အခန်း ၅၂-၅၄
Vol. 4 Ch. 52-54
အခန်း (၅၂)
တကယ်တော့ သူ့ကိုစောင့်ကြည့်ဖို့ တစ်ယောက်ယောက် လွှတ်သင့်တယ်
လျှို့ဝှက်လဝန်းနန်းတော်၏ စည်းမျဉ်းစည်းကမ်းများအရ လျှို့ဝှက်လဝန်းနန်းတော်၏ နတ်သမီးအဆင့်မှ မွေးဖွားသော ကလေးသည် နတ်သားေတာ်အဆင့်ဖြစ်သည်။ ထို့ကြောင့် လုချန်းသည် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်သား ဖြစ်သည်။
ထိုသို့ စဉ်းစားမိသောအခါ ဆွမ်ဧကရာဇ်၏ မျက်နှာတွင် စိတ်အနှောင့်အယှက် ဖြစ်မှုများ ပေါ်ပေါက်လာသည်။
ယခုအခါ သူသည် လုချန်းအား နယ်စားမင်းသားအဖြစ် သွားရောက်စေခဲ့သည်ကို အနည်းငယ် နောင်တရလာသည်။ ဒါမျိုးက အလွန်ထိခိုက်လွယ်သော ကိစ္စမျိုးဖြစ်သည်။ အကြောင်းမှာ ရှနိုင်ငံ၏ နယ်မြေအတွင်းရှိ ဘာသာရေးကျောင်းများ ပါဝင်နေသောကြောင့် ဖြစ်သည်။
လျှို့ဝှက်လဝန်းနန်းတော်သည် မြောက်ပိုင်းနယ်စားမင်းသားကို အသုံးပြုကာ နေပြည်တော်နှင့် ရင်ဆိုင်ရန် စီစဉ်နိုင်သည်။
ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်သည် ချန်နိုင်ငံ၏ အကြွင်းအကျန်များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု သံသယရှိသည်။ သူတို့ဘာကြံစည်နေသည်ကိုတော့ မည်သူမှ မသိနိုင်ပေ။
ထိုသို့ စဉ်းစားသောအခါ ဆွမ်ဧကရာဇ်က အေးစက်စွာ ရယ်မောလိုက်ပြီး
“အာဏာရှိ မိသားစုတွေကိစ္စကိုလည်း မရှင်းရသေးဘူး။ ဘာသာရေးကျောင်းတွေကလည်း ပါလာပြီ ။ သူတို့က ကျုပ်ကို တစ်ရက်လေးတောင် ငြိမ်းချမ်းစေချင်ပုံ မရဘူး” ဟု ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ စစ်တူစီက “မင်းကြီး၊ မြောက်ပိုင်းနယ်စားမင်းသား လျှို့ဝှက်လဝန်းနန်းတော်နှင့် ပူးပေါင်းဆောင်ရွက်မှာကို စိုးရိမ်ရင် အရိပ်ကိုယ်ရံ တော်တပ်ဖွဲ့ဝင် တစ်ယောက်ကို စောင့်ကြည့်ဖို့စေလွှတ်သင့်ပါတယ်” ဟု အကြံပြုလိုက်သည်။
စစ်တူစီ၏ အကြံပြုချက်ကို ကြားသောအခါ ဆွမ်ဧကရာဇ်သည် ခဏကြာ စဉ်းစားလိုက်သည်။
“အမှန်ပဲ၊ သူ့ကို စောင့်ကြည့်ဖို့ လူတစ်ယောက် လွှတ်သင့်တယ်” ဟု ပြောလိုက်သည်။
ထိုစကားကို ပြောပြီးနောက် ဆွမ်ဧကရာဇ်သည် သူ့အနောက်မှ လူတစ်ဦးထံသို့ လှည့်ပြီး
“ပိုင် ခေါင်းဆောင် ဒီတာဝန်က ခင်ဗျားရဲ့ တာဝန်ဖြစ်သွားပြီ။ မြောက်ပိုင်းမြို့တော်ကို ခင်ဗျားကိုယ်တိုင်သွားပါ။ ကျုပ်ချန်းရဲ့ ဘေးမှာ အမြဲတမ်း ကာကွယ်ပေးနေတဲ့ ထိပ်သီးပညာရှင်က ဘယ်သူလဲဆိုတာ သိချင်တယ်” ဟု ပြောလိုက်သည်။
ယခုအခိုက်အတန့်တွင် ဆွမ်ဧကရာဇ်၏ အနောက်တွင် လူတစ်ဦးမှ မရှိသလို ထင်ရ၏။ သို့သော် သူ၏ စကားများ ထွက်ကျလာသောအခါ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး၏သဏ္ဌာန်သည် တဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
အမျိုးသမီးသည် ဖြူဖွေးပြီး ကျက်သရေရှိသည့်ပုံပေါ်သည်။ သို့သော် သူမ၏ မျက်နှာသည် အေးစက်နေပြီး ခံစားချက်တစ်စုံတစ်ရာ မရှိပေ။
သူမက “အသင့်ပါ မင်းကြီး” ဟု ဦးညွှတ်၍ ပြောလိုက်သည်။
ဆွမ်ဧကရာဇ်က “ကောင်းပြီ၊ မင်းသွားနိုင်ပါပြိီ” ဟု ဆက်လက်ပြောလိုက်သည်။
“ ခွင့်ပြုပါ မင်းကြီး။”
ပြောပြီးသည်နှင့် အမျိုးသမီး၏ ခန္ဓာကိုယ်သည် တစ်ဖန် မမြင်နိုင်သလို ပျောက်ကွယ်သွားပြန်သည်။
ဆွမ်ဧကရာဇ်သည် အရိပ်ကိုယ်ရံတော် ဒုတိယ ခေါင်းဆောင်ကိုယ်တိုင်ကို မြောက်ပိုင်းမြို့တော်သို့ စေလွှတ်သည်ကို တွေ့သောအခါ စစ်တူစီ အံ့ဩမှင်သက်သွားပြီးနောက်
“မင်းကြီး၊ ခေါင်းဆောင်ပိုင် ကိုယ်တိုင်ကို ဒီကိစ္စစုံစမ်းဖို့ မြောက်ပိုင်းမြို့တော်သွားခိုင်းတာ နည်းနည်းမလွန်ကဲနေပါဘူးလား” ဟု မေးမြန်းလိုက်သည်။
ဆွမ်ဧကရာဇ်က တည်ငြိမ်စွာဖြင့်
“လျှို့ဝှက်လဝန်းနန်းတော်နှင့် ဆက်စပ်တဲ့ အရာတွေက အသေးအဖွဲ မဟုတ်ဘူး” ဟု ပြန်လည်ပြောကြားလိုက်သည်။
ဆွမ်ဧကရာဇ်က ထိုသို့ ပြောဆိုသောကြောင့် စစ်တူစီက ထပ်မံပြောဆိုခြင်း မရှိတော့ပေ။ သူသည် ဆွမ်ဧကရာဇ်က လျှို့ဝှက်လဝန်းနန်းတော်ကို အလွန်သတိထားနေကြောင်း ကောင်းစွာ သိရှိသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ချူးယွဲ့နှင့် များစွာဆက်စပ်နေသောကြောင့် ဖြစ်သည်။
ထိုအခိုက် စစ်တူစီက မေးခွန်းတစ်ခုကို ထုတ်လိုက်သည်။
“မင်းကြီး၊ မုချန်တိန်က ရက်အနည်းငယ်အတွင်းမှာ နေပြည်တော်မှ ထွက်ခွာသွားမှာမဟုတ်ပါလား။”
မုချန်တိန် အကြောင်းကို စစ်တူစီ ပြောဆိုသည်ကို ကြားသောအခါ ဆွမ်ဧကရာဇ်၏
မျက်နှာသွင်ပြင် အနည်းငယ်ပြောင်းလဲသွား၏။
“ဘာအကြောင်းကြောင့် ပညာရှိကြီးက မုချန်တိန်အတွက် တောင်းပန်ချင်ရတာလဲ” ဟု မေးမြန်းလိုက်သည်။
ဆွမ်ဧကရာဇ်၏ အေးစက်သော အသံကို ကြားသောအခါ စစ်တူစီသည် သူပြောဆိုသမျှက အကျိုးသက်ရောက်မှုရှိမည် မဟုတ်ကြောင်း သိရှိလိုက်သည်။ ဆွမ်ဧကရာဇ်သည် သူ၏ လမ်းကြောင်းကို ခိုင်မာစွာ သတ်မှတ်ထားပြီးဖြစ်ပြီး မုချန်တိန်နှင့် သူ၏ မိသားစုကို ချေမှုန်းရန် ဆုံးဖြတ်ထားသည်။
ဆွမ်ဧကရာဇ်၏ စိတ်ကို ပြောင်းလဲစေနိုင်မည်မဟုတ်ကြောင်း သိရှိသောကြောင့် စစ်တူစီသည် ထပ်မံအချိန်ကုန်ခံခြင်း မပြုတော့ပေ။ ထို့ကြောင့် သူက ချက်ချင်းပင်
“ထိုသို့ မဟုတ်ပါ မင်းကြီး။ ဒါပေမဲ့ ကျွန်တော် မင်းကြီးကို အကြံပြုလိုပါတယ်။ မင်းကြီး တောင်ပိုင်းက အာဏာရှိ မိသားစုများကို ဆန့်ကျင်တိုက်ခိုက်ရန် စီစဉ်ထားပါက မင်းကြီးရဲ့ဘက်မှာ ယုံကြည်စိတ်ချရတဲ့လူ အမြောက်အမြား လိုအပ်ပါတယ်” ဟု ပြောလိုက်သည်။
မုချန်တိန်သည် ဆွမ်ဧကရာဇ်အတွက် တောင်ပိုင်းရှိ အာဏာရှိ မိသားစုများကို ဆန့်ကျင်တိုက်ခိုက်ရန် အသုံးပြုနိုင်သော ဓားတစ်လက် ဖြစ်နိုင်သည်။ သို့သော် ဆွမ်ဧကရာဇ်သည် သူ၏ စစ်ရေးအာဏာကို သတိထားနေသောကြောင့် သူ့အား ရှင်းပစ်ရန် စိတ်ဆုံးဖြတ်ထားသည်။
ယခုအခါ ဆွမ်ဧကရာဇ်၏ ဘေးတွင် ယုံကြည်စိတ်ချရသော လူများ နည်းပါးလာသည်။ ထို့ကြောင့် နောင်တွင် သူသည် တစ်ဦးတည်း ဖြစ်လာနိုင်သည်။
သို့သော် စစ်တူစီက လွန်လွန်ကဲကဲ စွက်ဖက်လိုခြင်း မရှိပါ။ ရှမင်းဆက်သည် လုမျိုးရိုးက အုပ်ချုပ်နေသရွေ့ ထိုကိစ္စသည် ထိပ်သီးပညာရှင်တစ်ဦးဖြစ်သော စစ်တူစီနှင့် ဆက်စပ်မှု မရှိပေ။
စစ်တူစီ၏ အကြံပြုချက်ကို ကြားသောအခါ ဆွမ်ဧကရာဇ်က တည်ငြိမ်စွာဖြင့်
“ပညာရှိကြီးရဲ့ အကြံပြုချက်ကို မှတ်ထားပါတယ်” ဟု ပြောလိုက်သည်။
နယ်စားမင်းသား လုရှုယွမ်၏ နေအိမ်တွင်။
လုရှုယွမ်သည် စုဆောင်းထားသော ထောက်လှမ်းရေးသတင်းများကို ကြည့်ရှုပြီး ပြုံး၍
“ငါ့ညီငယ်လေးက တကယ်ကို ကံကောင်းတယ်။ သူလုပ်တဲ့ ဆပ်ပြာနှင့် အမွှေးနံ့သာပစ္စည်းတွေက ငွေအမြောက်အမြား ရလာမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ” ဟု ပြောလိုက်သည်။
မင်းသားများအကြား နန်းဆက်ခံမှုအတွက် ပြိုင်ဆိုင်မှုတွင်လည်း လာဘ်ထိုးရန်နှင့် လူများ၏ နှလုံးသားကို သိမ်းပိုက်ရန် ငွေကြေးလိုအပ်သည်။ ထို့ကြောင့် လုရှုယွမ်သည် ငွေကြေးရှာဖွေရန် အလွန်အလေးထားသည်။
ဥပမာအားဖြင့် သူ၏ နေအိမ်တွင် ခန့်ထားသော ကျွမ်းကျင်ပညာရှင်များကို ငွေကြေးဖြင့် ခေါ်ယူထားခြင်းဖြစ်သည်။ ငွေကြေးမရှိပါက သူသည် ထိုကဲ့သို့သော ကျွမ်းကျင်ပညာရှင်များကို ဆွဲဆောင်နိုင်မည် မဟုတ်ပေ။
နယ်စားမင်းသားစံအိမ်တွင် လုချန်းသည် နေ့စဉ် ပျော်ပါးမှုများကို လိုက်စားနေပြီး ဘာမှ လုပ်ဆောင်ရန်နှင့် ပူပန်ရန် မလိုအပ်ပေ။ ထို့ပြင် စံအိမ်၏ စီးပွားရေးလုပ်ငန်းများအားလုံးကို ငွေကြေး သိန်းပေါင်းများစွာ ရှာဖွေနိုင်သော အမျိုးသမီးတစ်ဦးထံ ပေးအပ်ပြီး စီမံခန့်ခွဲထားသည်ကို တွေ့သောအခါ လုရှုယွမ်သည် မနာလိုပဲ မနေနိုင်တော့ပေ။
သူသည် စက်မှုလုပ်ငန်းများစွာကို တည်ဆောက်ခဲ့သော်လည်း တစ်လလျှင် ငွေကြေး သိန်းပေါင်းများစွာ ရရှိနိုင်ခြင်း မရှိပေ။ သို့သော် လုချန်းကဲ့သို့သော အသုံးမကျသည့် နယ်စားမင်းသားသည် ငွေကြေးများ ရရှိနိုင်သည်။ ထို့ကြောင့် လုရှုယွမ်သည် စိတ်ထဲတွင် အလွန်ပင် တရားမမျှတသလို ခံစားရသည်။
လုရှုယွမ်၏ စကားများကို ကြားသောအခါ သူ၏ဘေးတွင် ရှိသော လူယုံတစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။
“မင်းသား။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ဆပ်ပြာနှင့် ရေမွှေး ပြုလုပ်တဲ့ နည်းပညာတွေကို ခိုးယူဖို့ နည်းလမ်းရှာဖွေကြရအောင်။ အဲ့ဒါဆို ကျွန်တော်တို့ ကိုယ်တိုင် ဆပ်ပြာနှင့် ရေမွှေးတွေကို ရောင်းချနိုင်ပါတယ်” ဟု ပြောလိုက်သည်။
လုရှုယွမ်က မထူးဆန်းသလိုနှင့်
“မလိုပါဘူး။ သွေးလဝန်းရဲတိုက်ရဲ့ ရဲတိုက်မှုးက မြောက်ပိုင်းမြို့တော်ကို သူကိုယ်တိုင်သွား နေပြီ။ ဆပ်ပြာနဲ့ရေမွှေး လုပ်နည်းတွေကို သူယူလာနိုင်ဖို့က မကြာတော့ပါဘူး။” ဟု ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ လူယုံ၏ မျက်နှာသွင်ပြင် အကြီးအကျယ် ပြောင်းလဲသွားပြီး ချက်ချင်းပင်
“မင်းသား။ အခုအချိန်မှာ မင်းသား လုချန်းကို ထိခိုက်စေမယ့်ကိစ္စ လုံးဝ မလုပ်ဆောင်သင့်ပါဘူး။ မင်းသားလုချန်းကို ထိခိုက်မှု ရှိလာရင် နန်းတွင်းက မင်းသားဟာ နယ်စားမင်းသား လုချန်းကို လုပ်ကြံဖို့ လူထပ်စေလွှတ်ခဲ့တယ်လို့ ဆိုကြမှာ ဖြစ်ပါတယ်။ ဒီကိစ္စက နန်းဆက်ခံမှု ပြိုင်ပွဲအတွက် မင်းသားကို အလွန်ပထိခိုက် စေနိုင်ပါတယ်” ဟု ပြောလိုက်သည်။
“ယခုအချိန်က အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ အမှားလုပ်လို့ မဖြစ်ပါဘူး။”
လူယုံ၏ အကြံပြုချက်ကို လုရှုယွမ်သည် လုံးဝ ဂရုမစိုက်ပေ။
“နေပြည်တော်မှာ လက်ရှိ အခြေအနေ ရှုပ်ထွေးနေတယ်။ မြောက်ပိုင်းက နယ်စားမင်းသားတစ် ယောက်အကြောင်းကို စိတ်ဝင်စားမယ့်သူ များများစားစား မရှိဘူး” ဟု ပြောလိုက်သည်။
“နောက်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုတွေက မကြာခင် တောင်ဘက်ကို ဦးတည်လာလိမ့်မယ်။
ဘယ်သူကမှ သွေးလဝန်းရဲတိုက်က ဒါကိုလုပ်တယ်ဆိုတာကို သိမှာတောင် မဟုတ်ဘူး။ နန်းတွင်းဝန်ကြီးတွေက လွင်ပြင်ဒေသ မျိုးနွယ်စုတွေ ကိစ္စပဲ အာရုံစိုက်နေကြမှာ” ဟု လုရှူယွမ်က ရှင်းပြလိုက်သည်။
လုရှုယွမ်၏ စကားများကို ကြားသောအခါ လူယုံ၏ ရှူပ်ထွေးသွားသည်။ ထင်ရှားသည်မှာ လုရှုယွမ်၏ စကားများတွင် သတင်းအချက်အလက်များ အလွန်များပြားသောကြောင့် လုရှုယွမ်၏ ဘေးတွင်ရှိသော လူယုံ၏ ဦးနှောက်က စဉ်းစားရန် မတတ်နိုင်တော့ပါ။
ရက်အနည်းငယ်ကြာပြီးနောက်တွင် နေပြည်တော်၏ ဂိတ်တံခါးဝတွင် အချုပ်လှည်းတန်းသည် မြို့တံခါးများမှ ဖြတ်သန်းသွားသော်လည်း ပြည်သူလူထုသည် အချုပ်လှည်းအတွင်းရှိ ထောင်သားများကို ကျောက်ခဲများ သို့မဟုတ် ကြက်ဥပုပ်များဖြင့် ပစ်ခတ်ခြင်း မရှိကြပေ။
ပြည်သူလူထုအားလုံးက ယနေ့သည် မုမိသားစု နယ်ခြားသို့ ပို့ခံရမည်နေ့ဖြစ်ကြောင်း သိရှိကြသည်။ ထိုအချုပ်လှည်းများအတွင်းရှိ လူအားလုံးသည် မုမိသားစုဝင်များ ဖြစ်ကြသည်။
မုအမတ်မည်သို့သောသူ ဆိုတာကို ပြည်သူလူထုက နားလည်သေးသည်။ သူသည် ဆွမ်ဧကရာဇ် နန်းတက်ရန် ထောက်ခံခဲ့သည့် ရှားနိုင်ငံ၏ ကောင်းကင်ဘုရင်များထဲမှ တစ်ဦးဖြစ်သည်။ သူသည် ထိုသို့သော အခြေအနေသို့ ကျဆင်းသွားသော်လည်း ပြည်သူလူထုက သူ့ကို လေးစားနေကြဆဲ ဖြစ်သည်။
ထိုအချိန်တွင် မြို့ရိုးပေါ်၌ ငွေရောင်သံချပ်ကာဝတ် လူတစ်ဦးသည် နှေးကွေးစွာ ရွေ့လျားနေသော အချုပ်လှည်းများကို ကြည့်ရှုပြီး ဘေးတွင်ရှိသော လူကို “အရာရာ ပြင်ဆင်ပြီးပြီလား” ဟု မေးမြန်းလိုက်သည်။
သူ့ဘေးတွင်ရှိသော စစ်သားက ချက်ချင်းပင် “စိတ်ချပါ ဗိုလ်ချုပ်။အမှားမရှိစေရပါဘူး။”ဟု ပြောလိုက်သည်။
ထိုလူက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး အချုပ်လှည်းအတွင်းရှိ မုချန်တိန်ကို ခဏကြာ စိုက်ကြည့်နေပြီး
“လမ်းခရီးမှာ အဆင်ပြေပါစေ ဆရာ”ဟု စိတ်ထဲမှ ဆုတောင်းလိုက်သည်။
ပထမနှစ်ရက်အတွင်း မုမိသားစုကို သယ်ဆောင်လာသော လှည်းတန်းသည် အန္တရာယ်တစ်စုံတစ်ရာ မတွေ့ကြုံခဲ့ပေ။ ထို့ကြောင့် မုမိသားစုဝင်များက သူတို့ ဘေးကင်းပြီ ဟုပင်ထင်မြင်ခဲ့ကြသည်။
သို့သော် မုချန်တိန်သည် အရူးမဟုတ်ပေ။ ထိုနှစ်ရက်အတွင်း သူတို့သည် သူတို့ စားသုံးသော အစားအစာများနှင့် အသုံးပြုသော ပစ္စည်းများအားလုံးကို သေချာစစ်ဆေးခဲ့သည်။ သူတို့ကို လိုက်လံပို့ဆောင်သော စစ်သားများက သူတို့အား တိုက်ခိုက်မည်ဟု မထင်ရသော်လည်း သတိကြီးစွာ ဆောင်ရွက်ရန် လိုအပ်သည်။
ထို့ပြင် သူသည် ဆွမ်ဧကရာဇ်က သူတို့မိသားစုကို လွတ်မြောက်စေမည်ဟု ယုံကြည်ခြင်း မရှိပေ။ သူသည် ရှနိုင်ငံ၏ ကောင်းကင်ဘုရင်များထဲမှ တစ်ဦးဖြစ်သောကြောင့် သူ၏ သိုင်းပညာကို ဖျက်ဆီးခဲ့သော်လည်း ဆွမ်ဧကရာဇ်၏ မျက်လုံးထဲတွင် သူ့အား လွှတ်ပေးခြင်းသည် ကျားကိုတောထဲ ပြန်လွှတ်ပေးသကဲ့သို့ပင် ဖြစ်သည်။
နှစ်ညကြာပြီးနောက်တွင် မုမိသားစု ယာဉ်တန်းသည် တည်းခိုခန်းတစ်ခုသို့ ရောက်ရှိလာသည်။ တည်းခိုခန်း၏ အနားတွင် ကျေးရွာများ အခြားဆိုင်များလည်း မရှိပေ။ အနီးတစ်ဝိုက်တွင် လူများ မရှိပေ။ ညဉ့်နက်နေပြီဖြစ်သောကြောင့် မုမိသားစုကို လိုက်ပို့သော အရာရှိများက မုချန်တိန်အား
“မုအမတ်၊ ဒီညတော့တွင် ဒီနေရာမှာပဲ နားခိုကြမလား” ဟု အကြံပြုလိုက်သည်။
မုမိသားစုကို နယ်ခြားပို့ခဲ့သော်လည်း သူတို့ကို လိုက်လံပို့ဆောင်ရသော အရာရှိများသည် မုမိသားစုကို လေးလေးစားစား ဆက်ဆံနေဆဲဖြစ်သည်။ မုချန်တိန်သည် နှုတ်ခမ်းကို အနည်းငယ် ကွေးလိုက်ရင်း “ကောင်းပါပြီ၊ ဒီည ဒီနေရာမှာပဲ နားကြပါစို့” ဟု ပြောလိုက်သည်။
အခန်း (၅၃)
ထွက်လာခဲ့ ...ပုန်းမနေနဲ့တော့
မုချန်တိန် ထိုသို့ပြောလိုက်သောအခါ သူတို့ကိုခေါ်ဆောင်လာသော စစ်သားများက အချုပ်လှည်းသော့များကို ထုတ်ယူကာ တံခါးများကို ဖွင့်လိုက်ကြသည်။ ထို့နောက် မုအိမ်မှ လူများကို လွှတ်ပေးလိုက်ကြသည်။
မုအိမ်မှ လူများကို ခေါ်ဆောင်လာကြခြင်းဖြစ်သောကြောင့် စစ်သားများသည် သိပ်မတင်းကျပ်ကြပေ။ ထို့ကြောင့် ယေဘုယျအားဖြင့် သွားရာလမ်းတွင် နားရမည့် နေရာရောက်သောအခါ အချုပ်လှည်းတံခါးများကို ဖွင့်ပေးကာ နားခိုရန် ခွင့်ပြုလေ့ရှိသည်။
ထိုအချိန်တွင် သူတို့ထဲမှ အရာရှိတစ်ဦးက တည်းခိုခန်းထဲသို့ ဝင်သွားပြီး တည်းခိုခန်းပိုင်ရှင်ကို ပြောလိုက်သည်။
“ဆိုင်ရှင်၊ ကျွန်တော်တို့ ယနေ့ည ဒီနေရာမှာ တည်းခိုမယ်။ ခင်ဗျားဆီမှာ အခန်းဘယ်လောက်ရှိလဲ။”
ဆိုင်ရှင်က ပြုံးပြီး ပြန်ဖြေလိုက်သည်။
“အရာရှိကြီး၊ တည်းခိုခန်းတွေက လူပြည့်နေပါပြီ။ အခြားနေရာမှာ ရှာကြည့်သင့်ပါတယ်။”
ထိုစကားကို ကြားသောအခါ စစ်သားက မကျေနပ်ပဲ ပြန်ပြောလိုက်သည်။
“ဘာကို လူပြည့်နေပြီလို့ ပြောတာလဲ”
“ဘယ်လို ဟာသလဲ။ ရှေ့မှာ ကျေးရွာမရှိဘူး။ နောက်မှာ လည်း ဘာဆိုင်မှ မရှိဘူး။ ဘယ်လိုလုပ် ဧည့်သည်များများရှိနိုင်မှာလဲ။”
တည်းခိုခန်းပိုင်ရှင်က ပြန်ပြောလိုက်သည်။ “ရှေ့မှာ ကျေးရွာမရှိဘူး။ နောက်မှာလည်း ဆိုင် တွေမရှိတော့ ဒီလမ်းက ဖြတ်သွားတဲ့သူတွေက ကျွန်တော့်ဆိုင်မှာပဲ တည်းခိုရတာပေါ့။”
ထိုစကားကို ကြားသောအခါ အရာရှိလည်း ရွေးစရာ မရှိတော့သဖြင့်
“ ကောင်းပြီ အဲ့ဒါဆို ဒီမှာ ညအိပ်ဖို့ မြေနေရာကျယ်ကျယ် တစ်ခုရှိလား။”
ဆိုင်ရှင်က ပြန်ပြောလိုက်သည်။
“ကျွန်တော်တို့ဆိုင်ရဲ့ အနောက်ခြံက တော်တော်လေး ကျယ်ဝန်းပါတယ်။ အရာရှိကြီး အနောက်ခြံမှာ ညအိပ်လို့ ရပါတယ်။”
အရာရှိက တစ်စုံတစ်ခုပြောမည်ပြုစဉ် တည်းခိုခန်းပိုင်ရှင်က ခပ်မြန်မြန်ပြောလိုက်သည်။
“အရာရှိကြီး ကျွန်တော်တို့ဆိုင်မှာ နားခိုမယ်ဆိုရင် ယနေ့ည စားသောက်စရာအားလုံးကို ကျွန်တော် ကျွေးမှာပါ။ ဘယ်လိုများ သဘောရပါသလဲ”
ထိုစကားကို ကြားသောအခါ အရာရှိက ချက်ချင်းပြောလိုက်သည်။
“ ကောင်းပြီ၊ ကျွန်တော့်တို့ မြင်းတွေကို ကျွေးမွေးဖို့ လူတစ်ယောက်ကို လွှတ်ပေးပါ။”
ဆိုင်ရှင်က ချက်ချင်းပြန်ပြောလိုက်သည်။ “ကောင်းပါပြီ၊ ကျွန်တော် မြင်းတွေကို ကျွေးမွေးဖို့ လူတစ်ယောက်ကို ချက်ချင်း ခိုင်းလိုက်ပါ့မယ်”
ထို့နောက် အရာရှိက လှည့်ထွက်သွားပြီး မုချန်တိန်ထံသို့ ချဉ်းကပ်ကာ အနည်းအားနာသည့် အသံဖြင့် ပြောလိုက်သည်။
“မုအမတ် ကျွန်တော် စိတ်မကောင်းပါဘူး။ တည်းခိုခန်းမှာ နေရာမရှိတော့ပါဘူး။ ဒီည တော့ လေဟာပြင်မှာပဲ အိပ်ရမှာ ဖြစ်ပါတယ်။”
မုချန်တိန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး၊ ခင်ဗျားရဲ့ တာဝန်ကိုသာ ဆက်လုပ်ပါ။”
အရာရှိက ချက်ချင်းပြောလိုက်သည်။
“ ကောင်းပါပြီ၊ ကျွန်တော် ဆိုင်ရှင်ကို အစားအစာပို့ပေးဖို့ ပြောလိုက်ပါ့မယ်”
အရာရှိ ထွက်သွားသောအခါ မုကျင်းဝူးနှင့် မုရှင်းပင် ညီအကိုနှစ်ယောက်သည် ရောက်လာကြသည်။
မုရှင်းပင်က ပြောလိုက်သည်။
“ဖခင်၊ နှစ်ရက်ကြာပြီးတာတောင် ကျွန်တော်တို့ကို ဘာမှ မလုပ်သေးဘူး။ မင်းကြီးက ကျွန်တော်တို့ကို လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီလား မသိဘူး။”
ထိုစကားကို ကြားသောအခါ မုချန်တိန်က ရယ်မောလိုက်ပြီး
“ဘာတွေ အလောကြီးနေတာလဲ။ သူတို့ ရောက်နေပြီ မဟုတ်ဘူးလား။”
ထိုစကားကို ကြားသောအခါ မုရှင်ပင်သည် လန့်သွားပြီး စိတ်လှုပ်ရှားစွာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
“ဘယ်မှာလဲ။ ဘယ်မှာလဲ။ ကျွန်တော် မမြင်ဘူး။”
မုချန်တိန်က သူ၏အရှေ့ရှိ တည်းခိုခန်းကို ကြည့်ပြီး ပြောလိုက်သည်။
“သူတို့က အထဲမှာ ငါတို့ကို စောင့်နေကြတာ။”
ထိုစကားကို ကြားသောအခါ မုကျင်းဝူးနှင့် မုရှင်းပင်တို့၏ မျက်လုံးများသည် တည်းခိုခန်းဘက်သို့ လှည့်သွားပြီး အပေါ်ထပ်ရှိ တစ်ဝက်ခန့်ဖွင့်ထားသော ပြတင်းပေါက်များမှ လူအချို့ ချောင်းကြည့်နေကြသည်ကို တွေ့လိုက်ကြသည်။
မုမိသားစုဝင်များက သူတို့ကို တွေ့သွားသည်ကို သတိထားမိသွားသောအခါ ထိုသူများက ချက်ချင်းပြတင်းပေါက်များကို ပိတ်လိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ မုကျင်းဝူးနှင့် မုရှင်းပင်တို့ နှစ်ယောက်စလုံး လန့်သွားကြသည်။
သူတို့သည် ဧကရာဇ်က သူတို့ကို လွှတ်ပေးလိုက်ပြီဟု ထင်မှတ်ခဲ့ကြသည်။ သို့သော်အချိန်အခါ မရောက်သေး၍သာ ဖြစ်ပုံရသည်။ထိုသူများက ယနေ့ည လှုပ်ရှားကြမည်ဖြစ်ကြောင်း သေချာသည်။
မုကျင်းဝူးက ထို့နောက် ဆက်မေးလိုက်သည်။ “ဖခင်၊ ယခုကျွန်တော်တို့ ဘာလုပ်သင့်လဲ။”
မုချန်တိန်က “ငါ့တို့ ဒီည ဆွေးနွေးကြမယ်။ ဘယ်သူတွေ တကယ်လာမလဲ ငါသိချင်တယ်”
မုချန်တိန်သည် ဧကရာဇ်က ဤတစ်ကြိမ်တွင် ထိပ်သီးပညာရှင်အဆင့်ရှိသူကို စေလွှတ်မည်ဖြစ်ကြောင်း အသေအချာ သိထားသော်လည်း ဘယ်သူဖြစ်မည်ကိုမူ မသေချာပေ။ သူစဉ်းစားလို့ရနိုင်သော သိုင်းပညာကျွမ်းကျင်သူများစွာရှိ၏။ သူနှင့် ပဋိပက္ခ ရှိခဲ့ဖူးသူများလည်း မနည်းပေ။
မကြာမီ နေက တဖြည်းဖြည်း ဝင်လာသည်။ မုချန်တိန်နှင့် သူ၏လူများသည် အပြည့်အဝ သတိရှိနေကြသည်။ ထိုအခိုက်တွင် ခြံဝင်းအတွင်းမှ လေချွန်သံ တစ်ခု ထွက်ပေါ်လာသည်။ လေချွန်သံနှင့်အတူ မျက်နှာဖုံးစွပ်ထားပြီး အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသည့် လူတစ်စုသည် ခြံဝင်းအတွင်း၌ ပေါ်လာကြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ မုအိမ်သားများကို ပို့ဆောင်ရန် တာဝန်ပေးအပ် ခံထားရသော အရာရှိများသည် ဖြစ်ပျက်နေသည့်အရာများကို ချက်ချင်းနားလည်သွားကြပြီး အလျင်အမြန် ထွက်ပြေးသွားကြသည်။ မျက်နှာဖုံးစွပ်ထားသည့် တိုက်ခိုက်သူများသည် အရာရှိများ ထွက်ပြေးခြင်းကို တားဆီးခြင်းမပြုကြပေ။ သူတို့၏ ပစ်မှတ်မှာ အရာရှိများ မဟုတ်ပေ။
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူများက သူတို့၏ လေးများကို ဆွဲထုတ်ကာ မုအိမ်မှ လူများကို တညီတညွတ်တည်း ချိန်လိုက်ကြသည်။
မုအိမ်မှ ယောက်ျားသားများသည် ချက်ချင်း ထရပ်ကာ ကလေးများကို ဝိုင်းရံကာ ကာကွယ်ပေးလိုက်ကြသည်။ မုအိမ်မှ အမျိုးသမီးများလည်း ကြောက်ရွံ့တုန်လှုပ် နေကြပြီး လှုပ်ရှားရဲခြင်းမရှိကြပေ။
ထိုအခိုက်တွင် မျက်နှာဖုံးစွပ်ထားသည့် တိုက်ခိုက်သူများ တဖြည်းဖြည်း ဖြန့်ကျက်လာပြီး လူတစ်ယောက်က သူတို့အုပ်စုအလယ်မှ ထွက်လာကာ သူ၏မျက်နှာဖုံးကို ချွတ်လိုက်သည်။ ထိုသူ၏ မျက်နှာပေါ်တွင် ဓားဒဏ်ရာ တစ်ခုရှိနေသည်။
ထိုသူ၏ မျက်နှာအစစ်ကို မြင်သောအခါ မုချန်တိန်က ပြက်ရယ်ပြုလိုက်သည်။
“ငါ့ဆီကို လွှတ်လိုက်မယ့် ဖြစ်နိုင်ချေရှိတဲ့သူအားလုံးကို စဉ်းစားခဲ့ပေမယ့် မင်းကိုတော့ လုံးဝမစဉ်းစားမိခဲ့ဘူး။”
ထိုစကားများကို ကြားသောအခါ မျက်နှာတွင် ဒဏ်ရာရှိသူကလည်း ရယ်မောလိုက်ပြီး
“ဆရာ။ ဆရာ့အတွက် ကျွန်တော်ကိုယ်တိုင် လာဖို့မဟုတ်ရင် မင်းကြီးက အသစ်ဖွဲ့လိုက်တဲ့ နဂါးအစောင့်တပ်ကို ကျွန်တော့်ကို ဘယ်လိုလုပ် ဦးဆောင်စေမှာလဲ။”
မျက်နှာမှာ အမာရွတ်ရှိသူ၏ နာမည်မှာ ချန်ပင်ယီဖြစ်ပြီး သူ့ကို မုချန်တိန်က ကိုယ်တိုင် ပြုစုပျိုးထောင်ပြီး ရာထူးတိုးမြှင့်ပေးခဲ့သည်။ မုချန်တိန်သည် သူ၏ ကျေးဇူးရှင်လည်း ဖြစ်သည်။
ပုံမှန်အချိန်တွင် ချန်ပင်ယီသည် သူ၏ဆရာကျေးဇူးကြောင့် မုစံအိမ်ကို အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ တစ်နှစ်ကျော်အကြာက ကျောင်းမိသားစု၏ ပုန်ကန်မှုကြောင့် မုစံအိမ် ပြစ်ဒဏ်ခံရသောအခါ ဆွမ်ဧကရာဇ်ထံကို ကိုယ်တိုင် တောင်းပန်ခဲ့သူမှာ သူပင်ဖြစ်သည်။ နောက်ဆုံးတွင် ဆွမ်ဧကရာဇ်က ပြစ်ဒဏ်မကျခံရအောင် ကာကွယ်ပေးသည့် အမိန့်ပြားကို အသုံးပြုကာ စွဲချက်များကို ဖျက်သိမ်းပေးခဲ့ပြီး မုစံအိမ်ကို လွတ်ငြိမ်းခွင့်ပေးခဲ့သည်။
သို့သော် မုချန်တိန် မမျှော်လင့်ထားခဲ့သည်မှာ ယခုအခါ ဤသူပင်လျှင် သူ့အသက်ကို လုပ်ကြံနေခြင်းဖြစ်သည်။
မုချန်တိန်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“တကယ်တော့ လူ့စိတ်သဘောက သိရခက်တာပဲ။ အရင်တုန်းက ဧကရာဇ်ဆီမှာ မင်းက မုမိသားစု ပြစ်ဒဏ်ကျ မခံရအောင် တောင်းပန်ပေးတယ်ဆိုတဲ့ ကိစ္စက တကယ်တော့ ဧကရာဇ်ကပဲ မင်းကိုလုပ်ခိုင်းတဲ့ ဇာတ်လမ်းမဟုတ်လား။”
ချန်ပင်ယီက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဆရာ။ အခုတော့ ဒီအခြေအနေ ရောက်လာပြီဆိုတော့ အဲ့ဒီကိစ္စတွေကို ပြောရင်လည်း အကျိုးမရှိတော့ပါဘူး။”
“ဆရာ့မှာရှိတဲ့ မပြည့်ဝသေးတဲ့ ဆန္ဒတွေ ရှိရင်ပြောပါ။ တပည့်တစ်ယောက် အနေနဲ့ ဆရာ့ကိုယ်စား လုပ်ဆောင်ပေးပါ့မယ်။”
ထိုစကားကို ကြားရသောအခါ မုချန်တိန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဟားဟားဟား။ ချန်ပင်ယီ၊ ချန်ပင်ယီ၊ ဒီနေ့ လုရှင်းကျူးက ငါ့ကို စွန့်ပစ်လိုက်ပြီ။ မင်းကိုလည်း တစ်နေ့နေ့ လုရှင်းကျူးက စွန့်ပစ်မယ် ဆိုတာကို မင်းတစ်ခါမှ မတွေးဖူးဘူးလား။ အဲ့ဒီ အချိန်ကျရင် မင်းရဲ့အဆုံးသတ်က ငါ့ထက်တောင် ပိုဆိုးရွားလိမ့်မယ်။”
ချန်ပင်ယီက ဂရုမစိုက်သည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“ဆရာ၊ ကျွန်တော့်အတွက် စိတ်မပူပါနဲ့။ ကျွန်တော်က ဆရာ့ခြေရာကို လိုက်မနင်းပါဘူး။”
“အဲ့ဒီလိုဆို ဆရာမှာ့ ပြောစရာစကား ကုန်သွားပြီဆိုတော့ ဆရာ့ရဲ့ ခရီးလမ်း ဖြောင့်ဖြူးပါစေ။”
ထိုစကားနှင့်အတူ ချန်ပင်ယီက လက်ကို ဝှေ့ယမ်းပြလိုက်ပြီး အေးစက်စွာ အမိန့်ပေးလိုက်၏။
“မြားတွေ ပစ်လိုက်။”
သို့သော် ထိုအခိုက်တွင် တည်းခိုခန်း၏ အပေါ်ထပ်မှ မရေမတွက်နိုင်သော မြားတံများ ကျဆင်းလာသည်။ ချန်ပင်ယီ၏ လူများသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပဲ မြားထိမှန်ခံသွားကြရသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ချန်ပင်ယီ၏ မျက်နှာသည် ချက်ချင်း မှောင်မည်းသွားသည်။ “ဘယ်သူက မင်းကြီးရဲ့ ကိစ္စကို ဝင်စွက်ဖက်ရဲတာလဲ။”
ချန်ပင်ယီ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အနီရောင်ဝတ်စုံများ ဝတ်ဆင်ထားသည့် လူတစ်စုသည် အပေါ်ထပ်မှ ခုန်ဆင်းလာကြသည်။ ထိုသူများ အားလုံးသည် အဆင့်ငါး စွမ်းအားရှိသူများ ဖြစ်ကြသည်။
ထိုသူများကို မြင်သောအခါ မုချန်တိန်သည် အနည်းငယ် အံ့ဩတုန်လှုပ်သွားသည်။
သူတို့အား စွမ်းအားပြန်ရ ဆေးလုံးကို ပေးပို့ခဲ့သည့် လျှို့ဝှက်မင်းသားက သူတို့ကို ကယ်ဆယ်ရန် လူလွှတ်ပေးမည်ဟု သူခန့်မှန်းခဲ့သော်လည်း မင်းသားက အဆင့်ငါး စွမ်းအား နှင့်အထက်များကို လွှတ်လိုက်မည်ဟု မထင်မှတ်ခဲ့ပေ။
ထိုမင်းသားသည် သူတို့ မုစံအိမ်ကို အလွန်အလေးထားသည်မှာ ထင်ရှားသည်။ ထိုအချိန်တွင် ချန်ပင်ယီက အေးစက်စွာ ပြောလိုက်သည်။
“မင်းကြီးရဲ့ ကိစ္စမှာ ဝင်ရောက်စွက်ဖက်ရဲတယ် ဆိုတော့ မင်းတို့ သေဖို့ပြင်ဆင်ထားသင့်တယ်။”
ထို့နောက် ချန်ပင်ယီက အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်သည်။
“ထွက်လာခဲ့၊ ပုန်းမနေနဲ့တော့။”
ချန်ပင်ယီ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ထိပ်သီးပညာရှင်နှစ်ဦးနှင့် သိုင်းပညာရှင်အချို့သည် သူ၏ အနောက်မှာ ပေါ်လာကြသည်။ ထိုသူများကို မြင်သောအခါ မုချန်တိန်က ပြုံးပြီး ပြောလိုက်သည်။
“မင်းကြီးက ကျုပ်ကို အတော်တန်ဖိုးထားပါလား။ သိုင်းစွမ်းအား မရှိတဲ့သူတစ်ယောက်ဖြစ်တဲ့ ကျုပ်ကို သတ်ဖို့ ထိပ်သီးပညာရှင်သုံးယောက်ကို တကယ်ပဲ စေလွှတ်လိုက်တာပဲ။”
.........
အခန်း (၅၄)
ဘယ်လိုလုပ် ခင်ဗျားရဲ့ စွမ်းအားတွေက မဆုံးရှုံးသေးရတာလဲ
ထိပ်သီးပညာရှင်အားလုံး သူ့နောက်မှ ပေါ်လာသည်ကို မြင်သောအခါ ချန်ပင်ယီက ခပ်လှမ်းလှမ်းမှ မုချန်တိန်ကို ကြည့်ပြီး ပြောလိုက်သည်။
“ဆရာ၊ ဒီလိုအချိန်မျိုးမှာတောင် ဆရာ့ကို ကယ်တင်ဖို့ ဆန္ဒရှိတဲ့လူ ရှိနေသေးတာကိုတော့ တကယ်ကို မထင်ထားဘူး။”
“ကြည့်ရတာ ဆရာက အပြင်ပန်းမှာ ပြထားသလောက် မျိုးချစ်စိတ်ရှိပြီး သစ္စာရှိတဲ့ လူတစ်ယောက် မဟုတ်ဘူးထင်တယ်။”
“ဆရာသည် တကယ် သစ္စာရှိပြီး မျိုးချစ်စိတ်ရှိတဲ့ သူဆိုရင် အခုပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သင့်တယ်။”
သူ၏စကားများ ထွက်ကျပြီးသွားသောအခါ ချန်ပင်ယီက ခြေကိုတစ်ချက် ဆောင့်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ချက်ချင်း မုချန်တိန်ထံသို့ ပြေးဝင်သွားပြီး မျက်တစ်မှိတ်အတွင်း သူထံ ရောက်သွားသည်။
ထို့နောက် သူသည် ဓားကို ဝှေ့ယမ်းလိုက်သည်။ ထိုအချိန် မုချန်တိန်၏ အရှေ့တွင် အဖြူရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး၏။ ချန်ပင်ယီက မုချန်တိန်သည် အမှန်တကယ် ကံဆိုးသွားပြီဟု ထင်မှတ်ခဲ့သော အချိန်မှာပင် တွန်းအားတစ်ခုက မုချန်တိန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ထို့နောက် အငွေ့အစုအဝေးတစ်ခုက သူ့ကို ဖုံးလွှမ်းလိုက်သည်။
နောက်တစ်စက္ကန့်တွင် မုချန်တိန်က လက်ကိုမြှောက်ကာ ချန်ပင်ယီ၏ ဓားကို လက်ဗလာဖြင့်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ထိုမြင်ကွင်းကို မြင်သောအခါ ချန်ပင်ယီ အံ့ဩသွား၏။ ထို့ပြင် မုချန်တိန်ကို သတ်ဖြတ်ရန် လာရောက်သည့် ထိပ်သီးပညာရှင်နှစ်ဦးနှင့် အခြားသိုင်းပညာရှင်များပါ အံ့အားသင့်သွားကြသည်။
သူတို့သည် ဧကရာဇ်က မုစံအိမ်မှ ယောက်ျားများအား အတွင်းအားပျက်စီးစေသော ဆေးလုံးများ ပေးခဲ့သည်ကို ကြားသိထားကြသည်။ မုမိသားစုမှ ယောက်ျားသားများတွင် သိုင်းပညာ စွမ်းရည်မရှိတော့ပေ။ ယခုအခါ သူတို့သည် အများဆုံး ပုံမှန်လူထက် အနည်းငယ်သာ အားကောင်းနေပြီး သန်မာကြသည်။
သို့သော် မုချန်တိန်ထံမှ ထွက်ပေါ်လာသော အငွေ့အသက်များအရ သူ၏စွမ်းရည်မရှိ တော့သည်ဟု ပြသမနေပါ။ သူသည် ထိပ်သီးပညာရှင်တစ်ဦး ဖြစ်နေဆဲဆိုသည်မှာ ထင်ရှားသည်။
ထိပ်သီးပညာရှင်များအကြား ကွာခြားချက်များရှိ၏။ ရှားနိုင်ငံတွင် ထိပ်သီးပညာရှင်များစွာရှိသော်လည်း မုချန်တိန်သည် အဘယ့်ကြောင့် ကောင်းကင်ဘုရင်ဟု ခေါ်ဆိုခံရသနည်း။
ဆွမ်ဧကရာဇ် နန်းတက်ရန် ထောက်ခံခဲ့သောကြောင့်သာ မဟုတ်ပါ။ ရှားနိုင်ငံ၏ ထိပ်သီးပညာရှင်အဆင့်တွင် မုချန်တိန်နှင့် ယှဉ်ပြိုင်နိုင်သူ နည်းပါးသည်။ ထို့ကြောင့် သူသည် ကောင်းကင်ဘုရင် ဖြစ်လာနိုင်ခဲ့ခြင်းဖြစ်သည်။
ချန်ပင်ယီက အနည်းငယ်မယုံကြည်နိုင်သည့် အသံဖြင့် ပြောလိုက်သည်။
“ခင်ဗျား... ခင်ဗျားရဲ့စွမ်းအားတွေ မပျောက် သေးဘူးလား။”
ချန်ပင်ယီ၏ အသံသည် အနည်းငယ် တုန်ယင် နေသည်။ သူသည် မုချန်တိန်၏ တပည့်အဖြစ် မုချန်တိန်နှင့်အတူ စစ်ပွဲများစွာသို့ လိုက်ပါခဲ့ပြီး မုချန်တိန်၏ အစွမ်းကို ကောင်းကောင်းသိထားသည်။
သူသည် ဒီတစ်ကြိမ်တွင် မုချန်တိန်ကို ဖယ်ရှားခြင်းက အလွန်လွယ်ကူသော ကိစ္စဖြစ်မည်ဟု ယူဆခဲ့သလို ဆွမ်ဧကရာဇ်ကလည်း သူ့ကို ပိုမိုယုံကြည်လာမည်ဟုလည်း ထင်မှတ်ခဲ့သည်။ သို့သော် မုချန်တိန်၏ စွမ်းအား ပျောက်ကွယ်သွားခြင်း မရှိမည့်ကိစ္စကိုတော့ မမျှော်လင့်ထားပေ။
ဟာသကြီးပါလား။
မုချန်တိန်သည် စစ်နတ်ဘုရား တစ်ပါးဖြစ်သည်။ ထိပ်သီးပညာရှင်အဆင့်တူများအကြားတွင် သူအား အနိုင်ယူရန် မဖြစ်နိုင်ဟု သတ်မှတ်ထားကြသည်။
နေပြည်တော်တွင် မုစံအိမ်တစ်ခုလုံးကို ဖမ်းဆီးခဲ့သောအခါက ထိပ်သီးပညာရှင် စစ်တူစီက ကိုယ်တိုင် လုပ်ဆောင်ရန် လိုအပ်ခဲ့သည်။ မဟုတ်ပါက ရှားနိုင်ငံတွင် ဘယ်လိုလုပ်များ မုချန်တိန်ကို လွယ်လွယ်ကူကူ ဖမ်းဆီးနိုင်ခဲ့မှာလဲ။
သို့သော် ယခုအဖြစ်အပျက်က မုချန်တိန်၏ စွမ်းအား ပျောက်ကွယ်သွားခြင်း မရှိသေးဟု သူ့ကို ပြောနေကြသည်။ သူ့အသက်ကိုပင် ခြိမ်းခြောက်နေပြီ မဟုတ်ပါလား။
ချန်ပင်ယီ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများပေါ်လာသည်။ သူသည် မုချန်တိန်နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း ကောင်းစွာ သိထားသည်။ မုချန်တိန်၏ စွမ်းအား ပျောက်ကွယ်သွားခြင်း မရှိပါက သူအနိုင်ရရန် အခွင့်အလမ်း လုံးဝနီးပါး မရှိချေ။သို့သော် ထိုအခိုက်တွင် ချန်ပင်ယီ၏ အနောက်မှာ ရှိသည့် ထိပ်သီးပညာရှင်တစ်ဦးက ပြောလိုက်သည်။
“မဟုတ်ဘူး။ မုချန်တိန်က သူ့ရဲ့စွမ်းအားကို အပြည့်အဝ ပြန်မရသေးဘူး။ သူ၏ ကာကွယ်မှုအတွင်းအားက တည်ငြိမ်မှု မရှိဘူး။ အများဆုံး ထိပ်သီးအဆင့် တစ်ဝက်လောက်ပဲ အတွင်းအားသုံးနိုင်လိမ့်မယ်။”
သူတို့အားလုံးသည် ထိပ်သီးပညာရှင်များဖြစ်သောကြောင့် မုချန်တိန်၏ စွမ်းအား ပြည့်ဝစွာ ပြန်လည်ရရှိပြီသလား မရရှိသေးဘူးလား ဆိုသည်ကို တစ်ချက်ကြည့်လျှင် သိနိုင်ကြသည်။
ဟုတ်ပါသည်။ မုချန်တိန်၏ စွမ်းအားများ ပြည့်ဝစွာ ပြန်လည်မရရှိသေးပေ။ စွမ်းအားပြန်ရဆေးလုံ. းက မုချန်တိန်၏ စွမ်းအားများကို ပြန်လည်ရရှိစေနိုင်သော်လည်း မုချန်တိန်သည် သူ၏အကောင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်အနည်းငယ် လိုအပ်သေးသည်။ သို့သော် အချိန်က လုံလုံလောက်လောက် မရှိခဲ့ပေ။
အချိန်အနည်းငယ် အတွင်းမှာပင် ထိပ်သီးအဆင့် တစ်ဝက်ခန့် အားသုံးနိုင်သည်ဆိုသည်ကပင် မုချန်တိန်သည် အလွန်အထင်ကြီးစရာ ကောင်းနေပြီဖြစ်သည်။
သူ၏ အနောက်မှ ထိပ်သီးပညာရှင်၏ စကားများကို ကြားသောအခါ ချန်ပင်ယီ၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများသည် စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားပြီး ဂရုမစိုက်တော့သော မရှိအပြုံးဖြင့် အစားထိုးသွားသည်။
“ဆရာက တကယ်ပဲ ကိုယ့်တပည့်ကို လန့်အောင် လုပ်လိုက်တာပဲ။”
“ အကောင်းဆုံးပေါ့။ ဆရာ့ရဲ့ စွမ်းအား မပျောက်ဘူးဆိုတော့ တပည့်ကို ဆရာ့ရဲ့ အစွမ်းတွေ စပ်းသပ်ခွင့်ပေးပါ။”
ပြောပြောဆိုဆိုနှင့် ချန်ပင်ယီက ချက်ချင်းပင် သူ၏လက်များတွင် အတွင်းအားစုစည်းလိုက်ပြီး မုချန်တိန်၏ လက်ထဲမှဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ၏ဓားကို မုချန်တိန်ထံ ပြန်လည်ဝှေ့ယမ်းလိုက်သည်။
တစ်စက္ကန့်အတွင်း ဓါးဝှေ့ယမ်းမှုကြောင့် ခတ်သွားသောလေက မုချန်တိန်ထံသို့ တိုက်ခတ်လာသည်။ သို့သော် ဒီတစ်ကြိမ်တွင် မုချန်တိန်က ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းမပြုဘဲ တိမ်းရှောင်လိုက်သည်။
ထိုအချိန်တွင် ချန်ပင်ယီ၏ အနောက်မှ ထိပ်သီးပညာရှင်နှစ်ဦးသည်လည်း ချက်ချင်း တိုက်ပွဲထဲ ပါဝင်လာကြသည်။ မုချန်တိန်၏စွမ်းအားများ ကုန်ခမ်းနေသော်လည်း သူတို့သည် မုချန်တိန်မသေခင်အထိ သတိလက်လွတ် နေကြမည်မဟုတ်ပေ။
မုချန်တိန်သည် ရှားနိုင်ငံ၏ ကောင်းကင်ဘုရင်ဖြစ်ခဲ့သည်။ ယခင်က ကျောင်းဝမ်တိန်ကို သတ်ဖြတ်ရန် ရှားနိုင်ငံက ထိပ်သီးပညာရှင်တစ်ဦးကို စေလွှတ်ခဲ့ရသည်။ ယခုအခါ မုချန်တိန်၏ စွမ်းအား ကျဆင်းသွားသော်လည်း သူ့ကို ကိုင်တွယ်ရန်က လွယ်ကူသေးဦးမည်တော့ မဟုတ်ပေ။
မုချန်တိန်ကို ထိပ်သီးပညာရှင်သုံးဦးက ဝိုင်းထားသည်ကို မြင်သောအခါ မုကျင်းဝူးနှင့် မုရှင်းပင် ညီအကိုနှစ်ယောက်သည် မုချန်တိန်ကို ကူညီရန် ပြေးဝင်သွားကြသည်။
သူတို့နှစ်ဦးသည် အများဆုံး အဆင့်ကိုးစွမ်းအားသာ ရှိသောကြောင့် ထိပ်သီးပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ သို့သော် သူတို့သည် မုချန်တိန်အပေါ် ဖိအားပေးနေသည့် အခြားထိပ်သီးပညာရှင်နှစ်ဦး၏ ဖိအားအချို့ကို သက်သာစေနိုင်သည်။
မုရှင်းပင်နှင့် မုကျင်းဝူးတို့ တိုက်ပွဲထဲသို့ ပါဝင်လာသောအခါ ချန်ပင်ယီ ခေါ်ဆောင်လာသည့် သိုင်းပညာရှင်များသည်လည်း စတင်လှုပ်ရှားလာကြသည်။ ဓားချင်းထိခတ်သံများနှင့် ပြင်းထန်သောတိုက်ပွဲမှ အသံများသည် တည်းခိုခန်း၏ နောက်ခြံမှ ဆက်လက်ထွက်ပေါ်နေသည်။
ကံကောင်းထောက်အစွာဖြင့် အနီရောင်ဝတ်စုံများ ဝတ်ဆင်ထားသည့် လျှို့ဝှက်သိုင်းပညာရှင်များက မုမိသားစုများကို ကာကွယ်ပေးထားသည်။ မုချန်တိန်နှင့် အခြားသူများကို ထိပ်သီးပညာရှင်သုံးဦးက ဖိအားပေးနိုင်သော်လည်း ချန်ပင်ယီ၏ လူများသည် မုအိမ်မှ မိသားစုဝင်များထံ ချဉ်းကပ်နိုင်ခြင်း မရှိပေ။
သို့သော် တကယ်တော့ ချန်ပင်ယီဘက်တွင် ထိပ်သီးပညာရှင်သုံးဦးရှိပြီး အဆင့်ကိုးစွမ်းအားရှိသူများလည်း မနည်းပေ။ အနီရောင်ဝတ်စုံများ ဝတ်ဆင်ထားသူများသည် မကြာမီပင် အရေးနိမ့်လာကြသည်။
ထိုအခိုက်တွင် မုချန်တိန် အနည်းငယ် သတိလစ်သွားသောကြောင့် ထိပ်သီးပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီး ခြေဆေယ်လှမ်းခန့် ဆုတ်သွားကာ ခြံဝင်းနံရံနှင့် ဆောင့်မိသွားသည်။ မုချန်တိန် ဒဏ်ရာရသွားသည်ကို မြင်သောအခါ ချန်ပင်ယီက လှောင်ရယ်သံဖြင့်
“အဖိုးကြီး၊ ခင်ဗျားတကယ်ကို အိုလာပြီ ထင်ပါရဲ့။”
ထိုစကားကို ကြားသောအခါ မုချန်တိန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြန်ပြောလိုက်သည်။
“ချန်ပင်ယီ။ ငါဒီနေ့ သေသွားရင်တောင် မင်းကိုလည်း တစ်ပါတည်း ခေါ်သွားမှာ။”
သူပြောသည့်အတိုင်း မုချန်တိန်၏ အစွမ်းများ ချက်ချင်းတက်လာသည်။ ချန်ပင်ယီ၏ မျက်နှာပြောင်းလဲသွားပြီး ချက်ချင်းပြောလိုက်သည်။
“မကောင်းတော့ဘူး၊ သူ သွေးပွက်မီးလျှံ စွမ်းအားကို အသုံးပြုတော့မယ်။”
“မြန်မြန်လုပ်ကြ။ သူ့ကိုတားကြ…”
“အားလုံး……”
ချန်ပင်ယီသည် မုချန်တိန် သွေးပွက်မီးလျှံစွမ်းအားကို အသုံးပြုခြင်းမှ တားဆီးရန် သူ၏ထိပ်သီးပညာရှင်နှစ်ဦးအား ပြောလိုသည့်အခိုက်တွင်ပင် ဓားတစ်ချောင်းက ချန်ပင်ယီ၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက်သွားသည်။ သူသည် သူ၏ကာကွယ်မှု အတွင်းအားကိုပင် ထုတ်လွှတ်နိုင်ခဲ့ခြင်းမရှိပေ။
ချန်ပင်ယီသည် သူ့ကို မည်သူဓားနှင့် ထိုးလိုက်သလဲဆိုသည်ကို လှည့်ကြည့်ရန် ကြိုးစားခဲ့သော်လည်း သူမကြည့်နိုင်ခင်မှာပင် သူ့ကို လုပ်ကြံသူက အနောက်မှ ဓားတစ်ချက် ထပ်ထိုးလိုက်သည်။
ထိုမြင်ကွင်းကို တွေ့မြင်သူအားလုံးက အံ့ဩသွားကြသည်။ ချန်ပင်ယီဘက်မှ ထိပ်သီးပညာရှင်တစ်ယောက်က ချက်ချင်း ကျိန်ဆဲလိုက်သည်။
“ဝေချောင် ခင်ဗျားဘာလုပ်နေတာလဲ။”
ထိုအခိုက်တွင် မုချန်တိန်သည်လည်း အံ့ဩသွားသည်။ သူသည် သွေးပွက်မီးလျှံစွမ်းအားကို အသုံးပြုပြီး ချန်ပင်ယီနှင့် သူ၏လူများကို သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် လူအုပ်ထဲမှ အဆင့်ကိုး သိုင်းပညာရှင်တစ်ဦး ထွက်ပေါ်လာပြီး ချန်ပင်ယီ၏ နောက်ကျောကို ဓားဖြင့် ထိုးလိုက်သည်။
ဘာတွေဖြစ်နေတာလဲ။
သူ နားမလည်နိုင်ပါ။
ထို့နောက် ချန်ပင်ယီဘက်မှ ထိပ်သီးပညာရှင်တစ်ဦးက ချက်ချင်းပင် သူ၏ဓားကို ချန်ပင်ယီကို လုပ်ကြံခဲ့သည့် ဝေချောင်ကို ထိုးလိုက်သည်။ ဝေချောင်၏ ကိုယ်ဖော့ပညာက အလွန်အံ့ဩဖွယ်ကောင်းသည်။ တစ်စက္ကန့်အတွင်း သူသည် ထိုထိပ်သီးပညာရှင်၏ ဓားကိုအားယူ၍ သူ၏ပခုံးပေါ်သို့ ခုန်တက်လိုက်ပြီး ခေါင်မိုးပေါ်သို့ ဆက်လက်ခုန်တက်သွားသည်။
မုချန်တိန်ကို ပြုံးပြီး ဝေချောင်က ပြောလိုက်သည်။
“မုအမတ်၊ သွေးပွက်မီးလျှံစွမ်းအားကို မသုံးသင့်ပါဘူး။ မင်းသားက ခင်ဗျား ဒဏ်ရာရတာကို မြင်ရင် ကျွန်တော်တို့ကို ပြစ်ဒဏ်ပေးမှာကို ကြောက်ရပါတယ်။”
ဝေချောင်၏ စကားများကို ကြားသောအခါ ထိုအဆင့်ကိုးစွမ်းအားရှိသော သိုင်းပညာရှင်သည်လည်း လျှို့ဝှက်မင်းသား၏ လူတစ်ဦးဖြစ်ကြောင်း မုချန်တိန် ချက်ချင်း သဘောပေါက်သွားသည်။
ထိုလျှို့ဝှက်မင်းသားက မည်သူနည်း။ ချန်ပင်ယီ၏ အနီးတွင်ပင် ဤမျှအရေးပါသောလူကို ထားရှိနိုင်သူလား။ ဝေချောင်၏ အနေအထားက မုချန်တိန်အား လျို့ဝှက်မင်းသားကို ပိုပြီးစိတ်ဝင်စားသွားစေ သည်.....
..........