အခန်း ၇၉-၈၁
Vol. 6 Ch. 79-81
အခန်း (၇၉)
တကယ်ပဲ ကောလာဟလတွေထဲက အသုံးမကျတဲ့ မင်းသားလား
လှည်းပေါ်မှ အမျိုးသမီးဆင်းလာသည်ကို မြင်လိုက်ရသည်နှင့် လုချန်းသည် သူရပ်နေသည့် နေရာတွင် လုံးဝ ငြိမ်သက်သွားသည်။
ထိုအမျိုးသမီး၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေပြီး အဖြူရောင်ဝတ်စုံက ဆီးနှင်းထက်ပင် ပို၍ဖြူဖွေးတောက်ပသည်။ သူမ၏ အသားအရေသည် ချောမွေ့နုနယ်ပြီး ဆံပင်ကို တိမ်တိုက်ပုံစံ ဖွဲ့ထုံးထားကာ နဖူးတွင် ဇီးပန်းပုံစံအမှတ်အသားပါရှိသည်။ သူမ၏ ကိုယ်ဟန်သည် သိမ်မွေ့ကျက်သရေရှိပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ ရောင်ဝါများ ထွန်းလင်းနေသလိုရှိသည်။
ထိုအမျိုးသမီး စကားပြောသည်အထိ လုချန်းသည် လက်တွေ့ကမ္ဘာသို့ ပြန်မရောက်သေးပေ။
“ကျွန်မ မင်းသားကို ဦးညွှတ်ပါတယ်။”
ချန်ဝမ်ရွန် သည် လျှို့ဝှက်လဝန်းနန်းတော်၏ သခင်ဖြစ်သော်လည်း တရားဝင်အားဖြင့် ကျောင်းတော်သည် ရှနိုင်ငံတော်၏ လက်အောက်ခံဖြစ်သောကြောင့် ရှနိုင်ငံတော်၏ မင်းသားတစ်ပါးနှင့် တွေ့ဆုံရာတွင် ချန်ဝမ်ရွန်သည် သူမ၏ ရိုသေလေးစားမှုကို ပြသရန် လိုအပ်သည်။
ချန်ဝမ်ရွန်၏ အသံသည် ကြည်လင်ပြီး တိုးညှင်းညင်သာကာ ထူးခြားသော ဆွဲဆောင်တစ်ခု ရှိနေပြီး မရည်ရွယ်ပဲ လူတစ်ဦး၏ နှလုံးသားကို လှုပ်ခတ်စေနိုင်သည်။
သတိပြန်ဝင်လာသည်နှင့် လုချန်းက
“ရပါတယ်။ ရပါတယ် ထုံးစံတွေ မလိုပါဘူး”
ဟု ပြောလိုက်သည်။
ထို့နောက် လုချန်းသည် ချက်ချင်း စနစ်ကို အသုံးပြုကာ သူ့ရှေ့တွင် ရှိနေသော အမျိုးသမီး၏ အချက်အလက်များကို ဖော်ထုတ်လိုက်သည်။
[အမည်- ချန်ဝမ်ရွန်]
[အဆင့်- ချန်မိသားစု၏ သမီး၊ ချန်နိုင်ငံ၏ မင်းသမီး၊ လျှို့ဝှက်လဝန်းနန်းတော်၏ သခင်မ၊ အသက် ၂၁ နှစ်၊ ထိပ်သီးပညာရှင်အဆင့်၊ မြောက်ပိုင်းမြို့တော်သို့ အဓိကလာရောက်ရခြင်းမှာ မြောက်ပိုင်းနယ်စားမင်းသားနှင့် ရင်းနှီးရန်၊ သူ့ကို ချစ်ခြင်းပိုးဖြင့် ထိန်းချုပ်ရန်နှင့် ဆွမ်ဧကရာဇ်ကို ရင်ဆိုင်ရန် အတွက် လျှို့ဝှက်နဂါးမန္တာန်ကျင့်စဉ်ကို အဆင့်တက်ရန် အတွက် မြောက်ပိုင်းနယ်စားမင်းသား၏ သွေးကို အသုံးပြုရန်၊ ချန်နိုင်ငံအတွက် လက်စားချေရန်။]
[အဆင့်သတ်မှတ်ချက်- ၉၈]
[သဘောကျမှု- ၁၀]
အဆင့် ၉၈ ကို မြင်လိုက်ရသည်နှင့် လုချန်းသည် ထူခြားမှုကို သတိပြုမိလိုက်သည်။ အဆင့် ၉၈။
သူမသည် အလှအပအတွက် အဆင့် ၁၀၀ ရထိုက်သည်ဟု သူထင်သည်။
ချူးယုချင်သည် အဆင့် ၉၇ သာ ရှိသည်။
ထိုသို့စဉ်းစားလျှင် အဆင့် ၉၅ အထက်ဆိုလျှင် အမှတ်တစ်ခုတိုးတိုင်း အမျိုးသမီး၏ အလှအပသည် များစွာပိုမို လှပလာသည်ဟု ဆိုလိုသလား။
ဟုတ်ပါသည်။ ချန်ဝမ်ရွန်က ချူးယုချင်ထက် အများကြီး ပိုလှတယ်လို့ လုချန်း မထင်ပါ။ သူမရဲ့ ရုပ်ရည်ဟာ နတ်သမီးတစ်ပါးလို ဖြစ်နေခြင်းက သူ့ကို စွဲမက်စေခြင်း ဖြစ်သည်။
စိတ်လှုပ်ရှသွားပြီးနောက် လုချန်းသည် ချက်ချင်း သူ၏စိတ်ခံစားမှုများကို ငြိမ်သက် အောင် လုပ်လိုက်ပြီး ချန်ဝမ်ရွန်ကို ပြုံး၍ ပြောလိုက်သည်။
“နန်းတော်သခင် ချန်ဝမ်ရွန် ကျွန်တော့်စံအိမ်ကို လာရောက်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒေါ် လေးလင်နဲ့ နန်းတော်သခင် ချန်ဝမ်ရွန်တို့ ကျေးဇူးပြုပြီး အထဲကို ကြွပါ။”
လုချန်း ချန်ဝမ်ရွန်ကို စိုက်ကြည့်နေစဉ် လင်းဝမ်ရွန်၏ စိတ်ထဲမှာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ချန်ဝမ်ရွန်၏ အလှအပကို စွဲမက်သွားပြီဖြစ်ကြောင်း သူမသိသည်။
ရက်ပိုင်းအတွင်း ချန်ဝမ်ရွန်သည် မြောက်ပိုင်းနယ်စားမင်းသားအပေါ် ချစ်ခြင်းပိုးကို အသုံးပြုနိုင်မည်ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် သူမ၏ ထိန်းချုပ်မှုအောက်သို့ လုံးဝရောက်ရှိသွားကာ နောက်ဆုံးတွင် လျို့ဝှက်နဂါးမန္တာန်ကျင့်စဉ်အတွက် အသုံးချမည့် ကိရိယာတစ်ခု ဖြစ်လာလိမ့်မည်။
ချူးယွဲ့နှင့် သွေးသောက်ညီအစ်မဖြစ်သူ လင်းဝမ်ရွန် အနေနှင့် လုချန်း ဒုက္ခရောက်သည်ကို မြင်ရမှာ အနည်းငယ် စိတ်မသက်သာသော်လည်း ဆွမ်ဧကရာဇ်ကို ရင်ဆိုင်ရန် လျှို့ဝှက်နဂါးမန္တာန်ကျင့်စဉ်ကို အသုံးပြုရန် လိုအပ်သည်။
ထို့နောက် လုချန်းသည် ချန်ဝမ်ရွန်နှင့် လင်းဝမ်ရွန်တို့ကို စံအိမ်အတွင်းသို့ ခေါ်ဆောင်သွားသည်။ စံအိမ်၏ ပင်မအဆောင်ဝင်းအတွင်းသို့ ဝင်ရောက်ပြီးနောက် လုချန်းသည် ချက်ချင်း အစေခံတစ်ဦးကို နဂါးဖီးနစ်လက်ဖက်ရည် ဖျော်ရန် အမိန့်ပေးလိုက်သည်။
လက်ဖက်ရည်အဆင်သင့်ဖြစ်သောအခါ လုချန်းသည် သူကိုယ်တိုင် လင်းဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့အတွက် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ပေးလိုက်ပြီး
“ဒေါ်လေးလင်းနဲ့ နန်းတော်သခင် ချန်ဝမ်ရွန်တို့ ခရီးပန်းနေမှာပါ။ ဒါကတော့ စံအိမ်က အထူးလက်ဖက်ရည်ပါ။ စိတ်ကို လန်းဆန်းစေပြီး ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေပါတယ်။ ကျေးဇူးပြုပြီး မြည်းစမ်းကြည့်ကြပါ”
ဟု ပြောလိုက်သည်။
လုချန်း၏ စကားကို ကြားပြီးနောက် လင်းဝမ်ရွန်သည် ချက်ချင်း လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်ကြည့်လိုက်ပြီး သူမ သောက်လိုက်သော လက်ဖက်ရည်ထဲတွင် တစ်စုံတစ်ခု ရောထည့်ထားခြင်း ရှိမရှိ စစ်ဆေးရန် သူမ၏ အတွင်းအားကို အသုံးပြုလိုက်သည်။
လက်ဖက်ရည်သည် သန့်ရှင်းကြောင်း အတည်ပြုပြီးနောက် လင်းဝမ်ရွန်သည် နောက်တစ်ငုံ ထပ်သောက်လိုက်သည်။
လင်းဝမ်ရွန်၏ လုပ်ဆောင်ချက်များသည် သိမ်မွေ့ပြီး ပုံမှန်အားဖြင့် သတိမထားမိနိုင်ပေ။ သို့သော် ချန်ဝမ်ရွန်ကတော့ သိမြင်နိုင်၏။ လင်းဝမ်ယွမ် ဒုတိယအကြိမ် သောက်ပြီးနောက် လက်ဖက်ရည်ထဲတွင် တစ်စုံတစ်ခု ရောထည့်ထားခြင်း မရှိကြောင်း သူမလည်း ယုံကြည်သွားသည်။
သူမသည် မြောက်ပိုင်းစားမင်းသားစံအိမ်တွင် ရှိနေသော်လည်း လျှိုဝှက်လဝန်းနန်းတော်၏ သခင်အဖြစ် ချန်ဝမ်ရွန်သည် အရာရာကို သတိထားနေဆဲဖြစ်သည်။
လက်ဖက်ရည်သည် ဘေးကင်းကြောင်း သေချာသွားပြီ ဖြစ်သောကြောင့် ချန်ဝမ်ရွန်သည်လည်း သူမ၏ နုနယ်သောလက်ကို မြှောက်ကာ လက်ဖက်ရည်တစ်ခွက်ကို ကောက်ယူပြီး ဖြည်းညင်းစွာ တစ်ငုံသောက်လိုက်သည်။
ခဏအတွင်းမှာပင် ချန်ဝမ်ရွန်သည် သူမ၏ ခန္ဓာကိုယ်အတွင်း၌ အေးမြမှုတစ်ခု ခံစားရလိုက်ပြီး နောက်ပိုင်းတွင် သူမ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကာ အလွန်ပင် သက်တောင့်သက်သာ ဖြစ်သွားစေသည်။
ချန်ဝမ်ရွန် အနည်းငယ် အံ့အားသင့်သွားသည်။ မြောက်ပိုင်းစားမင်းသားစံအိမ်၏ လက်ဖက်ရည်သည် အမှန်တကယ် လန်းဆန်းစေပြီး အားဖြည့်ပေးနိုင်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
လင်းဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့ နဂါးဖီးနစ်လက်ဖက်ရည်ကို သောက်သုံးနေသည်ကို မြင်လိုက်ရသည်နှင့် လုချန်းက အနည်းငယ် ပြုံးလိုက်ပြီး မေးလိုက်သည်။
“ဒေါ်လေးလင်းနဲ့ နန်းတော်သခင် ချန်ဝမ်ရွန်တို့ ဒီတစ်ခါ မြောက်ပိုင်းမြို့တော်ကို ဘယ်အတွက်များ လာကြတာပါလဲ “
ထိုမေးခွန်းကို ကြားလိုက်ပြီးနောက် လင်းဝမ်ရွန်က
“ဒေါ်လေးတို့က မြောက်ပိုင်းမြို့တော်က ဖြတ်သွားကြတာပါ”
ဟု ပြန်ဖြေလိုက်သည်။
လုချန်းက နောင်တရသွားသည့်ပုံစံဖြင့်ပြောလိုက်သည်။
“မြောက်ပိုင်းမြို့တော်ကို ဖြတ်သွားတာလား။ ဒါဆို မြောက်ပိုင်းမြို့တော်ကနေ မကြာခင် ထွက်သွားမှာပေါ့”
လင်းဝမ်ရွန်က ပြုံး၍
“ဖြတ်သွားတာမှန်ပေမယ့် နန်းတော်သခင်နဲ့ ဒေါ်လေးတို့ဟာ မြောက်ပိုင်းမြို့တော်မှာ ခဏနေဖို့ စီစဉ်ထားပါတယ်”
ဟု ပြောလိုက်၏။
လုချန်းက “
အဲ့ဒါကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ ဒေါ်လေးတို့ မြောက်ပိုင်းမြို့တော်ကနေ မကြာခင်မှာ ထွက်ခွာရမှာပါ”
ဟု ပြောလိုက်သည်။
လင်းဝမ်ရွန်က
“ဘာကြောင့်ပါလဲ”
ဟု သိလိုစိတ်ဖြင့် မေးလိုက်သည်။
ချူးယုချင်က ဘေးမှဝင်ပြောလိုက်သည်။
“အစ်မလင် လွင်ပြင်ဒေသ မျိုးနွယ်စုတပ်တွေ တောင်ဘက်ကို ချီတက်လာတော့မယ်၊ ချန်းလေးရဲ့ ဇနီးနဲ့ ကလေးတွေတောင် ရန်ခရိုင်ကနေ အန်းပင်မြို့ကို ပြောင်းရွှေ့တော့မှာပါ။”
ထိုကိစ္စသည် လျှို့ဝှက်ချက်မဟုတ်တော့ပါ။ မင်းသားစံအိမ်သည် မြောက်ပိုင်းမြို့တော်ရှိ ပြည်သူအားလုံးကို ကြေညာတော့မည် ဖြစ်၏။ မကြာခင်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုတပ်တွေ တောင်ဘက်ကို ချီတက်လာမည့် အကြောင်းကို လူတိုင်းသိသွားတော့မည် ဖြစ်သောကြောင့် ချူးယုချင်က တိုက်ရိုက်ပြောလိုက်ခြင်းဖြစ်သည်။
ချူးယုချင်၏ စကားကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့ ခဏမျှ ကြက်သေသေသွားကြသည်။ သူတို့ရောက်လာချိန်က လွင်ပြင်ဒေသ မျိုးနွယ်စုတွေ တောင်ဘက်ကို ချီတက်လာမယ့် အချိန်နှင့် တိုက်ဆိုင်နေမည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပါ။
သို့သော် လွင်ပြင်ဒေသ မျိုးနွယ်စုတပ်များ၏ တောင်ဘက်ကို ရွေ့လျားမှုက သူတို့ရဲ့ အစီအစဉ်တွေအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိမည်နည်း။ အမှန်တော့ မြောက်ပိုင်းနယ်စားမင်းသားဆိုသည်မှာ အသုံးမကျသော မင်းသားတစ်ပါးသာဖြစ်ပြီး သေခြင်းကို ကြောက်ရွံ့မည့်သူဖြစ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုတပ်များ တောင်ဘက်သို့ ရွေ့လျားလာတာသည်အမျှ သူလည်း လွတ်ကင်းရာ တောင်ဘက်အရပ်သို့ ထွက်ပြေးနိုင်ချေ များ၏။ သူတို့အနေနှင့်က မြောက်ပိုင်းနယ်စားမင်းသား၏ အနောက်ကို လိုက်ရုံသာ လိုအပ်သည်။
ထိုအခိုက်တွင် လင်ဝမ်ရွန်က
“မင်းသားကော ပြည်သူတွေနဲ့အတူ တောင်ဘက်ကို ရှောင်မှာလား”
ဟု မေးလိုက်သည်။
လုချန်းသည် ပြုံး၍
“မြောက်ပိုင်းမြို့တော်ဟာ ကျွန်တော့်ရဲ့ နယ်မြေဖြစ်ပြီး ကျွန်တော်ဟာ ဒီမြို့တော်ရဲ့ မင်းသားဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဘယ်လိုမှ မြောက်ပိုင်းမြို့တော်ကို စွန့်ခွာသွားနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်က ရန်ခရိုင်မှာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေနဲ့ အဆုံးစွန် တိုက်ပွဲဝင်ပြီး မြောက်ပိုင်းမြို့တော်ကို ကာကွယ်မှာပါ”
ဟု ပြောလိုက်သည်။
လုချန်း၏ စကားကို ကြားလိုက်ရသည်နှင့် ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့သည် တစ်ဖန် ကြက်သေသေ သွားကြပြန်သည်။
မြောက်ပိုင်းနယ်စားမင်းသားမှာ ဒီလိုမျိုး စိတ်ဓာတ်ရှိနေမယ်လို့ သူတို့ မျှော်လင့်မထားခဲ့ကြပါ။ အပြင်လောကတွင် မြောက်ပိုင်းနယ်စားမင်းသားသည် အသုံးမကျသော မင်းသားတစ်ပါးဖြစ်ပြီး သူ၏စံအိမ်မှာသာ ပျော်ပါး နေတတ်သူဟု ကောလာဟလများက ပြည့်နှက်နေသည် မဟုတ်ပါလား။
ဒီလို အသုံးမကျတဲ့ မင်းသားမှာ ဒီလောက်ထိ ဉာဏ်ပညာ ရှိနိုင်မပါ့လား။ ဒါမှမဟုတ် လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ တောင်ဘက် ချီတက်မှုဟာ ပုံမှန်အတိုင်း အင်အားအနည်းပါသည့် တပ်တစ်ခုသာ ဖြစ်ပြီး စားနပ်ရိက္ခာများကို လာရောက်လုယက်ဖို့သာ ဖြစ်တာမို့လို့ မြောက်ပိုင်းနယ်စားမင်းသားဟာ လွင်ပြင်ဒေသ မြင်းတပ်တွေ ရန်ခရိုင်ကို တိုက်ခိုက်မှာကို မကြောက်ရွံ့ပဲ နေနိုင်တာလား။
ထိုအချိန်တွင် ချန်ဝမ်ရွန်က
“မင်းသား။ ဒီတစ်ခါ လွင်ပြင်ဒေသ မျိုးနွယ်စုတွေဟာ တောင်ဘက်ကို ချီတက်ရာမှာ စစ်သည်ဘယ်နှစ်ယောက် စေလွှတ်ထားလဲဆိုတာ သိပါရစေ”
ဟု မေးလိုက်သည်။
လုချန်းက “
ကျွန်တော်တို့ စုဆောင်းထားတဲ့ ထောက်လှမ်းရေးအချက်အလက်တွေအရ ဒီတစ်ခါ လွင်ပြင်ဒေသ မျိုးနွယ်စုတွေဟာ မြောက်ပိုင်းမြို့တော်မှာ နိုင်ငံတစ်ခု တည်ထောင်ဖို့ ရည်ရွယ်ထားတာဖြစ်လို့ မြင်းတပ်သုံးသိန်းကို စေလွှတ်ဖို့ ရှိပါတယ်။ သူတို့ဟာ မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီး ရန်ခရိုင်ကို မြို့တော်အဖြစ် ပြောင်းလဲဖို့ စီစဉ်ထားပါတယ်”
ဟု ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် ချန်ဝမ်ရွန်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
စစ်သည်သုံးသိန်း။ သူမ သိထားသော ထောက်လှမ်းရေးအချက်အလက်များအရ မြောက်ပိုင်းမြို့တော်တွင် စစ်သည်သုံးသောင်းသာ ရှိ၏။
ဒီလိုအခြေအနေမှာ မြောက်ပိုင်းနယ်စားမင်းသားက တောင်ဘက်ကို ထွက်ပြေးဖို့ စီစဉ်မနေပဲ ရန်ခရိုင်မှာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေနဲ့ အပြတ်အသတ် တိုက်ပွဲဝင်မယ်လို့ ပြောနေတာလား။
သုံးသောင်းနဲ့ သုံးသိန်း တွေ့ဆုံသည့် စစ်ပွဲမှာ အနိုင်ရဖို့ အခွင့်အလမ်းမရှိပါ။
ဒါဟာ တကယ်ပဲ ကောလာဟလတွေထဲက အသုံးမကျတဲ့ မင်းသားလား။
သူ၏စိတ်ဓာတ်တစ်ခုတည်းနဲ့တင် နေပြည်တော်တွင်ရှိသော အရာရှိကြီးများ နေ့စဉ်ပျော်ပါးနေတတ်သော မင်းညီမင်းသားတွေထက် သာလွန်နေပြီသည်။ မြောက်ပိုင်းနယ်စားမင်းသားနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပြီးနောက် ချန်ဝမ်ရွန်၏ နှလုံးသားထဲတွင် လုချန်းအပေါ် သဘောထားအမြင်များ သိသိသာသာ ပြောင်းလဲသွားသည်။
သူမယုံကြည်သည်မှာ လျှို့ဝှက်လဝန်းနန်းတော်ရှိ ထောက်လှမ်းရေးအချက်အလက်များက မှားယွင်းနေနိုင်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏စံအိမ်အတွင်းမှာပဲ ပျော်ပါးနေတတ်သည်ဆိုသော ကောလာဟလတွေထဲက လူတစ်ယောက် မဖြစ်နိုင်ပါ။
......
အခန်း (၈၀)
အချိန်ကျလာရင် မင်းကိုတကယ် ကိုင်တွယ်မယ်
လုချန်း၏ စကားကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန်က မေးလိုက်သည်။
“မင်းသား။ ဒေါ်လေးကြားတာကတော့ မြောက်ပိုင်းမြို့တော်မှာ စစ်သည်သုံးသောင်းပဲ ရှိတယ်လို့ ကြားရပါတယ်။ ဒါပေမယ့် မင်းသားက လွင်ပြင်ဒေသ မျိုးနွယ်စုတွေဟာ စစ်သည်သုံးသိန်းနဲ့ တောင်ဘက်ကို ချီတက်လာမယ်လို့ ပြောပါတယ်။ မြောက်ပိုင်းမြို့တော်ရဲ့ စစ်သည်သုံးသောင်းဟာ စစ်သည်သုံးသိန်းကို ခုခံပါ့မလား”
ထိုမေးခွန်းကို ကြားလိုက်ရတော့ လုချန်းက မကြောက်မရွံ့သည့် ပုံစံဖြင့်
“ ခံနိုင်ရည်မရှိရင်တောင် ကြိုးစားကြည့်ရမှာပါ။ ကျွန်တော်ဟာ မြောက်ပိုင်းမြို့တော်ရဲ့ မင်းသားဖြစ်ပါတယ်။ မြောက်ပိုင်းမြို့တော်ရဲ့ မြေကို ဆုံးရှုံးသွားရင် ကျွန်တော့်ကို မြောက်ပိုင်းမြို့တော်ရဲ့ မင်းသားလို့ ခေါ်နိုင်မှာလား။ ရှနိုင်ငံတော်ရဲ့ နယ်စားလို့ ခေါ်ဆိုနိုင်မှာလား။ နေပြည်တော်ကို ပြန်သွားပြီး ကျွန်တော့်ဖခင် ဆွမ်ဧကရာဇ်ကို ဘယ်လိုမျက်နှာပြရမလဲ။ မြောက်ပိုင်းမြို့တော်ရဲ့ ပြည်သူတွေကို ဘယ်လိုမျက်နှာပြရမလဲ”
ဟု ပြောလိုက်သည်။
ဒါက...
ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့သည် လုချန်း၏ စကားကို ကြားလိုက်ရသည်နှင့် မယုံနိုင်စရာ တစ်ခုဟု ထင်မြင်လိုက်ကြသည်။
ဒါက သူတို့နှစ်ဦးသိထားတဲ့ မြောက်ပိုင်းနယ်စားမင်းသားနဲ့ မတူပေ။
ထိုအချိန်တွင် ချူးယုချင်သည် လုချန်းကို မကျေမနပ် ဖြစ်နေသော မျက်နှာဖြင့် ကြည့်နေသည်။ သူမသည် အရူးမ မဟုတ်ပါ။ လုချန်းသည် ချန်ဝမ်ရွန်နှင့် လင်းဝမ်ရွန်တို့အား အပိုဟန်လုပ်ပြနေသည်ကို ချက်ချင်းသတိထားမိသည်။
လုချန်းသည် အမှန်တကယ်ပင် ထိုကဲ့သို့ သတ္တိရှိပြီး ရန်ခရိုင်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်ကို ချီတက်မှုကို ခုခံရန် အမှန်တကယ် စီစဉ်နေသော်လည်း လုချန်းသည် ပုံမှန်အားဖြင့် ထိုကဲ့သို့ စကားမပြောပါ။ ထိုကဲ့သို့ အပိုဟန်မများ တတ်ပါ။
သူ၏ တရားမျှတပြီး ဂုဏ်သိက္ခာရှိဟန် သရုပ်ဆောင်မှုသည် ထိုမိန်းကလေးများ အထင်ကြီးအောင် တမင်လုပ်ပြနေခြင်းသာ ဖြစ်သည်။
ဒါက ဘာကို ဆိုလိုတာလဲ။ ဒါက လုချန်းသည် လျှို့ဝှက်လဝန်းနန်းတော်သခင်ကို စိတ်ဝင်စားနေပြီး သူမ၏ရှေ့တွင် ဝင့်ကြွားလိုနေခြင်းဖြစ်သည်။ သူ၏ ယောက်ျားပီသသော ဟန်ပန်ကို ပြသလိုနေခြင်း ဖြစ်သည်။
တကယ်တော့ ချူးယုချင်သည် အချက်တစ်ချက်ကို လျစ်လျူရှုခဲ့သည်။ လုချန်းသည် ချန်ဝမ်ရွန်အတွက်သာမက လင်ဝမ်ရွန်ကိုလည်း ထပ်တူစိတ်ဝင်စားနေသည်။
ချန်ဝမ်ရွန်သည် ထိုအချိန်တွင် သူမ၏ မျက်ခုံးများကို အနည်းငယ်ပင့်ကာ တွေးတောနေသည်။
မူလကတော့ မြောက်ပိုင်းမြို့တော်ကို သွားရောက်ပြီး သူတို့၏ အစီအစဉ်ကို အလွယ်တကူ အကောင်အထည်ဖော်နိုင်မည်ဟု ထင်ခဲ့သော်လည်း မျှော်လင့်မထားသော အခြေအနေများစွာကို ကြုံတွေ့ရမည်ဟု မထင်ထားခဲ့ပေ။ ပထမဆုံးအနေနဲ့ မြို့တော်ထဲကို ဝင်ရောက်စဉ်မှာ ဆွမ်ဧကရာဇ်၏ အရိပ်ကိုယ်ရံတော်ကို တွေ့ခဲ့ရပြီး အခုတော့ မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့စိတ်ထဲမှာ ရှိနေသော လူနဲ့ လုံးဝမတူကြောင်း သိလိုက်ရခြင်းဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားအပေါ် ချစ်ခြင်းပိုးဖြင့် အသုံးပြုရန်မှာလည်း လွယ်ကူမည် မဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ကျူးကျော်မှုကို တွန်းလှန်ပြီးသည်အထိ စောင့်ရမည် ဖြစ်သည်။
သို့သော် မြောက်ပိုင်းနယ်စားမင်းသားသည် ရန်ခရိုင်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုတပ်များနှင့် အဆုံးစွန် တိုက်ပွဲဝင်ရန် စိတ်ပိုင်းဖြတ်ထားပါက မြောက်ပိုင်းနယ်စားမင်းသား စစ်ပွဲတွင် ကျဆုံးသွားနိုင်ချေမှာ အတော်မြင့်မားသည်။
မြောက်ပိုင်းနယ်စားမင်းသား သေဆုံးပါက သူတို့သည် သူ၏သွေးကို အသုံးပြု၍ လျှို့ဝှက်နဂါးမန္တာန်ကျင့်စဉ်ကို ဆက်နိုင်တော့မည် မဟုတ်ပေ။
မြောက်ပိုင်းနယ်စားမင်းသားကို စွန့်လွှတ်ရမည်လား။
ထိုအချိန်တွင် လုချန်းသည် လင်ဝမ်ရွန်ကို ပြုံးပြလိုက်ပြီး
“ဒေါ်လေး၊ ဒေါ်လေးနဲ့ ဒေါ်လေးချူးတို့ ဒီရက်ပိုင်း တောင်ဘက်အန်းပင်မြို့ကို ခရီးထွက်ကြမလား။ ကျွန်တော် လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ ကျူးကျော်မှုကို တွန်းလှန်ပြီးတဲ့ အခါကျရင် မြောက်ပိုင်းမြို့တော်ကို ပြန်လာလည်ချင်ရင် ပြန်လာလို့ရပါတယ်”
ဟု ပြောလိုက်သည်
“အဲ့ဒီအချိန်ကျရင် ဒေါ်လေးတို့ နှစ်ယောက်လုံးကို ကျွန်တော်ကောင်းကောင်း ပြုစုပါ့မယ်။”
ယခု လုချန်းသည် နဂါးဖီးနစ်လက်ဖက်ရည်၏ စွမ်းအားကို ယုံကြည်နေပြီဖြစ်သည်။ ထိုလက်ဖက်ရည်၏ သက်ရောက်မှုကြောင့် ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့ မြောက်ပိုင်းမြို့တော်သို့ ပြန်လာမည်ဟု သူယုံကြည်သည်။
ထို့ပြင် လျှို့ဝှက်နဂါးမန္တာန် ဖန်တီးရန် သူ့သွေးကို သူတို့လိုအပ်နေသည်။ ထိုရည်မှန်းချက်များ မပြည့်မီ သူတို့သည် မြောက်ပိုင်းမြို့တော်မှ ထွက်ခွာသွားလိမ့်မည် မဟုတ်ပါ။
ထိုအချက်က လုချန်းအား သူဝမ်ချင်းစီကို ကိုင်တွယ်ခဲ့စဉ်က တွေးမိခဲ့သည့် သဘောတရားတစ်ခုကို သတိရသွားစေသည်။ မုဆိုးသည် သားကောင်အသွင်ဖြင့် ပေါ်လာတတ်သည်။
လက်ရှိအချိန်တွင် သူသည် သားကောင်အဖြစ် ထင်မြင်ရသော်လည်း လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အရေးပေါ်အခြေအနေ ပြေလည်သွားပါက အမဲလိုက်သူအဖြစ် ချက်ချင်း ပြောင်းလဲသွားမည်ဖြစ်သည်။
လင်ဝမ်ရွန်သည် လုချန်း၏စကားကို တုံ့ပြန်ခြင်းမရှိပဲ ချန်ဝမ်းရွန်ဘက်သို့ လှည့်ကြည့်လိုက်၏။ လျှို့ဝှက်လဝန်းနန်းတော်၏ ခေါင်းဆောင်အဖြစ် ဆုံးဖြတ်ချက်ချရန် တာဝန်က သူမအပေါ်တွင်သာ ရှိနေသည်။
ချန်ဝမ်းရွန်က မျက်နှာအပြောင်းအလဲမရှိပဲ
“ကောင်းပါပြီ”
ဟု ပြောလိုက်သည်။ လက်ရှိအခြေအနေတွင် မြောက်ပိုင်းမြို့တော်တွင် ဆက်လက်နေထိုင်ရန် မသင့်တော့ပါ။
တကယ်တော့ ချန်ဝမ်းရွန်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ ကျူးကျော်မှုကို အခွင့်ကောင်းယူ၍ မြောက်ပိုင်းနယ်စားမင်းသား သေဆုံးသွားသည့်ပုံ စီစဉ်ကာ သူ့အား လျှို့ဝှက်လဝန်းနန်းတော်သို့ ခိုးယူသွားရန် စဉ်းစားနေခြင်းဖြစ်သည်။ ထိုသို့စီစဉ်နိုင်လျှင် လုချန်း၏သွေးဖြင့် လျှို့ဝှက်နဂါးမန္တာန်ကို အောင်မြင်စွာ ဖန်တီးနိုင်မည် ဖြစ်သည်။
သို့သော် သူမသည် ထိုအကြံအစည်ကို လျင်မြန်စွာ စွန့်လွှတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်စားမင်းသားသည် မင်းသားတစ်ပါးဖြစ်နေသေးသည်။ သူတို့သည် သူ၏သေဆုံးမှုကို အတုလုပ်နိုင်ခဲ့သည့်တိုင် တစ်ယောက်ယောက်က သတိထားမိသွားနိုင် ချေမှာ အလွန်မြင့်မားနေသည်။
အကယ်၍ ဆွမ်ဧကရာဇ်က လျှို့ဝှက်လဝန်းနန်းတော်မှ မင်းသားတစ်ပါးကို ပြန်ပေးဆွဲထားသည်ကို သိရှိသွားပါက ဆွမ်ဧကရာဇ်ကို သတိပေးလိုက်သလို ဖြစ်သွားနိုင်မည်ဖြစ်သည်။
ဟုတ်ပါသည်။ ထိုအချက်သည် အရေးအကြီးဆုံး အချက်တော့မဟုတ်ပါ။ အဓိကအရေးကြီးဆုံးသော အချက်မှာ ထိုလုပ်ရပ်သည် လျှို့ဝှက်နဂါးမန္တာန်ကျင့်စဉ် မအောင်မြင်မီ ဆွမ်ဧကရာဇ် နှင့် လျှို့ဝှက်လဝန်းနန်းတော်တို့ အကြား ပဋိပက္ခတစ်ခု ဖြစ်သွားနိုင်သည်ဆိုသည့် အချက်ဖြစ်သည်။
ရှနိုင်ငံ၏ အာဏာရှိမိသားစုများ သို့မဟုတ် နန်းတွင်းအရာရှိများနှင့် မတူပဲ လျှို့ဝှက်လဝန်းနန်းတော်သည် ဆွမ်ဧကရာဇ်နှင့် ရှိသင့်သည့် နောက်ဆုံးစည်းတစ်ခုကို ကောင်းစွာနားလည်သိရှိထားသည်။ ထိုစည်းကို မချိုးဖောက်နိုင်မီအချိန်အထိ လျှို့ဝှက်လဝန်းနန်းတော် သည် ဆွမ်ဧကရာဇ်နှင့် တိုက်ရိုက်ရင်ဆိုင်ရန် စွန့်စားမှု ပြုမည်မဟုတ်ပေ။
အပြင်လူများအတွက် ဆွမ်ဧကရာဇ် သည် ထိပ်သီးပညာရှင်တစ်ဦးမျှသာဖြစ်သော်လည်း လျှို့ဝှက်လဝန်းနန်းတော် ကမူ သူ၏ကြောက်မက်ဖွယ်ကောင်းမှုကို ကောင်းစွာသိရှိထားသည်။ လက်ရှိတွင် လျှို့ဝှက်လဝန်းနန်းတော်၏ မြင့်မြတ်သော ပစ္စည်းတစ်ခုသည် ချူးယွဲ့ ကြောင့် ဆွမ်ဧကရာဇ်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့၏။ ထို့ကြောင့် သူတို့သည် ဆွမ်ဧကရာဇ် နှင့် ယှဉ်ပြိုင်နိုင်စွမ်း ပို၍နည်းသွားသည်။
ရှနိုင်ငံ နယ်မြေအတွင်းရှိ အာဏာရှိသူအားလုံးသည် နိုင်ငံတော် ပညာရှိ စစ်တူစီကို ကြောက်ရွံ့ကြသော်လည်း လျှို့ဝှက်လဝန်းနန်းတော်ကမူ ဆွမ်ဧကရာဇ်ကိုသာ သူတို့၏ ရန်သူအစစ်အဖြစ် မှတ်ယူထားသည်။
ချန်ဝမ်ရွန် ၏စကားကို ကြားပြီးနောက် လုချန်းက ထလိုက်ကာ
“အဲ့ဒါဆို ဒေါ်လေးချူး၊ ဒေါ်လေးလင်းနှင့် ချန်မိန်းကလေးတို့ ကျေးဇူးပြုပြီး ဆက် စကားပြောကြပါ။ ကျွန်ုတော် သွားလိုက်ပါဦးမယ်။ ခင်ဗျားတို့ကို အနှောင့်အယှက်
မပေးတော့ပါဘူး။”
ထို့နောက် လုချမ်းက လှည့်ပြီး အဆောင်ငယ်ထဲမှ ထွက်သွားသည်။
လုချမ်း ထွက်သွားပြီးနောက် လင်ဝမ်ရွန်က ချူယူချင်းလက်ကို ချက်ချင်းကိုင်လိုက်ကာ ပြောလိုက်သည်။
“ယုချင် အပြင်ကလူတွေက မြောက်ပိုင်းနယ်စားမင်းသားကို အသိပညာကင်းပြီး ကာမဂုဏ်ပဲ စွဲလမ်းနေတဲ့သူလို့ ပြောနေကြတယ်။ ဒါပေမယ့် ငါကတော့ သူ့ကို အဲဒီလိုမျိုး မထင်ဘူး။”
ထိုစကားကို ကြားပြီး ချူးယုချင်က ပြုံးရင်းပြောလိုက်သည်။
“ချမ်းက မြောက်ပိုင်းမြို့တော်ကို ရောက်လာပြီးကတည်းက အတော်လေး ရင့်ကျက်လာတယ်။ လူတွေရဲ့ ခက်ခဲတဲ့ဘဝတွေကို မြင်ရတဲ့အတွက် သူ့စိတ်ထဲမှာ တာဝန်သိစိတ် ဖြစ်လာတာလည်း ဖြစ်နိုင်တယ်။”
“သူ့ရဲ့ ကာမဂုဏ်စွဲလမ်းမှုအကြောင်း ပြောရရင်…”
ချူယူချင်းက စကားကို ခဏရပ်ပြီး ဆက်ပြောသည်၊
“ယောက်ျားတိုင်းမှာ ကာမဂုဏ်ကို စွဲလမ်းမှု ရှိတယ်လို့ ငါမြင်တယ်။ ချမ်းမှာ ဒီလိုစိတ်ရှိတာကို ငါကတော့ ဘယ်လိုမှ သဘောမထားဘူး။”
“သူ့မှာ ကာမဂုဏ်စွဲလမ်းမှု မရှိဘူးဆိုရင် သူ့ရဲ့မျိုးဆက်ကို ဆက်ခံဖို့ ဘယ်လိုလုပ်နိုင်မှာလဲ။”
ချူးယုချင်၏ စကားကို ကြားပြီး လင်ဝမ်ရွန်၏ စိတ်ထဲတွင် သံသယအနည်းငယ် ဖြစ်လာသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်ကို ရောက်လာပြီး တကယ်ပဲ ပြောင်းလဲသွားပြီလား။
သို့သော် မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းမြို့တော်ကို ရောက်လာပြီး သူ့စံအိမ်မှာ မိန်းမလှများစွာထားပြီး နေ့ညမပြတ် ပျော်ပါးနေသည်ဟု သူတို့ ကြားခဲ့ရသည်မှာ မှန်ပါသလား။ သူ၏ လက်အောက်ခံများ၏ ရှင်ခြင်း သေခြင်းကိုပင် ဂရုမစိုက်ဘူးဆိုတာကကော ဘာလဲ။
သို့သော် ယခုအချိန်သည် ထိုကိစ္စများဖြင့် ရှုပ်ထွေးနေရမည့် အချိန်မဟုတ်ပေ။
ထိုအခိုက်တွင် ချူးယုချင်က ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေသော ချန်ဝမ်ရွန်ကို ကြည့်လိုက်သည်။ ချန်ဝမ်ရွန်၏ အလှအပသည် ပတ်ဝန်းကျင်နှင့် ရောယှက်၍ သဟဇာတ ဖြစ်နေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတစ်ယောက်ကို ပျော်ရွှင်စေနိုင်သည်။
ချူးယုချင် သူမ၏ စိတ်ထဲတွင် ပြန်လည်သုံးသပ်မိသည်။ သူမသည် လျှို့ဝှက်လဝန်းနန်းတော်၏ သခင်ဖြစ်သည်မှာ အံ့သြစရာ တော့မဟုတ်ပါ။ ဟိုကောင်စုတ်လေးက သူမကို အမြဲတမ်း စိုက်ကြည့်နေသည်မှာလည်း အံ့သြစရာမဟုတ်ပါ။
ကံမကောင်းစွာပင် လျှို့ဝှက်လဝန်းနန်းတော်၏ သခင်သည် တစ်စုံတစ်ဦးကို ရိုးရိုးရှင်းရှင်း လက်ထပ်၍ မရပါ။ ထိုကောင်စုတ်လေးသည် ကြည့်ရုံသာ ကြည့်နိုင်ပြီး သူမကို ထိတွေ့ခွင့် လုံးဝမရှိပေ။
ထိုအချိန်တွင် လင်ဝမ်ရွန်က ပြုံးရင်းပြောလိုက်သည်။
“ယုချင် နေပြည်တော်မှာ ဒီနှစ်တွေအတွင်း ဘာတွေဖြစ်ခဲ့လဲ ငါ့ကို ပြောပြနိုင်မလား။ ငါ နေပြည်တော်ကို ပြန်မလာတာ ကြာပြီ။”
ချူယူချင်းက
“အင်း”
ဟု ပြန်ဖြေလိုက်သည်။
ထို့နောက် လှပသော အမျိုးသမီးနှစ်ဦးသည် ဘေးချင်းယှဉ်ထိုင်ကာ ရင်းနှီးစွာ စကားပြောကြသည်။ ညနေခင်း အချိန်တွင် အနက်ရောင် ဝတ်စုံဖြင့် ဓားရှည်တစ်လက်ကိုင်ထားသော အမျိုးသမီးတစ်ဦးသည် မင်းသားစံအိမ်၏ ဝင်ပေါက်တွင် ပေါ်လာသည်။
စဲအိမ်ဝင်ပေါက်တွင် ဓားကိုင်လျက် ရောက်နေသူတစ်ဦးကို တွေ့မြင်သောအခါ စံအိမ်၏ အစောင့်များက ချက်ချင်းပင် သူမကို ဝိုင်းထားလိုက်ကြသည်။
“ဘယ်သူလဲ”
သူတို့က မေးမြန်းလိုက်သည်။
ထိုအမျိုးသမီးက တုန်လှုပ်မှု မရှိပဲ အေးစက်သောအသံဖြင့် ပြောလိုက်သည်။
“ကျွန်မ ဒေါ်လေးချူးကို တွေ့ချင်ပါတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ အစောင့်များလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဘာလုပ်ရမှန်း မသိဖြစ်နေကြသည်။
ထို့နောက် အဖွဲ့ခေါင်းဆောင်က ပြောလိုက်သည်။
“ကျေးဇူးပြုပြီး စောင့်ပေးပါ။ ကျွန်တော် အရီးတော်ချူးကို ချက်ချင်း အကြောင်းကြားလိုက်ပါမယ်။”
နေ့ခင်းပိုင်းတွင် အမျိုးသမီးနှစ်ဦး စံအိမ်သို့ လာရောက်ခဲ့ပြီးဖြစ်သောကြောင့် အဖွဲ့ခေါင်းဆောင်က ဤအမျိုးသမီးသည်လည်း စံအိမ်၏ ဧည့်သည်တစ်ဦးဖြစ်နိုင်သည်ဟု တွေးမိကာ ချက်ချင်းပင် ချူးယုချင်ထံ အစီရင်ခံလိုက်သည်။
စံအိမ်ဝင်ပေါက်တွင် အမျိုးသမီးတစ်ဦး ထပ်မံရောက်ရှိလာကြောင်း ကြားလိုက်ရသောအခါ ချူးယုချင် ရုတ်တရက် စိတ်ရှုပ်ထွေးသွားသည်။
ဒီနေ့ ဘာတွေဖြစ်နေတာလဲ။
ဘာကြောင့် ဧည့်သည်အားလုံး တစ်ပြိုင်နက်တည်း ရောက်လာနေကြတာလဲ။
..........
အခန်း (၈၁) ပိုင်ချင်းချင်း
ချူးယုချင်သည် အခုလာရောက်သူ မည်သူမည်ဝါဖြစ်သည်ကို မသိသော်လည်း ဧည့်သည်ရောက်ရှိလာသည် ဖြစ်သောကြောင့် ဧည့်ခံရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ ထို့နောက် ချူးယုချင်သည် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ ယုံကြည်စိတ်ချရသော လူယုံတစ်ဦးနှင့်အတူ ဝင်ပေါက်သို့ လိုက်ပါသွားခဲ့သည်။
နယ်စားမင်းသား၏ စံအိမ်မှ ထွက်လာသည့်အချိန်တွင်တော့ ချူးယုချင်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ထိုအမျိုးသမီးသည် အများကြီး ပြောင်းလဲသွားပြီး ပို၍လည်လှပလာ၏။ သူမ၏ပုံစံက အလွန်တရာ အေးစက်နေသော်လည်း ချူးယုချင်သည် သူမနှင့် ပထမဆုံး မျက်နှာချင်းဆုံသည်နှင့် သူမကို မှတ်မိသွားခဲ့သည်။
ချူးယုချင်က မယုံကြည်နိုင်သလို ပြောလိုက်သည်။
“ပိုင်လေး...။”
ပိုင်ချင်းချင်း၏ မျက်နှာပေါ်ရှိ အမူအရာသည် ရေခဲနေသကဲ့သို့ အေးစက်နေဆဲဖြစ်သည်။
ချူးယုချင်သည် သူမ၏ အေးစက်သော အမူအရာကြောင့် ဘာမှသံသယမဖြစ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ပိုင်ချင်းချင်းသည် ငယ်စဉ်ကတည်းက အမြဲတမ်း ဤကဲ့သို့ပင်ဖြစ်နေခဲ့သည်။
ထိုစဉ်က သူမကို ခေါ်ဆောင်သွားခဲ့သော ထိပ်သီးပညာရှင်က သူမတွင် ထူးခြားသော သဘာဝရှိသည်ဟု ပြောခဲ့သည်။ ထိုသဘာဝကြောင့် သူမသည် တစ်သက်လုံး ဘယ်သောအခါမှ ခံစားချက်များ မရှိနိုင်ဟု ဆိုခဲ့သည်။ ထို့ကြောင့် သူမသည် ထူးချွန်သော သိုင်းပညာရှင် တစ်ဦးဖြစ်လာနိုင်သည်ဟု ဆိုခဲ့သည်။
ချူးယုချင်သည် ပိုင်ချင်းချင်းကို နောက်တစ်ကြိမ် ထပ်မြင်တွေ့ရတော့မည် မဟုတ်ဟု ထင်ခဲ့သည်။ သို့သော် ယနေ့တွင် သူမသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ရောက်နေပြီဖြစ်သည်။
ချူးယုချင်သည် ချက်ချင်းပင် ပိုင်ချင်းချင်းထံသို့ ချဉ်းကပ်သွားခဲ့သည်။ ပိုင်ချင်းချင်းကမျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
“ဒေါ်လေးချူး၊ ကျွန်မ မြောက်ပိုင်းမြို့တော်ကို ဖြတ်သွားတုန်း ဒေါ်လေးဆီကို လာလည်ချင်လို့ ရောက်လာတာပါ။”
ပိုင်ချင်းချင်း၏ အမူအရာသည် အလွန်အေးစက်နေသော်လည်း ထိုစကားကို ကြားလိုက်ရသည်နှင့် ချူးယုချင်၏ စိတ်ထဲတွင် ကြီးမားသော စိတ်လှုပ်ရှားမှု လှိုင်းတံပိုးများကို ခံစားလိုက်ရသည်။
ပိုင်ချင်းချင်းသည် ချူးယုချင်၏ အစ်မ ချူးယွဲ့မှ မွေးစားထားသော အစေခံအမျိုးသမီးတစ်ဦးဖြစ်သည်။ မူလက ချူးယွဲ့သည် ပိုင်ချင်းချင်းကို လုချန်း၏ ကိုယ်လုပ်တော်အဖြစ် ထားရန် ရည်ရွယ်ခဲ့သော်လည်း ပိုင်ချင်းချင်း၏ သိုင်းပညာစွမ်းရည်ကို တွေ့ရှိပြီးနောက် ထိုအကြံကို ယာယီ စွန့်လွှတ်ခဲ့သည်။
ချူးယွဲ့ကွယ်လွန်သွားပြီးနောက် ပိုင်ချင်းချင်းကို သူမ၏ သိုင်းပညာစွမ်းရည်ကို သတိထားမိခဲ့သော ထိပ်သီးပညာရှင်က ခေါ်ဆောင်သွားခဲ့သည်။
ပိုင်ချင်းချင်းသည် လုချန်းထက် အသက်သုံးလေးနှစ်ခန့်သာ ကြီးသည်။ နန်းတော်အတွင်း နေထိုင်စဉ်က ချူးယွဲ့က သူမကို လုချန်း၏ အိပ်ရာဝင်အစေခံအဖြစ် ထားရန် ရည်ရွယ်ခဲ့သည့်အတွက် သူတို့သည် အတူတကွ စားသောက်ကာ ရင်းရင်းနှီးနှီး နေထိုင်ခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ချူးယုချင်၏ မျက်လုံးထဲတွင် ပိုင်ချင်းချင်းသည် ညီမလေးတစ်ယောက်ကဲ့သို့ပင် ဖြစ်လာခဲ့သည်။
ကြာမြင့်စွာ မတွေ့ခဲ့ရသော ညီမလေးကို ပြန်လည်တွေ့ရှိရသည့်အခါ ချူးယုချင် အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။
ထိုအချိန်တွင် ချူးယုချင်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ဘေးနားရှိ အစောင့်တစ်ဦးထံ လှည့်၍ ပြောလိုက်သည်။ “ချက်ချင်းသွားပြီး မင်းသားကို ပိုင်ချင်းချင်း ရောက်ရှိလာပြီလို့ ပြောလိုက်ပါ။”
“ဟုတ်ကဲ့၊ အရီးတော်ချူး။”
ထိုအစောင့်သည် သူ့ရှေ့တွင် ရပ်နေသော အမျိုးသမီးကို သိကျွမ်းခြင်းမရှိသော်လည်း ချူးယုချင်၏ စိတ်လှုပ်ရှနေသော အမူအရာကို ကြည့်ပြီး သူမသည် နယ်စားမင်းသားအတွက်လည်း အထူးအရေးကြီးသူ ဖြစ်မည်ဟု ယူဆလိုက်သည်။
အစောင့်၏ အသံပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် သူသည် လှည့်ပြီး နယ်စားမင်းသား၏ စံအိမ်အတွင်းသို့ ဝင်ကာ လုချန်းအား အကြောင်းကြားရန် ထွက်သွားခဲ့သည်။
ချူးယုချင်သည် ပိုင်ချင်းချင်းထံ ချဉ်းကပ်လာကာ သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လက်ကို ကိုင်ပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“ပိုင်လေး၊ ဒီနှစ်တွေအတွင်း မင်းဘယ်တွေ ရောက်နေခဲ့တာလဲ။”
ပိုင်ချင်းချင်းက ပြန်ပြောလိုက်သည်။
“ကျွန်မ ဆရာနဲ့အတူ တောတောင်တွေထဲမှာ သိုင်းပညာ လေ့ကျင့်နေခဲ့တာပါ။”
ချူးယုချင်က ပြန်ပြောလိုက်သည်။
“သိပ်ကို ခက်ခဲမှာပဲ။”
ပိုင်ချင်းချင်းက အေးစက်စွာဖြင့်
“မခက်ခဲပါဘူး။”
ချူးယုချင်က ပြုံးရိပ်သန်းသွားပြီး ဆက်ပြောလိုက်သည်။
“ ချန်းက မင်းရောက်လာတာသိရင် သိပ်ပျော်မှာပဲ။ မင်းထွက်သွားပြီးနောက် သူက နေ့တိုင်း မင်းကိုလွမ်းပြီး ညပေါင်းများစွာ အိပ်မပျော်ဘဲ နေခဲ့ရတယ်။”
ထိုအတောအတွင်း နယ်စားမင်းသား၏ စံအိမ်အတွင်း။
လုချန်းသည် သူ၏ စာကြည့်ခန်းထဲတွင် အထူးကိုယ်ရံတော်များမှ စုဆောင်းထားသော ထောက်လှမ်းရေးအစီရင်ခံစာများကို ကြည့်ရှုနေစဉ် အစောင့်တစ်ဦး ဝင်လာပြီး ပြောလိုက်သည်။
“မင်းသား။ ဒေါ်လေးချူးက ပိုင်ချင်းချင်းဆိုတဲ့ အမျိုးသမီး စံအိမ်ကို ရောက်လာပြီလို့ ပြောဖို့ ကျွန်တော့်ကို လွှတ်လိုက်ပါတယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်းသည် ခဏမျှ ငြိမ်သက်သွားခဲ့သည်။ ထိုနာမည်သည် အလွန်ဝေးကွာနေသကဲ့သို့ ခံစားရသည်။ သူမေ့သွားတော့မည် ဖြစ်သည်။ သို့သော် ငယ်စဉ်တုန်းက ညတိုင်း သူဖက်၍အိပ်စက်ခဲ့ရသော အိပ်ရာဝင်အစေခံအကြောင်းကိုမူ သူအမှတ်ရနေဆဲဖြစ်သည်။
“ပိုင်ချင်းချင်းလား။ အမေက ငါ့အတွက် စီစဉ်ပေးထားတဲ့ ကိုယ်လုပ်တော်လေးလား။”
လုချန်းသည် ပိုင်ချင်းချင်းအပေါ် နက်ရှိုင်းသော အမှတ်ရမှုရှိသော်လည်း သူမ၏ နာမည်ကိုမူ သိပ်မရင်းနှီးခဲ့ပေ။ သူမသည် ပိုင်ဆိုသော မျိုးနွယ်ဖြစ်သည်ကိုသာ သူသိခဲ့သည်။
ထို့အပြင် ထိုကိုယ်လုပ်တော်သည် အမြဲတမ်း မျက်နှာအမူအရာမရှိပဲ အေးစက်နေတတ်ပြီး မည်သည့်အခါကမှ ခံစားချက်များကို မပြသခဲ့သည်ကို သူအမှတ်ရနေဆဲဖြစ်သည်။ ထိုအချက်က သူ့အတွက် စိတ်ဝင်စားဖွယ်ကောင်းနေခဲ့သည်။ ထိုမိန်းကလေးသည် သူ့ကို လုံးဝမကြောက်ရွံ့ခဲ့ပေ။ သူသည် မင်းသားဖြစ်နေသော်လည်း သူမက သူ့ကို မကြောက်ခဲ့ပေ။
သူ့မှာ လုပ်စရာ မရှိသည့် အခါတိုင်း သူသည် ထိုကိုယ်လုပ်တော်ကို ရယ်မောစေရန် ကြိုးစားလေ့ရှိသည်။
တစ်ခါတစ်ရံ သူသည် အိပ်ရာထဲတွင် သူမကို စနောက်တတ်၏။ ဝမ်းနည်းစရာကောင်းသည်မှာ သူမသည် သူ့ဘေးတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သော်လည်း သူမကို တစ်ခါလေးမှ ရယ်မောအောင် မလုပ်နိုင်ခဲ့ဖူးပေ။
နောက်ပိုင်းတွင် ပိုင်ချင်းချင်းသည် မွေးကတည်းက ခံစားချက်မရှိသူဖြစ်သည်ဟု သူ့အမေထံမှ ကြားသိရ၏။ ထိုအခါမှ သူမသည် အဘယ်ကြောင့် အမြဲတမ်း ကျောက်သားလို အေးစက်နေရသည်ကို သူနားလည်သွားခဲ့သည်။
ခံစားချက်မရှိသော အမျိုးသမီးတစ်ဦးသည် မည်သည့်အမူအရာမျှ မပြသပဲ နေမည်မှာ သဘာဝပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု သို့မဟုတ် ရွှင်လန်းမှုတို့ကို မည်သို့ဖော်ပြရမည်ကိုပင် မသိခဲ့ပေ။
အနည်းငယ်စဉ်းစားပြီးနောက် လုချန်းက သူ့ကိုယ်သူ ပြောလိုက်သည်။
“ငါမှတ်မိတာက သူဟာ ထိပ်သီးပညာရှင်တစ် ယောက်နဲ့အတူ သိုင်းပညာသင်ကြားဖို့ လိုက်သွားတယ်လို့ ထင်တယ်။ သူက ဘယ်လိုလုပ်ပြီး မြောက်ပိုင်းမြို့တော်ကို ရောက်လာတာလဲ။”
လုချန်းသည် ထို့နောက် သူ့ထိုင်ခုံမှ ထလာကာ တံခါးကိုဖွင့်ပြီး မေးလိုက်သည်။
“သူအခု ဘယ်မှာလဲ။”
အစောင့်က ပြန်ဖြေလိုက်သည်။
“မင်းသား။ ဒေါ်လေးချူးနဲ့ အဲ့ဒီ အမျိုးသမီးက စံအိမ်ရဲ့ ဝင်ပေါက်မှာ ရှိနေပါသေးတယ်။”
အစောင့်၏ စကားဆုံးသည်နှင့် လုချန်းသည် မဆိုင်းမတွပင် စံအိမ်ဝင်ပေါက်သို့ ထွက်သွားလိုက်သည်။ ဝင်ပေါက်သို့ ရောက်ရှိသောအခါ ရေခဲတောင်ကြာပန်းကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။
သူမ၏ ခန္ဓာကိုယ်မှ ထူးခြားသော အငွေ့အသက်တစ်မျိုး ထွက်နေသကဲ့သို့ ခံစားရပြီး လူများကို သူမထံ မချဉ်းကပ်ဝံ့အောင် တားဆီးနေသည်။ သူမထံ ချဉ်းကပ်မိပါက သူမ၏ အေးစက်မှုကို ခံစားရမည်ဟု ထင်ရသည်။
ပိုင်ချင်းချင်းသည် ငယ်စဉ်ကထက် အများကြီး ပြောင်းလဲသွားခဲ့သည်။ သူမသည် ပို၍လှပလာပြီး ခန္ဓာကိုယ်ကလည်း ရှိသင့်ရှိထိုက်သော ကောက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။ အေးစက်သော သူမ၏ မျက်နှာနှင့် ပေါင်းစပ်လိုက်သည့်အခါ လုချန်း၏ စိတ်ထဲတွင် သူမကို သိမ်းပိုက်လိုစိတ် ပေါ်ပေါက်လာခဲ့သည်။
လုချန်းသည် ထို့နောက် စနစ်ကို အသုံးပြုကာ သူမ၏ အချက်အလက်များကို ဖော်ထုတ်လိုက်သည်။
[အမည် - ပိုင်ချင်းချင်း]
[အဆင့်အတန်း - ဆွမ်ဧကရာဇ်၏ အရိပ်ကိုယ်ရံတော် ဒုတိယခေါင်းဆောင်၊ အသက် ၂၀၊ ထိပ်သီးပညာရှင်အဆင့်၊ ငယ်စဉ်ကတည်းက ဆွမ်ဧကရာဇ်မှ ချူးယွဲ့ထံသို့ စေလွှတ်ကာ သူလျှိုအဖြစ်ထားရန် စီစဉ်ခံခဲ့ရသူ၊ မြောက်ပိုင်းနယ်စားမင်းသားထံတွင် လျှို့ဝှက်လဝန်းနန်းတော်၏ လူများရှိနေသည်ဟု ဆွမ်၏ ဧကရာဇ်က ယုံကြည်နေပြီး လျှို့ဝှက်လဝန်းနန်းတော်သည် မြောက်ပိုင်းနယ်စားမင်းသားကို မည်သည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုမည်ကို သိရှိလိုသောကြောင့် ပိုင်ချင်းချင်းကို စေလွှတ်ကာ စုံစမ်းစေခဲ့သည်။]
[အဆင့်သတ်မှတ်ချက် - ၉၅]
[နှစ်သက်သဘောကျမှု - ၀ (သူမ၏ ခံစားချက်များကို ပြန်လည်ရရှိရန် နဂါးဖီးနစ် လက်ဖက်ရည် လိုအပ်သည်)]
ပိုင်ချင်းချင်း၏ အချက်အလက်များကို မြင်လိုက်ရသည့်အခါ လုချန်း အံ့အားသင့်သွားခဲ့သည်။ ပိုင်ချင်းချင်းသည် တကယ်ပင် သူ့ဖခင်၏ လူတစ်ဦးဖြစ်နေသလား။
ဒါက…
သူ့အမေတွင် ပြဿနာများရှိခဲ့သောကြောင့် သူ့ဖခင်က များစွာသတိထားခဲ့သလား။
သူသည် အမြဲတမ်း ပိုင်ချင်းချင်းကို ခံစားချက်မရှိသော အိပ်ရာဝင်အစေခံတစ်ဦးအဖြစ်သာ ထင်မြင်ခဲ့ပြီး သူမ၏ ဖုံးကွယ်ထားသော သရုပ်အမှန်ကို မသိခဲ့ပေ။
သားများစွာ ဘုန်းကံများစွာ စနစ်ကို မဖွင့်မိခဲ့ပါက ပိုင်ချင်းချင်းသည် ဆွမ်ဧကရာဇ်၏ လူတစ်ဦးဖြစ်သည်ကို သူသိရှိမည်မဟုတ်သလို သူမသည် အရိပ်ကိုယ်ရံတော်တပ်၏ ဒုတိယခေါင်းဆောင်ဖြစ်သည်ကိုလည်း သိရှိခဲ့ရမည် မဟုတ်ပေ။ အရိပ်ကိုယ်ရံတော်များသည် ဆွမ်ဧကရာဇ်အနားမှ အရေးပါသော အင်အားစုတစ်စုဖြစ်ပြီး ထိုအဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်လာခြင်းသည် ပိုင်ချင်းချင်း၏ ထူးချွန်သော စွမ်းရည်ကို ဖော်ပြနေသည်။
သို့သော်…
ပိုင်ချင်းချင်းသည် မည်သူဖြစ်ပါစေ သူမ၏ သရုပ်အမှန်က မည်သို့ပင်ဖြစ်ပါစေ အမှတ် ကိုးဆယ်ကျော်ပြီး မင်းသားစံအိမ်သို့ ရောက်ရှိလာပါက သူမသည် လုချန်းအတွက် ရည်ရွယ်ထားသော အမျိုးသမီးတစ်ဦးသာ ဖြစ်ရမည် ဖြစ်သည်။
သူ့ဖခင် အတော်လေး အမြော်အမြင် ရှိပါလားဟု လုချန်းတွေးမိလိုက်သည်။ မြောက်ပိုင်းမြို့ တော်တွင် ရမှတ်ကိုးဆယ်ကျော်သည့် အမျိုးသမီးများကို ရှာရန်ခက်ခဲကြောင်း သိသည့်အတွက် သူ့ဖခင်က ထိပ်သီးပညာရှင်အဆင့်ရှိသည့် အမျိုးသမီးတစ်ဦးကို သူ့ထံပို့ပေးခဲ့ခြင်းသာ ဖြစ်ရမည်။
ချူးယုချင်သည် ရုတ်တရက် ပိုင်ချင်းချင်းနှင့် စကားပြောနေရင်း ပိုင်ချင်းချင်းက အနောက်ကို ကြည့်နေကြောင်း သတိထားမိလိုက်သည်။ တစ်စုံတစ်ခုကို ခံစားမိသွားပြီး သူမ၏ ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ လုချန်း ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမက ချက်ချင်းပင် လုချန်းကို ပြောလိုက်သည်။
“ချန်းလေး သူ့ကို မှတ်မိသေးလား။ ဒါ ပိုင်လေ။ ငယ်ငယ်ကတည်းက မင်းနဲ့အတူ ကြီးပြင်းလာတဲ့ အစေခံပါ။”
ချူးယုချင်၏ စကားကို ကြားလိုက်ရသည့်အခါ လုချန်းက ပြုံးပြလိုက်ပြီး ပြန်ပြောလိုက်သည်။
“ဟုတ်ပါတယ်။ သူ့ကို ကျွန်တော် မှတ်မိပါတယ်။”
လုချန်းသည် ထို့နောက် ပိုင်ချင်းချင်းထံသို့ ချဉ်းကပ်လာကာ ပြောလိုက်သည်။
“ပိုင်၊ နှစ်ပေါင်းများစွာ မတွေ့ခဲ့ရဘူးနော်။ ဒီနှစ်တွေမှာ မင်းကို လွမ်းခဲ့တယ်။ မင်းမရှိရင် ငါ အိပ်လို့တောင် မပျော်ခဲ့ဘူး။”
......