲ။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဘယ်လိုလဲ။”

လုချန်းသည် မျိုးဆက် ဆက်ခံသူရှိခြင်း၏ ဆုလာဘ်တစ်ခုအနေဖြင့် လူတစ်စု ရရှိမည်ဟု မျှော်လင့်မထားပေ။ စနစ်က ခေတ်မီစစ်ရေးလက်နက်များကို ဆုအဖြစ် ပေးအပ်မည်ဟု သူထင်ခဲ့သည်။

ထိုအခိုက်တွင် စနစ်၏ အကြောင်းကြားချက်သံ ထွက်ပေါ်လာသည်။

[အထူးကိုယ်ရံ‌တော်စစ်သည် ငါးထောင်ကို ယခုအခါ ရှနိုင်ငံ၏ ခရိုင်အသီးသီးတွင် ဖြန့်ဝေထားပြီး သူတို့အနက် အဆင့်အနိမ့်ဆုံးမှာ အဆင့်ငါးဖြစ်သည်။ အထူးကိုယ်ရံတော်စစ်သည် တပ်မှူးချုပ်လေးဦးနှင့် တပ်မှူးငါးဦးတို့သည် အဆင့်ကိုးရှိသည်။ ထို့ပြင် စနစ်မှတစ်ဆင့် သခင် ရရှိသော လက်အောက်ငယ်သားများသည် သစ္စာရှိမှု တစ်ရာရာခိုင်နှုန်းရှိပြီး သူတို့တွင် ဤ‌ခောတ်ကမ္ဘာမှ ကိုယ်ပိုင်ဘဝများ ရှိသည်။]

စနစ်၏ အကြောင်းကြားချက်ကို ကြားသောအခါ လုချန်းက စိတ်ဝင်စားစွာ မေးလိုက်သည်။

“ထိုသူများသည် သူတို့က အထူးကိုယ်ရံတော်စစ်သည်များဖြစ်ကြောင်း မည်သို့သိကြသနည်း။”

[ဤသည်က စနစ်၏ စွမ်းအားဖြစ်သည်။ စနစ်က အထူးမှတ်ဉာဏ်အချက်အလက်များကို သူတို့၏ ခေါင်းထဲတွင် ထည့်သွင်းထားသည်ဟု သခင် နားလည်နိုင်သည်။ သူတို့၏ စစ်မှန်သော အရှင်သခင်ပေါ်လာသည်အထိ အထူးကိုယ်ရံတော်တပ် ရှင်သန်ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်သည်။]

စနစ်၏ အကြောင်းကြားချက်သံကို ကြားသောအခါ လုချန်းသည် စနစ်၏ စွမ်းအားကို မအံ့ဩပဲ မနေနိုင် ဖြစ်လာသည်။

[အထူးကိုယ်ရံတော်စစ်သည် အဖွဲ့ဝင်အားလုံးသည် သခင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လက်ခံရရှိထားပြီးဖြစ်သည်။ ယခုအခါ မြောက်ပိုင်းမြို့တော်တွင် အထူးကိုယ်ရံတော်စစ်သား သုံးရာရှိပြီး တပ်မှူးတစ်ဦး၊ ပြစ်ဒဏ်ဆိုင်ရာဌာနမှူး၊ စုံစမ်းစစ်ဆေးရေးဌာနမှူးနှင့် ရန်ခရိုင်တွင် တာဝန်ထမ်းဆောင်နေသော အပြင်ဘက်နှင့် အတွင်းပိုင်း တပ်မှူးများ ပါဝင်သည်။ သူတို့သည် သခင့်ထံသို့ ထောက်လှမ်းရေးအချက်အလက်များ တင်ပြရန် မကြာမီ မင်းသားစံအိမ်သို့ ရောက်ရှိလာမည်ဖြစ်သည်။]

[သခင်သည် မြောက်ပိုင်းမြို့တော်ပြင်ပမှ အထူးကိုယ်ရံတော်စစ်သည်များကို ပြန်လည်ခေါ်ယူရန် လိုအပ်ပါသလား။]

စနစ်၏ အကြောင်းကြားချက်ကို မြင်သောအခါ လုချန်းက မေးလိုက်သည်။

“ငါသည် သူတို့နှင့် ဝေးကွာသောနေရာမှ ဆက်သွယ်နိုင်ပါသလား”

[မရပါ။ သို့သော် သခင်သည် သူတို့အား တစ်ကြိမ်ခေါ်ယူနိုင်သော အခွင့်အာဏာရှိသည်။]

လုချန်းသည် စနစ်၏ အဓိပ္ပာယ်ကို နားလည်သည်။ အထူးကိုယ်ရံတော်စစ်သည်အားလုံးကို ပြန်လည်ခေါ်ယူလိုပါက စနစ်မှ သတင်းစကား လက်ခံရရှိနိုင်မည်ဖြစ်သည်။ ယင်းသည် စနစ်၏ စွမ်းအားတစ်ခုဖြစ်သည်။

သို့သော် သူအားလုံးကို သူကဘာလို့ခေါ်ယူလိုရမည်နည်း။

အထူးကိုယ်ရံတော်စစ်သည်များ၏ တာဝန်မှာ အရာရှိများကို စောင့်ကြည့်ခြင်းနှင့် ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းခြင်းဖြစ်သည်။ သူ ပြန်လည်ခေါ်ယူပါက အထူးကိုယ်ရံတော် တပ်ဖွဲ့ဝင်များ အတွက် အကျိုးရှိမည် မဟုတ်ပေ။

ထို့ကြောင့် လုချန်းက “မလိုအပ်ပါ၊ သူတို့ကို သူတို့ရှိရာနေရာတွင် နေထိုင်ပါစေ” ဟု ပြောလိုက်သည်။

[မြောက်ပိုင်းမြို့တော်ပြင်ပရှိ အထူးကိုယ်ရံတော်များသည် သူတို့၏ လက်ရှိနေရာများတွင် စောင့်ဆိုင်းနေရန် သခင်၏ အမိန့်ကို လက်ခံရရှိထားပြီးဖြစ်သည်။]

မင်းသားစံအိမ်သို့ ပြန်ရောက်သောအခါ လုချန်းသည် မုကျိရွှမ်း၏ မီးဖွားခန်းသို့ အလျင်အမြန်ပြေးသွားသည်။ ထိုအခိုက်တွင် မုကျိရွှမ်းသည် ပျော့ခွေနေပြီး ချွေးများ ပြန်နေ၍ အလွန်အားနည်းနေသည်။ လုချန်း ပြန်လာသည်ကို မြင်သောအခါ မုကျိရွှမ်းက ကုတင်ပေါ်မှ ထရန် ကြိုးစားလိုက်သည်။ လုချန်းသည် ချက်ချင်း သူမအား ဖေးမရန် သွားလိုက်သည်။

“နှမတော်၊ လဲလျောင်းနေပါ။ နားနေပါ” ဟု ပြောလိုက်သည်။

ထိုအခိုက်တွင် ဝမ်းဆွဲသည်က လုချန်းထံသို့ ကလေးငယ်ကို ပွေ့၍ လာပြီး

“ဂုဏ်ယူပါတယ် မင်းသား၊ မိဖုရားက မင်းသားအတွက် သား‌တစ်‌ယောက်မွေးဖွားပေးခဲ့ပါတယ်။” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချန်းသည် ချက်ချင်းပင် ဝမ်းဆွဲသည်၏ လက်ထဲရှိ ကလေးငယ်ကို ငေးကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပွေ့ချီလိုက်သည်။ မွေးကင်းစကလေးသည် အလွန်သေးငယ်ပြီး ရုပ်ဆိုး၏။ သို့သော် လုချန်းသည် သူ၏ သားဖြစ်သောကြောင့် စိတ်ခုခြင်း မရှိပေ။

ထိုအခိုက်တွင် ချူးယုချင်က

“ချန်းလေး၊ မင်းရဲ့သားကို နာမည်မပေးရသေးဘူး။ အခုသူ့ကို နာမည်တစ်ခုပေးပါ” ဟု သတိပေးလိုက်သည်။

လုချန်း ခဏစဉ်းစားပြီးနောက် “လုချန်းဖုန်း” ဟု ခေါ်ကြစို့” ဟု ပြောလိုက်သည်။

“ချန်းဖုန်း” ကို အဓိပ္ပာယ်ဖွင့်ဆိုရလျှင် အဆက်မပြတ် တိုက်ခတ်သော လေ၊ အားအင်၊ အသက်ဝင်မှုနှင့် မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။

လုချန်းသည် သူ၏ ပထမဆုံးသားသည် တက်ကြွစွာ ကြီးပြင်းလာပြီး နောင်တစ်ချိန်ချိန်တွင် ကြီးမားသော ကိစ္စရပ်များကို လုပ်ဆောင်နိုင်ပါစေဟု ဆန္ဒပြုလိုက်သည်။ မီးဖွားခန်းတွင် မုကျိရွှမ်းနှင့် ခဏတာ နေပြီးနောက် လုချန်းသည် အထူးကိုယ်ရံတော်တပ်မှူး ရောက်ရှိလာမည် ဖြစ်သည့်အတွက် ပြင်ဆင်ရန် ထွက်ခွာလာခဲ့သည်။

မီးဖွားခန်းမှ ထွက်လာသည်နှင့် ချူးယုချင်က “ချန်းလေး၊ မင်း ဘယ်ကိုသွားနေတာလဲ” ဟု မေးလိုက်သည်။

မုကျိရွှမ်း မီးဖွားတော့မည်ဖြစ်သော်လည်း လုချန်းသည် မင်းသားစံအိမ်တွင် မရှိပေ။ ထိုသို့ဖြစ်ခြင်းမှာ အလွန်အရေးကြီးသော ကိစ္စတစ်ခုကို ဆောင်ရွက်နေသောကြောင့် ဖြစ်ရမည်။

လုချန်းက “အာလူးတွေ ရိတ်သိမ်းလို့ရပြီ။ ကျွန်တော်က ဗိုလ်ချုပ်လီတို့ အာလူးရိတ်သိမ်းနေတာကို သွားကြည့်‌နေတာ” ဟု ပြန်ပြောလိုက်သည်။

ထိုအခါ ချူးယုချင်၏ မျက်လုံးများ လင်းလက်လာပြီးနောက်

“မင်း ဒို့ကို စားဖို့ပေးခဲ့တဲ့ အာလူးတွေလား” ဟု မေးလိုက်သည်။

ချူးယုချင်နှင့် မင်းသားစံအိမ်မှ အခြားသော အမျိုးသမီးများသည် အာလူးများကို မြင်ဖူးကြပြီး စားသုံးကြည့်ခဲ့ကြသည်။ လုချန်းက အာလူးများကို မိတ်ဆက်ပေးပြီးနောက် ချူးယုချင်သည် မြောက်ပိုင်းမြို့တော်အတွက် အာလူးများ၏ အရေးပါမှုကို သဘောပေါက်သည်။

လုချန်းက ခေါင်းညိတ်လိုက်သည်။

“အာလူးအထွက်နှုန်းကကော ဘယ်လိုလဲ” ချူးယုချင်က ဆက်လက်၍

မေးလိုက်သည်။

လုချန်းက “တစ်ဧကကို ကီလိုဂရမ်နှစ်ထောင်” ဟု ပြန်ဖြေလိုက်သည်။

ထိုအဖြေကို ကြားသောအခါ ချူးယုချင်ကြက်သေသေသွားသည်။ လုချန်းက အာလူးများ၏ အထွက်နှုန်းက များပြားမည်ဖြစ်ကြောင်း ယခင်က ပြောပြခဲ့သော်လည်း ဤမျှများပြားလိမ့်မည်ဟု သူမ မျှော်လင့်မထားပေ။

အာလူးများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ပါက မြောက်ပိုင်းမြို့တော်ရှိ ပြည်သူများသည် ဆာလောင်မှုကို ဘယ်တော့မှ မခံစားရတော့ပေ။ ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသား၏ ဂုဏ်သတင်းသည်လည်း လျင်မြန်စွာ တိုးတက်လာမည်ဖြစ်သည်။

ချူးယုချင် အာလူးများ၏ အထွက်နှုန်းကို အံ့အားသင့်နေသည်ကို မြင်သောအခါ လုချန်းက

“ဒေါ်လေးချူး၊ အံ့အားသင့်နေပြီလား။ စောင့်ပါဦး။ ‌ဒိီထက်ပိုပြီး အံ့အားသင့်စရာ ကောင်းတဲ့ကိစ္စတစ်ခု ဒေါ်လေးကြားရဖို့ ရှိပါသေးတယ်” ဟု ပြောလိုက်သည်။

လုချန်း စကားမဆုံးမီပင် မင်းသားစံအိမ်မှ လူယုံတစ်ဦး ပြေးလွှားလာပြီး

“မင်းသား၊ ဒေါ်လေးချူး၊ ဆိုးရွားတဲ့အဖြစ်အပျက်တစ်ခု ဖြစ်‌နေပါတယ်။ ထူးဆန်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ သိုင်းပညာရှင် အုပ်စုတစ်စု မင်းသားစံအိမ်အပြင်မှာ ရောက်နေပါတယ်” ဟု ပြောလိုက်သည်။

..........

အခန်း (၄၂)

မုအိမ်တော် ဒုက္ခဖြစ်ခြင်း

ချူးယုချင် လူယုံ၏ သတင်းပို့မှုကို ကြားသောအခါ မျက်ခုံးတွန့်သွား၏။ ထူးဆန်းသော ဝတ်စုံ ဝတ်ဆင်ထားသည့် သိုင်းပညာရှင်များ။ ဘယ်သူက မြောက်ပိုင်းစားမင်းသားစံအိမ်ကို အနှောင့်အယှက်ပေးရဲမှာလဲ။

လုချန်း သွေးလဝန်းရဲတိုက်၏ လုပ်ကြံမှုမှ လွတ်မြောက်ပြီးနောက်ပိုင်းတွင် မြောက်ပိုင်းမြို့တော်၌ မည်သူကမှ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ထိရဲမည်မဟုတ်ပေ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ထိပ်သီးပညာရှင်ရှိသည်ကို လူအားလုံးသိကြသောကြောင့် မိုက်မဲရဲ ကြမည်မဟုတ်ပေ။

သို့သော်လည်း ဒီနေ့တော့ ရောက်လာကြပြီဖြစ်သည်။ ချူးယုချင်က ချက်ချင်းပင် လုချန်းအား “ချန်း‌ လေး ဒေါ်လေးသွားကြည့်လိုက်မယ်” ဟု ပြောလိုက်သည်။

လုချန်းက “ဒေါ်လေးချူး၊ ကျွန်တော်လည်း လိုက်မယ်” ဟု ပြောလိုက်သည်။

ချူးယုချင်သည် တစ်စုံတစ်ခုပြောရန် ပြင်လိုက်သော်လည်း လုချန်း၏ ကိုယ်ပေါ်တွင် လျှို့ဝှက်လက်နက်ရှိ‌ နေသည့်အပြင် လုချန်းသည် ယခုအခါ သိုင်းပညာရှင်တစ်‌ယောက် ဖြစ်နေပြီဖြစ်သောကြောင့် သူ့ကို မတားမြစ်တော့‌ေပ။

ထို့နောက် သူတို့သည် မင်းသားစံအိမ်၏ ဝင်ပေါက်တံခါးဝသို့ ရောက်လာခဲ့သည်။

သူတို့သည် တံခါးဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် အိမ်တော်လူယုံ၏ ပြောပြချက်အတိုင်း ထူးဆန်းသော ဝတ်စုံများ ဝတ်ဆင်ထားသည့် သိုင်းပညာရှင်များသည် မင်းသားစံအိမ်၏ တံခါးဝတွင် အလွန်ရိုသေသော ဟန်များဖြင့် တန်းစီရပ်နေကြ၏။ သူတို့တွင် အနှောင့်အယှက်ပေးရန် စိတ်ကူးမရှိကြပေ။

လုချန်းသည် ငါးပျံဝတ်စုံနှင့်ဝတ်ရုံကို ဝတ်ဆင်ထားသော သိုင်းပညာရှင်များဖြစ်သည့် အထူးကိုယ်ရံတော်တပ်များကို အကဲခတ်ကြည့်ရှုလိုက်သည်။ သို့သော် ချက်ချင်း‌တော့ သူတို့အနားသို့ မသွားခဲ့ပေ။

ချူးယုချင်သည် ထိုမြင်ကွင်းကို မြင်ပြီး ချက်ချင်း အံ့အားသင့်သွားသည်။ သူတို့သည် အနှောင့်အယှက်ပေးရန် လာကြသည်ဟု သူထင်ခဲ့သော်လည်း သူတို့၏ ဟန်ပန်အမူအယာများအရ ထိုသို့မဟုတ်ကြောင်း ထင်ရှား၏။

ထို့ပြင် သူတို့၏ ဝတ်စုံများသည် တူညီကြသည်။ အစိုးရအဖွဲ့အစည်းတစ်ခုမှ သိုင်းပညာရှင်များ နှင့်တူနေသည်။ သို့သော် သူမသည် ရှားမင်းဆက်အောက်တွင် ထိုသို့သော ဝတ်စုံများ ဝတ်ဆင်သည့် အဖွဲ့အစည်းမျိုးကို ကြားသိဖူးခြင်းမရှိပါ။

ထိုသူများ၏ အငွေ့အသက်ကို ခံစားမိသောအခါ ချူးယုချင်၏ မျက်ခုံးတွန့်သွားပြီး ချက်ချင်း သတိပြုမိသွားသည်။ အရှေ့တန်းတွင်ရှိသော လူသည် သူ၏ အငွေ့အသက်အရ သူမထက် မညံ့သော သိုင်းစွမ်းအားရှိသည်။

ထို့နောက် ထိုသူ၏နောက်ကွယ်ရှိ လူငါးဦးသည်လည်း အဆင့်ကိုးဖြစ်သည်။ နောက်မှ မြင်းလှည်းနှစ်စီးတွင် လိုက်ပါလာသော သူများအားလုံးနီးပါးသည် အဆင့်ငါး သို့မဟုတ် ထို့ထက်ပိုမိုသော အဆင့်ရှိသည်။

ယခင်က သွေးလဝန်းရဲတိုက်ပင် လုချန်းကို လုပ်ကြံရန် လူများ စေလွှတ်သောအခါ အဆင့်ငါး သိုင်းပညာရှင် ဤမျှများများ မပို့နိုင်ခဲ့ပေ။

ဤလူများသည် မည်သည့်နေရာမှ ရောက်လာကြသနည်း။

ထို့နောက် မင်းသားစံအိမ်တွင် သူတို့ ဘာကိုအလိုရှိ‌ နေကြသနည်း။

ချူးယုချင်ကို အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်စေသည်မှာ ရှေ့တန်းတွင်ရှိသော လူဖြစ်သည်။ သူသည် သူမအား ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည်။ ထိုသူသည် ထိပ်သီးပညာရှင် ဖြစ်နိုင်သည်ဟုပင် သူမ သံသယရှိခဲ့သည်။

ချူးယုချင်သည် သူတို့၏ အမည်များကို မေးမြန်းရန် ပြင်လိုက်သောအခါ ဦးဆောင်သူသည် ရှေ့သို့တိုးလာပြီးနောက် လုချန်း၏ ရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်ပြီး

“အထူးကိုယ်ရံတော်တပ် တပ်မှူး ချင်ယူရှန်မင်းသားကို ဦးညွှတ်ဂါရဝပြုပါတယ်” ဟု ပြောလိုက်သည်။

“ကျွန်တော် မင်းသားကိုအမြန်ဆုံး အစီရင်ခံရန် ပျက်ကွက်ခဲ့ပါတယ်။ ကျေးဇူးပြု၍ မင်းသား၊ ကျွန်တော့်ကို အပြစ်ပေးပါ။”

ချင်ယူရှန် ဒူးထောက်ပြီးနောက် သူ၏နောက်ကွယ်ရှိ ကိုယ်ရံတော်တပ်များသည်လည်း တညီတညွတ်တည်း ဒူးထောက်ကြသည်။ ဤမြင်ကွင်းကို မြင်သောအခါ ချူးယုချင်၏ မျက်နှာတွင် အလွန်အမင်းအံ့သြမှုများ ပေါ်လာသည်။ သူမသည် လုချန်း မည်သည့်အချိန်တွင် ဤမျှလောက် တောင့်တင်းအင်အားကြီးသော လက်အောက်ငယ်သားများကို ရရှိခဲ့သည်ကို နားမလည်နိုင်ခဲ့ပေ။

လုချန်းနှင့်အတူ မြောက်ပိုင်းမြို့တော်သို့ လိုက်လာခဲ့သော လီဖန်းပင် ယခုအထိ အဆင့်ရှစ်သာ ရှိသေးသည်။ သို့သော်လည်း လုချန်းတွင် အဆင့်ကိုး သိုင်းပညာရှင် ငါးဦး၊ အဆင့်ငါး ထက်ကျော်လွန်သူ တစ်ရာကျော်နှင့် ထိပ်သီးအဆင့် တစ်ဝက်ထက် ကျော်လွန်သော အစွမ်းသတ္တိရှိသည့် ထိပ်သီးပညာရှင်တစ်ဦးပင် ရှိနေပြီဖြစ်သည်။

ထို့နောက် လုချန်းသည် ချင်ယူရှန်ကို ကြည့်လိုက်ပြီး သူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စစ်ဆေးလိုက်သည်။

[အမည်_ချင်ယူရှန်]

[အထောက်အထား_အထူးကိုယ်ရံ‌တော်တပ်၏ တပ်မှူး၊ နေပြည်တော်ရှိ ရွှင်ပျော်ပျော် ယမကာဆိုင်၏ ဆိုင်ရှင်။ သခင်သည် သူ၏ သခင်ဖြစ်ကြောင်း သိရှိသောအခါ သူသည် ချက်ချင်းပင် ရန်ခရိုင်ရှိ အထူးကိုယ်ရံတော်တပ်ကို ခေါ်ယူ၍ သခင့်ထံအစီရင်ခံရန် ရောက်ရှိခဲ့သည်။]

[အစွမ်း_ ထိပ်သီးပညာရှင်]

[သစ္စာရှိမှု_ ၁၀၀]

ချင်ယူရှန်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စစ်ဆေးပြီးနောက် လုချန်းသည် အထူးကိုယ်ရံတော်တပ်၏ အခြားသူများကို ကြည့်လိုက်သောအခါ သူတို့၏ သစ္စာရှိမှုသည် စနစ်က ဆိုသည့်အတိုင်း အမှန်တကယ်ပင် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

စနစ်သည် တကယ်ပင် အစွမ်းထက်သည်။ သူ့အတွက် စွမ်းရည်အပြည့်ရှိသော လက်အောက်ငယ်များကို ကြိုတင်၍ မွေးမြူထားခဲ့သည်။

ထို့နောက် လုချန်းက

“တပ်မှူးချင်၊ ထပါ။ တံခါးဝမှာပဲ မရပ်နေပါနှင့်။ အထဲကို အရင်ဝင်လာပါဦး။” ဟု ပြောလိုက်သည်။

ထို့နောက် လုချန်းသည် တစ်ဖက်လှည့်၍ မင်းသားစံအိမ်ဘက်သို့ လျှောက်သွားသည်။ တစ်ခါတစ်ရံတွင် ပြည်သူများသည် တံခါးဝနားမှ ဖြတ်သန်းသွားလာကြသည်။ မင်းသားစံအိမ်၏ တံခါးဝတွင် သိုင်းပညာရှင်များ ဤမျှများပြားစွာ ရှိနေသည်ကို မြင်သွားလျှင် သူတို့သည် ထင်ကြေးများကို နေရာအနှံ့ ပြန့်နှံ့သွားစေမည်ဖြစ်သည်။

မင်းသားစံအိမ်ထဲမှာ ကိစ္စရပ်များကို ဆွေးနွေးခြင်းသည် ပိုမိုကောင်းမွန်သည်။ ထို့နောက် ချင်ယူရှန်သည် လက်အောက်ငယ်သား ရာပေါင်းများစွာကို ဦးဆောင်၍ မင်းသားစံအိမ်သို့ ဝင်ရောက်လာခဲ့သည်။

သူတို့သည် လေ့ကျင့်ရေးကွင်းသို့ ရောက်သောအခါ ချူးယုချင်သည် စိတ်ဝင်စားစွာဖြင့် လုချန်းအား

“ချန်းလေး၊ မင်းဘယ်အချိန်ကတည်းက ဒီလို အစွမ်းထက်တဲ့ သူတွေကို မွေးထားတာလဲ။ ဒေါ်လေး ဘာမှမသိခဲ့ရပါလား။” ဟု မေးမြန်းလိုက်သည်။

ထိုသို့သော အစွမ်းထက်သူ တစ်ဦးတည်းသာ ဖြစ်ပါက သူမ၏ အံ့အားသင့်မှုသည် သာမန်ဖြစ်လိမ့်မည်။ သို့သော် ဤအထူးကိုယ်ရံ‌တော်များသည် တူညီသော ဝတ်စုံများကို ဝတ်ဆင်ထားသည်ကို မြင်သောအခါ သူတို့သည် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ချူးယုချင် ချက်ချင်း သဘောပေါက်မိသွားသည်။

လုချန်းသည် ယခင်ကတည်းက မင်းသားစံအိမ်အပိုင် အဖွဲ့အစည်းတစ်ခုကို ဖန်တီးခဲ့ပြီးဖြစ်သည်။ သို့သော် သူမသည် ထိုကိစ္စနှင့် ပတ်သက်၍ တစ်စွန်းတစ်စမှ ကြားသိခဲ့ရခြင်းမရှိပေ။ ထို့ကြောင့် ချူးယုချင်ကို စိတ်ရှုပ်ထွေးစေခဲ့သည်။

လုချန်းက ပြုံး၍

“ဒေါ်လေး။ ဒေါ်လေး မသိ‌သေးတဲ့ကျွန်တော့်အကြောင်းတွေ အများကြီး ရှိသေးတယ်” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချူးယုချင်သည် လုချန်းကို မျက်လုံးလည်ပြလိုက်သည်။ သို့သော် လုချန်းကို ဘုန်းကံကြီးသူတစ်ယောက်ဖြစ်ရမည်ဟု သဘောထားသောအခါ ချူးယုချင်၏ နှလုံးသားတွင်လည်း စိတ်သက်သာရာရခဲ့သည်။

ထိုအချိန်တွင် လုချန်းသည် သူ၏ခြေလှမ်းများ ရပ်လိုက်ပြီး လှည့်လိုက်ကာ ချင်ယူရှန်အား

“တပ်မှူးချင်၊ အထူးကိုယ်ရံတော်တပ်ရဲ့ လက်ရှိအခြေအနေကို အတိုချုံး ပြောပြပါ” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့၊ မင်းသား” ဟု ပြောလိုက်သည်။

“အထူးကိုယ်ရံတော်တပ်မှာ လက်ရှိ အဖွဲ့ဝင် ငါးထောင်ရှိပြီး ရှနိုင်ငံရဲ့ ခရိုင်အသီးသီးတွင် ဖြန့်ကျက်ထားပါတယ်။ အားလုံးက အဆင့်ငါးထက် ကျော်လွန်သော အစွမ်းရှိပါတယ်။ အဆင့်ကိုးထက် ကျော်လွန်သော သိုင်းပညာရှင် ဆယ့်တစ်ဦးရှိပြီး ထိုအထဲတွင် ထိပ်သီးပညာရှင် နှစ်ဦးရှိသည်။ ထိုသူများမှာ ကျွန်တော်နှင့် တပ်မှူး လျှံဇွန်း တို့ဖြစ်ပါတယ်။”

ချင်ယူရှန်၏ အစီရင်ခံချက်ကို ကြားသောအခါ ချူးယုချင်သည် လုံးဝ အံ့အားသင့်သွားသည်။

အဆင့်ငါးထက် ကျော်လွန်သော သိုင်းပညာရှင် ငါးထောင်။

သူတို့အားလုံးက အထူးကိုယ်ရံတော်တပ်ဖွဲ့ဝင်‌ တွေ။

ထို့ပြင် အဆင့်ကိုး သိုင်းပညာရှင် ကိုးဦးနှင့် ထိပ်သီးပညာရှင် နှစ်ဦးရှိသည်။ ချန်းလေးသည် ဤမျှကြီးမားသော အစွမ်းထက်သော အဖွဲ့အစည်းကို လျှို့ဝှက်စွာ ဖန်တီးခဲ့သည်။

ဒီလောက် အင်အားကြီးသော တပ်မျိုးရှိတာတောင် သူသည် နေပြည်တော်တွင် အပျော်အပါးမက်သော အသုံးမကျသည့် လူငယ်တစ်ဦးအဖြစ် ဘာလို့သနည်း။ နေပြည်တော်ရှိ မင်းသားများသည် အမျိုးမျိုးသော အစွမ်းထက်သည့် အင်အားစုများ၏ ထောက်ပံ့မှုဖြင့်ပင်လျှင် လုချန်းကဲ့သို့သော အစွမ်းထက်သော အင်အားစုကို တိုက်ရိုက်ထိန်းချုပ်နိုင်ခြင်းမရှိပေ။

ဤမျှကြီးမားသော တပ်မျိုး၏ ထောက်ပံ့မှု ရှိ‌ နေလျှင် လုချန်းသည် ထိုမင်းသားများကို ဘာကြောင့် ကြောက်ရမည်နည်း။ ထို့ပြင် ချူးမိသားစုနှင့် တောင်ပိုင်း အာဏာရှိ မိသားစုများ၏ ထောက်ပံ့မှုဖြင့် သူသည် အိမ်ရှေ့စံရာထူးကို ခိုင်ခိုင်မာမာ ရယူနိုင်နေပြီဖြစ်သည်။

ချူးယုချင်သည် ခဏတာမျှ လုံးဝ စိတ်ရှုပ်ထွေးသွားသည်။ သူမသည် လုချန်း ယခင်က အသုံးမကျသော လူငယ်အဖြစ် ဟန်ဆောင်ခဲ့သည့် အကြောင်းရင်းကို နားမလည်နိုင်ခဲ့ပေ။

ဟုတ်ပါသည်။ သူမသည် လုချန်းသည် ယခုမှအထူးကိုယ်ရံ‌တော်တပ်ကို ရရှိခဲ့သည်ကို မသိရှိသောကြောင့် သူမ၏ နားမလည်မှုသည် သဘာဝကျသည်။

လုချန်းသည် ချူးယုချင် ကြားနိုင်ရန်အတွက် ချင်ယူရှန်အား ကိုယ်ရံတော်တပ်ကို မိတ်ဆက်ပေးစေခဲ့သည်။ ယခုအခါ မိတ်ဆက်မှု ပြီးသွားပြီဖြစ်သောကြောင့် အရေးပါသော ကိစ္စရပ်များကို ဆွေးနွေးရန် အချိန်ရောက်ပြီဖြစ်သည်။

“တပ်မှူးချင်၊ အထူးကိုယ်ရံတော်တပ်ရဲ့ နောက်ပိုင်း စုဆောင်းထားတဲ့ ထောက်လှမ်းရေးအချက်အလက်များကို တင်ပြပါ” ဟု လုချန်းက ပြောလိုက်သည်။

လုချန်း ပြောသည်နှင့်တစ်ပြိုင်နက် ချင်ယူရှန်၏ နောက်ကွယ်ရှိ အထူးကိုယ်ရံတော်တပ်ဖွဲ့ဝင်များသည် သေတ္တာကြီးများ မြောက်မြားစွာကို လုချန်းထံသို့ သယ်ဆောင်လာခဲ့သည်။

“မင်းသား၊ ဒါတွေက အထူးကိုယ်ရံတော်တပ်က ယခုနှစ်အတွင်း ရှ နိုင်ငံအပေါ် စုဆောင်းခဲ့တဲ့ ထောက်လှမ်းရေးအချက်အလက်များဖြစ်ပါတယ်။ ကျေးဇူးပြုပြီး စစ်ဆေးပါ မင်းသား” ဟု ချင်ယူရှန်က ပြောလိုက်သည်။

ထောက်လှမ်းရေးအချက်အလက်များ ပါဝင်သော သေတ္တာများစွာကို မြင်သောအခါ လုချန်း ငြိမ်သွားသည်။ သူသည် ယနေ့တွင် ထိုအရာများကို အပြီးသတ် စစ်ဆေးနိုင်မည်မဟုတ်ပေ။ ထို့နောက် သူသည် ချင်ယူရှန်အား

“ဒီထောက်လှမ်းရေးစာရွက်စာတမ်းတွေကို နောက်ပိုင်း စာကြည့်ခန်းကို ရွှေ့လိုက်ပါ။ တပ်မှူးချင်၊ အခုနောက်ပိုင်း နေပြည်တော်မှာ တစ်ခုခု ဖြစ်ခဲ့လား” ဟု ပြောလိုက်သည်။

လုချန်းက နေပြည်တော်အကြောင်း မေးမြန်းသည်ကို ကြားသောအခါ ချင်ယူရှန်သည် ချက်ချင်းပင်

“မင်းသား၊ မနေ့က နေပြည်တော်မှ ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်များထံမှ ခိုစာကို လက်ခံရရှိခဲ့ပါတယ်။ နောက်ပိုင်းတွင် နေပြည်တော်မှာ ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်” ဟု ပြန်လည်ပြောကြားလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချန်းနှင့် ချူးယုချင်တို့၏ မျက်နှာထားများသည် ပိုမိုတည်သွားကြသည်။ ချင်ယူရှန်သည် ဆက်လက်၍ အစီရင်ခံခဲ့သည်။

“ချန်းနိုင်ငံရဲ့ အကြွင်းအကျန်တွေက နေပြည်တော်မှာ ဧကရာဇ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။ ပြီးတော့သူတို့ နေပြည်တော်က လွတ်မြောက်သွားပါတယ်။‌ နေပြည်‌တော် တစ်ခွင်လုံးမှာ ဧကရာဇ်က ပိုက်စိပ်တိုက် ရှာဖွေခဲ့ပေမယ့် မတွေ့ရှိခဲ့ရပါဘူး။ နောက်ဆုံး မင်းကြီးရဲ့ အရိပ်ကိုယ်ရံတော် တပ်ဖွဲ့က မုအမတ်အိမ်တော်မှ လုပ်ကြံသူတွေ ‌ထွက်ပြေးနိုင်အောင် ကူညီခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်။”

“အခု မုအိမ်တော်တစ်ခုလုံးကို အကျဉ်း‌ထောင်ထဲ ပို့လိုက်ပြီး စစ်ဆေးမှုများ ဆက်လက်လုပ်‌ နေပါတယ်” ဟု ချင်ယူရှန်က အစီရင်ခံချက်ကို အဆုံးသတ်လိုက်သည်။

ချင်ယူရှန်၏ အစီရင်ခံချက်ကို ကြားသောအခါ လုချန်း၏ ဦးနောက်ထဲမှ အတွေးများ ခေတ္တရပ်တန့်သွားသည်။ သူ၏ ယောက္ခထီးဖြစ်သူ ဒီလောက်မြန်မြန် ဒုက္ခရောက်လိမ့်မည်ဟု သူမျှော်လင့်ခဲ့ပေ။

..........

All Chapters