အခန်း ၁၁၂-၁၁၄
Vol. 8 Ch. 112-114
အခန်း (၁၁၂)
နောက်ကျသော နန်းတွင်းတပ်
ရှောင်ပင်တိန်၏ အချက်အလက်ကို မြင်သောအခါ လုချန်းသည် ခဏတာမျှ အံ့အားသင့်သွား၏။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တပ်တွင် ထိပ်သီးပညာရှင် အဆင့်ရှိသူ တစ်ဦးရှိနေမည်ကို သူမမျှော်လင့်ခဲ့ပါ။
ပြန်တွေးကြည့်သောအခါ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ သောင်းချီရှိသည့် စစ်သည်များသည် ရှောင်ပင်တိန်၏ ကွပ်ကဲမှုအောက်တွင် ရှိမည်ဟု ထင်ရသည်။
ဝမ်ရန်လီသည် လုချန်း စကားမပြောသည်ကို မြင်သောအခါ
“မင်းသား၊ သူ့ကို ဘယ်လိုလုပ်မလဲ။ သူက အသက်ရှင်နေသေးပေမယ့် ဒဏ်ရာက ပြင်းတယ်။ အခုတော့ သတိလစ်နေတာ” ဟု မေးလိုက်သည်။
လုချန်းက
“သူ့ဒဏ်ရာတွေကို ချက်ချင်းကုသပေးပြီး ကယ်လိုက်ပါ။ သူသတိပြန်ရလာရင် ကျွန်တော်သူ့ကို မေးစရာ တချို့ ရှိတယ်” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့၊ နယ်စားမင်းသား။”
ထို့နောက် စစ်သည်များသည် ရှောင်ပင်တိန်အား ကုသမှုခံယူရန် သယ်ဆောင်သွားကြသည်။ ထိုအချိန်တွင် မုချန်တိန်သည် ဒူးထောက်နေသော လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သုံ့ပန်း တစ်သိန်းကို ကြည့်လိုက်ပြီး လုချန်းကို ခပ်တိုးတိုးပြောလိုက်သည်။
“မင်းသား။ ဒီအကျဉ်းသားတွေကို ဘယ်လိုလုပ်မလဲ။ သူတို့က အရမ်းများတယ်။ ရန်ခရိုင်မှာ သူတို့ကို ကျွေးမွေးဖို့ စားနပ်ရိက္ခာ မလုံလောက်ဘူး။ ဒါကြောင့် ကျွန်တော်တို့ သူတို့ကို…”
မုချန်တိန်သည် ထိုနေရာတွင် ရပ်လိုက်ပြီးဆက်မပြောတော့ပါ။ မုချန်တိန်၏ အဓိပ္ပာယ်ကို လုချန်းနားလည်သည်။ သုံ့ပန်း တစ်သိန်းသည် ဝန်ထုပ်ဝန်ပိုးဖြစ်နေသောကြောင့် အားလုံးကို သတ်ပစ်သင့်သည်ဟု မုချန်တိန် ထင်နေသည်။
ထိုအခါ လုချန်းက ပြုံးလျက်
“ကျွန်တော်တို့သာ မြောက်ပိုင်းမြို့တော်မှာ ရှိမနေရင် ကျွန်တော် သူတို့အားလုံးကို မြေမြှုပ်ပစ်ခဲ့မှာပဲ” ဟု ပြောလိုက်သည်။
ဒါက…
လုချန်း သူတို့ကို သတ်ဖြတ်လိုစိတ် မရှိဟုထင်ရသည့် စကားကိုကြားလိုက်ရပြီးနောက် မုချန်တိန်က
“မင်းသား။ သူတို့ကို လက်အောက်ခံအဖြစ် သိမ်းသွင်းဖို့ စဉ်းစားနေပါသလား” ဟု ထပ်မေးလိုက်သည်။
ဒါမျိုးက လုပ်လေ့လုပ်ထရှိသော အရာဖြစ်သည်။ လွင်ပြင်ဒေသမျိုးနွယ်စုများသည် မတူညီသော လူမျိုးစုဖြစ်သော်လည်း ရှနိုင်ငံတော်၏ စစ်တပ်တွင် လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်များစွာပါဝင်သည်။
မုချန်တိန် မြောက်ဘက်သို့သွားပြီး လွင်ပြင်ဒေသမျိုးနွယ်စု စစ်တပ်ကို တိုက်ခိုက်စဉ်က လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များစွာကို ဖမ်းဆီးခဲ့ပြီး ထိုစစ်သည်များကို သစ္စာခံခိုင်း ပြီးနောက် လွင်ပြင်ဒေသမျိုးနွယ်စုများ၏ နန်းတော်များကို ရှာဖွေရန် လမ်းပြဦးဆောင်စေခဲ့သည်။
လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုးကို သုတ်သင်ရှင်းလင်းသည့် ဖြစ်ရပ်များ မကြာမကြာဖြစ်တတ်၏။ သို့သော် အများအားဖြင့်ခြိမ်းခြောက်ခြင်းနှင့် နှိမ်နင်းခြင်းများကို ပို၍ အသုံးပြုကြသည်။ ဤခေတ်တွင် လူဦးရေများပြားခြင်းသည် တန်ဖိုးရှိ၏။ ထိုလူဦးရေများအပြားကို မထောက်ပံ့နိုင်သည့် အခါမှသာ သူတို့အား သုတ်သင်ရန် ရွေးချယ်ကြသည်။
“စစ်ပွဲပြီးသွားတဲ့နောက်မှာ မြောက်ပိုင်းမြို့တော်ကို ပြန်လည်တည်ဆောက်ဖို့ လုပ်သားအင်အား ကြီးကြီးမားမား လိုအပ်လိမ့်မယ်။ ဒီလွင်ပြင်ဒေသမျိုးနွယ်စု သုံ့ပန်းတစ်သိန်းက လုပ်သားအင်အား မလုံလောက်မှုပြဿနာကို ဖြေရှင်းပေးတာပဲ” လုချန်းက ပြောလိုက်သည်။
လုချန်းသည် ဘိလပ်မြေကို ရရှိပြီးကတည်းက မြောက်ပိုင်းမြို့တော်ကို ပြန်လည်တည်ဆောက်ရန် အစီအစဉ်ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူသည် အင်အားချွေတာ နေရသည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးဘက်ကို မလှည့်နိုင်ခဲ့ပေ။
ယခု စစ်ပွဲပြီးဆုံးသွားနောက် သူမဖုံးဖိထားနိုင်တော့ပါ။ လူတိုင်းက သူသည် အလွန်အင်အားကြီးသော စစ်တပ်တစ်ကို ကွပ်ကဲ နေကြောင်း သိရှိသွားကြလိမ့်မည်။
လျှို့ဝှက်ထားရန် မဖြစ်နိုင်တော့သောကြောင့် ဆက်လက်လျှို့ဝှက်ဖို့ ကြိုးစားရန်က အဓိပ္ပာယ်မရှိတော့ပါ။ မြောက်ပိုင်းမြို့တော်သည် သူ၏နယ်မြေဖြစ်သောကြောင့် ယခုအချိန်တွင် မြို့တော်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမည့် အချိန်ကောင်းဖြစ်သည်။
နေပြည်တော်ရှိ နန်းလျာပြိုင်ဆိုင်ပွဲ ပဋိပက္ခများတွင် လုချန်းဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိပေ။ ရှနိုင်ငံတော် ကသောင်းကနင်း မဖြစ်သေးသရွေ့ နေပြည်တော်သို့ ပြန်မလာပဲ မြောက်ပိုင်းမြို့တော်တွင်သာ နေထိုင်ရန် လုချန်းစီစဉ်ထားသည်။
လုချန်း၏ အစီအစဉ်ကို ကြားသောအခါ မုချန်တိန် ချက်ချင်းနားလည်သွားပြီး
“မင်းသား။ ဒါက အရမ်းကောင်းတဲ့ လှုပ်ရှားမှုပါ။ ဒီလွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်တစ်သိန်းကို အချိန်မီ သစ္စာခံခိုင်းနိုင်ရင် ကျွန်တော်တို့မှာ ကျွန်စစ်သည်တစ်သိန်း ထပ်ရလာမယ်။ နောက်ပိုင်းမှာ မြောက်ပိုင်းမြို့တော်ကို ဘယ်သူမှ မထိရဲတော့ဘူး” ဟု ပြောလိုက်သည်။
မုချန်တိန်၏ အတွေးများသည် လုချန်း၏ အတွေးများနှင့် ကွဲပြားနေသည်။ လုချန်းသည် ထိုလွင်ပြင်ဒေသ မျိုးနွယ်စု ကျွန်တစ်သိန်းကို အသုံးပြု၍ မြောက်ပိုင်းမြို့တော်ကို တည်ဆောက်ရန် ရည်ရွယ်နေသော်လည်း မုချန်တိန်က လုချန်းသည် ထိုလွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များ၏ အင်အားကြီးမား သော တိုက်ခိုက်နိုင်စွမ်းကို ထိန်းသိမ်းထားရန် ရည်ရွယ်နေခြင်းဖြစ်သည်။ ထိုကျွန်စစ်သည်တစ်သိန်းကို အသုံးပြု၍ အခြားအင်အားစုများကို ခြိမ်းခြောက်ရန် ရည်ရွယ်နေခြင်းဖြစ်သည်။
လုချန်းတွင် သံချပ်ကာ မြင်းတပ်ငါးသောင်းရှိ၏။ စစ်တပ်ချဲ့ထွင်ရေး အမိန့်ဖြင့် မြောက်ပိုင်းမြို့တော်၏ စစ်သည် အရေအတွက်သည် မကြာမီ တစ်သိန်းငါးသောင်းအထိ ရောက်ရှိလာမည်။
လွင်ပြင်ဒေသ မျိုးနွယ်စု ကျွန်စစ်သည်များ ကိုထပ်ပေါင်းလိုက်ပါက စစ်သည်နှစ်သိန်းငါးသောင်း ဖြစ်လာမည်။ စစ်သည်နှစ်သိန်းဖြင့် နိုင်ငံငယ်တစ်ခုကို တိုက်ခိုက်ရုံသာမက ရှနိုင်ငံတော်ကိုပါ တိုက်ရိုက်တိုက်ခိုက်နိုင်သည်။
သို့သော် စစ်ပွဲတစ်ခုကို အနိုင်ရရန် စစ်သည် အရေအတွက် များရုံဖြင့် မလုံလောက်ပါ။ ထောက်ပို့ကလည်း အရေးကြီးသည်။ ထို့ကြောင့် လုချန်းက သူ၏ အင်အားကို ဆက်လက်ထိန်းသိမ်းထားပြီး သင့်တော်သော အချိန်ကို စောင့်နေသည်ဟု မုချန်တိန်ယုံကြည်သည်။
ထိုအချိန်တွင် မုချန်တိန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်ပြီး ချက်ချင်းပင်
“မင်းသား စစ်ပွဲက ပြီးဆုံးသွားပါပြီ။ နန်းတွင်းက မင်းသားမှာ သံချပ်ကာ မြင်းတပ်သောင်းချီ ရှိတယ်ဆိုတာ သိသွားရင် တစ်ချို့က မင်းသားရဲ့ ဇနီးနဲ့ သားသမီးတွေကို ထိခိုက်ဖို့ စဉ်းစားလာနိုင်ပါတယ်။
အကောင်းဆုံးက အခုချက်ချင်း တစ်ယောက်ယောက်ကို စေလွှတ်ပြီး မိဖုရားနဲ့ အခြားသူတွေကို မြောက်ပိုင်းမြို့တော်ကို ပြန်ခေါ်လာဖို့ ဒါမှမဟုတ် အန်းပင်မြို့ကို တစ်ယောက်ယောက်ကို စေလွှတ်ပြီး သူတို့ကို ကာကွယ်ဖို့ပါ” ဟု ပြောလိုက်သည်။
လုချန်းသည် ချက်ချင်းပင် မုချန်တိန်၏ဆိုလိုရင်းကို နားလည်သွားခဲ့သည်။
ဤခေတ်တွင် သံချပ်ကာ မြင်းတပ်သည် တိုက်ခိုက်အားကိုသာမက အင်အားကြီးမားကြောင်းကိုလည်း ကိုယ်စားပြုသည်။ အဘယ်ကြောင့်ဆိုသော် သံချပ်ကာ မြင်းတပ်တစ်တပ် ဖန်တီးရန် အရင်းအမြစ်များစွာလိုအပ်ကာ ထိုမြင်းတပ်ကို ထိန်းသိမ်းရန်အတွက်လည်း ငွေကြေးအမြောက်အမြားကုန်ကျသောကြောင့်ဖြစ်သည်။
ရှနိုင်ငံတော်တစ်ခုလုံးတွင်ပင် သံချပ်ကာ မြင်းတပ်ငါးသောင်းမရှိပါ။ မြောက်ပိုင်းမြို့တော် တစ်ခုတည်းတွင် ဤမျှများများ ရှိနေခြင်းက နန်းတွင်း၏ စိုးရွံ့မှုကို ဖြစ်ပေါ်စေမည်မှာ မလွဲဧကန်ဖြစ်သည်။
ထိုအခါ နန်းတွင်းက ဆွမ်ဧကရာဇ်အား လုချန်း၏ ဇနီးသားသမီးများကို နေပြည်တော်သို့ ဓားစာခံအဖြစ်ခေါ်ဆောင်လာရန် အကြံပြုနိုင်ပြီး လုချန်းအား ပုန်ကန်ခြင်းမှ တားဆီးနိုင်သည်။
နယ်စားများ၏ သားသမီးများကို ဓားစာခံအဖြစ်အသုံးပြုခြင်းသည် နန်းတွင်း၏ လုပ်နေကျ နည်းလမ်းဖြစ်သည်။ ယခင်က ဆွမ်ဧကရာဇ်သည် လုချန်းသည် အစွမ်းမရှိဟု ယူဆသောကြောင့် သူ၏သားသမီးများကို ဓားစာခံအဖြစ်ခေါ်ဆောင်ရန် မလိုအပ်ပေ။
ယခုတော့ အခြေအနေများက ပြောင်းလဲသွားပြီဖြစ်သည်။ လုချန်းဦးဆောင်သော မြောက်ပိုင်းမြို့တော်၏ စစ်တပ်သည် လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်နှစ်သိန်းကို သတ်ဖြတ်ခဲ့ပြီး လွင်ပြင်ဒေသမျိုးနွယ်စုစစ်တပ်မှ စစ်သည်တစ်သိန်းကိုလည်း ဖမ်းဆီးမိခဲ့သည်။
သူ၏ စွမ်းဆောင်မှုများသည် သူ၏အရှင်သခင်ကို ကျော်လွန်သွားသည့်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ လုချန်းသည် ဆွမ်ဧကရာဇ်၏ သားဖြစ်သော်လည်း ဆွမ်ဧကရာဇ်က သတိထားသွားပြီး လုချန်းမသိလိုက်သည့် အခိုက်တွင် လုချန်း၏ဇနီးနှင့် သားသမီးများကို အန်းပင်မြို့မှ နေပြည်တော်သို့ ခေါ်ဆောင်လာကာ ဓားစာခံအဖြစ် ထားရှိနိုင်သည်။
ထို့နောက် လုချန်းက ရွှမ်ယွမ်ချန်းကို
“ဗိုလ်ချုပ်ရွှမ်။ အခုချက်ချင်းပဲ အနက်ရောင်မြင်းတပ်ငါးထောင်ကို ဦးဆောင်ပြီး ဗိုလ်ကြီးမုနှင့်အတူ တောင်ဘက်ကိုသွားပြီး ကျွန် တော့်ရဲ့ မိသားစုဝင်အားလုံးကို ရန်ခရိုင် ပြန်ခေါ်လာခဲ့ပါ” ဟု ပြောလိုက်သည်။
အန်းပင်မြို့ရှိ လူများသည် သူ့တွင် သံချပ်ကာ မြင်းတပ်ရှိသည်ကို မသိရှိသေးသောကြောင့် ရွှမ်ယွမ်ချန်းကို သံသယဝင်ကြမည် ဖြစ်သည်။ ထို့ကြောင့် လုချန်းသည် မုကျင်းဝူကိုပါ တစ်ပါတည်း စေလွှတ်ပြီး မုကျိရွှမ်းတို့ကို ပြန်ခေါ်ရန် စီစဉ်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် နန်းတွင်းက သူ၏ သားသမီးများကို ပစ်မှတ်ထားလာမည်ကို ကာကွယ်ရန် ဖြစ်သည်။
လုချန်း၏ အမိန့်ကို ကြားသောအခါ ရွှမ်ယွမ်ချန်းနှင့် မုရှင်းဝူတို့သည် ချက်ချင်းပင်တုံ့ပြန်လိုက်သည်။
“ဟုတ်ကဲ့၊ နယ်စားမင်းသား”
ထို့နောက် သူတို့သည် မြင်းများကို စီးနင်းပြီးထွက်ခွာသွားကြသည်။ ထိုအချိန်တွင် လင်ရှုမင်နှင့် သူ၏တပ်များသည် စစ်သည်ခုနှစ်သောင်းဖြင့် ဝန်နင်းတောင်ကြားဆီသို့ အ မြန် ချီတက်နေသည်။ လွင်ပြင်ဒေသ မျိုးနွယ်စုတပ်များ မရောက်မီ ရန်ခရိုင်သို့ ရောက်ရှိရန် သူတို့သည် နေ့ညမပြတ် ခရီးနှင်နေပြီး အနားယူခြင်းပင် မရှိသလောက် ဖြစ်သည်။
ယခုအခါတွင် စစ်သည်များသည် ချီတက်နေရင်းပင် အိပ်ငိုက်လာကြသည်။ ထိုအချိန်တွင် စစ်သည်တစ်ဦးသည် အဝေးမှ မြို့တံခါးကို မြင်သောအခါ ချက်ချင်းပင် “ရောက်ပြီ။ နောက်ဆုံးတော့ ရန်ခရိုင်ကို ရောက်လာပြီ”
ဟု အော်လိုက်သည်။
လင်ရှုမင်၏ မျက်နှာသည် တင်းမာနေ၏။ သူ၏ မျက်ခုံးများက ကျုံ့နေသည်။ ရန်ခရိုင်သို့ ရောက်ရှိလာသော်လည်း သူသည် စိတ်မသက်သာသေးပါ။ ရန်ခရိုင်သို့ ဝင်ရောက်ခြင်းသည် အရေးကြီးဆုံး အဆင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြို့သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ လက်ထဲသို့ ကျရောက်ရှိပြီးပြီလားဆိုတာကို ဘယ်သူမှ မသိရသေးပါ။
လင်ရှုမင်က ချက်ချင်းပင်
“သတိထားကြ။ ကင်းထောက်တပ်များက အရှေ့သို့ ထောက်လှမ်းကြည့်ပါ” ဟု အော်လိုက်သည်။
သူအမိန့် ပေးပြီးသည်နှင့် မြင်းစစ်သည်ဆယ်ဂဏန်းကျော်ခန့်သည် ရန်ခရိုင်၏ တောင်ဘက်တံခါးဆီသို့ ဦးတည်သွားသည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများကို ကာကွယ်ရန်ရန်ခရိုင်၏ စစ်သည်အများစုသည် မြောက်ဘက်တံခါးတွင် ရှိနေပြီး တောင်ဘက်တံခါးတွင် အနည်းငယ်သာ ရှိနေသည်။
တောင်ဘက်တံခါးကို စောင့်ကြပ်နေသော စစ်သည်များသည် နန်းတွင်းတပ် ချဉ်းကပ်လာသည်ကို မြင်သောအခါ လန့်သွားကြသည်။ ရန်ခရိုင်၏ စစ်သည်များသည် မိုက်မဲသူများ မဟုတ်ပါ။ မြောက်ပိုင်းနယ်စားမင်းသားနှင့် ပတ်သက်သော အချို့အရာများကို ပြသရန် မသင့်ကြောင်း ကောင်းစွာ သိရှိကြသည်။ အဘယ်ကြောင့်ဆိုသော် နန်းတွင်းက သိရှိပါက ကြီးမားသော ပြဿနာများ ဖြစ်ပေါ်နိုင်သည်။
တံခါးကို စောင့်ကြပ်နေသော ခေါင်းဆောင်ကသူ၏ လူများကို
“မြန်မြန်သွား။ မင်းသားကို နန်းတွင်းတပ်ရောက်နေပြီလို့ သတင်းပို့ပါ။” ဟု ပြောလိုက်သည်။
အစောင့်သည် လျင်မြန်သော မြင်းတစ်ကောင်ပေါ်တွင် တက်စီးလိုက်ကာ မဆိုင်းမတွပင် မြောက်ဘက်တံခါးဆီသို့ ဦးတည်သွားလိုက်သည်။
အခန်း (၁၁၃)
ဘာ....စစ်ပွဲပြီးသွားပြီလား
မကြာမီ လင်ရှုမင်၏ ကင်းထောက်မြင်းတပ်သည် ရန်ခရိုင်၏ မြို့ရိုးအောက်သို့ ရောက်ရှိလာခဲ့သည်။ တပ်သားတစ်ဦးက အော်ဟစ်လိုက်သည်။
“ကျွန်တော်တို့က မြောက်ပိုင်းနယ်စားမင်းသားအား ကူညီဖို့ နန်းတွင်းက လွှတ်လိုက်တဲ့ စစ်ကူဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်က လင်ရှုမင်ပါ။ မြို့တံခါးကို ချက်ချင်းဖွင့်ပေးပါ။ ကျွန်တော်တို့ကို ဝင်ခွင့်ပြုပါ”
ထိုစကားကို ကြားရသည့်အခါ ရန်ခရိုင်တပ်သားများ အလွန်အကြပ်ရိုက် သွားခဲ့သည်။ ထိုအချိန်တွင် မြို့တံခါးကို စောင့်ကြပ်နေသော ဗိုလ်ကြီးတစ်ဦးက “မြောက်ပိုင်းနယ်စားမင်းသားက အခု မြောက်ဘက်တံခါးဝမှာ လွင်ပြင်ဒေသ မျိုးနွယ်စုတပ်များကို ခုခံနေပါတယ်။ ခဏစောင့်ပေးပါ။ ကျွန်တော်တို့ အစီရင်ခံပါမည်” ဟု ချက်ချင်းပြန်ကြားလိုက်သည်။
ဤစကားကို ကြားရသည့်အခါ တပ်သားတစ်ဦးက ချက်ချင်းဒေါသထွက်လာကာ ပြောလိုက်သည်။
“ဘာကို အစီရင်ခံနေရမှာလဲ။ လွင်ပြင်ဒေသ မျိုးနွယ်စုတပ်တွေက ရောက်နေပြီ။ မြန်မြန်ဖွင့်ပေးပါ။ မြောက်ပိုင်းနယ်စားမင်းသားတစ်ခုခုဖြစ်သွားရင် ခင်ဗျားတို့ တံခါးစောင့်တွေ တာဝန်ယူနိုင်မှာလား”
ဗိုလ်ကြီးက ထပ်မံပြောလိုက်သည်၊ “အလျင်စလို မလုပ်ပါနှင့်။ အခုက အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ခင်ဗျားတို့က တကယ်ပဲ နန်းတွင်းတပ် ဖြစ်ကြောင်းကို အတည်ပြုဖို့ လိုအပ်ပါတယ်။”
ထိုစကားကို ကြားတော့မှ ကင်းထောက်တပ်သားများက လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာခဲ့ပြီး တောင်ဘက်တံခါးဝရှိစစ်သားများအား သူတို့၏ စာရွက်စာတမ်းများကို ပြသကာ အမှန်တကယ် နန်းတွင်းတပ်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ရန်ခရိုင်စစ်သားများက အချိန်ဆွဲနေသလို ထင်ရသောကြောင့် လင်ရှုမင်၏ မျက်နှာသည် ပို၍ပို၍ တင်းမာလာခဲ့သည်။ ထိုအချိန်တွင် လင်ရှုမင်၏ လက်ထောက်ဖြစ်သူ ကျောင်းယူက ပြောလိုက်သည်။
“ဗိုလ်ချုပ်။ ရန်ခရိုင်က လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ လက်ထဲကို ကျသွားပြီလား။ ကျွန်တော်ထင်တာက ဒီမြို့တံခါးကို စောင့်နေတဲ့ တပ်သားတွေက ကျွန်တော်တို့ကို ဝင်ခွင့်မပေးချင်ဘူး။”
ကျောင်းယူသည် လုရှုယွမ်၏ လူဖြစ်သည့်အတွက် မြောက်ပိုင်းနယ်စားမင်းသား လွင်ပြင်ဒေသ မျိုးနွယ်စုတို့လက်ထဲသို့ ကျသွားသည်ကို မြင်ရဖို့က သူ့အတွက် ပြဿနာမရှိပါ။ ရန်ခရိုင် ကျဆုံးမှုကို ကျောင်းယူကတော့ ရှနိုင်ငံတော်၏ ဆုံးရှုံးမှုဟု မခံစားရပေ။
ကျောင်းယူ၏ စကားကို ကြားရပြီးနောက် လင်ရှုမင်သည် အေးစက်စွာဖြင့် သူ့အရှေ့ရှိ မြို့ကို ကြည့်နေခဲ့ပြီး စကားတစ်ခွန်းမှ ပြောဆိုခြင်း မရှိပေ။
ကျောင်းယူ၏ စကားလုံးများမှ ကျောင်းယူသည် မြောက်ပိုင်းနယ်စားမင်းသား အခက်တွေ့နေသည်ကို မြင်ရဖို့ အလွန်စိတ်အားထက်သန်နေသည်ကို သူသတိထားမိသည်။ လင်ရှုမင်သည် မိုက်မဲသူမဟုတ်ပေ။ နေပြည်တော်မှ ထွက်ခွာလာသည့်အချိန်ကတည်းက ကျောင်းယူသည် လုရှုယွမ်၏ လူဖြစ်ကြောင်း သူသိသည်။
ဝန်ကြီးချုပ် မိသားစုမှ ကြီးပြင်းလာသူဖြစ်သည့်အတွက် နန်းတွင်းမှ နိုင်ငံရေးအခြေအနေများကို လင်ရှုမင် နက်နက်နဲနဲ နားလည်သည်။
ထို့နောက် ကျောင်းယူက ဆက်ပြောလိုက်သည်။
“ဗိုလ်ချုပ်။ အကယ်၍ ရန်ခရိုင် တကယ်ပဲ လွင်ပြင်ဒေသ မျိုးနွယ်စုတွေ လက်ထဲကို ကျသွားခဲ့ရင် ကျွန်တော်တို့ အမြန်ဆုတ်ခွာသင့်ပါတယ်။ မဟုတ်ရင် လွင်ပြင်ဒေသ မျိုးနွယ်စုတပ်တွေ အနောက်ကနေ လိုက်တိုက်ရင် ကျွန်တော်တို့ရဲ့ စစ်သား ခုနစ်သောင်းလုံး ပျက်စီးသွားနိုင်ပါတယ်။”
ထိုစကားကို ကြားတော့ လင်ရှုမင်က အေးစက်စွာဖြင့် တုန့်ပြန်လိုက်သည်။
“ကျောင်းယူ။ ခင်ဗျားက မြောက်ပိုင်းနယ်စားမင်းသား အခက်တွေ့နေတာကို မြင်ရဖို့ အတော်စိတ်အားထက်သန်နေသလိုပဲ။”
ကျောင်းယူက ချက်ချင်း ပြန်ပြောလိုက်သည်။
“ဗိုလ်ချုပ်၊ ခင်ဗျား ကျွန်တော့်ကို နားလည်မှု လွဲသွားပါပြီ။ ရန်ခရိုင် ကျသွားပြီဆိုရင် မြောက်ပိုင်းမြို့တော်ကို ကာကွယ်ဖို့ မလိုတော့ဘူးလို့ ကျွန်တော်က ထင်မိတာပါ။”
ထိုအခါ လင်ရှုမင်က ကျောင်းယူဘက်သို့ လှည့်ကြည့်လိုက်ပြီး ခပ်မာမာ ပြောလိုက်သည်။
“ဒီနေ့ မြောက်ပိုင်းမြို့တော်က လွင်ပြင်ဒေသ မျိုးနွယ်စုတွေဆီမှာ လက်နက်ချမယ်။ မနက်ဖြန်ကျရင် ချီနယ်စားမင်းသားရဲ့ နယ်မြေကိုပါ ပေးလိုက်မလား။ နောက်တစ်နေ့ကျရင် ရှနိုင်ငံတော်တစ်ခုလုံးကို လွင်ပြင်ဒေသ မျိုးနွယ်စုတွေဆီမှာ လက်နက်ချလိုက်မလား။”
လင်ရှုမင် ဒေါသထွက်လာသည်ကို မြင်သောအခါ ကျောင်းယူ ချက်ချင်း တိတ်ဆိတ်သွားပြီး နောက်ထပ် ဘာမှ မပြောတော့ပေ။
လင်ရှုမင်သည် သူ၏ မျက်လုံးများကို ပြန်လှည့်ကာ ရန်ခရိုင်မြို့ရိုးပေါ်ရှိ မြောက်ပိုင်းနယ်စားမင်းသား၏ အလံကို ကြည့်လိုက်သည်။ ထိုအလံသည် ယခုထိတိုင် လွှင့်ထူထားဆဲဖြစ်သည်။ သူခန့်မှန်းမိသည်မှာ ရန်ခရိုင် ယခုထိ မကျသေးပါ။ မြို့တံခါးစောင့်တပ်သားများ ပြောသည့်အတိုင်း လွင်ပြင်ဒေသ မျိုးနွယ်စုတပ်များသည် ဝန်နင်းတောင်ကြားထဲသို့ ရောက်ရှိနေပြီ ဖြစ်နိုင်သည်။
သူတို့လိုအပ်နေသည်မှာ မြောက်ပိုင်းနယ်စားမင်းသား၏ အမိန့်သာဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားက နန်းတွင်းတပ်များ ရောက်ရှိလာကြောင်း သိပါက သူတို့အား ရန်ခရိုင်အတွင်းသို့ ချက်ချင်းဝင်ရောက်စေကာ လွင်ပြင်ဒေသ မျိုးနွယ်စုတို့ကို ခုခံရန် အမိန့်ပေးမည်မှာ သေချာပေသည်။
သူတို့၏ တပ်သား ခုနစ်သောင်းဖြင့် ရန်ခရိုင်ကို ကာကွယ်ရန်မှာ ပြဿနာမရှိဟု ထင်ရသည်။
လင်ရှုမင်သည် အပြုသဘောဆောင်သော အတွေးများကိုသာ တွေးတောနေခဲ့သည်။ ယခုအချိန်တွင် သူသည် အပြုသဘောဆောင်သော အတွေးများကိုသာ တွေးနိုင်သည်။ အကယ်၍ ရန်ခရိုင် တကယ်ပဲ ကျသွားပါက သူတို့ထိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်မည် မဟုတ်ပေ။ ချီနယ်စားမင်းသား၏ နယ်မြေသို့ ရှက်ဖွယ်ကောင်းစွာ ဆုတ်ခွာပြီး နောက်ဆုံးတွင် နေပြည်တော်သို့ ပြန်သွားကာ အပြစ်ဒဏ် ခံရမည်ဖြစ်သည်။
နောက်ထပ် နာရီဝက်ခန့်ကြာပြီးနောက် တောင်ဘက်မြို့တံခါး ပွင့်သွား၏။ မြို့တံခါးဖွင့်လိုက်သည်ကို မြင်သောအခါ လင်ရှုမင်သည် နောက်ဆုံးတွင် စိတ်သက်သာရာရလိုက်သည်။ သူစစ်တိုက်ရန် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ထိုအချိန်တွင် တပ်သားတစ်ဦးသည် မြို့အတွင်းမှ မြင်းစီးလျက် ထွက်လာပြီး အော်ဟစ်ကာ ပြောလိုက်သည်။
“လွင်ပြင်ဒေသ မျိုးနွယ်စုတွေနဲ့ စစ်ပွဲက ပြီးဆုံးသွားပါပြီ။ မင်းသားက ခင်ဗျားတို့ကို ဝန်နင်းတောင်ကြား အမြန်သွားပြီး စစ်မြေပြင်ကို ရှင်းလင်းဖို့ အမိန့်ပေးထားပါတယ်။”
ထိုစကားကို ကြားရသည့်အခါ လင်ရှုမင်နှင့် အခြားအရာရှိများသည် အလွန်အမင်း အံ့အားသင့်သွားခဲ့ကြသည်။
ဘာပဲ။
စစ်ပွဲပြီးသွားပြီလား။
ဒါ ဖြစ်နိုင်ရဲ့လား။
ရန်ခရိုင်က တကယ်ပဲ လွင်ပြင်ဒေသ မျိုးနွယ်စုတွေလက်ထဲ ကျသွားပြီလား။
ဒါက ထောင်ချောက်တစ်ခုလား။
လွင်ပြင်ဒေသ မျိုးနွယ်စုတွေက သူတို့ရဲ့ တပ်သား ခုနစ်သောင်းကို မြို့ထဲဝင်ရောက်စေပြီးမှ အကုန်လုံးကို ဖျက်ဆီးပစ်ဖို့ စောင့်နေတာလား။ ထိုအတွေးများဖြင့် စိတ်ရှုပ်ထွေးနေသော်လည်း လင်ရှုမင်က တပ်များကို ဦးဆောင်ကာ မြို့တံခါးဘက်သို့ ချီတက်လိုက်သည်။
“စစ်သည်တို့။ ကျုပ်နှင့်အတူ မြို့ထဲကို လိုက်ဝင်ပါ။”
ရန်ခရိုင် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ လက်ထဲသို့ ကျသွားပြီးလားဆိုသည်ကို လင်ရှုမင်ကိုယ်တိုင်သွားရောက် စစ်ဆေးရန် လိုအပ်သည်။ သူ၏ တပ်သား ခုနစ်သောင်း လွင်ပြင်ဒေသ မျိုးနွယ်စုတို့ တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်ရှိသော်လည်း ထိုသို့ပြုလုပ်ရန် လင်ရှုမင် ဆုံးဖြတ်လိုက်သည်။
ဤတပ်သား ခုနစ်သောင်းသည် လွင်ပြင်ဒေသ မျိုးနွယ်စုတို့ကို ခုခံရန် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုတို့ကို မမြင်ရသေးပဲ ထွက်ပြေးရန် ဆိုသည်မှာ ဖြစ်နိုင်ပါ့မလား။
လင်ရှုမင် ချီတက်သည်ကို မြင်သောအခါ စစ်သားများသည်လည်း လိုက်လံလှုပ်ရှားလာကြပြီး တပ်မကြီးသည် တဖြည်းဖြည်းချင်း လင်ရှုမင်နှင့်အတူ မြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။ သို့သော် တပ်သားအားလုံး အလွန်သတိထားနေကြသည်။ ဤတပ်သား ခုနစ်သောင်းသည် အတွေ့အကြုံရင့်ကျက်သော စစ်သည်များဖြစ်သောကြောင့် မပေါ့ဆကြပါ။
မြို့ထဲသို့ ဝင်ရောက်ပြီးနောက် လမ်းများပေါ်တွင် ပြည်သူများ နည်းပါးနေသည် လင်ရှုမင် သတိထားမိလိုက်သည်။ သို့သော် ပြည်သူအများစုသည် သူတို့၏ အိမ်များအတွင်း၌ နေထိုင်နေကြပြီး တံခါးများကို အနည်းငယ်ဖွင့်ကာ အပြင်ဘက်ကို ချောင်းမြောင်း ကြည့်ရှုနေကြသည်။
ပြည်သူများသည် လွင်ပြင်ဒေသ မျိုးနွယ်စုတပ်များ ရန်ခရိုင်ကို တိုက်ခိုက်နေသည်ကို သိရှိထားသည့်အတွက် အပြင်ထွက်ရန် မဝံ့မရဲဖြစ်နေကြခြင်းဖြစ်သည်။ ထိုအချိန်တွင် သတင်းပို့ တပ်သားတစ်ဦးက အော်ဟစ်ကာ ပြောလိုက်သည်။
“မြောက်ပိုင်းမြို့တော်မှာ ကြီးမားတဲ့ အောင်ပွဲရပြီ။ ရန်ခရိုင်မှာ ကြီးမားတဲ့ အောင်ပွဲရပြီ။ မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းမြို့တော်ရဲ့ တပ်တွေကို ဦးဆောင်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုတပ်သား နှစ်သိန်းကို ရှင်းလင်းလိုက်ပြီး တစ်သိန်းကို ဖမ်းလိုက်ပြီ။”
သတင်းပို့ စစ်သားသည် မြို့တော်အတွင်းရှိ လမ်းတိုင်းတွင် မရပ်မနား သွားလာကာ စစ်ပွဲ၏ရလဒ်ကို အသံကျယ်ကျယ်ဖြင့် အော်ဟစ် ကြေညာနေသည်။ မကြာမီပင် မြို့တော်အတွင်းသို့ ဝင်ရောက်လာသော နန်းတွင်းစစ်သည် သတင်းပို့ စစ်သား၏ ကြေညာချက်များကို ကြားလိုက်ရသည်။
သတင်းပို့ စစ်သားက မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်၏စစ်တပ်ကို ဦးဆောင်ကာ လွင်ပြင်ဒေသမျိုးနွယ်စုများ၏ စစ်သည်နှစ်သိန်းကို သတ်ဖြတ်ပြီး တစ်သိန်းကို ဖမ်းဆီးမိသည်ဟု ပြောသည်ကို ကြားလိုက်ရသောအခါ နန်းတွင်းစစ်တပ်၏ စစ်သည်များ လည်း အံ့အားသင့်သွားကြသည်။
သူတို့၏ ပထမဆုံးအတွေးမှာ ဒါက သတင်းမှားဖြစ်ရမည်ဟူသော အတွေးဖြစ်သည်။
လင်ရှုမင်ဦးဆောင်သည့် စစ်သည်ခုနစ်သောင်းပါသော စစ်တပ်အတွင်းရှိ စစ်သည်အများစုသည် ယခင်က လွင်ပြင်ဒေသမျိုးနွယ်စုများကို တိုက်ခိုက်ခဲ့ဖူးပြီး လွင်ပြင်ဒေသမျိုးနွယ်စုများ၏ တိုက်ခိုက်စွမ်းရည် ကို ကောင်းစွာသိရှိထားကြသည်။
လွင်ပြင်ဒေသမျိုးနွယ်စုများ၏ စစ်သည်သုံးသိန်းကို မဆိုထားနှင့် ခံတပ်များ၏ကာကွယ်မှုမပါပဲ လွင်ပြင်ဒေသမျိုးနွယ်စုများ၏ စစ်သည်ငါးသောင်းကို တိုက်ခိုက်ရမည်ဆိုလျှင် ဤစစ်သည်ခုနစ်သောင်းအတွက် အောင်ပွဲရရန် မလွယ်ကူပေ။
ယခုအခါတွင် မြောက်ပိုင်းမြို့တော်၏သတင်းပို့ စစ်သားက မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏စစ်တပ်ဖြင့် လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်သုံးသိန်းကို အနိုင်ရခဲ့သည်ဟု ပြောနေသည်။
အနိုင်ရရုံသာမက လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်နှစ်သိန်းကို သတ်ဖြတ်ပြီး တစ်သိန်းကို ဖမ်းဆီးမိခြင်းဖြင့် သူတို့ကို အပြတ်အသတ် အနိုင်ရလိုက်သည်ဟု ဆိုလို နေသည်။
ဒါက ဖြစ်နိုင်ပါသလား။
အလွန်ရယ်စရာကောင်း၏။
မြောက်ပိုင်းမြို့တော်မှာ စစ်သည်ဘယ် လောက်ရှိသလဲ။ လွင်ပြင်ဒေသမျိုးနွယ်စု စစ်တပ်ကို အနိုင်ရဖို့ဝေးစွ မြောက်ပိုင်းမြို့တော်ကို ကာကွယ်ရန်သည်ပင် အလွန်ခက်ခဲလိမ့်မည်။
အကယ်၍ သူတို့တွင် ထိုအင်အားရှိပါက နန်းတွင်းက စစ်သည်ခုနစ်သောင်းကို ကူညီဖို့ စေလွှတ်ရန် မလိုအပ်ပေ။ လင်ရှုမင် စိတ်ရှုပ်ထွေးနေသည်။ မြောက်ပိုင်းနယ်စားမင်းသားက ဘာ့ကြောင့် မြို့ထဲမှာ ဒီလိုသတင်းမှားတွေကို ဖြန့်ဝေနေရတာလဲ။
လုံးဝမယုံနိုင်စရာ ဖြစ်နေသည်။ အနည်းငယ် ဉာဏ်ရှိသူ မည်သူမဆို သိနိုင်မည်မှာ မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသ မျိုးနွယ်စုတပ် သုံးသိန်းကို မည်သို့မှ အနိုင်ရနိုင်မည် မဟုတ်ပေ။
ထို့အပြင် မြောက်ပိုင်းနယ်စားမင်းသား၏ လုပ်ကြံသတင်းသည် အလွန်ပင် မယုံနိုင်စရာဖြစ်နေသည်။ အကယ်၍ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်ဟု ပြောခဲ့ပါက ပြည်သူများ ယုံကြည်ကောင်း ယုံကြည်နိုင်သည်။
သို့သော် လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သား နှစ်သိန်းကိုသတ်ပြီး နောက်ထပ်တစ်သိန်းကို ဖမ်းဆီးလိုက်သည်ဟု ဆိုခြင်းကိုတော့မည်သူကမှ ယုံကြည်လိမ့်မည် မဟုတ်ပေ။
အရာရာတိုင်းတွင် အကြောင်းရင်းရှိသည်။ ယခု လင်ရှုမင်သည် မြောက်ပိုင်းနယ်စားမင်းသား ဘာလုပ်နေသည်ကို သိချင်နေသည်။ ထို့နောက် သူက နောက်မှလိုက်နေသော သူ၏စစ်သားများအား ပြောလိုက်သည်။ “အရှိန်မြှင့်လိုက်ပါ။ ကျုပ်တို့ မြောက်ပိုင်းနယ်စားမင်းသားနှင့် အမြန်ဆုံး တွေ့ဆုံရဖို့ လိုအပ်တယ်။”
နောက်ထပ် နာရီဝက်ခန့်ကြာပြီးနောက် လင်ရှုမင်သည် တပ်သား ခုနစ်သောင်းပါသော နန်းတွင်းတပ်ကို ဦးဆောင်ကာ ရန်ခရိုင်၏ မြောက်ဘက်တံခါးသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် လုချန်းသည် မြို့ရိုးပေါ်တွင် ရပ်နေပြီး မြောက်ဘက်ကို မျှော်ကြည့်နေသည်။
မြောက်ပိုင်းမြို့တော်မှ တပ်သားတစ်ဦးက လင်ရှုမင်ဆီသို့ ရောက်လာကာ
“ဗိုလ်ချုပ် လင်။ မြောက်ပိုင်းနယ်စားမင်းသားက ခင်ဗျားကို မြို့ရိုးပေါ်မှာ စောင့်နေပါတယ်။”
.........
အခန်း (၁၁၄)
နန်းတွင်းစစ်တပ်အား စစ်မြေပြင် ရှင်းလင်းရေးလုပ်ဆောင်စေခြင်း
သူ့ရှေ့တွင်ရှိသော မြောက်ပိုင်းမြို့တော်၏ စစ်သည်များသည် သွေးများစိုရွဲနေပြီး သူတို့၏သံချပ်ကာပေါ်ရှိ သွေးအစွန်းအထင်းများက မခြောက်သေးပေ။ သူတို့၏ ချပ်ဝတ်တန်ဆာများတွင် ဓားရာများစွာရှိနေသည်။ ကြီးမားသောတိုက်ပွဲတစ်ခုကို ဆင်နွှဲ ဖြတ်သန်းခဲ့ရပုံရ၏။
လင်ရှုမင်၏ နှလုံးခုန်သံသည် တစ်ခဏအတွင်း ရပ်တန့်သွားခဲ့သည်။ သူတို့မြို့တော်အတွင်းသို့ မဝင်ရောက်မီတွင် မြောက်ပိုင်းမြို့တော်သည် လွင်ပြင်ဒေသမျိုးနွယ်စုများနှင့် တိုက်ပွဲဖြစ်နေခဲ့ပြီလား။
လင်ရှုမင်သည် အများကြီးမတွေးပဲ ချက်ချင်းပင် ခုန်လိုက်ပြီး မြောက်ပိုင်းမြို့တော်၏ မြို့တံတိုင်းပေါ်တွင် ဆင်းသက်လိုက်သည်။ လင်ရှုမင် မြို့တံတိုင်းပေါ်သို့ ဆင်းသက်လိုက်သည်နှင့် မြို့တံတိုင်းအပြင်ဘက်ရှိ မြေပြင်တွင် လွင်ပြင်ဒေသမျိုးနွယ်စုများ၏ရုပ်အလောင်းများဖြင့် ပြည့်နှက်နေပြီး မရေတွက်နိုင်သော မြေကျင်းများရှိနေသည်ကို မြင်လိုက်ရသည်။
လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်များနှင့် မြင်းအချို့သည် အလွန်ကြောက်မက်ဖွယ်ကောင်းစွာ သေဆုံးခဲ့ပြီး လုံးဝအပိုင်းပိုင်းဖြတ်ခံရသကဲ့သို့ဖြစ်ကာ အင်္ဂါအစိတ်အပိုင်းများသည် နေရာတိုင်းတွင် ပြန့်ကျဲနေသည်။ မြို့တော်အပြင်ဘက်ရှိ မြေပြင်သည် သွေးများဖြင့် ချင်းချင်းနီနေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်ရှုမင် လုံးဝထိတ်လန့်သွားခဲ့သည်။
လုချန်းထံသို့သွားပြီး ဂါရဝပြုရန်ပင် မေ့သွားခဲ့သည်။ နန်းတွင်းစစ်တပ်မြို့တော်အတွင်းသို့ မဝင်ရောက်မီတွင် ကြီးမားသောတိုက်ပွဲတစ်ခု အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း ထင်ရှားသည်။
လွင်ပြင်ဒေသ မျိုးနွယ်စုတို့ စွန့်ပစ်ထားသော ခန္ဓာကိုယ်များစွာကို မြင်ရသည်နှင့်အမျှ သူတို့တို့သည် မြောက်ပိုင်းမြို့တော်၏ ကာကွယ်ရေးတပ်များ၏ တွန်းလှန်ခုခံမှုကို ရင်ဆိုင်ခဲ့ရသည်ဟု ထင်ရသည်။
လင်ရှုမင် အလွန်အံ့အားသင့်သွားခဲ့၏။ လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သား အများအပြား မည်သို့သေဆုံးသွားနိုင်သည်ကို သူသိလိုနေသည်။ ထိုစစ်သားများသည် ရန်ခရိုင်မြို့ရိုးနားသို့ နီးနီးကပ်ကပ် မရောက်နိုင်မီကပင် သေဆုံးသွားပုံရသည်။
အထူးသဖြင့် မြေပြင်ပေါ်ရှိ ကြီးမားသော ကျင်းများသည် လင်ရှုမင်အတွက် အလွန်စိတ်ဝင်စားဖွယ်ဖြစ်နေသည်။ ထိုကျင်းတွေက ဘာအတွက်လဲ။
ထိုသို့ အံ့အားသင့်နေရသည့်တိုင် လင်ရှုမင်သည် ခုနက ကြားခဲ့ရသော မြောက်ပိုင်းမြို့တော်၏ တပ်များသည် လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သား နှစ်သိန်းကို သတ်ပြီး တစ်သိန်းကို ဖမ်းလိုက်သည်ဆိုသော သတင်းကို မယုံကြည်နိုင်ပေ။
လင်ရှုမင်သည် စိတ်တည်ငြိမ်စေရန် လေကိုပြင်းပြင်းရှူသွင်းပြီးနောက် အဝေးကို ကြည့်လိုက်သည်။ ထိုအချိန်တွင် ရွှေရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် မြို့ရိုးပေါ်တွင် ရပ်နေပြီး အဝေးတစ် နေရာကို ကြည့်နေသည်။ လင်ရှုမင်သည် လုချန်းကို မြင်ဖူးထားသည့်အတွက် သူ့ကို ချက်ချင်း မှတ်မိလိုက်သည်။
သို့သော် လင်ရှုမင်သည် လုချန်းဆိီမှ ထွက်ပေါ်နေသော အငွေ့အသက်တွင် တစ်မူထူးခြားသော အရာတစ်ခုခု ရှိနေသည်ဟု ခံစားမိလိုက်သည်။ လုချန်း၏ ပုံစံကလည်း လုံးဝပြောင်းလဲသွားသလို ထင်ရသည်။
လုချန်း၏ လက်ထပ်ပွဲကို လင်ရှုမင် တက်ရောက်ခဲ့၏။ ထိုအချိန်က လုချန်းတွင် ထိုကဲ့သို့သော အပြုအမူမျိုး မရှိခဲ့ပေ။ လင်ရှုမင်သည် လုချန်းနားသို့ ခပ်မြန်မြန်ချဉ်းကပ်သွားလိုက်၏။ အနားရောက်သွားသောအခါမှသာ လုချန်းအပေါ် သူမည်သို့ခံစားမိနေသည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။
လုချန်းသည် သိုင်းပညာရှင်တစ်ဦး၏အငွေ့အသက်ကို ထုတ်လွှတ်နေခြင်းဖြစ်၏။ လူအများအပြားကို သတ်ဖြတ်ခဲ့ဖူးသော သိုင်းပညာရှင်များ၏ အငွေ့အသက်ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားက တကယ်ပဲ သိုင်းပညာရှင်တစ်ဦးလား။ ဒီလို ဖြစ်နိုင်လို့လား။
လင်ရှုမင် ပို၍စိတ်ရှုပ်ထွေးသွားသည်။ သူနေပြည်တော်တွင် မြင်ခဲ့ရသော မြောက်ပိုင်းနယ်စားမင်းသားသည် လုံးဝအသုံးမကျသူဖြစ်၏။ အားမရှိသလို သိုင်းပညာတွင်လည်း ကျွမ်းကျင်မှုမရှိပေ။ သူက ဘယ်လိုလုပ်ပြီးများ သိုင်းပညာရှင်ဖြစ်လာနိုင်မှာလဲ။
အဓိကအချက်မှာ လုချန်း၏ စွမ်းအားက မနိမ့်ကြောင်း လင်ရှုမင် ခံစားလိုက်ရခြင်းဖြစ်သည်။ အနည်းဆုံးအားဖြင့် သူသည် ထိပ်သီးတစ်ဝက် အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ ထိပ်သီးပညာရှင်တစ်ဦးဖြစ်သော်လည်း လင်ရှုမင်သည် လုချန်း၏ အရှေ့တွင် ဖိအားအနည်းငယ်ခံစားနေရသည်။
လင်ရှုမင်က ချက်ချင်းပင် ဦးညွှတ်ကာ
“မင်းသားကို ဂါရဝပြုပါတယ်။ ကျွန်တော် သည် မြောက်ပိုင်းမြို့တော်ကို အချိန်မီ မရောက်ရှိနိုင်ခဲ့ပါဘူး။ ကျေးဇူးပြုပြီး ကျွန် တော့်ကို အပြစ်ပေးပါ” ဟု ပြောလိုက်သည်။
လုချန်းက လှည့်မကြည့်ပါ။ သူ၏မျက်လုံးများက မြောက်ဘက်သို့ စိုက်ကြည့်နေသည်။ ထို့နောက် သူက အေးစက်စွာဖြင့်
“အပြစ်ပေးရမှာလား။ မဟုတ်ပါဘူး။ မဟုတ်ပါဘူး ဗိုလ်ချုပ်လင်။ ခင်ဗျား အချိန်မီရောက်လာခဲ့ပါတယ်” ဟု ပြောလိုက်သည်။
မနေ့ညက တိုက်ပွဲတွင် လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်နှစ်သိန်းကို သတ်ဖြတ်ခဲ့ပြီး ယခုအခါတွင် ဝန်နင်းတောင်ကြားသည် လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်များနှင့် မြင်းများ၏ ရုပ်အလောင်းများဖြင့် ပြည့်နှက်နေသည်။ သူတို့ဖမ်းဆီးမိထားသော လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည်များအား ရုပ်အလောင်းများကို သယ်ယူစေပြီး စစ်မြေပြင်ကို ရှင်းလင်းရန် လုချန်းစဉ်းစားခဲ့သေးသည်။
သို့သော် လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သားများသည် ယခုမှဖမ်းဆီးရမိထားသည့်အတွက် သူတို့ထံတွင် အခြားရည်ရွယ်ချက်များ ရှိနေနိုင်သည်ကို လုချန်းသည် စိုးရိမ်နေသည်။
ထို့ကြောင့် ထိုစစ်သားများအား စစ်မြေပြင်ကို ရှင်းလင်းရန် လုချန်း မစေခိုင်းခဲ့ပေ။ သို့သော် စစ်မြေပြင်ကို ရှင်းလင်းရန် လိုအပ်နေသည်။ လွင်ပြင်ဒေသ မျိုးနွယ်စုတပ်သားများနှင့် မြင်းများ၏ ရုပ်အလောင်းများစွာကို ဝန်နင်းတောင်ကြားထဲတွင် ဒီအတိုင်း ထားထားပါက ကပ်ရောဂါတစ်ခု ဖြစ်ပွားနိုင်သည်။
ထို့အပြင် ဝန်နင်းတောင်ကြားထဲတွင် ဝန်နင်းမြစ်ရှိသည်။ မြစ်နားတွင် အသေကောင်များစွာ ရှိနေပါက မြစ်တစ်ခုလုံး ညစ်ညမ်းသွားမည်ဖြစ်သည်။ ထိုအခါ ရန်ခရိုင်အတွက် မည်သည့်နေရာမှ ရေကို ရယူမည်နည်း။
ထိုရုပ်အလောင်းများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သားများအား ထိုအလုပ်ကို မပေးနိုင်သည့်အတွက် မြောက်ပိုင်းမြို့တော်၏ စစ်သားများ သို့မဟုတ် ပြည်သူများကို စေခိုင်းရန် လုချန်း စဉ်းစားခဲ့သည်။ သူက မြို့ထဲသို့ သတင်းပို့သူ စေလွှတ်ကာ အောင်ပွဲသတင်းကို ကြေညာစေခဲ့သည်။ ပြည်သူများကို စုစည်းလို၍ ဖြစ်သည်။
သို့သော် အခု နန်းတွင်းတပ် ခုနစ်သောင်း ရောက်ရှိလာသည့်အတွက် ပြည်သူများကို မလိုအပ်တော့ပေ။ ဤတပ်မကြီးအား စစ်မြေပြင်ကို ရှင်းလင်းစေသည်က အမှန်ကန်ဆုံးသော ရွေးချယ်မှုဖြစ်သည်။
သူတို့ ဤမျှအဝေးကြီး လာခဲ့ကြပြီးမှ ဘာမှမလုပ်ပဲ ပြန်သွားရန် မသင့်တော်ပေ။
ထိုအချိန်တွင် လုချန်းက လင်ရှုမင်အား ဆက်ပြောလိုက်သည်။
“ဗိုလ်ချုပ် လင်။ စစ်မြေပြင် ရှင်းလင်းဖို့ တာဝန်ကို ခင်ဗျားဆီ လွှဲအပ်ပြီ။”
ထိုစကားကို ကြားရသည့်အခါ လင်ရှုမင် ခဏခန့် အံ့အားသင့်သွားခဲ့သည်။ စစ်မြေပြင်ကို ရှင်းလင်းရမည်လား။ လွင်ပြင်ဒေသ မျိုးနွယ်စုတပ်များ ဆုတ်ခွာသွားပြီးလာ။
ထို့နောက် လင်ရှုမင်က မေးလိုက်သည်။
“မင်းသား။ လွင်ပြင်ဒေသ မျိုးနွယ်စုတပ်တွေ ဆုတ်ခွာသွားပြီလား။”
ထိုမေးခွန်းကို ကြားရသည့်အခါ လုချန်းက ရိုးရိုးလေးပြောလိုက်သည်။
“မြို့အပြင်ကို ထွက်ပြီး စစ်မြေပြင်ကို သွားရှင်းလင်းတဲ့အခါ ခင်ဗျား နားလည်သွားပါလိမ့်မယ်။”
နန်းတွင်းတပ်များ ရန်ခရိုင်သို့ လာနေသည်ကို ကြားရသည့်အခါ လူအနည်းငယ်ကို ခေါ်ယူကာ လုချန်းပြန်လာခဲ့၏။ ယခုမြောက်ပိုင်းမြို့တော်၏ စစ်သည်များသည် ရန်ခရိုင်အပြင်ဘက်တွင် စစ်မြေပြင်ကို ရှင်းလင်းနေဆဲဖြစ်သည်။ လင်ရှုမင်နှင့် သူ၏တပ်သားများသည် ထိုနေရာသို့ သွားသောအခါ၊ အပြင်ဘက်ရှိ အခြေအနေကို သိရှိသွားကြမည်ဖြစ်သည်။
လင်ရှုမင်အား စစ်ပွဲ၏ ရလဒ်ကို ယခုပြောပြပါက မယုံကြည်နိုင်ဖွယ်ရာ ဖြစ်နိုင်သည့်အတွက် သူတို့နန်းတွင်းတပ်များကိုယ်တိုင် မြင်တွေ့ရသည်က ပိုကောင်းသည်။ အမြောက်တပ်ကို ရုပ်သိမ်းရန် အမိန့်ပေးပြီးဖြစ်သည်။ ယခုအခါတွင် လင်ရှုမင်နှင့် သူ၏လူများ ထွက်လာသည့်တိုင် ထိုလက်နက်မျိုးကို မြင်တွေ့ရမည် မဟုတ်ပေ။
သံချပ်ကာ မြင်းတပ်နှင့် ပတ်သက်၍မူ လင်ရှုမင်နှင့် အခြားသူများ မြင်တွေ့ခြင်းက ပြဿနာမရှိပေ။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းမြို့တော်သည် ဤမျှကြီးမားသော စစ်အောင်ပွဲကို ရရှိထားပြီး ထိုအတွက် သင့်တော်သော အကြောင်းပြချက် ရှိရမည်။ မဟုတ်ပါက ပို၍သံသယဖြစ်စရာ ဖြစ်လာမည် ဖြစ်သည်။
သံချပ်ကာ မြင်းတပ်သည် အလွန်ကောင်းသော အကြောင်းပြချက် ဖြစ်သည်။ လင်ရှုမင်နှင့် သူ၏လူများသည် မြောက်ပိုင်းမြို့တော်၏ သံချပ်ကာ မြင်းတပ် သောင်းချီကို မြင်တွေ့ပါက မြောက်ပိုင်းမြို့တော်၏ အောင်ပွဲသည် ဤမြင်းတပ်ကြောင့် ဖြစ်သည်ဟု ယုံကြည်သွားမည် ဖြစ်သည်။
ဤနည်းဖြင့် အမြောက်လက်နက်များ၏ ပါဝင်မှုကို ဖုံးကွယ်ရန် ပိုမိုလွယ်ကူသွားမည်။ သံချပ်ကာ မြင်းတပ်အား နန်းတွင်းမှ စိုးရိမ်မှုများ ဖြစ်မည်ကတော့ မလွဲဧကန်ဖြစ်၏။
သို့သော် လက်ရှိနန်းတွင်း အခြေအနေနှင့် သူ၏ဖခင် ဆွမ်ဧကရာဇ်သည် နယ်စားမင်းသားတစ် ယောက်ကို ကိုင်တွယ်ရန် အာရုံမစိုက်ကြောင်း လုချန်းသိထားသည်။ ဆွမ်ဧကရာဇ်၏ အဓိက အာရုံမှာ နန်းတွင်း အရေးနှင့် အာဏာရှိ မိသားစုများကို ကိုင်တွယ်ရန်ဖြစ်သည်။
အာဏာရှိ မိသားစုများကို မဖယ်ရှနိုင်မီတွင် နယ်စားတစ်ဦးကို စတင် တိုက်ခိုက်မည် မဟုတ်ပေ။
ထို့အပြင် နန်းတွင်းမှ စစ်တပ်ချဲ့ထွင်ရန် အမိန့်စာကို ထုတ်ပြန်ထားပြီးဖြစ်သည်။ စစ်သည် တစ်သိန်းခွဲထိ စုဆောင်းနိုင်သော နယ်စားတစ်ဦးအနေဖြင့် မြင်းတပ်ကို ထိန်းသိမ်းထားခြင်းသည် ပြဿနာ မရှိသင့်ပေ။ စစ်တပ်ချဲ့ထွင်ရန် အမိန့်စာတွင် မြင်းတပ်ဖွဲ့စည်းခြင်းကို တားမြစ်ထားခြင်း မရှိပေ။
ထိုအချိန်တွင် လီဖန်းသည်လည်း မြို့ရိုးပေါ်သို့ ရောက်ရှိလာသည်။ ရောက်လာသော ဗိုလ်ချုပ်မှာ လင်ရှုမင် ဖြစ်ကြောင်း မြင်တွေ့ရသောအခါ လီဖန်း အနည်းငယ် အံ့အားသင့်သွားသည်။ ဗိုလ်ချုပ်မု ပြန်သွားတာ ကံကောင်းသည်ဟု သူထင်သည်။ မဟုတ်ပါက လင်ရှုမင်နှင့် သူ၏လူများ ရှိသွားပါက နောက်ပိုင်းတွင် ပြဿနာဖြစ်လာမည်ဖြစ်သည်။
လီဖန်းက လုချန်းကို ဦးညွှတ်ကာ လေးစားစွာဖြင့် ပြောလိုက်သည်။
“မင်းသားကို ဂါရဝပြုပါတယ်။”
လုချန်းက လီဖန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်၊
“ဗိုလ်ချုပ်လီ။ ခင်ဗျားကို ဗိုလ်ချုပ်လင်နှင့် သူရဲ့လူတွေကို စစ်မြေပြင်သန့်ရှင်းရာမှ ဦးဆောင်ဖို့ ဒုက္ခပေးရမယ်။”
“ကျွန်တော် နည်းနည်း ပင်ပန်းနေလို့ အခု ပြန်တော့မယ်။”
လီဖန်းက ချက်ချင်းပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ မင်းသား။”
ထို့နောက် လုချန်း ထွက်ခွာသွားတော့သည်။ လုချန်း၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း လင်ရှုမင်က ခဏအကြာတွင် ဘေးနားရှိ လီဖန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်၊
“ဗိုလ်ချုပ်လီ။ လွင်ပြင်ဒေသ မျိုးနွယ်စု တပ် တွေဆုတ်ခွာသွားပြီလား။”
လင်ရှုမင် လီဖန်းကို အနည်းငယ် မှတ်မိသည်။ အဘယ်ကြောင့်ဆိုသော် လီဖန်းသည် ဟူဘင်းစစ်တပ်တွင် မုချန်တိန်၏ အရေးပါသော လက်ထောက်တစ်ဦး ဖြစ်ခဲ့သည်။ လင်ရှုမင်၏ မေးခွန်းကို ကြားပြီးနောက် လီဖန်းသည် ပြုံးရင်းဖြင့် ပြောလိုက်သည်။
“ဗိုလ်ချုပ်လင်။ လွင်ပြင်ဒေသ မျိုးနွယ်စု တွေကို ပြန်လည်ခုခံတွန်းလှန်ခြင်း ဆိုတာထက် ပိုပါတယ်။ မြို့အပြင်ဘက်ကို ထွက်လိုက်ပါ။ မင်းသားရဲ့ ဦးဆောင်မှုအောက်မှာ မြောက်ပိုင်းမြို့တော်ရဲ့ စစ်သည်တော်တွေ ရရှိခဲ့တဲ့ ကြီးမားသည့် အောင်ပွဲကို ခင်ဗျား မြင်တွေ့ရမှာပါ။”
လီဖန်းသည်လည်း မရှင်းမလင်းပုံစံဖြင့် ပြောနေသည်ကို မြင်တွေ့ရသောအခါ လင်ရှုမင် နဖူးတွန့်လိုက်သည်။ သူ့စိတ်ထဲတွင် စဉ်းစားမိလိုက်သည်။ မြောက်ပိုင်းမြို့တော်က ဒီတစ်ခါ ကြီးမားတဲ့အောင်ပွဲတစ်ခု ရရှိခဲ့တယ်ဆိုတာ အမှန်ဖြစ်နိုင်သလား။ လွင်ပြင်ဒေသ မျိုးနွယ်စု နန်းတွင်းမှ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်အထိ ကံကောင်းခဲ့သလား။
......