အခန်း ၉၁-၉၃
Vol. 7 Ch. 91-93
အခန်း (၉၁)
အိမ်မှစာ
အထူးကိုယ်ရံတော်တပ်မှုး ချင်ယူရှန် ယူလာသော သတင်းကို ဖတ်ပြီးနောက် လုချန်း၏ မျက်နှာသည် အလွန်ညိုမှောင်သွားခဲ့သည်။ ဒေါသထွက်လာပြီး သူ၏လက်ထဲရှိ အစီရင်ခံစာကို စုတ်ဖြဲပစ်လိုက်သည်။
“ငါ့ကို သုံးကြိမ်တိုင်တိုင် လုပ်ကြံဖို့ ကြံစည်ခဲ့တာတောင် မလုံလောက်သေးဘူးလား။
အခုတော့ လွင်ပြင်ဒေသ မျိုးနွယ်စုတွေနဲ့ ပေါင်းပြီး သူတို့ရဲ့ အင်အားနဲ့ ထီးနန်းယူဖို့ စိတ်ကူးနေတယ်။”
“ဒီလူက တကယ်ကို တိရစ္ဆာန်တစ်ကောင်ပဲ သူ့မှာ လုံးဝစည်းမရှိဘူး။”
လုချန်း ဒေါသထွက်နေသည်ကို မြင်သောအခါ ချင်ယူရှန်က သတိထားပြီး မေးလိုက်သည်။
“မင်းသား၊ အခု ဘာလုပ်ကြမလဲ။ မင်းသားလုရှုယွမ် လွင်ပြင်ဒေသ မျိုးနွယ်စုတွေနဲ့ ပေါင်းနေတဲ့သတင်းကို ထုတ်ပြောသင့်လား။”
ချင်ယူရှန်၏ စကားကို ကြားရသောအခါ လုချန်း၏ စိတ်များ ငြိမ်သက်သွားပြီး နက်ရှိုင်းစွာ တွေးတောလိုက်သည်။ သူ ချက်ချင်းတော့ အဖြေမပေးခဲ့ပေ။
လုရှုယွမ် လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ပူးပေါင်းနေကြောင်း သတင်းကို ထုတ်ပြောလိုက်ပါကလုရှုယွမ်ကို ထိခိုက်စေမည်မှာ သေချာသော်လည်း ခိုင်မာသော သက်သေအထောက်အထားမရှိပဲ လုရှုယွမ်ကို အပြစ်ရှိကြောင်း မည်သို့မှ သက်သေမပြနိုင်ပေ။
နယ်စားမင်းသား တစ်ဦးတည်းက နိုင်ငံတော် သစ္စာဖောက်မှုကို ဆုံးဖြတ်နိုင်မည် မဟုတ်ပါ။ ထိုသို့ဆုံးဖြတ်ရန် အတွက် တရားရုံးအပေါ်မူတည်သည်။ အဓိကအားဖြင့် ဧကရာဇ်၏ အမြင်အပေါ်တွင် မူတည်သည်။
ဧကရာဇ်က လုရှုယွမ်သည် နိုင်ငံတော်ကို သစ္စာဖောက်သည်ဟု ပြောလိုက်လျှင် လုရှုယွမ်သည် သစ္စာဖောက်တစ်ဦး ဖြစ်လာမည်။ ဧကရာဇ်က လုရှုယွမ်သည် အပြစ်မရှိဟု ပြောလိုက်လျှင် လုရှုယွမ်သည် အပြစ်မှ လွတ်မြောက်သွားနိုင်သည်။
သို့သော် အခြားတစ်ဖက်မှ ကြည့်လျှင် လုရှုယွမ်၏ မိခင်ဘက်မှ မိသားစုသည် ဝမ်မိသားစု ဖြစ်သည်။ ဧကရာဇ် လုပ်ဆောင်တော့မည့် အရာမှာ အာဏာရှိမိသားစုများကို ရှင်းလင်းရန် ဖြစ်သည်။ ဧကရာဇ်က လုရှုယွမ်နှင့် တောင်ပိုင်းမှ အာဏာရှိ မိသားစုများသည် လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ပူးပေါင်းနေသည်ကို သိလျှင် ထိုအရာကို အကြောင်းပြု၍ သူတို့ကို စတင်တိုက်ခိုက်နိုင်မည် မဟုတ်ပါလား။
ထိုသို့ တွေးမိသောအခါ လုချန်းကမေးလိုက်သည်။
“တပ်မှူးချင်၊ ကျွန်တော့် ဖခင် ဧကရာဇ်က မင်းသား လုရှုယွမ်နှင့် တောင်ပိုင်းက အာဏာရှိမိသားစုတွေ လွင်ပြင်ဒေသ မျိုးနွယ်စုတွေနှင့် ပူးပေါင်းနေတာကိုသိရင် ဘာလုပ်မယ်လို့ ခင်ဗျားထင်သလဲ”
ချင်ယူရှန်သည် ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့် တုန်လှုပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စတွင် ဧကရာဇ်ပါဝင်နေသည်။ ချင်ယူရှန် မဆင်မခြင် လျှောက်မတွေးရဲပါ။
ထိုအချိန်တွင် လုချန်းက
“စိတ်ထဲရှိသည့်အတိုင်း ပြောပါ”
ဟု ပြောလိုက်သည်။
လုချန်းက ထိုသို့ ပြောလိုက်သောကြောင့် ချင်ယူရှန်က
“မင်းသား၊ ကျွန်တော့် အမြင်အရ ဧကရာဇ်က ဒီသတင်းကို ကြားရင် အလွန်ဒေါသထွက်သွားမှာဖြစ်ပေမဲ့ မင်းသား လုရှုယွမ်နှင့် တောင်ပိုင်းက အာဏာရှိမိသားစုတွေကို ချက်ချင်း တိုက်ခိုက်ဦးမှာ မဟုတ်ပါဘူး။ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်တပ်သုံးသိန်းက တောင်ပိုင်းကို ချီတက်လာတော့မှာ ဖြစ်တာကြောင့် အခုအချိန် အာဏာရှိ မိသားစုတွေကို တိုက်ခိုက်လျှင် ရှနိုင်ငံတော်အတွက် အလွန်ကို အကျိုးမဲ့သွားပါလိမ့်မယ်”
ဟု ပြောလိုက်သည်။
လုချန်းလည်း ထိုအကြောင်းကို တွေးကြည့်ပြီး ချင်ယူရှန် ပြောသည့်စကားများတွင် အမှန်တရား အချို့ ပါဝင်နေသည်ဟု ခံစားမိသည်။ ယခုအချိန်တွင် မင်းသား လုရှုယွမ်သည် လွင်ပြင်ဒေသ မျိုးနွယ်စု စစ်တပ်နှင့် ပူးပေါင်းနေသည်ဟူသော သတင်းကို ထုတ်ပြန်လိုက်လျှင် ရှနိုင်ငံတော် ဧကရာဇ်နှင့် အာဏာရှိ မိသားစုများ အကြားရှိ ပဋိပက္ခကိုလူသိရှင်ကြား ဖြစ်သွားစေနိုင်သည်။
ထိုသို့ဖြစ်လျှင် အခြားသူများက လုံးဝ လုပ်ဆောင်ခြင်း မရှိဘဲ နေကောင်း နေကြမည်။ ထိုအခါ ရှနိုင်ငံတော် တစ်ခုလုံး ကမောက်ကမ ဖြစ်သွားမည်။ လုချန်း ထိုသို့သော အခြေအနေကို မမြင်တွေ့လိုပါ။
သို့သော် ဒီအတိုင်း လွှတ်ပေးထားလို့ကလည်း မဖြစ်နိုင်ပါ။
လုချန်းသည် လုရှုယွမ်ကို မနှစ်မျို့ တော့သည်မှာ ကြာပြီဖြစ်သည်။ လုရှုယွမ်သည် သူ့ကို လုပ်ကြံရန် သွေးလဝန်းရဲတိုက်မှ လူများကို သုံးကြိမ်တိုင်တိုင် စေလွှတ်ခဲ့သည်။ အခု သူက သစ္စာဖောက်မှုကိုပါ ကျူးလွန်လိုက်ပြီဖြစ်သည်။
ထိုသို့သော သစ္စာဖောက်တစ်ဦးကို လွတ်လွတ်လပ်လပ် လွယ်လွယ်ကူကူ နေခွင့် မပေးနိုင်တော့ပါ။ သူ့ကို တစ်နည်းနည်းနှင့် ပြစ်ဒဏ် ပေးရမည် ဖြစ်သည်။
ထိုသို့ တွေးမိသောအခါ လုချန်းက
“တပ်မှူးလျှံကို ကျွန်တော့်အမိန့် ပြောလိုက်ပါ။ မင်းသား လုရှုယွမ်ကို လုပ်ကြံဖို့ကြိုးစားခိုင်းပါ။ အောင်မြင်ဖို့ မလိုပါဘူး။ ဒါပေမဲ့ မင်းသား လုရှုယွမ် အနားက အရေးပါတဲ့ သူတွေကို တတ်နိုင်သမျှ ဖယ်ရှားပစ်နိုင်ဖို့ သေချာပါစေ”
ဟု ပြောလိုက်သည်။
ထိုသို့လုပ်ခြင်းဖြင့် လုချန်းသည် လုရှုယွမ်ကို သတိပေးလိုသည်။ ထို့အပြင် သူ့အပေါ် လက်စားချေလိုသည်။ တကယ်တော့ သစ္စာဖောက် လုရှုယွမ်ကို တိုက်ရိုက် ဖယ်ရှားနိုင်လျှင် ပို၍ကောင်းမည်။
သို့သော် လုချန်းသည် လျှံဇွန်းနှင့် အထူးကိုယ်ရံတော်တို့သည် နေပြည်တော်ရှိ မင်းသားတစ်ဦးကို ဖယ်ရှားနိုင်မည်ဟု မယုံကြည်ပါ။ အထူးသဖြင့် ထိုမင်းသားသည် အင်အားကြီးမားသော အာဏာရှိမိသားစုဖြစ်သည့် ဝမ်မိသားစု၏ ထောက်ခံမှုကို ရရှိထားလျှင် ဖြစ်သည်။
ဝမ်မိသားစုသည် လုရှုယွမ်ကို ကာကွယ်ရန် ကျွမ်းကျင်သူများစွာကို စေလွှတ်မည်မှာ သေချာသည်။ ထို့ကြောင့် လျှံဇွန်းနှင့် သူ၏လူများသည် လုရှုယွမ်ကို ထိခိုက်နိုင်မည်လားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။
သို့သော် သူတို့ အောင်မြင်နိုင်သည်ဖြစ်စေ မအောင်မြင်နိုင်သည်ဖြစ်စေ လုရှုယွမ်သည် နေပြည်တော်တွင် ထိုကဲ့သို့ အဆင်အခြင်မဲ့သော လုပ်ရပ်များကို ပြုလုပ်ခြင်းသည် လုံးဝလက်မခံနိုင်သော အရာဖြစ်သည်။ သူသည် ဥပဒေမဲ့သူကဲ့သို့ ပြုမူနေသည်။
ထီးနန်းအတွက် ပြိုင်ဆိုင်ရာတွင် သူသည် ပြင်ပရန်သူနှင့် တစ်တပ်တစ်အား ပူးပေါင်းခဲ့သည်။ မြောက်ပိုင်းမြို့တော်ရှိ ပြည်သူများ၏ အသက်နှင့် လုံခြုံရေးကို လုံးဝဂရုမစိုက်ခဲ့ပေ။
မြောက်ပိုင်းမြို့တော်သည် မြောက်ပိုင်းနယ်စားမင်းသားဖြစ်သူ လုချန်း၏ နယ်မြေဖြစ်နေပြီဖြစ်သော်လည်း အမည်အားဖြင့် ထိုမြို့သည် ရှနိုင်ငံတော်၏ မြောက်ပိုင်းမြို့ တော်ဖြစ်နေဆဲဖြစ်သည်။
လုရှုယွမ်သည် နန်းလျာနေရာကို အောင်မြင်စွာ ယှဉ်ပြိုင် ရယူနိုင်ပါက မြောက်ပိုင်းမြို့ တော်သည်လည်း သူ၏အုပ်စိုးမှုအောက်သို့ ကျရောက်သွားမည် ဖြစ်သည်။ သို့သော် ထိုလူသည် နန်းလျာနေရာ ယှဉ်ပြိုင်ရန်အတွက် မြောက်ပိုင်းမြို့ကို ရောင်းစားရန် ဆန္ဒရှိနေသည်။
လုရှုယွမ်ကို လုပ်ကြံရန် ဆုံးဖြတ်ချက်သည် အတိုင်းအတာတစ်ခုအထိ သူ၏ စိတ်ခံစားမှုအပေါ် အခြေခံနေသည်ကို လုချန်းသိသည်။ ထို့အပြင် အထူးကိုယ်ရံတော်များ၏ လှုပ်ရှားမှုများကို ထင်သာမြင်သာ ဖြစ်စေနိုင်သည်ကိုလည်း သိသည်။
သို့သော် သူတစ်စုံတစ်ခုကို မလုပ်ရပဲ ဒီအတိုင်း မဖြေသိမ့်နိုင်ပါ။ ချင်ယူရှန်သည်လည်း လုချန်း၏ စိတ်ထဲရှိ ခံစားချက်ကို ရိပ်မိ၏။ မင်းသား အလွန်ဒေါသထွက်နေသည်ကို သိသဖြင့်
“မင်းသား၊ နံပါတ်ရှစ် မင်းသားကလွင်ပြင်ဒေသ မျိုးနွယ်စုတွေနှင့် ပူးပေါင်းနေတဲ့ သတင်းကို အခုအချိန် မဖြန့်သင့်ပေမဲ့လည်း မင်းသားက ဧကရာဇ်ကို အရိပ်အမြွက် ပြောနိုင်ပါတယ်”
ဟု အကြံပြုလိုက်သည်။
“ဧကရာဇ် သိသွားရင် အရိပ်ကိုယ်ရံတော် တွေကို စုံစမ်းဖို့ စေလွှတ်မှာ သေချာပါတယ်။ အကယ်၍ နံပါတ်ရှစ်မင်းသားကလွင်ပြင်ဒေသ မျိုးနွယ်စုတွေနှင့် ပူးပေါင်းနေတယ်လို့ ပေါ်လာခဲ့ရင် အခုလောလောဆယ် နံပါတ်ရှစ်မင်းသားကို အပြစ်မပေးသည့်တိုင် လွင်ပြင်ဒေသ မျိုးနွယ်စုတွေ တောင်ဘက်ကို ချီလာမယ့် အရေးကိစ္စ ပြီးဆုံးသွားတဲ့ အချိန်ကျလျှင် ဧကရာဇ်က အဲ့ဒီ အထောက်အထားတွေနဲ့ နံပါတ်ရှစ် မင်းသားနှင့် တောင်ပိုင်း အာဏာရှိ မိသားစုတွေကို ကိုင်တွယ်ဖြေရှင်းမှာ သေချာပါတယ်။”
ဆွမ်ဧကရာဇ်သည် အာဏာရှိ မိသားစုများကို ဖိနှိပ်ရန် အကြောင်းပြချက်များကို ရှာဖွေနေပြီဖြစ်သည်။ ယခု တောင်ပိုင်း အာဏာရှိ မိသားစုများက လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ပူးပေါင်းသည်ဟူသော အချက်မှာ ဧကရာဇ်အား ဓားတစ်လက်ကို လက်နှင့်ကမ်း ပေးလိုက်သကဲ့သို့ဖြစ်သည်။
နံပါတ်ရှစ်မင်းသားကို စွန့်ပစ်ရခြင်းက ဆွမ်ဧကရာဇ်အတွက် ဂရုစိုက်စရာ မဟုတ်ပေ။ နံပါတ်ရှစ် မင်းသားသည် တောင်ပိုင်း အာဏာရှိ မိသားစုများ၏ ကိုယ်စားလှယ်ဖြစ်ပြီး ဧကရာဇ်သည် သူ့ကို နန်းလျာအဖြစ် ရွေးချယ်ရန် ရည်ရွယ်ချက်မရှိပေ။
တော်ဝင်မိသားစုသည် နှလုံးသား ကင်းမဲ့သည်။ ဆွမ်ဧကရာဇ်သည် နံပါတ်ရှစ် မင်းသား၏ မြောက်ပိုင်းနယ်စားမင်းသားကို လုပ်ကြံရန် ကြံစည်မှုကိုပင် ဂရုမစိုက်ခဲ့ပေ။နံပါတ်ရှစ် မင်းသားအား စွန့်လွှတ်ရခြင်းကို သူမည်သို့ ဂရုစိုက်မည်နည်း။
သူ့တွင် သားများစွာရှိသည်။ တစ်ယောက်နှစ်ယောက် ဆုံးရှုံးရသည်မှာ သူ့အတွက် ဘာမှမနစ်နာပေ။
ထို့အပြင် ထိပ်သီးပညာရှင်တစ်ဦးဖြစ်သည့် ဆွမ်ဧကရာဇ်သည် ငယ်ရွယ်ဖျတ်လတ်ဆဲ ဖြစ်ပြီး သားသမီးများကို အံ့ဩဖွယ်ကောင်းလောက်အောင် မြန်မြန်မွေးနိုင်သည်။ညချင်ယူရှန်၏ အကြံပြုချက်ကို ကြားပြီးနောက် လုချန်းသည် ခဏတာမျှ တွေးတောပြီး ပြောလိုက်သည်။
“ကျွန်တော် မင်းကြီးဆီ အမြန်ဆုံးအစီရင်ခံစာတစ်စောင် ရေးမယ်။”
လုချန်း၏ စကားကို ကြားပြီးနောက် ချင်ယူရှန်က လျင်မြန်စွာ ပြောလိုက်သည်။
“မင်းသား၊ မင်းသား အဲ့ဒီလို မလုပ်သင့်ပါဘူး။”
လုချန်း အံ့သြသွားပြီး မေးလိုက်သည်။
“ခင်ဗျားပဲ ဧကရာဇ်ကို အရိပ်အမြွက်ပြောပြဖို့ အကြံပေးတာ မဟုတ်လား။ ကျွန်တော်က အစီရင်ခံစာ မရေးရင် လွင်ပြင်ဒေသ မျိုးနွယ်စုတွေနှင့် နံပါတ်ရှစ်မင်းသားရဲ့ ပူးပေါင်းမှုအကြောင်း ဧကရာဇ်သိအောင် ဘယ်လို ပြောပြမှာလဲ။”
ချင်ယူရှန်က ရှင်းပြလိုက်သည်။
“မင်းသား၊ ကျွန်တော်ဆိုလိုတာက ဒီကိစ္စကို အစီရင်ခံစာကတစ်ဆင့် ဧကရာဇ်ဆီ မပို့သင့်ဘူးဆိုတာပါ။ မင်းသားက အစီရင်ခံစာရေးလိုက်ရင် ဒါဟာ နိုင်ငံတော်ကိစ္စဖြစ်သွားပါပြီ။ ဧကရာဇ် သိသွားရင် ဝန်ကြီးတွေနှင့် တိုင်ပင်ကောင်း တိုင်ပင်နိုင်တယ်။ ဒါ့အပြင် အစီရင် ခံစာဟာ ဧကရာဇ်လက်ထဲ မရောက်ခင် အခြားသူတွေက ကြားဖြတ်ဖတ်ရှု သွားနိုင်တယ်။”
“မင်းသား ဒီကိစ္စကို ဧကရာဇ် သိစေချင်ရင် ပုဂ္ဂိုလ်ရေး ပေးစာက တစ်ဆင့် ဆက်သွယ်သင့်တယ်။ ပေးစာကပဲ ဧကရာဇ်ဆီ တိုက်ရိုက် ရောက်နိုင်ပါတယ်။”
ရှနိုင်ငံတော်တွင် နယ်ပယ်အရပ်ရပ်မှ ပေးပို့သော အစီရင်ခံစာများကို အောက်ခြေရှိ ဝန်ထမ်းများက ပြန်လည်သုံးသပ်ရပြီး အချို့သော အချို့သော အစီရင်ခံစာများသည် ဧကရာဇ်လက်ထဲသို့ ဘယ်သောအခါမှ မရောက်ရှိနိုင်ပေ။
လုချန်းက အစီရင်ခံစာကို ရေးသားလိုက်ပါက ထိုစာသည် နံပါတ်ရှစ်မင်းသားနှင့် သူ့ကိုထောက်ခံသူများက မုချကြားဖြတ်ယူသွားမည် ဖြစ်သည်။
သို့သော် ပုဂ္ဂိလိုလ်ရေးဆိုင်ရာ ပေးစာဖြစ်ပါကလမ်းကြောင်းကွဲပြားသွားမည် ဖြစ်သည်။ နံပါတ်ကိုးမင်းသားအမည်ဖြင့် ရေးသားထားသော စာသည် ဆွမ်ဧကရာဇ်လက်ထဲသို့ တိုက်ရိုက်ပို့ဆောင်သင့်သည်။
ချင်ယူရှန်၏ စကားကို ကြားပြီးနောက်
လုချန်းသည် ခဏမျှ စဉ်းစားသွားသည်။
ပုဂ္ဂိုလ်ရေး ပေးစာလား။
နယ်စားမင်းသားတစ်ပါးက ဧကရာဇ်ထံ စာရေးသားခြင်းလား။
ရှနိုင်ငံတော်တွင် ထိုကဲ့သို့သော နမူနာရှိဖူးသလား။
နယ်စားမင်းသားတစ်ဦးက ဧကရာဇ်ထံ ပေးစာ ရေးသားသည်ဟု သူမကြားဖူးပေ။ နယ်စားဖြစ်သွားပြီဆိုလျှင် ထိုသူသည် လက်အောက်ခံတစ်ဦးဖြစ်သွားပြီး ဖခင်နှင့်သားဆက်ဆံရေးသည် မှေးမှိန်သွားသည်။ ထိုအချိန်တွင် ပုဂ္ဂိုလ်ရေးစာ ရေးသားခြင်းက သိပ်များလွန်းနေမည်လား။
ခဏတာ တွေးတောပြီးနောက် ချင်ယူရှန်၏ အကြံဉာဏ်သည် အဓိပ္ပာယ်ရှိသည်ဟု လုချန်း ခံစားရသည်။ သူက အစီရင်ခံစာ တင်သွင်းလိုက်ပါက ထိုအစီရင်ခံစာသည် ဧကရာဇ်၏ လက်ထဲသို့ ဘယ်သောအခါမှ မရောက်နိုင်သည်မှာ သေချာသည်။
သို့သော် ပုဂ္ဂိုလ်ရေးစာဖြစ်ပါက ကိစ္စသည် ကွဲပြားသွားမည်။ သူ၏ ပုဂ္ဂိုလ်ရေးစာကို မည်သူမှ ကြားဖြတ်ဖမ်းယူရဲမည် မဟုတ်ပေ။
နယ်စားမင်းသားတစ်ဦးက ဧကရာဇ်ထံ ပုဂ္ဂိုလ်ရေးစာ ရေးသားခြင်းသည် စိတ်ကူးယဉ်ဆန်သည်ဟု ထင်ရသော်လည်း သူသည် ထိုသို့လုပ်ဆောင်ရန် အရည်အချင်းမပြည့်မီဟု မဆိုလိုပေ။ သူသည် နယ်စားတစ်ဦးဖြစ်နေသော်လည်း ဆွမ်ဧကရာဇ်၏ သားတစ်ဦးဖြစ်နေဆဲဖြစ်သည်။
.......
အခန်း (၉၂) ပိုင့်ကို ကျွန်တော့်ကို စောင့်ရှောက်ဖို့ ထားခဲ့ပါလား
လုချန်းသည် နောက်ဆုံးတွင် ချင်ယူရှန်၏ အကြံပြုချက်ကို လက်ခံလိုက်ပြီး ဆွမ်ဧကရာဇ်ထံ ပုဂ္ဂိုလ်ရေး ပေးစာတစ်စောင် တိုက်ရိုက်ရေးသားလိုက်သည်။
ပထမဦးစွာ သူသည် စာထဲတွင် မြောက်ပိုင်းမြို့တော်၏ ပတ်ဝန်းကျင် မည်မျှကြမ်းတမ်းသည်ကို ညည်းညူခဲ့သည်။ ထို့နောက် သူသည် အကူအညီတောင်းခံသည့်ဟန်ဆောင်ကာ ဆွမ်ဧကရာဇ်အား လွင်ပြင်ဒေသ မျိုးနွယ်စုများကို ခုခံနိုင်ရန် တပ်မကြီးတစ်ခုကို အမြန်ဆုံးစေလွှတ်ပေးရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။
စာ၏ နောက်ဆုံးပိုင်း မရောက်ခင်တွင် လုချန်းသည် မြက်ခင်းပြင် ဒေသတွင် ရှနိုင်ငံတော်၏ သံထည်ပစ္စည်း များစွာကို မကြာသေးမီက တွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
စာ၏နောက်ဆုံးပိုင်းတွင် သူသည် အလွန်ပူဆွေးနေဟန်ဆောင်ကာ လုရှုယွမ်၏ ကုန်သည်လှည်းတန်းများသည် မြောက်ပိုင်းမြို့တော်တွင် မကြာခဏပေါ်လာပြီး လုရှုယွမ်၏ နောက်ခံ အရှိန်အဝါဖြင့် ဖြတ်သန်းခ အခွန်များကို မကြာခဏ ရှောင်ရှားကြောင်း ညည်းညူခဲ့သည်။ သူက ဆွမ်ဧကရာဇ်အား လုရှုယွမ်ကို အပြစ်ပေးရန် ၊သူ၏ မောက်မာမှုကို လျှော့ချရန်နှင့် အကောင်းဆုံးမှာ သူ၏ ကုန်သည်လှည်းများမှ ပေးဆောင်ရန် ကျန်ရှိနေသော ဖြတ်သန်းသွားလာခ အခွန်များကို ပေးဆောင်စေရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။
လုချန်းသည် စာတွင် သူ၏ပုံရိပ်ကို ကြောက်ရွံ့သောသူတစ်ဦးအဖြစ် ဖော်ပြခဲ့သည်။ သူ၏ ပုံမှန်ပုံရိပ်ဖြစ်သော အပျော်အပါးလိုက်စားပြီး အသိပညာကင်းမဲ့သူတစ်ဦးကဲ့သို့ပင် အားနည်းနေဟန်ဆောင်ခဲ့သည်။
ထို့အပြင် ထိုပေးစာတွင် သူသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ဆားနှင့် သံများသည် လုရှုယွမ်ထံမှ လာသည်ဟု တိုက်ရိုက်မပြောခဲ့ပေ။ သို့သော် ဆွမ်ဧကရာဇ်သည် သူ၏ညွှန်ပြချက်ကို သေချာပေါက် မြင်လိမ့်မည်ဟု သူယုံကြည်ခဲ့သည်။
လောကီအရေးကိစ္စများကို ကျွမ်းကျင်သော သူ၏ဖခင်သည် ထိုသို့သော အရိပ်အမြွက်ကို လွဲမှားစွာ မြင်လိမ့်မည်မဟုတ်ပေ။ စာကို ရေးသားပြီးနောက် လုချန်းသည် ချင်ယူရှန်အား ထိုစာကို နေပြည်တော်သို့ အမြန်ဆုံးပို့ဆောင်ရန် စီစဉ်စေခဲ့သည်။
သို့သော် ထိုအချိန်တွင် ချင်ယူရှန်က ပြောလိုက်သည်။
“မင်းသား၊ ပုဂ္ဂိုလ်ရေး စာတစ်စောင်တည်း ပို့လိုက်ရုံနှင့် မလုံလောက်ပါဘူး။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ ချီတက်ရွေ့လျားမှုတွေနှင့် ပတ်သက်ပြီး အရေးပေါ် စစ်ရေးအစီရင်ခံစာတစ်စောင်ကိုလည်း ရေးသားပြီး နေပြည်တော်ကို ပို့ဖို့လိုအပ်ပါတယ်။”
“ကျွန်တော်တို့ရဲ့ လူတွေက မြောက်ပိုင်းဖရီဘုရင်ရဲ့ စစ်သည်တွေ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ နန်းတွင်းမှာ စုရုံးနေကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒီလို သတင်းအချက်အလက်မျိုးအတွက်ဆို အနီရောင်ဖဲကြိုးတပ် သတင်းပို့သူကို အသုံးပြုရင် လုံးဝပြဿနာမရှိပါဘူး။”
လုချန်းက အံ့အားသင့်သွားပြီး မေးလိုက်သည်။
“တကယ်ပဲ အဲဒီလောက် ဒုက္ခခံစရာ လိုလို့လား။”
“ပုဂ္ဂိုလ်ရေးစာတစ်စောင်တည်း ပို့လိုက်ရုံနဲ့တော့ စာက ဧကရာဇ်ဆီ အမြန်ဆုံးမရောက်နိုင်ပါဘူး။ ဒါပေမဲ့ အရေးပေါ်စစ်ရေးအစီရင်ခံစာနှင့်အတူ အနီရောင်ဖဲကြိုးတပ် စာပို့သူက တစ်ဆင့် ပို့ရင်တော့ စာရော စစ်ရေး အစီရင်ခံစာပါ ဧကရာဇ်ဆီ တိုက်ရိုက်ပို့ဆောင်နိုင်ပါတယ်”
ဟု ချင်ယူရှန်က ရှင်းပြလိုက်သည်။ လုချန်းရေးသားခဲ့သည်မှာ ပုဂ္ဂိုလ်ရေးစာဖြစ်သော်လည်း ထိုစာကို ဧကရာဇ်၏ လက်ထဲသို့ ပို့ဆောင်ရန် လုပ်ထုံးလုပ်နည်းအချို့ လိုအပ်နေဆဲဖြစ်သည်။
ဘာမဆို နန်းတော်အတွင်းသို့ ရောက်ရှိရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။
သို့သော် အရေးပေါ်စစ်ရေးအစီရင်ခံစာကတော့ ကွဲပြား၏။ ရှနိုင်ငံတော်တွင် အနီရောင် ဖဲကြိုးတပ် စာပို့သူ၏ အစီရင်ခံစာသည် ဧကရာဇ်၏ လက်ထဲသို့ အမြန်ဆုံးရောက်ရှိမည်ဖြစ်ပြီး မည်သူကမှ ထိုစာကို ပိတ်ပင်ခွင့်မရှိပေ။ ဧကရာဇ် အိပ်နေဆဲဖြစ်လျှင်ပင် သူ့ကို နှိုးရန် လိုအပ်သည်အထိ အရေးပါသည်။
လုချန်း ချင်ယူရှန်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။ ထို့နောက် သူသည် စစ်ရေးအစီရင်ခံစာတစ်စောင် ရေးသားပြီး နန်းတွင်းက စစ်တပ်များကို အမြန်ဆုံး စေလွှတ်ပေးရန် မျှော်လင့်ကြောင်း ဖော်ပြလိုက်သည်။
စာနှစ်စောင်လုံး အဆင်သင့်ဖြစ်သွားသောအခါ ချင်ယူရှန်သည် အနီရောင် ဖဲကြိုးတပ် စာပို့သူတစ်ဦးကို စီစဉ်၍ လုချန်း၏ ပုဂ္ဂိုလ်ရေးစာနှင့် စစ်ရေးအစီရင်ခံစာတို့ကို နေပြည်တော်သို့ ပေးပို့လိုက်သည်။
ထိုအချိန်တွင် လုချန်းသည် စာကြည့်ခန်းထဲ၌ ထိုင်နေပြီး စားပွဲပေါ်ရှိ မြေပုံကို တိတ်ဆိတ်စွာ ကြည့်နေသည်။
စာသည် နေပြည်တော်သို့ ရောက်ရှိသွားပါက သူ၏ဖခင် ဆွမ်ဧကရာဇ်သည် အရိပ်ကိုယ်ရံတော်တပ်၏ ဒုတိယ ခေါင်းဆောင်ဖြစ်သူ ပိုင်ချင်းချင်းကို မြောက်ပိုင်းမြို့ရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ပြဿနာကို စုံစမ်းစေလိမ့်မည်။ ထိုအချိန်တွင် လုချန်းသည် ထိုအချက်ကို အသုံးချ၍ ပိုင်ချင်းချင်းကို မင်းသား လုရှုယွမ်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ပူးပေါင်းနေမှု၏ အထောက်အထားအချို့ကို ပေးပို့စေနိုင်မည် ဖြစ်သည်။
လုရှုယွမ်နှင့် အာဏာရှိ မိသားစုများသည် လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ပူးပေါင်း နေကြောင်း အထောက်အထားများကို စုဆောင်းရသည့်ကိစ္စကတော့ လွယ်ကူသော အလုပ်မဟုတ်ပေ။ ထိုအထောက်အထားများသည် လွင်ပြင်ဒေသ မျိုးနွယ်စုများထံတွင်သာ ရှိနေ၏။
ထို့ကြောင့် ယခုအချိန်တွင် သူတို့လုပ်ရမည့် အရေးအကြီးဆုံးအရာမှာ လွင်ပြင်ဒေသ မျိုးနွယ်စုများကို အနိုင်ယူရန်ဖြစ်သည်။ ထို့နောက်မှသာ သူတို့သည် လုရှုယွမ်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ပူးပေါင်းမှုနှင့် ဆက်စပ်နေသော အထောက်အထားများကို ရရှိနိုင်မည်။
ထို့နောက်မှသာ ထိုအထောက်အထားများသည် ဆွမ်ဧကရာဇ်အတွက် အာဏာရှိ မိသားစုများကို ချေမှုန်းရန် အကြောင်းပြချက်များအဖြစ် အသုံးဝင်သွာမည် ဖြစ်သည်။
လုရှုယွမ်နှင့် အာဏာရှိ မိသားစုများ၏ နောက်ဆုံးအခြေအနေ ဘယ်လိုဖြစ်သွားမည်ကိုတော့ လုချန်းသည် လုံးဝဂရုမစိုက်ပေ။ ထိုလူများသည် တရားမျှတမှုနှင့် အကြင်နာတရား ကင်းမဲ့သူများ ဖြစ်ကြသည်။ သူတို့သည် သူ့ကို အပြစ်တင်လို့မရပေ။
လုချန်းသည် မြေပုံကို စိုက်ကြည့်နေပြီး အတွေးနက်နေစဉ် တံခါးခေါက်သံကြားလိုက်ရသည်။
လုချန်း သတိပြန်ဝင်လာသည်။
“တံခါးကို မင်းတုပ်မချထားဘူး၊ ဝင်လာခဲ့ပါ။”
ထိုနောက် ချူးယုချင်သည် တံခါးကို တွန်းဖွင့်ပြီး စာကြည့်ခန်းအတွင်းသို့ ဝင်လာခဲ့သည်။
ချူးယုချင်၏ သိမ်မွေ့သော ကိုယ်ဟန်ကို မြင်လိုက်ရသည်နှင့် လုချန်း၏ တင်းမာနေ သော မျက်နှာအမူအရာများ ပျောက်ကွယ်သွားပြီး ပြုံးရင်းမေးလိုက်သည်။
“ဒေါ်လေးချူး၊ ကိစ္စတစ်ခုခု ရှိလို့လား။”
ချူးယုချင်က ပြန်ပြောလိုက်သည်။
“ချန်းလေး၊ မင်းကအခု မင်းသားစံအိမ်က လူတွေကို တောင်ဘက်အန်းပင်မြို့ကို ရွှေ့ဖို့စီစဉ်နေတာလား။”
“မင်းကို စောင့်ရှောက်ဖို့ လူတချို့ကို ဘေးမှာ ထားဖို့ လိုတယ် မဟုတ်လား။”
ထိုစကားကို ကြားပြီးနောက် လုချန်းက ခဏတွေးပြီး ပြောလိုက်သည်။
“ပိုင်ကို ကျွန်တော့်ကို စောင့်ရှောက်ဖို့ ထားခဲ့လိုက်ရင် ဘယ်လိုလဲ။”
လုချန်းက ပိုင်ချင်းချင်းအကြောင်း ပြောလိုက်သည်ကို ကြားပြီးနောက် ချူးယုချင်သည် သူ့ကို တစ်ချက်ကြည့်လိုက်၏။ လုချန်း ပိုင်ချင်းချင်းကို ရွေးချယ်မည် ဆိုတာကို သူမသိခဲ့သည်။
ပထမဦးစွာ ပိုင်ချင်းချင်းသည် အတိုင်းအတာတစ်ခုအထိ စွမ်းအားရှိပြီး သူမသည် မင်းသားစံအိမ်သို့ ရောက်ရှိခါစဖြစ်သော်လည်း လုချန်းသည် သူမကို ငယ်စဉ်ကတည်းက သိကျွမ်းခဲ့သူ ဖြစ်၏။ သူတို့ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ကြသည့် အချက်က လုချန်းအား ယခုအခါ ဆန်းသစ်မှုတစ်ခု ခံစားရစေခဲ့သည်။
ပိုင်ချင်းချင်းသည် ပို၍ပင် အေးစက်လာပြီး ပို၍လည်းလှပလာလာခဲ့သည်။ လုချန်း သူမ၏ ကိုယ်ခန္ဓာကို နှစ်သက်မိနေသည်က အသေအချာပင်ဖြစ်သည်။ ချူးယုချင်က ချက်ချင်းပင် ထပ်မေးလိုက်သည်။
“သူတစ်ယောက်တည်းလား။”
“ ပန်းတစ်ရာဂေဟာက ကောင်မကိုကော မင်းနားမှာထားဖို့ စီစဉ်ထားတာ မဟုတ်ဘူးလား။”
ထိုစကားကို ကြားလိုက်ရသည့်အခါ လုချန်းခဏတာမျှ တိတ်ဆိတ်သွားသည်။
ချူးယုချင်က ဆက်ပြောလိုက်သည်။
“ သွေးလဝမ်းရဲတိုက်ရဲ့ တတိယ အကြိမ် လုပ်ကြံမှုကလည်း ရှုံးနိမ့်သွားပြီ။ လုရှုယွမ်တောင် မူမမှန်တာ တစ်ခုခုကို သတိထားမိနေပြီထင်တယ်။ ဒေါ်လေးအမြင်ကတော့ သူ့ကို ပန်းတစ်ရာ ဂေဟာမှာ ဆက်ထားဖို့ မလိုတော့ဘူး။”
“သူ့ကို မင်းရဲ့ ကျွန်မအဖြစ်ထားပြီး မင်းသားစံအိမ်မှာ နေ့စဉ် မင်းကို အလုပ်အကျွေး ပြုခိုင်းတာ မကောင်းဘူးလား။”
“ပြီးတော့ သူရဲ့ စွမ်းအားကလည်း သိပ်မဆိုးဘူး။ အရေးကြီးတဲ့အချိန်မှာ မင်းကို ကာကွယ်ပေးနိုင်လောက်တယ်။”
ချူးယုချင်က စဉ်းစားလိုက်သည်။ ဝမ်ချင်းစီသည် အဆင့်ကိုး သိုင်းပညာရှင်တစ် ယောက် ဖြစ်သည်။ သူမသာ လုချန်းအနားတွင် ရှိနေပါက အန္တရာယ်တစ်စုံတစ်ရာ ကျရောက်လာပါက အကာအကွယ်တစ်ခု အဖြစ် ဆောင်ရွက်ပေးနိုင်သည်။
ခဏတာ တွေးပြီးနောက် လုချန်းက ပြောလိုက်သည်။
“မလိုပါဘူး။ သူ့ကို ဒေါ်လေးတို့နဲ့အတူ အန်းပင်မြို့ကို လိုက်ခိုင်းလိုက်ပါ။”
လူချန်း၏စကားကို ကြားတော့ ချူးယုချင်က ထပ်ပြီး အတည်ပြုလိုက်သည်။
“ဒါဆို မင်းက ပိုင်ချင်းချင်းတစ်ယောက်တည်းကိုပဲ ထားမှာလား။”
လူချန်းက ခေါင်းညိတ်လိုက်ပြီး
“ပိုင်ချင်းချင်းတစ်ယောက်တည်းနဲ့တင် လုံလောက်ပါပြီ”
ဟု ပြုံးရယ်လျက် ပြောလိုက်သည်။
“ဒါ့အပြင် ကျွန်တော် အန်းပင်မြို့မှာ မရှိနိုင်တာနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်။ အကယ်၍ နေပြည်တော်က ဟိုတိရစ္ဆာန်ကောင်က ဒုက္ခပေးဖို့ တစ်တစ်ယောက် ယောက်ကို ထပ်လွှတ်မယ်ဆိုရင် ဝမ်ချင်းစီက ထိပ်သီးအဆင့် တစ်ဝက်ဆိုတော့ ကျိရွှမ်းနဲ့ အခြားသူတွေရဲ့ လုံခြုံရေး ပိုစိတ်ချရတာပေါ့။”
လူချန်း ပြောသည်ကို ကြားတော့ ချူးယုချင်သည် အံ့အားသင့်သွားသည်။
ဝမ်ချင်းစီက ထိပ်သီးအဆင့် တစ်ဝက် ဖြစ်နေပြီလား။
ဒါဆို သူနှင့် စွမ်းအားက အတူတူပဲလား။
ထိုအတွေးကို တွေးမိသည်နှင့် ချူးယုချင်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။ သူမသည် ထိုမကောင်းဆိုးဝါးမကို အမြဲတမ်း ကြည့်မရခဲ့ပေ။
လူချန်း၏ ဇနီး မယားအားလုံးသည် သူမကို လေးစားကြသော်လည်း ထိုမကောင်းဆိုးဝါးမကသာ သူမ အရှေ့ရောက်လျှင် အမြဲတမ်း
“မင်းသားက တကယ်ကို စွမ်းအားကြီးတယ်”
“မင်းသားက လူတွေကိုတောင် ပျံသန်းစေနိုင်တယ်” စသည်ဖြင့် ပြောဆိုတတ်သည်။
ထိုမကောင်းဆိုးဝါးမအဖို့ သူမနှင့် ချူးယူချင်သည် အဆင့်အတန်း တူညီကြပြီး သူတို့သည် လူချန်း၏အမျိုးသမီးများသာ ဖြစ်သည်ဟု ယူဆနေသည့်အတွက် သူမရှေ့မှာ ထိုသို့ ပေါက်လွတ်ပဲစား ပြောဆိုနေခြင်း ဖြစ်သည်။
လူချန်းကြောင့်သာ မဟုတ်လျှင် သူမသည် ဝမ်ချင်းစိီကို အရင်ကတည်းက တစ်ခုခု လုပ်ခဲ့ပြီးပြီ ဖြစ်သည်။
သူမ သတိပြန်ဝင်လာသည်နှင့် ချူးယုချင်က
“ချန်းလေး။ ဒေါ်လေးက မင်းဘာလုပ်မယ်ဆိုတာကို အများကြီး မေးမနေတော့ဘူး။ ဒါပေမယ့် ဒေါ်လေး မင်းကို သတိပေးချင်တာက မင်းတကယ်ပဲ အန္တရာယ်နဲ့ ကြုံလာပြီး မျိုးနွယ်စုတွေရဲ့ တိုက်ခိုက်မှုကို မကာကွယ်နိုင် တော့ရင် တောင်ဘက်ကို ထွက်ပြေးသင့်တယ်။”
“ နေပြည်တော်ရဲ့ အခြေအနေကလည်း အခုအချိန်မှာ သိပ်မတည်ငြိမ်ဘူး။ ဧကရာဇ်ကမြောက်ဘက်ကို စစ်သားတွေ အများကြီး လွှတ်ပေးမှာ မဟုတ်ဘူး။ မင်းက မင်းဘာသာမင်းပဲ အားကိုးရမှာ။ မင်း မြောက်ပိုင်းမြို့တော်ကို မကာကွယ်နိုင်ခဲ့ရင်တောင် ရှနိုင်ငံသားတွေက မင်းကို ပျက်ရယ်ပြုလို့ မရဘူး။ အနည်းဆုံး မင်းက လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို ခုခံတိုက်ခိုက်ခဲ့တာပဲ။”
လူချန်းသည် ပြည်သူများ၏ စိတ်ထဲတွင် လှောင်ပြောင်စရာ ဖြစ်နေတာ ကြာပြီဖြစ်သည်။ သူ မြောက်ပိုင်းမြို့တော်ကို စွန့်ခွာပြီး ထွက်ပြေးခဲ့ရင်တောင် ရှနိုင်ငံသားတွေက အံ့အားသင့်မည် မဟုတ်ပေ။
တစ်ဖက်ကကြည့်လျှင် ရန်ခရိုင်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် အသက်ပေး တိုက်ပွဲဝင်ရန် လုချန်း၏ ဆုံးဖြတ်ချက်သည် ပြည်သူများအား မြောက်ပိုင်းနယ်စားမင်းသားတွင် အနည်းငယ်သော ဇွဲရှိသေးသည်ဟု ထင်မြင်စေကာ သူ၏ ပုံရိပ်ကို အောက်ဆုံးအဆင့်မှ ပြန်လည်မြင့်တက်စေနိုင်သည်။
ချူးယုချင်၏ သတိပေးချက်ကို နားထောင်ရင်း လုချန်းက ပြုံးလိုက်ကာ
“စိတ်မပူပါနဲ့၊ ဒေါ်လေးချူး၊ ကျွန်တော်က ကျွန်တော့် အသက်ကို အတော်လေး တန်ဖိုးထားပါတယ်။ တကယ်လို့ ကျွန်တော် လွင်ပြင်ဒေသ မျိုးနွယ်စုများကို မနိုင်နိုင်ဘူးဆိုရင် ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ သိပါတယ်”
ဟု ပြောလိုက်သည်။
လုချန်း၏ တုံ့ပြန်မှုကို မြင်သောအခါ ချူးယုချင် နောက်ထပ် ဘာမှ မပြောတော့ပါ။ သူမက တစ်ဖက်သို့ လှည့်လိုက်ပြီး
“ ကောင်းပါပြီ။ ဒါဆို ဒေါ်လေး ကင်းလှည့်လိုက်ဦးမယ်။ မင်းလည်း အလုပ်များနေတယ် မဟုတ်လား”
ဟု ပြောလိုက်သည်။
ထို့နောက် ချူးယုချင်သည် စာကြည့်ခန်းမှ ထွက်ခွာသွားသည်။
နှစ်ရက်အကြာ။
နယ်စားမင်းသား၏ စံအိမ်ဝင်ပေါက်တွင်။
နယ်စားမင်းသား၏ စံအိမ်မှ တောင်ဘက်သို့ ထွက်ခွာမည့် ကုန်သည်လှည်းများကအဆင်သင့်ဖြစ်နေသည်။ လုချန်းက စံအိမ်ဝင်ပေါက်တွင် ရပ်နေပြီး သူ၏ ဇနီးမယားများကို တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်နေသည်။
......
အခန်း (၉၃)
ထွက်ခွာခြင်း
ကျောင်းယိုယိုနှင့် ကျောင်းရှောင်ရှောင်တို့သည် လုချန်း၏ ရင်ခွင်ထဲတွင် မရပ်မနား ငိုကြွေးနေကြသည်။ ယိုယို၏ မျက်လုံးများမှာ ငိုကြွေးရခြင်းကြောင့် နီမြန်း၍ပင်နေသည်။
ရှောင်ရှောင်က မျက်ရည်များကို သုတ်ပြီး ပြောလိုက်သည်။
“မင်းသား၊ လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို မတားဆီးနိုင်ရင် တောင်ဘက်ကို ဆုတ်ခွာပါ။”
ယိုယိုက လုချန်း၏ခါးကို ဖက်ထားပြီး ခေါင်းကို သူ၏ ရင်ဘတ်ပေါ်တွင် တင်ထားကာ ပြောလိုက်သည်။
“ဝူး… မင်းသား၊ ကျွန်မ အန်းပင်မြို့မှာ မင်းသားရဲ့ သတင်းကောင်းကို စောင့်နေပါမယ်။”
ထိုအချိန်တွင် တစ်ဘက်တွင် ရပ်နေသော မုကျိရွှမ်းကလည်း လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်းသား ကျွန်မ ထွက်သွားရင် မင်းသား ကိုယ့်ဘာကိုယ် ဂရုစိုက်ပါ။”
သူတို့၏ စကားများကို လုချန်းက ပြုံးပြီး တုန့်ပြန်လိုက်သည်။
“စိတ်မပူပါနှင့်။ စစ်ပွဲက မကြာခင် ပြီးသွားမှာပါ။ ခြောက်လထက် ပိုမကြာပါဘူး။”
လုချန်းကို ခြောက်လအတွင်း ပြန်မြင်ရမည်ဟူသော စကားကို ကြားရသောအခါ ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့သည် ပို၍ ပြင်းထန်စွာ ငိုကြွေးကြသည်။ မုကျိရွှမ်း၏ မျက်လုံးများလည်း အနည်းငယ် နီမြန်းလာပြီး ငိုချင်သကဲ့သို့ ဖြစ်နေသည်။
လုချန်းက သူတို့ကို နှစ်သိမ့်ပေးပြီး ပြောလိုက်သည်။
“ကောင်းပြီ၊ ကိုယ်ချစ်ရတဲ့သူတို့ရေ၊ မငိုကြနဲ့တော့။ စစ်ပွဲပြီးသွားတာနဲ့ မင်းတို့ကို ချက်ချင်းပဲ ပြန်ခေါ်မယ်။”
လုချန်းက သူ၏ ဇနီးနှင့် မယားများကို နှစ်သိမ့်နေစဉ် ချူးယုချင်ကတော့ သူ့ဘေးမှာ ရပ်နေပြီး စကားများစွာ မပြောခဲ့ပေ။ လုချန်းအား ပြောဖို့လိုအပ်သည်များကို သူမ ကြိုတင်၍ ပြောပြီးဖြစ်သည်။
သူမယုံကြည်သည်မှာ လုချန်းသည် သူလုပ်ရမည့်အရာကို သိသူဖြစ်သည်ဟူ၍ပင်။ ချူးယုချင်က ပိုင်ချင်းချင်းနားသို့ ချဉ်းကပ်ပြီး ပြောလိုက်သည်။
“ပိုင်လေး လာမယ့် လအနည်းငယ်အတွင်း မင်းတစ်ယောက်တည်းပဲ ချန်းလေးဘေးမှာ ရှိနေမှာပါ။ ချန်းလေးရဲ့ ဘေးကင်းလုံခြုံမှုကို မင်းကို အပ်ပါတယ်။”
ချူးယုချင်က ပိုင်ချင်းချင်းကို လုချန်းဘေးမှာ ရှိနေမည်ဟု ပြောခြင်းသည် လုချန်း၏ မိန်းမများကို ရည်ညွှန်းခြင်းဖြစ်သည်။ မင်းသား စံအိမ်ကို လူသူကင်းမဲ့စွာ ထားခဲ့ရန် က မဖြစ်နိုင်ပေ။ အစေခံနှင့် အစေခံမိန်းမများ အများအပြားကို ချန်ထားခဲ့ရသည်။
အကြောင်းမှာ လုချန်းသည် မင်းသား စံအိမ်တွင် ဆက်လက်နေထိုင်မည်ဖြစ်ပြီး အစေခံအားလုံး ထွက်ခွာသွားပါက လုချန်းကို ဘယ်သူက စောင့်ရှောက်မည်နည်း။
ချူးယုချင်၏ စကားကို ကြားပြီးနောက် ပိုင်ချင်းချင်းက နူးညံ့စွာဖြင့်
“အင်း”
ဟုသာ အသံထွက်လိုက်ပြီး ဘာစကားများ မှ ထပ်ပြောပေ။ အမှန်အတိုင်းပြောရလျှင် ပိုင်ချင်းချင်းသည် လုချန်းက သူ့ဘေးမှာ သူမကိုသာ ချန်ထားမည်ဟု မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် သူမ၏ စိတ်ထဲတွင် စိုးရိမ်မှုများ ပိုမိုဖြစ်ပေါ်လာသည်။
လုချန်းနှင့် သူတို့အတူနေစဉ် သူလုပ်ခဲ့သည့် မြင်ကွင်းများကို စဉ်းစားမိသည်နှင့် ပိုင်ချင်းချင်းသည် အနည်းငယ် စိတ်လှုပ်ရှမိသည်။ လုချန်း၏ ဇနီးနှင့် မယားများ ထွက်ခွာသွားပြီးနောက် သူမတစ်ယောက်တည်းသာ ကျန်ရစ်မည်ဖြစ်သည်။ ထိုအခါ သူမသည် လုချန်းနှင့် နေ့စဉ် ရင်းနှီးမှုများ တည်ဆောက်ရမည်လား။
သူမသည် ထိပ်သီးပညာရှင်တစ်ဦးဖြစ်သော်လည်း လုချန်း၏ ပြင်းထန်မှုကို စဉ်းစားမိသောအခါ ပိုင်ချင်းချင်း၏ သွယ်လျသော ခြေထောက်များ အနည်းငယ် တုန်လှုပ်သွားသည်။
ထိုအချိန်တွင် ဝမ်ချင်းစီသည် လုချန်းထံသို့ ချဉ်းကပ်လာသည်။ သူမသည်လည်း လုချန်းအနားမှ ခွဲခွာရတော့မည်ဖြစ်ပြီး နေ့စဉ် လုချန်း၏ ညှဉ်းပန်းမှုကို အများဆုံး ခံခဲ့ရသူဖြစ်သော သူမသည်းလည်း ထွက်သွားရမှာကို အလွန်စိတ်မပါဖြစ်နေသည်။
လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ သူမက မေးလိုက်သည်။
“မင်းသား။ ကျွန်မကို မင်းသားဘေးမှာ ချန်ထားဖို့ မစဉ်းစားဘူးလား။”
လုချန်းက ပြောလိုက်သည်။
“မလိုပါဘူး။ မင်းကငါရဲ့ အစေခံမိန်းမဖြစ် ပေမယ့် မင်းကငါ့ရဲ့ မိန်းမလည်းဖြစ်တယ်။ မင်းကို ဘယ်လိုမှ ထိခိုက်မှုမဖြစ်စေချင်ဘူး။”
ထိုစကားကို ကြားရသောအခါ ဝမ်ချင်းစီ၏ စိတ်ထဲတွင် နွေးထွေးမှုများ လှိုင်းလုံးများ တက်လာသည်။ လုချန်းက သူမကို စိတ်ဖြေရာတစ်ခုအဖြစ်သာ မြင်သည်ဟု သူမအမြဲထင်ခဲ့သော်လည်း တကယ်တော့ လုချန်းက သူမကို စိတ်ရင်းမှန်ဖြင့် စိတ်ပူပေးသည်ကို သိလိုက်ရသည်။
ထိုအချိန်တွင် လုချန်း၏ စိတ်ထဲအကြံတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
“ဟုတ်ပြီ။ ဒီနေ့ကစပြီး မင်း မြူကျောင်းတော်ကနေ ထွက်လိုက်ပါ။ အဲ့ဒီမှာ ဆက်ပြီးပုန်းခိုနေစရာ မလိုတော့ဘူး။”
ထိုစကားကို ကြားရသောအခါ ဝမ်ချင်းစီသည် ခဏတာမျှ တုံ့ဆိုင်းသွားသည်။ သူမသည် မြူကျောင်းတော်တွင်ထောက်လှမ်းရေး လုပ်ငန်းများဖြင့် သူမ၏တန်ဖိုးကို သက်သေပြချင်ခဲ့သည်။
လုရှုယွမ်က လုချန်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသရွေ့ သူမသည် သတင်းအချက်အလက်များကို ရယူနိုင်ပြီး သူမ၏တန်ဖိုးကို သက်သေပြနိုင်မည်ဟု ယုံကြည်ခဲ့သည်။
လုချန်းက ဆက်ပြောလိုက်သည်။
“ကိုယ် မြောက်ပိုင်းမြို့တော်ကို ရောက်ပြီးသွေးလဝန်းရဲတိုက်ရဲ့ လုပ်ကြံမှုကို နှစ်ကြိမ်ကို ခံခဲ့ရတယ်။ နှစ်ကြိမ်စလုံး မင်းက ဘာမှ မထိခိုက်ခဲ့ဘူး။ လုရှုယွမ်လို အရူးတစ်ယောက်တောင် မင်းသူ့ကို သစ္စာဖောက်သွားပြီဆိုတာ သိသွားလောက်ပြီ။”
လုချန်း၏ စကားများကို စဉ်းစားကြည့်သောအခါ ထိုစကားများက ယုတ္တိရှိသည်ဟု ဝမ်ချင်းစီ သိလိုက်ရသည်။
သို့သော် သူမသည် သူလျှိုလုပ်ငန်း ရပ်တန့်သွားပါက သူမ၏တန်ဖိုးကို မည်သို့သက်သေပြနိုင်မည်နည်း။ သူမက လုချန်းရဲ့ ဘေးမှာ နေ့တိုင်း သူရဲ့အစေခံအဖြစ် နေထိုင်ရတော့မှာလား။
ဝမ်ချင်းစီ၏ စိတ်ပျက်နေသော မျက်နှာကို မြင်သောအခါ လုချန်းက ဆက်ပြောလိုက်သည်။
“လွင်ပြင်ဒေသ မျိုးနွယ်စုတွေနဲ့ စစ်ပွဲပြီးဆုံးသွားရင် မင်းအတွက် သင့်တော်တဲ့ အလုပ်တစ်ခုကို စီစဉ်ပေးမယ်လေ။”
ထိုစကားကို ကြားရသောအခါ ဝမ်ချင်းစီ၏ မျက်လုံးများ တောက်ပလာပြီး သူမက ချက်ချင်းမေးလိုက်သည်။
“မင်းသား၊ ရှင်တကယ်ပြောနေတာလား။”
လုချန်းက သူမအတွက် မည်သည့်အလုပ်ကို စဉ်းစားထားသည်ကို မသိသော်လည်းအလုပ်လက်မဲ့ဖြစ်နေခြင်းထက် ပိုကောင်းသည်ဟု သူမ သိသည်။
လုချန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဟုတ်တယ်။”
ဝမ်ချင်းစီအတွက် မည်သည့်အလုပ်ကို ပေးရမည်ကို မစဉ်းစားရသေးသော်လည်း သူမကို အလုပ်လက်မဲ့ထားရန် လုချန်း မရည်ရွယ်ပေ။ ဝမ်ချင်းစီလို ဖြားယောင်း သွေးဆောင်နိုင်သော အမျိုးသမီးတစ်ဦးကို သူ့ဘေးမှာ ထားရှိခြင်းသည် သူ့အတွက် အလွန်ခက်ခဲသည်။
သူ့ဘေးမှာ ရှိနေသော အမျိုးသမီးများအားလုံးသည် အလွန်လှပသော်လည်း ဝမ်ချင်းစီတစ်ယောက်တည်းကသာ သူ့ကို ရူးသွပ်စေနိုင်သည်။ အကြောင်းမှာ သူမသည် သူ၏ အစေခံမိန်းမဖြစ်ပြီး လုချန်းသည် သူမကို အကန့်အသတ်မရှိ အတူရှိလိုကြောင်းကို သူမကြာခဏ စဉ်းစားမိသည်။
ထိုကဲ့သို့သော အမျိုးသမီးက သူ့ဘေးမှာ အမြဲတမ်းနေထိုင်ရန် မသင့်တော်ပေ။ ဝမ်ချင်းစီက သူရဲ့ ခံစားချက်များအားလုံးကို လှည့်စားနေပါက သူ၏ အခြားမယားများသည် သူ့အတွက် သားသမီးများ မည်သို့မွေးနိုင်မည်နည်း။
ထိုအချိန်တွင်။
မလှမ်းမကမ်းတွင် ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့သည် ရပ်နေကြပြီး လုချန်း သူ၏ ဇနီးမယားများကို နှုတ်ဆက်နေပုံကို တိတ်တဆိတ် ကြည့်နေကြသည်။
ဤမြင်ကွင်းသည် သူတို့နှစ်ဦးအတွက် အံ့သြစရာဖြစ်ခဲ့သည်။ လုချန်းသည် ရမ္မက်စိတ်ထက်သန်သော မင်းသားဟု ပြောကြသော်လည်း သူ၏ ဇနီးနှင့် မယားများသည် သူနှင့် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာရှိပုံရသည်။
လျှို့ဝှက်လဝန်းနန်းတော်မှ စုဆောင်းထားသော မြောက်ပိုင်းနယ်စားမင်းသားအကြောင်း သတင်းအချက်အလက်အားလုံးက မှားယွင်းနေသည်။ တစ်ခုမှ မြောက်ပိုင်းနယ်စားမင်းသား၏ အခြေအနေ အမှန်နှင့် မကိုက်ညီပါ။
သို့သော် ချန်ဝမ်ရွန်က သူတို့နန်းတော်၏ သတင်းအချက်အလက်တွင် ပြဿနာရှိသည်ဟု မယုံကြည်ခဲ့ပေ။ မြောက်ပိုင်းနယ်စားမင်းသားသည် သာမန်လူမဟုတ်ပဲ အလွန်တရာ အကြံများသူ ဖြစ်ရမည်ဟု သူမထင်မြင်ခဲ့သည်။
ထိုသို့မဟုတ်ပါက မြောက်ပိုင်းနယ်စားမင်းသားသည် အသုံးမကျသူဟု တစ်လောကလုံးတွင် အပြောများနေမည် မဟုတ်ပေ။ ထိုအချိန်တွင် ချန်ဝမ်ရွန်၏ နံဘေးမှ လင်ဝမ်ရွန်က သက်ပြင်းချတစ်ချက် ချလိုက်ပြီး ပြောလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသား လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ တောင်ဘက်ကျူးကျော်မှုကို အောင်မြင်စွာ ခုခံနိုင်ပြီး အသက်ရှင်နိုင်ပါစေဟု မျှော်လင့်ပါတယ်။”
လုချန်းသည် သူမရဲ့ မိတ်ဆွေကောင်း၏သားဖြစ်သည်။ လင်ဝမ်ရွမ်သည် သူတို့၏ အနေအထားကို ထည့်သွင်းစဉ်းစားခြင်းမရှိပဲ သူ၏ အသက်ရှင်ရေးကို စစ်မှန်စွာ မျှော်လင့်နေခြင်းဖြစ်သည်။
လုချန်း၏ သွေးကို အသုံးပြု၍ လျှို့ဝှက်နဂါးမန္တာန်ကို ဖန်တီးရန်မှာ နောက်ပိုင်းမှ စဉ်းစားရမည့် အရာတစ်ခုဖြစ်သည်။ လင်ဝမ်ရွန်က ချမ်ဝမ်ရွန်ကို လှမ်းကြည့်လိုက်သည်။ ချမ်ဝမ်ရွန်က လုချန်းကို တိတ်တဆိတ် လေ့လာစောင့်ကြည့်နေသည်။ လုချန်းကတော့သူ၏ ဇနီးနှင့် မယားများကို နှုတ်ဆက်နေဆဲဖြစ်သည်။
ထိုအခိုက်အတန့်သည် သူမ၏ ဖခင်ဖြစ်သူ ချန်ဧကရာဇ်က သူမတို့ကို ချန်နိုင်ငံတော်၏ မြို့တော်မှ ထွက်ခွာစေခဲ့သော နေ့ကို သတိရစေသည်။ ထိုအချိန်က သူတို့သည်လည်း မခွဲခွာချင်ခဲ့ကြပေ။
သူမ ချန်နိုင်ငံတော်၏ မြို့တော်သို့ ပြန်ရောက်သောအခါ အရာရာက ပြောင်းလဲသွားပြီဖြစ်၏။ သူမ၏ ဖခင်ဖြစ်သူ ဧကရာဇ်နှင့် တော်ဝင်မိသားစုဝင်များ အားလုံးလည်း အရိုးစုများ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် ချန်ဝမ်ရွန်သည် လုချန်းကို အသုံးချ၍ လျှို့ဝှက်နဂါးမန္တာန်ကို ဖန်တီးရန် အစီအစဉ်ကို စွန့်လွှတ်လိုစိတ် ဖြစ်ပေါ်လာသည်။
ထိုလှပသော မြင်ကွင်းကို သူမ မဖျက်ဆီးလိုပေ။
လုချန်းက လူတိုင်းကို နှုတ်ဆက်ပြီးနောက်
“ကောင်းပြီ၊ ထွက်ခွာကြစို့။ အန်းပင်မြို့ကိုမြန်မြန် ရောက်အောင် ကြိုးစားကြစို့”
ဟု ကြေညာလိုက်သည်။
ကျောင်းယိုယိုနှင့် ကျောင်းရှောင်ရှောင်တို့သည် လှည်းပေါ်တက်ပြီးနောက် ပြတင်းပေါက်မှ တစ်ဆင့်
“မင်းသား၊ ကျေးဇူးပြုပြီး ဂရုစိုက်ပါ”
ဟု အော်ပြောလိုက်သည်။
“မင်းသား ကျွန်မ မင်းသားရဲ့ သတင်းကို အမြဲစောင့်မျှော်နေပါမယ် …”
အားရပါးရ ငိုကြွေးနေကြသော သူ၏ဇနီးမယားများကဲ့သို့ မဟုတ်ပဲ လုချန်းက ပြုံးလျက် သူတို့ကို နှုတ်ဆက်လိုက်သည်။
လှည်းတန်း တဖြည်းဖြည်း မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လုချန်း ရုတ်တရက် စိတ်သက်သာရာရသွားသည်။ အရေးကြီးသော လူများ ထွက်ခွာသွားပြီဖြစ်သောကြောင့် သူသည် ယခုအခါ လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ပြင်ဆင်နိုင်ပြီ ဖြစ်သည်။
ထို့နောက် လုချန်းသည် မင်းသားစံအိမ်ထဲသို့ ပြန်လှည့်သွားသည်။
မူကျိရွှမ်းနှင့် အခြားသူများ၏ တောင်ဘက်သို့ ဦးတည်သွားသော လှည်းတန်းသည် အလွန်ကြီးမားသည်။ နယ်စားမင်းသား၏ စံအိမ်မှ လှည်းများသာမက မုအိမ်တော်မှ လှည်းများနှင့် သာမန်ပြည်သူများ၏ လှည်းများလည်း ပါဝင်သည်။
သူတို့၏ ဘေးကင်းရေးအတွက် လုချန်းသည် မုရှင်းပင်ကို အထူးကိုယ်ရံတော်တပ်ခွဲတစ်ခုကို ဦးဆောင်စေခဲ့ပြီး အဆင့်ကိုးပညာရှင် အနည်းငယ်ကိုလည်း စီစဉ်ပေးခဲ့သည်။ ထိုအစီအစဉ်က သူတို့၏ ဘေးကင်းလုံခြုံ ရေးကို သေချာပေါက် အာမခံချက်ပေးနိုင်သည်။
မြောက်ပိုင်းမြို့တော်၏ သာမန်ပြည်သူများသည် ဤမျှကြီးမားသော လှည်းတန်းတစ်ခု တောင်ဘက်သို့ ရွေ့လျားနေသည်ကို မြင်သောအခါ မြောက်ပိုင်းမြို့တော်တွင် အရေးကြီးသော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်နေသည်ကို နားလည်သွားကြသည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်မှ ကျူးကျော်ဝင်ရောက်လာတော့မည်ဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ မြောက်ပိုင်းမြို့သူမြို့သားများကို စွန့်ခွာထွက်ပြေးသွားခဲ့ပြီဟူသော ကောလာဟလများ နောက်ရက်အနည်းငယ်အတွင်း မြောက်ပိုင်းမြို့တော်တစ်ဝှမ်း ပျံ့နှံ့သွားခဲ့သည်။
......