← Chapters

အခန်း ၉၇-၉၉

Vol. 7 Ch. 97-99

အခန်း ၉၇-၉၉

Vol. 7 Ch. 97-99

အခန်း (၉၇)

မင်းသားလုရှုယွမ်လုပ်ကြံခံရခြင်း

ထိုအချိန်တွင်

နေပြည်တော်တွင်

လုရှုယွမ်၏ နေအိမ်၊ စာကြည့်ခန်း။

လုရှုယွမ်သည် သူ၏လက်ထဲတွင် ခိုင်မြဲစွာ ဆုပ်ကိုင်ထားသော ထောက်လှမ်းရေးအစီရင်ခံစာကို ကြည့်နေသည်။ သူအံကြိတ်နေပြီး သူ၏မျက်လုံး သွေးကြောများကလည်း ဖောင်းကားနေသည်။

သူသည် အခုအချိန်တွင် အလွန်ဒေါသထွက်နေပြီး စကားပြောရန်ပင် မတတ်နိုင်တော့ပေ။

ယခင်က သူဒေါသထွက်လာပါက ပစ္စည်းများကို ပေါက်ခွဲလေ့ရှိ၏။ ယနေ့တော့ သူရရှိသော အချက်အလက်များသည် ပစ္စည်းများပေါက်ခွဲဖို့ မေ့နေစေသည်အထိ သူကို့ အလွန်ဒေါသထွက်နေ‌စေသည်။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်နေပြီး မျက်နှာပေါ်တွင် ချွေးစေများပင် ထွက်လာသည်။

သူသည် ဘယ်တော့ကမှ မထင်ခဲ့ပေ။ သွေးလဝန်း ရဲတိုက်၏ ရဲတိုက်မှူးဦးဆောင်သော အဆင့်ကိုး သိုင်းပညာရှင်များစွာသည် ထိုအသုံးမကျသော နယ်စားမင်းသားတစ်ဦးကို လုပ်ကြံရာတွင် ပျက်ကွက်ခဲ့ရပြန်သည်။

သွေးလဝန်းရဲတိုက်၏ ရဲတိုက်မှူးသည် တကယ့် ထိပ်သီးပညာရှင်တစ်ဦးဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ နေအိမ်တွင် လျှို့ဝှက်ထိပ်သီးပညာရှင်တစ်ဦး ရှိနေသော်လည်း သွေးလဝန်းရဲတိုက်မှူး အတွက် ထိုသူကို တားဆီးရန် ပြဿနာမရှိပေ။

သို့သော် လုရှုယွမ်ကို ပိုမိုဒေါသထွက်စေသော အရာမှာ ဝမ်ချင်းစီ၏ သစ္စာဖောက်မှုဖြစ်သည်။ ဝမ်ချင်းစီသည် ဝမ်မိသားစုက ငယ်စဉ်ကတည်းက မွေးမြူခဲ့သော လုပ်ကြံရေးသမားတစ်ဦးသည်။ ယခုအခါတွင် သူမက မြောက်ပိုင်းနယ်စားမင်းသား၏ နေအိမ်ဘက်သို့ ကူးပြောင်းသွားခဲ့သည်။

“ကောင်းတယ်။ သိပ်ကောင်းတယ်။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်က သွေးလဝန်းရဲတိုက်ရဲ့ လုပ်ကြံမှုတိုင်းကို အကြိမ်တိုင်း ရှောင်နိုင်ခဲ့တာ သစ္စာဖောက်တစ်ယောက်ရှိနေလို့ကိုး”

လုရှုယွမ်သည် သူ၏လက်ထဲတွင် ရှိနေသော ထောက်လှမ်းရေးအစီရင်ခံစာကို စုတ်ဖြဲပစ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“ချစ်ရတဲ့ ညီလေးရေ၊ ဝမ်မိသားစုက ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ခဲ့တဲ့ လုပ်ကြံသူတစ်ဦးကို သိမ်းသွင်းနိုင်ခဲ့တာက‌တော့ မင်းတကယ်ကို တော်ပါတယ်။”

“ငါတကယ်ပဲ မင်းကို လျှော့တွက်မိခဲ့တယ်။”

လုရှုယွမ်သည် သူ၏ဒေါသကို ဖြေဖျောက်ရန် နည်းလမ်းမရှာတွေ့သည့်အချိန်တွင်ရုတ်တရက် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။

ထို့နောက် အစေခံတစ်ဦးက ထိတ်လန့်တကြား ဝင်ရောက်လာပြီး

“မင်းသား။ အလွန်ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်”

ဟု ပြောလိုက်သည်။

လုရှုယွမ်သည် အလွန်ဒေါသထွက်နေပြီး အစေခံကို သတ်ကာ သူ၏ဒေါသကို ဖြေဖျောက်ရန် ကြံနေစဉ် အစေခံက “မင်းသား၊ မင်းသား ထွက်ပြေးရမယ်။ မျက်နှာဖုံးစွပ်ထားတဲ့ လုပ်ကြံသူတွေ ဝင်လာပါပြီ။ ကျွန်တော်တို့ရဲ့ လူတွေက သူတို့ကို လုံးဝမတားဆီးနိုင်ပါဘူး”

ဟု ပြောသည်ကို ကြားလိုက်ရသည်။

ထိုစကားကို ကြားသောအခါ လုရှုယွမ် ခဏတာမျှ အံ့အားသင့်သွားသည်။

မျက်နှာဖုံးစွပ်ထားတဲ့ လုပ်ကြံသူများ။

နေပြည်တော်မှာ မင်းသားတစ်ပါးကို လုပ်ကြံရဲတဲ့အထိ ဘယ်သူကများ ရဲတင်းနေတာလဲ။

ထိုအချိန်တွင် လုရှုယွမ်သည် လုချန်းကို ဖြစ်နိုင်ချေ တစ်ခုအဖြစ် စဉ်းစားခြင်းမပြုပေ။ အကြောင်းမှာ လုချန်းသည် ဝေးကွာသောမြောက်ပိုင်းမြို့တော်တွင် ရှိနေပြီး သူ့ဘေးတွင် လျှို့ဝှက်ထိပ်သီးပညာရှင်တစ်ဦးသာ ရှိနေ၏။ ထိုလျှို့ဝှက်ထိပ်သီးပညာရှင်ကို လုပ်ကြံခိုင်းရန် နေပြည်တော်သို့ စေလွှတ်မည်တော့မဟုတ်ပေ။

လုရှုယွမ်၏ ဦးနှောက်ထဲတွင် ပထမဆုံး ပေါ်လာသည်မှာ ထီးနန်းဆက်ခံရေး ပြိုင်ပွဲတွင် ပါဝင်နေသော အခြားမင်းသားများဖြစ်သည်။ သူသေဆုံးသွားပါက သူတို့တွင် ပြိုင်ဘက်တစ်ဦး လျော့သွားမည်ဖြစ်သည်။

သို့သော် မင်းသားတစ်ဦးက နေပြည်တော်လို နေရာမျိုးတွင် အခြား မင်းသားတစ်ဦးကို လုပ်ကြံဖို့ တကယ်ပဲ လုပ်ရဲပါ့မလား။ အကယ်၍ ထိုသို့လုပ်ခဲ့ကြောင်း ရှာဖွေတွေရှိသွားပါက ထီးနန်းအတွက် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးရုံသာမက နေပြည်တော်မှပင် နှင်ထုတ်ခံရနိုင်သည်။

သို့သော် ယခုအချိန်သည် ထိုအရာများကို တွေးတောနေရန် အချိန်‌တော့ မဟုတ်ပေ။ လုပ်ကြံသူများ ဝင်ရောက်လာပြီဖြစ်ပြီး ပုန်းအောင်းရန် နေရာတစ်ခု သူရှာဖွေရမည်ဖြစ်သည်။

ကံကောင်းထောက်မစွာပင် သူ၏နေအိမ်တွင် မြေအောက်လမ်းကြောင်းများ ရှိပြီး ထွက်ပြေးရန်က လုံးဝပြဿနာမရှိပေ။ လုရှုယွမ်သည် သူ၏အသက်အန္တရာယ်ကို လုံးဝမစိုးရိမ်ပေ။ ထို့နောက် လုရှုယွမ်သည် သူ၏နေအိမ်၏ မြေအောက်လမ်းကြောင်းထဲသို့ ဝင်သွားပြီး ပုန်းအောင်းလိုက်သည်။

နောက်ဆုံးတွင် ထိုမျက်နှာဖုံးစွပ် လုပ်ကြံရေးသမားများသည် လုရှုယွမ်၏ နေအိမ်ထဲသို့ ကျူးကျော် ဝင်ရောက်လာနိုင်ပြီး သူ၏လက်အောက်ငယ်သားများနှင့် အချို့ဧည့်သည်များကို သတ်ဖြတ်နိုင်ခဲ့သော်လည်း မင်းသား၏ အရိပ်အယောင်ကိုပင် မတွေ့ရှိခဲ့ပေ။

တကယ်တော့ လုရှုယွမ် မင်းသားသည် ထိုလုပ်ကြံရေးသမားများ၏ ပစ်မှတ်မဟုတ်ပေ။ နန်းတွင်း အစောင့်တပ်များ ရောက်ရှိလာသောအခါ မျက်နှာဖုံးစွပ် လုပ်ကြံသူများသည် ထွက်ခွာသွားပြီဖြစ်သည်။

နေပြည်တော်တစ်ခုလုံးတွင် မင်းသား လုရှုယွမ် လုပ်ကြံခံရသည့်သတင်းက လျင်မြန်စွာပျံ့နှံ့သွားသည်။ ဆွမ်ဧကရာဇ် နန်းတက်ပြီးနောက် ထိုကဲ့သို့သော ကြောက်မက်ဖွယ်ဖြစ်ရပ်မျိုးက ရှားပါးလှသည်။ နောက်ဆုံးအကြိမ်မှာ ချန်နိုင်ငံ၏ အကြွင်းအကျန်များ နန်းတော်ထဲသို့ ဝင်ရောက်ကာ ဆွမ်ဧကရာဇ်ကို လုပ်ကြံရန် ကြိုးစားခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။ ထိုမှအပ ထိုသို့သော ဖြစ်ရပ်မျိုးက မရှိသလောက်ပင်။

မင်းသားတစ်ဦးသည် သူ၏နေအိမ်တွင် မျက်နှာဖုံးစွပ် လုပ်ကြံရေးသမားများ၏ ပစ်မှတ်ဖြစ်ခဲ့ရသည်။ ထိုဖြစ်ရပ်ကို ဆွမ်ဧကရာဇ် သိသွားသောအခါ အလွန်ဒေါသထွက်သွားသည်။

သူနန်းတက်ပြီးနောက် နေပြည်တော်တွင် ထိုသို့သော ရမ်းကားမှုကို ပြုလုပ်ရဲသူများ နည်းပါးသည်။ နောက်ဆုံးတကြိမ်က ချန်နိုင်ငံ၏ အကြွင်းအကျန်များ နန်းတော်ထဲသို့ ဝင်ရောက်ခဲ့သည်က အဓိကအားဖြင့် ပစ္စည်းအချို့ကို ရှာဖွေရန်သာဖြစ်ပြီး သူတို့ကို အစောင့်များက မတော်တဆ သတိထားမိခဲ့ခြင်းဖြစ်သည်။ ဆွမ်ဧကရာဇ်သည် ထိုဖြစ်ရပ်ကို ချဲ့ကားပြောဆိုကာ သူ့ကို လုပ်ကြံရန် ကြိုးစားခဲ့သည်ဟု ဆိုခဲ့သည်။ ထို့နောက်ထိုအကြောင်းပြချက်ဖြင့် သူသည် မုမိသားစုတစ်ခုလုံးကို နေပြည်တော်မှ နှင်ထုတ်ခဲ့သည်။ ထိုအဖြစ်အပျက်သည် အမှန်တကယ်တော့ လုပ်ကြံရန် ကြိုးစားမှုတစ်ခု‌ မဟုတ်ပေ။

သို့သော် ယခု‌တစ်ခေါက် ဖြစ်ရပ်ကတော့ ကွဲပြားခြားနားသည်။ ဒီတစ်ခေါက်တွင် လုပ်ကြံရေးသမားများသည် လုရှုယွမ်၏ နေအိမ်၏ ပင်မတံခါးမှ အတင့်ရဲစွာ ဝင်ရောက်လာပြီး သူတို့တွေ့သမျှ လူတိုင်းကို သတ်ဖြတ်ကာ လုရှုယွမ်၏ နေအိမ် သွေးချောင်းစီးသွားအောင် တိုက်ခိုက်ခဲ့သည်။

လုပ်ကြံရေးသမားများသည် ဥပဒေကို လုံးဝဂရုမစိုက်သည့်အပြင် နန်းတွင်း အာဏာပိုင်များကို လုံးဝမထီမဲ့မြင်ပြုလိုက်တာဖြစ်ကြောင်း ထင်ရှသည်။ ဧကရာဇ်၏ ရှေ့တော်မှောက် တည့်တည့်တွင် ဖြစ်ပျက်ခဲ့သော ဒီလိုမျိုး အဖြစ်အပျက်ကို ဆွမ်ဧကရာဇ်သည် မည်သို့မှ ဒေါသမထွက်ပဲ မနေနိုင်ပါ။

ညတွင်းချင်းပင် ဆွမ်ဧကရာဇ်သည် ပြစ်မှုဆိုင်ရာ တရားရေးဝန်ကြီးဌာနနှင့် မြို့တော်‌ စောင့်တပ်ကို လုပ်ကြံသူများအား ချက်ချင်းဖမ်းဆီးရန်နှင့် တစ်ယောက်မှ မလွတ်စေရန် အမိန့်ပေးခဲ့သည်။

နောက်တစ်နေ့မနက်။

ချွန်ကျင် ခန်းမ။

မနက်စောစောတွင် အရာရှိများသည် ချွန်ကျင် ခန်းမသို့ ရောက်ရှိလာပြီး စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံး မနေ့ညက အဖြစ်အပျက်ကို ကြားသိခဲ့ကြရပြီး အလွန်အမင်း အံ့အားသင့်ခဲ့ကြသည်။ လုပ်ကြံသူများသည် လုရှုယွမ်၏ အိမ်တော်ကို သွေးချောင်းစီး စေသည်အထိ အတင့်ရဲလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ကြပေ။

အကြောင်းမှာ လုရှုယွမ်၏ အိမ်တော်ကို ထိပ်သီးပညာရှင်တစ်ဦးနှင့် ကျွမ်းကျင်သူများစွာက စောင့်ရှောက်ထားသောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် လုရှုယွမ်သည် သူ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ရအောင်ခိုင်းစေကာ ချွန်ကျင် ခန်းမထဲသို့ ဝင်ရောက်လာခဲ့သည်။

သူ၏မျက်နှာသည် လူသေလို ဖြူလျော်နေပြီး သွေရောင်လုံးဝမရှိပါ။ သူ၏ဝိညာဉ်ပျောက်ဆုံးသွားသကဲ့သို့ ပင်ပန်းနွမ်းနယ်နေသည်။ လုရှုယွမ်ကို မြင်သောအခါ ဝန်ကြီးများသည် ချက်ချင်းပင် သူ့အနားသို့ စုရုံးလာကြသည်။

“မင်းသား၊ မင်းသား အဆင်ပြေရဲ့လား။”

“မင်းသား၊ မင်းသား ဒဏ်ရာရ သွားပါသလား။”

“မင်းသား ဒီလူယုတ်မာ‌တွေက တော်တော်စက်ဆုပ်စရာကောင်းတာပဲ။ သူတို့ကမင်းသားရဲ့ အိမ်တော်ကို ဝင်ရောက်ရဲတဲ့အထိ အတင့်ရဲကြတယ်။ ဧကရာဇ်က ဒီလူယုတ်မာတွေကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။”

ဝန်ကြီးများ၏ နွေးထွေးသော မေးမြန်းမှုများကို နားထောင်ရင်း လုရှုယွမ်က ဘာမှ ပြန်မပြောခဲ့ပေ။ သူသည် မနေ့ညက ဒဏ်ရာမရပဲ လွတ်မြောက်နိုင်ခဲ့သော်လည်း မနေ့ညက အဖြစ်အပျက်များသည် သူ့ကို တကယ်ပင် ထိန့်လန့်စေခဲ့သည်။

ယနေ့မနက်မှသာ သူ၏အိမ်တော်မှ လက်အောက်ငယ်သားအားလုံးနှင့် ဝမ်မိသားစုမှ သူ့ကို ကာကွယ်ရန် စေလွှတ်ထားသော ထိပ်သီးပညာရှင်တစ်ဦးလည်း အသတ်ခံခဲ့ရကြောင်း သိရှိခဲ့သည်။

ထို့အပြင် အိမ်တော်ရှိ လူတိုင်းနီးပါး သေဆုံးခဲ့ပြီး သူနှင့် အစေခံအနည်းငယ်သာ လွတ်မြောက်ခဲ့သည်။ လုရှုယွမ်သည် သူ၏အိမ်တော်ရှိ သိုင်းပညာရှင်များက လုပ်ကြံသူများကို အလွယ်တကူ ခုခံနိုင်မည်ဟု အစပိုင်းတွင် ယုံကြည်ခဲ့သည်။

လုပ်ကြံသူများက သူ့ကို တိုက်ရိုက် တိုက်ခိုက်မလာနိုင်အောင်သာ အိမ်တော်၏ မြေအောက်လမ်း‌ကြောင်းထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် လုပ်ကြံသူများ၏ ရည်ရွယ်ချက်သည် မင်းသားတစ်ဦးတည်းကိုသာ မဟုတ်ပဲ သူ၏ လက်အောက်ငယ်သားများကိုလည်း ပစ်မှတ်ထားကြောင်း သူမမျှော်လင့်ခဲ့ပေ။

ထိုအချိန်တွင် မိန်းမစိုးတစ်ဦး၏ အသံသည် ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်လာသည်။

“ဧကရာဇ် ရောက်ရှိလာပါပြီ။”

ဝန်ကြီးများသည် အလျင်အမြန်ပင် သူတို့၏နေရာများသို့ ပြန်သွားပြီး

“အသက်ရှည်ပါစေ၊ အသက်ရှည်ပါစေ၊ ဧကရာဇ်မင်းမြတ် အသက်ရှည်ပါစေ” ဟု ဦးညွှတ်လိုက်ကြသည်။

ထိုအချိန်တွင် ဆွမ်ဧကရာဇ်သည် နဂါးပလ္လင်ရှေ့တွင် မထိုင်သေးပဲ မတ်တတ်ရပ်နေပြီး အောက်မှ အရာရှိများကို အမြင့်မှ ငုံ့ကြည့်နေသည်။ ဧကရာဇ်၏ မျက်လုံးများတွင် လူသတ်ချင်သော အခိုးအငွေ့များနှင့် ပြည့်နှက်နေပုံရပြီး မနေ့ညက အဖြစ်အပျက်များသည် သူ့ကို အမှန်တကယ်ပင် အလွန်အမင်း ဒေါသထွက်စေခဲ့ကြောင်း ပြသနေသည်။

ထို့နောက် လုရှုယွမ်က ဒူးထောက်လိုက်ကာ ကြမ်းပြင်ကို လက်ဖြင့်ပုတ်၍

“ဖခင်၊ ဖခင် ကျွန်တော့်အတွက် တရားမျှတမှုကို ရှာဖွေပေးရပါမယ်။ ကျွန်တော့် အိမ်‌ တော်မှာ လူလေးဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်”

ဟု ကျယ်လောင်စွာ ပြောလိုက်သည်။

ဆွမ်ဧကရာဇ်သည် ဆက်လက်၍ တိတ်ဆိတ်နေပြီး သူ၏မျက်လုံးများသည် ခန်းမအတွင်းရှိ မင်းသား တစ်ဦးချင်းကို စူးစိုက်ကြည့်နေသည်။ ဧကရာဇ်၏ လူသတ်မည့်ပုံစံနှင့် အကြည့်မျိုးကို ခံစားရသောအခါ မင်းသားများသည် ကြီးမားသော ဖိအားကို ခံစားရပြီး သူတို့၏ နဖူးများတွင် ချွေးစေးများ စတင်ပြန်လာသည်။

သူတို့သည် ထိုအဖြစ်အပျက်အတွက် တာဝန်မရှိသော်လည်း ထီးနန်းဆက်ခံရေးအတွက် တိုက်ပွဲဝင်ရန် အရေးကြီးသော အချိန်ဖြစ်ပြီး လုရှုယွမ်၏ သေဆုံးမှုသည် သူတို့အတွက် ပြိုင်ဘက်တစ်ဦး လျော့သွားသောကြောင့် သူတို့သည် အဓိက သံသယဖြစ်စရာများ ဖြစ်နေသည်။

သို့သော် သူတို့သည် မိုက်မဲသူများ မဟုတ်ကြပေ။ ဧကရာဇ်၏ မျက်စိရှေ့ တည့်တည့်တွင် မင်းသားတစ်‌ယောက်၏ အိမ်တော်ကို သွေးချောင်းစီးစေမည့် ထိုကဲ့သို့သော အပြုအမှုကို မည်သို့ ကျူးလွန်နိုင်ကြမည်နည်း။

ထိုအဖြစ်အပျက်ကို သူတို့ထံ ပြန်လည်ခြေရာခံမိပါက နယ်စားအဖြစ်စေလွှတ်ခံရခြင်းက အနည်းဆုံး အပြစ်ဒဏ်ဖြစ်သည်။ အကယ်၍ သူတို့၏ ဖခင် အလွန်ဒေါသထွက်သွားပါက သာမန်လူအဆင့်သို့ပင် လျှော့ချရန် ဆုံးဖြတ်နိုင်သည်။

မင်းသားများလည်း စိတ်ပျက်နေကြသည်။ ဤအချိန်တွင် ထိုကဲ့သို့သော အမှုကို ကျူးလွန် လောက်သည်အထိ မိုက်မဲသူမှာ မည်သူနည်း။ လုရှုယွမ်ကိုယ်တိုင်ကပဲ စီစဉ်ခဲ့သော စီမံကိန်းတစ်ခု ဖြစ်နိုင်သလား။

အခန်း (၉၈) မြောက်ပိုင်းနယ်စားမင်းသား၏ စာ

ချွန်ကျင်ခန်းမအတွင်းရှိ စိတ်ခံစားမှု လေထုသည် အလွန်ပင် စိတ်ပျက်ဖွယ် ဖြစ်နေပြီး မင်းမှုထမ်းများသည် အသက်ရှူရန်ပင် မဝံ့မရဲ ဖြစ်နေကြသည်။ ဤကဲ့သို့သော ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ သောကြောင့် ဆွမ်ဧကရာဇ် ဘယ်လောက်တောင် ဒေါသထွက်နေမည်ကို သူတို့မသိကြပေ။ ထို့ကြောင့် ယခုအချိန်တွင် သူ့ဒေါသကို ဆွပေးမည့် အရာတစ်ခုမှ မပြုရဲကြပါ။

အချိန်အတော်ကြာပြီးနောက် ဆွမ်ဧကရာဇ်က စကားစပြောလိုက်သည်။

“ကျုပ်ထီးနန်းကို စိုးစံပြီးကတည်းက နေပြည်တော်အတွင်းမှာ ဒီလိုမျိုး ဆိုးရွားပက်စက်တဲ့ ဖြစ်ရပ်က အခုဆိုရင် ဒုတိယအကြိမ် ဖြစ်သွားပြီ။ ဒါက နန်းတွင်းရဲ့ ဩဇာအာဏာကို မထီမဲ့မြင်ပြုခြင်းပဲ။ ကျုပ်ကို စိန်ခေါ်ခြင်းပဲ။”

ထိုစကားကို ပြောရင်း ဆွမ်ဧကရာဇ်၏ မျက်လုံးများသည် နေပြည်တော်စောင့်တပ် ၏ ခေါင်းဆောင် လီမင်းထံသို့ ရွေ့လျားသွားသည်။

“လီမင်း၊ မနေ့ညက လုပ်ကြံရေးသမားအားလုံးကို ဖမ်းမိပြီးပြီလား။”

ထိုစကားကို ကြားရသောအခါ နေပြည်တော် အစောင့်တပ်ခေါင်းဆောင် လီမင်းသည် ချက်ချင်း ဒူးထောက်လိုက်ပြီး အလျင်အမြန်ပြောလိုက်သည်။

“ကျွန်....တော်.... မနေ့ညက လုရှုယွမ်မင်းသား နေအိမ်ကို ရောက်တဲ့အခါ လုပ်ကြံရေးသမားတွေက ထွက်ပြေးသွားပါပြီ။”

ချွေးများက လီမင်းဆီမှ မရပ်မနား ကျနေသည်။ ဆွမ်ဧကရာဇ် ဒေါသထွက်ပြီး သူ့ကို အပြင်သို့ ဆွဲထုတ်စေကာ ခေါင်းဖြတ်စေရန် အမိန့်ပေးမည်ကို ကြောက်နေသည်။ လီမင်း၏ စကားကို ကြားရသောအခါ ဆွမ်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။

“ပြီးခဲ့တဲ့အကြိမ်က ခင်ဗျားက ချန်နိုင်ငံ က ကြွင်းကျန်သူတွေကို နန်းတော်ထဲ ဝင်ရောက်ခွင့်ပေးခဲ့တယ်။ ကျုပ် ခင်ဗျားကို အပြစ်မပေးခဲ့ဘူး။ ဒီတစ်ခါ နေပြည်တော် အတွင်းက မင်းသားတစ်ဦးရဲ့ နေအိမ်မှာ သွေးချောင်းစီးတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့တယ်။

ခင်ဗျားက လုပ်ကြံရေးသမားတွေရဲ့ အရိပ်ကိုတောင် မမြင်ခဲ့ဘူး။ နေပြည်တော်အ စောင့်တပ် ခေါင်းဆောင်အဖြစ် ခင်ဗျားက ဘာအသုံးဝင်မှာလဲ။”

“ဒီကနေ့ကစပြီး လီမင်းကို တာဝန်အားလုံးကနေ ရပ်စဲပြီး နယ်စပ်ကို ပို့လိုက်ပါ။”

ဆွမ်ဧကရာဇ်၏ စကားကို ကြားလိုက်ရသော လီမင်းလည်း စိတ်သက်သာရာရပြီး “ကျေးဇူးတင်ပါတယ် မင်းကြီး။”

သူ၏ရာထူး ဆုံးရှုံးသွားသော်လည်း အသက်ကို ချမ်းသာပေးခဲ့သည့်အတွက် အနည်းငယ် ကံကောင်းသည်ဟု လီမင်း ခံစားလိုက်ရသည်။ ထိုအချိန်တွင် ဆွမ်ဧကရာဇ်က ဆက်ပြောလိုက်သည်။

“ဒီအမှုကို ရာဇဝတ် ရေးရာဌာနကို လွှဲအပ်လိုက်ပါ။ သုံးရက်အတွင်း ကျုပ်ကျေနပ်စရာကောင်းတဲ့ အဖြေတစ်ခု လိုချင်တယ်။”

ထိုစကားများ ပြောလိုက်သောအခါ ရာဇဝတ်‌ ရေးရာဌာနမှ မင်းမှုထမ်းများလည်း ကြောက်ရွံ့ပြီး တုန်ယင်လာကြသည်။ ထိုအရာသည် သူတို့ စုံစမ်းစစ်ဆေးနိုင်သည့် အရာမဟုတ်သလို စုံစမ်းရဲကြသည်လည်း မဟုတ်ပေ။

လုပ်ကြံရေးသမားများသည် လုရှုယွမ်၏ နေအိမ်ကို တိုက်ရိုက်ဝင်ရောက်ပြီး သွေးချောင်းစီးခဲ့သည်။ ထိုနေရာရှိ ထိပ်သီးပညာရှင်ကိုပင် သတ်ခဲ့သည်။ ထိုအချက်က မနေ့ညက လုပ်ကြံရေးသမားများထဲတွင် အနည်းဆုံး ထိပ်သီးပညာရှင်တစ်ဦး ပါဝင်နေကြောင်း ဖော်ပြနေသည်။

ထိပ်သီးပညာရှင်တစ်ဦးကို စေလွှတ်ပြီး မင်းသားတစ်ဦး၏ နေအိမ်ကို သွေးချောင်းစီးစေရဲသည်အထိ လုပ်နိုင်ခြင်းက သူတို့၏ နောက်ကွယ်တွင် ကြီးမားသော အင်အားစုတစ်ခု ရှိ‌နေကြောင်း ညွှန်ပြနေသည်။

အခြားမင်းသားတစ်ဦး၏ လုပ်ရပ်လည်း ဖြစ်နိုင်သည်။ အကယ်၍ သူတို့သည် အခြားမင်းသားတစ်ဦးက ထိုအမှုကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိပါက ထိုအရာသည် ရာဇဝတ် ရေးရာ ဌာနအတွက် ပူလောင်သော အာလူးတစ်လုံးဖြစ်လာမည် ဖြစ်သည်။ ရှနိုင်ငံတော်တွင် ရာဇဝတ်‌ ရေးရာဌာနသည် မင်းသားတစ်ဦး၏ ပြစ်မှုကို တရားစီရင်ရန် နည်းလမ်းမရှိသလို အခွင့်အာဏာလည်း မရှိပေ။

ထိုအရာသည် ပူလောင်သော အာလူးတစ်လုံးဖြစ်ကြောင်း သိသော်လည်း ရာဇဝတ်ရေးရာ ဌာနမှ မင်းမှုထမ်းများ မငြင်းဆိုရဲကြပါ။ လောလောဆယ် ဆွမ်ဧကရာဇ် ဒေါသထွက်နေသည့်အတွက် သွားပြောမိပါက ခေါင်းဖြတ်ခံရမည်ကို ကြောက်နေကြသည်။

ထို့နောက် ဆွမ်ဧကရာဇ်က လုရှုယွမ်အား ပြောလိုက်သည်။

“နံပါရှစ် မင်းသား ထပါ။ မင်းအတွက် တရားမျှတမှု ရစေရမယ်။”

လုရှုယွမ်က မြန်မြန်ပြန်ပြောသည်။

“ကျွန်တော် ဖခင်ကို ကျေးဇူးတင်ပါတယ်။”

ဆွမ်ဧကရာဇ်သည် ထိုကိစ္စကို ဆက်လက် မတွေးတောတော့ပေ။ ဖြစ်ရပ်သည် အလွန်ဆိုးရွားသော်လည်း လုပ်ကြံရေးသမားများကို မဖမ်းမိသေးသလို သူတို့နှင့်ပတ်သက်သော အချက်အလက် တစ်ခုတစ်လေမှ မရှိသေးပေ။ သူတို့ကို မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို ဆွေးနွေးရန် အချိန်မတန်သေးပေ။

ယနေ့တွင် အခြားဆွေးနွေးစရာများစွာလည်း ရှိနေသည်။ ထိုအချိန်တွင် ဆွမ်ဧကရာဇ်သည် ဘဏ္ဍာရေးဝန်ကြီးထံ လှည့်ကာ ပြောလိုက်သည်။

“ဝန်ကြီးဝမ်၊ မြောက်ပိုင်းမြို့တော်ကို စစ်တပ်စေလွှတ်ရာမှာ စစ်ရိက္ခာတွေကို ခင်ဗျားက ဆိုင်းငံ့ထားတယ်လို့ ကျုပ်ကြားရတယ်။ အဲ့ဒါ အမှန်ပဲလား။”

ဘဏ္ဍာရေးဝန်ကြီး ဝမ်ဟိုင်က ခပ်မြန်မြန်ပြန်ပြောလိုက်သည်၊း။

“မင်းကြီး။ ကျွန်တော်က စစ်ရိက္ခာများကို ဆိုင်းငံ့ထားလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ကြီးမားတဲ့ ဘဏ္ဍာရေးပြဿနာနှင့် ရင်ဆိုင်နေရပါတယ်။ ဒီလို ငွေကြေးပမာဏကို ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်း စုဆောင်းနိုင်ဖို့က အလွန်ခက်ခဲပါတယ်။”

ဆွမ်ဧကရာဇ်က အေးစက်စွာ ပြန်ပြောလိုက်သည်။

“ခင်ဗျား ငွေကြေးစုဆောင်းနိုင်မှ နိုင်ငံတော်က မြောက်ပိုင်းမြို့တော်ကို စစ်တပ်စေလွှတ်သင့်တယ်လို့ ဆိုလိုတာလား။”

“ဝမ်ဟိုင်။ ခင်ဗျားက လွင်ပြင်ဒေသ မျိုးနွယ်စုတွေနှင့် ပေါင်းပြီး သူတို့တွေ နေပြည်တော်ကို တစ်ခါတည်း ချီတက်လာစေချင်လို့ စစ်ချီထွက်ခွာမှုကို တမင်တကာ နှောင့်နှေးစေနေတာလား။”

ဆွမ်ဧကရာဇ်၏ စကားကို ကြားရသောအခါဝမ်ဟိုင်၏ မျက်နှာသည် ချက်ချင်းပင် ဖြူ‌လျော်သွားသည်။ ဝမ်မိသားစုသည် လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ဆက်ဆံရေးရှိသော်လည်း ဆွမ်ဧကရာဇ်က ဒီလိုမျိုးတိုက်ရိုက်ထုတ်ဖော် ပြောဆိုလာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

ဆွမ်ဧကရာဇ်က သူ့ကိုစမ်းသပ်နေပုံ ရသော်လည်း ဧကရာဇ် တစ်စုံတစ်ခုကို သိထားနိုင်သည်ဟု ဝမ်ဟိုင် ခံစားနေရသည်။

ဝမ်ဟိုင်က ချက်ချင်းဒူးထောက်ချလိုက်ပြီး

“ကျွန်တော် စစ်ရိက္ခာများကို အမှန်တကယ် ပြင်ဆင်နေပါတယ်။”

ဆွမ်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။

“သုံးရက်အတွင်း စစ်တပ်က မြောက်ဘက်ကို မချီတက်နိုင်ခဲ့ရင် ခင်ဗျားဘဏ္ဍာရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ဖို့ မလိုတော့ဘူး။”

ဆွမ်ဧကရာဇ်က ဆက်ပြောတော့မည့်အချိန်တွင် ခန်းမ၏ ဝင်ပေါက်မှ အသံတစ်ခု ရုတ်တရက် ဟိန်းထွက်လာသည်။

“မြောက်ပိုင်းဒေသမှ အရေးတကြီးသတင်း။”

နောက်တစ်မိနစ်တွင် အနီရောင်ဖဲကြိုးတပ်သတင်းပို့သူတစ်ဦးသည် ခန်းမထဲသို့ အလျင်အမြန် ဝင်ရောက်လာခဲ့သည်။ အနီရောင်ဖဲကြိုးတပ် သတင်းပို့သူကို မြင်သောအခါ ခန်းမအတွင်းရှိ ဝန်ကြီးများ၏ မျက်နှာများ ပြောင်းလဲသွားခဲ့သည်။

ဤအချိန်တွင် အနီရောင်ဖဲကြိုးတပ်ထားသော သတင်းပို့သူကို အသုံးပြုနေပါက လွင်ပြင်ဒေသ မျိုးနွယ်စုများသည် တောင်ဘက်သို့ စတင်ရွေ့လျားနေပြီဟု ဆိုလို‌‌နေတာလား။

ဧကရာဇ်၏ စစ်တပ်သည် ရိက္ခာအတွက် အလုပ်များနေစဉ် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်သည် တောင်ဘက်သို့ ရွေ့လျားလာနေပြီဖြစ်သည်။ မြောက်ပိုင်းမြို့‌တော်ကို မည်သို့ကာကွယ်ရမည်နည်း။

ထိုအသုံးမကျသော နယ်စားမင်းသားကို တကယ်ပဲ အားကိုးနိုင်သလား။ ထိုသို့မဟုတ်ပါ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏မြင်းတပ် ရန်ခရိုင်သို့ မရောက်သေးမီပင် ထိုအသုံးမကျသော နယ်စားမင်းသားသည် မြို့တော်သို့ ပြန်ပြေးလာမည်ဖြစ်သည်။

ထိုအချိန်တွင် အနီရောင်ဖဲကြိုးတပ်သတင်းပို့သူက

“လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြောက်ပိုင်းဖရီဘုရင်သည် ကောင်းကင်ဝံပုလွေဘုရင်၏ နန်းတော်တွင် မြင်းစီးသူရဲ တစ်သိန်းကို စုရုံးပြီး တောင်ဘက်သို့ ရွေ့လျားတော့မည်” ဟု ပြောလိုက်သည်။

“ဤသည်မှာ မြောက်ပိုင်းနယ်စားမင်းသားထံမှ စစ်ရေးအစီရင်ခံစာဖြစ်ပါတယ်။ ထို့အပြင် မြောက်ပိုင်းနယ်စားမင်းသားသည် ဧကရာဇ်မင်းမြတ်ထံသို့ ပုဂ္ဂိုလ်ရေး စာတစ်စောင် ပေးပို့ခဲ့ပါတယ်။”

ထိုစကားကို ကြားသောအခါ ခန်းမအတွင်းရှိ လူတိုင်း အံ့အားသင့်သွားကြသည်။

ပုဂ္ဂိုလ်ရေးစာ။

ဧကရာဇ်ထံ ပုဂ္ဂိုလ်ရေးစာ ရေးသားသော နယ်စားမင်းသား။

ဒါက…

လုံးဝမမှန်ကန်ဟု မဆိုနိုင်ပါ။ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ အပိုင်နယ်မြေကို ရရှိထားသော်လည်း သူသည် ဧကရာဇ်၏သားဖြစ်ပြီး ဖခင်နှင့်သားဆက်ဆံရေးက ရှိသေးသည်။

သို့သော် ရှနိုင်ငံတော် တည်ထောင်ပြီးကတည်းက နယ်စားမင်းသားတစ်ဦးသည် ဧကရာဇ်ထံ ပုဂ္ဂိုလ်ရေး ပေးစာရေးသားသည့် အဖြစ်အပျက်မျိုး မရှိခဲ့ဖူးပေ။ သူတို့သည် အမြဲတမ်း တရားဝင် အစီရင်ခံစာများကိုသာ တင်သွင်းခဲ့ကြသည်။

ဆွမ်ဧကရာဇ်၏ ဘေးမှ မိန်းမစိုးသည် ချက်ချင်းပင် အနီရောင်ဖဲကြိုးတပ် သတင်းပို့သူထံသို့ ချဉ်းကပ်သွားပြီး တိုက်ပွဲအစီရင်ခံစာနှင့် ပုဂ္ဂိုလ်ရေးစာ နှစ်ခုလုံးကို ယူကာ ဆွမ်ဧကရာဇ်ထံ တင်ပြလိုက်သည်။

စစ်ရေးအစီရင်ခံစာနှင့် ပုဂ္ဂိုလ်ရေးစာကို လက်ခံရရှိပြီးနောက် ဆွမ်ဧကရာဇ်သည် ပထမဦးစွာ စစ်ရေးအစီရင်ခံစာကို ကြည့်ရှုလိုက်သည်။ အစီရင်ခံစာတွင် ပြဿနာမရှိပါ။ မြောက်ပိုင်းနယ်စားမင်းသားက သူ၏ မြောက်ပိုင်းမြို့တော်အတွက် စီစဉ်ထားမှုများကို ဖော်ပြထားသည်။

သို့သော် ဆွမ်ဧကရာဇ်ကို စိတ်ရှုပ်စေသည်မှာလုချန်းသည် တကယ်ပင် မီးရှို့မြေလှန်ဗျူဟာကို အသုံးပြုရန် စီစဉ်ထားခြင်းဖြစ်သည်။ ရန်ခရိုင်မြောက်ပိုင်းရှိ ပြည်သူအားလုံးကို တောင်ပိုင်းသို့ ရွှေ့ပြောင်းပြီး ရန်ခရိုင်တွင် စစ်သည်အင်အား သုံးသိန်းရှိသည့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တပ်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် ဖြစ်သည်။ ဆွမ် ဧကရာဇ် မျက်ခုံးတွန့်လိုက်သည်။ ဒီဗျူဟာက ဘယ်သူ့ဗျူဟာလဲ။

အသုံးမကျသော သားသည် ဒီလိုမျိုး လုပ်ရဲမည်ဟု သူမယုံပေ။ ဤဗျူဟာက ထိရောက်မှုရှိမရှိကို ဘေးဖယ်ထားလျှင်ပင် ထိုကဲ့သို့ လုပ်ရဲရန် သတ္တိအများကြီး လိုအပ်သည်။ လက်ရှိတွင် ရန်ခရိုင်တွင် စစ်သည်အင်အား သုံးသောင်းမှ ငါးသောင်းသာ ရှိသည်။ ရန်ခရိုင်တစ်ခုတည်းနှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်ကို ဟန့်တားရန်က မလွယ်ကူပေ။

ထို့အပြင် ရန်ခရိုင်ကို လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တပ်များက ဝိုင်းပတ်တိုက်ခိုက်မည့် အခြေအနေကို ဖြစ်ပေါ်စေနိုင်မည်။ သူ့သား၏ စရိုက်ကို သူသိသည်။ လုချန်းသည် သူ့ကိုယ်သူ အန္တရာယ်ထဲသို့ ထည့်ထားပါ့မလားဆိုတာကို ဆွမ်ဧကရာဇ်က အတော်လေး သံသယရှိသည်။

စစ်ရေးအစီရင်ခံစာကို ဖတ်ပြီးနောက် ဆွမ်ဧကရာဇ်သည် လုချန်း၏ ပုဂ္ဂိုလ်ရေးစာကို ဖွင့်လိုက်သည်။ စာ၏ အစပိုင်းကို ဖတ်လိုက်သည်နှင့် ဆွမ်ဧကရာဇ်သည် အေးစက်စွာ နှာ‌ခေါင်းရှုံ့လိုက်သည်။ လုချန်း ရုတ်တရက် ဒီလောက်သတ္တိမရှိလာနိုင်တာကို သူသိသည်။ သူသည် မြောက်ပိုင်းမြို့တော်သို့ စစ်ကူတပ်များ အမြန်ပို့ရန် ဧကရာဇ်ထံ တောင်းဆိုထားသည်။

စာထဲတွင် လုချန်းသည် ဝမ်းနည်းပူဆွေးပြီး အရှက်မဲ့စွာ ညည်းညူသည်ကို မြင်ရသည့်အခါ ဆွမ်ဧကရာဇ်သည် စာကို ချက်ချင်းပင် ဆုတ်ဖြဲပစ်လိုစိတ်များ ဖြစ်ပေါ်လာသည်။ သို့သော် နောက်ဆုံးတွင် စိတ်ထိန်းပြီး စာကို ဆက်လက်ဖတ်ရှုလိုက်သည်။

အဆုံးသတ်ပိုင်းကို ရောက်သောအခါ သူ၏ မျက်နှာက ချက်ချင်းပင် ညိုမှောင်သွား တော့သည်။ အထူးသဖြင့် စာ၏ နောက်ဆုံးစာကြောင်းကို ဖတ်လိုက်ရသည့်အခါဧကရာဇ်၏ နဖူး‌ကြောများ တွန့်သွားသည်။

လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်သို့ ချီတက်လာမှုသည် အာဏာရှိ မိသားစုများနှင့် ဆက်နွယ်နေသည်ဟု သူသံသယရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုအကြောင်းကို စုံစမ်းစစ်ဆေးရန်ပင် မလိုအပ်ပေ။ သို့သော် လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် မည်သူက ပေါင်းဖက်နေသည်ကို သူ အတိအကျ မသိခဲ့ပေ။

လုချန်း၏ စာထဲတွင် ဖော်ပြထားသည့် ရှနိုင်ငံတော်၏ လက်နက်များအကြောင်းက သူ၏ သံသယကို ပိုမိုခိုင်မာစေခဲ့သည်။

ဆွမ်ဧကရာဇ်ကို နဖူးတွန့်သွားစေသည့် အကြောင်းရင်းမှာ စာထဲတွင် မင်းသား လုရှုယွမ် အကြောင်း ဖော်ပြထားခြင်းပင်ဖြစ်သည်။

........

အခန်း (၉၉)

မင်းသား လုချန်းရဲ့အနားမှာ ဆရာတစ်ဦး ရှိပုံရတယ်

ဆွမ်ဧကရာဇ်၏ မျက်နှာအမူအရာသည် ပို၍ပို၍ ဆိုးရွားလာသည်ကို မြင်ရသည့်အခါချွန်ကျင်ခန်းမအတွင်းရှိ အရာရှိအားလုံးသည် မြောက်ပိုင်းနယ်စားမင်းသား၏ ပေးစာထဲတွင် မည်သည့်အကြောင်းအရာများ ရေးသားထားသည်ကို အလွန်စိတ်ဝင်စားသွားကြသည်။ ထိုစာသည် ဆွမ်ဧကရာဇ်ကို ဤမျှ ဒေါသထွက်စေနိုင်သည်မှာ အဘယ်ကြောင့်နည်း။

မင်းသား လုရှုယွမ်၏ နေအိမ်တွင် ဖြစ်ပွားခဲ့သည့် သွေးချောင်းစီးမှုကြောင့်ပင် ဆွမ်ဧကရာဇ် ဤမျှ ဒေါသမထွက်သလိုပင်။ စာထဲမှ အကြောင်းအရာကို ဖတ်ပြီးသည့်နောက် ဧကရာဇ်သည် သူ၏

အင်္ကျီ လက်စကို ခါလိုက်ပြီး စကားနှစ်ခွန်းကို အေးစက်စွာ ပြောလိုက်သည်။

‌“အစည်းအဝေး ရပ်စဲမယ်။”

ထို့နောက် ဧကရာဇ်သည် ခန်းမအတွင်းမှ ချက်ချင်းထွက်ခွာသွားသည်။ ခန်းမအတွင်း ကျန်ခဲ့သော ဝန်ကြီးများအားလုံးလည်း ဘာဖြစ်သွားသည်ကို နားမလည်နိုင်စွာ ရှိနေခဲ့ကြသည်။

ဒီလိုမျိုးပဲ အစည်းအဝေးကို ရပ်စဲသွားပြီလား။ ဧကရာဇ်သည် မြောက်ပိုင်းဒေသ၏ စစ်ရေးအစီရင်ခံစာ အကြောင်းကိုလည်း ထုတ်ဖော် ပြေပြခဲ့ခြင်း မရှိပေ။ ထို့အပြင် ဒီတစ်ခေါက်တွင် စစ်ရေးကိစ္စများကို တိုင်ပင်ဆွေးနွေးရန် သူ၏ စာကြည့်ခန်းသို့ မည်သူ့ကိုမျှ ခေါ်ခဲ့ခြင်း မရှိပေ။

ဤအချက်သည် ဝန်ကြီးများကို မြောက်ပိုင်းနယ်စားမင်းသား၏ စာအပေါ် ပို၍ပင် စိတ်ဝင်စားလာစေသည်။

အဘယ်ကြောင့်နည်း။ စာထဲတွင် မည်သည့်အကြောင်းအရာများ ရေးသားထားသောကြောင့် ဧကရာဇ်ကို ဒေါသထွက်စေပြီး ခန်းမထဲမှ ထွက်ခွာသွားစေနိုင်သနည်း။

ခဏအကြာnနန်တော်ဥယျာဉ်ထဲတွင် ဧကရာဇ်သည် ဥယျာဉ်ထဲသို့ ရောက်ရှိလာပြီးစစ်ရေးအစီရင်ခံစာနှင့် လုချန်း၏ ပုဂ္ဂိုလ်‌ ရေးပေးစာကို နိုင်ငံတော်ပညာရှိ စစ်တူစီထံ တန်းပေးလိုက်သည်။

စစ်တူစီသည် စစ်ရေးအစီရင်ခံစာကို လျှင်မြန်စွာ ဖတ်ရှုလိုက်ပြီး‌နောက် လုချန်း၏ ပုဂ္ဂိုလ်ရေးပေးစာကို သေချာစွာ ကြည့်ရှုလိုက်သည်။ ထို့နောက် သူ၏ မျက်နှာအမူအရာသည်လည်း ချက်ချင်းပင် ပြင်းထန်လာခဲ့သည်။

အချိန်အတန်ကြာပြီးမှ စစ်တူစီက နောက်ဆုံးတွင် စကားပြောလိုက်သည်။

“မင်းကြီး ဒီပုဂ္ဂိုလ်ရေး ပေးစာက စစ်ရေးအစီရင်ခံစာထက် ပိုပြီးအရေးကြီးပုံ ရပါတယ် ။”

“မြောက်ပိုင်းနယ်စားမင်းသားက ဒီစစ်ရေးအစီရင်ခံစာကို ရေးသားခဲ့တာက သူ့ရဲ့‌

ပေးစာကို အနီရောင် ဖဲကြိုးတပ်သတင်းပို့သူကတစ်ဆင့် ပို့နိုင်ဖို့ဆိုတာက သိသာထင်ရှားပါတယ်။”

ပေးစာအကြောင်းအရာများအရ မြောက်ပိုင်းနယ်စားမင်းသားသည် အသုံးမကျသော သူကြောက်တစ်ဦးသာ ဖြစ်ဟန်တူပြီး နန်းတွင်းမှ လွင်ပြင်ဒေသ မျိုးနွယ်စုများကို ခုခံကာကွယ်ရန် တပ်များ စေလွှတ်ပေးရန် လိုလားနေဟန်တူသည်။ သို့သော် ထိုပေးစာထဲတွင် မြောက်ပိုင်းနယ်စားမင်းသားက အဓိက အချက်နှစ်ချက်ကို ပြည့်ပြည့်စုံစုံ ဖော်ပြထားသည်။

ပထမအချက်မှာ လွင်ပြင်ဒေသ မျိုးနွယ်စုများထံတွင် ရှနိုင်ငံတော်၏ လက်နက်များနှင့် ပစ္စည်းကိရိယာများ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ မင်းသား လုရှုယွမ်၏ ကုန်သည်လှည်းများသည် မြောက်ပိုင်းမြို့ တော်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

မြောက်ပိုင်းဒေသတွင် ရှနိုင်ငံတော်၏ လက်နက်များ ပေါ်ထွက်လာခြင်းသည် ရှနိုင်ငံတော်အတွင်း သစ္စာဖောက်များ ရှိနေသည်ကို သက်သေပြသည်။ ထို့အပြင် မြောက်ပိုင်းမြို့တော်သည် ဆင်းရဲလှပြီး မင်းသား လုရှုယွမ်၏ ကုန်သည်လှည်းများက ထိုနေရာသို့ ကုန်သွယ်ရန် သွားရောက်ခဲ့ခြင်းက မင်းသား လုရှုယွမ်တွင် ပြဿနာများ ရှိနေနိုင်သည်ကို ညွှန်ပြနေသည်။

မြောက်ပိုင်းနယ်စားမင်းသား၏ ပေးစာသည် မင်းသား လုရှုယွမ်ကို သစ္စာဖောက်အဖြစ် တိုက်ရိုက် မဖော်ပြ ထားခြင်းသာရှိသည်။ မြောက်ပိုင်းနယ်စားမင်းသား၏ ရည်ရွယ်ချက်သည် ပေးစာထဲတွင် သူ၏ အခြေအနေအကြောင်း ရိုးရိုးလေး ညည်းညူရန်သာ မဟုတ်ကြောင်း သိသာထင်ရှားသည်။

စစ်တူစီ၏ စကားကို ကြားရသည့်အခါ ဧကရာဇ်သည် သူ၏လက်ကို နောက်ပစ်ထားကာ ရေကန်ကို ကြည့်ရှုနေရင်း ခဏတာမျှ တိတ်ဆိတ်နေပြီးနောက်

“ချန်းမှာ ဒီလိုမျိုး ကြံစည်နိုင်စွမ်း ရှိတယ်လို့ဟု ကျုပ်မယုံဘူး”

ဟု ပြောလိုက်သည်။

လုချန်းသည် နေပြည်တော်တွင် ရှိနေစဉ်က သူသည် အမြဲတမ်း အသိပညာနည်းပြီး အပျော်အပါးကိုသာ လိုက်စားသူအဖြစ် ထင်ရှားခဲ့သည်။ သူသည် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီးနောက်တွင်လည်း သူလုပ်ရမည့် အလုပ်များကို လျစ်လျူရှုပြီး နေ့စဉ်ကို သူ၏ မင်းသားစံအိမ်တွင် အချိန်ကုန်လေ့ရှိသည်။

လုချန်း ရုတ်တရက် ဉာဏ်အလင်းရလာပြီး နန်းတော်အတွင်း သစ္စာဖောက်များ ရှိနေကြောင်း သတိပေးရန် ဤနည်းလမ်းကို အသုံးပြုတတ်လာမည်ဟု ဆွမ်ဧကရာဇ် မယုံကြည်ပေ။ သို့သော် ထိုပေးစာတွင် အမှန်တကယ် ထိုကဲ့သို့သော ရည်ရွယ်ချက် ပါနေ၏။ ထိုစာကို လုချန်းကိုယ်တိုင် ရေးသားခဲ့ခြင်း မဟုတ်နိုင်ပေ။ အခြားသူတစ်ဦး၏ လမ်းညွှန်မှုဖြင့် ရေးသားခဲ့ခြင်းဖြစ်နိုင်သည်။

ထိုအချိန်တွင် စစ်တူစီက ခန့်မှန်းလိုက် သည်။

“မင်းကြီး မင်းသားလုချန်းရဲ့ ဘေးမှာ ဉာဏ်ပညာရှိသူများ ရှိနေပုံ ရပါတယ်။”

“လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့လှုပ်ရှားမှု‌ တွေကို သူသိနေနိုင်တာကို ထောက်ရှုရင်လည်း မင်းသားလုချန်းမှာ ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့ ရှိ‌နေရမယ်လို့ ယူဆရပါတယ်။”

“မဟုတ်ရင် လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ လှုပ်ရှားမှူအားလုံးကို မင်းသားလုချန်း သိနိုင်စရာ မရှိပါဘူး။”

ဆွမ်ဧကရာဇ်သည် နောက်တကြိမ် အတွေးနက်သွားသည်။ စစ်တူစီ၏ စကားက မှန်၏။ လုချန်းသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တောင်ဘက်သို့ ချီတက်မှုကို ကြိုတင်ခန့်မှန်းနိုင်ပြီး ရှနိုင်ငံတော်အတွင်း သစ္စာဖောက်များ ရှိနေကြောင်းကိုလည်း သိရှိနေ၏။ မြောက်ပိုင်းဖရီဘုရင်သည် မြင်းတပ်တစ်သိန်းကို ဦးဆောင်ကာ ကောင်းကင်ဝံပုလွေ ဘုရင်နှင့် ပူးပေါင်းမည်ကိုလည်း သိနေပြန်သည်။ လုချန်းတွင် အရိပ်ကိုယ်ရံတော်များထက် မနိမ့်သော ထောက်လှမ်းရေးအဖွဲ့တစ်ခု ရှိနေကြောင်း သက်သေပြနေသည်။

ဤအရာက ဆွမ်ဧကရာဇ်ကို ခြိမ်းခြောက်မှု အနည်းငယ် ခံစားရစေသည်။ သူ၏ အသုံးမကျသော သားဖြစ်သူ လုချန်းက ‌ဒီလောက် အင်အားကြီးမားတဲ့ ထောက်လှမ်းရေးအဖွဲ့ကို ပိုင်ဆိုင်ထားတာလား။

သူ ဘာလုပ်ချင်တာလဲ။

သူ ဘာလုပ်ရဲတာလဲ။

ထိုအချက်က လုချန်းသည် နေပြည်တော်တွင် နေထိုင်စဉ်က သူ၏ စွမ်းရည်များကို ကွယ်ဝှက်ထားခဲ့သလားဟု ဆွမ်ဧကရာဇ်ကို သံသယဖြစ်စေသည်။ သို့သော် သူ၏ အပြုအမူအရ သူသည် သူ၏ ပါရမီကို ဖုံးကွယ်ထားသူမျိုးလည်း ဟုတ်ပုံမရပါ။

သူသည် နေပြည်တော်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး အမြဲတမ်း စောင့်ကြည့်ခံနေရသူ ဖြစ်ခဲ့၏။ သူ၏ အပြုအမူသည် ဟန်ဆောင်ထားသည်နှင့် လုံးဝမတူပါ။ လုချန်း၏ နောက်ကွယ်တွင် သူ့ကို အသုံးချရန် ရည်ရွယ်ချက်ရှိ‌နေသည့် အင်အားစုများ ရှိနေနိုင်သည်ဟု ထိုအချက်က ဆွမ်ဧကရာဇ်ကို ပို၍ သံသယဖြစ်စေသည်။

အထူးသဖြင့် လျှို့ဝှက်လဝန်းနန်းတော်။

လုချန်းသည် နတ်သမီး၏ သားဖြစ်သည်ဟူ‌သော အနေအထားက ဆွမ်ဧကရာဇ်အတွက် အမြဲတမ်း စိုးရိမ်စရာ ဖြစ်နေခဲ့သည်။ထိုအချိန်တွင် အရိပ်ကိုယ်ရံတော် ခေါင်းဆောင်က ဆွမ်ဧကရာဇ်၏ အနောက်တွင် ပေါ်ထွက်လာသည်။

“မင်းကြီး။ ခေါင်းဆောင် ပိုင်ဆီက လျှို့ဝှက်အစီရင်ခံစာပါ။”

ထိုအခါ ဆွမ်ဧကရာဇ်သည် ချက်ချင်းပင်အရိပ်ကိုယ်ရံတော် ခေါင်းဆောင်ထံမှ လျှို့ဝှက်အစီရင်ခံစာကိုယူကာ ဖွင့်ဖတ်လိုက်သည်။ ပိုင်ချင်းချင်း၏ လျှို့ဝှက်အစီရင်ခံစာကို ဖတ်ပြီးနောက် ဆွမ်ဧကရာဇ်၏ မျက်နှာအမူအရာသည် ပို၍ပင် ဆိုးရွားလာခဲ့သည်။

သူသံသယရှိထားသည့်အတိုင်းပင် လျှို့ဝှက်လဝန်းနန်းတော်သည် အမှန်တကယ်ပင် မြောက်ပိုင်းမြို့တော်သို့ လူများစေလွှတ်ခဲ့ပြီး လျှို့ဝှက်လဝန်းနန်းတော်၏ သခင်ကိုယ်တိုင် မြောက်ပိုင်းမြို့တော်သို့ သွားရောက်ခဲ့သည်။

သို့သော်… လျှို့ဝှက်အစီရင်ခံစာအရ လျှို့ဝှက်လဝန်းနန်းတော်သည် မြောက်ပိုင်းနယ်စားမင်းသား၏ နေအိမ်ကို အမှန်တကယ် ကူညီခဲ့ခြင်း မရှိဟု ယူဆရပြီး လျှို့ဝှက်လဝန်းနန်းတော်၏ သခင်သည် လုချန်း၏ ဇနီးနှင့် မယားများနှင့်အတူ တောင်ဘက်သို့ ထွက်ခွာသွားပြီဖြစ်သည်။

ယခုအခါတွင် လုချန်း၏ နံဘေးတွင် လူအနည်းငယ်သာ ကျန်ရှိတော့သည်။ ထိုအချက်ကလည်း ဆွမ်ဧကရာဇ်ကို စိတ်ရှုပ်စေသည်။ အကယ်၍ လျှို့ဝှက်လဝန်းနန်းတော်သည် လုချန်း၏ နောက်ကွယ်တွင် မရှိပါက သူ့တွင် အခြားအင်အားစုများ ရှိနေသေးတာလား။

လုချန်းတစ်ဦးတည်း၏အားဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နန်းတော်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်သော ထောက်လှမ်းရေးအဖွဲ့တစ်ခုကို တည်ဆောက်နိုင်သည်ဟု သူမယုံကြည်ပေ။

အနည်းငယ် ထူးဆန်းနေသည်။ ဆွမ်ဧကရာဇ်သည် ပိုင်ချင်းချင်းကို သံသယမထားပေ။ သူက ပိုင်ချင်းချင်းသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လျှို့ဝှက်ချက်အမှန်များကို မဖော်ထုတ်ရသေးဟုသာ ယူဆသည်။ သို့မဟုတ် လုချန်း၏ နောက်ကွယ်ရှိ လူများနှင့် ဆက်သွယ်မှု မပြုရသေးဟု ထင်သည်။

ဆွမ်ဧကရာဇ်က အရိပ်ကိုယ်ရံတော် ခေါင်းဆောင်အား ပြောလိုက်သည်။

“‌ ခေါင်းဆောင်ပိုင်ကို ချန်းရဲ့ အိပ်ရာထဲ ဝင်နိုင်ဖို့ နည်းလမ်းရှာခိုင်းပါ။ ချန်းနှင့်ပတ်သက်တဲ့ ထောက်လှမ်းရေးအချက်အလက်တွေ ပိုလိုအပ်တယ်။”

“နောက်ပြီး မြောက်ပိုင်းမြို့တော်မှာ ရှုယွမ်ရဲ့ကုန်သည်လှည်တန်းတွေ လွင်ပြင်ဒေသ မျိုးနွယ်စုတွေနှင့် ဆက်သွယ်နေတာမျိုး အမှန်တကယ်ရှိမရှိပါ သူ့ကို အမြန်စုံစမ်းခိုင်းလိုက်ပါ။”

အရိပ်ကိုယ်ရံတော် ခေါင်းဆောင်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

“ဟုတ်ကဲ့ မင်းကြီး။”

“ခင်ဗျား ထွက်သွားနိုင်ပါပြီ။”

“ကျွန်တော့်ကို ခွင့်ပြုပါ။”

အရိပ်ကိုယ်ရံတော် ခေါင်းဆောင် ထွက်ခွာသွားပြီးနောက် စစ်တူစီက မေးခွန်းထုတ်လိုက်သည်။

“မင်းကြီး။ မင်းသား လုချန်း၏ ကိစ္စအပြင် မင်းသား လုရှုယွမ်ရဲ့ အခြေအနေကို ဘယ်လို ကိုင်တွယ်မှာပါလဲ။”

ဆွမ်ဧကရာဇ်က အေးစက်စွာ ပြန်ပြောလိုက်သည်။

“သူတစ်ယောက်တည်း ဒီလိုမျိုး လုပ်နိုင်တယ်ဆိုတာ ကျုပ်မယုံဘူး။ သူ့ရဲ့နောက်ကွယ်မှာ အာဏာရှိ မိသားစုတွေ ရှိနေမှာ သေချာပါတယ်။”

“မြောက်ပိုင်းမြို့‌တော်က အရေးကိစ္စ ပြီးဆုံးသွားပြီး အရိပ်ကိုယ်ရံတော်တွေက လုံလောက်တဲ့ သက်သေအထောက်အထားတွေ စုဆောင်းပြီးတဲ့အခါကျရင် ဒီကပ်ပါးကောင်တွေကို ကိုင်တွယ်ဖြေရှင်းရမယ့် အချိန်ရောက်ပြီ။”

မြောက်ပိုင်းဒေသ ကောင်းကင်ဝံပုလွေဘုရင်၏ နန်းတွင်း တိရစ္ဆာန်သားရေ ဝတ်စုံဝတ်ဆင်ထားသော အရည်တွန့်နေပြီဖြစ်သည့် လူအိုတစ်ဦးသည် ကောင်းကင်ဝံပုလွေဘုရင် ရှောင်ဟွန်ဗိုနှင့် အတူ ပျော်ရွှင်ရယ်မောစွာ အရက်သောက်နေ၏။

ထိုအချိန်တွင် ရှောင်ဟွန်ဗိုက သူ၏ ဘေးနားရှိ အစေခံတစ်ဦးအား ပြောလိုက်သည်။

“သွား၊ မင်းသမီးကို ခေါ်လာခဲ့။”

အစေခံသည် ချက်ချင်းပင် ထသွားပြီး တဲနန်းမှ ထွက်ခွာသွားသည်။ ထိုအချိန်တွင် ရှောင်ဝမ်ယောင်သည် မြက်ခင်းပြင်ရှိ ကုန်းမြင့်တစ်ခုပေါ်တွင် ရပ်နေပြီး မြောက်ပိုင်းမြို့တော်ဘက်သို့ မျက်နှာမူကာ ကြည့်နေသည်။

မကြာမီ ရှောင်ဟွန်ဗို၏ ဘေးနားတွင် ရှိနေခဲ့သည့် အစေခံသည် ရှောင်ဝမ်ယောင်၏ အနောက်သို့ ရောက်လာပြီး

“မင်းသမီး၊ ဘုရင်ကြီးက နန်းတွင်းကို ခေါ်ခိုင်းလိုက်ပါတယ်”

ဟု ပြောလိုက်သည်။

ထိုစကားကို ကြားရသည့်အခါ ရှောင်ဝမ်ယောင်၏ မျက်နှာသည် ချက်ချင်းပင် ဖြူ‌ လျော်သွားသည်။ သူမ၏ အဖေက သူမကို နန်းတွင်းသို့ ခေါ်ရခြင်း၏ အကြောင်းရင်းကို သူမ သိသည်။ မြောက်ပိုင်းဖရီဘုရင်ကို အဖော်လုပ်ပေးရန် နှင့် အရက်ငှဲ့ပေးရန် ဖြစ်သည်။

ရှောင်ဝမ်ယောင်သည် မကြာသေးမီက မြောက်ပိုင်းဖရီဘုရင်ကို မြင်ခဲ့ဖူးပြီဖြစ်သည်။ သူ၏ ဆိုးဝါးသော ပုံပန်းသဏ္ဍာန်ကို ထည့်မစဉ်းစားလျှင်တောင် သူ၏ တစ်ကိုယ်လုံးမှ ထွက်နေသည့် အနံ့ဆိုးက ရှောင်ဝမ်ယောင်ကို အန်ချင်စေခဲ့သည်။

သူတို့အားလုံး မြက်ခင်းပြင် ဒေသတွင် နေထိုင်ကြသော်လည်း သူတို့၏ ကောင်းကင်ဝံပုလွေမျိုးနွယ်စုသည် အမြဲတမ်း သန့်ရှင်းမှုကို တန်ဖိုးထားသည်။ မြောက်ပိုင်းဖရီးဘုရင်ကဲ့သို့ ဘဝတစ်လျှောက်လုံး ရေမချိုးပဲ မနေပေ။ရှောင်ဝမ်ယောင်က ချက်ချင်းပင် ပြန်ပြောလိုက်သည်။

“ကျွန်မ မသွားဘူး။”

“ပြန်သွားပြီး ဖခင်ကို ကျွန်မ နေမကောင်းဘူးလို့ ပြောလိုက်။”

ထိုစကားကို ကြားရသည့်အခါ အစေခံက လျင်မြန်စွာ ပြောလိုက်သည်။

“မင်းသမီး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အခက်အခဲမပေးပါနှင့်။ မင်းသမီး မသွားရင် ဘုရင်ကြီးက ကျွန်တော့်ကို သေစေမှာ သေချာပါတယ်။”

အစေခံများသည် လွင်ပြင်ဒေသ မျိုးနွယ်စုများတွင် မည်သည့် အဆင့်အတန်းမှ မရှိပေ။ သူတို့ကို စိတ်ထဲရှိသည့်အခါတိုင်း သတ်ပစ်နိုင်သည်။ ရှောင်ဝမ်ယောင်က အစေခံကို သနားသော်လည်း သူမက ဆက်လက်၍ ဇွတ်တရွတ်ပြောလိုက်သည်။

“ကျွန်မ မသွားဘူး။”

ထိုစကားကို ပြောပြီးနောက် ရှောင်ဝမ်ယောင်သည် လှည့်ပြီး ထွက်ခွာရန် အသင့်ဖြစ်နေသည်။ သို့သော် ထိုအချိန်တွင် ရှောင်ဟွန်ဗို၏ ကိုယ်ရံတော် နှစ်ဦးသည် ရှောင်ဝမ်ယောင်၏ ရှေ့တွင် ပေါ်လာသည်။

“မင်းသမီး ဘုရင်ကြီးက မင်းသမီးကို နန်းတွင်းကို ခေါ်ဆောင်လာဖို့ အမိန့်ပေး လိုက်ပါတယ်။”

ရှောင်ဟွန်ဗိုသည် ရှောင်ဝမ်ယောင် လိုက်နာမည် မဟုတ်ဟု မှန်းဆမိပြီး သူမကို အင်အားသုံးပြီး ခေါ်ဆောင်ရန် ရွေးချယ်လိုက်သည်။ ဒီနေ့ ရှောင်ဟွန်ဗိုသည် မြောက်ပိုင်းဖရီဘုရင်နှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းနေပြီး သူ၏ အနာဂတ် မိဖုရား၏ ပုံသဏ္ဍာန်ကို ပြသလိုသည့် ဆန္ဒရှိနေသည်။

သူမ၏ ရှေ့တွင် တိရစ္ဆာန်သားရေဝတ်စုံဝတ်ခန္ဓာကိုယ်ကြီးမားသည့် လူနှစ်ဦးကို မြင်သောအခါ ရှောင်ဝမ်ယောင်သည် လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း သိရှိသွားပြီး

“ကျွန်မ နားလည်ပါတယ်”

ဟု လက်လျှော့ပြောလိုက်သည်။

ထို့နောက် ရှောင်ဝမ်ယောင်သည် သူတို့နှင့်အတူ နန်းတွင်းသို့ လိုက်သွားသည်။ အတွင်းသို့ ဝင်ရောက်လိုက်သည့်အခါ ရွံစရာကောင်းသည့် လူအိုကို ရှောင်ဝမ်ယောင် ချက်ချင်း မြင်လိုက်ရသည်။

ထိုအချိန်တွင် ရှောင်ဟွန်ဗိုသည် သူ၏ ဘေးနားရှိ မြောက်ပိုင်းဖရီဘုရင်အား ပြုံးရယ်စွာဖြင့် ပြောလိုက်သည်။

“မြောက်ပိုင်းဖရီဘုရင် ဒါက ကျွန်တော့်ရဲ့ သမီးပါ။ ခင်ဗျားရဲ့အနာဂတ် မိဖုရားဖြစ်ပါတယ်။”

ထိုစကားကို ကြားသောအခါ မြောက်ပိုင်းဖရီဘုရင်သည် ရှောင်ဝမ်ယောင်အား ကြည့်ရှုလိုက်၏။ အထူးသဖြင့် သူမ၏ အချိုးကျသော ခန္ဓာကိုယ်ပေါ်တွင် မျက်စိစိုက်ကြည့်လိုက်ရင်းတံတွေးကို မမျိုချပဲ မနေနိုင်‌တော့ပေ။

ကောင်းကင်ဝံပုလွေဘုရင်၏ သမီးသည် မြက်ခင်းပြင်ဒေသ၏ ရှားပါးသည့် အလှဆုံးအမျိုးသမီးဖြစ်သည်ဟု သူကြားဖူးပြီးသားဖြစ်၏။ ယနေ့ သူမကို မြင်လိုက်ရသည့်အခါ သူမသည် ဂုဏ်သတင်းနှင့် လိုက်ဖက်သည်ကို သူသိလိုက်ရသည်။

သူမသည် ရှနိုင်ငံတော်မှ သူသိမ်းပိုက်ခဲ့သည့် မည်သည့်အမျိုးသမီးထက်မဆို ပိုမိုလှပသည်။ မြောက်ပိုင်းဖရီဘုရင်၏ အရှက်မဲ့သော အကြည့်များ ခံစားရသည့်အခါ ရှောင်ဝမ်ယောင်သည် သူမ၏ အရေပြားပေါ်တွင် တစ်စုံတစ်ခု လျှောက်သွားနေသကဲ့သို့ ခံစား‌ နေရသည်။

ထို့နောက် ရှောင်ဟွန်ဗိုက ရှောင်ဝမ်ယောင်အား ကြည့်ပြီး ပြောလိုက်သည်။ “ယောင်ယောင်။ ဒီဘက်ကို လာပြီး မင်းရဲ့အနာဂတ် ခင်ပွန်းအတွက် အရက်ငှဲ့ ပေးလိုက်ပါ။”

ရှောင်ဟွန်ဗို၏ တင်းမာသည့် အသံကို ကြားသောအခါ ရှောင်ဝမ်ယောင်သည် သူမတွင် ရွေးချယ်စရာ မရှိကြောင်း သိလိုက်ရသည်။ သူမသည် မြောက်ပိုင်းဖရီဘုရင်နားကပ်သွားပြီး အရက်ငှဲ့ပေးရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအချိန်တွင် သူမ၏ ဦးလေး ရှောင်ပင်တိန်က စကားစပြောလိုက်သည်။

“ဘုရင်ကြီး။ ယောင်ယောင်က မြောက်ပိုင်းဖရီဘုရင်နဲ့ တရားဝင် လက်ထပ်ထိမ်းမြားထားတာ မဟုတ်သေးပါဘူး။ အခုအချိန်မှာ သူ့ကို အရက်ငှဲ့ပေးဖို့ မသင့်တော်သေးပါဘူး။”

“မိဖုရားကြီးက ရှနိုင်ငံတော်ကို အတုယူသင့်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါ့ကြောင့် ရှနိုင်ငံတော်ရဲ့ ဓလေ့ထုံးတမ်းများကိုလည်း ကျင့်သုံးသင့်ပါတယ်။ လက်ထပ်မင်္ဂလာမပြုမီ အမျိုးသမီးတစ်ဦးက သူမရဲ့ အနာဂတ် ခင်ပွန်းနှင့် ထိတွေ့ဆက်ဆံခြင်း မရှိသင့်ပါဘူး။”

ရှောင်ပင်တိန်၏ စကားကို ကြားသောအခါ မြောက်ပိုင်းဖရီဘုရင်သည် ချက်ချင်းပင် မကျေမနပ်ဖြစ်သွားသည်။ သို့သော် ရှောင်ဟွန်ဗိုက ဒေါသမထွက်ပဲ မြောက်ပိုင်းဖရီဘုရင်အား ပြုံးပြုံးရယ်ရယ်နှင့် ပြောလိုက်သည်။

“မြောက်ပိုင်းဖရီဘုရင် ။ ကျွန်တော့်ရဲ့ လက်အောက်ငယ်သား ပြောတဲ့စကားက အတော်လေး သဘာဝကျတယ်လို့ ကျွန်တော် ထင်ပါတယ်။ မြောက်ပိုင်းမြို့ တော်ကို သိမ်းပိုက်ပြီးတဲ့ အချိန်မှ ယောင်ယောင်က ခင်ဗျားအတွက် အရက်ငှဲ့ပေးမယ်ဆို မကောင်းဘူးလား။”

ရှောင်ဟွန်ဗိုက ပြောလာ‌သောအခါ မြောက်ပိုင်းဖရီဘုရင်လည်း

“ကောင်းပါပြီ။ ကျွန်တော်ရဲ့ မိဖုရား ကျွန်တော့်ကို လက်ထပ်သည့်နေ့မှပဲ့ သူနှင့်အတူ ပျော်ပျော်ရွှင်ရွှင် အရက်သောက်ကြတာ‌ပေါ့။”

ဟု ပြန်ပြောလိုက်သည်။

ထိုသို့ပြောရင်း မြောက်ပိုင်းဖရီဘုရင်သည် ရှောင်ဝမ်ယောင်၏ ခန္ဓာကိုယ်ကို တက်မက်သည့် မျက်လုံးများဖြင့် ကြည့်ရှုလိုက်ပြီး သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

........

All Chapters