အခန်း ၁၀၉-၁၁၁
Vol. 8 Ch. 109-111
အခန်း (၁၀၉)
ငါနှင့်အတူ ဝင်ပြီးစီးနင်းတိုက်ခိုက်ကြ
ဝန်နင်းတောင်ကြားအတွင်း ဆုတ်ခွာခရာသံ မြည်လာသောအခါ ရှေ့တန်းရှိ လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်များသည် နောက်ဆုံးတွင် သတိပြန်လည် လာကြသည်။ ဒဏ်ရာအပြင်းအထန် ရနေသော ရှောင်ဟွန်ဗို၏ အမိန့်ကို စောင့်ဆိုင်းခြင်းမပြုပဲ ရှေ့တန်းရှိ လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်များဆီမှလည်း ဆုတ်ခွာခရာသံများ ထွက်ပေါ်လာကြသည်။
တကယ်တော့ လုချန်း၏ အမြောက်ကျည်ရာဂဏန်းခန့်က လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်သိန်းနှင့်ချီကို သတ်နိုင်မည်မဟုတ်ပေ။ သို့သော် လွင်ပြင်ဒေသမျိုးနွယ်စု မြင်းတပ်သည် ထိုကဲ့သို့သော ကြောက်မက်ဖွယ်လက်နက်ကို ပထမဆုံးအကြိမ် မြင်တွေ့ရသောကြောင့် သူတို့၏စိတ်ထဲရှိ အကြောက်တရားက ပိုမိုကြီးမား သွားခဲ့သည်။
လူများသည် မသိသောအရာကို အမြဲတစေ အကြောက်ဆုံးဖြစ်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များသည်လည်း ရန်ခရိုင်တွင် ထိုပေါက်ကွဲတတ်သော “ကျောက်တုံးများ” မည်မျှရှိသည်ကို မသိရှိကြပေ။
ဝူးဝူးဝူး—!!!
ဝူးဝူးဝူး—!!!
အရေးပေါ် ဆုတ်ခွာခရာသံသည် ဝန်နင်းတောင်ကြားတစ်လျှောက် ပဲ့တင်ထပ်နေပြီး လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များသည် နောက်တန်းဘက်သို့ သွေးရူးသွေးတန်း ပြေးသွားနေကြသည်။ လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်များ၏ ကနဦး တပ်ဖွဲ့စည်းပုံသည်လည်း လုံးဝပျက်စီးသွားပြီး သူတို့သည် သူတို့၏ ကိုယ်ပိုင်လွတ်မြောက်ရေးကိုသာ အာရုံစိုက်နေကြသည်။
မကြာမီ ဝန်နင်းတောင်ကြားတွင် ဆိုးရွားသည့် လူအချင်းချင်း ပိမိသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီး လွင်ပြင်ဒေသမျိုးနွယ်စု မြင်းတပ်သားများစွာသည် သူတို့အချင်းချင်း အနင်းခံရပြီး သေဆုံးသွားကြသည်။
အံ့အားသင့်စရာပင်။ လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်များ လုံးဝကစဉ့်ကလျား ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လုချန်းသည် တောင်ပြိုသကဲ့သို့ ဆိုသည့်အဓိပ္ပာယ်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
တကယ်တန်း ရေတွက်ကြည့်မည် ဆိုပါက အမြောက်ကျည်များသည် တစ်သောင်းထက်နည်းသော လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်သားများကိုသာ သတ်ဖြတ်နိုင်ခဲ့၏။ သူတို့အချင်းချင်း ပိမိသောကြောင့် သေဆုံးသော စစ်သည်များသည် လုချန်း၏ ခန့်မှန်းချက်အရ တစ်သောင်းနီးပါး ရှိသည်။
ထိုအချိန်တွင် မုချန်တိန်သည် မြင်းပေါ်တက်လိုက်ပြီး အလွန်စိတ်မရှည်နိုင် ဖြစ်လာသည်။ မြို့အတွင်းရှိ စစ်သည်များသည် တိုက်ခိုက်ရန် အဆင်သင့်ပင် ဖြစ်နေကြသည်။
ထို့နောက် လုချန်းက ပြောလိုက်သည်။
“အမြောက်တပ်ကို အချက်ပြပါ။ အမြောက်ကျည်အားလုံးကို ပစ်လိုက်ပါ။ တစ်ခုမှ မကျန်ရစ်ပါစေနှင့်”
အလံများဖြင့် အချက်ပြပြီး အမိန့်ကို လက်ဆင့်ကမ်းလိုက်သောအခါ ဝန်နင်းတောင်ကြားရှိ အမြောက်တပ်သားများသည် ချက်ချင်းပင် ထွက်ပြေးနေသော လွင်ပြင်ဒေသ မျိုးနွယ်စုများ စစ်သည်များဆီသို့ အမြောက်ကျည်များကို ပစ်လွှတ်လိုက်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုမြင်းတပ်သားများကောင်းကင်သို့ ပျံတက်လွင့်စင် သွားကြသည်ကို မြင်ရသောအခါ အမြောက်တပ်သားများပင် အံ့အားသင့်သွားကြသည်။ အမြောက်တပ်တွင်ရှိသော စစ်သည် အများစုသည် လေးသမားများ ဖြစ်ကြပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် တိုက်ပွဲဝင်ခဲ့ဖူးသော စစ်သည်ဟောင်းများ ဖြစ်ကြသည်။
သို့သော် သူတို့သည် မည်သည့်အခါကမှ ယခုလို မြင်ကွင်းမျိုးကို မမြင်ဖူးကြပါ။ တစ်ချိန်က မည်သူမှ အနိုင်မယူ နိုင်ခဲ့သော လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်သည် အမြောက်ကျည်နှင့် ရင်ဆိုင်ရသောအခါ အကြင်နာ ကင်းမဲ့စွာ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် လက်နက်ကို တစ်နေ့တွင် သူတို့အပေါ် သုံးပါက ဟူသော အတွေးကို တွေးမိသည်နှင့် အမြောက်တပ်သားများသည် ကျောချမ်းသွားကြပြီး ချွေးစေများပင် ကျလာကြသည်။
မြောက်ပိုင်းမြို့တော်တွင် မွေးဖွားလာခြင်း၊ မြောက်ပိုင်းမြို့တော်၏ စစ်သည်များ ဖြစ်ခြင်းနှင့် မြောက်ပိုင်းနယ်စားမင်းသား၏ စစ်သည်များ ဖြစ်ရခြင်းက ကံကောင်းသည်ဟု သူတို့ခံစားလိုက်ရကြသည်။
ထိုအချိန်တွင် ဒဏ်ရာအပြင်းအထန် ရနေသော ရှောင်ဟွန်ဗိုသည် သူ၏ လက်အောက်ငယ်သားများ၏ အကူအညီဖြင့် ပြန်ထလာ၏။ သူ၏ အသိအာရုံက ကြည်လင်ခြင်း မရှိသေးပါ။ လက်ရှိအခြေအနေကို သူနားမလည်နိုင်ပါ။
သူသိသည်မှာ ရုတ်တရက် အင်အားကြီးမားသော အရှိန်တစ်ခုက သူ့ကို လေထဲသို့ ပစ်တင်လိုက်ခြင်း ဖြစ်သည်။ ရှောင်ဟွန်ဗို မသေသေးသည်ကို မြင်သောအခါ လုချန်းသည် ချက်ချင်းပင် သူ၏ စနစ်မှ ဘာရတ်ကို ထုတ်ယူပြီး ကျည်ဆန်ကို ထည့်ကာ အဝေးမှ ရှောင်ဟွန်ဗိုဆီသို့ ချိန်လိုက်သည်။
ထိုအချိန်တွင် မုချန်တိန်သည် မြို့ရိုးအောက်မှ တက်လာ၏။ သူက လုချန်းအား ထွက်ပြေးနေသော လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်ကို ချက်ချင်း လိုက်လံတိုက်ခိုက်ရန် အမိန့်ပေး စေချင်နေသည်။ သို့သော် သူလုချန်း အနားရောက်လာတော့ လုချန်း၏ လက်ထဲတွင် ရှည်လျားသော အနက်ရောင် တုတ်တစ်ချောင်းကို ကိုင်ထားပြီး အဝေးမှ ရှောင်ဟွန်ဗိုဆီသို့ ချိန်နေသည်ကို တွေ့ရှိလိုက်သည်။
မုချန်တိန် စကားမပြောမီပင် သေနတ်သံတစ်ချက်ကြားလိုက်သည်။
ဒိုင်း…
ထို့နောက် အာရုံများ ဝေဝါးနေဆဲဖြစ်သော ရှောင်ဟွန်ဗို၏ ရင်ဘတ်ကို ကျည်ဆန်က ဖောက်ထွင်း ဖြတ်သန်းသွားသည်။
သူ၏ ရင်ဘတ်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားရသောအခါ ရှောင်ဟွန်ဗို ငုံ့ကြည့်လိုက်၏။ ထို့နောက် သူ၏ မျက်လုံး သူငယ်အိမ်များ ကျုံ့ဝင်သွားကာ မယုံကြည်နိုင် ဖြစ်သွားသည်။ ထို့နောက် ရှောင်ဟွန်ဗိုလည်း ဖြည်းဖြည်းချင်း မြေပေါ်သို့ လဲကျသွားပြီး သတိလစ်သွားတော့သည်။
ဤမြင်ကွင်းကို မြင်သောအခါ မုချန်တိန်သည် အနည်းငယ် တုန်လှုပ်သွားသည်။ မကြာသေးမီက လီဖန်းပြောခဲ့သော စကားကို သူသတိရလိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ထိပ်သီးပညာရှင်တစ်ယောက်ကို ချက်ချင်းသတ်နိုင်သော လျှို့ဝှက်လက်နက်တစ်ခု ပိုင်ဆိုင်ထားသည်။
ထိုရှည်လျားသော အနက်ရောင် တုတ်သည် လီဖန်းပြောခဲ့သော လျှို့ဝှက်လက်နက် ဖြစ်မည်။ မြောက်ပိုင်းနယ်စားမင်းသား၏ လက်နက်များအားလုံးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ကီလိုမီတာတစ်ခုအကွာမှ ပညာရှင် အဆင့်ရှိသော သိုင်းပညာရှင် တစ်ဦးကို လှမ်းသတ်နိုင်သည်။ ထိပ်သီးပညာရှင်တစ်ဦးပင် ထို့ကဲ့သို့ လုပ်နိုင်ရန် များစွာခက်ခဲမည်ဖြစ်သည်။
သို့သော် မြောက်ပိုင်းနယ်စားမင်းသား၏ လက်ထဲရှိ လက်နက်က မည်မျှပင် ကြောက်မက်ဖွယ် ကောင်းနေစေကာမူ အမြောက်ကျည်များလောက် ကြောက်မက်ဖွယ်ကောင်းခြင်းတော့ မရှိပါ။
မကြာသေးမီကပင် သူတို့သည် အမြောက်ကျည်တစ်ခုကြောင့် လွင်ပြင်ဒေသ မျိုးနွယ်စု ထိပ်သီးပညာရှင် တစ်ဦးကို အပိုင်းပိုင်းဖြစ်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ အမြောက်ကျည်၏ အဖျက်စွမ်းအားက ပို၍ကြီးမားသည်။
ရှောင်ဟွန်ဗိုကို ပစ်ခတ်ပြီးနောက် လုချန်းသသတိပြန်ဝင်လာပြီး သူ့ဘေးရှိ မုချန်တိန်ကို “ဗိုလ်ချုပ်မု လွင်ပြင်ဒေသ မျိုးနွယ်စုမြင်းတပ်ကို ဖျက်ဆီးဖို့ ခင်ဗျားရဲ့ တာဝန်ပဲ” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ မုချန်တိန်က ချက်ချင်းပင်
“ဟုတ်ကဲ့။ မင်းသား” ဟု ကျယ်လောင်စွာဖြင့် တုန့်ပြန်လိုက်သည်။
ပြောပြီးသည်နှင့် မုချန်တိန်သည် ခြေတစ်ချက်ဆောင့်ကာ မျှော်စင်ပေါ်မှ ခုန်ချလိုက်ပြီး မြင်းပေါ်သို့ သပ်သပ်ရပ်ရပ် ဆင်းသက်လိုက်သည်။ ထို့နောက် သူ၏လက်ကို ဝေ့ရမ်းကာ မုချန်တိန်သည်က အမိန့်ပေးလိုက်သည်။ သူ၏ဝတ်ရုံကလည်း လွင့်ပျံနေ၏။
“မြို့တံခါး ဖွင့်လိုက်။”
မုချန်တိန်၏ အားကောင်းသော အမိန့်သံနှင့်အတူ ရန်ခရိုင်၏ တံခါးများလည်း ဖြည်းဖြည်းချင်း ပွင့်လာသည်။ နောက်ခဏတွင် မုချန်တိန်သည် ဦးဆောင်သော စစ်သည်များသည် မြို့တံခါးမှ ပြေးထွက်လာကြသည်။
“စစ်သည်တို့ ငါနှင့်အတူ သတ်ကြမယ်”
“သတ် သတ် သတ်”
ရန်ခရိုင်၏ စစ်သည်များသည်ချက်ချင်းပင် စိတ်ဓာတ် မြင့်တက်လာပြီး မြို့ရိုး အပြင်ဘက်သို့ ထွက်ကာ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်ကို လိုက်လံသတ်ဖြတ်ကြတော့သည်။
တစ်ချိန်တည်းမှာပင် ရှောင်ပင်တိန်၏ စစ်သည်ငါးသောင်းတပ်သည် အမြောက်ကျည်၏ ဒဏ်ကြောင့် မရေမတွက်နိုင်သော စစ်သည်များ ခဏချင်း ဆုံးရှုံးသွားပြီးနောက် နောက်ဆုံးတွင် အမြောက်တပ်၏ ပစ်ခတ်နိုင်မှု အကွာအဝေးမှ လွတ်မြောက်သွားသည်။
ကောင်းကင်မှ ပေါက်ကွဲသော ကျောက်တုံးများ ထပ်မကျလာတော့သည်ကို မြင်သောအခါ စစ်သည်များလည်း သက်ပြင်းချနိုင်လိုက်ကြသည်။
သို့သော် မကြာမီပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူတို့သတိပြုမိကြသည်။ ရုတ်တရက်ဆိုသလို ဝန်နင်းတောင်ကြားသည် အလွန်တိတ်ဆိတ်သွား၏။ ယခင်ထက်ပင် ပို၍ တိတ်ဆိတ်သွားခြင်းဖြစ်သည်။
တိတ်ဆိတ်လွန်းသောကြောင့် သူတို့၏ နှလုံးခုန်သံများကိုပင် ပြန်ကြားနေရသည်ဟု ထင်ရ၏။ အရေးပေါ် ဆုတ်ခွာခရာသံများပင် ပျောက်ကွယ်သွားသည်ဟု ထင်ရသည်။ ရှောင်ပင်တိန်သည် သူ၏မျက်ခုံးကိုကျုံ့ကာ တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိလိုက်သည်။
ထိုအချိန်တွင် ရှောင်ပင်တိန်၏ ဘေးရှိ စစ်သည်တစ်ဦးက ရုတ်တရက်
“ဗိုလ်ချုပ် ကြည့်ပါဦး” ဟု အော်လိုက်သည်။
ရှောင်ပင်တိန်သည် ချက်ချင်းပင် အဝေးကို ကြည့်လိုက်သည်။
ညနေ နေရောင်သည် သူတို့ဘက်သို့ မျက်နှာမူနေပြီး ဝမ်နင်းတောင်ကြားတစ်ခုလုံးကို ပိတ်ဆို့ထားသည်ဟု ထင်ရသည်။ နေဝင်ချိန်၏ အလင်းရောင်အောက်တွင် ကျယ်ပြန့် အရိပ်လှိုင်းများသည် တစ်လှိုင်းပြီး တစ်လှိုင်း သူတို့ဆီသို့ နီးကပ်လာသည်။
ထို့နောက် မြေပြင်သည်လည်း တုန်ခါလာသည်။
မြင်းတပ် နီးကပ်လာသောအခါမှသာ ရှောင်ပင်တိန်နှင့် သူ၏လူများ ရှင်းရှင်းလင်းလင်း မြင်နိုင်လိုက်သည်။ ထိုတပ်၏ စစ်သည်များသည် အနက်ရောင် သံချပ်ကာများကို ဝတ်ဆင်ထားပြီး သူတို့၏ စစ်မြင်းများပါ ထူထဲသော သံချပ်ကာများဖြင့် ဖုံးအုပ်ထားသည်။
နေဝင်ချိန်၏ အလင်းရောင်တွင် သူတို့သည် ငရဲပြည်မှ ပေါ်ထွက်လာသော စစ်သူရဲတပ်တစ်တပ်ကဲ့သို့ ဖြစ်နေသည်။ရှောင်ပင်တိန်၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖတ်ဖြူလျော် ဖြစ်သွားသည်။
သံချပ်ကာ … မြင်းတပ်။
ပြီးတော့ အနည်းဆုံး သောင်းဂဏန်းရှိသည်။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ လွင်ပြင်ဒေသ မျိုးနွယ်စုများတွင် ဤမျှလောက်များပြားသော သံချပ်ကာ မြင်းတပ်သားများ မရှိပါ။
သံချပ်ကာ မြင်းတပ်တစ်ခုအတွက် သံချပ်ကာတစ်စုံကို ပြုလုပ်ရန်ပင် မမှန်းဆနိုင်လောက်အောင် အချိန်ကြာမြင့်နိုင်သည်။ သို့သော် ရှနိုင်ငံတော်သည် အမှန်တကယ်ပင် ဤမျှကြီးမားသော သံချပ်ကာမြင်းတပ်ကို ပိုင်ဆိုင်ထားသည်။
လွင်ပြင်ပြန့်ပေါ်တွင် ထိုရှားသံချပ်ကာ မြင်းတပ်သည် သူတို့ကို ဘာမှမလုပ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အပေါ့စား မြင်းတပ်က များစွာပို၍မြန်ဆန်၏။ ထိုသံချပ်ကာ မြင်းတပ်သည် နှေးကွေးပြီး သူတို့နောက်ကို မလိုက်နိုင်ပါ။
သို့သော် အခုချိန်မှာတော့ အခြေအနေက ကွဲပြားသည်။ာဤနေရာသည် ဝန်နင်းတောင်ကြား ဖြစ်သည်။ ဝန်နင်းတောင်ကြားတွင် တပ်စွဲထားသော သောင်းချီရှိသည့် သံချပ်ကာ မြင်းတပ်သည် သံမဏိတံတိုင်းများကဲ့သို့ ဖြစ်နေသည်။
သူတို့ ဘယ်ကို ပြေးရမည်နည်း။ ယခု ရန်ခရိုင်ဘက်သို့ ဦးတည်ပါက သူတို့တစ်စစီ ပေါက်ကွဲသွားမည် ဖြစ်၏။ သူတို့ကို တိုက်ရိုက် တိုက်ခိုက်ပါက ထိုသံချပ်ကာ မြင်းတပ်ကို အပိုင်းပိုင်း ခုတ်ထစ်ခြင်းကို ခံရမည် ဖြစ်သည်။
ရှောင်ပင်တိန်သည် သူ၏လက်ထဲရှိ ပုဆိန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ သူ၏ လက်မောင်းကြွက်သားများသည်လည်း ဖောင်းကြွနေကာ သူ၏ သံချပ်ကာ ဝတ်စုံကို တင်းကျပ်စွာ ဖိမိနေသည်။
နောက်ဆုံးတွင် သူဆုံးဖြတ်ချက် ချလိုက်သည်။ ရှောင်ပင်တိန်သည် သူ၏လက်ထဲရှိ ပုဆိန်ကို နေရောင်ထဲတွင် မြှောက်လိုက်ပြီး အသံကုန် အော်ဟစ်လိုက်သည်။
“လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်တို့။ ငါနှင့်အတူ တိုက်ခိုက်ကြ။”
သူပြောပြီးသည်နှင့် ရှောင်ပင်တိန်သည် သူ၏မြင်းကို အနက်ရောင် မြင်းတပ်ဆီသို့ ဦးတည်စီးသွားပြီး လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သည်များသည်လည်း ဆည်းဆာရောင် အောက်မှ သံမဏိတံတိုင်းများဆီသို့ လှိုင်းလုံးများကဲ့သို့ လိုက်ပါလာကြသည်။
........
အခန်း (၁၁၀)
အနက်ရောင် မြင်းတပ်၏ တိုက်ခိုက်စွမ်းရည်
နေဝင်ဆည်းဆာအချိန်တွင် ဝန်နင်းတောင်ကြား၏ လွင်ပြင်ပေါ်တွင် လျင်မြန်စွာရွေ့လျားနေသော မြင်းတပ်လှိုင်းများသည် တစ်ခုနှင့်တစ်ခု အပြင်းအထန် တိုက်မိသွားကြသည်။
ဝမ်ရန်လီ ဦးဆောင်သော အနက်ရောင်မြင်းတပ်သည် လွင်ပြင်ဒေသမျိုးနွယ်စု မြင်းတပ်နှင့် နီးကပ်လာသည်နှင့်အမျှ အနက်ရောင်မြင်းတပ်သည် ချက်ချင်းပင် သူတို့၏ တပ်ဖွဲ့စည်း ပုံသဏ္ဍန်ကို တိုက်ခိုက်ရေးပုံစံသို့ ပြောင်းလဲလိုက်သည်။
မကြာမီ ရှောင်ပင်တိန်၏ မြင်းတပ်သည် သံချပ်ကာ မြင်းတပ်၏ တပ်ဖွဲ့စည်းပုံသဏ္ဍန်ထဲသို့ ဝင်ရောက်တိုက်ခိုက်တော့သည်။ နောက်တစ်မိနစ်တွင် ဝန်နင်းတောင်ကြား၏ မြစ်ကမ်းဘေးတွင် လက်နက်ချင်း ထိခတ်သံနှင့် တိုက်ပွဲကြွေးကျော်သံများ ပျံ့နှံ့သွားတော့သည်။
သို့သော် မဝေးလှသောနေရာတွင် ရွှမ်ယွမ်ချန်း ဦးဆောင်သော သံချပ်ကာ မြင်းတပ်သားနှစ်သောင်းက ငြိမ်သက်စွာရပ်နေပြီး လှုပ်ရှားမှု လုံးဝမရှိပေ။
အနက်ရောင်မြင်းတပ်ကို နှစ်ပိုင်းခွဲထားသည်။ ရှေ့တန်းသုံးသောင်းကို ဝမ်ရန်လီက ဦးဆောင်ပြီး တိုက်ခိုက်ရန် တာဝန်ယူထားသည်သည်။ နောက်တန်းနှစ်သောင်းကို ရွှမ်ယွမ်ချန်းက ဦးဆောင်ပြီး ဝန်နင်းတောင်ကြားကို ပိတ်ဆို့ကာ လွင်ပြင်ဒေသမျိုးနွယ်စုများ၏မြင်းတပ်များ ဖောက်ထွက်မသွားစေရန် တာဝန်ယူထားသည်။
အနက်ရောင်မြင်းတပ်၏ တိုက်ခိုက်စွမ်းရည်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ အနက်ရောင်မြင်းတပ်ထဲသို့ ဝင်ရောက်လာသော လွင်ပြင်ဒေသမျိုးနွယ်စု မြင်းတပ်သားတိုင်းသည် မြင်းပေါ်မှ ခုတ်ချခံ နေရသည်။ အနက်ရောင်မြင်းတပ်မှ အသုံးပြုသော လက်နက်များသည် မယှဉ်နိုင်လောက်အောင် ထက်မြက်ပြီး အနက်ရောင်မြင်းတပ်သားတစ်ဦး၏ဓားဖြင့် မတော်တဆထိမိသော လွင်ပြင်ဒေသမျိုးနွယ်စု မြင်းတပ်သားသည် မြင်းရောလူပါ သေဆုံးရန်သေချာနေသည်။
ဆယ့်ငါးမိနစ်ခန့် အပြင်းအထန်တိုက်ခိုက်ပြီးနောက် အနက်ရောင်မြင်းတပ်နှင့် ရှောင်ပင်တိန်ဦးဆောင်သော လွင်ပြင်ဒေသမျိုးနွယ်စု မြင်းတပ်သည် နောက်ဆုံးတွင် ခွာသွားခဲ့သည်။
ရှောင်ပင်တိန်သည် အနက်ရောင်မြင်းတပ်၏ ဖွဲ့စည်းပုံထဲမှ ထွက်လာသောအခါမှ နောက်ထပ် အနက်ရောင်မြင်းတပ် တစ်စုရှိ နေပြီး လှုပ်ရှားခြင်းမရှိပဲ သူတို့ကို အေးစက်စွာ စောင့်ကြည့်နေသည်ကို သတိထားမိသည်။
ထိုအနက်ရောင်မြင်းတပ်သားများသည် ခံစားချက်မရှိသော သရဲများကဲ့သို့ဖြစ်ပြီး ငရဲပြည်မှ သရဲတပ်များကဲ့သို့ဖြစ်သည်။ ရှောင်ပင်တိန်သည် သူ၏ အနောက်ရှိ လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်များကို လှမ်းကြည့်လိုက်သည်။ သူတို့အားလုံးနီးပါးသည် ဒဏ်ရာရနေပြီး အများအပြားသည် လက်မောင်းများ အဖြတ်ခံထားရသည်။
တစ်ကြိမ်ရင်ဆိုင် တိုက်ခိုက်ပြီးချိန်၌ သူတို့တွင် စစ်သည်တစ်သောင်းအောက်သာ ကျန်ရှိတော့သည်။
ဒါက ရှားသံချပ်ကာမြင်းတပ်ရဲ့ စွမ်းရည်လား။ ရှောင်ပင်တိန်သည် တစ်နေ့တွင် ရှားသံချပ်ကာ မြင်းတပ်က လွင်ပြင်ဒေသမျိုးနွယ်စုမြင်းတပ်ကို ဖျက်ဆီးနိုင်မည်ဟု တစ်ခါမှ မတွေးမိခဲ့ဖူးပါ။
သူတို့သည် တကယ့်ပြိုင်ဘက်ကို တွေ့ဆုံခဲ့ရပြီဖြစ်သည်။ ရှောင်ပင်တိန်သည် သူ၏သံချပ်ကာ ဝတ်စုံပေါ်ရှိ ပဲ့ရာကို ကြည့်လိုက်ပြီး ချက်ချင်းပင် ချွတ်ပစ်လိုက်ကာ မြေပေါ်သို့ ပစ်ချလိုက်သည်။
ဤမြင်းတပ်ရှေ့၏ အရှေ့တွင် မည်သည့်သံချပ်ကာကမှ သုံးမဝင်ပါ။ ရှောင်ပင်တိန်သည် ရွှမ်ယွမ်ချန်း၏ မလှုပ်ရှားသေးသော အနက်ရောင်မြင်းတပ်ဘက်သို့ မတိုက်ခိုက်ပဲ တစ်ဖက်သို့ လှည့်သွားလိုက်သည်။
ယခု သူတို့သည် အဝိုင်းခံနေရပြီဖြစ်ပြီး အနောက်ဘက်သို့ ဦးတည်ဖောက်ထွက်လျှင်လည်း လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ရှောင်ပင်တိန်သည် သူ၏အဆုံးသတ်ကို ခံစားနေရပြီဖြစ်သည်။ ဒီနေ့ သူသေရမည်က သေချာနေသည်။
ထိုမလှုပ်ရှားသော မြင်းတပ်သားများကို ဖောက်ထွက်ပြီး လွတ်မြောက်ရန် ကြိုးစားကာ အရှက်တကွဲဖြင့် သေဆုံးရမည့်အစား စစ်မြေပြင်တွင်ပင် သေဆုံးရသည်က ပိုကောင်းသည်။ ရှောင်ပင်တိန်၏ တုန်ယင်နေသောလက်သည် ပုဆိန်ကို မြှောက်လိုက်ပြီး အော်ဟစ်လိုက်သည်။
“ဝံပုလွေနတ်ဘုရားရဲ့ ဘုန်းတော်ကို ပြန်လည်ထွန်းလင်းစေဖို့ ငါနှင့်အတူ တိုက်ခိုက်ကြပါ။”
“သတ်ပစ်ကြ။”
ကျန်ရှိနေသော တစ်သောင်းမပြည့်တော့သည့် လွင်ပြင်ဒေသမျိုးနွယ်စု မြင်းတပ်သားများကို ဦးဆောင်ကာ ရှောင်ပင်တိန်သည် ဝမ်ရန်လီ ဦးဆောင်သော အနက်ရောင်မြင်းတပ်ဘက်သို့ တစ်ဖန်တိုက်ခိုက်လာသည်။
ခဏအကြာတွင် မြင်းတပ်နှစ်တပ်သည် ဝန်နင်းမြစ်ကမ်းဘေးတွင် တစ်ဖန်တွေ့ဆုံကြပြီး တိုက်ခိုက်သံများသည် ဝန်နင်းတောင်ကြားတစ်လျှောက် ပဲ့တင်ထပ်လာပြန်သည်။
နေသည် တဖြည်းဖြည်းဝင်လာပြီး ဝန်နင်းတောင်ကြားပေါ်တွင် နေလုံးက တစ်ဝက်သာကျန်ရှိတော့သည်။ တိုက်ခိုက်သံများ တဖြည်းဖြည်း စဲလာပြီး မာန်သွင်းအော်ဟစ်သံများလည်း နည်းပါးလာကာ နောက်ဆုံးတွင် အနက်ရောင်မြင်းတပ်၏ ဖွဲ့စည်းပုံထဲမှ လူတစ်ဦးမြင်းစီးလျက် ပေါ်ထွက်လာသည်။ သူ့တွင်ဒဏ်ရာအများအပြားလည်း ရနေသည်။
ရှောင်ပင်တိန်သည် နေဘက်သို့ မျက်နှာမူကာ ခပ်ဝေးဝေး နေရာတွင် အေးစက်စွာရပ်နေသော အနက်ရောင်မြင်းတပ်ကို ကြည့်နေသည်။ သူ၏ခေါင်းမှ သွေးများစီးကျလာပြီး သူ၏မြင်ကွင်းသည်လည်း သွေးစများကြောင့် ဝေဝါးနေသည်။
သူမြင်ရသော လောကကြီး တစ်ခုလုံး သွေးရောင်လွှမ်းသွားသည်။ ရှောင်ပင်တိန်၏ စိတ်ထဲတွင် မရေမတွက်နိုင်သော မှတ်ဉာဏ်များ ဖြတ်သန်းသွားသည်။ သူငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ပြီး အစ်မနှင့်အတူ ကြီးပြင်းလာခဲ့သည်ကို သူသတိရနေသည်။
နေဝင်ချိန်တွင် သူသည် ကျယ်ပြန့်သော နှင်းဖြူများကို မြင်တွေ့နေရသည်။ အေးခဲသေဆုံးသွားသော နွားနှင့်သိုးများ၊ လေပြင်းတိုက်ခတ်မှုကြောင့် လွင့်ပျံသွားသော ရွက်ဖျင်တဲများကို မြင်တွေ့နေရသည်။
လွင်ပြင်ဒေသ မျိုးနွယ်စု စစ်တပ် တောင်ဘက်သို့ ချီတက်ပြီး ရှနိုင်ငံတော်၏ ပြည်သူများကို လုယက်ခဲ့စဉ်က ပြည်သူများက ဒူးထောက်ကာ အသနားခံခဲ့ကြသော်လည်းသတ်ဖြတ်ခံခဲ့ရသည့် မြင်ကွင်းများကို မြင်နေသည်။
ရှောင်ပင်တိန်သည် သူ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်ဖြင့် ရယ်မောလိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်သည်။
“ယောင်ယောင်။ မင်းရဲ့ဦးလေးက မင်းကို ရှနိုင်ငံတော်ကို ခေါ်သွားနိုင်တော့မှာ မဟုတ်ဘူးလို့ ထင်တယ်…” ဟု ပြောလိုက်သည်။
စကားပြောပြီးသည်နှင့် ရှောင်ပင်တိန်သည် သူ၏ ပုဆိန်ကို ထပ်မြှောက်လိုက်ပြီးနောက်ဆုံး လက်ကျန်အင်အားကို အသုံးပြုကာ အော်လိုက်သည်....
“ဝံပုလွေနတ်ဘုရား၏ ဂုဏ်သိက္ခာကို ပြန်တည်ဆောက်ကြ။ သတ်ကြ။”
နေဝင်ချိန်တွင် တစ်ကိုယ်တည်း မြင်းစီးနေသော သူ၏ အရိပ်သည် ပိုမိုရှည်လျားလာပြီးမှုန်ဝါးလာသည်။ ဝမ်ရန်လီသည် သူ၏လက်ကို မြှောက်လိုက်ပြီး စစ်သည်များအား မလှုပ်ရှားရန် အချက်ပြလိုက်သည်။
ချက်ချင်းပင် ဝမ်ရန်လီသည် သူ၏ တူကို ကောက်ယူပြီး ရှောင်ပင်တိန်ဆီသို့ တိုက်ရိုက်စီးနင်းသွားလိုက်သည်။ မကြာမီ သူတို့နှစ်ဦးသည် အလောင်းများနှင့် ပြည့်နှက်နေသော မြစ်ကမ်းနံဘေးတွင် ထိပ်တိုက်တွေ့ဆုံကြပြီး ဝမ်ရန်လီက အရင်ဦးဆုံး သူ၏တူဖြင့် ရိုက်ချလိုက်သည်။
ရှောင်ပင်တိန် ခုခံရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင် အားအင်များ မရှိတော့သည်ကို တွေ့ရှိလိုက်သည်။ ထို့နောက် သူသည် တူဖြင့် ရိုက်မိပြီး လေထဲသို့ ပျံတက်သွားကာ သွေးများ အန်ထွက်လာပြီး လုံးဝ သတိလစ်သွားတော့သည်။
မြင်းတပ်သား ငါးသောင်း ရှင်းလင်းသွားသည်အထိ မည်သည့်လှုပ်ရှားမှုမှ မရှိ မည်သည့်စကားမှ မပြောပဲ တစ်ချိန်လုံး ကြည့်နေသော ရွှမ်ယွမ်ချန်းက စိတ်ခံစားမှု လုံးဝကင်းမဲ့သည့် အသံဖြင့်
“ ရှေ့ကိုဆက်ချီကြ” ဟု ပြောလိုက်သည်။
ရွှမ်ယွမ်ချန်း၏ မျက်လုံးထဲတွင် ခုနက ဖြစ်ပျက်ခဲ့သော တိုက်ပွဲသည် ဘယ်တုန်းကမှ မရှိခဲ့သလို ဖြစ်နေသည်။
ဝမ်ရန်လီသည် မြေပေါ်တွင် လဲနေသော ရှောင်ပင်တိန်ကို ကြည့်လိုက်ပြီး သူ့ဘေးရှိ စစ်သည်များကို
“သူ့ကို ခေါ်သွားပါ။ မင်းသားဆီမှာ အပ်လိုက်ပါ” ဟု အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့၊ ဗိုလ်ချုပ်။”
စစ်သည်သည် ချက်ချင်းပင် ရှောင်ပင်တိန်နားသို့ ချဉ်းကပ်သွားပြီး ကြိုးဖြင့်ချည်နှောင်လိုက်ကာ မြင်းတစ်ကောင်၏ ကျောပေါ်တွင် တင်လိုက်သည်။ မကြာမီပင် ထွက်ပြေးလာသော လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်သည် ဝမ်ရန်လီ၏ အနက်ရောင် မြင်းတပ်နှင့် ရင်ဆိုင်လိုက်ရသည်။
ကောင်းကင်ကို အမှောင်ထုက ဖုံးလွှမ်းနေပြီဖြစ်သောကြောင့် လွင်ပြင်ဒေသ မျိုးနွယ်စုမြင်းတပ်သည် သူတို့ရှေ့တွင် ရှိနေသော အနက်ရောင် မြင်းတပ်ကို ရှောင်ပင်တိန်၏ နောက်ချန်စတပ်များဟု အစပိုင်းတွင် အမြင်မှားနေခဲ့သည်။
သို့သော် နီးကပ်လာသောအခါ ထိုတပ်များသည် သောင်းဂဏန်း အင်အားရှိသော သံချပ်ကာ မြင်းတပ်များ ဖြစ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။
အချိန်မဆိုင်းပဲ ဝမ်ရန်လီနှင့် ရွှမ်ယွမ်ချန်းတို့သည် သံချပ်ကာ မြင်းတပ်သား ငါးသောင်းကို ဦးဆောင်ကာ ရန်ခရိုင်ဆီသို့ ဦးတည်ချီတက်လာ၏။ သူတို့လာသည့် လှမ်းတစ်လျှောက်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုမြင်းတပ်သားများ၏ အလောင်းများကိုကျန်ရစ်စေခဲ့သည်။
အမြောက်ကျည်များကြောင့် ထိတ်လန့်နေသော လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်သည် တိုက်ခိုက်လိုစိတ် လုံးဝပျောက်ဆုံးသွားပြီးဖြစ်၏။ သူတို့၏ ဘုရင်လည်း သေဆုံးသွားပြီဖြစ်သည်။ ညွှန်ကြားမည့်သူ မရှိတော့သောကြောင့် လက်ရှိ လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်တွင် တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိတော့ပါ။
အနက်ရောင် မြင်းတပ်၏ ချီတက်မှုသည် အလွန်မြန်ဆန်သည်။ မကြာမီ သူတို့သည် အမြောက်တပ်၏ ပစ်ခတ်နိုင်သော အကွာအဝေးအတွင်းသို့ ရောက်ရှိလာ၏။ ထိုအချိန်တွင် အမြောက်တပ်တွင် လက်နက်ခဲယမ်းများ လုံးဝကုန်သွားပြီ ဖြစ်သောကြောင့် ကိုယ့်လူအချင်းချင်း ပစ်ခတ်မိမှာကို စိုးရိမ်စရာ မလိုတော့ပါ။
မုကျင်းဝူသည် ထိုးထွက်နေသော ကျောက် ဆောင်တစ်ခုပေါ်တွင် ရပ်နေပြီး အနက်ရောင်မြင်းတပ်၏ မရပ်မနား ထိုးဖောက်လာမှုကို စောင့်ကြည့်နေသည်။ သူအလွန်အံ့အားသင့်နေသည်။
ဒါက သံချပ်ကာ မြင်းတပ်ရဲ့ တိုက်ခိုက်အားလား။ သူတို့ဖြတ်သန်းသွားသော နေရာတိုင်းတွင် ရုပ်အလောင်းများသာ ကျန်ရစ်ခဲ့၏။ အနက်ရောင်မြင်းတပ်သည် လွင်ပြင်ဒေသမျိုးနွယ်စု စစ်သားများကို ကြက်ကလေး ငှက်ကလေး သတ်သကဲ့သို့ သတ်ဖြတ်နေသည်။
နန်းတွင်းကသာ ထိုအနက်ရောင် မြင်းတပ်ငါးသောင်းအကြောင်းကို သိရှိပါက သူတို့သည် ညတွင်းချင်း မြောက်ဘက်သို့ စစ်တပ်စေလွှတ်ပြီး ချီမင်းသား၏နယ်မြေတွင် စစ်သည်သိန်းနှင့်ချီ ချထားမည်ဟု မုကျင်းဝူ ယုံကြည်သည်။
မုကျင်းဝူသည် ဤခေတ်တွင် သံချပ်ကာ မြင်းတပ် ဘာလဲဆိုတာကို ကောင်းကောင်းသိသည်။ မင်းသားသည် ထိုနေရာအတွက် ဘယ်အချိန်မှာ စယှဉ်ပြိုင်မည်ကို သူမတွေးပဲမနေနိုင်ပေ။
ကောင်းကင်ရှိ ဆည်းဆာနေရောင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လရောင်က ထွက်ပေါ်လာပြီဖြစ်သည်။ အေးစက်သော လရောင်က မြေပြင်ပေါ်တွင် ဖြန့်ကျက်လျက်ရှိပြီး ညအချိန်တွင်ပင် အရာရာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စေသည်။
ဝမ်းနည်းစရာကောင်းသည်မှာ လွင်ပြင်ဒေသမျိုးနွယ်စု စစ်တပ်သည် သူတို့၏ အိမ်အပြန်လမ်းကို မမြင်နိုင်တော့ခြင်းဖြစ်သည်။ တိုက်ခိုက်သတ်ဖြတ်သံများက ဝန်နင်းတောင်ကြားတစ်လျှောက် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ ရန်ခရိုင်အတွင်း၌ပင် တိုက်ပွဲမှ အသံများကို သဲ့သဲ့ကြားနိုင်သည်။
ရန်ခရိုင်မှ မထွက်ခွာသေးသော ပြည်သူများသည် သူတို့၏အိမ်ခန်းများအတွင်း ပုန်းအောင်းနေပြီး မြို့တော်အပြင်ဘက်ရှိ တိုက်ပွဲအသံများကို နားထောင်ကာ တစ်ညလုံး အိပ်စက်ခြင်းမရှိပဲ ကုန်ဆုံးကြသည်။
......
အခန်း (၁၁၁)
မင်းသား၏ စွမ်းဆောင်မှုက သမိုင်းတွင်မှာပါ
စစ်ပွဲ၏ ကြမ်းတမ်းရက်စက်မှုကို သူလျှော့တွက်မိခဲ့ကြောင်း လုချန်း နောက်ဆုံးတွင် သတိထားမိသွားသည်။ မုချန်တိန်သည် စစ်သည်များကို မြို့အပြင်သို့ ဦးဆောင်ကာ ထွက်ခွာပြီးကတည်းက မုချန်တိန် ပြန်အလာကို မြို့တံတိုင်းပေါ်တွင် သူစောင့်ဆိုင်းနေခဲ့သည်။
သို့သော် အချိန်နှစ်နာရီကျော် ကုန်သွားသော်လည်း ဝန်နင်းတောင်ကြားမှ သတ်ဖြတ်သံများကိုသာ ကြားနေရပြီး မုချန်တိန်နှင့် သူ၏လူများ ပြန်လာသည်ကို လုချန်း မမြင်ရသေးပေ။
အမှန်ပြောရလျှင် အခုအချိန်တွင် လုချန်းစတင် စိုးရိမ်လာပြီဖြစ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်သုံးသိန်းသည် ကသောင်းကနင်းဖြစ်နေပြီး တိုက်ခိုက်နိုင်စွမ်းမရှိတော့ဟု ထင်ရသော်လည်း လွင်ပြင်ဒေသမျိုးနွယ်စုများသည် နောက်ဆုံးတွင် လွင်ပြင်ဒေသမျိုးနွယ်စုများပင်ဖြစ်သည်။
ဝန်နင်းတောင်ကြား၏ အရှေ့နှင့်အနောက်တွင် ညှပ်တိုက်ခံရသောအခါ လွင်ပြင်ဒေသမျိုးနွယ်စုစစ်တပ်က သွေးရူးသွေးတန်းဖြင့် ပြန်လည်တိုက်ခိုက်လာနိုင်စရာရှိသည်။
သူသည် အနက်ရောင်မြင်းတပ်ကို စိုးရိမ်နေခြင်းမဟုတ်ပေ။ သူစိုးရိမ်နေသည်မှာ မုချန်တိန်ဦးဆောင်သော စစ်သည်သောင်းဂဏန်းဖြစ်၏။ သူတို့ အများစုမှာ ခြေလျင်တပ်သားများဖြစ်ကာ မြင်းတပ်သား အနည်းငယ်သာပါဝင်သည်။
သူ၏စစ်သည်သောင်းဂဏန်းကို တိုက်ပွဲတွင် မဆုံးရှုံသွားစေရန် သူမျှော်လင့်သည်။ စိုးရိမ်စိတ်ဖြင့် လုချန်းသည် မြို့မျှော်စင်ပေါ်တွင် တိတ်ဆိတ်စွာရပ်နေပြီး ဝန်နင်းတောင်ကြားဘက်သို့ ငေးကြည့်နေသည်။
မသိနိုင်လောက်အောင် ကြာညောင်းသွားပြီးနောက် ကောင်းကင်သည် တဖြည်းဖြည်း လင်းလာပြီး သူမသိလိုက်မီပင် တစ်ညလုံး ကုန်ဆုံးသွားခဲ့သည်။ ထိုအချိန်တွင် သွေးများဖြင့် စိုရွှဲနေသောစစ်သည်တစ်ဦးသည် မြင်းစီးလျက် မြို့ရိုးပေါ်သို့ ပြန်လာ၏။ သူသည် ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်လှုပ်ရှားစွာဖြင့်
“မင်းသား။ ကျွန်တော်တို့ အနိုင်ရပါပြီ။” ဟု အော်လိုက်သည်။
“လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်နှစ်သိန်းကို ရှင်းလင်းနိုင်ခဲ့ပြီး တစ်သိန်းကို အရှင်ဖမ်းဖမ်းဆီးမိပါတယ်။”
ထိုစကားကို ကြားသောအခါ လုချန်းသည် ချက်ချင်းပင် မြို့အတွင်းရှိ စစ်သည်များကို “မြို့တံခါးကို ဖွင့်လိုက်ပါ” ဟု အမိန့်ပေးလိုက်သည်။
ထို့နောက် စစ်သည်များ မြို့အတွင်းသို့ ဝင်လာပြီး လုချန်း၏ အရှေ့တွင်
“မင်းသား။ တိုက်ပွဲပြီးဆုံးပါပြီ။ ဗိုလ်ချုပ်မိုးက မင်းသားကို အခြေအနေကို စစ်ဆေးကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်” ဟု ပြောလိုက်သည်။
လုချန်းက
“မင်း ပင်ပန်းသွားပြီ။ အခု သွားအနားယူလိုက်ပါ”
ဟု ပြောလိုက်သည်။
“မင်းသားအတွက်၊မြောက်ပိုင်းမြို့တော်အတွက် ပင်ပန်းစရာ မရှိပါဘူး။”
ထိုစစ်သည် အလွန်စိတ်လှုပ်ရှားနေဆဲဖြစ်သည်မှာ ထင်ရှားသည်။ ဤသည်မှာ ရှနိုင်ငံတော်၏ သမိုင်းတစ်လျှောက် အလှပဆုံး တိုက်ပွဲဝင်ခဲ့သော စစ်ပွဲဖြစ်ပြီး ဤစစ်ပွဲတွင် ပါဝင်ခဲ့သော စစ်သည်များအနေနှင့် စိတ်မလှုပ်ရှားပဲ မနေနိုင်ပါ။
ထို့နောက် လုချန်းသည် မျှော်စင်ပေါ်မှ ဆင်းလာပြီး ဝန်နင်းတောင်ကြားဆီသို့ မြင်းစီးသွားလိုက်သည်။ လမ်းတစ်လျှောက်လုံးတွင် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်များ၏ အလောင်းများကို မြင်တွေ့ရပြီး ထိုအလောင်းများထဲတွင် မြောက်ပိုင်းမြို့တော်၏ တပ်များမှ အလောင်းအနည်းငယ်လည်း ရှိနေသည်။
မြေပြင်တစ်ခုလုံး အလောင်းများဖြင့် ပြည့်နှက်နေသည်ကို မြင်သောအခါ သတ်ဖြတ်မှုများ ပြုလုပ်ဖူးသော လုချန်းပင် အတော်လေး စိတ်မသက်မသာ ဖြစ်သွားရသည်။
စီးကျလာသော သွေးများသည် မြေပြင်ကို နီရဲသွားစေပြီး လေထဲတွင် သွေးညှီနံ့ကပြင်းထန်လျက်ရှိသည်။ ကောင်းကင်တွင်လည်း ကျီးကန်းများက လှည့်ပတ်ပျံသန်းနေသည်။
လုချန်း၏မျက်နှာ အလွန်တင်းမာလာသည်။
ဒါက စစ်ပွဲလား။ လုချန်းသည် ဝန်နင်းတောင်ကြား၏ အရှေ့ဘက်သို့ ဆက်လက်ထွက်ခွာသွားလိုက်သည်။ ခဏအကြာတွင် မြေပြင်ပေါ်တွင် လဲကျနေသော မြောက်ပိုင်းမြို့တော် စစ်သည်များ၏ ရုပ်အလောင်းများ ပိုမိုများပြားလာသည်ကို သူသတိထားမိသည်။
သူမျှော်လင့်ထားသည့်အတိုင်း မုချန်တိန်သည် မနေ့ညက စစ်သည်များကို မြို့တော်အပြင်သို့ ဦးဆောင်ထွက်ခွာ သွားပြီးနောက် လွင်ပြင်ဒေသမျိုးနွယ်စုစစ်သည်များသည် မုချန်တိန်၏ တပ်များကို လက်စားချေခဲ့ကြသည်။ ထို့ကြောင့် မြောက်ပိုင်းမြို့တော်မှ စစ်သည်များ၏ ရုပ်အလောင်းများ ဤမျှများပြားနေခြင်းဖြစ်သည်။
အတွေးနက်နေရင်း လုချန်းသည် မုချန်တိန်တို့ ရှိရာသို့ မကြာမီ ရောက်ရှိလာသည်။
မုချန်တိန် ဦးဆောင်သော စစ်တပ်သည် အနက်ရောင်မြင်းတပ်နှင့် ပြန်လည်ပေါင်းစည်းပြီးပြီဖြစ်သည်။ အနက်ရောင်မြင်းတပ်သည် လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်တစ်သိန်းကို ဝိုင်းထား၏။ သူတို့သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မြေပေါ်တွင် ထိုင်နေကာ လှုပ်ရှားရန်ပင် မဝံ့မရဲဖြစ်နေကြသည်။
လွင်ပြင်ဒေသမျိုးနွယ်စုများ၏ ခေါင်းဆောင်များ အားလုံးနီးပါး သေဆုံးသွားပြီဖြစ်ပြီး ထိုသုံ့ပန်းဖြစ်သွားသော လွင်ပြင်ဒေသမျိုးနွယ်စုစစ်သည် တစ်သိန်းအနက် အဆင့်ခြောက် သိုင်းပညာရှင်အထက် တစ်ယောက်မှမရှိပေ။
လုချန်းသည် မုချန်တိန်၏ အနောက်တွင်ရှိ မြောက်ပိုင်းမြို့တော်မှ စစ်သည်များကို ထပ်မံကြည့်လိုက်သည်။ ယခုအခါ မြောက်ပိုင်းမြို့တော်တွင် စစ်သည်တစ်သောင်းအောက်သာ ကျန်ရှိသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုချန်း၏နဖူးမှ အရေးအကြောင်းများက ပိုမိုနက်ရှိုင်းလာသည်။
သူဒီစစ်ပွဲကို လျှော့တွက်ခဲ့မိသည်။
အမြောက်လက်နက်များ ရှိနေ၍ မြောက်ပိုင်းမြို့တော်ဘက်မှ လူအများအပြား သေဆုံးမည်မဟုတ်ဟု သူထင်ခဲ့၏။ သို့သော် ယခုတွင် မြောက်ပိုင်းမြို့တော်မှ စစ်သည်နှစ်သောင်းခန့်သည် တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်။
လုချန်းသည် ရုတ်တရက်တွေးမိလိုက်သည်။ မြို့ပြင်ရှိ လွင်ပြင်ဒေသမျိုးနွယ်စုများ၏စစ်သည်များကို မုချန်တိန်အား လိုက်လံတိုက်ခိုက်ခွင့် မပြုခဲ့ပါက ထိုမြောက်ပိုင်းမြို့တော်၏ စစ်သည်နှစ်သောင်းကျော်က အသက်ရှင်နေဦးမှာလား။
အနက်ရောင်မြင်းတပ်အား လွင်ပြင်ဒေသမျိုးနွယ်စုစစ်တပ်၏ ဆုတ်ခွာလမ်းကို ပိတ်ထားရန် အမိန့်မပေးခဲ့ပါက လွင်ပြင်ဒေသမျိုးနွယ်စုစစ်တပ်သည် ဝန်နင်းတောင်ကြားမှ ထွက်ပြေးသွားမည်မှာ သေချာ၏။ ထိုသို့ဆိုလျှင် မြောက်ပိုင်းမြို့တော်ကို စစ်သည်တစ်ယောက်မျှမဆုံးရှုံးပဲ ကာကွယ်နိုင်မည်ဖြစ်သည်။
လွင်ပြင်ဒေသမျိုးနွယ်စုများ၏စစ်သည်သုံးသိန်းကို လုံးဝဖျက်ဆီးလိုသောကြောင့် မြောက်ပိုင်းမြို့တော်၏စစ်သည်များ သေဆုံးရခြင်းဖြစ်သည်။
ထိုလွင်ပြင်ဒေသမျိုးနွယ်စု စစ်သည် သုံးသိန်းကို ရှင်းလင်းခြင်း ဖမ်းဆီးမိခြင်းများသည် မြောက်ပိုင်းမြို့တော်၏ အနာဂတ်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသောအုတ်မြစ်ကို ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။ လွင်ပြင်ဒေသမျိုးနွယ်စုများသည် နောက်ထပ် အတော်ကြာသည်အထိ တောင်ဘက်သို့ ကျူးကျော်ရဲတော့မည် မဟုတ်တာက သေချာ၏။
မြောက်ပိုင်းမြို့တော်၏စစ်သည်များ၏ အသက်စွန့်လွှတ်မှု တန်ဖိုးရှိခြင်း မရှိခြင်းက မြောက်ပိုင်းမြို့တော်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် မူတည်နေသည်။
ထိုအချိန်တွင် လုချန်းသည် ရွှမ်ယွမ်ချန်းနှင့် သူ၏အနက်ရောင်မြင်းတပ်ကို ကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် အနက်ရောင်မြင်းတပ်မှ လူအများအပြားဆုံးရှုံးခြင်း မရှိပေ။ ဤစစ်ပွဲတွင် သူ၏မြင်းတပ်ပျက်ဆီးသွားပါက လုချန်းသည် နောင်တရ နေမည်သာဖြစ်သည်။
ထိုစဉ် မုချန်တိန်၊ ဝမ်ရန်လီနှင့် ရွှမ်ယွမ်ချန်းတို့သည် လုချန်းလာနေသည်ကို မြင်လိုက်ရပြီး ချက်ချင်းပင် မြင်းစီးလာကာ မြင်းပေါ်မှဆင်းပြီး ဦးညွှတ်လိုက်ကြသည်။
“မင်းသားကို ဂါရဝပြုပါတယ်။
လုချန်းသည် ခေါင်းညိတ်ကာ
“ထပါ”
ဟု ပြောလိုက်သည်။
ထို့နောက် မုချန်တိန်က စိတ်လှုပ်ရှား နေသည့် လေသံဖြင့်
“မင်းသား။ ဒါက ရှနိုင်ငံတော်ရဲ့ သမိုင်းမှာ လွင်ပြင်ဒေသမျိုးနွယ်စုတွေအပေါ် အကြီးမားဆုံး အောင်ပွဲဖြစ်ပါသည်။ မင်းသားရဲ့ စွမ်းဆောင်မှုဟာ သမိုင်းတွင်ကျန်ရစ်သွားမှာပါ။”
မုချန်တိန်၏ စကားက လုချန်းကို စိတ်မလှုပ်ရှားစေပါ။ မုချန်တိန်သည် ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ သူသည် ယခင်က မြောက်ဘက်တွင် လွင်ပြင်ဒေသမျိုးနွယ်စုများ၏စစ်တပ်ကို စစ်သည်များဦးဆောင်ကာ မကြာခဏတိုက်ခိုက်ခဲ့ဖူးပြီး စစ်ပွဲ၏ အနိဌာရုံများကို ကျင့်သားရနေပြီဖြစ်သည်။
ထို့ကြောင့် မြောက်ပိုင်းမြို့တော်မှ သေဆုံးသွားသော စစ်သည်များသည် သူ၏မျက်လုံးထဲတွင် ကိန်းဂဏန်းများသာဖြစ်သည်။ သူမြင်သည်မှာ ဤစစ်ပွဲ၏ အောင်မြင်မှုဖြစ်၏။ ထို့ကြောင့် သူအလွန်စိတ်လှုပ်ရှားနေခြင်းဖြစ်သည်။
အသက်ရှင်ကျန်ရစ်သော မြောက်ပိုင်းမြို့တော်၏ စစ်သည်များသည်လည်း ထိုနည်းတူ ခံစားနေကြသည်။ သူတို့မြင်သည်မှာ စစ်ပွဲ၏အောင်မြင်မှု အကျိုးကျေးဇူးများနှင့် ရှနိုင်ငံတော်၏သမိုင်းဝင် အကြီးဆုံး အောင်ပွဲတွင် ပါဝင်သော သူတို့၏ အခန်းကဏ္ဍဖြစ်သည်။
ထို့ကြောင့် သူတို့အားလုံးသည် အလွန်စိတ်လှုပ်ရှားနေကြပြီး သူတို့၏မျက်နှာများတွင် ဝမ်းနည်းမှု အရိပ်အယောင် မရှိပေ။ သေဆုံးသွားသူများသည် ဘယ်တုန်းကမှ မရှိခဲ့ဖူး သလို ထင်ရသည်။
စစ်သည်များ ဤမျှစိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသောအခါ လုချန်းသည် သူ၏ခံစားချက်များကြောင့် သူတို့၏စိတ်ဓာတ်ကို မကျဆင်းစေလိုပေ။ ထို့ကြောင့် သူက
“ဒီအောင်ပွဲက ကျွန်တော်တစ်ဦးတစ် ယောက်တည်းရဲ့ အောင်ပွဲမဟုတ်ပါဘူး။ ဒီအောင်ပွဲက မြောက်ပိုင်းမြို့တော်ရဲ့ ဗိုလ်ချုပ်များနှင့် စစ်သည်အားလုံးရဲ့ အောင်ပွဲဖြစ်ပါတယ်။ ခင်ဗျားတို့ဟာ ကျွန်တော်နှင့်အတူ ဒီသမိုင်းဝင် အောင်ပွဲမှာ ပါဝင်ကြသူတွေပါ။”
ထိုစကားများကို ကြားလိုက်ရသောအခါ စစ်သည်များ၏ စိတ်ဓာတ်သည် ပိုမိုမြင့်တက်လာပြီး သူတို့၏ ကြွေးကြော်သံများသည် ဝန်နင်းတောင်ကြားတစ်လျှောက် ပဲ့တင်ထပ်လာသည်။
“မင်းသား တန်ခိုးကြီးပါတယ်။”
“မင်းသားဟာ ကမ္ဘာကြီးကို စုစည်းညီညွတ်စေပြီး အရပ်ရပ်မှ ရိုသေလေးစားမှုကို ရယူလိမ့်မယ်။”
စစ်သည်များ၏အားပေးသံများကို ကြားလိုက်ရသောအခါ လုချန်းခေါင်းကိုက်လာသည်။
မည်သည့်အချိန်က စတင်ခဲ့သည်ကို သူမသိသော်လည်း မြောက်ပိုင်းမြို့တော်တွင် ဗိုလ်ချုပ်များနှင့် စစ်သည်များက သူ၏ရည်မှန်းချက်သည် ကမ္ဘာကြီးကို စုစည်းညီညွတ်စေရန် ဖြစ်သည်ဟု ယုံကြည်နေကြသည်။
သူကမ္ဘာကြီးကို စုစည်းညီညွတ် အောင်လုပ်မည်ဟု မည်သည့်အချိန်က ပြောခဲ့ဖူးသနည်း။ အခုလို အချိန်တွင် ကမ္ဘာကြီးကို စုစည်းညီညွတ်အောင်လုပ်မည်ဟု ကြေညာခြင်းသည် ဒုက္ခရှာခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဖခင်ဖြစ်သူ ဆွမ်ဧကရာဇ်သည် အသက်ရှင်လျက် ရှိနေသေးပြီး သူ၏ဖခင်ပင်လျှင် ကမ္ဘာကြီးကို စုစည်းညီညွတ်စေလိုသည်ဟု မပြောခဲ့ပါ။ ယခု နယ်စားမင်းသားတစ်ဦးက ထိုကဲ့သို့သောရည်မှန်းချက်ကို ကြေညာနေသည်။
ထိုအရာသည် ပုန်ကန်မှုကို ဖိတ်ခေါ်နေခြင်းမဟုတ်ပါလား။ သို့သော် လုချန်းသည် သူတို့၏စကားလုံးများကို မပြင်ဆင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤအချိန်တွင် စစ်သည်များ၏စိတ်ဓာတ်ကို မကျဆင်းစေလိုသောကြောင့်ဖြစ်သည်။
ထို့နောက် ဝမ်ရန်လီက လုချန်းကို
“မင်းသား။ ကျွန်တော်တို့ လွင်ပြင်ဒေသမျိုးနွယ်စု ဗိုလ်ချုပ်တစ်ယောက်ကို ဖမ်းဆီးရမိထားပါတယ်” ဟု ပြောလိုက်သည်။
ထို့နောက် ဝမ်ရန်လီသည် သူ၏အနောက်ရှိ စစ်သည်များကိုအမိန့်ပေးလိုက်သည်။
“သူ့ကို ခေါ်လာပါ”
ချက်ချင်းပင် စစ်သားတစ်ဦးသည် မြင်းတစ်ကောင်ကို လုချန်း ထံသို့ ခေါ်ဆောင်လာခဲ့သည်။ အင်္ကျီမပါသော ဖရိုဖရဲပုံစံနှင့် တောင့်တင်းသန်မာသော ခန္ဓာကိုယ်ရှိသည့် လူတစ်ဦးသည် မြင်း၏ကျောပေါ်တွင် လဲလျောင်းနေ၏။ သူသည် သေပြီးသားသူကဲ့သို့ ပင်ပန်းနွမ်းနယ်နေသည်။
လုချန်းသည် ချက်ချင်းပင် စနစ်ကို အသုံးပြု၍ ထိုသူ၏ အချက်အလက်ကို စစ်ဆေးကြည့်လိုက်သည်။
[အမည်- ရှောင်ပင်တိန်]
[အချက်အလက်- ကောင်းကင်ဝုံလွေ မျိုးနွယ်စု၏ ဗိုလ်ချုပ်ကြီး၊ မျိုးနွယ်စု မင်းသမီး ရှောင်ဝမ်ယောင် ၏ ဦးလေး၊ မြောက်ပိုင်းနယ်စားမင်းသား၏ ဖမ်းဆီးခံထားရသူ။]
[အင်အား- ထိပ်တန်းအဆင့် (သေလုနီးပါး)]
[သစ္စာစောင့်သိမှု- ၀]
......