အခန်း ၆၁-၆၃
Vol. 5 Ch. 61-63
အခန်း (၆၁)
ကလေးနောက်တစ်ဦး မွေးဖွားခြင်း မုကျိရွှမ်း အသံလာရာ ဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။
ကြည့်လိုက်သည်နှင့် သူမ မလှုပ်မယှက် ဖြစ်သွားရသည်။ သူမသည် ဤဘဝတွင် သူမ၏မိခင်ကို ထပ်မံတွေ့ဆုံရန် မျှော်လင့်မထားပေ။
လုချန်းနှင့် လက်ထပ်သည့်နေ့မှစ၍ သူမသည် နေပြည်တော်သို့ ဘယ်တော့မှ ပြန်သွားရတော့မည် မဟုတ်၊ မိသားစုကို ထပ်မံတွေ့ဆုံတော့ရတော့မည် မဟုတ်ဟု စိတ်ထဲတွင် ကြိုးစားလက်ခံ ထားခဲ့သည်။
သို့သော် တစ်နှစ်ခန့်သာ ကြာသေးသည့် အချိန်တွင် သူမ၏ မိခင်ကို ထပ်မံ တွေ့မြင်နေရပြီဖြစ်သည်။ အလွန်ကြီးမားသော စိတ်ခံစားမှုတစ်ခုသည် မုကျိရွှမ်း၏ နှလုံးသားကို လွှမ်းသွားသည်။ ထိုအံ့အားသင့်စရာမှာ မင်းသားပြောခဲ့သည့် အံ့အားသင့်စရာဖြစ်သည်။ သူမအတွက် ကြီးမားသော အံ့အားသင့်ဖွယ်ရာ တစ်ခု ဖြစ်သည်။ ထိုအခိုက်အတွင် မုကျိရွှမ်းလည်း မထိန်းနိုင်တော့ပဲ ငိုကြွေးလိုက်မိသည်။
မုကတော်သည်လည်း သမီးဖြစ်သူကို တွေ့မြင်သည့်အခါ အလွန်ဝမ်းသာသွားပြီး မုကျိရွှမ်းထံသို့ အမြန်ပြေးသွားသည်။ မိခင်နှင့် သမီးသည် တစ်ဦးကိုတစ်ဦး တင်းကျပ်စွာ ဖက်လိုက်ကြသည်။ မုကျိရွှမ်း ငိုတော့ မုကတော်သည်လည်း သမီးနှင့်အတူ ငိုကြွေးလိုက်သည်။
မုကျိရွှမ်းသည် မိသားစုနှင့် မမျှော်လင့်ပဲ တွေ့ဆုံရသောကြောင့် ငိုကြွေးခဲ့သည်။ မုကတော်သည် မုစံအိမ်တွင် အသက်သေခါနီး အခြေအနေများ ကြုံတွေ့ခဲ့ရသောကြောင့် သမီးကို ထပ်မံမတွေ့ဆုံနိုင်တော့ဟု ထင်မှတ်ခဲ့သောကြောင့် ငိုကြွေးခဲ့သည်။
ခဏကြာသောအခါ မုကျိရွှမ်းသည် မျက်ဝန်းထောင့်ရှိ မျက်ရည်များကို သုတ်လိုက်သည်။ သူမသည် မိခင်ကို နှစ်သိမ့်ပေးရန် စိတ်ကူးနေစဉ် သူတို့၏ မနီးမဝေးတွင် မုချန်တိန်နှင့် အခြားသူများက ကြည့်နေကြောင်း သတိထားမိသည်။
ထို့နောက် မုကျိရွှမ်းသည် မိခင်သာမက ဖခင်ပါ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာသည်ကို သိရှိလိုက်သည်။ ထို့ပြင် အစ်ကိုနှစ်ယောက်လည်း ရှိနေသည်။ မုစံအိမ်မှ အစေခံအချို့ပင် ရောက်ရှိနေသည်။
ဘာတွေဖြစ်နေတာလဲ။
မုကျိရွှမ်းသည် ဉာဏ်ကြီးရှင်တစ်ယောက် မဟုတ်သော်လည်း သူမတွေ့ရှိနေသည့် မြင်ကွင်းမှ မုစံအိမ်တွင် တစ်စုံတစ်ခုဖြစ်ပွားခဲ့ရမည်ဟု ခံစားမိသည်။ မုချန်တိန်သည် အမတ်တစ်ဦးဖြစ်ပြီး တစ်ချိန်က စစ်တပ်အာဏာကို ကိုင်စွဲခဲ့သူဖြစ်သည်။
သူ၏ စစ်တပ်အာဏာကို ရုတ်သိမ်းခံခဲ့ရသော်လည်း ဧကရာဇ်သည် သူ့အား နေပြည်တော်မှ ထွက်ခွာခွင့် ပြုလိမ့်မည် မဟုတ်ပေ။ သို့သော် သူတို့အားလုံးသည် မြောက်ပိုင်းမြို့တော်တွင် ရှိနေကြသည်။ ထိုအချက်မှာ မုစံအိမ်တွင် တစ်စုံတစ်ခုဖြစ်ပွားခဲ့ကြောင်း ထင်ရှားသည့် သက်သေတစ်ခုဖြစ်သည်။
မုကျိရွှမ်းက ချက်ချင်းမေးလိုက်သည်။
[ “မိခင်၊ ဘာတွေဖြစ်ခဲ့တာလဲ။ ဘာကြောင့် ဒီလို မြောက်ပိုင်းမြို့တော်ကို ရောက်လာကြတာလဲ။”]
မုချန်တိန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။
[ “ကျိရွှမ်း၊ အထဲကို အရင်ဝင်လာပါ။ နေပြည်တော်ရဲ့ အရေးကိစ္စတွေကို ဖြည်းဖြည်းချင်း ပြောပြပါ့မယ်။”]
မုကျိရွှမ်းသည် ခေါင်းငြိမ့်လိုက်ပြီး မုစံအိမ်၏ ဧည့်ခန်းသို့ လိုက်သွားသည်။ ထို့နောက် မုချန်တိန်သည် နေပြည်တော်တွင် ဖြစ်ပွားခဲ့သမျှအရာရာကို ပြောပြလိုက်သည်။ ထိုမှသာ မုကျိရွှမ်းသည် မုစံအိမ်တွင် ဖြစ်ပွားခဲ့သမျှကို နားလည်လိုက်သည်။
ထိုအခိုက်အတွင်း သူမသည် လုချန်းအား ထိုကိစ္စကို သူမအား မပြောပြသည့်အတွက် ပြစ်တင်မည် မဟုတ်ပေ။ လုချန်းက သူမအား ထိုကိစ္စကို ဖုံးကွယ်ထားခဲ့သည့် အကြောင်းရင်းကို သူမနားလည်သည်။ မုစံအိမ် ဒုက္ခရောက်စဉ်က သူမသည် မွေးဖွားပြီးခါစဖြစ်၍ အားနည်းနေခဲ့သည်။
ထိုအချိန်က မုစံအိမ်၏ အခြေအနေကို ကြားသိခဲ့လျှင် သူမအတွက် အလွန်ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လိမ့်မည်။ ယခု မုကျိရွှမ်းသည် လုချန်းကို ပို၍ ကျေးဇူးတင်မိသည်။ တစ်နေ့တွင် သူတို့မိသားစုတစ်ခုလုံးကို ကယ်တင်ပေးမည့်သူမှာ မြောက်ပိုင်းနယ်စားမင်းသား ဖြစ်လိမ့်မည်ဟု သူမ ဘယ်တော့ကမှ စိတ်မကူးဖူးခဲ့ပေ။
ထို့အတူ မုကျိရွှမ်းသည် သူမအလွန်ကံကောင်းသည်ဟု ခံစားမိသည်။ သူမသည် မြောက်ပိုင်းနယ်စားမင်းသားနှင့် လက်မထပ်ခဲ့လျှင် သူမနှင့် မုစံအိမ်တို့ အခုဆိုလျှင် မရှိတော့သည့် အနေအထား ဖြစ်နိုင်သည်။
မုစံအိမ်တွင် လေးနာရီခန့် နေပြီးနောက် မုကျိရွှမ်းသည် မင်းသားစံအိမ်သို့ ပြန်လာသည်။ ထိုအချိန်တွင် လုချန်းသည် စာကြည့်ခန်းတွင် အထူးကိုယ်ရံတော်များ၏ သတင်းများကို ကြည့်ရှုနေသည်။
ဒေါက်ဒေါက်ဒေါက်...
တံခါးခေါက်သံက စာကြည့်ခန်းအတွင်း ထွက်ပေါ်လာသည်။
[“မင်းသား၊ နှမတော် ဝင်လာလို့ရလား။”]
လုချန်းသည် ဖတ်လက်စသတင်းကို ချလိုက်ပြီး ထရပ်လိုက်ကာ ပြောလိုက်သည်။
“ဝင်လာပါ”
မုကျိရွှမ်းက တံခါးကို ဖွင့်လိုက်သည့်အခါ လုချန်းက သူမအား ပြုံးပြီး နှုတ်ဆက်သည်။
[“နှမတော် မောင်တော် ပြင်ဆင်ပေးထားတဲ့ အံ့အားသင့်ဖွယ်ရာကို ဘယ်လိုမြင်လဲ၊ နှစ်သက်ခဲ့ရဲ့လား။”]
လုချန်းပြောသည်နှင့် တပြိုင်နက် မုကျိရွှမ်းသည် သူ့ရင်ခွင်ထဲသို့ ခုန်ဝင်သွားသည်။ လုချန်းသည် သူ့ရင်ခွင်ထဲတွင် နူးညံ့နွေးထွေးသော ရနံ့ကို ခံစားရသည့်အခါ မုကျိရွှမ်း၏ ကျောက်စိမ်းကဲ့သို့ ဖြူနုသော ကျောပြင်ကို စိတ်သက်သာရာရအောင် ပုတ်ပေးလိုက်သည်။
မျက်ရည်များနှင့်အတူ မုကျိရွှမ်းက ပြောလိုက်သည်။
[ “ဝူး .. မင်းသား၊ ကျွန်မတို့ မိသားစုကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”]
“နှမတော်က ကိုယ့်ရဲ့ ချစ်ရတဲ့ မိဖုရားဖြစ်တယ်။ ဆွေမျိုးတွေကို ဆုံးရှုံးပြီး နှမတော် ရင်ကွဲရမှာကို မဖြစ်စေချင်ပါဘူး။ မောင်တော် လုပ်သင့်တာကို လုပ်ခြင်းသာ ဖြစ်တယ်” လုချန်းက အနည်းငယ်ပြုံးလိုက်ပြီး ပြောလိုက်သည်။
လုချန်းကပြောစဉ်တွင် မုကျိရွှမ်း၏ ကျောပြင်ကို ဆက်လက်ပုတ်ပေးနေသည်။
“ကောင်းပြီ၊ ကောင်းပြီ၊ မငိုပါနဲ့တော့။ မုမိသားစုအားလုံး အကောင်းပကတိပဲ ရှိနေပြီမဟုတ်လား။ ယခု သူတို့မြောက်ပိုင်းမြို့တော်ကို ရောက်ရှိလာပြီဆိုတော့ နှမတော် မိသားစုကို လွယ်လွယ်ကူကူ တွေ့လို့ရသွားတာပေါ့။”
ထို့နောက် လုချန်းသည် မုကျိရွှမ်းကို အနည်းငယ် တွန်းခွာလိုက်ပြီး သူ့လက်ချောင်းများဖြင့် သူမ၏ မျက်ဝန်းထောင့်ရှိ မျက်ရည်များကို သုတ်ပေးလိုက်သည်။ ထိုအခိုက်အတွင်း မုကျိရွှမ်း၏ မျက်နှာသည် နီမြန်းနေပြီး မျက်ရည်များကြောင့် ပိုမို၍ ချစ်စဖွယ်ကောင်း နေသည်။
မုကျိရွှမ်းသည် သူမ၏ အရှေ့ရှိ လုချန်းကို ကြည့်နေရင်း ကျေးဇူးတင်ကြောင်း မည်သို့ဖော်ပြရမည်ကို မသိပေ။ သူမသည် ချစ်ခင်သော မျက်လုံးများဖြင့် သူ၏မျက်လုံးထဲသို့ စိုက်ကြည့်နေသည်။ ထိုသို့သော မုကျိရွှမ်း၏ ပုံသဏ္ဍန်ကို တွေ့မြင်သည့်အခါ လုချန်းသည် မနေနိုင်တော့ပဲ သူမအား နမ်းလိုက်သည်။
“မွမ်း မွမ်း...”
မုကျိရွှမ်းက မခုခံပါ။ ကိုယ်ဝန်ရှိလာပြီးနောက် လုချန်းနှင့် ရင်းနှီးမှုကို လေ့ကျင့်ခြင်း မရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထို့ပြင် မုစံအိမ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကြောင့် လုချန်းအပေါ် သူမ၏ ကျေးဇူးတင်မှုများ ပေါက်ကွဲထွက်လာသည်။ ထိုကြောင့် သူမသည် သူ၏ နက်ရှိုင်းသော ချစ်ခင်မှုကို တောင့်တလာသည်။
အစပိုင်းတွင် လုချန်းသည် စာကြည့်ခန်းတွင် ဇနီးမယား သို့မဟုတ် မောင်းမများနှင့် ဆက်ဆံရေး ပြုလုပ်ရသည်ကို မနှစ်သက်ပေ။ ထိုနေရာသည် သူ၏ အလုပ်ခွင် ဖြစ်သောကြောင့်ဖြစ်သည်။ ဤနေရာတွင် တစ်ခါတစ်ရံအမျိုးသမီးကျွန် ဝမ်ချင်းစီနှင့် ဆက်ဆံခြင်းသာ ပြုခဲ့သည်။
သို့သော် အခြေအနေက ဖန်တီးထားပြီးဖြစ်သောကြောင့် ထပ်မံပြောဆိုရန် မရှိတော့ပေ။
[သခင်သည် မုကျိရွှမ်းနှင့် ရင်းနှီးမှုကို တစ်ကြိမ် လေ့ကျင့်ပြီးနောက် အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံမှတ်များ ၂၀ တိုးမြင့်လာသည်။ ပြန်လည်သန်စွမ်းစေသောစွမ်းအား အတွေ့အကြုံမှတ်များ ၂၀ တိုးမြင့်လာသည်။]
[သခင်အား ကလေးတစ်ဦး ထပ်မံရရှိခြင်းအတွက် ဂုဏ်ပြုပါသည်။ ဆုလက်ဆောင်အဖြစ် ၁၂၂ မီလီမီတာ ဟော်ဝစ်ဇာ အမြှောက် နှစ်ရာ၊ အမြှောက်ကျည်တစ်ထောင်နှင့် ထပ်ဆောင်းဆုအဖြစ် ကွန်ကရစ်ထုတ်လုပ်မှုနည်းပညာတို့ကို ချီးမြှင့်ပါသည်။]
[သခင်ရရှိသော ကလေးများ ပိုမိုများပြားလေ ဆုလက်ဆောင်များ ပိုမိုများပြားလေဖြစ်သည်။ ကြိုးစားအားထုတ်ပါ၊ မျိုးဆက်များ တိုးပွားအောင် လုပ်ဆောင်ပါ]
စနစ်၏ အကြောင်းကြားချက်ကို ကြားသောအခါ လုချန်းသည် ခဏတာ အံ့ဩသွားသည်။ သူသည် သူ၏ ချစ်ခင်ရသော မိဖုရားနှင့် ချိုမြိန်နေသော အခိုက်အတန့်များအတွင်း ရှိနေဆဲဖြစ်သည်။ ထိုအချိန်တွင် သူ၏ မိဖုရားတစ်ဦးမှ သူ၏ကလေးကို မွေးဖွားနေသည်ဟု သူ မမျှော်လင့်ထားပေ။
လုချန်း လှုပ်ရှမှုများ ရပ်တန့်သွားသည်ကို တွေ့မြင်သည့်အခါ မုကျိရွှမ်းက ညို့ဓာတ်ပြင်းသော မျက်လုံးများဖြင့် ခေါင်းကိုလှည့်ကာ မေးလိုက်သည်။
“ မောင်တော် ဘာဖြစ်လို့လဲ။”
မုကျိရွှမ်းသည် ထိုသို့သော အချိန်မျိုးတွင်သာ လုချန်းအား “ မောင်တော်” ဟု ခေါ်ဝေါ်တတ်သည်။ သို့သော် သူမသည် သူ့အား “ညီအကိုကောင်း” နှင့် “ခင်ပွန်းကောင်း” ဟုလည်း ခေါ်ဝေါ်ခဲ့သည်။
လုချန်းသည် လက်ကိုမြှောက်၍ မုကျိရွှမ်း၏ ဖြူနုသော နဖူးပေါ်ရှိ ချွေးစေးများကို သုတ်ပေးလိုက်ပြီး ပြန်လည်ပြောလိုက်သည်။
“ရှောင်ရှောင် ကလေးမွေးပြီးပြီ”
ထိုစကားကို ကြားသောအခါ မုကျိရွှမ်းသည် ချက်ချင်းပင် သတိပြန်လည်ဝင်လာပြီး အမြန်ပြောလိုက်သည်။
“မင်းသား၊ အမြန်သွားကြည့်ကြရအောင်”
မုကျိရွှမ်းသည် အကြောင်းမဲ့ အပျော်ကြူးတတ်သူ မဟုတ်ပေ။ ဒီအချိန်မျိုးက အပျော်ကြူးခြင်းအတွက် အချိန်မဟုတ်ပေ။
လုချန်းက ပြောလိုက်သည်။
[ “ ကောင်းပြီ၊ ပြင်ဆင်ပြီး သွားကြရအောင်။”]
အမြန်ပြင်ဆင်ပြီးနောက် သူတို့နှစ်ဦးသည် ကျောင်းရှောင်ရှောင်ရှိရာ မြောက်ပိုင်းအဆောင်သို့ တည့်တည့်သွားကြသည်။ ထိုအချိန်တွင် မြောက်ပိုင်းအဆောင်၌ စည်ကားနေပြီး ကျောင်းရှောင်ရှောင်သည် မီးဖွားပြီးနောက် ကုတင်ပေါ်တွင် အားနည်းစွာ လဲ လျောင်းနေသည်။ သူမ၏ မျက်နှာသည် ဖြူဖျော့နေပြီး တစ်ကိုယ်လုံး ချွေးစေးများ ပြန်နေသည်။
လုချန်းသည် ကျောင်းရှောင်ရှောင်၏ ကုတင်ဘေးတွင် ထိုင်လိုက်ပြီး သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူနုသော လက်ကို ကိုင်လိုက်ကာ ပြောလိုက်သည်။
“ရှောင်ရှောင်၊ ကလေး မွေးဖွားတာ ကိုယ့်ကိုဘာလို့ အကြောင်းကြားဖို့ လူမလွှတ်ခဲ့တာလဲ။”
စနစ်၏ သတိပေးချက်မရှိလျှင် သူသည် ကျောင်းရှောင်ရှောင် မွေးဖွားပြီးပြီဖြစ်ကြောင်း မသိပေ။ ကျောင်းရှောင်ရှောင်သည် ခပ်ယဲ့ယဲ့ ပြုံးပြီး ပြောလိုက်သည်။
“မင်းသားက အခုနောက်ပိုင်းမှာ အင်မတန် အလုပ်များနေတယ် မဟုတ်လား။ ကျွန်မ မင်းသားကို အနှောင့်အယှက် မပေးချင်လို့ပါ။”
မုကျိရွှမ်းက ဝင်ပြော ပြောလိုက်သည်။
“ကျွန်မ၊ မင်းသားကို အနှောင့်အယှက် မဖြစ် စေချင်ပါဘူး။”
လုချန်းက ပြုံးပြီး ပြောလိုက်သည်။
“ရှောင်ရှောင်၊ နောက်တစ်ခေါက် မီးဖွားရင် ကိုယ့်ကို အကြောင်းကြားဖို့ သတိရပါ၊ သဘောပေါက်ပြီလား။”
ထိုစကားကို ကြားသောအခါ ကျောင်းရှောင်ရှောင်သည် ခဏမျှ အံ့ဩသွားသည်။ သူမသည် ယခုမှ မီးဖွားပြီးခြင်းဖြစ်သည်။ မင်းသားသည် နောက်တစ်ခေါက် မွေးဖွားမှုကို သူမနှင့် ချက်ချင်း ဆွေးနွေးနေပြီဖြစ်သည်။ ထိုအခိုက်အတွင်း ကျောင်းရှောင်ရှောင်၏ ဖြူဖျော့နေသော မျက်နှာက ရဲရဲနီသွားသည်။
သူမသည် အလွန်အားနည်းနေသည်ကို တွေ့မြင်သည့်အခါ လုချန်းသည် ချက်ချင်းပင် စိတ်အတွင်းအားများကို စုစည်းပြီး ပြန်လည်သန်စွမ်းစေသောစွမ်းအားဖြင့် ကျောင်းရှောင်ရှောင်အား ကုသပေးလိုက်သည်။
ချက်ချင်းပင် ကျောင်းရှောင်ရှောင်သည် သူမ၏ ကိုယ်တစ်ခုလုံး အလွန်ပြေလျော့သွားပြီး နာကျင်မှုများနှင့် ပင်ပန်းမှုများက ချက်ချင်းပျောက်ကွယ်သွားသည်။ ကျောင်းရှောင်ရှောင်၏ ကိုယ်ထဲမှ ခပ်ဖျော့ဖျော့ အစိမ်းရောင်အလင်းမှုန်များကို တွေ့မြင်သည့်အခါ ဘေးတွင်ရှိသော မုကျိရွှမ်း၊ ချူးယုချင်နှင့် အခြားသူများ အံ့ဩသွားကြသည်။
.........
အခန်း (၆၂)
လွင်ပြင်ဒေသ မျိုးနွယ်စုများ ထကြွခြင်း
ချူးယုချင်သည် လုချန်း မှော် တန်ခိုးစွမ်းအားများနှင့် ဆက်စပ်မှုရှိကြောင်း သိထားခဲ့တာ ကြာပြီဖြစ်သောကြောင့် လုချန်းသည် မှော်တန်ခိုးများကို အသုံးပြုနိုင်သည်ကို အံ့ဩခြင်း မရှိပါ။
သို့သော် သိထားခြင်းနှင့် မျက်မြင်တွေ့မြင်ရခြင်းမှာ ကွာခြားချက်ရှိသည်။ ထိုအခိုက်အတွင်း ကုတင်ပေါ်တွင် လဲလျောင်းနေသော ကျောင်းရှောင်ရှောင်ထံမှ “အင်း အင်း” ဟူသော နူးညံ့သောအသံ ထွက်ပေါ်လာ၏။ ခဏကြာသောအခါ သူမလုချန်းကို ကြည့်ကာ ပြောလိုက်သည်။
[မင်းသား၊ ဘာလုပ်လိုက်တာလဲ။ ဘာလို့ ကျွန်မသက်သာသွားတာလဲ။ ဘာနာကျင်မှုကိုမှမခံစားရတော့ဘူး။
ကျောင်းရှောင်ရှောင်၏ စကားကို ကြားသောအခါ မုကျိရွှမ်းသည် သူမ မီးဖွားခဲ့သည့်အကြောင်းကို ချက်ချင်းပင် သတိရမိသည်။
သူမ၏ ကိုယ်ထဲမှ အစိမ်းရောင်အလင်းမထွက်ခဲ့သော်လည်း လုချန်းနှင့် ထိတွေ့လိုက်သည့်အခါ အလွန်အံ့ဩဖွယ်ရာကောင်းသော သက်သာချမ်းသာမှုကို ခံစားရသည်။ ထို့ပြင် သူမ၏ ကိုယ်ခန္ဓာသည် မီးမဖွားမီ အခြေအနေအတိုင်း ရက်အနည်းငယ်အတွင်း ပြန်ဖြစ်သွားခဲ့သည်။
အစပိုင်းတွင် သူမသည် သူမဘာသာကောင်းလာတာဟု ထင်ခဲ့သည်။ သို့သော် သူမအား ကုသရန် လုချန်းက အထူးနည်းလမ်းတစ်ခုကို အသုံးပြုခဲ့တာက ပိုမိုဖြစ်နိုင်သည်။ လုချန်းက ကျောင်းရှောင်ရှောင်၏ မေးခွန်းကို ချက်ချင်းမဖြေပါ။ သူမ၏ မျက်နှာသည် ပြန်လည် သွေးရောင်လွှမ်းလာသည့်အခါ သူက ပြောလိုက်သည်။
[ဒါကိုယ့်ရဲ ထူးခြားတဲ့ ဆေးကုသနည်း တစ်ခုပဲ။ မင်းအမြန်ဆုံး ပြန်နာလန်ထ လာလိမ့်မယ်။]
လုချန်းပြောသည်နှင့် တပြိုင်နက် ချူးယုချင်သည် ချက်ချင်းပင် အခန်းထဲတွင်ရှိသော ဝမ်းဆွဲသည် အမျိုးသမီးများနှင့် အစေခံများထံ လှည့်၍ ပြောလိုက်သည်။
[အခု ဖြစ်ခဲ့တဲ့ ကိစ္စကိုအပြင်က ဘယ်သူ့ကိုမှ မပြောရဘူး။]
ချူးယုချင်၏ လေးနက်သော မျက်နှာထားနှင့် တင်းမာသော အသံကို ကြားရသောအခါ ဝမ်းဆွဲသည် အမျိုးသမီးများနှင့် အစေခံများသည် ခေါင်းငုံ့ကာ ချက်ချင်းပြန်လည်ပြောလိုက်သည်။
[ဟုတ်ကဲ့ပါ ဒေါ်လေးချူး]
သူတို့သည် ယခင်က ထိုသို့သော ကုသမှုနည်းလမ်းကို တစ်ခါမှ မတွေ့မြင်ခဲ့ဖူးပေ။ ထိုနည်းလမ်းသည် လူသားများ၏ ပုံမှန်ကုသမှုနည်းလမ်း မဟုတ်ပေ။ ထိုနည်းလမ်းသည် ဒဏ္ဍာရီထာဝရတန်ခိုးရှင်၏ နည်းစနစ်ဖြစ်သည်။
!!..
မင်းသားသည် ထာဝရတန်ခိုးရှင်နည်းစနစ်ကို ကိုင်စွဲနိုင်သည်ဟု စဉ်းစားမိသည့်အခါ ဝမ်းဆွဲသည်အမျိုးသမီးများနှင့် အစေခံများထံတွင် အံဩစိတ်လှုပ်ရှမှုများဖြင့် ပြည့်နှက်သွားတော့သည်။
ယခင်က သူတို့သည် ထာဝရတန်ခိုးရှင်များ ရှိနေကြောင်း ကြားသာကြားဖူးခဲ့သည်။ ယခုအခါ သူတို့သည် ထာဝရတန်ခိုးရှင်နည်းစနစ်ကို အသုံးပြုနေသူတစ်ဦးကို မျက်မြင်ကိုယ် တွေ့မြင်ခဲ့ကြသည်။ ထိုသူမှာလည်း သူတို့၏ မင်းသားဖြစ်နေသောကြောင့် သူတို့အလွန်စိတ်လှုပ်ရှ နေကြခြင်းလည်းဖြစ်သည်။
ထာဝရတန်ခိုးရှင်တစ်ဦးကို ဝန်ဆောင်မှုပေးနေရသည်မှာ သာမန်လူများအပေါ် ချီးမြှင့်သော ကံကြမ္မာမဟုတ်ပေ။ ထိုအချိန်တွင် ကျောင်းရှောင်ရှောင်သည် ကုတင်ပေါ်တွင် ထိုင်လိုက်၏။ ထိုအခါ လုချန်းက သူမအား အလျင်အမြန် ဖေးမပေးလိုက်သည်။
သူမသည် မီးမဖွားမီအခြေအနေအတိုင်းပြန်လည်ကောင်းမွန်လာပြီး သူမ၏ ကိုယ်ခန္ဓာတွင် ပင်ပန်းနာကျင်မှုများ မရှိတော့ပေ။ ထို့နောက် သူမသည် ဘေးတွင်ရှိသော ကလေးကို သူမ၏ လက်ထဲသို့ ယူလိုက်ပြီး သေချာကြည့်လိုက်သည်။
[မင်းသား၊ ကျွန်မ မိန်းကလေးတစ်ဦးပဲ မွေးဖွားပေးနိုင်ခဲ့တယ်။]
ကျောင်းရှောင်ရှောင်၏ မျက်နှာပေါ်တွင် နောင်တရမှုများ ပေါ်လာသည်။ လုချန်းသည် လုချန်းဖုန်းအား မည်မျှချစ်မြတ်နိုးသည်ကို သူမတွေ့မြင်ခဲ့သောကြောင့် လုချန်းက ယောက်ျားလေးကို ပိုမိုနှစ်သက်သည်ဟု သူမထင်ခဲ့သည်။ ထို့ကြောင့် သူမ သမီးတစ်ဦးကို မွေးဖွားခဲ့သည့်အတွက် နောင်တရနေ၏။
ဤခေတ်ကာလတွင် ထိုသို့သော အခြေအနေမှာ ပုံမှန်ဖြစ်သည်။ အမျိုးသမီးတစ်ဦး၏ ဂုဏ်သတင်းကို သားယောင်္ကျားလေး မွေးဖွားခြင်းဖြင့်သာ မြင့်မားစေသည်။ လုချန်းသည် ကျောင်းရှောင်ရှောင်၏ လက်ထဲတွင်ရှိသော သမီးလေးကို ကြည့်ပြီး ပြုံးလိုက်ကာ ပြောလိုက်သည်။
[ရှောင်ရှောင်၊ ကိုယ့်အတွက် သားနှင့် သမီးက လုံးဝ အတူတူပဲ။ ]
[မင်းသားစံအိမ်မှာ သားများအတွက် ရရှိနိုင်တဲ့ အရာများအားလုံးက သမီးများအတွက်လည်း ရနိုင်ရမယ်။ သမီးက သားလောက် မရရှိနိုင်ပေမဲ့ ကိုယ့်ရဲ့ သားသမီးတွေထဲက ဘယ်သူ့ကိုမှ ချို့တဲ့စေမှာ မဟုတ်ဘူး။ စိတ်မပူပါနှင့်။]
လုချန်းပြောသည့်စကားကို ကြားသောအခါ ကျောင်းရှောင်ရှောင် နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။ ထို့နောက် မုကျိရွှမ်းက ဘေးမှ သတိပေးလိုက်သည်။
[မင်းသား၊ ကလေးက နာမည်မရှိသေးဘူး၊ ကလေးကို နာမည်ပေးလိုက်ပါ။]
ခဏတာ စဉ်းစားပြီးနောက် လုချန်းက ပြောလိုက်သည်။
“သူ့ကို လုရွှမ်းရွှမ်းလို့ နာမည်ပေးလိုက်ကြရအောင်။ သူ ပျော်ပျော်ရွှင်ရွင် ကြီးပြင်းလာစေဖို့ မျှော်လင့်တယ်။”
ကျောင်းရှောင်ရှောင်သည် တွေးတောပြီး ပြောလိုက်သည်။
[ရွှမ်းရွှမ်း... ရွှမ်းရွှမ်း၊ မင်းသား၊ ကျွန်မ အဲ့ဒီနာမည်ကို သဘောကျပါတယ်။]
ထိုအခိုက်အတွင်း အစေခံမတစ်ဦး၏ အသံက ပြင်ပမှ ပေါ်ထွက်လာသည်။
[မင်းသား။ တပ်မှူးချင်က ရှာနေပါတယ်။ သူမှာ အလွန်အရေးကြီးတဲ့ ကိစ္စရှိကြောင်း ပြောပါတယ်။ မင်းသား စာကြည့်ခန်းကို အမြန်သွားဖို့မျှော်လင့်ပါတယ်။]
ကျောင်းရှောင်ရှောင်က ယခုမှ မွေးဖွားပြီးစီးခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် လုချန်းသည် ထိုအချိန်တွင် သူမ၏နံဘေးတွင်သာ ရှိနေရမည်ဖြစ်သည်။ ထို့ပြင် မင်းသားစံအိမ်၏ အစေခံများသည် နားလည်မှုရှိသူများ ဖြစ်သည်။ အရေးကြီးသော ကိစ္စမဟုတ်လျှင် သူ့အား စိတ်အနှောင့်အယှက် ပေးရဲလိမ့်မည် မဟုတ်ပေ။
လုချန်း၏ မျက်နှာပေါ်တွင် စိုးရိမ်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်ကို တွေ့မြင်သည့်အခါ ချူးယုချင်က အမြန်ပြောလိုက်သည်။
[ချန်းလေး။ ဗိုလ်ချုပ်ချင်က အရေးကြီး နေလို့ဖြစ်မယ်။ မင်းသွားပါ။ ဒို့တတွေက ဒိီမှာရှောင်ရှောင်နှင့် အတူ ရှိနေပါမယ်။]
လုချန်းက ပြန်ပြောလိုက်သည်။
[ကောင်းပါပြီ၊ ကျွန်တော် သွားလိုက်ပါမယ်။]
စကားမဆုံးသေးမီပင် လုချန်းသည် လှည့်ပြီး ကျောင်းရှောင်ရှောင်၏ အခန်းမှ ထွက်သွားကာ သူ၏ စာကြည့်ခန်းသို့ ဦးတည်သွားသည်။ လုချန်း စာကြည့်ခန်းသို့ ရောက်သည့်အခါ ချင်ယူရှန်သည် သူ့အား စောင့်ဆိုင်းနေပြီ ဖြစ်သည်။တံခါးကို ဖွင့်ပြီးနောက် လုချန်းသည် ချက်ချင်းမေးလိုက်သည်။
[တပ်မှူးချင်၊ ဘာတွေဖြစ်ခဲ့လို့လဲ။]
ချင်ယူရှန်က အလျင်အမြန်ပင် ဝါးကျဉ်တောက်တစ်ခုကို ထုတ်လိုက်သည်။ ထိုဝါးကျဉ်တောက်ထဲမှ သိုးသားရေကို ထုတ်ယူပြီး ဖြန့်လိုက်ကာ လုချန်းအား ပေးလိုက်ပြီး ပြောလိုက်သည်။
[မင်းသား၊ မြောက်ပိုင်းက လွင်ပြင်ဒေသ မျိုးနွယ်စုတွေဘက်မှာ လှုပ်ရှမှုတွေ ရှိနေပါတယ်။]
ထိုစကားကို ကြားသောအခါ လုချန်း၏ မျက်ခုံးများသည် ချက်ချင်းပင် “ကျီ” စာလုံးသဏ္ဍန် ကွေးသွားသည်။ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် လုချန်းသည် နေပြည်တော်မှ အသေးစား လုပ်ကြံမှုများကို သူမကြောက်ခဲ့ပေ။ မြောက်ပိုင်းမြို့တော်ရှိ အာဏာရှိ မိသားစုများကိုလည်း မကြောက်ခဲ့ပေ။
သူသည် အမြဲတမ်း အများဆုံး စိုးရိမ်ပူပန်ခဲ့သည်မှာ မြောက်ပိုင်းမြို့တော်၏ မြောက်ဘက်ရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများဖြစ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ လှုပ်ရှမှုသတင်းကို ကြားသောအခါ လုချန်း ချက်ချင်း တုန်လှုပ်သွားသည်။
လွင်ပြင်ဒေသ တပ်မတော်သည် တောင်ဘက်သို့ ရွှေ့လျှင် မြောက်ပိုင်းမြို့တော်သည် ပထမဦးဆုံး တိုက်ခိုက်ခံရမည့် နေရာဖြစ်သည်။ ထို့နောက် မြို့များသည် လွင်ပြင်ဒေသသားများ၏ ရက်စက်ကြမ်းကြုတ်စွာ ဖျက်စီးတိုက်ခိုက်မှုများကို မလွှဲမရှောင်သာ ခံစားရလိမ့်မည်။
မြောက်ပိုင်းမြို့တော် မည်သည့်အခါကမှ ဖွံ့ဖြိုးတိုးတက်မလာရသည့် အကြောင်းရင်းမှာ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မကြာခဏ ကျူးကျော်တိုက်ခိုက်မှုများနှင့် ဓားပြတိုက်မှုများကြောင့် ဖြစ်သည်။
ချင်ယူရှန်ပေးသော သိုးရေစာရွက်ကို ဖတ်ပြီးနောက် လုချန်း ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ပြီး ဘာမှပြောဆိုခြင်းမရှိပေ။ စာရွက်ပေါ်ရှိ ထောက်လှမ်းရေးအချက်အလက်များအရ လွင်ပြင်ဒေသသားများသည် စစ်တပ်စုစည်းမှုများ စတင်လာသော်လည်း ကြီးမားသော စစ်တပ်ကို ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။ သူတို့သည် တပ်စုစည်းမှု ပြီးမြောက်ရန် နောက်ထပ် နှစ်လခန့် လိုအပ်မည်ဖြစ်သည်။
ခဏကြာသောအခါ လုချန်းသည် တိတ်ဆိတ် နေသည်ကို တွေ့မြင်သည့်အတွက် ချင်ယူရှန်ကပဲ စကားစတင်လိုက်သည်။
[မင်းသား။ လွင်ပြင်ဒေသသားတွေက ဒီတကြိမ် တောင်ဘက်ကို ဦးတည်လာရင် စားနပ်ရိက္ခာတွေ သိမ်းဖို့တင် မဟုတ်ပဲ မြောက်ပိုင်းမြို့တော်ကိုပါ အပြီးတိုင် သိမ်းပိုက်ဖို့ ရှိတယ်လို့ ကျွန်တော်တို့လူတွေက သိထားကြပါတယ်။]
[လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ နန်းတွင်းက နိုင်ငံတစ်ခု တည်ထောင်ဖို့ စီစဉ်နေပြီး ရန်ခရိုင်ကို သူတို့ရဲ့ နေပြည်တော်အဖြစ် သတ်မှတ်ဖို့ စီစဉ်နေပါတယ်]
ထိုစကားကို ကြားသောအခါ လုချန်းသည် မနေနိုင်တော့ပဲ အေးစက်စွာ ရယ်မောလိုက်သည်။ [သူတို့က မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီး ဒီနေရာမှာ နိုင်ငံတစ်ခုထောင်ချင်ကြတာလား။အဲ့လိုဆို မင်းသားဖြစ်တဲ့ ကျွန်တော့်အတွက် ဘာကျန်တော့မှလဲ။ သူတို့ရဲ့ အိပ်မက်က ကောင်းလိုက်တာ။]
လုချန်းသည် မြောက်ပိုင်းမြို့တော်၏ နယ်စားဖြစ်သည်။ သူသည် သူ၏ နယ်မြေကို ဆုံးရှုံးလျှင် မည်သို့သော နယ်စား ဖြစ်သွားမည်နည်း။
ထို့နောက် ချင်ယူရှန်က သတိပေးလိုက်သည်။ [မင်းသား လွင်ပြင်ဒေသ နန်းတွင်းက အမိန့်များကို စုစည်းခန့်မှန်းချက်အရ သူတို့က ဒီတကြိမ် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ဖို့ အနည်းဆုံး အင်အားသုံးသိန်းခန့်ရှိတဲ့ မြင်းတပ်ကို ခေါ်ဆောင်လာဖို့ ရှိပါတယ်။]
[မြောက်ပိုင်းမြို့တော်မှာ လက်ရှိ စစ်သားသုံးသောင်းခန့်ပဲ ရှိပြီး သူတို့အများစုက ရန်ခရိုင်ထဲမှာ ရှိနေကြတာပါ။ သူတို့က လွင်ပြင်ဒေသ စစ်တပ်ကို ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခုစောစောကတည်းက အစီအစဉ်တွေ စပြီးချမှတ်ရမယ်လို့ ထင်ပါတယ်။]
ချင်ယူရှန်၏ သတိပေးချက်ကို ကြားသောအခါ လုချန်း နောက်တစ်ကြိမ်ထပ်၍ တိတ်ဆိတ်သွားပြန်သည်။ ကြီးမားသော စစ်ပွဲများသည် လုပ်ကြံမှုများနှင့် မတူပါ။ လုပ်ကြံသူများ မင်းသားစံအိမ်သို့ လုပ်ကြံရန် ရောက်ရှိလာပါက လက်ပစ်ဗုံး အနည်းငယ်ဖြင့် ထိုလုပ်ကြံသူများကို ဖောက်ခွဲပစ်နိုင်သည်။
လွင်ပြင်ဒေသ မြင်းတပ်သုံးသောင်းခန့် ရောက်ရှိလာပါက မြင်းစစ်သည် ပင်လယ်ကြီး ဖြစ်သွားမည်ဖြစ်သည်။
ထို့ပြင် ရှနိုင်ငံသည် လွင်ပြင်ဒေသ မျိုးနွယ်စုများကို ဘယ်တော့မှ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသည့် အကြောင်းရင်းမှာ လွင်ပြင်ဒေသသားများသည် အများအားဖြင့် မြင်းစီးစစ်သည်များ ဖြစ်သောကြောင့်ဖြစ်သည်။ မြင်တပ်များဖြင့် တိုက်ခိုက်သည့်အခါ သူတို့သည် အလွန်လျှင်မြန်စွာ ရှေ့တိုးချီတက်နိုင်ကြသည်။
ရှနိုင်ံငံစစ်တပ်သည် သူတို့၏ တိုက်ခိုက်မှုမခံမီ ကာကွယ်ရေးများ တည်ဆောက်ရန် မဖြစ်နိုင်ခဲ့သည်က ပိုမိုများပြားသည်။
ထို့နောက် ရှစစ်တပ်က ပြန်လည်တိုက်ခိုက်ရန် ရောက်ရှိလာသည့်အခါ လွင်ပြင်ဒေသ မြင်းတပ်က ပင်လယ်ဒီရေကျသွား သကဲ့သို့လျင်မြန်စွာ နောက်ဆုတ်ကွယ်ပျောက်သွားတတ်သည်။
ရှမင်းဆက်သည် နှစ်ပေါင်းများစွာ လွင်ပြင်ဒေသသားများကို ကိုင်တွယ်ဖြေရှင်းရန် ကာကွယ်ရေးကိုသာ အဓိကနည်းလမ်းအဖြစ် အသုံးပြုခဲ့သည်။
သို့သော် ယခုကြိမ်တွင် လွင်ပြင်ဒေသသားများသည် မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ရှိသောကြောင့် ယခင်ကကဲ့သို့ ရှစစ်တပ် ရောက်ရှိလာသည်ကို တွေ့မြင်သည့်အခါ ဆုတ်ခွာသွားတော့မည် မဟုတ်ပေ။
သို့သော် ထိုသို့သော အခြေအနေတွင် မြောက်ပိုင်းမြို့တော်ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့လျှင်တောင် ထိုအတွက် ကုန်ကျစရိတ်မှာ ပြည်သူများ၏ ဆင်းရဲဒုက္ခများနှင့် ငိုကြွေးသံများနှင့် ပြည့်နှက်နေသော ခရိုင်နယ်တစ်ခုပင်ဖြစ်
လိမ့်မည်။
လွင်ပြင်ဒေသသားများက မြောက်ပိုင်းမြို့တော်ရှိ လူများအားလုံးကို သတ်ဖြတ်လိုက်လျှင် သူကတစ်ဦးတည်း မင်းသားလုပ်ရတော့မှာ မဟုတ်ပါလား ။
......
အခန်း (၆၃)
အားနာနေစရာ မလိုပါဘူး ရဲတိုက်မှုးကျောင်း
လုချန်းသည် လက်ထဲရှိ သိုးရေပေါ်ကို စိုက်ကြည့်ကာ ဆယ့်ငါးမိနစ်ခန့် မည်သည့်စကားမှ မပြောပဲ ငြိမ်သက်နေခဲ့သည်။ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာပြီးကတည်းက ဤအခြေအနေသည် သူ့အတွက် တကယ့် အကျပ်အတည်း ဖြစ်ခဲ့သည်။
တကယ်တော့ သူသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့မခံနိုင်ပဲ သူ၏ နယ်မြေကို စွန့်ခွာပြီး နေပြည်တော်သို့ ပြန်သွားမည်ဆိုလျှင် အများဆုံးမှ ပြစ်ဒဏ်ချမှတ်ခံရမည်သာဖြစ်သည်။ သေဒဏ်ပေး ခံရမည်တော့ မဟုတ်ပေ။
သို့သော် သူသည် နယ်မြေကို စွန့်ခွာပြီး တစ်ဦးတည်း နေပြည်တော်သို့ ထွက်ပြေးသွားလျှင် မင်းသားတစ်ပါးအဖြစ် သူ၏ ဂုဏ်သတင်းသည် အမှန်တကယ်ပင် ကျဆင်းသွားမည်ဖြစ်ပြီး ထိုဂုဏ်သိက္ခာကို ပြန်လည်မထူထောင်နိုင်တော့မည် မဟုတ်ပေ။
လူမျိုးနှင့် နယ်မြေကို စွန့်ခွာသော မင်းသားသည် သမိုင်းကျောက်တိုင်ပေါ်တွင် အရှက်ရစရာ တစ်ခုအဖြစ် ရေးထိုးခံရမည်ဖြစ်သည်။ သို့သော် သူထွက်မသွားပါက တကယ်ကြုံတွေ့ရမည့် ပြဿနာများက ရှိနေသည်။
သုံးသောင်းနှင့် သုံးသိန်း။ သူတို့ မည်သို့ တိုက်ခိုက်နိုင်မည်နည်း။ ထို့ပြင် ခြေလျင်တပ်များသည် မြင်းတပ်များနှင့် တိုက်ခိုက်ရမည်ဖြစ်သည်။
မြောက်ပိုင်းမြို့တော်တွင် ခရိုင်မြို့နယ် ဆယ့်သုံးခု၊ ခံတပ် ဆယ့်သုံးခု တိတိ ရှိ၏။ သုံးသောင်းသော စစ်သည်များက ထိုခံတပ်များကို မည်သို့မှ ကာကွယ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် လွင်ပြင်ဒေသ မျိုးနွယ်စုများက မည်သည့် နေရာမှ တိုက်ခိုက်လာမည်ကို သူ ခန့်မှန်းရန် ခက်ခဲသည်။
လုချန်း တိတ်ဆိတ်နေသည်ကို တွေ့သောအခါ ချင်ယူရှန်သည်လည်း စကားမပြောပဲ လုချန်း၏ ဘေးတွင် တိတ်တိတ်ဆိတ်ဆိတ် ပင် မတ်တတ်ရပ် နေခဲ့သည်။ ခဏအကြာတွင် စာကြည့်ခန်းသည် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားပြီး ခြင်တစ်ကောင်၏ အသံကပင် ပိုမိုထင်ရှလာသည်။
ထိုအခိုက်တွင် လုချန်းသည် ၁၂၂ မီလီမီတာ ဟောင်ဝစ်ဇာ အမြှောက်ကို စဉ်းစားမိသည်။ ၁၂၂ မီလီမီတာ ဟောင်ဝစ်ဇာ နှစ်ရာသည် အကျိုးသက်ရောက်မှုတစ်ခုတော့ ရှိနိုင်သည်။ ထို့ပြင် ဤခောတ်လောကရှိ လူများသည် အဖျက်စွမ်းအားကြီးသော လက်နက်မျိုးကို တွေ့ဖူးကြသည် မဟုတ်သဖြင့် ရန်သူကို အံ့အားသင့်စေနိုင်သည်။
သို့သော် အဓိကကိစ္စမှာ မြင်းတပ်သည် ဖြန့်ကျက်နေပြီး အလွန်မြန်ဆန်သည်။ သူ၏ လက်ထဲရှိ ထိုကဲ့သို့သော ထိတ်လန့်ဖွယ်ရာ လက်နက်များကို တွေ့သည်နှင့် ရန်သူက လှည့်ပြီး ထွက်ပြေးသွားနိုင်သည်။ ထိုသို့ တွေးမိသောအခါ လုချန်းသည် ခဏတာ စိတ်ရှုပ်သွားသည်။
နေပါဦး… သူက မြောက်ပိုင်းမြို့တော်ကို မည်သို့ ကာကွယ်ရမည်ကို စိုးရိမ်နေခြင်း မဟုတ်ပါလား။ အခု လွင်ပြင်ဒေသ မျိုးနွယ်စုများ ထွက်ပြေးသွားနိုင်သည်ကို စိုးရိမ်နေတာလ…
ထိုသို့ တွေးမိသောအခါ လုချန်း၏ နှုတ်ခမ်း ကွေးသွားပြီး မကောင်းဆိုးဝါး အပြုံးတစ်ခုပေါ်လာသည်။ သုံးသိန်းသော မြင်းတပ်အားလုံးကို တစ်နေရာတည်းတွင် စုစည်းနိုင်ပါက သုံးသောင်းတပ်က သုံးသိန်းနှင့် တိုက်ခိုက်ရန် မဖြစ်နိုင်သော ကိစ္စတော့ မဟုတ်ပါ။
သို့သော် လွင်ပြင်ဒေသ မျိုးနွယ်စုများက ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ကြမှာလား။ လွင်ပြင်ဒေသ မျိုးနွယ်စုများသည် မြင်းတပ်များစွာကို တစ်ပြိုင်နက် တပ်လှန့်ခြင်း အကြောင်းက သူတို့၏ တပ်များကို ခွဲထားမည်ဖြစ်ပြီး စစ်သည်သုံးသိန်းလုံးဖြင့် ဖြင့် ခံတပ်တစ်ခုတည်းကို တိုက်ခိုက်မည် မဟုတ်ပေ။
ထို့ကြောင့် သုံးသိန်းသော မြင်းတပ်အားလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် ဆွဲဆောင်နိုင်သော နေရာတစ်ခု သို့မဟုတ် တစ်စုံတစ်ခု ရှိနေရမည်ဖြစ်သည်။ ခဏကြာ စဉ်းစားပြီးနောက် လုချန်းသည် သူသည် စစ်ရေးစီမံကိန်းများ ချမှတ်ရန် မသင့်တော်သူ မဟုတ်ကြောင်း ခံစားမိသည်။ ပညာရှင်များ၏ ကိစ္စများကို ပညာရှင်များထံ ပေးအပ်သင့်သည်။
သူတစ်ဦးတည်း မည်မျှကြာကြာ စဉ်းစားစဉ်းစား ထိရောက်သော ဗျူဟာကောင်းတစ်ခုကို ရေးဆွဲနိုင်မည် မဟုတ်ပေ။ သူအရင်ဘဝကလည်း စစ်မြေပြင်သို့ မသွားဖူးသလို ယခုဘဝတွင်လည်း စစ်မတိုက်ခဲ့ဖူးပေ။ဖြစ်လာနိုင်သည့် အခြေအနေများကို စိတ်ကူးထင်မြင်ခြင်းသည် အသုံးမဝင်ပေ။ မည်မျှပင် စဉ်းစားစေကာမူ လက်တွေ့မကျသော ဗျူဟာရေးဆွဲခြင်းသာ ဖြစ်မည်။
ထိုသို့ စဉ်းစားပြီးနောက် လုချန်းသည် ချင်ယူရှန်အား
[မနက်ဖြန်မနက် မြောက်ပိုင်းမြို့တော်က အရေးပါတဲ့ ဗိုလ်ချုပ်တွေနှင့် နယ်စားကို မင်းသားစံအိမ် လာခိုင်းလိုက်ပါ] ဟု ပြောလိုက်သည်။
ချင်ယူရှန်သည် လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ လုချန်းသည် ပထမဦးစွာ သူတို့အား စုစည်းပြီး ကာကွယ်ရေးအစီအစဉ်များကို ဆွေးနွေးတိုင်ပင်ပြီး ဆုံးဖြတ်ချက် ချမည့်ပုံရှိသည်။
ထို့အတောအတွင်း။
ပန်းတစ်ရာဂေဟာ။
မွှေးရနံ့များဖြင့် သင်းပျံ့နေသော အခန်းထဲတွင် ကျက်သရေရှိသော ပုံသဏ္ဍာန်တစ်ခုသည် ပေါ်လွင်လျက်ရှိသည်။ ဝမ်ချင်းစီသည် ရေချိုးကန်ထဲတွင် ရေချိုးနေစဉ် ကန့်လန့်ကာ နောက်မှ အစေခံတစ်ဦးက
[ဂေဟာသခင်မ။ သွေးလဝန်းရဲတိုက်က လူ တွေ ရောက်လာပါပြီ]ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီသည် ရေချိုးကန်ထဲမှ ချက်ချင်းထလာ၏။ ရေစက်များသည် သူမ၏ ဖြူစင်သော ကျောက်စိမ်းကဲ့ကိုယ်ပေါ်သို့ စီးကျနေပြီး သူမသည် ရေပေါ်မှ ထွက်ပေါ်လာသော ပဒုမ္မာကြာပန်းကဲ့သို့ ဖြစ်နေသည်။
ဝတ်စားဆင်ယင်ပြီးနောက် ဝမ်ချင်းစီသည် ပန်းတစ်ရာဂေဟာ၏ တတိယထပ်သို့ သွားခဲ့သည်။ ထိုအချိန်တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ဝရံတာ လက်ရန်းနားတွင် ရပ်နေပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ဘက်သို့ ငေးကြည့်နေသည်။
ထိုမြင်ကွင်းက ဝမ်ချင်းစီအား တစ်စုံတစ်ဦးကို အမှတ်ရသွား စေခဲ့သည်။ သွေးလဝန်းရဲတိုက်၏ ဒုတိယရဲတိုက်မှုးဟောင်းသည်လည်း ထိုနေရာတွင် ရပ်နေခဲ့ပြီး မင်းသားစံအိမ်ကို ကြည့်ရှုနေခဲ့သည်။
အဆောင်ငယ်ထဲသို့ ဝင်သွားသောအခါ ဝမ်ချင်းစီက
[ဒုရဲတိုက်မှုး ကျောင်း၊ နောက်ဆုံးတော့ ရှင်ရောက်လာပြီ။ ရန်ခရိုင်ဆိုတဲ့ ဒီ ကျိန်စာမိနေတဲ့ နေရာက ကျွန်မထွက်သွားချင်နေတာ] ဟု ချက်ချင်းပြောလိုက်သည်။
အဖြူရောင်ဝတ်စုံဖြင့် လူငယ်သည် ဝမ်ချင်းစီကို လှည့်ကြည့်ပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်လာသည်။
[ဝမ်မိန်းကလေး ခင်ဗျားလည်း ကြိုးစားခဲ့ပါတယ်]ဟု ပြောလိုက်သည်။
ကျောင်းဟန်ဝမ်သည် သွေးလဝန်းရဲတိုက်၏ ရဲတိုက်မှူးတစ်ယောက်နှင့်မတူပဲ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ပုံစံက နူးညံ့သိမ်မွေ့သော စာပေသမားတစ်ယောက်နှင့် ပိုတူနေ၏။ သို့သော် သူသည် သာမန်လူတစ်ဦးမဟုတ်ပေ။ သူသည် တကယ့်ထိပ်သီးပညာရှင်တစ်ဦး ဖြစ်သည်။
[ဝမ်မိန်းကလေး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က မောင်းမတွေခေါ်ချင်နေတဲ့အကြောင်း ကျွန်တော်ကြားတယ်။ အဲ့ဒီ သတင်းက အမှန်ပဲလား] ကျောင်းဟန်ဝမ် မေးလိုက်သည်။
ဝမ်ချင်းစီက [အမှန်ပါပဲ။ ဒါပေမဲ့ ဒုရဲတိုက်မှူး ကျောင်းက ဒါကို ဘယ်အတွက်ကြောင့် မေးရတာပါလဲ။ မင်းသားစံအိမ်ကို လုပ်ကြံမယ့် အမျိုးသမီးတစ်ယောက် စေလွှတ်ပြီး မြောက်ပိုင်းနယ်စားမင်းသားကို သတ်ဖို့ စီစဉ်နေတာများလား]ဟု ပြန်လည်ပြောသည်။
ထိုအခါတွင် ဝမ်ချင်းစီ၏ မျက်နှာပေါ်တွင် ခါးသက်သော အပြုံးတစ်ခု ပေါ်လာပြီး သူမသည် ထိုအကြောင်းအရာကို ပြန်ပြောင်း မစဉ်းစားလို သကဲ့သို့ ဟန်ဆောင်သည်။
[ဒုရဲတိုက်မှူး ကျောင်း၊ ရှင့်မှာ အဲ့ဒီလို အစီအစဉ် ရှိတယ်ဆိုရင်တော့ ကျွန်မ တားမြစ်ချင်ပါတယ်။ ချူးယုချင်က ထိပ်သီးအဆင့် တစ်ဝက် ရှိပြီး နေ့တိုင်း မြောက်ပိုင်းနယ်စားမင်းသားနှင့်အတူ ရှိနေပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားက သူ့ရဲ ဇနီးမယားတွေနဲ့ အိပ်ခန်းထဲမှာ ရှိနေရင်တောင် ချူးယုချင်က အပြင်က နားထောင်နေတတ်တယ်] ဟု ပြောလိုက်သည်။
[မြောက်ပိုင်းနယ်စားမင်းသားအနားကိုအမျိုးသမီး လူသတ်သမား တစ်ယောက် စေလွှတ်မယ်လို့ စီစဉ်ထားရင်တော့ သူကမင်းသားအနား မကပ်နိုင်ခင်မှာပဲ ချူးယုချင်က သတိပြုမိသွားမှာကို ကျွန်မစိုးရိမ်တယ်။]
[အရင်တုန်းက ကျွန်မတို့ပန်းတစ်ရာဂေဟာရဲ့ လူသတ်သမားတွေအားလုံးကို ချူးယုချင်
တစ်ယောက်တည်းက သုတ်သင်ခဲ့တာ။ နှစ်အနည်းငယ်အတွင်း သူကထိပ်သီးပညာရှင် ဖြစ်လာနိုင်တယ်လို့ ကျွန်မထင်တယ်] ဟု ဝမ်ချင်းစီက ပြောလိုက်သည်။
[အကောင်းဆုံးကတော့ ကျွန်မတို့ သူ့ကို လျှို့ဝှက်ထိပ်သီးပညာရှင်နှင့် ခွဲထားသင့်တယ်။]
ထိုစကားကို ကြားသောအခါ ကျောင်းဟန်ဝမ်၏ မျက်ခုံးများ ပြန်လျော့သွားပြီး ဝမ်ချင်းစီကို ပြုံး၍ စိုက်ကြည့်လိုက်သည်။
[ဝမ်မိန်းကလေး၊ ကျွန်တော်ကြားရလောက် မြောက်ပိုင်းနယ်စားမင်းသားက တဏှာစိတ်များတယ်တဲ့ ။ သူက ဝမ်မိန်းကလေးကို စိတ်ဝင်စားမှု ရှိပါသလား] ဟု မေးလိုက်သည်။
ဝမ်ချင်းစီက
[မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မရဲ့ ခန္ဓာကိုယ်ကို နှစ်သက်တယ်ဆိုတာ မှန်ပါတယ်။ လုပ်ငန်းအောင်မြင်ဖို့အတွက် ကျွန်မသူ့ကို ဆွဲဆောင်ထားပါတယ်။ ကျောင်းရဲတိုက်မှုး ကျွန်မအကူအညီကို လိုအပ်ရင် ကျေးဇူးပြုပြီး အားမနာပါနဲ့] ဟု ပြန်လည်ပြောလိုက်သည်။
ကျောင်းဟန်ဝမ်က
[အဲ့ဒီလို ဆိုရင်တော့ ဝမ်မိန်းကလေးကပဲ မြောက်ပိုင်းနယ်စားမင်းသားကို ပန်းတစ်ရာဂေဟာရောက်လာအောင် ခေါ်ပေးပါ။ အဲ့ဒီလိုဆိုရင် သူ့ကို အောင်အောင်မြင်မြင် လုပ်ကြံနိုင်ဖို့က ပိုများလာမှာပါ။]
ဝမ်ချင်းစီက
[ဒါက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကျွန်မသူ့ကိုခေါ်နိုင်ရင်တောင် လျှို့ဝှက် ထိပ်သီးပညာရှင်နှင့် ချူးယုချင်တို့ လိုက်လာမှာကို စိုးရိမ်မိတယ်] ဟု ပြောလိုက်သည်။
ကျောင်းဟန်ဝမ်က ပြုံး၍
[ထိုသူနှစ်ယောက်ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ဆွဲထုတ်နိုင်ရင် ကျွန်တော်တို့ သွေးလဝန်းရဲတိုက်အတွက် ပိုကောင်းတဲ့ သတင်းတစ်ရပ် ဖြစ်လာပါလိမ့်မယ်။]
[မြောက်ပိုင်းနယ်စားမင်းသားအတွက် အံ့အားသင့်စရာတစ်ခု လုပ်ပေးချင်လို့ပါ။]
ကျောင်းဟန်ဝမ်သည် တစ်ဖြောင့်တည်းသာ စဉ်းစားတတ်သူ မဟုတ်ပေ။ မြောက်ပိုင်းနယ်စားမင်းသားအား လက်စားချေသည်က သူ့ကိုချက်ချင်းသတ်ဖြတ်ရမည်ဟု မဆိုလိုပါ။
ထိပ်သီးနှစ်ဦးနှင့် ချူးယုချင်တို့ကို ဆွဲထုတ်နိုင်ပါက သွေးလဝန်းရဲတိုက်သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေထိုင်သူများကို သုတ်သင်နိုင်မည်ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား သူ၏ ဇနီးမယားများ၏ ရုပ်အလောင်းများကို သူကိုယ်တိုင်မြင်တွေ့ရစေလိုသည်။
ထို့ပြင် သွေးလဝန်းရဲတိုက်သည် မြောက်ပိုင်းမြို့တော်သို့ အခြားအရေးကြီးသော ရည်ရွယ်ချက်တစ်ခုဖြင့် ရောက်ရှိလာခြင်းလည်းဖြစ်သည်။ ထိုရည်ရွယ်ချက်မှာ ရေမွှေးနှင့် ဆပ်ပြာများကို ထုတ်လုပ်သည့် နည်းလမ်းများကို ရရှိရန်ဖြစ်သည်။
လျို့ဝှက်ထိပ်သီးပညာရှင်ကို ဆွဲထုတ်နိုင်ပါက မြောက်ပိုင်းစားမင်းသားစံအိမ်ရှိ ရေမွှေးနှင့်ဆပ်ပြာများ ထုတ်လုပ်မှုနည်းလမ်းများကို ခိုးယူရန် သူတို့အတွက် လုံလောက်သော အချိန်ရရှိလာမည်ဖြစ်သည်။
ယခု လောလောဆယ် ကျောင်းဟန်ဝမ်၏ အမြင်အရ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ထိပ်သီးပညာရှင် တစ်ဦးသာ ခြိမ်းခြောက်မှုရှိသည်ဟု ယူဆသည်။ ထိုထိပ်သီးပညာရှင်မရှိပါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် အသတ်ခံတော့မည့် သိုးငယ်လေးတစ်ကောင်ကဲ့သို့ပင် ဖြစ်သွားသည်။
ထိုအခိုက်တွင် ဝမ်ချင်းစီ၏ နှုတ်ခမ်းပါးများက နည်းငယ် ကွေးလာကာ သူမ၏ ပါးပြင်ပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
[အဲ့ဒီလိုဆိုရင် ဒီနေ့ညနေ ကျွန်မ မြောက်ပိုင်းနယ်စားမင်းသားကို ပန်းတစ်ရာဂေဟာ ခေါ်လိုက်ပါမယ်။] ဟု ပြောလိုက်သည်။
ဝမ်ချင်းစီ၏ စကားများကို ကြားသောအခါ ကျောင်းဟန်ဝမ်က
[အဲ့ဒီလိုဆို ဝမ်မိန်းကလေးကိုပဲ ဒုက္ခပေးပါရစေ] ဟု ယဉ်ကျေးစွာ ပြန်လည်ပြောလိုက်သည်။
ဝမ်ချင်းစီက
[အားနာစရာ မလိုပါဘူး ရဲတိုက်မှုးကျောင်း ဒါက ကျွန်မရဲ့ တာဝန်ပါ။]
.......