အခန်း ၁၀၀-၁၀၂
Vol. 7 Ch. 100-102
အခန်း (၁၀၀)
ကျွန်မကို ကောင်းကင်ဝံပုလွေဘုရင်ရဲ့ သမီးဖြစ်အောင် ဘယ်သူဖန်တီးခဲ့တာလဲ
ရှောင်ဟွန်ဗို ပြောသည့်စကားကို ကြားပြီးနောက် ရှောင်ဝမ်ယောင်သည် နောက်ဆုံးတွင် သက်ပြင်းချနိုင်လိုက်သည်။ ထိုအချိန်တွင် ရှောင်ဟွန်ဗိုက အေးစက်စွာ ပြောလိုက်သည်။
“ယောင်ယောင်၊ မင်း အရင်ထွက်သွားပါ။”
ရှောင်ဟွန်ဗို၏ အသံသည် အလွန်အေးစက်နေပြီး သူမသည် သူ၏ သမီးမဟုတ်သကဲ့သို့ ဖြစ်နေသည်။ ရှောင်ဝမ်ယောင်လည်း စိတ်ဓာတ်ကျသည့် ပုံစံနှင့် ထွက်သွားသည်။ ယနေ့ သူမသည် မြောက်ပိုင်းဖရီဘုရင်အတွက် အရက်မငှဲ့ပေးလိုက်ရသော်လည်း နန်းတွင်းတွင် ဆက်လက်နေထိုင်ပါက တစ်နေ့တွင် မြောက်ပိုင်းဖရီဘုရင်၏ အမျိုးသမီး ဖြစ်လာရမည်မှာ မလွဲဧကန်ဖြစ်သည်။
ထို့အပြင် ထိုနေ့သည် မကြာမီ ရောက်ရှိလာတော့မည်။ မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီးသည့်အခါတွင် သူမသည် ဘဝတစ်လျှောက်လုံး ရေမချိုးဖူးသည့် ထိုလူအိုနှင့် အတူနေရတော့မည် ဖြစ်သည်။ ထိုအကြောင်းကို တွေးမိသည့်အခါ ရှောင်ဝမ်ယောင်၏ နှလုံးသားတွင် ဖော်ပြ၍မရသည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
ရှောင်ဝမ်ယောင် နန်းတွင်းမှ ထွက်ခွာသွားပြီး မကြာမီပင် ရှောင်ပင်တိန်က သူမ၏ နောက်ကို လိုက်ထွက်လာခဲ့သည်။
စိတ်ပျက်အားငယ်နေသည့် ရှောင်ဝမ်ယောင်ကို မြင်သောအခါ ရှောင်ပင်တိန်က ချက်ချင်းပင် သူမအနားသို့ ချဉ်းကပ်လာပြီး “ယောင်ယောင်။ မင်း အဆင်ပြေရဲ့လား”
ဟု စိုးရိမ်စွာ မေးလိုက်သည်။
ရှောင်ဝမ်ယောင်သည် ရှောင်ပင်တိန်အား လုံးဝ ဂရုမစိုက်ပဲ ဝေးကွာသည့် မြက်ခင်းပြင်ဘက်သို့ တည့်တည့်လျှောက်သွားသည်။
ရှောင်ဝမ်ယောင် ထိုကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ ရှောင်ပင်တိန်က နက်ရှိုင်းစွာ သက်ပြင်းချလိုက်ပြီး
“ယောင်ယောင်။ ဦးလေးက လုပ်နိုင်သမျှ အကုန်လုပ်ပေးခဲ့ပြီးပြီ”
ဟု ဆက်ပြောလိုက်သည်။
ထိုအခါမှသာ ရှောင်ဝမ်ယောင်က စကားပြောလိုက်သည်။
“ဦးလေး။ ကျွန်မ ဦးလေးကို အပြစ်မတင်ပါဘူး။ ကျွန်မကို ကောင်းကင်ဝံပုလွေဘုရင်ရဲ့ သမီးအဖြစ် ဖန်တီးခဲ့တာ ဘယ်သူလဲ။”
ရှောင်ဝမ်ယောင် စကားပြောလေလေ သူမ၏ စိတ်ထဲတွင် မကျေနပ်မှုများ ပိုမိုများပြားလာလေလေ ဖြစ်ပြီး သူမ စကားပြောရင်း
“အင်း အင်း”
ဟု စတင်ငိုကြွေးလာသည်။
ရှောင်ဝမ်ယောင် ထိုကဲ့သို့ နှလုံးကွဲငိုကြွေးနေသည်ကို မြင်သောအခါ ရှောင်ပင်တိန်က သက်ပြင်းထပ်ချလိုက်သည်။ သူသည် ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုတွင် အရေးပါအရာရောက်မှု အတိုင်းအတာတစ်ခုအထိ ရှိသော်လည်း နောက်ဆုံးတွင် ရှောင်ဟွန်ဗို၏ စိတ်ကို သူလည်း ပြောင်းလဲနိုင်မည် မဟုတ်ပေ။ သူတို့ မျိုးနွယ်စုကို ကောင်းကင်ဝံပုလွေဘုရင်က အုပ်ချုပ်နေဆဲ ဖြစ်သည်။
ထိုအချိန်တွင် ငိုကြွေးနေသည့် ရှောင်ဝမ်ယောင်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ငိုရင်းနှင့် မေးလိုက်သည်၊
“ဦးလေး။ ကျွန်မအဖေက ကျွန်မအမေကို တကယ်ပဲ သတ်ခဲ့တာလား။”
အစပိုင်းတွင် ရှောင်ဝမ်ယောင် ရှောင်ပင်တိန်က ထိုအကြောင်းပြောသည်ကို ကြားသောအခါ သူမ အနည်းငယ် မယုံကြည်နိုင်ခဲ့ပေ။ သူမ၏ အမေနှင့် အဖေသည် ယခင်က အလွန်ချစ်ခင်နေပုံရပြီး သူမ၏အဖေက သူမ၏အမေကို သတ်ခဲ့နိုင်လိမ့်ဟု ရှောင်ဝမ်ယောင် မထင်ခဲ့ပေ။
သို့သော် ယခုအခါတွင် သူမ၏ အဖေက သူမ၏ ပျော်ရွှင်မှုကို လျစ်လျူရှုသွားပြီဖြစ်၏။ သူ၏ ရည်မှန်းချက်အတွက် သူမ၏ ပျော်ရွှင်မှုကို စတေးနေသည်ကို မြင်သောအခါ သူမ၏ အဖေက မိဖုရားနှင့် လက်ထပ်ရန် သူမ၏ အမေကို တကယ်ပဲ သတ်ခဲ့သလားဟု ရှောင်ဝမ်ယောင် သံသယ ဖြစ်လာသည်။
ရှောင်ဝမ်ယောင်၏ မေးခွန်းကို ကြားသောအခါ ရှောင်ပင်တိန် တိတ်ဆိတ်သွားသည်။ သူသည် ယခင်က ရှောင်ဝမ်ယောင်အား ထိုကိစ္စကို ပြောပြခဲ့ဖူးသော်လည်း ထိုစဉ်က ဒေါသထွက်နေသည့် အချိန်တွင် ပြောခဲ့ခြင်းဖြစ်ပြီး ရှောင်ဟွန်ဗို၏ လုပ်ရပ်များကို သူလည်း သည်းမခံနိုင်ခဲ့သောကြောင့် ဖြစ်သည်။
သူ၏အစ်မ သေဆုံးမှုသည် ရှောင်ဟွန်ဗိုနှင့် နီးကပ်စွာ ဆက်နွယ်နေသည်ဟု သူ သံသယရှိခဲ့သည်။သို့သော် ရှောင်ဝမ်ယောင် ဤမျှ ဝမ်းနည်းနေသည်ကို မြင်သောအခါ သူမ၏ မိခင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ပို၍ ပြောပြရန် သူတုံ့ဆိုင်းနေခဲ့သည်။
တိတ်ဆိတ်စွာ နေပြီးနောက် ရှောင်ပင်တိန်သည် ဆက်ပြောလိုက်သည်။
“ဦးလေးက သံသယပဲ ရှိတာပါ။ မင်းအမေက အမြဲတမ်း ကျန်းမာနေပြီး ဘာရောဂါမှ မရှိခဲ့ဘူး။ သူက ရုတ်တရက် သေဆုံးသွားရမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းအမေကို တစ် ယောက်ယောက်က အဆိပ်ခတ်ခဲ့တယ်လို့ ဦးလေးသံသယရှိတယ်။”
“မင်းအမေကို အသက်ရှင်နေစေချင်မှာ မဟုတ်တဲ့ လူဟာ မင်းအဖေပဲ ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ သူက မိဖုရားနဲ့ လက်ထပ်ချင်နေလို့ပဲ။”
ရှောင်ဝမ်ယောင်သည် မျက်ရည်များကို သုတ်လိုက်ပြီး မေးလိုက်သည်။
“ဒါပေမယ့် မိဖုရားက သူ့ကို လက်ထပ်ဖို့ သဘောတူပြီးသားပဲ မဟုတ်လား။”
ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတွင် ထိုကဲ့သို့သော ဓလေ့တစ်ခု အမြဲတမ်း ရှိခဲ့သည်။ အရင်ကောင်းကင်ဝံပုလွေဘုရင်၏ မိဖုရားသည် ငယ်ရွယ်ပြီး ကလေးမွေးနိုင်စွမ်း ရှိသေးပါက နောက်တက်လာသည့် ကောင်းကင်ဝံပုလွေဘုရင်နှင့် လက်ထပ်ရမည် ဖြစ်သည်။
သို့သော် နောက်တက်လာမည့် ကောင်းကင်ဝံပုလွေဘုရင်သည် အရင်ဘုရင်နှင့် သွေးသားတော်စပ်မှု မရှိရပါ။ သို့သော် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတွင် ဘုရင်အသစ်ကို ရွေးချယ်သည့် ပုံစံအရ များသောအားဖြင့် ဘုရင်အသစ်သည် ယခင်ဘုရင်နှင့် သွေးသားတော်စပ်မှု မရှိပေ။
လွင်ပြင်ဒေသ မျိုးနွယ်စုသည် ရှနိုင်ငံတော်နှင့် မတူပါ။ ရှနိုင်ငံတော်တွင် ထီးနန်းဆက်ခံမှုသည် များသောအားဖြင့် သားဦးဆက်ခံစနစ်ဖြစ်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုတွင် ဘုရင်ကို အကြီးအကဲများက ရွေးချယ်သည်။
ထို့ကြောင့် အရင်ကောင်းကင်ဝံပုလွေဘုရင်၏ သားသမီးများသည် နောက်တက်လာမည့် ကောင်းကင်ဝံပုလွေဘုရင် ဖြစ်လာရမည်ဟု မဆိုလိုပေ။ သို့သော် များသောအားဖြင့် အရင်ဘုရင်၏ သားသမီးများသည် နောက်တက်လာသည့် ဘုရင် ဖြစ်လာတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် မျိုးနွယ်စု အကြီးအကဲများ၏ အရွေးချယ် ခံရနိုင်ချေက သူတို့တွင် အများဆုံး ဖြစ်နေတတ်သောကြောင့် ဖြစ်သည်။
ရှောင်ဟွန်ဗိုသည်လည်း အရင်ကောင်းကင်ဝံပုလွေဘုရင်၏ သားသမီးများထဲမှ တစ်ဦးမဟုတ်သည့်အတွက် သူ၏ ဘုရင်နေရာတည်မြဲစေရန် မိဖုရားကို နိုင်ငံရေးမဟာမိတ်အဖြစ် စည်းရုံးရန် လိုအပ်ခဲ့သည်။
‘စည်းရုံးသည်’ ဟု ပြောရန်မှာ ယဉ်ကျေးလွန်း၏။ ရဲလိနန်ရန်၏ လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားလျှင် ‘မျက်နှာလို မျက်နှာရလုပ်သည်’ ဟူသောစကားက ပို၍ မှန်ကန်ပေမည်။
ထိုအချိန်တွင် သူ့တွင် မိဖုရားတစ်ပါး ရှိနေပြီးဖြစ်ပြီး နောက်ထပ်မိဖုရားတစ်ပါးကို ထပ်မံယူရန် မဖြစ်နိုင်ပေ။ ဓလေ့ထုံးတမ်းအရ ရဲလိနန်ရန်သည် သူ၏ အမျိုးသမီးတစ်ဦး ဖြစ်လာနိုင်ရန် အများဆုံးဖြစ်သည်။
သို့သော် ရဲလိနန်ရန်သည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတွင် အာဏာကြီးမားပြီး အဆင့်အတန်း မြင့်မားနေသည့်အခါ သူမသည် သူ၏ အမျိုးသမီးတစ်ဦးအဖြစ် နေထိုင်ရန် မည်သို့ လက်ခံနိုင်မည်နည်း။ သူမကို မိဖုရား အဆင့်အတန်းမှာ မလွဲမသွေ ထားရမည် ဖြစ်သည်။
ထို့ကြောင့် ကျန်ရှိသည့် တစ်ခုတည်းသော ဖြေရှင်းနည်းမှာ ရှောင်ဝမ်ယောင်၏ မိခင်ကို ဖယ်ရှားရန် ဖြစ်သည်။ သို့သော် သူမကို တိုက်ရိုက်ဖယ်ရှားပါက အမျိုးမျိုးသော မကျေနပ်မှုများ ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် ရှောင်ဝမ်ယောင်၏ မိခင်ဘက်မှ လူများတွင် မကျေနပ်မှုများ ဖြစ်ပေါ်စေနိုင်ပြီး ထိုသူများထဲတွင် ရှောင်ပင်တိန်လည်း ပါဝင်သည်။
သူမကို တိုက်ရိုက်ဖယ်ရှားရန် မဖြစ်နိုင်သည့်အတွက် သူတို့သည် ရှောင်ဝမ်ယောင်၏ မိခင်ကို သတ်ပစ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ရှောင်ဟွန်ဗိုသည် ဂုဏ်သိက္ခာ ရှိစွာဖြင့် မိဖုရားတစ်ပါးကို တရားဝင်လက်ထပ်နိုင်မည် ဖြစ်သည်။
သို့သော် ဤသည်မှာ လက်ရှိအချိန်တွင် ရှောင်ပင်တိန်၏ မှန်းဆချက်သာ ဖြစ်ပြီး ခိုင်လုံသည့် သက်သေအထောက်အထားများကို မတွေ့ရှိရသေးပေ။
“ယောင်ယောင်။ မင်းအမေ သေဆုံးပြီးနောက်မှသာ မိဖုရားက မင်းအဖေနဲ့ လက်ထပ်ဖို့ သဘောတူခဲ့တယ်ဆိုတာ မင်းမေ့သွားပြီလား” ရှောင်ဝမ်ယောင်၏ စကားကို ကြားပြီးနောက် ရှောင်ပင်တိန်သည် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
ရှောင်ပင်တိန် ၏ စကားကို ကြားရသောအခါရှောင်ဝမ်ယောင် လုံးဝအံ့အားသင့်သွားသည်။ အချိန်အနည်းငယ်ကြာပြီးနောက် ရှောင်ဝမ်ယောင်က ဆက်ပြောလိုက်သည်။
“ဦးလေး၊ မိဖုရားက ကျွန်မအမေကို သတ်ခဲ့တာလား။”
ရှောင်ပင်တိန် သည် ရှောင်ဝမ်ယောင် ၏ မေးခွန်းကို ချက်ချင်း မဖြေခဲ့ပေ။
လုပ်ကြံရန် ရည်ရွယ်ချက်အပေါ် အခြေခံ၍ စဉ်းစားပါက ရဲလိနန်ရန်သည်လည်း ရှောင်ဝမ်ယောင်၏ မိခင်ကို သတ်နိုင်ချေရှိသည်။ အကြောင်းမှာ သူမိဖုရားဖြစ်လာရန် လက်ရှိမိဖုရားကို ဖယ်ရှားရမည် သို့မဟုတ် သေဆုံး စေရမည်ဖြစ်သည်။
ထိုအချိန်က အခြေအနေများကို ထည့်သွင်းစဉ်းစားလျှင် သူမကို ဖယ်ရှားရန်က မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမ၏ ရုတ်တရက်သေဆုံးမှုသာ ကျန်ရှိတော့သည်။
သို့သော် ရဲလိနန်ရန်သည် ရှောင်ဟွန်ဗိုနှင့် လက်ထပ်ရန် လိုအပ်သည်ဟု ရှောင်ပင်တိန် မယုံကြည်ပေ။ အကြောင်းမှာ သူမသည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုရှိ အကြီးအကဲများအားလုံး၏ ထောက်ခံမှုကို ရရှိပြီးဖြစ်သည်။ ထိုအချိန်က ရဲလိနန်ရန် သည် ကောင်းကင်ဝံပုလွေဘုရင်နှင့် လက်ထပ်ရန် ငြင်းဆိုခဲ့ပါက အကြီးအကဲများက ကန့်ကွက်မည် မဟုတ်ပေ။
ထို့အပြင် မျိုးနွယ်စုအတွက် သူမ၏ကျေးဇူးများကြောင့် သူမသည် ရှောင်ဟွန်ဗိုနှင့် လက်ထပ်ရန် မလိုလားပါက မည်သူမှ ပြောခွင့် မရှိပေ။
ထို့ကြောင့် ရှောင်ဟွန်ဗို သည် ရဲလိနန်ရန် ၏ ထောက်ခံမှုကို ရရှိရန် ရှောင်ဝမ်ယောင် ၏မိခင်ကို မိဖုရားရာထူးမှ ဖယ်ရှားရမည်ဖြစ်သည်။ ရဲလိနန်ရန်သည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုအတွင်း သူမ၏အာဏာ တည်မြဲစေရန် အကြီးအကဲများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန်သာ လိုအပ်၏။ သူမ၏ မျိုးနွယ်စုအတွင်း ကြီးမားသော ဩဇာလွှမ်းမှုကြောင့် သူမသည် ရှောင်ဟွန်ဗို နှင့် လက်ထပ်ရန် လုံးဝမလိုအပ်ပေ။
အရေးအကြီးဆုံးအချက်မှာ ရှောင်ဟွန်ဗိုသည် အစကတည်းက ရဲလိနန်ရန်ကို လက်ထပ်ရန် တက်တက်ကြွကြွ တောင်းဆိုခဲ့ပြီး သူသည် သူမကို မိဖုရားအဖြစ် ထားရှိလိုခဲ့သည်။ ထိုအချက်က ရှောင်ပင်တိန်၏ သံသယကို ပိုမိုခိုင်မာစေခဲ့သည်။
ရှောင်ပင်တိန်က သူမ၏မေးခွန်းကို မဖြေပဲ နေသည်ကို မြင်သောအခါ ရှောင်ဝမ်ယောင်သည် သူမ၏စိတ်ထဲတွင် အဖြေကို သိပြီးဖြစ်သည်ဟု ခံစားမိသည်။
မိဖုရားသည် သူမငယ်စဉ်ကတည်းက သူမကို အလွန်ကြင်နာစွာ ဆက်ဆံခဲ့ပြီး သူမ၏သမီးအရင်းကဲ့သို့ သဘောထားခဲ့သည်။ မိဖုရားသည် မကောင်းသောသူမဟုတ်ကြောင်း ရှောင်ဝမ်ယောင်၏စိတ်ထဲတွင် အလွန်ရှင်းလင်းစွာ သိထားသည်။
ထို့အပြင် သူမ၏မိခင်နှင့် မိဖုရားတို့၏ ဆက်ဆံရေးကလည်း အမြဲတမ်း ကောင်းမွန်ခဲ့သည်။ မိဖုရား ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုသို့ ပထမဆုံးရောက်ရှိလာချိန်တွင် သူမသည် ရိုးရိုးသာမန် ငယ်ရွယ်သောမိန်းကလေးတစ်ဦးသာ ဖြစ်ခဲ့ပြီး သူမ၏မိခင်က မိဖုရားကို ညီမအရင်းကဲ့သို့ စောင့်ရှောက်ခဲ့သည်။
မိဖုရားသည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတွင် လျင်မြန်စွာ ရပ်တည်နိုင်ခဲ့သည်မှာ သူမမိခင်၏ အကူအညီကြောင့် အများကြီး ပါသည်။ ထို့ကြောင့် ရှောင်ဝမ်ယောင်အတွက်လည်း မိဖုရားက သူမ၏မိခင်ကို ထိခိုက်စေမည့် အရာမျိုးကို လုပ်မည်ဟု ယုံကြည်ရန် ခက်ခဲခဲ့သည်။
တကယ်လို့ မိဖုရားကြောင့် ဖြစ်ခဲ့မယ်ဆိုရင်တော့ ရှောင်ဝမ်ယောင်မှာ ပြောစရာမရှိတော့ပါ။ ဘာပဲဖြစ်ဖြစ် လက်ရှိမှာ သံသယအရှိနိုင်ဆုံး လူနှစ်ယောက်သာရှိ၏။ သူမ၏ဖခင်နှင့် မိဖုရားတို့ ဖြစ်သည်။ ထိုအပြင် သူမ၏မိခင်သည် ရုတ်တရက် ဖျားနာပြီး သေဆုံးသွားနာလည်း ဖြစ်နိုင်ချေ ရှိသည်။
ဒါပေမယ့် အဲဒါတွေက အခုတော့ အရေးမကြီးတော့ပါ။ သူမသည် မြောက်ပိုင်းဖရီဘုရင် မျိုးနွယ်စုသို့ လက်ထပ်ရတော့မည်ဖြစ်သည်။ သူမ၏မိခင်ကို ဘယ်သူက သတ်ခဲ့သလဲဆိုတာကို သူမ တစ်သက်လုံး မသိနိုင်တော့ပါ။
သူမ သိခဲ့လျှင်တောင် ဘာမှ ပြောင်းလဲလို့ မရနိုင်တော့ပါ။ သူမ၏မိခင်သည် သေဆုံးသွားပြီဖြစ်၏။ ပြန်ရှင်လာမှာ မဟုတ်တော့ပေ။ ထိုအတွေးများ ဝင်လာသောအခါ ရှောင်ဝမ်ယောင် ထပ်မံငိုကြွေးမိသည်။
သူမ ဝမ်းနည်းစွာ ငိုနေသည်ကို မြင်သောအခါ ရှောင်ပင်တိန်လည်း အလွန်စိတ်မကောင်းဖြစ်မိသည်။ ရုတ်တရက် သူ၏စိတ်ထဲတွင် တစ်စုံတစ်ခု ပေါ်လာပြီး တိုးတိုးပြောလိုက်သည်။
“ယောင်ယောင်။ မင်းကို မြောက်ပိုင်းဖရီဘုရင်နဲ့ လက်မထပ်ရစေမယ့် နည်းလမ်းတစ်ခု ဦးလေးစဉ်းစားထားတယ်။ ဒါပေမယ့် မင်းလုပ်ချင်မှာလားဆိုတာတော့ မသိဘူး”
ထိုစကားကို ကြားသောအခါ ရှောင်ဝမ်ယောင်၏ ငိုသံက ရုတ်တရက် ရပ်သွားသည်။ သူမက
“ဦးလေး။ ဘယ်လိုနည်းလမ်းလဲ” ဟု ချက်ချင်းမေးလိုက်သည်။
ရှောင်ပင်တိန်က ရှောင်ဝမ်ယောင်၏ နားထဲသို့ တိုးတိုးကပ်ပြောလိုက်သည်။
“မင်းဖခင်က မြောက်ပိုင်းမြို့တော်ကို သိမ်းပြီးတဲ့နောက် မင်းက ရှနိုင်ငံတော်ကို တိတ်တဆိတ် သွားနေပြီး လွင်ပြင်ဒေသကို ဘယ်တော့မှ ပြန်မလာတော့နဲ့။”
ထိုစကားကို ကြားသောအခါ ရှောင်ဝမ်ယောင် အံ့အားသင့်သွားသည်။
......
အခန်း (၁၀၁)
ဝူယွမ် ... ငါ့ကို သူတို့ သိသွားပြီလား
ရှောင်ပင်တိန်၏ အကြံပြုချက်သည် မြောက်ပိုင်းဖရီဘုရင်နှင့် လက်မထပ်ရန် ရှောင်ရှနိုင်မည့် အတိုင်းအတာတစ်ခုအထိ ဖြစ်နိုင်ခြေရှိသည်ဟု ထင်ရသည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း ရှောင်ဝမ်ယောင် သဘောပေါက်သည်။
သို့သော် ပြဿနာတစ်ခုက ရှိနေသည်။ သူမသည် လွင်ပြင်ဒေသတွင် ကြီးပြင်းလာခဲ့ပြီး ရှနိုင်ငံတော်သို့ တစ်ခါမှ မရောက်ဖူးသလို နေထိုင်ဖူးခြင်းလည်း မရှိခဲ့ပါ။ သူမတစ်ယောက်တည်း ရှနိုင်ငံတော်သို့ သွားပါက မည်သို့ရှင်သန်နိုင်မည်နည်း။
သူမသည် အားနည်းသော မိန်းမတစ်ဦးတော့ မဟုတ်ပါ။ သူမ၏ သိုင်းပညာသည် အဆင့်ခြောက်သို့ ရောက်ရှိထားပြီး သူမကိုယ်သူမကာကွယ်နိုင်စွမ်းရှိသည် ။ သို့သော် သူမသည် လွင်ပြင်ဒေသ မျိုးနွယ်စုမှ လူတစ်ဦးဖြစ်ပြီး ရှနိုင်ငံတော်ရှိ လူများနှင့် သိသိသာသာ ကွာခြားမှုများ ရှိနေသည်။ ရှနိုင်ငံတော်သို့ ရောက်ရှိသွားပါက သူမကို လွင်ပြင်ဒေသ မျိုးနွယ်စုမှ လူတစ်ဦး ဖြစ်ကြောင်း အလွယ်တကူ သိသွားနိုင်သည်။
ထိုအခါ ရှနိုင်ငံတော်တွင် နေထိုင်ရခြင်းက လွယ်ကူမည် မဟုတ်ပေ။
ရှောင်ဝမ်ယောင် ပြန်မပြောသေးသည်ကို မြင်သောအခါ ရှောင်ပင်တိန်က ဆက်လက်ပြောလိုက်သည်။
“မင်း မြောက်ပိုင်းမြို့တော်ကို ရောက်သွားပြီဆိုရင် ရှနိုင်ငံတော်ကို ဝင်ရောက်ဖို့ ပိုပြီးလွယ်ကူသွားမယ်။ ပြီးရင် မင်းက ဝူယွမ်ရဲ့ ကုန်သည်အဖွဲ့နဲ့အတူ ရှနိုင်ငံတော်ကို ထွက်ပြေးလို့ရတယ်။”
“ဒါပေမယ့် ရှနိုင်ငံတော်ကို ရောက်ပြီဆိုရင် မင်းရဲ့ အပြုအမူနဲ့ စကားပြောဟန်ကို ပြောင်းလဲဖို့ လိုလိမ့်မယ်။ မင်းက လွင်ပြင်ဒေသက လာတဲ့သူဆိုတာ ဘယ်သူမှ မသိအောင် ဂရုစိုက်ရမယ်။ မဟုတ်ရင် သူတို့က မင်းကို လွင်ပြင်ဒေသ မျိုးနွယ်စုရဲ့ သူလျှိုအဖြစ် သဘောထားကြလိမ့်မယ်။”
ရှောင်ပင်တိန်သည် ရှောင်ဝမ်ယောင် ရှနိုင်ငံတော်သို့ သွားပြီးနောက် ရှင်သန်နိုင်မည်မဟုတ်ဟု စိုးရိမ်နေသည်။ ရှောင်ဝမ်ယောင်သည် ငယ်စဉ်ကတည်းက လွင်ပြင်ဒေသတွင် နေထိုင်ခဲ့သော်လည်း သူမ၏ဘဝသည် ရှနိုင်ငံတော်ရှိ မင်းမျိုးမင်းနွယ်များ၏ သမီးများထက် သိသိသာသာ မနိမ့်ကျခဲ့ပါ။
ထို့အပြင် သူမတွင် အစေခံများ အများအပြားရှိပြီး အရာရာကို သူတို့က လုပ်ဆောင်ပေးကြသည်။ ရှနိုင်ငံတော်သို့ ရောက်သွားပါက သူမသည် လက်ရှိကဲ့သို့ ကောင်းကောင်းမွန်မွန်နေထိုင်နိုင်မည် မဟုတ်ပေ။
ယခုလို ဆက်ဆံခံရမှုမျိုးကို သူမ မရရှိနိုင် တော့သည့်အပြင် ရှနိုင်ငံတော်ရှိ လူများက သူမ၏ သရုပ်အမှန်အား သိရှိသွားမည်ကို အမြဲတမ်း သတိထားနေရမည်။ ရှနိုင်ငံတော်သို့ ရောက်ပြီးနောက် သူမသည် အမြဲတစေ ပုန်းအောင်းနေရမည် ဖြစ်နိုင်သည်။
တကယ်လို့ သူမသည် မြောက်ပိုင်းဖရီဘုရင်နှင့် လက်မထပ်ရန် စိတ်ပိုင်းဖြတ်ထားပါက ရှနိုင်ငံတော်သို့ ထွက်ပြေးရန်သည်သာ သူမ၏ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။ ရှောင်ဝမ်ယောင်၏ ရွေးချယ်မှု အပေါ် တွင်မူတည်နေသည်။
ထိုအချိန်တွင် ရှောင်ပင်တိန်က ရှောင်ဝမ်ယောင်ကို ကြည့်ပြီး
“ယောင်ယောင်။ မင်းမှာ ဒီကိစ္စကို စဉ်းစားဖို့ တစ်လလောက် အချိန်ရှိတယ်။ မင်းစိတ်ပိုင်းဖြတ်ပြီးပြီဆိုရင် ဦးလေးကို ပြောပါ။ ဦးလေး မင်းအတွက် စီစဉ်ပေးမယ်။”
“ဒါပေမယ့် မင်း သေချာစဉ်းစားရမယ်။ ရှနိုင်ငံတော်ကို သွားဖို့ ရွေးချယ်လိုက်ပြီဆိုရင် နောက်ပြန်လှည့်လို့ မရတော့ဘူး။”
ရှောင်ပင်တိန်သည် စိတ်ထဲတွင် သိထားသည်။ သူ ရှောင်ဝမ်ယောင်ကို ရှနိုင်ငံတော်သို့ ထွက်ပြေးရန် ကူညီပါက သူသည်လည်း ကြီးမားသည့် အန္တရာယ်ကို ရင်ဆိုင်ရမည်ဖြစ်သည်။
ရှောင်ဟွန်ဗိုက ထိုအကြောင်းကို သိရှိသွားပါက သူလည်း အပြစ်ပေးခံရနိုင်သည်။ သို့မဟုတ် အသတ်ခံရနိုင်သည်။ ထို့ပြင် ရှောင်ဟွန်ဗိုသည် မြောက်ပိုင်းဖရီဘုရင်ကို ရှင်းပြရန် လိုအပ်လာမည်။
သို့သော် ရှောင်ပင်တိန်သည် သူ၏တူမကို အိုမင်းရင့်ရော်နေသော လူတစ်ဦးနှင့် လက်ထပ်ပေးရန် မလိုလားပေ။ မြောက်ပိုင်းဖရီဘုရင် ဘယ်လိုလူမျိုး ဆိုတာကို သူသိသည်။ ရှောင်ဝမ်ယောင် မြောက်ပိုင်းဖရီဘုရင်နှင့် လက်ထပ်ပါက သူမ၏ဘဝသည် သေသည်ထက် ပိုဆိုးသွားနိုင်သည်။
ရှောင်ပင်တိန်၏ စကားကို ကြားပြီးနောက် ရှောင်ဝမ်ယောင်သည် သူမ၏ ငွေသွားများဖြင့် အံကြိတ်လိုက်ပြီးပြောလိုက်သည်။
“ဦးလေး။ တစ်လအချိန်မလိုပါဘူး။ ကျွန်မ ဆုံးဖြတ်ပြီးပြီ။ ကျွန်မ ရှနိုင်ငံတော်ကို သွားချင်ပါတယ်။ မြောက်ဖရီးဘုရင်နဲ့ လက်ထပ်ရမယ့်အစား သေသွားတာက ပိုကောင်းပါတယ်။”
ရှောင်ဝမ်ယောင်၏ မျက်လုံးများတွင် ဆုံးဖြတ်ချက် ခိုင်မာမှုများက ထွန်းလင်းနေသည်။ ရှနိုင်ငံတော်တွင် သူမ မည်သည့်အခက်အခဲများ ကြုံရမည်ကို မသိသော်လည်း မည်မျှပင် အခက်အခဲများ ရှိပါစေ ယင်းတို့သည် ရေမချိုးဖူးသည့် ညစ်ပတ်သည့် လူအိုနှင့် လက်ထပ်ရခြင်းထက် ပိုကောင်းမည်ဟု သူမ ယုံကြည်သည်။
ရှောင်ဝမ်ယောင်၏ စကားကို ကြားသောအခါ ရှောင်ပင်တိန်က နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး
“ကောင်းပြီ။ ဦးလေး စီစဉ်ပေးပါမယ်။ ပြီးတော့ မင်းကို ရှနိုင်ငံတော်ကို ခေါ်သွားမယ့်သူတစ်ယောက်ကို စီစဉ်ပေးပါမယ်။” ဟု ပြောလိုက်သည်။
ရှောင်ဝမ်ယောင်သည် ရှောင်ပင်တိန်အား သူမကို ရှနိုင်ငံတော်သို့ မည်သို့ခေါ်ဆောင်သွားမည်ကို မေးမြန်းခြင်း မပြုခဲ့ပေ။ သူမ၏ ဦးလေးသည် လွင်ပြင်ဒေသ မျိုးနွယ်စု၏ ဗိုလ်ချုပ်တစ်ဦးဖြစ်သည့်အတွက် ထိုကိစ္စကို သူ ကိုင်တွယ်နိုင်မည်ဟု သူမ ယုံကြည်သည်။
တစ်နာရီအကြာတွင် ဝူယွမ်၏ ကုန်သည်လှည်းတန်းသည် ကုန်ပစ္စည်းများကို ချနေစဉ် ရှောင်ပင်တိန်က ဝူယွမ်၏ အနောက်တွင် ပေါ်လာသည်။
“ဝူယွမ်။ ခဏလောက် ငါနဲ့အတူလိုက်လာခဲ့။ မင်းနဲ့ တိုင်ပင်စရာတစ်ခုရှိတယ်။”
သူ၏ အမည်ကို ခေါ်သံကြားသောအခါ ဝူယွမ်သည် သူလုပ်နေသည့်အလုပ်ကို ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ သူ့ကို ခေါ်သူသည် ရှောင်ပင်တိန်ဖြစ်ကြောင်း သိသောအခါ ဝူယွမ် စိတ်ရှုပ်သွားသည်။ ရှောင်ပင်တိန်က သူ့ကို ဘာလို့ တွေချင်တာလဲ။ သူတို့နှစ်ဦးကြားတွင် ဘာမှ ဆက်နွယ်မှုမရှိဟု သူထင်သည်။
ဝူယွမ်သည် ထို့နောက် မေးလိုက်သည်။
“ဗိုလ်ချုပ်ရှောင်။ ကျွန်တော့်ကို ဘာလို့ ခေါ်တာလဲ။”
ရှောင်ပင်တိန်သည် ကုန်ပစ္စည်းများကို ချနေသည့် လူများကို ကြည့်လိုက်ပြီး
“ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး။ တခြားနေရာကို သွားကြရအောင်။”
ဟု ပြောလိုက်သည်။
ရှောင်ပင်တိန်၏စကားကြားပြီးနောက် ဝူယွမ်လည်း သိလိုစိတ်ကြောင့် မြန်မြန်လိုက်သွားခဲ့သည်။ မကြာမီ သူတို့သည် လွင်ပြင်ဒေသ၏ မြင့်မားသောတောင်ကုန်းတစ်ခု၏ ထိပ်သို့ ရောက်ရှိလာခဲ့သည်။ ပတ်ဝန်းကျင်တွင် လူမရှိသည်ကို မြင်သောအခါ ဝူယွမ်က
“ဗိုလ်ချုပ် ရှောင်။ ခင်ဗျားအတွက် သယ်ယူပို့ဆောင်ဖို့ ကုန်ပစ္စည်းတွေ ရှိလို့လား”
ဟု ထပ်မံမေးမြန်းလိုက်သည်။
ထိုအချိန်တွင် ရှောင်ပင်တိန်က ခေါင်းလှည့်ပြီး ဝူယွမ်ကို ကြည့်ကာ
“ဝူယွမ်။ မင်းရဲ့လှုပ်ရှားမှုတွေကို ငါသိထားပြီ”
ဟု အေးစက်စွာပြောလိုက်သည်။ ရှောင်ပင်တိန်၏ ရုတ်တရက်ပြောလိုက်သော စကားကို ကြားသောအခါ ဝူယွမ်၏ နှလုံးလည်း တစ်ချက်ခန့် ရပ်တန့်သွားသည်။
သို့သော် သူ၏မျက်နှာတွင် အပြောင်းအလဲမရှိပေ။ ဝူယွမ်သည် တွေးမိသည်။ ရှောင်ပင်တိန်သည် သူမြောက်ပိုင်းနယ်စားမင်းသား စံအိမ်သို့ ထောက်လှမ်းရေးသတင်းများ ပေးပို့နေသည်ကို သိရှိသွားပြီလား။ ထိုသို့ဆိုလျှင် ရှောင်ပင်တိန်သည် သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာရမည့်အစား ချက်ချင်းသတ်ပစ်သင့်သည် မဟုတ်ပါလား။
မျက်နှာအပြောင်းအလဲမရှိပဲ ဝူယွမ်က “ဗိုလ်ချုပ် ရှောင်။ ခင်ဗျားဘာကို ရည်ညွှန်းပြီးပြောနေတာလဲ”
ဟု ပြန်ပြောလိုက်သည်။
ရှောင်ပင်တိန်က အေးစက်စွာ ရယ်မောလိုက်ပြီး
“ဒီလောက်တည်ငြိမ်နေတာလား။ မင်းရဲ့လုပ်ရပ်တွေကို ဘယ်သူမှ မသိဘူးလို့ မင်းက တကယ်ထင်နေတာပဲ”
ဟု ပြောလိုက်သည်။
ဝူယွမ်က ဆက်လက်ပြောသည်။
“ဗိုလ်ချုပ်ရှောင်။ ခင်ဗျားဘာကို ပြောနေတာလဲ ကျွန်တော် နားမလည်ဘူး။”
ရှောင်ပင်တိန်က တိုက်ရိုက်ပြောလိုက်သည်။ “ဝူယွမ်။ မင်းဝှက်ထားတဲ့ ငွေတွေကို ဘယ်သူမှ မသိဘူးလို့ မင်းထင်နေတာလား။”
ထိုစကားကို ကြားသောအခါ ဝူယွမ် မျက်ခုံးတွန့်သွားသည်။
ငွေတွေ ဝှက်ထားတာတဲ့ တကယ်တော့ သူသည် ငွေကို ဝှက်ထားခြင်း မဟုတ်ပေ။ သူသည် ထောက်လှမ်းရေးသတင်းများကို ပေးပို့သည့်အခါတိုင်း သတင်းအချက်အလက်များကို ငွေများဖြင့် ဖြည့်ထားသော သေတ္တာအတွင်းသို့ ထည့်ပြီး ကြိုတင်သတ်မှတ်ထားသော နေရာတွင် သေတ္တာကို မြှုပ်ကာ သူ၏ အဆက်အသွယ်များက လာရောက်ယူနိုင်ရန် စောင့်ဆိုင်းခဲ့သည်။
ရှောင်ပင်တိန်က ဝှက်ထားသောငွေကို တွေ့ရှိပါက ထောက်လှမ်းရေးသတင်းများကိုလည်း တွေ့ရှိသွားနိုင်ချေ အလွန်မြင့်မားသည်။
သို့သော် ရှောင်ပင်တိန်သည် သေတ္တာကိုသာ တွေ့ရှိပြီး အတွင်းရှိ သတင်းအချက်အလက်ကို မတွေ့ရှိသေးတာလည်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သတင်းအချက်အလက်ပါသော သေတ္တာတွင် လျှို့ဝှက် အံဝှက်တစ်ခု ပါရှိသောကြောင့် ဖြစ်သည်။
သူ သေတ္တာအတွင်းသို့ ငွေများထည့်ရခြင်း၏ အကြောင်းရင်းမှာ မတော်တဆ သေတ္တာကို တွေ့ရှိသူများက ငွေကိုသာ အာရုံစိုက်မိပြီး အတွင်းရှိ လျှို့ဝှက်အံဝှက်ကို သတိမထား မိစေရန် ဖြစ်သည်။
ရှောင်ပင်တိန် ဘယ်လောက်သိထားလဲဆိုတာကို စမ်းသပ်ရန် ဝူယွမ်သည် ရုတ်တရက် မျက်နှာအမူအယာ ပြောင်းလိုက်ကာ အံ့အားသင့်ပြီး မယုံနိုင်သလို ဖြစ်နေဟန် ပြလိုက်သည်။
“ဘယ်လိုလဲ... ခင်ဗျား ဘယ်လိုသိသွားတာလဲ...”
ဝူယွမ် မျက်နှာပျက်သွားပြီ တုန်ယင်နေသည်ကို မြင်သောအခါ ရှောင်ပင်တိန်က ဟက်ကနဲ ရယ်မောလိုက်ပြီး
“မနေ့ညက ငါ ကင်းလှည့်နေတုန်း မင်းကို သေတ္တာတစ်လုံးနဲ့ မိဖုရား တဲနန်းတော်ကနေ ခိုးကြောင်ခိုးဝှက် ထွက်လာတာ တွေ့လိုက်တယ်။ ပြီးတော့ မင်းက ဒီတောင်ကုန်းအောက်မှာ မြှုပ်ထားတယ်။”
“သေတ္တာထဲမှာ ဘာတွေရှိလဲဆိုတာ ငါ စူးစမ်းချင်လာတယ်။ ဖွင့်ကြည့်တော့ တောက်ပနေတဲ့ ငွေတွေနဲ့ ပြည့်နေတယ်။”
“မိဖုရားက ကုန်သည်အဖွဲ့အတွက် မင်းကို ပေးခဲ့တဲ့ငွေတွေကို မင်းက အတော်လေး မင်းအိပ်ထဲ ထည့်ထားပုံ ရတယ်။”
ဝူယွမ်က မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး အသံခပ်အုပ်အုပ်ဖြင့်
“ဗိုလ်ချုပ်ရှောင်၊ ကျေးဇူးပြုပြီး ဒီကိစ္စ မိဖုရားကို မပြောပါနှင့်။ ကျွန်တော် အလွဲသုံးစား ယူထားတဲ့ ငွေအားလုံးကို သခင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးပါမယ်။”
ဟု လျှင်မြန်စွာ ပြောလိုက်သည်။ဝူယွမ်ကို ခြိမ်းခြောက်နိုင်သည်ကို မြင်သောအခါ ရှောင်ပင်တိန်က အေးစက်စွာဖြင့် ပြောလိုက်သည်။
“မင်းရဲ့ ငွေတွေ ငါမလိုချင်ဘူး။ ငါ့အတွက် အလုပ်တစ်ခုလုပ်ပေးပါ။ မင်းငွေအလွဲသုံးစား လုပ်တဲ့ကိစ္စ မိဖုရားကို ငါမပြောပါဘူး။ ငါတွေ့ထားတဲ့ ငွေသေတ္တာကိုလည်း မင်းကို ပြန်ပေးမယ်။”
ဝူယွမ်သည် လျှင်မြန်စွာ ပြောလိုက်သည်၊ “ဗိုလ်ချုပ်ရှောင်။ ဘာလုပ်ပေးရမလဲ။ ကျွန်တော် ငွေယူထားတာကို မိဖုရားနဲ့ မတိုင်ပြောရင် ဘာမဆို လုပ်ပေးပါမယ်။”
ရှောင်ပင်တိန်က ညွှန်ကြားလိုက်သည်။
“တစ်လအကြာမှာ လူတစ်ယောက်ကို ရှနိုင်ငံတော်ထဲ မင်းခေါ်သွားပေးဖို့ လိုအပ်တယ်။ ဒီကိစ္စကို မင်း ကောင်းကောင်းလုပ်နိုင်ရင် ငါ မင်းကို ငွေတစ်သိန်း ပေးမယ်။”
ရှောင်ပင်တိန်သည် လက်ရှိအချိန်တွင် ငွေတစ်သိန်း မရှိသော်လည်း မြောက်ပိုင်းမြို့ တော်ကို သိမ်းပိုက်ပြီးနောက် ထိုအခြေအနေက ပြောင်းလဲသွားနိုင်သည်။ သို့သော် သူ ဝူယွမ်အား ငွေတစ်သိန်း တကယ်ပေးရန် ရည်ရွယ်ချက် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ကိစ္စများက အောင်မြင်ပြီးလျှင် သက်သေများကို နှုတ်ပိတ်ရန် လိုအပ်လေ့ရှိသည်။
သိလိုစိတ်ဖြင့် ဝူယွမ်က
“ဘယ်သူပါလဲ”
ဟု မေးလိုက်သည်။
ရှောင်ပင်တိန်က
“တစ်လအကြာမှာ သိလာမယ်။”
ဝူယွမ်က ချက်ချင်းပင်
“ဗိုလ်ချုပ်ရှောင်။ ကျွန်တော် ခင်ဗျားရဲ့ အလုပ်ကို ပြီးမြောက်အောင် လုပ်ပေးပါမယ်။”
ဟု တုံ့ပြန်လိုက်သည်။
ရှောင်ပင်တိန်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် ဝူယွမ်ကို ကြည့်လိုက်ပြီးပြောလိုက်သည်။
“မင်းရဲ့ ငွေတွေက ကုန်းမြင့်အောက်မှာ မြှုပ်ထားဆဲပဲ။ ငါ မထိဘူး။”
“ရှနိုင်ငံသားတွေက ငွေကို မက်မောတတ်တယ်လို့ ပြောကြတယ်။ အခုတော့ ငါကိုယ်တိုင် မြင်လိုက်ရပြီ။”
ဝူယွမ် စကားထပ်ပြောမည့် အချိန်တွင် ရှောင်ပင်တိန်က လှည့်လိုက်ပြီး ကုန်းမြင့်အောက်သို့ လျှောက်သွားကာ
“နောက်ပိုင်းမှာ လောဘနည်းအောင် ကြိုးစားပါ။”
ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ အကျင့်တွေ ပြုပြင်ပါမယ်။” ဝူယွမ်က ဝမ်းသာစွာဖြင့် ပြောလိုက်သည်။
ရှောင်ပင်တိန် ထွက်ခွာသွားပြီးနောက် ဝူယွမ်သည် ချက်ချင်းပင် သူငွေမြှုပ်ထားသည့်နေရာသို့ သွားပြီး သေတ္တာကို ဖွင့်ကြည့်လိုက်သည်။
ကံကောင်းထောက်မစွာပင် လျှို့ဝှက်စာက ရှိနေဆဲဖြစ်ပြီး လျှို့ဝှက်အံဝှက်ကို မထိပဲ ကျန်ရှိနေသည်။ လျှို့ဝှက်စာပေါ်ရှိ တံဆိပ်များသည် အရာမယွင်းပဲ ရှိနေဆဲဖြစ်သည်။ ဝူယွမ်လည်း စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ထိုနည်းလမ်းဖြင့် ထောက်လှမ်းရေးသတင်းများ ထပ်မံမပို့ရန် တွေးတောလိုက်၏။
.........
အခန်း (၁၀၂) လွင်ပြင်ဒေသ မျိုးနွယ်စုတွေလာနေပြီလား။
စစ်မက်၏ မည်းနက်သော မိုးတိမ်များသည် မြောက်ပိုင်းမြို့တော်၏ ကောင်းကင်ကို ဖုံးလွှမ်းလာသည်နှင့်အမျှ မြောက်ပိုင်းမြို့ တော်၏ စိတ်ခံစားမှု လေထုသည် ပို၍ပို၍ ဖိစီးလာသည်။
မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှ “ကျေးလက်ကို ရှင်းလင်းပြီး မြို့ရိုးကို ခိုင်မာစေရန်”
ဆိုသည့် အမိန့်ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် ရှနိုင်ငံတော်ပြည်သူများသည် မြောက်ပိုင်းနယ်စားမင်းသားအပေါ်တွင် အမြင်သစ်တစ်ခု ရရှိလာကြသည်။
မည်သူမှ မမျှော်လင့်ခဲ့ကြသည်က မြောက်ပိုင်းနယ်စားမင်းသားသည် ရန်ခရိုင်တွင် စစ်သည်အင်အား သုံးသောင်းဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်သုံးသိန်းကို ရင်ဆိုင်တိုက်ခိုက်ရန် တကယ်ပင် စဉ်းစားလိမ့်မည် ဆိုတာကိုပင်။
ပညာမဲ့ပြီး ကာမဂုဏ် မက်မောကာ အသုံးမကျဟု ယူဆခံရသည့် မြောက်ပိုင်းနယ်စားမင်းသားက ရုတ်တရက် ပြည်သူများနှင့် ရပ်တည်လာခြင်းသည် ရှနိုင်ငံတော်ပြည်သူများ အထူးသဖြင့် နန်းတွင်းအရာရှိများကို အံ့အားသင့်စေခဲ့သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်အတွက် တကယ်ပင် အသက်စွန့်တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းကို လူတွေ မအံ့ဩပဲ မနေနိုင်ကြပေ။
ဒါက မြင်းတပ်သုံးသိန်း ဖြစ်သည်။ စစ်သည်အင်အား သုံးသောင်းနှင့် ဘယ်လိုဟန့်တားနိုင်မှာလဲ။ ပညာမဲ့၊ ကာမဂုဏ် မက်မောပြီး၊ အသုံးမကျဟု ယူဆခံရသည့် မြောက်ပိုင်းနယ်စားမင်းသားမှာ တကယ်ပဲ သူရဲကောင်းစိတ်ဓာတ် ရှိနေသလား။
သို့မဟုတ် သူသည် အရက်နှင့် ကာမဂုဏ်တွင် မက်မောနေသော်လည်း တကယ်တော့ မင်းသား ကောင်းတစ်ပါး ဖြစ်နေတာလား။
ထိုအတောအတွင်း မင်းသား လုရှုယွမ် လုပ်ကြံခံရသည့် အဖြစ်အပျက်သည် မြောက်ပိုင်းနယ်စားမင်းသား၏ အသက်စွန့်တိုက်ခိုက်ရန် ကြေငြာချက်ကြောင့် မြန်မြန်ဆန်ဆန်ပင် ဖုံးကွယ်သွားခဲ့၏။ မင်းသားကို လုပ်ကြံရန် ကြိုးစားသူသည် မည်သူဖြစ်သည်ကိုပင် လူအများက စိတ်မဝင်စားတော့ဟု ထင်ရသည်။
ရှနိုင်ငံတော်ပြည်သူများ ယခုသိလိုသည်မှာ မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်အင်အား သုံးသိန်းကို နန်းတွင်းမှ စစ်ကူရောက်လာသည်အထိ ဟန့်တားနိုင်မည်လား ဆိုတာကိုဖြစ်သည်။
နေပြည်တော်အတွင်း ထီးနန်းအတွက် ယှဉ်ပြိုင်မှုနှင့်ပတ်သက်လျှင် သာမန်ပြည်သူအများစုက ဂရုမစိုက်ကြပေ။ လုချန်း၏ ကြေညာချက်သည် လူတိုင်း၏ အာရုံကို မြောက်ပိုင်းမြို့တော်သို့ ဆွဲဆောင်လိုက်၏။ အထူးသဖြင့် သူ့ဆီသို့ ဖြစ်သည်။
မင်းသားတစ်ဦးသည် စစ်သည်သုံးသောင်းကို ဦးဆောင်ကာ လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် အသေခံ တိုက်ပွဲဝင်ရဲသည်မှာ ရှနိုင်ငံတော် တည်ထောင်ပြီးကတည်းက ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ပြင် ထိုမင်းသားသည် ပြည်သူများက အသုံးမကျဟု ယူဆခဲ့သော မင်းသားတစ်ဦးဖြစ်သည်။
ထိုအရာက မင်းသားလုရှုယွမ်ကို အလွန်ဒေါသထွက်စေသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် လူတိုင်း၏ အာရုံကို မြောက်ပိုင်းမြို့သို့ ဆွဲဆောင်လိုက်ပြီး သူ၏ဒုက္ခကို ဂရုစိုက်မည့်သူ မရှိသလောက်ဖြစ်သွားသောကြောင့် ဖြစ်သည်။
သူ၏နေအိမ် သွေးချောင်းစီးခံခဲ့ရသော်လည်း လူအများက ဂရုမစိုက်ကြပေ။ အဓိကအချက်မှာ ရာဇဝတ် ရေးရာဌာနသည် ကြာမြင့်စွာ စုံစမ်းစစ်ဆေးနေသော်လည်း လုပ်ကြံရေးသမားများနှင့်ပတ်သက်သော သဲလွန်စတစ်ခုတစ်လေမျှ မတွေ့ရှိသေးပေ။ သူတို့သည် လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။
ထိုကိစ္စသည် ဧကရာဇ်၏ အာရုံကို ဆွဲဆောင်ရန် သူကိုယ်တိုင် စီမံခဲ့သော သူ့ကိုယ်သူ ထိခိုက်ခံလိုက်သည့် လှည့်ကွက်တစ်ခုသာ ဖြစ်သည်ဟူသော ကောလာဟလများကလည်း ပျံ့နှံ့နေသည်။
ထိုကောလာဟလများကို ကြားရသောအခါ လုရှုယွမ်သည် ပေါက်ကွဲထွက်တော့မည်ကဲ့သို့ အလွန်ဒေါသထွက်သွား၏။ သူ၏နေအိမ် သွေးချောင်းစီးခံခဲ့ရပြီး ဝမ်မိသားစုမှ သူ့ကို ကာကွယ်ရန် စေလွှတ်ခဲ့သော ထိပ်သီးပညာရှင်ပင် သတ်ခံခဲ့ရသော်လည်း ထိုကိစ္စကို သူကိုယ်တိုင် စီမံသည်ဟု ပြောဆိုသူများ ရှိနေသည်။
ကိုယ့်ကိုယ်ကို အနာခံပြီး ထိပ်သီးပညာရှင်တစ်ယောက်ကို မည်သူက သတ်မည်နည်း။ ထိပ်သီးပညာရှင်တစ်ဦးသည် သိုင်းပညာရှင်ထောင်ပေါင်းများနှင့် ညီမျှသည်။ ထိပ်သီးပညာရှင်တစ်ဦးကို စတေးပြီး ဒီလိုမျိုးလှည့်ကွက်ကို လုပ်မည့်သူသည် ဦးနှောက်ရောဂါရှိသူသာ ဖြစ်ရမည်။
ရှနိုင်ငံတော် ချီမင်းသား၏ နယ်မြေ အနီရောင်သံခမောက်များဝတ်ဆင်ထားသော စစ်တပ်တစ်တပ်သည် ရန်ခရိုင်သို့ ခပ်မြန်မြန်ချီတက်လျက် ရှိသည်။
နေပြည်တော်အတွင်း စစ်ရိက္ခာများ ထောက်ပံ့ရန် ကြာမြင့်စွာ နှောင့်နှေးပြီးနောက် လင်ရှုမင်သည် နန်းတော်မှ စစ်သည်အင်အား ခုနှစ်သောင်းကို ဦးဆောင်ကာ လွင်ပြင်ဒေသ မျိုးနွယ်စုများကို ခုခံရန် မြောက်ဘက်သို့ ချီတက်လာခဲ့သည်။
သူသည် သူ၏စစ်သည်များကို အမြန်ဆုံးချီတက်ရန် အမိန့်ပေးခဲ့၏။ သို့မှသာ လွင်ပြင်ဒေသ မျိုးနွယ်စုများ ရန်ခရိုင်သို့ မရောက်မီ မြောက်ပိုင်းနယ်စားမင်းသားနှင့် ပေါင်းစည်းနိုင်မည် ဖြစ်သည်။ သူတို့၏ စစ်သည်အင်အား ခုနစ်သောင်းနှင့် မြောက်ပိုင်းမြို့တော်ရှိ စစ်သည်အင်အား စုပေါင်းလိုက်လျှင် အနည်းဆုံး စစ်သည်အင်အား တစ်သိန်းရှိမည် ဖြစ်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ဟင်းလင်းပြင်လို နေရာမျိုးတွင် ရင်ဆိုင်တိုက်ခိုက်ရန် မဖြစ်နိုင်သော်လည်း အဓိကမြို့ကြီးများကို ခုခံကာကွယ်ရန်က ပြဿနာမရှိပေ။ သူတို့ ခုခံနိုင်နေသရွေ့ ရှနိုင်ငံတော်ရှိ မင်းညီမင်းသားများ၏တပ်များ စုဆောင်းရန် အချိန်ပိုရနိုင်သည်။
အထူးသဖြင့် မြောက်ပိုင်းမြို့တော်နှင့် အနီးဆုံးဖြစ်သည့် ချီမင်းသား။
ချီမင်းသားသည် သူ၏တပ်များကို မစေလွှတ်ပါက လွင်ပြင်ဒေသ မျိုးနွယ်စုများသည် သူ၏ နယ်မြေအတွင်းသို့ တိုက်ရိုက် ဝင်ရောက်နိုင်သည်။ ထို့ကြောင့် ချီမင်းသားသည် မင်းညီမင်းသားများအနက် ပထမဆုံး စစ်တပ်စေလွှတ်မည့်သူ ဖြစ်သည်။ ချီမင်းသား၏ တပ်များပါ ပါဝင်လာလျှင် သူတို့စစ်နိုင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုများပြားလာမည် ဖြစ်သည်။
လင်ရှုမင်သည် မြင်းစီးနေရင်း အလှမ်းဝေးကွာသည့် တောင်ထွတ်များ နီးကပ်လာသည်ကို မြင်သောအခါ မြောက်ပိုင်းမြို့တော်နှင့် မဝေးတော့ကြောင်း သိလိုက်ရသည်။ သူ စိုးရိမ်စိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။ လက်ရှိအချိန်တွင် မြောက်ပိုင်းမြို့တော်၏ အခြေအနေက ဘယ်လိုရှိမည်ကို သူမသိပေ။
လွင်ပြင်ဒေသ မျိုးနွယ်စုများ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီးပြီလား။ မြောက်ပိုင်းနယ်စားမင်းသား၏ စစ်သည်များက မြို့များကို ခုခံထားနိုင်ပြီလား။ မြောက်ပိုင်းနယ်စားမင်းသားက ကြောက်လန့်ပြီး ထွက်ပြေးသွားပြီလား။ ဒါတွေတစ်ခုမှ သူမသိပေ။
နေပြည်တော်မှ ထွက်ခွာလာပြီး ကတည်းက သူတို့သည် မြောက်ပိုင်းမြို့တော်မှ ထောက်လှမ်းရေးသတင်းများ မရရှိခဲ့ပေ။ ထို့ကြောင့် သူစိုးရိမ်နေသည်။
မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ ပြည်သူများကို စွန့်ခွာပြီး တောင်ဘက်သို့ ထွက်ပြေးသွားပြီး မြောက်ပိုင်းနယ်စားမင်းသား၏ စစ်သည်များကလည်း မြို့များကို မခုခံနိုင်ခဲ့ပါက လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တောင်ဘက်သို့ ချီတက်မှုကို ဟန့်တားရန် အရေးကြီးသည့် အဓိကမြို့များကို ဆုံးရှုံးသွားမည် ဖြစ်သည်။ ထိုအခါ သူတို့၏ စစ်သည်အင်အား ခုနစ်သောင်းဖြင့်
မြောက်ပိုင်းမြို့တော်ကို ဆက်လက်ခုခံနိုင်မည်ဟု တွေးထင်ခြင်းသည် စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေလိမ့်မည်။
အထူးသဖြင့် ရန်ခရိုင်ဖြစ်သည်။ ရန်ခရိုင်သည် ဝန်နင်းတောင်ကြားအောက်တွင် တည်ရှိပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်သည် တောင်ဘက်သို့ ချီတက်ပါက ဝမ်နင်းတောင်ကြားကို ဖြတ်သန်းသွားနိုင်ချေက အလွန်မြင့်မားသည်။
ရန်ခရိုင် ခိုင်မာစွာ ရပ်တည်ပြီး သူတို့ခုခံကာကွယ်နိုင်ပါက လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်သို့ ချီတက်သည့် အရှိန်အဟုန်ကို တားဆီးနိုင်မည် ဖြစ်သည်။ သူတို့အနေနှင့် အခြားလမ်းမှလာရန် အချိန်လိုအပ်မည် ဖြစ်သောကြောင့်ဖြစ်သည်။
ရန်ခရိုင်ကို ဆုံးရှုံးသွားပါက လွင်ပြင်ဒေသ မျိုးနွယ်စုများသည် အဟန့်အတား မရှိပဲ အရှိန်အဟုန်ဖြင့် ချီတက်လာနိုင်ပြီး ချီမင်းသား၏ နယ်မြေအတွင်းသို့ တိုက်ရိုက်ဝင်ရောက်လာမည် ဖြစ်သည်။
ထိုအချိန်တွင် ရှနိုင်ငံတော်သည် စစ်သည်အင်အား သိန်းနှင့်ချီ၍ စုဆောင်းနိုင်ခြင်း မရှိပါက လွင်ပြင်ဒေသ မျိုးနွယ်စုများကို မြောက်ပိုင်းမြို့တော်မှ မောင်းထုတ်နိုင်တော့မည် မဟုတ်ပေ။
လင်ရှုမင်သည် မြောက်ပိုင်းမြို့တော်၏ အခြေအနေကို စိုးရိမ်နေစဉ် မြင်းစီးစစ်သားတစ်ဦးသည် ထောက်လှမ်းရေးသတင်းများ ပါရှိသည့် ဝါးပြွန်တစ်ခုနှင့်အတူ သူ့ရှေ့သို့ ရောက်ရှိလာသည်။
“ဗိုလ်ချုပ်။မြောက်ပိုင်းမြို့တော်က ထောက်လှမ်းရေး အစီရင်ခံစာပါ။”
ထိုစကားကို ကြားသောအခါ လင်ရှုမင်၏ အတွေးများ ခဏတာမျှ ဗလာဖြစ်သွားပြီးနောက် သူသည် စစ်သား၏ လက်ထဲမှ ဝါးပြွန်ကို ဆွဲယူလိုက်ကာ ထောက်လှမ်းရေး အစီရင်ခံစာကို ထုတ်ယူပြီး သေချာစွာ ဖတ်ကြည့်လိုက်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် ရန်ခရိုင်၏ မြောက်ဘက်ရှိ ခံစစ်အားလုံးကို ရုပ်သိမ်းလိုက်သည်ကို တွေ့သောအခါ လင်ရှုမင်၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖတ်ဖြူလျော် ဖြစ်သွားသည်။
မြောက်ပိုင်းနယ်စားမင်းသား ရူးသွားပြီလား။
ရန်ခရိုင်၏ မြောက်ဘက်ရှိ ခံစစ်အားလုံးကို ရုပ်သိမ်းလိုက်ခြင်းသည် သူတို့ကို ခံတိုက်မည့် ကြားခံမြို့များ မရှိစေတော့ပဲ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်ဦးသည် ရန်ခရိုင်ကို တိုက်ရိုက်ထိုးစစ်ဆင်နိုင်လာမည် ဖြစ်သည်။
ရန်ခရိုင်၏ အနည်းငယ်မျှသော စစ်သည်များဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်အင်အား သုံးသိန်းကို ဘယ်လိုဟန့်တားနိုင်မှာလဲ။
ခံစစ်မျဉ်းကို ခိုင်မာစေရန်က ထိုနည်းလမ်းဖြင့် လုပ်ဆောင်၍ မရပါ။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်သည် သူတို့၏ ချီတက်မှုထက် များစွာ ပိုမိုမြန်ဆန်ပြီး သူတို့ရောက်ရှိလာချိန်တွင် မည်သည့်ခုခံမှုမှ မရှိပါက ရှတပ်မတော် ရန်ခရိုင်သို့ ရောက်ရှိသည့်အခါတွင် မြို့ကို ခုခံကာကွယ်နေသည့်သူများမှာ ရှားစစ်တပ် မဟုတ်တော့ပဲလွင်ပြင်ဒေသ မျိုးနွယ်စုများ ဖြစ်နေမည်ကို စိုးရိမ်မိသည်။
ထိုအချိန်တွင် လင်ရှုမင်သည် မြောက်ပိုင်းဒေသတွင် စစ်ရှုံးမည့် အရေးနှင့် နောက်ပိုင်း သူအပြစ်ဒဏ်ခတ်ခံရမည့် ဖြစ်နိုင်ချေတို့ကို ကြိုတင်မြင်ယောင်မိသလို ဖြစ်သွားသည်။
သူသည် ဝန်ကြီးချုပ်၏ သားဖြစ်သော်လည်းစစ်ရှုံးမှုအတွက် တာဝန်ယူရမည့် ကိစ္စက ရှောင်လွှဲ၍ မရပေ။ သူ၏ အမှားမဟုတ်သော်လည်း ဆွမ်ဧကရာဇ်သည် မလွဲမသွေ တစ်စုံတစ်ယောက်ကို အပြစ်တင်ဖို့ ရှာဖွေမည် ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် တော်ဝင်မျိုးနွယ်ဝင်ဖြစ်ပြီး တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသည်။ ထို့ကြောင့်သူ့ကို အပြစ်တင်ရန်က မဖြစ်နိုင်ပေ။ နောက်ဆုံးတွင် တာဝန်ရှိသွားမည့် တစ်ဦးတည်းသောသူမှာ မြောက်ဘက်သို့ တပ်များ ဦးဆောင်ခဲ့သော ဗိုလ်ချုပ်ဖြစ်သည့် သူကိုယ်တိုင် ဖြစ်သည်။
လင်ရှုမင်သည် ထိုအချိန်တွင် အလွန်ဒေါသထွက်နေပြီး မြောက်ပိုင်းနယ်စားမင်းသားကို တွေ့သည့်အခါ သူ့ကို လက်သီးနှင့် ထိုးချင်စိတ်များ ဖြစ်ပေါ်နေသည်။
သို့သော် လင်ရှုမင်သည် ထောက်လှမ်းရေးသတင်းတွင် မြောက်ပိုင်းနယ်စားမင်းသားသည် ရန်ခရိုင်၏ စစ်သည်များကို ဦးဆောင်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် အသက်စွန့်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ မြောက်ပိုင်းနယ်စားမင်းသားအပေါ် သူ၏ မကျေမနပ်ဖြစ်နေမှုများ အားလုံးနီးပါက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
သူက မျက်ခုံးတွန့်လိုက်ပြီး သူ့ရှေ့တွင် ရှိနေသည့် ထောက်လှမ်းရေးသတင်းကို ထပ်ခါထပ်ခါ ကြည့်ရှုလိုက်သည်။ အသုံးမကျသည့် မင်းသားတစ်ပါးသည် ရုတ်တရက် ဤမျှ ဆုံးဖြတ်ချက် ခိုင်မာမှုကို ပြသလာခြင်းသည် လင်းရှုမင်းအတွက် မယုံနိုင်စရာဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသား တကယ်ပင် အသက်စွန့်တိုက်ခိုက်ပါက သူတို့ ရန်ခရိုင်သို့ ရောက်ရှိသည့်အခါ သူ့အတွက် မျှော်လင့်ချက် ရှိနေဦးမည် ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသား၏ စိတ်ဓာတ်များ လှုပ်ခတ်သွာပြီး တပ်တွင်း စိတ်ဓာတ်ကို ယိမ်းယိုင်သွားစေပါက သူ၏ ကံကြမ္မာသည် သေဆုံးခြင်း သို့မဟုတ် လွင်ပြင်ဒေသ မျိုးနွယ်စုများထံ အဖမ်းခံရခြင်း စသည့် တစ်ခုခုဖြစ်သွားပေလိမ့်မည်။
ခဏအကြာတွင် လင်ရှုမင်သည် လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာပြီး
“ချီတက်မှုနှုန်းကို မြှင့်လိုက်ပါ။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေ ရန်ခရိုင် မရောက်ခင် မြောက်ပိုင်းနယ်စားမင်းသားနှင့် ပူးပေါင်းနိုင်ရမယ်။”
ဟု ကျယ်လောင်စွာ အော်လိုက်သည်။
မြောက်ပိုင်းမြို့တော် ရန်ခရိုင်၊ မြောက်ပိုင်းနယ်စားမင်းသား၏ နန်းတော်တွင် လုချန်းသည် သူ၏ စာကြည့်ခန်းထဲတွင် ဝူယွမ်မှ ပေးပို့သည့် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့နှင့် ပတ်သက်သည့် ထောက်လှမ်းရေးသတင်းများကို လေ့လာနေသည်။
ရဲလိနန်ရန်နှင့် ပတ်သက်သည့် ထောက်လှမ်းရေးသတင်းသည် လုချန်းအတွက် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်။ ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုတွင် ဤမျှမြင့်မားသည့် အဆင့်အတန်းကို ရရှိပြီး ကောင်းကင်ဝံပုလွေဘုရင်ကို သူမ၏ အကြံဉာဏ်များကို နားထောင်စေနိုင်သည့် အမျိုးသမီးတစ်ဦးသည် သာမန်အမျိုးသမီးတစ်ဦး မဟုတ်ပေ။
ထိုအချိန်တွင် စာကြည့်ခန်း၏ တံခါးဝတွင် စစ်သားတစ်ဦး၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
“မင်းသား။ သတင်းဆိုးရှိပါတယ်။”
စစ်သား၏ အရေးတကြီး သတင်းပို့သံကို ကြားသောအခါ လုချန်းက ချက်ချင်းတုန့်ပြန်လိုက်သည်။
“ဝင်လာပါ။”
စစ်သားသည် ထို့နောက် တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်လာခဲ့သည်။ လုချန်း မေးမြန်းခြင်း မပြုမီတွင် စစ်သားက အလောတကြီးဖြင့်
“မင်းသား။ ဝန်နင်းတောင်ကြားကနေ မြင်းတပ်တစ်တပ် ရန်ခရိုင်ကို အလျင်အမြန်ချဉ်းကပ်လာနေပါတယ်။ သူတို့ဟာ လွင်ပြင်ဒေသ မြင်းတပ်ရဲ့ ရှေ့ပြေးစစ်သည်များ ဖြစ်နိုင်ပါတယ်။”
........