အခန်း ၅၅-၅၇
Vol. 4 Ch. 55-57
အခန်း (၅၅)
ဒီဟာသပြဇတ်ကို အဆုံးသတ်သင့်ပြီ
ဟူဘင်းတပ်ကို ဖျက်သိမ်းပြီးနောက် ဆွမ်ဧကရာဇ်သည် နဂါးအစောင့်တပ်ကို တည်ထောင်ခဲ့သည်။ ဆွမ်ဧကရာဇ်ကိုယ်တိုင် ဦးဆောင်ပြီး ချန်ပင်ရီက ဗိုလ်ချုပ်အဖြစ် သူ့ကိုယ်စား စီမံခန့်ခွဲခဲ့သည်။ ယုတ္တိရှိရှိ ပြောရလျှင် နဂါးအစောင့်တပ်သည် စစ်သည်ရွေးချယ်မှု အလွန်တင်းကျပ်သော တပ်ဖွဲ့ဖြစ်သင့်သည်။ အခြားတပ်များမှ သူလျှိုများ ထည့်ထားနိုင်ရန် ခက်ခဲသင့်သည်။
နဂါးအစောင့်တပ်ကို တည်ထောင်ပြီး မကြာမီမှာပင် ချန်ပင်ယီ၏ နံဘေးတွင် အဆင့်ကိုး သူလျှိုတစ်ယောက် ပေါ်ပေါက် နေပြီသည်။ ထို့ပြင် အဆင့်ကိုး ထိုအဆင့်ကိုး သူလျှိုသည် လျှို့ဝှက်မင်းသား၏ လူတစ်ဦးဖြစ်သည်။ ထို့ကြောင့် မုချန်တိန်သည် လျှို့ဝှက်မင်းသား၏ ရှားနိုင်ငံကို ထိန်းချုပ်နိုင်သည့် အတိုင်းအတာကို အလွန်စိတ်ဝင်စားလာသည်။
ချန်ပင်ယီ မြေပေါ်သို့ လဲကျသွားပြီးနောက် သူ၏မျက်လုံးများသည် ခေါင်မိုးပေါ်ရှိ ဝေချောင်ကို စိုက်ကြည့်နေသည်။ သူ့ကို ဓားဖြင့်ထိုးခဲ့သူသည် ဝေချောင်ဖြစ်သည်ကို သူယုံကြည်နိုင်ခြင်းမရှိပေ။
ချန်ပင်ယီ၏ မျက်လုံးများ ပြူးထွက်နေပြီး မျက်ကြည်လွှာ သွေးကြောများတွင် သွေးများပြည့်နေသည်။ သူသည် ကျန်ရှိသမျှ အားအင်အားလုံးကို အသုံးပြုကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဝေ… ချောင်။”
သူ၏ အသံသည် တိတ်ဆိတ်သွားပြီးနောက် ချန်ပင်ယီသည် နောက်ဆုံးထွက်သက်ကို ရှူထုတ်ပြီး သေဆုံးသွားခဲ့သည်။ ချန်ပင်ယီ၏ ဘက်မှ ထိပ်သီးပညာရှင်တစ်ဦးသည် ဝေချောင်ကိုကြည့်လိုက်ပြီး
“ ဝေချောင် မင်းဘာလုပ်နေတာလဲ မင်းသိပါလား။ မင်းက မင်းကြီးရဲ့ အစီအစဉ်ကို ပျက်ပြားစေခဲ့ပြီ။ မင်းနှင့် မင်းမိသားစု တစ်ခုလုံး ဒီအတွက် ပေးဆပ်ရမယ်။” ဟု ပြောလိုက်သည်။
ဝေချောင်က တစ်ချက်ပြုံးလိုက်ပြီး ဘာမှ မပြောပေ။ ထိုအချိန်တွင် လေထုသည် ရုတ်တရက် လေးလံသွားသလို ခံစားရပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံး ချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။
ဝင်းခြံအတွင်းရှိ ဓားချင်းထိခတ်သံများ တဖြည်းဖြည်း ငြိမ်သွားသည်။ ချန်ပင်ယီ၏ လူများ အားလုံးသေဆုံးသွားသောကြောင့်တော့ မဟုတ်ပါ။ တစ်စုံတစ်ရာက လူအားလုံးကို ကြီးမားလေးလံသော ခံစားချက်တစ်ခုကို ခံစားလိုက်ရစေသည်။
ထိုအခိုက်တွင် ခြံဝင်းအဝင်ပေါက်မှ လူတစ်ဦး၏ အသံကို အားလုံး ကြားလိုက်ရသည်။
“အရိပ်ကိုယ်ရံတော်တွေ ရောက်လာခါနီးပြီ။ ဒီဟာသပြဇာတ်ကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ။”
ထိပ်သီးပညာရှင်တစ်ဦးသည် အခြေအနေက တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိပြီး အသံထွက်လာသည့် နေရာဘက်သို့ ချက်ချင်း အော်ဟစ်လိုက်သည်။
“ဘယ်သူလဲ။”
ထိပ်သီးပညာရှင် အော်ဟစ်လိုက်ပြီး စက္ကန့်ဝက်ခန့်အတွင်းမှာ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူသည် ကာကွယ်ရန်ပင် အချိန်မရှိလိုက်ပဲသူ၏ဦးခေါင်းက လွင့်စင်ပျံသန်းသွားတော့သည်။
ထိုအခိုက်တွင် နောက်ထပ် ထိပ်သီးပညာရှင်တစ်ဦးသည် စတင်တုံ့ပြန်လိုက်သည်။ သူသည် ချက်ချင်းပင် ထိုသူကို တိုက်ခိုက်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် အေးစက်သော အလင်းတစ်ခု ထပ်မံထွက်ပေါ်လာပြီး သူ၏ဦးခေါင်း အလားတူ ပျံသန်းသွားရတော့သည်။
ထိပ်သီးပညာရှင်တစ်ဦးကို တစ်ချက်တည်းဖြင့် သတ်ခြင်း။ ဤမြင်ကွင်းကို တွေ့မြင်ရသောအခါ အားလုံး အံ့အားသင့်စွာဖြင့် ရပ်တန့်သွားကြသည်။ ချန်ပင်ယီ ခေါ်ဆောင်လာသော ထိပ်သီးပညာရှင်နှစ်ဦး၏ ရုပ်အလောင်းများ မြေပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းလာချိန်တွင် မုချန်တိန်သည် နောက်မှရောက်လာသူကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။
နောက်မှရောက်လာသူသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်တွင် ဓားရှည်တစ်ချောင်းကို ကိုင်ထားသည်။ သူသည် လူနှစ်ဦးကို သတ်ပြီးဖြစ်သော်လည်း သူ၏ ဓားပေါ်တွင် သွေးစက်တစ်စက်မှပင် မရှိပေ။ သူသည် ဓားကို ချက်ချင်း ဓားအိမ်ထဲ ထည့်လိုက်သည်။
ထိုအခိုက်တွင် မုရှင်းပင်က မနေနိုင်တော့ပဲ အော်ဟစ်လိုက်သည်။
“ထိပ်သီးပညာရှင်… လား?”
မုကျင်းဝူက ဘေးမှ ဝင်ပြောလိုက်သည်။ “မဟုတ်ဘူး… ထိပ်သီးပညာရှင် မဟုတ်ဘူး။ ထိပ်သီးပညာရှင်ရဲ့ အငွေ့အသက်က ပိုပြင်းထန်သင့်တယ်။ ဒါပေမဲ့ သူရဲ့ အစွမ်းက ထိပ်သီးပညာရှင်အဆင့်နား ရောက်နေပြီ။”
မုကျင်းဝူက ပြောပြီး ချက်ချင်းပင် ထိုသူက သူ့အနောက်မှ လေထဲကို လှမ်းပြောလိုက်သည်။
“ညီအစ်ကိုတို့ သန့်ရှင်းရေးလုပ်ဖို့ အချိန်ရောက်ပြီ။” ဟု ပြောလိုက်သည်။
သူ၏ စကားသံ ထွက်ကျသွားသည်နှင့်တစ်ပြိုင်နက် အနောက်မှ အဆင့်ကိုး သိုင်းပညာရှင်များစွာ ပေါ်လာသည်။ သို့သော် ထိုသိုင်းပညာရှင်များသည် စွမ်းရည်အလွန်မြင့်ကြပြီး ခဏအတွင်းပင် ချန်ပင်ယီ ခေါ်ဆောင်လာသော သူများအားလုံးကို သတ်ဖြတ်လိုက်သည်။
မုချန်တိန်သည် မလှုပ်မယှက် တွေဝေငေးငိုင်နေသည်။ သူ၏ကြွက်သားတစ်မျှင်ပင် မလှုပ်ပါ။ သူသည် ရောက်လာသူကို မှတ်မိနေသောကြောင့် ဖြစ်သည်။ ထိုသူသည် နေပြည်တော်ရှိ ရွှင်ပျော်ပျော် ယမကာဆိုင်ပိုင်ရှင် ဖြစ်ကြောင်း သိရှိလိုက်ရသည်။
မုချန်တိန်သည် ရွှင်ပျော်ပျော်ရွှင်ဆိုင်ရှိ အစားအသောက်များကို နှစ်သက်သည်။ သူ၏သမီး မုကျိရွှမ်းသည် မင်းသားလုချန်းနှင့် လက်ထပ်မီ သူသည် ရွှင်ပျော်ပျော်ရွှင်ဆိုင်သို့ သွားရောက်၍ အမြဲ သောက်လေ့ရှိသည်။ ထို့ကြောင့် ဆိုင်ပိုင်ရှင်ကို သူအတော်အသင့် ရင်းနှီးသည်။
သူသည် ရွှင်ပျော်ပျော်ရွှင်ဆိုင်သည် လုရှုယွမ်မင်းသားပိုင်ဆိုင်သည်ဟု ယူဆခဲ့သည်။ ထို့ကြောင့် သူ၏သမီး မုကျိရွှမ်းသည် လုချန်းနှင့် လက်ထပ်ပြီးနောက် ရွှင်ပျော်ပျော်ရွှင်ဆိုင်သို့သွားရောက်ခြင်းကို ရပ်တန့်ခဲ့သည်။
ယခုအခါ သူတို့ကို ကယ်တင်ရန် ရောက်လာသူသည် ရွှင်ပျော်ပျော်ဆိုင်ပိုင်ရှင် ဖြစ်ကြောင်း သိရှိလိုက်ရသည်။ ရွှင်ပျော်ပျော်ဆိုင်ပိုင်ရှင်သည် ထိပ်သီးပညာရှင်နှစ်ဦးကို တစ်ခဏအတွင်း သတ်နိုင်လောက်အောင် အစွမ်းအစရှိသည့် ပုဂ္ဂိုလ်ဖြစ်သည်ကိုတော့ သူဘယ်တော့ကမှ မသိခဲ့ပေ။
သူ၏ အစွမ်းအမြင့်ဆုံးအခြေအနေတွင် ရှိနေစဉ်ကပင် ထိုထိပ်သီးပညာရှင်နှစ်ဦးကို တစ်ခဏအတွင်း သတ်နိုင်မည် မဟုတ်ပေ။ ယခုအခါ သူ၏ အားအင်ပြည့်ဝစွာ ပြန်လည်ရရှိရန် လိုနေသေးကြောင့် ပို၍ပင်သတ်နိုင်မည် မဟုတ်ပေ။
ဤသည်မှာ ရွှင်ပျော်ပျော် ဆိုင်ပိုင်ရှင်၏ ဓားစွမ်းရည်သည် မည်မျှကောင်းသည်ကို ပြနေခြင်းဖြစ်သည်။ မဟုတ်ပါ။ သူ၏ ဓားစွမ်းရည်သည်သာ ထူးခြားသည် မဟုတ်ပါ။ သူ၏ ဓားသည်လည်း ထူးခြားသည်။
လူသတ်ပြီးနောက် လက်နက်ပေါ်တွင် သွေးစက်တစ်စက်မျှ မစွန်းပေခဲ့ပေ။ မုချန်တိန်သည် ဓားတစ်ချောင်းက ထိုကဲ့သို့ ပြုလုပ်နိုင်သည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။
မုချန်တိန်သည် စိတ်ကို ပြန်လည်ထိန်းချုပ်ပြီး ပြုံးလျက် ပြောလိုက်သည်။
“လုရှုယွမ်မင်းသားရဲ့ လက်အောက်မှာ ဒီလောက်အစွမ်းကြီးတဲ့ပုဂ္ဂိုလ် ရှိလိမ့်မယ်လို့ ကျုပ်မစဉ်းစားမိခဲ့ဖူးဘူး။ သူဌေးလျှံဇွန်း ခင်ဗျားက တကယ်ကို နှိမ့်ချတဲ့ပုံစံနဲ့ နေထိုင်ခဲ့တာပဲ။”
“ခင်ဗျားပြောခဲ့တဲ့ မင်းသားက လုရှုယွမ် ဖြစ်မယ်ထင်ပါတယ်။”
ယုံကြည်ရန် ခက်ခဲသော်လည်း လျှံဇွန်းသည် ယခု ဤနေရာတွင် ရှိနေပြီး သူသည် လုရှုယွမ်မင်းသား၏ လက်အောက်ရှိ ဆိုင်ပိုင်ရှင်ဖြစ်သောကြောင့် သူသည် လုရှုယွမ်မင်းသား၏ လူတစ်ဦးဖြစ်သည်ဟု ဆိုလျှင် အကျိုးအကြောင်း ညီညွတ်သည်။
သို့သော် မုချန်တိန် နားမလည်နိုင်သည်မှာ လုရှုယွမ်သည် သူ့ကို ကယ်တင်ရန် လူစေလွှတ်ရ
သည့် အကြောင်းရင်းဖြစ်သည်။
တကယ်တော့ လုရှုယွမ်မင်းသားသည် နေပြည်တော်တွင် ရှိနေသည်။ ထိုကဲ့သို့သော အန္တရာယ်များသည့် အခြေအနေတွင် သူ့ကို ကယ်တင်ရန် ကြိုးစားခြင်းက အဓိပ္ပာယ်မရှိပေ။ လုရှုယွမ်မင်းသားတွင် စစ်တပ်အာဏာ မရှိသည့်အတွက် သူ့ကို ကယ်တင်နိုင်ခဲ့လျှင်ပင် အကျိုးမရှိနိုင်ပါ။
လုရှုယွမ်မင်းသားသည် အပိုင်စားခရိုင်နယ် မရှိသော မင်းသားတစ်ပါးဖြစ်သည်။ သူသည် နေပြည်တော်တွင် သူယုံကြည်ရသောသူ အများဆုံးမှ တစ်ထောင်ခန့်သာ ရှိသည်။
လျို့ဝှက်မင်းသားက စစ်တပ်အာဏာသိမ်းရန် ကြိုးစားနေသည်ဟု မုချန်တိန် အစက ထင်မှတ်ခဲ့သည်။ ထို့ကြောင့် သူသည် သူ့ကိုပုန်ကန်မှုတွင် ပါဝင်စေရန် အသက်ရှင်စေလိုခဲ့သည်။ သို့သော် ထိုသူသည် ဆွမ်ဧကရာဇ်၏ သားဖြစ်ကြောင်း သိရှိလိုက်ရသည်။
တကယ်တော့ ဤအချက်သည် မုချန်တိန်ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။ အထူးသဖြင့် ထိုပုဂ္ဂိုလ်သည် ဆွမ်ဧကရာဇ်နှင့် သွေးသားဆွေမျိုးတော်စပ်သော လုရှုယွမ်မင်းသားဖြစ်သောကြောင့် ဖြစ်သည်။
သူ့ဖခင်၏ တစ်ကြိမ် လှည့်စားခံရပြီးနောက် သားဖြစ်သူကို မည်သို့လွယ်ကူစွာ ယုံကြည်နိုင်မည်နည်း။ မုချန်တိန်၏ စကားကို ကြားသောအခါ လျှံဇွန်းသည် ပြုံးလျက် ပြန်လည်ပြောသည်။
“မင်းသားလုရှုယွမ်လား။ မဟုတ်ပါဘူး။
မင်းသားလုရှုယွမ်မှာ ကျုပ်ကို ခိုင်းစေနိုင်တဲ့အာဏာမရှိပါဘူး။”
ဟမ်။
မုချန်တိန်သည် လျှံဇွန်း၏ စကားများကြောင့် အံ့အားသင့်သွားရပြန်သည်။
လုရှုယွမ် မဟုတ်ဘူးတဲ့။ လုရှုယွမ်၏ လက်အောက်ရှိဆိုင်မှ ပိုင်ရှင်ဖြစ်သော လျှံဇွန်းသည် သူ၏လူမဟုတ်ဘူးလား။ စိတ်ဝင်စားသွားပြိး မုချန်တိန်က ထပ်မံမေးမြန်းလိုက်သည်။
“အဲ့ဒါဆို ခင်ဗျားရဲ့ မင်းသားက ဘယ်သူလဲ။
ဒိနေရာအထိ ရောက်လာပြီးမှတော့ အခု ခင်ဗျားပြောပြလို့ ရပါပြီ။”
လျှံဇွန်းက ပြန်လည်ဖြေကြားလိုက်သည်။
“မလောပါနဲ့ မုအမတ်။ ခင်ဗျား သူ့ကို မကြာခင်တွေ့ရမှာပါ။”
မုချန်တိန်က ပြုံး၍ ပြောလိုက်သည်။
“ခင်ဗျားရဲ့ မင်းသားက တကယ်ကို လျှို့ဝှက်တာပဲ။”
လျှံဇွန်းသည် ထိပ်သီးပညာရှင်အဆင့်သို့ မရောက်ရှိသေးသည်ကို သူသိသော်လည်း သူ၏ အစွမ်းသည် ထိုအဆင့်ကို နီးကပ်နေပြီဖြစ်သည်။ ထိုလျှို့ဝှက်မင်းသားသည် ဤကဲ့သို့ အစွမ်းရှိသည့် လူတစ်ဦးကို လျှို့ဝှက်စွာ နေရာချထားနိုင်ခြင်းက သူ့ထံတွင် ပိုမိုအစွမ်းအစ ကြီးသော လက်အောက်ငယ်သားများစွာ ရှိနေမည်ဖြစ်သည်ကို ဖော်ပြသည်။
မုချန်တိန်သည် အခုအချိန်တွင် လျှံဇွန်း၏ ဦးခေါင်းကို ဖောက်ထွင်းကြည့်လိုပြီး မည်သည့်မင်းသားတွင် ထိုကဲ့သို့ စွမ်းရည်ရှိသော လူများစွာရှိပြီး ထိုကဲ့သို့သော အရာများစွာကို စီစဉ်နိုင်သည်ကို သိလိုက်ချင်သည်။
ထိုအချိန်တွင် လျှံဇွန်းက
“မုအမတ်။ ဒီနေ့ကစပြီး မုစံအိမ် ပျောက်ကွယ်သွားပြီဖြစ်ပါတယ်။” ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် လျှံဇွန်းသည် သူ့အနောက်ရှိ အထူးကိုယ်ရံတော်များကို ညွှန်ကြားလိုက်သည်။
“မုချန်တိန်ဟာ နေရပ်စွန့်ခွာတဲ့လမ်းမှာ လုယက်သူများ၏ တိုက်ခိုက်မှု့ကို ခံခဲ့ရတယ်။ နောက်ဆုံးအချိန်မှာ သွေးပွက်မီးလျှံစွမ်းအားကို အသုံးပြုပြီး ထိပ်သီးပညာရှင်သုံးဦးနှင့်အတူ သေဆုံးသွားခဲ့တယ်။”
ထို့နောက် လျှံဇွန်းသည် မုချန်တိန်ဘက် လှည့်ပြီး မေးမြန်းလိုက်သည်။
“မုအမတ်။ ဒီအစီအစဉ်အပေါ် ခင်ဗျားဘယ်လို သဘောရလဲ။”
မုချန်တိန်သည် လျှံဇွန်း ပြောသောအစီအစဉ်၏ ရည်ရွယ်ချက်ကို သိရှိသည်။ ဆိုလိုသည်မှာ သူတို့အား အမည်သစ်များဖြင့် နေထိုင်စေရန်နှင့် ဆွမ်ဧကရာဇ်၏ စောင့်ကြည့်ခံရခြင်းမှ ရှောင်ရှားစေနိုင်ရန် ဖြစ်သည်။
မုချန်တိန်က
“အဲဒါဆိုရင် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ် သူဌေးလျှံဇွန်း” ဟု ပြောလိုက်သည်။
လျှံဇွန်းက ပြန်လည်ဖြေကြားသည်။
“ အရမ်းယဉ်ကျေးစရာ မလိုပါဘူး မုအမတ်။ ဒါက ကျုပ်ရဲ့ တာဝန်ပါ။”
ထို့နောက် အထူးကိုယ်ရံတော်များသည် လုပ်စရာရှိသည်များကို စတင်လုပ်ဆောင်လိုက်သည်။ ချက်ချင်းပင် အခင်းဖြစ်ပွားသည့် နေရာကို ပြန်လည်ဖန်တီးလိုက်သည်။
အရိပ်ကိုယ်ရံတော်များ တည်းခိုခန်းသို့ ရောက်လာသည့်အခါ တည်းခိုခန်း မီးလောင်ကျွမ်းသွားပြီဖြစ်ပြီး ချန်ပင်ယီ၏ ပြင်းထန်စွာ ဒဏ်ရာရရှိထားသော စစ်သားအနည်းငယ်သာ မီးသင့်မခံရပဲ အပြင်ဘက်တွင် လဲကျနေကြသည်။
..........
အခန်း (၅၆)
မုချန်တိန်၏ တွက်ဆမှု
နံနက်ခင်းအချိန်တွင် လှည်းတန်းသည် ချိုင့်ခွက်များပရပွ ဖြစ်နေသော လမ်းပေါ်တွင် တရွေ့ရွေ့သွားနေသည်။ ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေ မြင်းခွာသံများနှင့် လှည်းဘီးသံများသာ ကြားနေရသည်။
တစ်ညလုံး ဆက်တိုက် ခရီးသွားခဲ့ပြီးနောက် မုစံအိမ်မှ လူများအားလုံး ပင်ပန်းနေကြသည်။ ထိုအခိုက်တွင် မုအိမ်မှ အမျိုးသမီး အများစုသည် မျက်လုံးများ လေးလံသွားကျသွားပြီး အိပ်မက်ကမ္ဘာသို့ ဝင်ရောက်သွားကြသည်။
သို့သော် ထိုအခိုက်တွင် မုချန်တိန်စံအိမ်မှ ယောက်ျားများကတော့ အိပ်မပျော်နိုင်ပါ။ အထူးသဖြင့် မုချန်တိန်နှင့် သူ၏သားနှစ်ယောက်တို့ ဖြစ်သည်။ သူတို့သည် လှည်းပေါ်တွင် ထိုင်နေပြီး ဝေးလံသော တောင်တန်းများကို ကြည့်ကာ အတွေးများနေကြသည်။
ထိုအခိုက်တွင် မုချန်တိန်က ပြောလိုက်သည်။
“ ဒါကမြောက်ပိုင်းမြို့တော်သို့ သွားတဲ့ လမ်းပဲ။”
ထိုစကားကို ကြားသောအခါ ပင်ပန်းနေကြသော မုကျင်းဝူနှင့် မုရှင်းပင်တို့ စိတ်လှုပ်ရှားလာကြသည်။ မုရှင်းပင်က ချက်ချင်းပင် မေးမြန်းလိုက်သည်။ “ဖခင်၊ မှားများမှားနေပြီလား။”
မုချန်တိန်သည် စိမ်းလန်းသည့် တောင်တန်းများကို ငေးကြည့်ရင်း ပြန်လည်ဖြေကြားလိုက်သည်။
“လွင်ပြင်ဒေသမျိုးနွယ်စုတွေရဲ့ ကျူးကျော်မှု့ကို တားဆီးဖို့ မြောက်ပိုင်းမြို့တော်ကို ငါ မကြာခဏ သွားခဲ့ရတယ်။ ငါမမှားနိုင်ဘူး။
ဒါက တကယ်ပဲ မြောက်ပိုင်းမြို့တော်ကို သွားတဲ့လမ်းဖြစ်တယ်။”
ထိုသို့ပြောပြီးနောက် မုချန်တိန်သည် သူ၏မျက်ခုံးများကို တွန့်လိုက်သည်။ မနေ့ညက လျှံဇွန်းသည် သူတို့၏ ဦးတည်ရာကို မပြောပြခဲ့ပေ။ လှည်းပေါ်တက်သည်နှင့် လျှံဇွန်း၏ လူများသည် ချက်ချင်းပင် လမ်းကို ဦးဆောင်ခဲ့သည်။
ညအမှောင် အချိန်အခါတွင် မုချန်တိန်သည် သူတို့သွားသော ဦးတည်ရာကို ထင်ထင်ရှားရှား မမြင်ခဲ့ပေ။ နံက်ခင်း နေထွက်သောအခါမှ မုချန်တိန်သည် လမ်းကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ သူသည် လွင်ပြင်ဒေသ မျိုးနွယ်စုများကို တွန်းလှန်ရန် သူ၏တပ်များကို ဦးဆောင်၍ မြောက်ပိုင်းမြို့တော်သို့ သွားခဲ့စဉ် မြင်ခဲ့ဖူးသော တောင်ထွတ်များကို သူသည် သိရှိလိုက်သည်။
သူသည် မြောက်ပိုင်းမြို့တော်ကို အလွန်ရင်းနှီးသည်။ မြို့၏လမ်းအချို့သည် သူ၏မှတ်ဉာဏ်တွင် ခိုင်မြဲစွာ စွဲနေသည်။မုချန်တိန်ပြောသောစကားကို ကြားသောအခါ မုရှင်းပင်က ခန့်မှန်းလိုက်သည်။
“ဖခင်။ သူတို့ပြောတဲ့ မင်းသားက မင်းသားလုချန်း ဖြစ်နိုင်လား။”
မုရှင်းပင်က တုန်ယင်နေသော အသံဖြင့် ပြောဆိုလိုက်ခြင်းဖြစ်သည်။ သူ၏စကားများကို သူကိုယ်တိုင်ပင် ယုံကြည်နိုင်ခြင်းမရှိပေ။
မင်းသားလုချန်း မည်သူဖြစ်သည်ကို သူတို့အားလုံး ကောင်းကောင်းသိကြသည်။ လုချန်းသည် မုကျိရွှမ်း၏ ခင်ပွန်းဖြစ်သော်လည်း မုစံအိမ်ရှိ လူအားလုံးသည် လုချန်းကို ဆွေမျိုးအာဏာသုံးသော မင်းသား၊ အပျင်းကြီးပြီး အပျော်အပါးနှစ်သက်သော မင်းသားအဖြစ်သာ သတ်မှတ်ကြသည်။
မုရှင်းပင် ပြောဆိုပြီး ချက်ချင်းပင် မုကျင်းဝူ က ဝင်ပြောလိုက်သည်။
“ရှင်းပင် မင်းဘာတွေ လျှောက်တွေးနေတာလဲ။ သူက မင်းသားလုချန်းတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူဘယ်လိုလူစားလဲဆိုတာ မင်းလည်းသိတာပဲ။”
“ဒါက…”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် မုရှင်းပင်က ပြောလိုက်သည်။
“အဲ့ဒါဆို သူတို့က ကျွန်တော်တို့ကို မြောက်ပိုင်းမြို့တော် ဘာလို့ခေါ်သွားမှာလဲ။”
“မြောက်ပိုင်းမြို့တော်က မင်းသားလုချန်းရဲ့ ခရိုင်ပဲ။ အဲ့ဒီတော့ မြောက်ပိုင်းမြို့တော်က မင်းသားက မင်းသားလုချန်းပဲ ဖြစ်နိုင်တယ် မဟုတ်လား။”
မုရှင်းပင်၏ စကားကို ကြားသောအခါ မုကျင်းဝူက တုန့်ပြန်ပြောဆိုခြင်း မပြုတော့ပဲ သူ၏ဖခင်ကို လှည့်ကြည့်လိုက်သည်။ မုချန်တိန် တစ်စုံတစ်ခုကို သိရှိနိုင်မည်ဟု သူ မျှော်လင့်သည်။ ထိုအခိုက်တွင် မုချန်တိန်၏ မျက်ခုံးများ တွန့်လာပြီး သူ၏မျက်နှာက ပို၍တည်လာသည်။ သူက ခပ်ကြာကြာ စဉ်းစားလိုက်ပြီးနောက် စကားစလိုက်၏။
“သူက မင်းသားလုချန်းတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒီမင်းသားကလည်း မြောက်ပိုင်းမြို့တော်ကို ရောက်နေတယ်လို့ ယူဆရတယ်။ သူက မြောက်ပိုင်းမြို့တော်မှာ ငါနှင့်အချို့ကိစ္စတွေ ဆွေးနွေးချင်တဲ့ ဆန္ဒရှိပုံရတယ်။”
“အခြား ဖြစ်နိုင်ခြေတစ်ခုကလည်း သေချာပေါက် ရှိနိုင်ပါတယ်…”
မုချန်တိန်သည် သူ၏စကားကို ထိုနေရာတွင် ရပ်တန့်လိုက်သည်။ သူ၏မျက်နှာကလည်း ပို၍တည်လာခဲ့သည်။
သူ၏ မျက်နှာထားကို အကဲခတ်မိသောအခါ မုကျင်းဝူက မေးမြန်းလိုက်သည်။
“ဖခင် အခြားဖြစ်နိုင်ခြေက ဘာများလဲ။”
မုချန်တိန်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောဆိုလိုက်သည်။
“ငါတို့ကို ကယ်ခဲ့တဲ့ မင်းသားက ရှနိုင်ငံကမင်းသား မဟုတ်ပဲ လွင်ပြင်ဒေသ မျိုးနွယ်စုတွေထဲကလည်း ဖြစ်နိုင်တယ်။”
မုချန်တိန်၏ စကားများကို ကြားသောအခါ မုကျင်းဝူနှင့် မုရှင်းပင်တို့ ကြက်သေသေသွားကြသည်။ မုချန်တိန်က ဆက်လက်ပြောဆိုလိုက်သည်။
“လွင်ပြင်ဒေသ မျိုးနွယ်စုတွေက မြောက်ဘက်မှာ ရှိတယ်။ သူတို့ရဲ့ နယ်မြေကို ရောက်ဖို့ မြောက်ပိုင်းမြို့တော်ကို ဖြတ်ရမယ်။”
“သူတို့မှာ ဒီလိုလုပ်ရတဲ့ အကြောင်းကလည်း ရှိတယ်။ ငါက ရှားနိုင်ငံကို ကောင်းကောင်း သိတယ်။ ငါနှင့် မိတ်ဆွေဖြစ်ခြင်းက သူတို့အတွက် နောက်ပိုင်း ရှားနိုင်ငံကို တိုက်ခိုက်ဖို့ ပိုလွယ်ကူစေမယ်။”
မုချန်တိန်၏ စကားများကို ကြားသောအခါ မုကျင်းဝူ အတော်လေး စိတ်လှုပ်ရှားသွားကာ
“ဖခင်၊ သူက တကယ်ပဲ လွင်ပြင်ဒေသမျိုးနွယ်စုကဆိုရင် ကျွန်တော်တို့ သူတို့နဲ့ ပူးပေါင်းရင် တိုင်းပြည် သစ္စာဖောက်တွေ ဖြစ်လာမှာ မဟုတ်လား။”
မုကျင်းဝူသည် အမှန်နှင့် အမှားကို ကောင်းစွာခွဲခြားတတ်သူ ဖြစ်သည်။ ဆွမ်ဧကရာဇ်ကို သစ္စာဖောက်ခြင်းက သူ့အတွက် ပြဿနာမဟုတ်ပေ။ ဧကရာဇ်သည် သူတို့ကို စွန့်ပစ်ခဲ့ပြီး သူတို့၏ အသက်ကိုပင် ရန်ရှာခဲ့သည်။
သို့သော် သူတို့သည် ရှနိုင်ငံနှင့် ရှပြည်သူများကို သစ္စာဖောက်ပြီး လွင်ပြင်ဒေသမျိုးနွယ်စု၏ ရှပြည်သူတို့ကို သတ်ဖြတ်သည့် ကိရိယာတစ်ခု အဖြစ်ပြောင်းလဲရမည် ဆိုပါက..... ထိုအရာကို မုကျင်းဝူ မလုပ်ဆောင်နိုင်ပေ။
သူသည် သူတို့၏ ပြည်သူများအပေါ် ကျူးလွန်သူ ဖြစ်လာလိုခြင်း မရှိပေ။ သူ၏သား၏ စကားများကို ကြားသောအခါ မုချန်တိန် တိတ်ဆိတ်သွားပြီး ဘာမှပြောဆိုခြင်းမရှိပေ။ သူ့တွင်လည်း မုကျင်းဝူနှင့် တူညီသော အတွေးရှိသည်။ ရှနိုင်ငံ၏ မင်းသားတစ်ပါးကိုသာ သစ္စာခံရမည်ဆိုလျှင် သူတွေဝေခြင်းမရှိပဲ လုပ်ဆောင်မည်သာ ဖြစ်သည်။
သို့သော် သူသည် လွင်ပြင်ဒေသ မျိုးနွယ်စုကိုသစ္စာခံရမည်ဆိုလျှင်တော့.... သူ၏နှလုံးသားက လုံးဝ မလိုလားပေ။
လွန်ခဲ့သော နှစ်များစွာက လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ရှနိုင်ငံကို ကျူးကျော်စဉ်က ပြည်သူလူထု အမြောက်အမြား သတ်ဖြတ်ခဲ့သည်။ သူ၏စစ်သားများစွာသည်လည်း သူတို့၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ယခုအချိန်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုများကို သစ္စာခံခြင်း၊ သူတို့၏ လက်အောက်ငယ်သားဖြစ်လာခြင်းက သူ့အတွက် သေခြင်းထက် ဆိုးရွားသည်။
ခဏတာ စဉ်းစားပြီးနောက် မုချန်တိန်က ပြောလိုက်သည်။
“ကောင်းပြီ၊ အခုအချိန် စဉ်းစားနေလို့ အကျိုးမရှိဘူး။ မြောက်ပိုင်းမြို့တော်သို့ ရောက်ပြီး သူတို့ပြောတဲ့ လျှို့ဝှက်မင်းသားက ဘယ်သူလဲဆိုတာ ငါတို့သိရမှာပဲ။”
“မင်းတို့ တစ်ညလုံး မအိပ်ထားဘူး။ မျက်လုံး တွေ ရအောင်မှိတ်ပြီး ခဏလောက် အိပ်စက်လိုက်ကြပါ။ ငါတို့ မြောက်ပိုင်းမြို့တော်ကို ရောက်ဖို့ ရက်တွေအများကြီး ကျန်နေသေးတယ်။”
ရှနိုင်ငံ၏ နေပြည်တော်တွင် နန်းတော်၏ ဥယာဉ်ဝင်းအတွင်း၌ အရိပ်ကိုယ်ရံတော်ခေါင်းဆောင်၏ သတင်းပို့ချက်ကို ကြားသောအခါ ဆွမ်ဧကရာဇ်သည် သူ၏ ထောက်လှမ်းရေးသတင်းများတွင် အံ့အားသင့်ဖွယ်ရာများ ပြည့်နေသည်ဟု ခံစားမိသည်။
သူ၏မျက်နှာ မကောင်းလှပေ။ ထိုအခိုက်တွင် နန်းတော် ဥယာဉ်အတွင်း အလွန်အမင်းတိတ်ဆိတ်ပြီး ရွှေငါကြင်းများ၏ ရေကူးခတ်သံများကိုပင် ကြားနိုင်သည်။ ခဏကြာသောအခါ ဆွမ်ဧကရာဇ်က စတင်ပြောဆိုလိုက်သည်။
“အစွမ်းသတ္တိ ပျောက်ကွယ်သွားတဲ့ လူတစ်ဦးနှင့် ရင်ဆိုင်ရတဲ့ ထိပ်သီးပညာရှင်သုံးဦးက နောက်ဆုံးတွင် သူ့နောက်လိုက်သွားရတာပဲ ...ဟမ်။”
ဆွမ်ဧကရာဇ်၏ အသံက အေးစက်လှပြီး အနားရှိ လူများအပေါ် ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေသည်။ ဆွမ်ဧကရာဇ် အလွန်စိတ်ဆိုးနေသည်မှာ ထင်ရှား၏။
ရှားနိုင်ငံတွင် ထိပ်သီးပညာရှင်များစွာ ရှိသော်လည်း သူတို့က အလွယ်တကူ ပေါ်ထွက်နေခြင်းတော့ မဟုတ်ပေ။ သေခါနီး လူတစ်ဦးကို သတ်ရန်အတွက် ထိပ်သီးပညာရှင်သုံးဦး ဆုံးရှုံးရခြင်းကို ဆွမ်ဧကရာဇ်ကို မည်သို့မျှ ကျေနပ်နိုင်ခြင်း မရှိပါ။
ထိုအခိုက်တွင် ဆွမ်ဧကရာဇ်က မေးမြန်းလိုက်သည်။
“ငါ စိတ်ဝင်စားမိတယ်။ မုချန်တိန်က ဘယ်လိုလုပ် နောက်ဆုံးမှာ သွေးပွက်မီးလျှံစွမ်းအားကို သုံးနေနိုင်သေးတာလဲ။ သူရဲ့ စွမ်းအားက ပျောက်ကွယ်သင့်ပြီ မဟုတ်လား။”
ထိုသို့ပြောဆိုစဉ် ဆွမ်ဧကရာဇ်သည် သူ၏ခေါင်းကို လှည့်လိုက်ပြီး အဆောင်ငယ်အတွင်းရှိ နိုင်ငံတော် ပညာရှိ စစ်တူစီကို ကြည့်လိုက်သည်။
“ပညာရှိကြီး။ မုချန်တိန်ရဲ့ အစွမ်းက တကယ် ပျောက်သွားတယ်လို့ ခင်ဗျားခံစားမိခဲ့သလား။”
ဆွမ်ဧကရာဇ်၏ စကားများကို ကြားသောအခါ စစ်တူစီသည် ဧကရာဇ်က သူ့ကို သံသယရှိနေသည်ကို သိရှိသည်။ ထိုအခါ သူက ပြန်မေးလိုက်သည်။
“မင်းကြီး ကျွန်တော်က သူ့ကို့ အစွမ်းသတ္တိပျောက်ဆေးလုံးကို မပေးခဲ့ဘူးလို့ သံသယရှိနေပါသလား။”
ဆွမ်ဧကရာဇ်က မထူးခြားသလို ပြန်ပြောလိုက်သည်။
“ အစွမ်းသတ္တိပျောက်ဆေးလုံးက သူ့အပေါ် သက်ရောက်မှု့မရှိတဲ့ အကြောင်းရင်းကို သိချင်တယ်။”
ဆွမ်ဧကရာဇ်သည် သံသယလွန်ကဲနေသည်။ စစ်တူစီ ကိုယ်တိုင်က မုချန်တိန်ကို ကာကွယ်လိုသည်ကို သူသိသောကြောင့် စစ်တူစီသည် လိမ်လည်လှည့်ဖြားခဲ့သည်ဟု သူ သံသယ မဝင်ပဲ မနေနိုင်ပေ။ စစ်တူစီက ပြန်ပြောလိုက်သည်။
“ကျွန်တော် မုချန်တိန်ရဲ့ အစွမ်းသတ္တိအားလုံး ပျောက်ကွယ်သွားတာကို တကယ် ခံစားမိခဲ့ပါတယ်။ သူ သွေးပွက်မီးလျှံစွမ်းအားကို ဆက်လက်အသုံးပြုနိုင်တဲ့ အကြောင်းရင်းက ထောင်ထဲမှာ ရှိတဲ့ တစ်ယောက်ယောက်ကသည် သူ့ကို စွမ်းအားပြန်ရခြင်းဆေးလုံး ပေးခဲ့တာကြောင့်ပဲ ဖြစ်နိုင်ပါတယ်။”
စစ်တူစီ၏ စကားများကို ကြားသောအခါ ဆွမ်ဧကရာဇ် ပြန်လည်မှတ်မိလာသည်။ ဤလောကတွင် အစွမ်းသတ္တိကို ပြန်လည်ရရှိစေနိုင်သော ဆေးလုံး များများစားစား မရှိသော်လည်း ထိုဆေးလုံးများသည် အမှန်တကယ် ရှိနေသည်။
အထူးသဖြင့် အစွမ်းသတ္တိကို ပြန်လည်ရရှိစေနိုင်သော ဆေးလုံးများကို သုတေသနပြုသည့် ဘာသာရေး ကျောင်းများတွင်ဖြစ်သည်။ ထိုအခိုက်တွင် ဆွမ်ဧကရာဇ်က ချက်ချင်းပင် အရိပ်ကိုယ်ရံတော်ခေါင်းဆောင်အား ပြောလိုက်သည်။
“ဒီကိစ္စကို စုံစမ်းပါ။ အခုပဲ စုံစမ်းပါ။ ငါ့ကို ဆန့်ကျင်ရဲတဲ့သူကို တွေ့ချင်တယ်။”
“ဟုတ်ကဲ့ပါ မင်းကြီး”
“သွား ခွင့်ပြုပါ။”
ထို့နောက် အရိပ်ကိုယ်ရံတော်ခေါင်းဆောင် ထွက်ခွာသွားသည်။ ထွက်ခွာသွားသော အရိပ်ကိုယ်ရံတော်၏ ကျောပြင်ကို ကြည့်ရင်း ဆွမ်ဧကရာဇ်က ရေရွတ်ပြောဆိုလိုက်သည်။
“မုချန်တိန်က ငါ့ရဲ့ ကျွန်ကောင်းတစ်ယောက်ပဲ။ သူမသေဆုံးခင်တောင် ငါ့အတွက် ပြဿနာတစ်ခုကို ဖြေရှင်းပေးခဲ့တယ်။”
ဆွမ်ဧကရာဇ်က ပြောသော ပြဿနာမှာ ချန်ပင်ယီဖြစ်သည်။ သူသည် မုချန်တိန်၏ တပည့်ဖြစ်သည်။ အစပိုင်းတွင် ဆွမ်ဧကရာဇ်သည် ချန်ပင်ယီကို အလွန်ယုံကြည်ခဲ့သည်။ အဓိကအားဖြင့် မုချန်တိန်ကို ကိုင်တွယ်ရန် ဖြစ်သည်။ ယခုအခါ မုချန်တိန်ကို ကိုင်တွယ်ပြီးနောက် ချန်ပင်ယီသည် အသုံးမကျတော့ပေ။ ဧကရာဇ်သည် သူပြန်လာသည်နှင့် သူ့ကို ဖယ်ရှားရန် အကြောင်းပြချက်ကို ရှာဖွေရန် ကြံစည်ထားခဲ့သည်။
သို့သော် ယခုအခါ မုချန်တိန်နှင့် ချန်ပင်ယီတို့ အတူတကွ သေဆုံးသွားကြသည်။ ဤသည်မှာ ရှနိုင်ငံ၏ စစ်တပ်အာဏာသည် သူ၏လက်ထဲတွင် ခိုင်မြဲစွာ ရှိနေသည်ကို ဆိုလိုသည်။ စစ်တပ်အာဏာကို ခိုင်မြဲစွာ ထိန်းချုပ်ပြီးနောက် သူသည် သူလိုချင်သည့်အတိုင်း လုပ်ဆောင်ရန် အချိန်ရောက်ပြီဖြစ်သည်။
........
အခန်း (၅၇)
ချူးမိသားစု၏ အတွင်းပြဿနာများနှင့် အပြင်ဘက်မှ ခြိမ်းခြောက်မှုများ
မုချန်တိန်သည် နေရပ်စွန့်ခွာသွားစဉ် လုယက်သူများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး မသေဆုံးမီ သွေးပွက်မိီးလျှံစွမ်းအားကို အသုံးပြုပြီး ထိပ်သီးပညာရှင်သုံးဦးနှင့်အတူ သေဆုံးသွားခဲ့သည်။ ထိုဖြစ်ရပ်သည် ရှနိုင်ငံတစ်ဝန်းလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
မုချန်တိန်သေဆုံးသွားသောကြောင့် ဆွမ်ဧကရာဇ်သည် ရှနိုင်ငံ၏ စစ်တပ်အာဏာကို လုံးဝ သိမ်းပိုက်နိုင်လိုက်သည်။ ယခုအခါ သူသည် စစ်သားသန်းပေါင်းများစွာကို အုပ်ချုပ်မှု ပြုနေပြီဖြစ်သည်။
ထို့ပြင် ဤစစ်သေနာပတိအားလုံးကိုလည်း ဆွမ်ဧကရာဇ် ကိုယ်တိုင်ခန့်အပ်ခဲ့သည်။ သူတို့အများစုသည် သူ့ကို လုံးဝ သစ္စာရှိကြသည်။ သူ၏လက်ထဲတွင် စစ်သားများစွာကို ကိုင်ဆောင်ထားခြင်းက ဆွမ်ဧကရာဇ် ဘာကို လုပ်ဆောင်လိုလို့လဲ။ သူဘာလုပ်မှာလဲ။ ရှားနိုင်ငံမှ အာဏာရှိ မိသားစုများသည် အရူးများ မဟုတ်ပေ။
မကြာမီ ရှမင်းဆက်အတွင်းရှိ ကုန်တင်ယာဉ်များ၏ အရေအတွက် တိုးတက်လာသည်။ အထူးသဖြင့် ခရိုင်နယ်စားများ၏ နယ်မြေများတွင် အရေအတွက် ပမာဏသည် နှစ်ဆခန့်တိုးလာသည်။
ဟုတ်ပါသည်။ မြောက်ပိုင်းမြို့တော်မှလွဲ၍ ဖြစ်သည်။ ကုန်တင်ယာဉ်များသည် အာဏာရှိ မိသားစုများ၏ အပေါ်ယံအကာအကွယ်တစ်ခု ဖြစ်သည်။ သူတို့သည် ကုန်တင်ယာဉ်များကို အသုံးပြု၍ လှည့်လည်ကာ အခြားအာဏာရှိ မိသားစုအသီးသီးနှင့် မဟာမိတ် ဖွဲ့ကြခြင်းဖြစ်သည်။
ဆွမ်ဧကရာဇ်သည် သူ၏ဓားကို ပြင်ဆင်ပြီးဖြစ်သည်။ အာဏာရှိ မိသားစုများက ဒါကို လုံးဝ မတုံ့ပြန်ပဲ နေမည်တော့ မဟုတ်ပေ။ အာဏာရှိမိသားစုများ၏ အတွေးများသည် တညီတညွတ်တည်း ဖြစ်သည်။ ဆွမ်ဧကရာဇ်သည် နာခံမှု့မရှိပါက ဧကရာဇ်အသစ်တစ်ပါးအတွက် အချိန်ရောက်ပြီဖြစ်သည်။
သမိုင်းတစ်လျှောက်လုံးတွင် ဧကရာဇ်များသည် အာဏာရှိမိသားစုများကို ဖယ်ရှားရန် ကြိုးစားခဲ့သည်မှာ ရှားပါးသည့် ဖြစ်ရပ်တော့ မဟုတ်ပါ။
ဧကရာဇ်တချို့သည် အစိုးရအရာရှိ စာမေးပွဲများမှတစ်ဆင့် အာဏာရှိမိသားစုများ၏ အခြေခံအုတ်မြစ်ကို အားနည်းစေခဲ့သည်။ တချို့သည် မြေယာပြုပြင်ပြောင်းလဲမှုများမှတစ်ဆင့် သူတို့ကို ကန့်သတ်ခဲ့သည်။ ထို့ပြင် တချို့သည် ကုန်သွယ်ရေးနည်းလမ်းများမှတစ်ဆင့် သူတို့ကို နှိမ်နင်းခဲ့သည်။
သို့သော် ထိုနည်းလမ်းများ၏ သက်ရောက်မှု့များသည် ကန့်သတ်ချက်ရှိ၏။
ဆွမ်ဧကရာဇ်သည် ကောင်းကင်ဘုရင်နှစ်ပါးကို ဖယ်ရှားပြီး ရှနိုင်ငံ၏ စစ်တပ်အာဏာကို လုံးဝ ထိန်းချုပ်ထားခြင်းက ဆွမ်ဧကရာဇ်သည် အာဏာရှိမိသားစုများအပေါ် စိတ်မရှည်နိုင်တော့ကြောင်း ညွှန်ပြနေသည်။ အဓိကအာဏာရှိ မိသားစုများကို ရုပ်ပိုင်းဆိုင်ရာအားဖြင့် အပြီးတိုင် ဖျက်ဆီးရန် ရည်ရွယ်နေခြင်းဖြစ်သည်။
ဆွမ်ဧကရာဇ်၏ လုပ်ဆောင်ချက်များသည် အလွန်မြန်ဆန်ပြီး ရည်ရွယ်ချက်ရှိသည်။ ထို့ကြောင့် အဓိကအာဏာရှိ မိသားစုများ၏ စိတ်ဝင်စားမှုကို လျင်မြန်စွာ ဖမ်းစားလိုက်သည်။ အထူးသဖြင့် တောင်ပိုင်းမှ မိသားစုများဖြစ်သည်။
ချူးယွဲ့ ထူးဆန်းစွာ သေဆုံးသွားပြီးနောက် ချူးရှုံသည် နှစ်ပေါင်းများစွာ နေပြည်တော်ကို သတိကြီးစွာ စောင့်ကြည့်ခဲ့သည်။ သူသည် နေပြည်တော်သို့ သူလျှိုများစွာကို စေလွှတ်ခဲ့သည်။ ထိုနေရာတွင် အနည်းငယ် တိတ်ဆိတ်သွားခြင်း သို့မဟုတ် လှုပ်ရှားသွားခြင်း ရှိလျှင် သူသိရှိလိမ့်မည်။
မုချန်တိန်သေဆုံးပြီး ဆွမ်ဧကရာဇ်၏လက်ထဲသို့ စစ်တပ်အာဏာကျရောက်သွားသည်ကို သိရှိသည့်အခါ ချူးရှုံ အိပ်မပျော်နိုင် ဖြစ်နေသည်။ ချူးမိသားစုအပေါ် ကြီးမားသော ဘေးဒုက္ခတစ်ခု ကျရောက်လာမည်ကို ခံစားမိသည်။
ချူးမိသားစု.....
အိမ်တော်ဝင်းတစ်ခုအတွင်း....
ချူးရှုံသည် အဆောင်ငယ်တစ်ခုထဲတွင် ထိုင်နေသည်။ သူသည် နေပြည်တော်မှ ထောက်လှမ်းရေးသတင်းများကို စိုးရိမ်သော မျက်နှာဖြင့် ကြည့်နေသည်။ ထိုအခိုက်တွင် ဆံဖြူအသက်ကြီးပိုင်းနှစ်ဦးသည် အဆောင်ငယ်ထဲသို့ ဝင်ရောက်လာသည်။ သူတို့အနက် တစ်ဦးက
“အကိုကြီး။ ဆွမ်ဧကရာဇ်ရဲ့ လှုပ်ရှားမှုတွေကိုသိပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့ ချူးမိသားစုကလည်း ပြင်ဆင်မှုတွေ စတင်သင့်ပြီလား” ဟု ပြောလိုက်သည်။
ဒုတိယ ညီတော် ချူးလျှံ၏ စကားကို ကြားသောအခါ ချူးရှုံခဏမျှ တိတ်ဆိတ်သွားပြီးနောက်
“ ငါချီမင်းသားကို ဆက်သွယ်ဖို့ လူတစ်ယောက် လွှတ်လိုက်ပြီ။ မကြာခင် အကြောင်းသိရမယ်လို့ ယုံကြည်တယ်။”
ထိုစကားများ ကြားသောအခါ ချူးလျှံက ကျေနပ်နှစ်သိမ့်မှု မရှိသော မျက်နှာနှင့်
“ အစ်ကိုကြီး ချီမင်းသားကို ဆက်သွယ်တာ ဘာအသုံးကျမှာလဲ။ သူက ဘာမှအသုံးမကျတဲ့ အရက်သမားတစ်ယောက်ပဲ။ အစ်ကိုကြီးက စစ်တပ်တစ်တပ် ထူထောင်ပြီး ပုန်ကန်ဖို့အတွက် သူ့ကိုတကယ်ပဲ အားထားနေတာလား။”
ချူးရှုံ၏ အကြံအစည်မှာ နယ်စားများကို အသုံးပြု၍ ဆွမ်ဧကရာဇ်ကို ကန့်သတ်ခြင်း၊ အာဏာရှိ မိသားစုများကို တိုက်ခိုက်ရန် စိတ်ကူးများကို စွန့်လွှတ်ရန် သူ့ကို ဖိအားပေးခြင်း သို့မဟုတ် နယ်စားများကို ပုန်ကန်ရန် လှုံ့ဆော်ခြင်းနှင့် ဆွမ်ဧကရာဇ် အနေနှင့် အာဏာရှိမိသားစုများကို ကိုင်တွယ်ရန် အားအင်မရှိပဲ အလုပ်များစေခြင်းတို့ ဖြစ်သည်။ နယ်စားတစ်ဦးက ဆွမ်ဧကရာဇ်ကို အနိုင်ယူနိုင်ပါက ပို၍ကောင်းမည်ဖြစ်သည်ကတော့ သေချာသည်။
ချီမင်းသားသည် ဆွမ်ဧကရာဇ်နှင့် မသင့်မြတ်ဆုံးသူဖြစ်သည်။ ဆွမ်ဧကရာဇ်သည် နန်းတက်ပြီးကတည်းက ချီမင်းသားကို တစ်ကြိမ်ထက်မနည်း ပစ်မှတ်ထားခဲ့သည်။ ထို့ကြောင့် ချူးရှုံသည် ပုန်ကန်မှုကို လှုံ့ဆော်ရန် ပထမဆုံး ကိုယ်စားလှယ်အဖြစ် သူ့ကို ရွေးချယ်ခဲ့သည်။
သို့သော် သူ၏ညီဖြစ်သူ ချူးလျှံတွင် သူ၏ကိုယ်ပိုင် အကြံအစည်များရှိနေက ထင်ရှားသည်။ ချူးလျှံက ပြောလိုက်သည်။ “ကျွန်တော့်အမြင်အရတော့ ကျွန်တော်တို့ လူတစ်ယောက်ကိုလွှတ်ပြီး ဆွမ်ဧကရာဇ်ကို လုပ်ကြံသင့်တယ်။ သူသေဆုံးသွားရင် ပြဿနာအားလုံး ပြေလည်သွားမှာပဲ။”
ထိုအခိုက်တွင် သူတို့၏ညီဖြစ်သူ ချူးစွန်က မေးလိုက်သည်။
“ဆွမ်ဧကရာဇ်သေသွားရင် ကျွန်တော်တို့ ဘယ်သူ့ကို ထောက်ခံသင့်လဲ။”
ချူးလျှံက အချက်အလက် ကျကျပြောလိုက်သည်။
“လုရှုယွမ်မင်းသားကို ထောက်ခံတာက သဘာဝ အကျဆုံးပဲ။ သူ့ကို မထောက်ခံရင် မြောက်ပိုင်းမြို့တော်က အသုံးမကျတဲ့ အရက်သမားကို ထောက်ခံမလို့လား။”
“ပြီးတော့ လုရှုယွမ်မင်းသားရဲ့ မိခင်က တောင်ပိုင်း အာဏာရှိဝမ်မိသားစုက။ သူ့ အဖေရဲ့ အရူးထနေတဲ့ ခြေရာကို လိုက်နင်းပြီး ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ စဉ်းစားမှာ မဟုတ်ဘူး။ နောက်ပြီး ကျွန်တော်တို့ ချူးမိသားစုက ဝမ်မိသားစုနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။”
“လုရှုယွမ်မင်းသားနန်းတက်ပြီးတာနဲ့ ကျွန် တော်တို့ မိသားစုက သမီးပျိုတွေကို သူ့အနားလွှတ်ထားနိုင်တယ်။ ချူးမိသားစုရဲ့ သမီးပျို တွေနဲ့ လုရှုယွမ်မင်းသားတို့ရဲ့ သားသမီးတွေကို မြန်မြန်ဆန်ဆန် မွေးဖွားနိုင်ရင် ဧကရာဇ်မိဖုရား ရာထူးအတွက် ယှဉ်ပြိုင်ရတာလဲ မခက်တော့ဘူး။”
ချူးလျှံ၏ စကားများကို နားထောင်ပြီးနောက် ချူးစွန်က ပြောလိုက်သည်။
“ဒုတိယအကို၊ လုချန်းမင်းသားက ပိုပြီးကောင်းတဲ့ ရွေးချယ်မှုဖြစ်မယ်လို့ ကျွန်တော်ဘာလို့ ထင်နေရတာလဲ။ သူက အပျော်အပါး နှစ်သက်တဲ့လူဆိုတော့ ကျွန်ုပ်တို့ သူ့ကို ထိန်းချုပ်ရတာ ပိုပြီး မလွယ်ကူဘူးလား။ သူနဲ့ဆို ကျွန်တော်တို့ ဧကရာဇ်မိဖုရား နေရာကို ဘယ်သူနဲ့မဆို စိတ်ကြိုက်ရွေးချယ်နိုင်တယ်။”
ချူးလျှံသည် အေးစက်စွာ မျက်နှာမဲ့လိုက်ပြီး ပြောလိုက်သည်။
“ငါက အဲ့ဒီလို မစဉ်းစားဖူးဘူးလို့ မင်းထင်နေလို့လား။ ဒါပေမဲ့ သူကဘာမှ သုံးလို့မရတဲ့လူ။ ငါတို့ သူ့ကို တကယ် ရွေးလိုက်ရင် သူက အာဏာရှိ မိသားစုတွေရဲ့အကျိုးစီးပွားကို ဟန်ချက်ညီစေနိုင်မယ် မင်းထင်လို့လား။
နန်းတွင်းမှာလည်း ဆန့်ကျင်မှုတွေ ပိုရှိလာမှာ မလွဲဘူး။ ဝန်ကြီးအများစုကလည်း လုံးဝ သဘောတူမှာ မဟုတ်ဘူး။ သူကလွဲပြီး ဘယ်မင်းသားမဆို လုံလောက်တဲ့ အရည်အချင်း ရှိတယ်။”
“ သူကချူးယွဲ့ရဲ့ သားဖြစ်တယ်ဆိုတာကို မမေ့နဲ့လေ။ သူနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့ရဲ့ ဆက်ဆံရေးက သာမန်မဟုတ်ဘူး။ သူတကယ်အာဏာရရှိလာရင် သူ့ကိုထိန်းချုပ်တာ ကျုပ်တို့ဟုတ်ပါတော့မလား။”
ချူးစွန် ထို့နောက်
“ဒုတိယအကို ပြောတာအဓိပ္ပာယ်ရှိတယ်” ဟု ပြောလိုက်သည်။
ထိုအခိုက်တွင် မျက်နှာပျက်သွားသော ချူးရှုံက
“ဒုတိယညီ မင်းပြောတာ လွန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချူးယွဲ့က ငါရဲ့သမီးဖြစ်တယ်။ မင်းဘယ်လိုပဲ အဆင့်သတ်မှတ် သတ်မှတ် သူက ငါ့သမီးအရင်းဖြစ်ပြီးမှ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်သမီးဖြစ်တာ။ သူရဲ့သားက နန်းလျာနေရာအတွက် မသင့်တော်ဘူးလို့ ဘယ်လိုပြောနိုင်မှာလဲ” ဟု ပြောလိုက်သည်။
“ နောက်ပြီး ဆွမ်ဧကရာဇ်ကို လွယ်လွယ်ကူကူလုပ်ကြံနိုင်မယ်လို့ မင်းတကယ် ထင်နေတာလား။ အခုက ဘယ်သူ နန်းတက်သင့်တယ်ဆိုတာကို ဆွေးနွေးနေရမယ့် အချိန်မတန်သေးပါဘူး” ဟု ပြောလိုက်သည်။
“ဆွမ်ဧကရာဇ်ရဲဘေးမှာ ထိပ်သီးပညာရှင်တစ် ယောက် ရှိတယ်။ စစ်တူစီအပြင် သူ့ကို လျှို့ဝှက်စွာ ကာကွယ်နေတဲ့ ထိပ်သီးပညာရှင်တွေ ရှိလားဆိုတာ ငါတို့မသိဘူး။ သူ့ကို အောင်အောင်မြင်မြင် လုပ်ကြံဖို့က ကောင်းကင်ပေါ်ကို တက်ရတာထက် ပိုပြီးခက်နေမှာကိုပဲ ငါစိုးရိမ်တယ်။”
ချူးလျှံက ရယ်မောလိုက်ပြီး
“အကိုကြီးက အသက်ကြီးလာပြီဆိုတော့ အတွေးအခေါ်တွေ မသွက်တော့ဘူးလို့ ကျွန်တော်ထင်မိတယ်။” ဟု ပြောလိုက်သည်။
“လုရှုယွမ်ကို ထောက်ခံသင့်တယ်လို့ စောစောက ကျွန်တော်ဘာလို့ ပြောခဲ့တာလို့ ထင်လဲ။ လုရှုယွမ်မင်းသားက အခုနေပြည်တော်မှာ ရှိနေတယ်။ ဆွမ်ဧကရာဇ်ကို လုပ်ကြံမယ့် အစီအစဉ်မှာ သူက ကျွန်တော်တို့ကို ပြည့်ပြည့်ဝဝ ကူညီနိုင်တယ်။”
ချူးရှုံက သူ၏နဖူးကို ရှုံ့လိုက်ပြီး
“ညီလေး မရဘူး။ ခုချိန်မှာ ဆွမ်ဧကရာဇ်ကို လုပ်ကြံလို့မရဘူး။ လုပ်ကြံမှု မအောင်မြင်ခဲ့ရင် ဆွမ်ဧကရာဇ် ဒီအခွင့်အရေးကို အသုံးချပြီးအာဏာရှိမိသားစုတွေကို ချက်ချင်း တိုက်ခိုက်မှာပဲ။”
“ငါတို့ရဲ့ ပြင်ဆင်မှုတွေက မလုံလောက်သေးဘူး။ ဒီစွန့်စားမှုကို လုပ်နိုင်တဲ့ အနေအထားမှာ မရှိသေးဘူး။”
ယခုအခါ နန်းတွင်းရှိ လူတိုင်းသည် ဆွမ်ဧကရာဇ် အာဏာရှိမိသားစုများကို တိုက်ခိုက်ရန် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရှိကြသည်။ အာဏာရှိ မိသားစုများကလည်း ဆွမ်ဧကရာဇ်သည် သူတို့ကို တိုက်ခိုက်မည်ဖြစ်ကြောင်း သိရှိကြသည်။ သို့သော် ဆွမ်ဧကရာဇ်သည် အာဏာရှိမိသားစုများကို ဖယ်ရှားပါက သူ့အတွက် တရားမျှတသော အကြောင်းပြချက်တစ်ခု လိုအပ်မည်ဖြစ်သည်။
ဆွမ်ဧကရာဇ်သည် ယခုအထိ သင့်လျော်သော ကြောင်းပြချက်ကို တွေ့ရှိရန် ကြိုးစားနေဆဲဖြစ်သည်။ ယခုအချိန်တွင် အာဏာရှိမိသားစုများက လူတစ်ဦးကို စေလွှတ်၍ ဆွမ်ဧကရာဇ်ကို လုပ်ကြံပါက ဆွမ်ဧကရာဇ်အား ပြီးပြည့်စုံသော အကြောင်းပြချက်ကြီးတစ်ခု ပေးလိုက်သည်နှင့် အတူတူပင်ဖြစ်သည်။
ချူးရှုံ စိုးရိမ်နေသည်ကို တွေ့သောအခါ ချူးလျှံသည် မျက်နှာမဲ့လိုက်ပြီး
“အကိုကြီးက ပိုပိုပြီး ရဲရင့်မှု နည်းလာသလိုပဲ။ ဆွမ်ဧကရာဇ်ရဲ့ဓားက ကျွန်တော်တို့အပေါ်ကိုကျရောက်တော့ပဲ။ အဲ့ဒါတောင် အစ်ကိုကြီးက စိတ်ပူနေသေးတယ်။”
“ဆွမ်ဧကရာဇ်၏ စစ်သားသန်းချီပါတဲ့ တပ်တွေ ဆူဖုန်းမြို့ကို မရောက်မချင်း အစ်ကိုကြီး ပျော်မှာမဟုတ်ဘူးထင်တယ်။”
ဤသို့ပြောဆိုပြီးနောက် ချူးလျှံသည် လှည့်ပြီး ထွက်သွားလိုက်သည်။
ချူးလျှံ ထွက်သွားသည်ကို တွေ့သောအခါ ချူးစွန်က လျင်မြန်စွာ အနောက်က လိုက်သွားလိုက်သည်။
“ဒုတိယအကို၊ ဒုတိယအကို၊ ပြီးတဲ့အထိ ဆွေးနွေးကြရအောင်။ အကိုကြီးကလည်း မိသားစုအတွက် စဉ်းစားနေတာပါ။ စိတ်မဆိုးပါနဲ့။”
ချူးရှုံသည် သူတို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် ပြန်လည်ပြောဆိုနေသည်ကို ကြည့်ရင်း စိတ်မချမ်းမသာ ဖြစ်နေသည်။ သူသည် အရူး မဟုတ်ပေ။ ချူးလျှံနှင့် ချူးစွန်တို့ ဘာတွေစဉ်းစားနေတာလဲဆိုတာကို သူမသိပဲ နေပါ့မလား။ ချူးစွန်သည် မင်းသားလုချန်းအတွက် ခေါင်းမာစွာ ထောက်ခံပေးနေသကဲ့သို့ ပြောဆိုနေသော်လည်း တကယ်တော့ သူသည် ချူးလျှံအတွက် စကားလမ်းကြောင်းနေခြင်းဖြစ်သည်။
ချူးစွန်၏ သားများသည် ဝမ်မိသားစုမှ အမျိုးသမီးများနှင့် လက်ထပ်ခဲ့သည်။ သူယူခဲ့သော မောင်းမများပင်လျှင် ဝမ်မိသားစုမှ ဖြစ်သည်။ သူ့၏အနေအထားကြောင့် သူ့သဘောထားကို ထပ်မံ ခန့်မှန်းရန်ပင် မလိုအပ်ပေ။
ချူးလျှံ မိသားစုခေါင်းဆောင် ရာထူးကို လိုချင်နေခဲ့သည်မှာလည်း လွန်ခဲ့သောတစ်ရက်နှစ်ရက်ကမှ မဟုတ်ပေ။
ချူးမိသားစုသည် အတွင်းအပြင် ပြဿနာများနှင့် ကြုံတွေ့နေရပြီဖြစ်သည်။ သူ၏သားဖြစ်သူကလည်း အလွန်စိတ်ပျက်ဖွယ်ကောင်းပြီး နေ့စဉ် မိန်းမကိစ္စနှင့်သာ ပူပန်နေတတ်သူဖြစ်သည်ကို တွေးမိသောအခါ ချူးရှုံ ပို၍ပင် ပင်ပန်းလာသည်။
ချူးရှုံသည် သူ၏ နဖူးကို ပွတ်ပေးလိုက်ပြီး သူ့နောက်မှာ ရှိနေသော အမျိုးသမီးကို လှမ်းပြောလိုက်သည်။
“ချင်လီ၊ မင်းရဲ့ညီမက မြောက်ပိုင်းမြို့တော်မှာ ရှိနေတယ်။ မင်းလည်းမြောက်ပိုင်းမြို့တော်ကို သွားသင့်သည်။ ချူးမိသားစု တစ်နေ့ တကယ်ပဲ ဘေးဒုက္ခနှင့် ကြုံရရင် မင်းပြန်လာစရာ မလိုဘူး။” ဟု ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ သူ့နောက်က အစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးက
“ဟုတ်ကဲ့၊ မိသားစုခေါင်းဆောင်” ဟု ပြောလိုက်သည်။
အမျိုးသမီး၏ အသံသည် အေးစက်ပြီး စိတ်ခံစားမှုမရှိပေ။ သူမသည် စိတ်ခံစားမှုမရှိသည့် လူသတ် ကိရိယာတစ်ခုကဲ့သို့ ဖြစ်သည်။
..........