အခန်း ၁၁၅-၁၁၇
Vol. 8 Ch. 115-117
အခန်း (၁၁၅)
အံ့အားသင့်သွားသော နန်းတွင်းတပ်မတော်
ထိုအချိန်အထိ လင်ရှုမင်သည် မြို့တွင်းရှိ သတင်းပို့ စစ်သားက ကြေညာခဲ့သော စစ်ရေးအခြေအနေကို ယုံကြည်နိုင်ခြင်း မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ရင်ဆိုင်ခဲ့ရသည်က လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည် သုံးသိန်းပါဝင်သော တပ်ကြီး ဖြစ်သည်။
မည်သူမဆို လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည် သုံးသိန်းကို အနိုင်ယူနိုင်သည်မဟုတ်ပါ။ မြောက်ပိုင်းမြို့တော်တွင် ထိုကဲ့သို့ စွမ်းရည် မရှိပေ။
သူထင်သည်မှာ မြောက်ပိုင်းမြို့တော်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တိုက်ခိုက်မှုကို ခုခံရင်း ကံကောင်းစွာဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။
ထို့ထက်ပို၍ မြောက်ပိုင်းမြို့တော်၏ စစ်သည် သောင်းဂဏန်းက မည်သို့မည်ပုံ ကြီးမားသည့် အောင်ပွဲကို ရနိုင်မှာလဲဆိုတာကို သူ စဉ်းစား၍မရပေ။
လီဖန်းက လင်ရှုမင်အား အသေးစိတ် ရှင်းပြခြင်း မပြုပါ။ စစ်မြေပြင်ရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အလောင်းများကို မမြင်မချင်း လင်ရှုမင်တို့သည် မြောက်ပိုင်းမြို့တော်၏ စစ်သည်တော်များ ရရှိခဲ့သော အောင်ပွဲကို ယုံကြည်နိုင်မည် မဟုတ်ကြောင်း သူသိထားသည်။
လီဖန်းသည် လင်ရှုမင်တို့ကို မြို့အပြင်ဘက်သို့ ခေါ်ဆောင်သွားသည်။
နန်းတွင်းတပ်မတော်သည် မြို့အပြင်ဘက်သို့ ရောက်ရှိပြီးနောက် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အလောင်းများ မြင်တွေ့ရသောအခါ သူတို့အားလုံး အလွန်အမင်း အံ့အားသင့်သွားကြသည်။ မြေပြင်ပေါ်ရှိ သွေးများက မခြောက်သေးပါ။ မနေ့ညက စစ်ပွဲဖြစ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။
မြောက်ပိုင်းမြို့တော်မှာ ဤမျှကြောက်မက်ဖွယ်ကောင်းသော စစ်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားတာလား။ သူတို့သည် ဒီအောင်ပွဲကို မည်သို့ရရှိခဲ့သနည်း။
စစ်သည်တော်များသည် မိမိတို့မျက်မှောက်ရှိ မြင်ကွင်းကို ယုံကြည်ရန် ခက်ခဲနေကြသည်။ အထူးသဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်များနှင့် မြင်းများ၏ အလောင်းများသည် အပိုင်းပိုင်း ဖြစ်နေသည်ကို မြင်တွေ့ရသောအခါ မြောက်ပိုင်းမြို့တော်သည် မည်သည့်လက်နက်ကို အသုံးပြု၍ လူ ရောမြင်းကိုပါ အပိုင်းပိုင်းဖြတ်တောက်ခဲ့သည်ကို ပို၍သိလိုလာကြသည်။
ဤစစ်သည် ခုနစ်သောင်းတွင် အများစုမှာ စစ်ပွဲများစွာကို ကြုံတွေ့ခဲ့ဖူးသော စစ်သည်ဟောင်းများ ဖြစ်ကြသော်လည်း ဒါမျိုးက သူတို့ပထမဆုံး မြင်တွေ့ရသည့် ဤမျှသွေးစွန်းသည့် စစ်မြေပြင် ဖြစ်သည်။ ယခင်က သူတို့ကြုံတွေ့ခဲ့ဖူးသော မည်သည့်စစ်ပွဲထက်မဆို ပို၍သွေးစွန်းပြီး ပို၍ကြောက်မက်ဖွယ်ကောင်းသည်။
ထိုလွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များဝတ်ဆင်ထားသော သံချပ်ကာများသည် တစ်စုံတစ်ခုကြောင့် ပျက်စီးသွားသည်မှာ ထင်ရှားနေသည်။
ယခင်က သူတို့ကြုံတွေ့ခဲ့ဖူးသော စစ်ပွဲများမှ စစ်သည်များ၏ အလောင်းများသည် အနည်းငယ် ပြည့်စုံသေးသည်။ အများဆုံးမှာ လက်တစ်ဖက် သို့မဟုတ် ခြေတစ်ဖက် ပြတ်နေခြင်း ဖြစ်သည်။
သို့သော် သူတို့မျက်မှောက်ရှိ မြင်ကွင်းမှာ လုံးဝကွဲပြားနေသည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်အချို့၏ အလောင်းများသည် အပိုင်းပိုင်း ဖြစ်နေပြီး တစ်စုံတစ်ခုကြောင့် လုံးဝပျက်စီးသွားသည်မှာ ထင်ရှားနေသည်။
စစ်သည်တော်များ၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်ပေါက်လာသည်။ မနေ့ညက ရန်ခရိုင်ရဲ့ မြောက်ဘက်တံခါးမှာ ဘာတွေဖြစ်ခဲ့တာလဲ။ ထိုကဲ့သို့ စဉ်းစားသူများမှာ စစ်သည်များသာ မဟုတ်ပါ။ လင်ရှုမင်နှင့် ကျောင်းယူတို့သည်လည်း အလွန်အံ့အားသင့်ကာ မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို မှန်းဆနေကြသည်။ ထိုအချိန်တွင် လင်ရှုမင်က ဆက်မထိန်းနိုင်တော့ပဲ လီဖန်းကို သူကိုယ်တိုင် မေးမြန်းလိုက်သည်။
“ဗိုလ်ချုပ်လီ။ ဒီလွင်ပြင်ဒေသ မျိုးနွယ်စု အလောင်းတွေက ဘာ့ကြောင့်ဒီလောက်အပိုင်းပိုင်း ဖြစ်နေရတာလဲ။”
ထိုမေးခွန်းကို ကြားတော့ လီဖန်းက ပြန်ဖြေလိုက်သည်၊
“အင်း။ သူတို့က ကျောက်တုံးတွေ မှန်သွားတာနေမယ်။”
ထိုစကားကို ကြားပြီး လီဖန်းသည် လိမ်နေသည်ကို လင်ရှုမင် ချက်ချင်းသိလိုက်သည်။
ကျောက်တုံးတွေကသည် မီတာအနည်းငယ်ကျယ်သော ချိုင့်ဝှမ်းတစ်ခုကို ဖြစ်ပေါ်စေနိုင်သလား။ ပြီးတော့ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များကို ဒီလောက်အပိုင်းပိုင်း ဖြစ်စေနိုင်သလား။ ထို့အပြင် အချို့သော လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အလောင်းများတွင် အဘယ်ကြောင့် ဒီလောက်ကြီးတဲ့ ဒဏ်ရာ အပေါက်တွေ ရှိနေရတာလဲ။
သိသာထင်ရှားသည်မှာ မြောက်ပိုင်းမြို့တော်သည် သူတို့မည်သည့်အခါကမှ မမြင်ဖူးသေးသော လျှို့ဝှက်ဆန်းကြယ်သည့် လက်နက်တစ်မျိုးကို အသုံးပြုခဲ့သည်။ လင်ရှုမင်သည် ချီလင်တပ်မတော်၏ စစ်ဦးစီးချုပ်ဖြစ်ပြီး စစ်ပွဲများစွာကို ကြုံတွေ့ခဲ့ဖူးသူ ဖြစ်သည်။ သူသည် အရူးမဟုတ်ပေ။
မြောက်ပိုင်းမြို့တော်မှ မည်သည့်လက်နက်ကို အသုံးပြုခဲ့သည်ကို သူမသိသော်လည်း ထိုလက်နက်သည် ကျောက်မောင်းလက်နက်မဟုတ်ပဲ ပိုပြီးကြောက်မက်ဖွယ်ကောင်း သော လက်နက်ဖြစ်ကြောင်း သူအလွန်ရှင်းလင်းစွာ သိထားသည်။
သို့သော် သူမြို့ရိုးပေါ်သို့ သူရောက်ခဲ့စဉ်က ထိုမျှ အဖျက်စွမ်းအားကြီးနိုင်သည့် လက်နက်တစ်ခုကိုမှ သူမမြင်ခဲ့ရပေ။
ဒါက ဘာကို ရည်ညွှန်းနေတာလဲ။
သူတို့တောင်ဘက်တံခါးတွင် မိနစ်သုံးဆယ်ကြာ စောင့်ဆိုင်းနေစဉ်က မြောက်ပိုင်းမြို့တော်သည် မနေ့ညက အသုံးပြုခဲ့သော လက်နက်အားလုံးကို နေရာရွှေ့ပြီးဖြစ်ကြောင်း ရည်ညွှန်းနေခြင်းဖြစ်သည်။ အထူးသဖြင့် နန်းတွင်းတပ်မတော်က တွေ့ရှိခြင်း မရှိစေရန် ဖြစ်ကြောင်း ဖော်ပြနေသည်။
လင်ရှုမင်၏ မျက်နှာအနည်းငယ် တင်းမာလာသည်။ သူယခု နားလည်သွားပြီဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် နေပြည်တော်တွင် သူမြင်ခဲ့ဖူးသော မြောက်ပိုင်းနယ်စားမင်း မဟုတ်တော့ပေ။
မြောက်ပိုင်းနယ်စားမင်းတွင် သူသတိပြုမိခဲ့သော အငွေ့အသက်များမှ မြောက်ပိုင်းနယ်စားမင်းတွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီဖြစ်သည်။ ထိုနည်းတူစွာပင် မြောက်ပိုင်းမြို့တော်တွင်လည်း ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သူသိလိုက်သည်။
လင်ရှုမင်၏ စိတ်ထဲတွင် ရဲတင်းသော မှန်းဆချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ လွန်ခဲ့သော နှစ်များက မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ တကယ့်စွမ်းရည်ကို ဖုံးကွယ်ထားခဲ့သည်။ ထိုသို့တွေးတောရင်း လင်ရှုမင်သည် နန်းတွင်းတပ်ကို ဦးဆောင်ကာ ဝန်နင်းတောင်ကြားဘက်သို့ ဆက်လက်ချီတက်ခဲ့သည်။
ထိုအချိန်တွင် မြေပြင်က တုန်ခါလာခဲ့သည်။ အဝေးမှ မြင်းခွာသံများ နီးကပ်လာသည်။
ထို့နောက် အရိပ်များစွာသည် ရန်ခရိုင်ဘက်သို့ လျင်မြန်စွာ ရွေ့လျားလာသည်။ ထိုမြင်ကွင်းကို မြင်သောအခါ လွင်ပြင်ဒေသ မျိုးနွယ်စုတပ်များ ရောက်ရှိလာပြီဟု လင်ရှုမင် ယူဆလိုက်ကာ ချက်ချင်းပြောလိုက်သည်။
“အားလုံး သတိထားကြပါ။”
သို့သော် လင်ရှုမင်၏ စကားမဆုံးမီ လီဖန်းက ပြောလိုက်သည်။
“ဗိုလ်ချုပ် လင်။ မစိုးရိမ်ပါနှင့်။ ဒါကမြောက်ပိုင်းမြို့တော်ရဲ့ မြင်းတပ်ပါ။”
လီဖန်း၏ စကားကို ကြားရပြီးနောက် လင်ရှုမင်သည် တစ်ဖန် အံ့အားသင့်သွားခဲ့သည်။ မြောက်ပိုင်းမြို့တော်၏ မြင်းတပ်လား။ မြောက်ပိုင်းမြို့တော်တွင် ဤမျှကြီးမားသော မြင်းတပ်ရှိသလား။ လင်ရှုမင် စိတ်လှုပ်ရှားနေစဉ် သူ၏ လက်ထောက်ဖြစ်သူ ကျောင်းယူက ချက်ချင်းသတိပေးလိုက်သည်။
“ဗိုလ်ချုပ်။ကြည့်ပါဦး။ သံချပ်ကာ မြင်းတပ်ပါ။”
ထိုစကားကို ကြားရသည့်အခါ လင်ရှုမင်သည် အရှေ့ရှိ အမှောင်ရိပ်များ ကြည့်လိုက်ပြီး ချက်ချင်း ကျက်သေသေသွားခဲ့သည်။ တကယ်ပင် သံချပ်ကာ မြင်းတပ်ဖြစ်သည်။
ထို့အပြင် အနည်းဆုံး ငါးထောင်ခန့် ရှိဟန်တူသည်။
ဒါ ဖြစ်နိုင်ရဲ့လား။
မြောက်ပိုင်းမြို့တော်က ဘယ်အချိန်က ဒီလောက်များတဲ့ သံချပ်ကာ မြင်းတပ်ကို ရရှိခဲ့တာလဲ။ နယ်စားမင်းသားတစ်ဦးအတွက် မြင်းတပ် သုံးထောင်ခန့်ကို ထိန်းသိမ်းထားနိုင်ပါက ကောင်းသည်ဟု ယူဆရသည်။ သို့သော် မြောက်ပိုင်းနယ်စားမင်းသားသည် သံချပ်ကာ မြင်းတပ် ငါးထောင်ကျော်ကို ပိုင်ဆိုင်ထားသည်။
ဒါက...
မကြာမီပင် ရွှမ်ယွမ်ချန်း ဦးဆောင်သော သံချပ်ကာ မြင်းတပ်သည် လီဖန်းနှင့် သူ၏တပ်သားများရှေ့တွင် ပေါ်လာခဲ့သည်။ လုချန်းက ရွှမ်ယွမ်ချန်းအား သူ၏တပ်သားများကို ချက်ချင်းခေါ်ဆောင်ကာ အန်းပင်မြို့သို့ သွားရောက်ပြီး မင်းသား၏ မိဖုရားနှင့် တွေ့ဆုံရန် အမိန့်ပေးထားသော်လည်း စစ်ပွဲအပြီးတွင် တပ်သားအားလုံး ပင်ပန်းနွမ်းနယ်နေသည့်အတွက် ရွှမ်ယွမ်ချန်းက အနည်းငယ် စီစဉ်ပြီးထွက်လာချိန်တွင် လီဖန်းတို့နှင့် ဆုံမိခြင်းဖြစ်သည်။
လီဖန်အား ဦးညွှတ်အချက်ပြ လိုက်ပြီးနောက် ရွှမ်ယွမ်ချန်းသည် နန်းတွင်းတပ်မတော်ကို ကျော်ဖြတ်ကာ ရန်ခရိုင်သို့ တိုက်ရိုက်ဦးတည်သွားလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော သံချပ်ကာ မြင်းတပ်ကို မြင်တွေ့ရသောအခါ နန်းတွင်းတပ်မတော်၏ စစ်သည်တော်များလည်း တုန်ယင်သွားကြသည်။ မြင်းခွာသံများသည် သူတို့၏ စိတ်နှလုံးသားများထဲ ပဲ့တင်ထပ်နေသည်။
ရွှမ်ယွမ်ချန်းနှင့် သူ၏ သံချပ်ကာ မြင်းတပ်များ ထွက်ခွာသွားပြီးနောက် လင်ရှုမင်က လီဖန်းကို လှည့်၍မေးမြန်းလိုက်သည်။
“ဗိုလ်ချုပ်လီ။ ဒါက နယ်စားမင်းသား၏ မြင်းတပ်လား။ ကျွန်တော် မမှားရင် အနည်းဆုံး သံချပ်ကာ မြင်းတပ်သား ငါးထောင် ရှိမယ်ထင်တယ်။ နယ်စားမင်းသား မြောက်ပိုင်းမြို့တော်ရောက်တာ ဘယ်လောက်ကြာပါပြီလဲ။ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်း သံချပ်ကာ ဒီလောက်များများကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ။”
သံချပ်ကာ မြင်းတပ်တစ်တပ်ကို ဖန်တီးရန် စစ်သည်များအတွက် သံချပ်ကာများကို ပြုလုပ်ရုံသာမက မြင်းများအတွက် စစ်သုံးသံချပ်ကာများကိုပါ ပြုလုပ်ရန်လိုအပ်သည်။ ထို့အပြင် အရည်အသွေးအလွန်ကောင်းမွန်သော မြင်းများကို မွေးမြူရန်လည်း လိုအပ်သည်။
မြောက်ပိုင်းနယ်စားမင်းသည် ဤမျှတိုတောင်းသော အချိန်အတွင်း သံချပ်ကာ မြင်းတပ် ငါးထောင်ကို ဖန်တီးနိုင်မည်ဟု လင်ရှုမင် မယုံကြည်ပေ။ အထူးသဖြင့် ထိပ်သီးပညာရှင် အဆင့်ရှိ အရာရှိတစ်ဦးက ဦးဆောင်နေလျှင်ဖြစ်သည်။
မြောက်ပိုင်းနယ်စားအိမ်တော်နှင့် မြောက်ပိုင်းမြို့တော်တွင် ဤမျှငွေကြေးရှိမရှိ ဆိုတာကို ထည့်မတွက်လျှင်တောင် သူတို့တွင် လုံလောက်သောအချိန် မရှိပါ။
ထိုသို့မဟုတ်ပါက မြောက်ပိုင်းနယ်စားမင်းသားသည် အရင်ကတည်းက လျှို့ဝှက်စွာဖြင့် ဤမြင်းတပ်ကို ဖွဲ့စည်းနေခဲ့ခြင်း ဖြစ်နိုင်သည်။ ဆွမ်ဧကရာဇ်၏ နောက်ကွယ်မှာ ဤမျှကြီးမားသော သံချပ်ကာ မြင်းတပ်ကို လျှို့ဝှက်စွာ ဖွဲ့စည်းနေခြင်းက မြောက်ပိုင်းနယ်စားမင်း၏ မည်သည့်ရည်ရွယ်ချက်ကို ရည်ညွှန်းနေသနည်း။
ထိုအရာကို ပြောစရာပင် မလိုတော့ပေ။
ထိုအချိန်တွင် လင်ရှုမင်၏ ဘေးနားရှိ ကျောင်းယူ၏ မျက်နှာတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။
သူမျှော်လင့်မထားသည်မှာ မြောက်ပိုင်းမြို့တော်သို့ သူလာရောက်ခြင်းဖြင့် မြောက်ပိုင်းနယ်စားမင်း၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မည် ဆိုတာကိုဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား သံချပ်ကာ မြင်းတပ် ငါးထောင်ကို လျှို့ဝှက်စွာ ဖွဲ့စည်းနေကြောင်း သူနန်းတွင်းသို့ အစီရင်ခံလိုက်လျှင်..... မြောက်ပိုင်းနယ်စားမင်းသား ဒီတစ်ခေါက်တော့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် လီဖန်းက ပြုံးရင်းဖြင့် ပြန်ဖြေလိုက်သည်။
“မင်းသားရဲ့ အိမ်တော်မှာ လက်မှုပညာသည်များ အမြောက်အမြား ရှိပါတယ်။ သံချပ်ကာလုပ်တဲ့ အရှိန်အဟုန်က အလွန်မြန်ပါတယ်။ အံ့ဩစရာ မရှိပါဘူး။”
ထိုသို့ပြောပြီးနောက် လီဖန်းသည် လင်ရှုမင်တို့အုပ်စုနှင့်အတူ ရှေ့ဆက်သွားသည်။
လီဖန်းက သူ့ကို မြောက်ပိုင်းနယ်စားမင်းအကြောင်း ပြောပြမည်မဟုတ်ကြောင်း လင်ရှုမင်သည် သိလိုက်သည်။ ထို့ကြောင့် ထပ်မံမေးမြန်းခြင်း မပြုတော့ပဲ လီဖန်းနှင့်အတူ မြောက်ဘက်သို့ ဆက်သွားလိုက်သည်။
တဖြည်းဖြည်းနှင့် လင်ရှုမင်နှင့် သူ၏တပ်သားများသည် လွင်ပြင်ဒေသ မျိုးနွယ်စုတပ်သားများ၏ ရုပ်အလောင်းများကို ပိုမိုတွေ့ရှိလာခဲ့ပြီး မကြာမီ ဝန်နင်းမြစ်နားသို့ ရောက်ရှိလာခဲ့သည်။ ထိုမြစ်သည် သွေးများဖြင့် နီရဲနေသည်။
ထိုအချိန်တွင် ဝန်နင်းမြစ်သည် ငရဲဘုံမှ စီးဆင်းလာသော ငရဲမြစ်ကဲ့သို့ ဖြစ်နေသည်။
မြစ်ကမ်းပေါ်ရှိ ခန္ဓာကိုယ်များကို မြင်ရသည့်အခါ တပ်သားများသည် သူတို့၏ ခေါင်းများကြိမ်းလာသည်ကို ခံစားမိကြသည်။
မြို့ထဲရှိ သတင်းပို့ တပ်သားက လွင်ပြင်ဒေသ မျိုးနွယ်စုတပ်သား နှစ်သိန်းကို သတ်ပြီးကြောင်း ကြေညာခဲ့သည်မှာ မဟုတ်မှန်ဟု မူလက ထင်မှတ်ခဲ့ကြသည်။ သို့သော် ဝန်နင်းမြစ် သွေးရောင်ပြောင်းသွားသည်ကို မြင်ရပြီးနောက် ဝန်နင်းတောင်ကြားထဲတွင် လွင်ပြင်ဒေသ မျိုးနွယ်စုတပ်သားများ၏ ခန္ဓာကိုယ်များ ပိုမိုများပြားစွာ ရှိနေနိုင်သည်ကို သူတို့ သတိထားမိလာကြသည်။
လွင်ပြင်ဒေသ မျိုးနွယ်စုစ်သား နှစ်သိန်းကို ရှင်းလင်းခဲ့သည့် စစ်အောင်ပွဲက အမှန်ဖြစ်နိုင်သည်။
မြောက်ပိုင်းနယ်စားမင်းသားနှင့် မြောက်ပိုင်းမြို့တော်၏ စစ်သားများသည် လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သား နှစ်သိန်းကို သတ်ခဲ့သည်ဟု တွေးမိသည့်အခါ နန်းတွင်းစစ်သားများ ကျောချမ်းသွားကြသည်။
မြောက်ပိုင်းမြို့တော်တွင် လူဦးရေ မည်မျှရှိသနည်း…
လွင်ပြင်ဒေသ မျိုးနွယ်စုတပ်သား နှစ်သိန်းကို သတ်နိုင်ခဲ့တာလား။
ဆိုလိုသည်မှာ မြောက်ပိုင်းမြို့တော်၏ စစ်သားများသည် သိုင်းပညာအဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးအထိ ရောက်ရှိသွားပြီလား။
သို့သော် ဒါကကော ဖြစ်နိုင်ပါ့မလား။ ထိုအချိန်တွင် မြေပြင်သည် နောက်တစ်ကြိမ်တုန်ခါလာခဲ့သည်။ အဝေးတွင် အမှောင်ရိပ်များ ထပ်မံပေါ်လာခဲ့သည်။
......
အခန်း (၁၁၆)
မြောက်ပိုင်းနယ်စားမင်းသား ပုန်ကန်တော့မယ်
အဝေးတွင် အနက်ရောင် အရိပ်များကို မြင်တွေ့ရသောအခါ လင်ရှုမင်က နဖူးတွန့်လိုက်ပြီး ထပ်အော်လိုက်၏။
“အားလုံး၊ လက်နက်တွေ ပြင်ဆင်ထားကြပါ။”
ခုနက ဖြတ်သွားခဲ့သော မြင်းတပ်သည် မြောက်ပိုင်းနယ်စားမင်း၏ တပ်ဖြစ်သည်။ ထို့ကြောင့် ယခုလာသောတပ်သည် သူ၏တပ်များ မဟုတ်နိုင်ဟု လင်ရှုမင်က ယုံကြည်သည်။
ထို့ကြောင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တပ်များ လက်စားချေရန် ပြန်လာနေခြင်းသာ ဖြစ်နိုင်ချေများသည်ဟု လင်ရှုမင် ယုံကြည်သည်။ သို့သော် စစ်သည်များက စစ်ပွဲအတွက် စိတ်ကိုပြင်ဆင်ထားသည့်အချိန်တွင်လီဖန်းက ပြောလိုက်သည်။
“ဗိုလ်ချုပ်လင်။ စိတ်မပူပါနဲ့။ ဒီတပ်ကလည်း မင်းသားရဲ့ မြင်းတပ်ပါပဲ။”
ထိုစကားကို ကြားပြီးနောက် လင်ရှုမင်နှင့် ကျောင်းယူတို့သည် အံ့သြသွားကြရပြန်သည်။
ဖြစ်နိုင်ပါ့မလား။
မြောက်ပိုင်းမြို့တော်သည် အလွန်ဆင်းရဲသော နေရာဖြစ်ပြီး သံချပ်ကာ မြင်းတပ် ငါးထောင်ကို ထိန်းသိမ်းထားနိုင်ခြင်းသည်ပင် မယုံနိုင်စရာဖြစ်နေသည်။ အခု လီဖန်းက မြောက်ပိုင်းနယ်စားမင်းတွင် နောက်ထပ် မြင်းတပ်တစ်တပ် ရှိသေးသည်ဟု ပြောနေသည်။
သူ၏ လောကအမြင် ပြောင်းပြန် လှန်ခံလိုက်ရသည်ဟု လင်ရှုမင်သည် ခံစားနေရချိန်တွင် ဝမ်ရန်လီ ဦးဆောင်သော မြင်းတပ်သည် သူတို့ရှေ့သို့ ရောက်ရှိလာပြီဖြစ်သည်။ ဝမ်ရန်လီ ဦးဆောင်သော မြင်းတပ်သည် ပို၍ပင် အံ့အားသင့်စရာကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ထိုတပ်သည် မြင်းတပ်သား ငါးထောင်ထက် ပိုများနေသည်။
ဤမျှကြီးမားသော သံချပ်ကာ မြင်းတပ်ကို မြင်တွေ့ရသောအခါ လင်ရှုမင်၊ ကျောင်းယူနှင့် နန်းတွင်းစစ်တပ်၏ စစ်သည် ခုနစ်သောင်းတို့သည် ငြိမ်သက်သွားကြသည်။ ထိုသောင်းချီသည့် သံချပ်ကာ မြင်းတပ် ပို၍နီးကပ်လာသောအခါ နန်းတွင်းတပ်၏ စစ်သည်များသည် သူတို့၏ လက်နက်များကို ပို၍တင်းကျပ်စွာ ဆုပ်ကိုင်မိလိုက်ကြသည်။
သံချပ်ကာ မြင်းတပ်တစ်တပ်၏ ခြိမ်းခြောက်မှုသည် မည်မျှကြီးမားနိုင်သနည်း။ ပြောရလျှင် ရှနိုင်ငံတော်၏ သမိုင်းတွင် သံချပ်ကာ မြင်းတပ်သားသုံးထောင်သည် လယ်သမားစစ်သည် တစ်သိန်းကို အနိုင်ယူခဲ့ဖူးသည်။ ထို့အပြင် သူတို့သည် ထိုစစ်သည်များကို လိုက်လံတိုက်ခိုက်နိုင်ခဲ့သည်။
စစ်သည်များ၏ သံချပ်ကာ မြင်းတပ်အပေါ် ကြောက်ရွံ့မှုသည် သူတို့၏ အရိုးထဲအထိ စိမ့်ဝင်နေသည်။ အထူးသဖြင့် ဒီလိုကျယ်ပြန့်သော မြေပြန့်လွင်ပြင်တွင်ဖြစ်သည်။မြို့သိမ်းတိုက်ပွဲဆိုပါက အစွမ်းထက်ဆုံးသော သံချပ်ကာ မြင်းတပ်သည်ပင် ထိရောက်စွာ လုပ်ဆောင်ရန် ခက်ခဲနိုင်သည်။ သို့သော် လွင်ပြင်တိုက်ပွဲဖြစ်ပါက လုံးဝကွဲပြားသွားသည်။
သံချပ်ကာ မြင်းတပ်၏ တိုက်ခိုက်မှုသည် ခြေလျင်တပ်များ၏ ဖွဲ့စည်းပုံကို လျင်မြန်စွာ ချိုးဖျက်နိုင်သည်။ ခြေလျင်တပ်များသည် ဖွဲ့စည်းပုံများ ပျက်ပြားသွားပါက သူတို့၏ စိတ်ဓာတ်များ လျင်မြန်စွာ ကျဆင်းသွားမည်။
စစ်တပ်နှစ်တပ်ကြား တိုက်ပွဲတွင် စိတ်ဓာတ်သည် အလွန်အရေးကြီးသည်။ အထူးသဖြင့်အနီးကပ် ထိတွေ့တိုက်ပွဲမျိုးတွင် ရဲစွမ်းသတ္တိရှိသော တပ်များသည် ကျဉ်းမြောင်းသော စစ်မြေပြင်တွင် ရန်သူနှင့် ရင်ဆိုင်သောအခါ အနိုင်ရရှိတတ်ကြသည်။
လင်ရှုမင်သည် သူ့ရှေ့တွင် ရှိနေသော သံချပ်ကာ မြင်းတပ်သား သောင်းချီကို ကြည့်ရင်း ကြက်သေသေသွားခဲ့သည်။ ဗိုလ်ချုပ်တစ်ဦးအနေဖြင့် တပ်ဖွဲ့စည်းပုံတစ်ခုတွင် ရှိနေသော တပ်သားအရေအတွက်ကို သူကောင်းကောင်း ခန့်မှန်းနိုင်သည်။
လီဖုန်းက သူ့အား ထိုသံချပ်ကာ မြင်းတပ်တွင် တပ်သားအရေအတွက် မည်မျှ ပါဝင်သည်ကို မပြောပြသည့်တိုင် အနည်းဆုံး နှစ်သောင်းခန့် ရှိမည်ဟု လင်ရှုမင် တွက်ဆသည်။
ခုနက ထွက်ခွာသွားခဲ့သော သံချပ်ကာ မြင်းတပ်ကိုပါ ထည့်တွက်ပါက မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာ မြင်းတပ် သုံးသောင်းနီးပါး ရှိနေမည်။
ဒါက...
မြောက်ပိုင်းမြို့တော်သည် သံချပ်ကာ မြင်းတပ် သုံးသောင်းကို မည်သို့ ထိန်းသိမ်းထားနိုင်သနည်း။
ငွေကြေး မည်မျှ လိုအပ်မည်နည်း။ မြောက်ပိုင်းနယ်စားမင်းသား၏ ဆပ်ပြာနှင့်ရေမွှေးလုပ်ငန်းတို့ကို လင်ရှုမင် သိရှိထားပြီးဖြစ်သည်။ ထိုကုန်ပစ္စည်းများ အမြတ်အစွန်းများသည်ကိုလည်း သူနားလည်သည်။ သို့သော် ဤမျှများပြားသော သံချပ်ကာ မြင်းတပ်ကို ဘယ်လိုမျိုး ဒီလောက် မြန်မြန်ဖွဲ့စည်းနိုင်မှာလဲ။
ရှနိုင်ငံတော် နန်းတော်တစ်ခုလုံးတွင်ပင် သံချပ်ကာ မြင်းတပ် နှစ်သောင်းကျော်သာ ရှိသည်။ သို့သော် အခု မြောက်ပိုင်းမြို့တော်တစ်ခုတည်းတွင်ပင် သံချပ်ကာ မြင်းတပ် သုံးသောင်းနီးပါး ရှိနေပြီ။ မည်သူကမှ မြောက်ပိုင်းနယ်စားမင်းတွင် အခြားရည်ရွယ်ချက်များ မရှိဟု ယုံကြည်နိုင်မည် မဟုတ်ပါ။ မြောက်ပိုင်းမြို့တော်၏သတင်း နန်းတွင်းသို့ ရောက်ရှိသည်နှင့် နန်းတွင်းသည် ညတွင်းချင်းပင် ချီမင်းသား၏ နယ်မြေတွင် စစ်တပ်ကြီးတစ်ခု တပ်စွဲထားလောက်မည် ဖြစ်သည်။ သို့မဟုတ် မြောက်ပိုင်းနယ်စားမင်းသား၏ ဇနီးနှင့် သားသမီးများကို အန်းပင်မြို့မှ နေပြည်တော်သို့ တန်ဆာခံအဖြစ် ခေါ်ဆောင်ကာ စောင့်ကြည့်ထားမည် ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသား၏ သံချပ်ကာ မြင်းတပ်သည် လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည် သုံးသိန်းထက် ပို၍ ခြိမ်းခြောက်နေသည်။
လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သည် သုံးသိန်းတောင်ဘက်သို့ ရွေ့လျားလာပါက လောလောဆယ်တွင် မြောက်ပိုင်းမြို့တော်ကိုသာ သိမ်းပိုက်မည် ဖြစ်နိုင်သည်။ သူတို့က အာဏာရှိ မိသားစုများ သို့မဟုတ် နယ်စားများနှင့် သီးသန့်သဘောတူညီချက်များ ပြုလုပ်ထားနိုင်သည်။ သူတို့သည် ရှနိုင်ငံတော် ပြည်မကို တိုက်ရိုက်တိုက်ခိုက်မည် မဟုတ်ပေ။
သို့သော် မြောက်ပိုင်းနယ်စားမင်း၏ သံချပ်ကာ မြင်းတပ် သောင်းချီသာ တောင်ဘက်သို့ ရွေ့လျားပါက သူတို့၏ ရည်ရွယ်ချက်သည် ခရိုင်တစ်ခုတည်းသာမက ရှနိုင်ငံတော် တစ်ခုလုံးကိုပါ ရည်ရွယ်နေမည် ဖြစ်သည်။
လုရှုယွမ်၏ လူဖြစ်သော ကျောင်းယူလည်း ချွေးစေများ ပြန်လာသည်။ အန္တရာယ်ရှိသော နေရာတစ်ခုသို့ ရောက်ရှိသွားသည်ဟု သူခံစားနေရသည်။ သူယခု မြောက်ပိုင်းနယ်စားမင်း၏ လျှို့ဝှက်ချက်ကို သိသွားပြီဖြစ်သည်။ သူမြောက်ပိုင်းမြို့တော်မှ ထွက်ခွာနိုင်ပါတော့မလား။
ထိုအချိန်တွင် လင်ရှုမင်၏ စစ်သည်တစ်ဦးက လန့်ဖြန့်စွာဖြင့် ပြောလိုက်သည်။
“ဗိုလ်ချုပ်…ဗိုလ်ချုပ်။ ဟိုဘက်ကို ကြည့်ပါဦး။ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်တွေ အများကြီးပဲ။”
လင်ရှုမင်သည် ချက်ချင်းပင် သူ၏မျက်လုံးများကို လွှဲကာ အဝေးကို ကြည့်လိုက်သည်။
ထိုအချိန်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သည်များ၏ လက်များကို တုတ်နှင့်ချည်ထားပြီး မြောက်ပိုင်းမြို့တော်၏ စစ်သည်များက သူတို့အုပ်စုလိုက်ကို ခေါ်ဆောင်လာနေသည်ကို မြင်တွေ့ရသည်။ တစ်ချက်ကြည့်လိုက်လျှင်ပင် လူတန်းကြီးက အဆုံးမရှိသလို ဖြစ်နေသည်။
ရန်ခရိုင်ထဲတွင် သတင်းပို့ စစ်သားထံမှ ကြားခဲ့ရသော စစ်ရေးအခြေအနေကို သူတို့ပြန်လည်သတိရလာကြသည်။
လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည် နှစ်သိန်း သတ်ဖြတ်ခံရပြီး…
လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည် တစ်သိန်း ဖမ်းဆီးခံရသည်…
ဒါက....
အမှန် ဖြစ်နိုင်ပါသလား။
မိုးနတ်မင်း...
ဘယ်လိုအောင်ပွဲမျိူးလဲ..
မြောက်ပိုင်းမြို့တော်တစ်ခုလုံး ပြောင်းပြန်လန်သွားမည်ဖြစ်သည်။မဟုတ်ပါ။ မြောက်ပိုင်းနယ်စားမင်းသည် အရာရာကို မှောက်ခုံလှန်လိုက်ပြီဖြစ်သည်။
ရှနိုင်ငံတော် တည်ထောင်ပြီးကတည်းက ပြည်ပနှင့်ဖြစ်သော စစ်ပွဲများတွင် ယခုကဲ့သို့သော အောင်ပွဲမျိုး မရှိခဲ့ဖူးပေ။ ချန်နိုင်ငံကို ရှင်းလင်းခဲ့စဉ်က ချန်နိုင်ငံနှင့်ဖြစ်သည့် အကြီးဆုံးစစ်ပွဲတွင်ပင် ချန်နိုင်ငံဘက်မှ စုစုပေါင်း အင်းအားနှစ်သိန်းသာ ရှိခဲ့သည်။
ထို့အပြင် လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ချန်နိုင်ငံ၏ စစ်သားများနှင့် မတူပေ။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တိုက်ရည်ခိုက်ရည်က များစွာသာလွန်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် လွင်ပြင်ဒေသ မျိုးနွယ်စုများကသာ မကြာခဏ စတင်ထိုးစစ်ဆင် တိုက်ခိုက်သူဖြစ်များပြီး ရှနိုင်ငံတော်က ခုခံသူများသာဖြစ်သည်။ နောက်ဆုံးတွင် ရှနိုင်ငံတော်ကာသာ ကြီးမားသော ဆုံးရှုံးမှုများကို ခံစားရတတ်သည်။
ဆုံးရှုံးမှုများကို ထည့်မတွက်လျှင်တောင် စစ်ပွဲပြီးဆုံး၍ ရှနိုင်ငံတော်က တန်ပြန်တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသည့်အချိန်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုများသည် သူတို့၏ တပ်များကို ခေါ်ဆောင်ကာ လုံးဝပျောက်ကွယ်သွားပြီး ရှနိုင်ငံတော်၏ တပ်များအား တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးမပေးပေ။
ယခုအခါ မြောက်ပိုင်းမြို့တော်သည် လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သား သုံးသိန်းကို အနိုင်ရရှိခဲ့ပြီဖြစ်ပြီး သူတို့၏ တပ်သား တစ်သိန်းလည်း အဖမ်းခံလိုက်ရသည်။ ထိုသတင်းကို နန်းတွင်းသို့ ပို့လိုက်ပါက နေပြည်တော်၏ မိုးကောင်းကင်ကြီးပင် ပြောင်းလဲသွားမည်ကို စိုးရိမ်ရသည်။
ထိုအချိန်တွင် ဖမ်းဆီးခံထားရသော လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သားများကို စောင့်ကြည့်ရင်း နန်းတွင်းစစ်သား ခုနစ်သောင်းသည် အသက်ရှူရန်ပင် မဝံ့မရဲဖြစ်နေကြသည်။
လွင်ပြင်ဒေသ မျိုးနွယ်စုတပ်သား တစ်သိန်းသူတို့ရှေ့မှ ဖြတ်သန်းရန် နာရီဝက်ခန့် အချိန်ယူခဲ့သည်။ အထူးသဖြင့် မြောက်ပိုင်းမြို့တော်၏ စစ်သားများက သူတို့ ဒုက္ခပေးမည်ကို စိုးရိမ်သည့်အတွက် လူစုခွဲထားခဲ့သောကြောင့် အချိန်အနည်းငယ် ပိုကြာသွားခြင်းဖြစ်သည်။
နာရီဝက်ခန့် ကြာပြီးနောက် နောက်ဆုံးပိတ် စစ်သားများ ဖြတ်သန်းသွားသည်ကို မြင်ရသည့်အခါမှ လင်ရှုမင်နှင့် နန်းတွင်းစစ်သား ခုနစ်သောင်းသည် မြို့ထဲတွင် သူတို့ကြားခဲ့ရသော ရလဒ်က အမှန်တကယ်ပင် ဖြစ်ကြောင်း နားလည်သွားခဲ့သည်။
ရှနိုင်ငံတော်၏ နိုင်ငံသားများအနေဖြင့် သူတို့ ဝမ်းမြောက်သင့်၏။ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ဖြစ်ပွားခဲ့ဖူးသော စစ်ပွဲများ၏ သမိုင်းတွင် အကြီးမားဆုံးသော အောင်ပွဲဖြစ်သည်။ သို့သော် ဗိုလ်ချုပ် ၊ဗိုလ်ကြီးမှစ၍ အောက်ခြေရှိ တပ်သားများအထိ မည်သူမှ ပြုံးရယ်ခြင်း မရှိကြပေ။
လင်ရှုမင်နှင့် နန်းတွင်းစစ်သားများ စိတ်ရှုပ်ထွေးနေစဉ် အဝေးမှ မြင်းခွာသံများ ထပ်မံကြားလိုက်ရသည်။ အမှောင်ရိပ်များ နောက်ထပ်တစ်သုတ် ချဉ်းကပ်လာသည်ကို တွေ့မြင်ရသည်။ လင်ရှုမင်သည် လုံးဝ ထုံသွားခဲ့သည်။ အင်အားသောင်းချီရှိသည့် သံချပ်ကာ မြင်းတပ် နောက်တစ်တပ်။
မြောက်ပိုင်းမြို့တော်က ဤမျှများပြားသော သံချပ်ကာ မြင်းတပ်သားများကို မည်သည့်နေရာမှ ရရှိခဲ့သနည်း။ မြောက်ပိုင်းနယ်စားမင်းသားက ဘယ်အရာကို လုပ်နေတာလဲ။
သူက ပုန်ကန်ဖို့ ကြိုးစားနေတာလား။
လင်ရှုမင်၏ ခန့်မှန်းချက်အရ မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာ မြင်းတပ် ငါးသောင်းနီးပါး ရှိမည်ဖြစ်သည်။ ထိုသံချပ်ကာ မြင်းတပ် ငါးသောင်းနှင့် မြောက်ပိုင်းမြို့တော်၏ ကျွန်တပ်သား တစ်သိန်း ထို့နောက် ပုံမှန်စစ်သားအချို့ကို စုဆောင်းလိုက်ပါက မြောက်ပိုင်းမြို့တော်သည် မည်သည့် နိုင်ငံကိုမဆို တိုက်ခိုက်နိုင်သော အင်အားရှိလာမည်ဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံအများစုသည် စစ်သည် တစ်သန်းခန့်ကိုသာ စုဆောင်းနိုင်၏။ ထိုတစ်သန်းအနက်မှ အတော်များများကလည်း တိုက်ပွဲဝင်နိုင်သည့် အနေအထား မရှိပေ။
အမှန်တကယ် တိုက်ပွဲဝင်နိုင်သော စစ်သည်အရေအတွက်က တစ်သန်းအထိ မရောက်နိုင်ပေ။ သို့သော် မြောက်ပိုင်းမြို့တော်၏ စစ်သည်များ အားလုံးက တိုက်ပွဲဝင်နိုင်သည်။ အထူးသဖြင့် ထိုလွင်ပြင်ဒေသ ကျွန်စစ်သည်များသည် အသေခံ စစ်သည်များ ဖြစ်သည်။
လင်ရှုမင်၏ စိတ်ထဲ ယခုအချိန်တွင် ပေါ်ပေါက်လာသော တစ်ခုတည်းသော အတွေးမှာ
“အစီရင်ခံစာရေးပါ။”
သူဒီနေ့ည အစီရင်ခံစာရေးပြီး ပေးပို့ရမည်ဖြစ်သည်။
မြောက်ပိုင်းမြို့တော်၏ အင်အားက ကြီးမားလွန်းနေသည်။ ထိန်းချုပ်မှု လက်လွှတ်ရနိုင်သည်။ နန်းတွင်းသို့ မြောက်ပိုင်းမြို့တော်တွင် ဖြစ်ပျက်ခဲ့သည်များကို အမြန်ဆုံး အသိပေးရမည်။ သို့သော် မြောက်ပိုင်းမြို့တော်၏ အောင်ပွဲကိုလည်း နန်းတွင်းသို့ သတင်းပို့ရမည် ဖြစ်သည်။ ထို့ကြောင့် လင်ရှုမင်သည် အောင်ပွဲသတင်းကို အသုံးပြုကာ အနီရောင်ဖဲကြိုးတပ် သတင်းပို့သူဖြင့် မြောက်ပိုင်းမြို့တော်၏ သတင်းကို နန်းတွင်းသို့ ပို့မည်ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားက အနီရောင်ဖဲကြိုးတပ် သတင်းပို့သူကို နန်းတွင်းသို့ ထွက်သွားခွင့်ပြုမှာ လားဆိုသည်ကတော့ နောက်ထပ်ကိစ္စတစ်ခု ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် အမြဲတမ်း အသုံးမကျသူအဖြစ် ဟန်ဆောင်ခဲ့သည်။ ယခုတွင် သူ၏ စစ်မှန်သော စွမ်းရည်များကို ဖော်ထုတ်ပြသလိုက်၏။ ဟန်ဆောင်ခြင်းကိုလည်း ရပ်တန့်လိုက်ပြီဖြစ်သည်။
ဒါတွေက ဘာကို ဖော်ပြနေတာလဲ။
သူ၏ အတောင်ပံများ အပြည့်အဝကြီးထွားလာပြီဖြစ်ပြီး ဟန်ဆောင်ရန် မလိုတော့ကြောင်း ဖော်ပြနေသည်။ နန်းတွင်းသို့ သတင်းပို့မည့် အနီရောင်ဖဲကြိုးတပ် သတင်းပို့သူကို ကြားဖြတ်ဖမ်းယူခြင်းသည် သူ့အတွက် လွယ်ကူသော အလုပ်တစ်ခု ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသည် ယခုအခွင့်အရေးကို အသုံးချကာ ချူးမိသားစုနှင့် ပူးပေါင်းပြီး တိုက်ရိုက် အာဏာသိမ်းယူ တော့မှာလားဟုပင် လင်ရှုမင်သည် သံသယရှိနေသည်။
......
အခန်း (၁၁၇)
ဖဲချပ်များဖွင့်ချ ပြသခြင်း
မြောက်ပိုင်းမြို့တော်၏ စစ်သားများက လွင်ပြင်ဒေသ မျိုးနွယ်စု သုံ့ပန်းများကို ခေါ်ဆောင်သွားပြီးနောက် လီဖန်းသည် လင်ရှုမင်အား ပြုံးရင်း ပြောလိုက်သည်။
“ဗိုလ်ချုပ် လင်။ ကျွန်တော်တို့ ဆက်ချီတက်ကြပါစို့။ မကြာခင် မနေ့ညက အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်မြေပြင်ကို ရောက်ပါလိမ့်မယ်။”
လီဖန်း၏ အသံကို ကြားရသည့်အခါ စိတ်ရှုပ်ထွေးနေသော လင်ရှုမင်လည်း လက်တွေ့ဘဝသို့ ပြန်ရောက်လာခဲ့သည်။
သူ၏ စိတ်အာရုံသည် စစ်ရေးအစီရင်ခံစာကို ရေးသားရန် လုံးဝစူးစိုက်နေခဲ့သည်။
“အိုး။ ကောင်းပါပြီ။”
ထို့နောက် လင်ရှုမင်သည် သူ့နောက်မှ စစ်သားများအား အော်ဟစ်ကာ ပြောလိုက်သည်
“ရှေ့သို့ ချီတက်ကြပါ။”
လင်ရှုမင်၏ အသံကို ကြားရသည့်အခါ စိတ်ထဲတွင် ဗလာနတ္ထိ ဖြစ်နေကြသော နန်းတွင်းစစ်သားများလည်း သတိပြန်ဝင်လာခဲ့ကြသည်။ သူတို့၏ မျက်စိရှေ့တွင် ဖြစ်ပျက်ခဲ့သော မြင်ကွင်းသည် တကယ့်လက်တွေ့မဟုတ်နိုင်ဟု ထင်ရသည်။
သူတို့သည် မြောက်ပိုင်းမြို့တော်သို့ သွားနေစဉ် ခရီးပန်းမှုကြောင့် အိပ်မက်တစ်ခု မက်မိခဲ့ပြီး လက်တွေ့ဘဝတွင် ရန်ခရိုင်သည် လွင်ပြင်ဒေသ မျိုးနွယ်စုတို့လက်ထဲသို့ ကျသွားပြီဖြစ်နိုင်သည်ဟု သံသယဝင်မိကြသည်။
သို့သော်ဤအရာမှာ အိပ်မက်မဟုတ်ကြောင်း သူတို့သိရှိထားကြသည်။
မကြာမီပင် လီဖန်း၏ ဦးဆောင်မှုဖြင့် နန်းတွင်းတပ် ခုနစ်သောင်းသည် မနေ့ညက မုချန်တိန်နှင့် အနက်ရောင် မြင်းတပ်တို့ ပူးပေါင်းမိခဲ့သော နေရာသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာသည် လွင်ပြင်ဒေသ မျိုးနွယ်စုတပ်သား အများဆုံး သေဆုံးခဲ့သော နေရာလည်း ဖြစ်သည်။
မြစ်ကမ်းတစ်လျှောက်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အလောင်းများဖြင့် ဖုံးလွှမ်းနေသည်။ မျက်စိတစ်ဆုံး အလောင်းများဖြစ်နေသည်။
ခုနက ထိုမြင်ကွင်းမျိုးအတွက် စိတ်ထဲတွင် ပြင်ဆင်ထားခဲ့သော နန်းတွင်းတပ်၏ စစ်သားများပင် ဤမျှများပြားလှသော လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အလောင်းများကို မြင်တွေ့ရသောအခါ ကြက်သေသေကြသည်။
သူတို့ခုနက မြင်တွေ့ခဲ့ရသော အလောင်းများနှင့် နှိုင်းယှဉ်ပါက ဤနေရာရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အလောင်းများသည် ပို၍ပြည့်စုံနေသည်။ အပိုင်းပိုင်း မဖြစ်နေပေ။
သို့သော် ကွင်းပြင်တစ်လျှောက် ဖြန့်ကျက်နေသော အလောင်းများ၏ မြင်ကွင်းသည် သူတို့ ခုနက မြင်တွေ့ခဲ့ရသော သွေးစွန်းသည့် စစ်မြေပြင်ကဲ့သို့ပင် အံ့အားသင့် ကြောက်မက်ဖွယ် ကောင်းနေဆဲဖြစ်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အလောင်းများသည် တောင်ပုံရာပုံ ဖြစ်နေပြီး ဝန်နင်းမြစ်၏ မြစ်ရေက နီရဲနေသည်။ မြစ်တစ်ခုလုံး သွေးရည်ဖြစ်သွားသည်ဟုပင် ထင်ရသည်။ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည် နှစ်သိန်းဖြစ်သည်။ မြောက်ပိုင်းမြို့တော်၏ စစ်ရေးစွမ်းရည်သည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
လင်ရှုမင်နှင့် သူ၏စစ်သားများထံမှ အံ့အားသင့်သံများ ထွက်လာကြသည်။ ရှနိုင်ငံတော်တွင် ဤမျှကြောက်မက်ဖွယ် စစ်ရေးစွမ်းရည်ရှိသည့် စစ်တပ်တစ်ခုကို မမြင်တွေ့ရတော့သည်မှာ ကြာပြီဖြစ်သည်။ မဟုတ်ပါ။ ရှနိုင်ငံတော်တွင် ဤမျှအင်အားကြီးသည့် နယ်စားတစ်ဦးကို သမိုင်းတစ်လျှောက် မည်သည့်အခါကမှ မမြင်တွေ့ခဲ့ရဖူးပေ။
ဆွမ်ဧကရာဇ်က မြောက်ပိုင်းနယ်စားမင်းကို မြောက်ပိုင်းမြို့တော်တွင် ထားရှိခြင်းက အကောင်းလား အဆိုးလား ဆိုတာကို လင်ရှုမင်သည် မပြောနိုင်ပေ။
ထိုအချိန်တွင် လီဖန်းက လင်ရှုမင်ကို ပြောလိုက်သည်။
“ဗိုလ်ချုပ်လင်။ စစ်မြေပြင် သန့်ရှင်းရေးကို ခင်ဗျားဆီ လွှဲလိုက်ပါမယ်။ မြောက်ပိုင်းမြို့တော်က စစ်သည်တွေက တစ်ညလုံး ရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့ကြရလို့ အခု သူတို့ ပင်ပန်းနေကြပါပြီ။ စစ်မြေပြင်သန့်ရှင်းရေးကို ဆက်မလုပ် နိုင်ကြတော့ပါဘူး။”
လီဖန်၏ စကားကို ကြားပြီး လင်ရှုမင်လည်း ပြန်လည်သတိဝင်လာကာ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ ဗိုလ်ချုပ်လီ။ ခင်ဗျား သွားအနားယူပါ။ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်ပါမယ်။”
လီဖန်းက
“ကောင်းပါပြီ။ အဲ့ဒါဆို ခင်ဗျားကိုပဲ လွှဲလိုက်တော့မယ်။”
လင်ရှုမင်က ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်၊
“ပြဿနာမရှိပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ တာဝန်ပါ။”
လင်ရှုမင် စကားပြောပြီးသည်နှင့် လီဖန်းသည် သူ၏မြင်းကို လှည့်ကာ စစ်မြေပြင်မှ ထွက်ခွာသွားတော့သည်။ လီဖန်း၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း လင်ရှုမင် နက်နက်ရှိုင်းရှိုင်း စဉ်းစားခန်း ဝင်နေမိသည်။
အချိန်အတော်ကြာပြီးနောက် လင်ရှုမင်၏ အနားမှ ကျောင်းယူ၏ အသံကို ကြားလိုက်ရသည်။
“ဗိုလ်ချုပ်။ မြောက်ပိုင်းမြို့တော်ရဲ့ အခြေအနေကို ဘယ်လို အစီရင်ခံရမလဲ။”
မြောက်ပိုင်းမြို့တော်၏ စစ်ရေးအောင်ပွဲသည် အံ့အားသင့်စရာ ကောင်းလွန်းသဖြင့် သူတို့အစီရင်ခံသည့်တိုင် နန်းတွင်းက မယုံကြည်နိုင်ပေ။ ခဏ စဉ်းစားပြီးနောက် လင်ရှုမင်က ပြောလိုက်သည်။
“ဖြစ်တဲ့အတိုင်း အစီရင်ခံပါ။”
ထိုစကားကို ကြားပြီး ကျောင်းယူ ခဏငြိမ်သွားပြီး စမ်းသပ်သည့် သဘောဖြင့် မေးလိုက်သည်။
“ဗိုလ်ချုပ် ဖြစ်သည့်အတိုင်း အစီရင်ခံမှာ သေချာပါလား။”
ကျောင်းယူ၏ မေးခွန်းကို ကြားပြီး လင်ရှုမင်က သူ့ဘက်သို့ လှည့်ကြည့်ပြီးလိုက်ပြီး လေသံမာမာဖြင့် ပြန်မေးလိုက်သည်။
“ဘာလဲ။ ခင်ဗျား မလုပ်ခဲ့တာကို ဂုဏ်ယူဖို့ စိတ်ကူးနေသလား။”
ကျောင်းယူက အလျင်အမြန် ပြန်ဖြေလိုက်သည်။
“ဗိုလ်ချုပ်။ ကျွန်တော် ဒီလိုမဆိုလိုပါဘူး။ အမှန်အတိုင်း အစီရင်ခံလိုက်ရင် မြောက်ပိုင်းနယ်စားမင်းသား စိတ်ဆိုးသွားမှာကို ကျွန်တော်စိုးရိမ်တာပါ။”
ကျောင်းယူ သူ၏စိတ်ထဲတွင် တွေးကြည့်လိုက်၏။ ဤမျှကြီးမားသော စစ်အောင်ပွဲကို သူ အချောင်ဂုဏ် မယူဝံ့ပါ။
မြောက်ပိုင်းမြို့တော်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ကျူးကျော်မှုကို ပြန်လည်တွန်းလှန်ခဲ့သည်ဆိုပါက အစီရင်ခံစာတွင် သူတို့၏ အခန်းကဏ္ဍကို ချဲ့ကားပြီး နန်းတွင်းတပ်မတော် ခုနစ်သောင်း၏ အရေးပါသော ကဏ္ဍကို ဖော်ပြခဲ့နိုင်သည်။
သို့သော် ယခုအခြေအနေက ကွဲပြားနေသည်။ မြောက်ပိုင်းမြို့တော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်ပွဲသည် နန်းတွင်းတပ် ရန်ခရိုင်သို့ မရောက်မီတွင် ပြီးဆုံးသွားခဲ့သည်။
ပြီးဆုံးရုံသာမကပါ။ မြောက်ပိုင်းမြို့တော်၏ ကြီးမားသော အောင်ပွဲဖြင့် အဆုံးသတ်သွားခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူတို့သည် ထိုအောင်ပွဲကို ဂုဏ်ဝင်ယူလိုက်ပါက အထက်မှ စုံစမ်းစစ်ဆေးမှုတစ်ခု ဖြစ်ပေါ်လာလျှင် သူတို့အတွက် ပြည်နှင်ဒဏ်ခံ သို့မဟုတ် မိသားစုတစ်ခုလုံး သတ်ဖြတ်ခံရသည်အထိ ဖြစ်လာနိုင်သည်။
ထို့အပြင် မြောက်ပိုင်းမြို့တော်၏ သံချပ်ကာ မြင်းတပ် သောင်းချီနှင့် စစ်မြေပြင်ပေါ်ရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အလောင်းများကို မြင်တွေ့ပြီးနောက် မည်သူမှ စစ်အောင်ပွဲဂုဏ်ကို ခိုးယူရန် စိတ်ကူးဝံ့မည် မဟုတ်ပေ။
မြောက်ပိုင်းနယ်စားမင်းသည် သာမန်လူမဟုတ်ကြောင်း သိသာထင်ရှားသည်။ အကယ်၍ တစ်စုံတစ်ဦးက သူ၏ စစ်ရေးအောင်ပွဲများကို ခိုးယူရဲပါက နန်းတွင်းမှ စုံစမ်းစစ်ဆေးမှု မပြုလုပ်ခင်တွင်ပင် မြောက်ပိုင်းနယ်စားမင်းက သူတို့ကို ကိုင်တွယ်လိမ့်မည်ဖြစ်သည်။
ကျောင်းယူသည် လုရှုယွမ်၏ အုပ်စုမှ ဖြစ်သော်လည်း မြောက်ပိုင်းမြို့တော်၏ သံချပ်ကာ မြင်းတပ်၏ အင်အားနှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အလောင်းများကို မြင်တွေ့ပြီးနောက် မည်သည့်လှည့်ကွက်ကိုမှ ပြုလုပ်လိုစိတ် မရှိတော့ပေ။
သူသည် အသက်ရှင်လျက် နေပြည်တော်သို့ ပြန်သွားလိုသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အင်အား ဤမျှကြီးမားနေပါက မြောက်ပိုင်းနယ်စားမင်း၏ မျက်စိ အောက်တွင် မည်သူကမှ လှည့်ကွက်ဆင်ဝံ့မည် မဟုတ်ပေ။
ကျောင်းယူ၏ စကားကို ကြားပြီးနောက် လင်ရှုမင်က ခဏစဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းကို အခုအချိန်မှာ မစိုးရိမ်ပါနှင့်။ ဒီနေ့ညပဲ အနီရောင်ဖဲကြိုးတပ် သတင်းပို့သူနဲ့ စစ်ရေးအခြေအနေကို နန်းတွင်းကို ပို့ခိုင်းမယ်။ မြောက်ပိုင်းနယ်စားမင်းသားက တစ်ယောက်ယောက်ကို လွှတ်ပြီး ကြားဖြတ်မတားဆီးရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ သူကတစ်ယောက်ယောက်စေလွှတ်ပြီး တားဆီးရင်တော့ ကျွန်တော်ကိုယ်တိုင် မြောက်ပိုင်းနယ်စားစံအိမ်ကို သွားပြီး နန်းတွင်းကို ဘယ်လိုအစီရင်ခံရမလဲ ဆွေးနွေးမယ်။”
မြောက်ပိုင်းနယ်စားမင်းသားက သူတို့၏ အနီရောင်ဖဲကြိုးတပ် သတင်းပို့သူကို ကြားဖြတ်ဖမ်းယူနိုင်သည်ကို လင်ရှုမင် စိုးရိမ်နေသည်။ အဘယ့်ကြောင့်ဆိုသော် မြောက်ပိုင်းမြို့တော်၏ စစ်အောင်ပွဲများကို နန်းတွင်းသို့ အစီရင်ခံပြီးပါက မြောက်ပိုင်းနယ်စားမင်းသား၏ အင်အားကို ဖုံးကွယ်ထားနိုင်မည် မဟုတ်တော့ပေ။
“ဒါပဲ။ စစ်သားတွေကို စစ်မြေပြင် ရှင်းလင်းဖို့ စတင်ခိုင်းလိုက်ပါ။”
လင်ရှုမင် အမိန့်ပေးလိုက်သည်နှင့် နန်းတွင်းစစ်သည်ခုနစ်သောင်းသည် စစ်မြေပြင်ကို ရှင်းလင်းရန် စတင်ခဲ့သည်။
ဤစစ်သည် ခုနစ်သောင်းသည် နန်းတွင်းမှထိပ်တန်းစစ်သည်များဖြစ်ပြီး အတွေ့အကြုံရင့်ကျက်သော စစ်သည်များလည်းဖြစ်ကြသည်။ သို့သော် ယခု သူတို့သည် စစ်မြေပြင်ကို ရှင်းလင်းရန် တာဝန်ပေးခံရသော လူများဖြစ်သွားခဲ့သည်။
သို့သော် စစ်သည်အများစုက မည်သည့် ကန့်ကွက်မှုမှ မရှိကြပေ။ လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သားများနှင့် ရင်ဆိုင်တိုက်ရိုက်တိုက်ခိုက်ရသည်ထက် သူတို့၏ ခန္ဓာကိုယ်များ အပင်ပန်းခံရခြင်းက ပိုမိုသက်တောင့်သက်သာရှိ၏။ အသက်အတွက်လည်းအန္တရာယ်မရှိပေ။
ထို့အပြင် မြောက်ပိုင်းမြို့တော်၏ ကြောက်မက်ဖွယ် အင်အားကို မြင်တွေ့ပြီးနောက် သူတို့သည် မြောက်ပိုင်းမြို့တော်၏ စစ်သားများအတွက် စစ်မြေပြင်ကို လိုလိုလားလား ရှင်းလင်းပေး ချင်နေကြသည်။
ညနေအချိန်တွင် တဲတစ်ခုအတွင်း၌ လင်ရှုမင်သည် စစ်ရေးအစီရင်ခံစာကို ရေးသားနေသည်။ ထိုအချိန်တွင် အနီရောင်ဝတ်ရုံဝတ်ထားသော မိန်းမစိုးတစ်ဦး ဝင်လာခဲ့သည်။ ထိုမိန်းမစိုးသည် နန်းတွင်းတပ်အတွက် ကြီးကြပ်ရေးမှူး ဖြစ်သည်။
သူသည်လည်း လင်ရှုမင်နှင့် အခြားသူများကဲ့သို့ပင် မြောက်ပိုင်းမြို့တော်၏ အင်အားကို မြင်တွေ့ရပြိး အလွန်အံ့အားသင့်သွားခဲ့သည်။ ထိုနည်းတူ သူ၏ စိတ်ထဲတွင်လည်း စိုးရိမ်မှုတစ်ခု ရှိနေသည်။ သူတို့၏ စစ်ရေးအစီရင်ခံစာ မြောက်ပိုင်းမြို့တော်မှ ထွက်နိုင်ပါ့မလား။
ကြီးကြပ်ရေးမှူးနှင့် တိုက်ပွဲတွင် ပါဝင်ခဲ့သော ဗိုလ်ချုပ် တစ်ဦးချင်းစီက စစ်ရေးအစီရင်ခံစာကို ရေးသားရပြီး တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ခွင့် မရှိပေ။ ထိုသို့ပြုလုပ်ရခြင်းမှာ တပ်များကို ဦးဆောင်သော ဗိုလ်ချုပ်များသည် သူတို့၏ စစ်အောင်ပွဲများကို ချဲ့ကားခြင်းများ မလုပ်စေရန်ဖြစ်သည်။
အစက ဝမ်သည် လင်ရှုမင်ထံ လာရောက်ရန် မလိုအပ်ပေ။ သူသည် သူ၏ အစီရင်ခံစာကို အနီရောင်ဖဲကြိုးတပ် သတင်းပို့သူဖြင့် တိုက်ရိုက်ပို့နိုင်သည်။ သို့သော် သူ၏ အစီရင်ခံစာကို ပို့နိုင်မှာလားဆိုသည့် စိုးရိမ်မှုသည် ဝမ်ကို လင်ရှုမင်၏ တဲထဲသို့ ခေါ်ဆောင်လာခဲ့သည်။
ကြီးကြပ်ရေးမှူး သူ၏ တဲထဲသို့ ဝင်လာသည်ကို မြင်သောအခါ လင်ရှုမင်က မေးလိုက်သည်။
“မိန်းမစိုး ဝမ်။ ခင်ဗျားမှာ စိတ်ပူစရာတစ်ခုခု ရှိလို့လား။”
စိုးရိမ်နေသော မျက်နှာဖြင့် ဝမ်က ပြန်မေးလိုက်သည်။
“ဗိုလ်ချုပ် လင်။ ခင်ဗျား စစ်ရေးအစီရင်ခံစာ ရေးပြီးပြီလား။”
လင်ရှုမင်က ပြန်ဖြေလိုက်၏။
“ကျွန်တော် ရေးနေတုန်းပဲ မိန်းမစိုး ဝမ်။ ခင်ဗျားက ကျွန်တော်နဲ့ အစီရင်ခံစာအကြောင်း ညှိနှိုင်းဖို့ လာတာမဟုတ်လား။ ဒါက မသင့်တော်ဘူး။”
မိန်းမစိုး ဝမ်က အော်ဟစ်ကာ ပြောလိုက်သည်။
“ ဗိုလ်ချုပ် လင်။ ဒီလိုအချိန်မှာ ခင်ဗျားက ဒါတွေကို ပြောနေတုန်းပဲ။”
“ဗိုလ်ချုပ် လင်။ ခင်ဗျား လက်ရှိအခြေအနေကို မသိမှာတော့ မဟုတ်ဘူး။”
“မြောက်ပိုင်းနယ်စားမင်းသားက ကျွန်တော်တို့ကို မြို့ထဲဝင်ခွင့် မပေးဘဲ ဝန်နင်းတောင်ကြားထဲမှာ တပ်ချခိုင်းထားတယ်။ ဒါက သူကျွန်တော်တို့ကို စောင့်ကြည့်နေတာကို ပြသနေတယ်။ ကျွန်တော်တို့ရဲ့ စစ်ရေးအစီရင်ခံစာတွေကို ပို့နိုင်မလားဆိုတာက ပြဿနာတစ်ခုပဲ။”
လင်ရှုမင်က အေးဆေးစွာဖြင့် မေးလိုက်သည်။
“ဒါဆို ခင်ဗျား ဘာတွေးမိလဲ မိန်းမစိုးဝမ်။”
မိန်းမစိုးဝမ်က ဖြေလိုက်သည်။
“ကျွန်တော်တွေးမိတာက ပထမဆုံး မြောက်ပိုင်းနယ်စားမင်းသားဆီ သွားပြီး ဒီအကြောင်း ဆွေးနွေးကြည့်ဖို့ပါ။ ဘာတွေ ရေးလို့ရသလဲ ဘာတွေရေးလို့ မရဘူးလဲဆိုတာ သူ့ရဲ့ သဘောထားကို သိရအောင် အရင်မေးသင့်တယ်။ ဒါမှ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ ရှင်းသွားမယ်။”
လင်ရှုမင်က မှတ်ချက်ပေးလိုက်သည်။ “မိန်းမစိုးဝမ် ခင်ဗျားက မြောက်ပိုင်းမြို့တော်ရဲ့ စစ်အောင်ပွဲတွေကို ဖုံးကွယ်ဖို့ ရည်ရွယ်နေတာလား။”
မိန်းမစိုးဝမ်က ပြန်ပြောလိုက်သည်။
“ဒါက ကျွန်တော်တို့ ဖုံးကွယ်ချင်လား မဖုံးကွယ်ချင်လားဆိုတဲ့ မေးခွန်းမဟုတ်ဘူး။ အဓိက မေးခွန်းက မြောက်ပိုင်းနယ်စားမင်းသားက နန်းတွင်းကို သိစေချင်လား မသိစေချင်လားဆိုတာပဲ။”
လင်ရှုမင်သည် သူ၏ အစီရင်ခံစာကို ရေးသားနေရင်း ဆက်ပြောလိုက်သည်။
“မိန်းမစိုးဝမ် ဒီလို အံ့အားသင့်စရာ စစ်အောင်ပွဲကို မြောက်ပိုင်းနယ်စားမင်းသားက နန်းတော်ကို ဖုံးကွယ်ထားနိုင်မယ်လို့ ခင်ဗျားထင်သလား။ ကျွန်တော်တို့က အစီရင်ခံစာတွေကို ပြောင်းလဲလိုက်ရင်တောင် နန်းတွင်းက မြောက်ပိုင်းမြို့တော်က ကိစ္စတွေကို မကြာခင်မှာ သိသွားလိမ့်မယ်။”
“မြောက်ပိုင်းနယ်စားမင်းသားက လူမိုက်မဟုတ်ဘူး။ လွင်ပြင်ဒေသ မျိုးနွယ်စုတပ်သား နှစ်သိန်းကျပြီး နောက်ထပ် တစ်သိန်းကို အဖမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းက ရန်ခရိုင်တစ်ခုလုံးကို ပျံ့နှံ့သွားပြီ။ မကြာခင်မှာ မင်းကြီးရဲ့ အရိပ်ကိုယ်ရံတော်တွေက သိသွားလိမ့်မယ်။ ပြီးတော့ မြောက်ပိုင်းမြို့တော်ကိစ္စတွေက မင်းကြီးရဲ့ နားထဲကို ရောက်သွားလိမ့်မယ်။”
“မြောက်ပိုင်းနယ်စားမင်းသားက သူနန်းတွင်းကို သိစေချင်တာတွေ ပေးသိလိမ့်မယ်။ ကျွန်တော်တို့က ရေးရမှာပဲ။ အကယ်၍ မြောက်ပိုင်းနယ်စားမင်းက ကျွန်တော်တို့ရဲ့ အစီရင်ခံစာတွေကို ကြားဖြတ်တားဆီးရင်ကျွန်တော်တို့က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို သွားပြီး သူနှင့် တွေ့ရုံပဲ။”
လင်ရှုမင်၏ စကားကို ကြားပြီးနောက် မိန်းမစိုးဝမ်လည်း အဓိပ္ပာယ်ရှိသည်ဟု ခံစားရပြီး ပြောလိုက်သည်။
“ကောင်းပါပြီ။ ကျွန်တော် ဗိုလ်ချုပ်လင်ရဲ့ အကြံဉာဏ်ကို လိုက်နာပါမယ်။ ခင်ဗျားရဲ့အစီရင်ခံစာ ပို့ပြီးရင် ကျွန်တော့်ကို အသိပေးပါ။ ကျွန်တော်လည်း အနီရောင်ဖဲကြိုးတပ် သတင်းပို့သူကို လွှတ်ပါမယ်။”
မိန်းမစိုးဝမ်က လင်ရှုမင်အစီရင်ခံစာ ပို့လို့ရမရကို အရင်ကြည့်လိုခြင်းဖြစ်သည်။ အကယ်၍ လင်ရှုမင်၏ အစီရင်ခံစာ ပို့လို့ရပါက သူက သူ၏ အစီရင်ခံစာကို ပို့မည်ဖြစ်သည်။ လင်ရှုမင်၏ အစီရင်ခံစာကို မြောက်ပိုင်းနယ်စားမင်းသား စံအိမ်က တားဆီးပါက သူချက်ချင်းမြောက်ပိုင်းနယ်စားမင်းသားကို သွားတွေ့မည်ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားကို စိတ်ဆိုးအောင် မလုပ်မိစေရန်ဖြစ်သည်။
တိတ်ဆိတ်သောညနက်။
မင်းသားစံအိမ်။
လုချန်းသည် ရေချိုးပြီးသွားပြီးနောက် ပိုင်ချင်းချင်း၏ အခန်းသို့ သွားပြီး “လေ့ကျင့်ခန်း” လုပ်ရန် စီစဉ်နေသည်။ ထိုအချိန်တွင် အမျိုးသမီး အစောင့်တစ်ဦး လုချန်းထံ ချဉ်းကပ်လာသည်။
“မင်းသား၊ တပ်မှူးချင်က နန်းတွင်းကို သွားမယ့် အနီရောင်ဖဲကြိုးတပ် သတင်းပို့သူကို တားဆီးထားပါတယ်။ သူတို့ရဲ့ အစီရင်ခံစာ တွေကို မင်းသားစစ်ဆေးပြီးမှ လွှတ်ပေးမှာလားဆိုတာကို ကျွန်မကို မေးခိုင်းလိုက်ပါတယ်။”
လုချန်းက ချက်ချင်း ပြန်ဖြေလိုက်၏။
“မလိုပါဘူး။ ငါဒီလိုလုပ်လိုက်လို့ နန်းတွင်းက သိသွားရင် ငါ့ကို သစ္စာဖောက်လို့ သတ်မှတ်လိမ့်မယ်။”
အနီရောင်ဖဲကြိုးတပ် သတင်းပို့သူ၏ အစီရင်ခံစာများသည် ရှေ့တန်းရှိ ဗိုလ်ချုပ်များ၏ လက်မှ ဧကရာဇ်ထံသို့ တိုက်ရိုက်ရောက်ရှိသည်။ ပထမဆုံး ဖွင့်ပြီး စစ်ဆေးသူသည် ဧကရာဇ် ဖြစ်ရမည်။ အကယ်၍ သူ့ကဲ့သို့ နယ်စားတစ်ဦးက အနီရောင်ဖဲကြိုးတပ် သတင်းပို့သူ၏ အစီရင်ခံစာများကို ဖွင့်ပြီး စစ်ဆေးခဲ့ကြောင်း ပေါ်ပေါက်သွားပါက သူ့ကို သစ္စာဖောက်ဟု သတ်မှတ်ကြမည်ဖြစ်သည်။ ထိုကိစ္စက တွေးကြည့်ရန်ပင် မလိုပေ။
ထို့အပြင် မြောက်ပိုင်းမြို့တော်၏ စစ်ရေးအောင်ပွဲက ကြီးမားလွန်း၏။ နန်းတွင်းကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ လုချန်းလည်းလည်း ထိုသို့လုပ်ရန် ရည်ရွယ်ချက် မရှိပါ။ အခု သူ၏ဖဲချပ်များကို ထုတ်ပြပြီး ကစားရန် ကြံစည်ထားသည်။ ဖုံးကွယ်စရာ မရှိပါ။
သံချပ်ကာ မြင်းတပ် သောင်းချီရှိပြီး လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည် တစ်သိန်း ဖမ်းဆီးထားပြီးနောက် အရင်ကလို ကြောက်ရွံ့နေရန် လိုအပ်ပါသလား။
မလိုအပ်တော့ပေ။
ထို့အပြင် သူ၏ဖခင် ဧကရာဇ်သည် အာဏာရှိ မိသားစုများကို အာရုံစိုက်နေသည်။ သူ့တွင် သူ၏ နယ်စားများကို အင်အားချည့်နဲ့စေရန် ရည်ရွယ်ချက် မရှိပေ။ လုချန်း၏ စကားကို ကြားပြီးနောက် အစောင့်က ပြောလိုက်သည်။
“မင်းသားရဲ့ ဆန္ဒကို နားလည်ပါတယ်။ ကျွန်မ တပ်မှူးချင်ကို အနီရောင်ဖဲကြိုးတပ် သတင်းပို့သူကို ချက်ချင်း လွှတ်ပေးဖို့ အသိပေးလိုက်ပါမယ်။”
ထိုသို့ပြောပြီးနောက် အမျိုးသမီး အစောင့်သည် ချက်ချင်း လှည့်ကာ အဆောင်ဝင်းထဲမှ ထွက်ခွာသွားသည်။
ရက်အနည်းငယ်အကြာ အန်းပင်မြို့
အန်းပင်မြို့သို့ ရောက်ရှိပြီးနောက် မုကျိရွှမ်းတို့သည် ရန်ခရိုင်၏ အခြေအနေကို အမြဲစိုးရိမ်နေကြသောကြောင့် မင်းသားစံအိမ်မှ လူများကို သတင်းရယူရန် မကြာခဏ စေလွှတ်ခဲ့၏။
ထိုအချိန်တွင် ချူးယုချင်သည် ဝင်းခြံထဲတွင် အားအင်ကုန်ခမ်းနေသကဲ့သို့ ထိုင်နေသည်။ သူမသည် ရုတ်တရက် သတိထားမိလိုက်သည်။ သူမ၏ ချန်းလေး မရှိပါက သူမ၏ ဖြစ်တည်မှုက စိတ်ဝိညဉ် ကင်းမဲ့သကဲ့သို့ ဖြစ်နေသည်။
အရင်က သူမ လုချန်းနှင့် ခပ်ခွာခွာနေရန် အမြဲတွေးခဲ့သည်။ မလိုလားအပ်သော အကျိုးဆက်များ မဖြစ်စေရန် ဖြစ်သည်။ သို့သော် သူတို့ တကယ်ကွဲကွာသွားသောအခါ သူမလုချန်းကို အမှန်တကယ်လွမ်းဆွတ်နေကြောင်း သတိထားမိလိုက်သည်။
ချူးယုချင် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။
“အင်း။ချန်းလေးကို ဘယ်တော့မှ ပြန်မြင်ရမလဲ။”
ထိုအချိန်တွင် အစေခံကလေးတစ်ဦး ခြံထဲသို့ ဝင်လာသည်။
“ဒေါ်လေးချူး။ အပြင်ဘက်မှာ အမျိုးသမီးတစ်ဦး ဒေါ်လေးကို တွေ့ချင်တယ်လို့ ပြောနေပါတယ်။ သူက ဒေါ်လေးရဲ့ ညီမလို့ ပြောပါတယ်။”
......