← Chapters

အခန်း ၁၁၈-၁၂၀

Vol. 8 Ch. 118-120

အခန်း ၁၁၈-၁၂၀

Vol. 8 Ch. 118-120

အခန်း( ၁၁၈ )

ဒါဆို နင်က မြောက်ပိုင်းနယ်စားမင်းသားရဲ့ အိပ်ရာထဲကို ဝင်‌နေပြီလား (၁)

အစေခံ၏ စကားကို ကြားပြီးနောက် ကျောက်ခုံပေါ်တွင် ထိုင်နေသော ချူးယုချင်သည် စိတ်ရှုပ်ထွေးသွား၏။ သူမ၏ မျက်နှာတွင် နားမလည်နိုင်သော အမူအရာများ ပေါ်‌ ပေါက်လာသည်။

ညီမ။

ချူးယုချင်သည် ချက်ချင်း လက်တွေ့ဘဝသို့ ပြန်လာခဲ့သည်။

“ချင်လီလား။ ချင်လီ ရောက်လာတာလား။”

ထို့နောက် သူမသည် ကျောက်ခုံမှ ထလာကာကျက်သရေရှိစွာဖြင့် စံအိမ်ဝင်ပေါက်ဘက်သို့ အမြန်သွားလိုက်သည်။

ချူးယုချင် ဝင်ပေါက်သို့ ရောက်ရှိသောအခါအစိမ်းရောင် မိုးတိမ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားတစ်လက်ကို ကိုင်ထားကာ သွယ်လျသော ပုံပန်းသဏ္ဍန်နှင့် အေးစက်သော မျက်နှာအမူအရာရှိသည့် ချူးချင်လီ ရပ်နေသည်ကို တွေ့မြင်လိုက်ရသည်။

ချူးယုချင်က စူးစမ်းလိုက်သည်။

“ချင်လီ၊ ဘာလို့ ဒီကိုလာတာလဲ။”

ချူးချင်လီသည် ချူးယုချင်ကဲ့သို့ပင် ချူးမိသားစုမှ ပြုစုပျိုးထောင်ခံရသော်လည်း မိသားစုအတွင်း ပြုစုပျိုးထောင်မှု ပုံစံများက ကွဲပြားခဲ့သည်။ ချူးယုချင်ကို ချူးယွဲ့၏ ကိုယ်ရံတော်အဖြစ် ရည်ရွယ်ခဲ့၏။ သူမကြီးပြင်းလာသောအခါ ချူးယွဲ့ကို ကာကွယ်ရန် ချူးယွဲ့ကိုယ်စား အနာခံမည့် ကိရိယာတစ်ခုအဖြစ် ရည်ရွယ်ထားခြင်းဖြစ်သည်။

သို့သော် ချူးချင်လီကိုမူ မိသားစု၏ လုပ်ကြံ ရေးသမားအဖြစ် မိသားစု၏ မကောင်းသောအလုပ်များကို လုပ်ဆောင်ရန် ရည်ရွယ်ခဲ့သည်။ ချူးချင်လီနှင့် မတူပဲ ချူးယုချင်သည် ယခုအခါ ချူးမိသားစုမှ လုံးဝထွက်ခွာသွားပြီဖြစ်၏။ သူမသည် ချူးမိသားစုသို့ ပြန် တော့မည် မဟုတ်သလို သူတို့ကလည်း ဘာမှပြောမည် မဟုတ်ပေ။

သို့သော် ချူးချင်လီက ကွဲပြားသည်။ သဘောတရားအရ ချူးချင်လီသည် တာဝန်တစ်ခုမရှိပဲ ချူးမိသားစုမှ ထွက်ခွာနိုင်မည် မဟုတ်ပေ။ ချူးယုချင်၏ စိတ်နှလုံး ခဏတာ ရပ်တန့်သွားခဲ့သည်။

မှန်ပါသည်။ ချူးချင်လီသည် တာဝန်တစ်ခုမရှိပဲ ချူးမိသားစုမှ ထွက်ခွာလာမည် မဟုတ်ပေ။

သူမတွင် တာဝန်တစ်ခုခု ရှိနေသလား။ ချူးချင်လီ ဤနေရာတွင် ရှိနေခြင်းက သူမ၏ တာဝန်သည် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်နှင့် ဆက်စပ်နေနိုင်သည်ကို ဖော်ပြနေသည်။ ချူးယုချင်၏ အတွေးများ ပြေးလွှားနေစဉ် ချူးချင်လီက အေးစက်စွာဖြင့် မေးလိုက်သည်။

“အစ်မ။ ဘာလို့ ချူးမိသားစုကို မပြန်သေးတာလဲ။”

ထိုစကားကို ကြားရပြီးနောက်မှ ချူးယုချင်လည်း သတိပြန်ဝင်လာကာ

“အစ်မက အခု လက်ထပ်ပြီးပြီ။ ချူးမိသားစုနဲ့ မသက်ဆိုင်တော့ဘူး။”

ချူးချင်လီက ဆက်မေးမြန်းလိုက်သည်။

“အစ်မက လက်ထပ်ပြီးသွားပြီဆိုရင် ဘာလို့ မြောက်ပိုင်းနယ်စားမင်းသားနောက်ကို လိုက်နေတာလဲ။ ဘာလို့ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ နေနေတာလဲ။”

“ဒီလို အရည်အချင်းမရှိတဲ့ လူနောက်ကို လိုက်ရင် ဘာရနိုင်မှာလဲ။”

ချူးချင်လီကဲ့သို့သော လုပ်ကြံရေးသမားသည် စိတ်ခံစားမှုများကို ဖိနှိပ်ရန် လေ့ကျင့်ထားပြီး သူမ၏ စိတ်ခံစားမှုအားလုံးကို ငယ်စဉ်ကတည်းက အနီးဆုံးဖြစ်ခဲ့သော ချူးယုချင်ထံ အပ်နှံထားခဲ့သည်။

ထို့ကြောင့် ချူးချင်လီ၏ မျက်လုံးထဲတွင် ချူးယုချင်၏ ပျော်ရွှင်မှုသည် သူမ၏ ပျော်ရွှင်မှု ဖြစ်သည်။

ယခု ချူးယုချင်သည် ချူးမိသားစုတွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ပေ။ သူမ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်နိုင်သည်။ သို့သော် သူမသည် ချူးယွဲ့၏ သားကို လိုက်လံပြုစုရန် ရွေးချယ်ခဲ့သည်။

ချူးချင်လီ၏ မျက်လုံးထဲတွင် ချူးယုချင်သည် မြောက်ပိုင်းနယ်စားမင်း၏ အစေခံတစ်ဦး ဖြစ်လာခဲ့သည်။ အရင်က ချူးယွဲ့၏ အစေခံအဖြစ် နေထိုင်ခဲ့ပြီး ယခု ချူးယွဲ့ မရှိတော့သည့်တိုင် သူမ၏သားကို သခင်အဖြစ် ဆက်လက်ပြုစုနေသည်။ ဤသည်မှာ ကျေးကျွန်စိတ်ဓာတ်၏ လက္ခဏာတစ်ခု ဖြစ်သည်။

ချူးယုချင်၏ ကျေးကျွန်စိတ်ဓာတ်သည် ချူးချင်လီကို အလွန်ရွံရှာစေသည်။ တကယ်တော့ ချူးချင်လီသည် သူမ၏ ပုန်ကန်လိုစိတ် မရှိခြင်းကိုလည်း စက်ဆုပ်နေသည်။ သူမ၏ ခံစားချက်များက ချူးယုချင်အပေါ် ရိုက်ခတ်နေခြင်း ဖြစ်သည်။

ချူးချင်လီက လုချန်းကို အသုံးမကျသူဟု ပြောလိုက်သည်ကို ကြားပြီး ချူးယုချင်သည် အံ့အားသင့်သွားပြီး အနည်းငယ် မကျေနပ်သည့် လေသံနှင့် ပြန်ဖြေလိုက်သည်။

“ချင်လီ နင်မြောက်ပိုင်းမြို့တော်ကို လာတာငါ့ကို ဒါတွေ ပြောဖို့လား။”

ချူးချင်လီက အေးစက်စွာဖြင့် ပြောလိုက်သည်၊

“နင်က အရင်ကလိုပဲ နင့်သခင်ကို သစ္စာရှိရှိ ဆက်ပြုစုနေတယ်။”

ချူးယုချင်က ဆက်ပြောလိုက်သည်။

“မြောက်ပိုင်းမြို့တော်ရဲ့ အခြေအနေက မတည်ငြိမ်နေဘူး။ နင့်မှာ အရေးကြီးတဲ့ ကိစ္စမရှိရင် မြောက်ပိုင်းမြို့တော်က ချက်ချင်း ထွက်သွားသင့်တယ်။”

ချူးယုချင်သည် ချူးချင်လီနှင့် ငြင်းခုံလိုစိတ် မရှိပေ။ ချူးချင်လီသည် လုချန်းကို အမြဲတမ်း မထီမဲ့မြင်ပြုပြီး သူ့ကို အသုံးမကျသူဟု မှတ်ယူထားသည်ကို သူမသိသည်။ အရင်က ချူးယုချင် ချူးမိသားစုဆီ ပြန်သွားခဲ့သည့်အခါတိုင်း ချူးချင်လီက သူမကို လုချန်းထံမှ ခွဲခွာပြီး သူမ၏ ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာဖွေရန် တိုက်တွန်းခဲ့သည်။

သို့သော် သူမက ထိုသို့မလုပ်ခဲ့ပေ။ ထို့ကြောင့် ညီအစ်မ နှစ်ယောက်ကြား အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ချူးချင်လီက မျက်နှာအသွင်အပြင် မပြောင်းပဲ မေးလိုက်သည်။

“အစ်မ နင်ကငါ့ကိုလည်း စွန့်ပစ်တော့မှာလား။”

ဒါက…

ထိုမေးခွန်းကို ကြားပြီး ချူးယုချင် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

“နင်ဘာကို ဆိုလိုတာလဲ။”

ချူးချင်လီက တိုက်ရိုက်ပြန်ဖြေလိုက်သည်။

“မိသားစုအကြီးအကဲက ငါ့ကို အသုံးမကျတော့ဘူးထင်ပြီး နင့်ကိုရှာဖို့ လွှတ်လိုက်တာ။ နင်နဲ့ငါရဲ့ ဆက်ဆံရေးကို နင်မှတ်မိဦးမယ် ထင်ပြီး နင်ငါနဲ့ နှင့်အတူ မြောက်ပိုင်းမြို့တော်က ထွက်သွားမယ်လို့ ငါထင်ခဲ့တာ။ အခု နင်က အဲ့ဒီ အသုံးမကျတဲ့ သူဆီမှာ လုံးဝအညံ့ခံလိုက်ပြီပဲ။”

ချူးချင်လီက ထိုသို့ရှင်းပြလိုက်သောအခါ ချူးယုချင်သည် ဖြစ်ပျက်နေသည်များကို ချက်ချင်းနားလည်သွားသည်။ ချူးရှုံသည် ချူးချင်လီကို မြောက်ပိုင်းမြို့တော်သို့ လွတ်လွတ်လပ်လပ် လာခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူ့ကို လုချန်းဘေးတွင် နေထိုင်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လုချန်းသည် သူ၏မြေးဖြစ်ပြီး သူနှင့်သွေးသားတော်စပ်သူ ဖြစ်သည်။

ချူးရှုံသည် အများစုသော ယောက်ျားများကဲ့သို့ မဟုတ်ပေ။ သူသည် သားအကြီးဆုံးကို မြှောက်စားသည့် အစဉ်အလာကို အရမ်းအရေးမထားပေ။ သူသည် ချူးယွဲ့ကို အမြဲတမ်း ချစ်မြတ်နိုးခဲ့သည်။

ဖြစ်နိုင်သည်မှာ သူ့သား၏ အသုံးမကျမှုများကြောင့် ချူးရှုံသည် ချူးယွဲ့ကို ပို၍နှစ်သက်လာခဲ့ခြင်းဖြစ်သည်။ သူမကို ဆွမ်ဧကရာဇ်၏ မိဖုရား ဖြစ်‌စေခဲ့ခြင်းနှင့် ပတ်သက်၍ ချူးရှုံနောင်တများစွာ ရရှိခဲ့သည်။ သူ့သမီးဖြစ်သူ၏ ပျော်ရွှင်မှုကို သူဖျက်ဆီးမိခဲ့သောကြောင့်ဖြစ်သည်။

ချူးယွဲ့ သေဆုံးပြီးနောက် ချူးယုချင်ကို လုချန်းထံသို့ သွားရောက်စောင့်ရှောက်ရန် စေလွှတ်ခဲ့သူကလည်း ချူးရှုံဖြစ်သည်။ လုချန်းတွင် ထီးနန်းအတွက် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့သော်လည်း ချူးရှုံသည် ချူးယုချင်ကို လုချန်းအား မစွန့်ခွာရန် ညွှန်ကြားခဲ့သည်။

ချူးရှုံ၏ လုချန်းအပေါ် စိုးရိမ်မှုသည် သူ၏သမီး သေဆုံးပြီးနောက် သူ၏ချစ်ခြင်းမေတ္တာကို မြေးဖြစ်သူ လုချန်းထံသို့ လွှဲပြောင်းပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ချူးယုချင်၏ မြင်၏။

ချူးယုချင်က သက်ပြင်းလိုက်ချကာ

“ချင်းလီ မိသားစုခေါင်းဆောင်က နင့်ကို မြောက်ပိုင်းမြို့တော်ကို စေလွှတ်တာက မြောက်ပိုင်းနယ်စားမင်းသားကို ကာကွယ်ဖို့ ဖြစ်မယ်ဆိုတာ နင်စဉ်းစားဖူးဘူးလား” ဟု ပြောလိုက်သည်။

ချူးချင်းလီက

“ဘာကြောင့် ငါက အဲဒီအသုံးမကျတဲ့ လူကို ကာကွယ်ရမှာလဲ” ဟု စိတ်ခံစားမှုကင်းမဲ့သော အသံဖြင့် မေးလိုက်သည်။

“မိသားစုခေါင်းဆောင်က ငါ့ကို လွတ်လပ်ခွင့် ပေးပြီးပြီ။ အခုကစပြီး ငါလုပ်ချင်တာကို လုပ်လို့ရပြီ။”

ချူးယုချင်သည် ချူးချင်းလီ ဤသို့တွေးရသည့် အကြောင်းရင်းကို နားလည်သည်။ “လှောင်အိမ်” ထဲတွင် အချိန်ကြာမြင့်စွာ ပိတ်မိနေပြီးနောက် ယခု လွတ်လပ်ခွင့်ကို ရရှိသွားပြီး‌နောက် သူမသည် ချူးမိသားစုမှ ပေးအပ်သော တာဝန်များကို ဆက်လက်လုပ်ဆောင်မည် မဟုတ်ပါ။

ထို့နောက် ချူးချင်းလီက

“အစ်မ ငါတို့မြောက်ပိုင်းမြို့တော်ကနေ အတူတူထွက်ကြမယ်။ အဲဒီလူနဲ့ ဝေးဝေးကိုသွားမယ်။ ကမ္ဘာကြီးက ကျယ်ပါတယ်။ငါတို့နှစ်ယောက်အတွက် ခိုလှုံစရာ နေရာတစ်ခု အမြဲရှိမှာပဲ။ ငါတို့ကို ဘယ်သူကမှ ချည်နှောင်လို့ မရတော့ဘူး။ ဘယ်သူ့ရဲ့ အစေခံမှလည်း မဖြစ်ရတော့ဘူး။ ငါတို့ အခု လွတ်လပ်ပြီ” ဟု ပြောလိုက်သည်။

........

အခန်း (၁၁၉)

ဒါဆို နင်က မြောက်ပိုင်းနယ်စားမင်းသားရဲ့ အိပ်ရာထဲကို ဝင်‌နေပြီလား (၂)

ချူးချင်လီ၏ စကားကို ကြားရပြီးနောက် ချူးယုချင် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး နက်နဲသော အဓိပ္ပာယ်ပါသည့် စကားတစ်ခုကို ပြောလိုက်သည်။

“ချင်လီ ငါ မြောက်ပိုင်းမြို့တော်ကနေ နင်နဲ့အတူ ထွက်မသွားနိုင်ဘူး။ ငါ့ရဲ့ ခိုလှုံရာနေရာကို ငါရှာတွေ့ပြီ။”

ချူးချင်လီက မေးလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ကို နင့်ရဲ့ ခိုလှုံရာနေရာလို့ ခေါ်တာလား။ နင်က အခြားသူတွေရဲ့ အစေခံဖြစ်ရတာကို ဒီလောက်ကြိုက်သလား။”

“နင်က အခု လက်ထပ်ထားပြီးသား အမျိုးသမီးတစ်ယောက်။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ အမြဲနေနေတယ်။ နင့်ကို အခြားသူတွေ ဘယ်လိုမြင်ကြမလဲ။ သူတို့ ဘာပြောလဲဆိုတာ နင်သိသလား။”

“သိုင်းလောက တစ်လောကလုံးက နင်ဟာမြောက်ပိုင်းနယ်စားမင်းသားရဲ့ အချစ်တော်။ အရှက်မရှိ မသိတတ်တဲ့ မိန်းမလို့ ကောလဟာလတွေ ပြန့်နေပြီ။”

ချူးချင်လီထံမှ ထိုစကားမျိုးကို ကြားရတော့ ချူးယုချင်သည် တစ်ဖန် အံ့အားသင့်သွားခဲ့သည်။ ဒီလို‌ နေ့ရက်မျိုး ရောက်လာနိုင်သည်ဟု သူမအရင်က တွေးထင်ခဲ့ဖူးသည်။

အဘယ့်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်စားမင်းသားသည် ကလေးတစ်ယောက် မဟုတ်တော့ပေ။ သူမသည်လည်း ချူးယွဲ့၏ အစေခံမဟုတ်တော့ပေ။ သူမသည် ဝမ်မိသားစုသို့ လက်ထပ်ထားပြီးဖြစ်သောကြောင့် မြောက်ပိုင်းနယ်စားမင်းသား၏ ဘေးတွင် ရှိနေခြင်းသည် အမြဲတမ်း တရားမဝင်သလို ဖြစ်နေသည်။

လူအများက သူမနှင့် မြောက်ပိုင်းနယ်စားမင်းသားကြား တစ်ခုခုရှိနေသည်ဟု သံသယဝင်ကြမည်မှာ မဆန်းကြယ်ပါ။ ချူးယုချင် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ချူးချင်လီက သူမ စိတ်ယိုင်သွားပြီဟုယူဆ၍ အခွင့်ကောင်းယူကာ ဆက်လက်တွန်းအားပေးလိုက်သည်။

“အစ်မ။ ငါနဲ့အတူ လိုက်လာပါ။ လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ် သုံးသိန်းကလည်း တောင်ဘက်ကို ရွေ့လာပြီ။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ဘေးမှနေတာက နင့်အတွက် အဆုံးသတ်ဖြစ်သွားမယ်။”

ထို့နောက် ချူးယုချင်သည် သတိပြန်ဝင်လာ၏။ ယခင်က မကြည်မလင် ဖြစ်နေသော မျက်နှာအမူအရာက ချက်ချင်း ပျောက်ကွယ်သွားပြီး အပြုံးတစ်ခုဖြင့် အစားထိုးသွားခဲ့သည်။

“ချင်လီ။ မိသားစုအကြီးအကဲက နင့်ကို လွတ်လပ်ခွင့်ပေးလိုက်တာ ငါ ဝမ်းသာတယ်။ ဒါပေမယ့် ငါ နင်နဲ့အတူ ထွက်မသွားနိုင်ဘူး။ ငါ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ တစ်သက်လုံးနေဖို့ ဆုံးဖြတ်ထားပြီးပြီ။ အပြင်လူတွေ ငါ့အကြောင်း ဘာပြောပြော ငါ လက်ခံမယ်။”

“ ချန်းလေးကို ကောင်းကောင်းဂရုစိုက်မယ်လို့ ငါချူးယွဲ့ကို ကတိပေးထားတယ်။ ချန်းလေးက ငါ့အတွက် အရာအားလုံးဖြစ်နေပြီ။ ငါ သူ့ကို ဘယ်တော့မှ မစွန့်ခွာဘူး။”

“ချင်လီ။ နင်သွားပါ။”

ချူးယုချင် သူမနှင့် ထွက်ခွာရန် ငြင်းဆန်နေသည်ကို မြင်သောအခါ ချူးချင်လီသည် မျက်နှာအမူအရာသည် မပြောင်းလဲပဲ အေးစက်စွာဖြင့် ပြောလိုက်သည်။

“ဒါဆို အပြင်က ကောလဟာလတွေက တကယ်ပဲ။ နင် မြောက်ပိုင်းနယ်စားမင်းသားရဲ့ အိပ်ရာထဲ ရောက်နေပြီလား။”

ချူးယုချင် စိတ်မဆိုးပါ။ သူမက ရိုးရိုးလေးပြန်ပြောလိုက်သည်။

“အပြစ်ကင်းသူက သူ့ကိုယ်သူ သန့်ရှင်းစေတယ်။ အပြစ်ရှိသူက သူ့ကိုယ်သူ ညစ်ပတ်စေတယ်။ ငါ ထပ်ပြောဖို့ မလိုတော့ဘူး။”

“ချင်လီ။ ဒီကနေ့ကစပြီး ကောင်းကောင်းရှင်သန်နေထိုင်ပါ။ နင့်မှာငါ့လို အစ်မမျိုး မရှိဘူးလို့ သဘောထားလိုက်ပါ။

ထိုအချိန်တွင် ချူးယုချင်သည် စံအိမ်ထဲသို့ ပြန်သွားရန် စဉ်းစားနေ၏။ သို့သော် ထိုအချိန်တွင် ချူးချင်လီက ရုတ်တရက် ပြောလိုက်သည်။

“နင်ငါနဲ့အတူ ထွက်မသွားဘူးဆိုရင် ငါလည်း မသွားတော့ဘူး။ နင့်ကို အဲဒီလောက်ထိ စွဲလမ်းစေတဲ့ အဲဒီလူက ဘယ်လိုမျိုးလဲဆိုတာ ငါသိချင်တယ်။”

ဒါက...

ချူးယုချင်သည် ချက်ချင်း အံ့အားသင့်သွားခဲ့သည်။ ရိုးရိုးသားသားပြောရလျှင် အရင်က အခြေအနေ ဆိုပါက ချူးယုချင်သည် လုချန်းကို ကာကွယ်ရန် အဆင့်ကိုး သိုင်းပညာရှင် တစ်ဦးရှိသည်ကို မုချပျော်ရွှင်မည်ဖြစ်။

သို့သော် အခု ပြောင်းလဲသွားပြီ ဖြစ်သည်။ လုချန်းကို ပညာရှင်များစွာဖြင့် ဝန်းရံထားပြီးဖြစ်သည်။ အဆင့်ကိုး ပညာရှင်များသာမကထိပ်သီးပညာရှင်အဆင့်ရှိသူများပင် ရှိနေသည်။

အဆင့်ကိုး ပညာရှင် တစ်ဦးတိုးလာခြင်း သို့မဟုတ် လျော့သွားခြင်းသည် လုချန်းအတွက် သိသာထင်ရှားသော ကွာခြားမှုမရှိပေ။ ထို့အပြင် ချူးချင်လီတွင် လုချန်းအပေါ် မကျေနပ်မှုရှိနေပြီး တစ်နေ့ ချူးချင်လီက လုချန်းကို ရုတ်တရက် တိုက်ခိုက်မည်ကို ချူးယုချင် စိုးရိမ်နေသည်။

ထိုအတွေးများဖြင့် ချူးယုချင်က ပြောလိုက်သည်။

“ချင်လီ၊ လူတိုင်းမှာ သူ့ဘဝနဲ့ သူရှိတယ်။ နင်အခု လွတ်လပ်ခွင့်ရပြီ။ ဒီလို ခက်ခက်ခဲခဲ ရရှိလာတဲ့ လွတ်လပ်ခွင့်ကို နင်တန်ဖိုးထားသင့်တယ်။ နင် ငါ့နောက်ကို လိုက်စရာ မလိုပါဘူး။”

ချူးချင်လီက မျက်နှာအမူအရာမပါပဲ ဆက်ပြောလိုက်သည်။

“နင်က ငါ့ကို နင့်နောက်လိုက်ဖို့ အဲ့ဒီလောက် မလိုလားသလိုပဲ။ နင်က မြောက်ပိုင်းနယ်စားမင်းသားနဲ့ နင့်ရဲ့ လျှို့ဝှက်ဆက်ဆံရေးကို ငါသိသွားမှာကို ကြောက်နေတာလား။”

ချူးယုချင် နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။

ချူးချင်လီသည် ငယ်စဉ်ကတည်းက သူမ၏ စိတ်ခံစားမှုများကို ဖိနှိပ်ထားသူဖြစ်ပြီး ခေါင်းမာတတ်သူလည်း ဖြစ်သည်။ သူမတစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်ပြီးပါက သူမ၏ စိတ်ကို ပြောင်းလဲရန် အလွန်ခက်ခဲသည်။

“နင် ငါ့နောက်ကို လိုက်ချင်တယ်ဆိုရင် ငါ ကန့်ကွက်မှာ မဟုတ်ပါဘူး ဒါပေမယ့် ငါ သတိပေးချင်တာက နင်ချန်းလေးကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားမယ်ဆိုရင် အဲ့ဒီအချိန်ကစပြီး ငါတို့က ညီအစ်မတွေ မဟုတ်တော့ဘူး။ ရန်သူတွေ ဖြစ်သွားမယ်။”

ထိုအချိန်တွင် ချူးချင်လီ စကားမပြောတော့ပေ။

ထို့နောက် ချူးယုချင်က ထပ်ပြောလိုက်သည်။

“ငါနဲ့အတူလိုက်ခဲ့ပါ။ နင့်အတွက် အခန်းတစ်ခု စီစဉ်ပေးမယ်။”

ထို့နောက် ချူးယုချင်သည် စံအိမ်ဘက်သို့ လျှောက်သွားပြီး ချူးချင်လီလည်း လိုက်ပါသွားခဲ့သည်။

သူတို့ ခြံဝင်းထဲသို့ ဝင်သောအခါ မုကျိရွှမ်းသည် အေးစက်သော မျက်နှာဖြင့် လှပသော အမျိုးသမီးတစ်ဦး ချူးယုချင်နောက်မှ လိုက်လာသည်ကို မြင်သောအခါ မေးလိုက်သည်။ “ဒေါ်လေးချူး။ ဒီအမျိုးသမီးက ဘယ်သူလဲ။”

ချူးယုချင်က ပြန်ပြောလိုက်သည်။

“ကျိရွှမ်း။ ဒါက ချူးမိသားစုက ဒေါ်လေးညီမပါ။”

ထိုစကားကို ကြားရပြီးနောက် မုကျိရွှမ်းက ချက်ချင်းပြောလိုက်သည်။

“ဒေါ်လေးချူးရဲ့ ညီမလား။ ချူးမိန်းကလေး ဒီမှာ လာထိုင်ပါ။”

မူလက ချူးယုချင်သည် သူမအတွက် အခန်းတစ်ခု စီစဉ်ရန် ရည်ရွယ်ထားသော်လည်း မိဖုရားက သူမအား လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်သည့်အတွက် ဆက်မလုပ်ဖြစ်တော့ပေ။

ထိုစဉ် ချူးယုချင်က ချူးချင်လီဘက်သို့ လှည့်ပြီး ပြောလိုက်သည်။

“ချင်လီ။ ဒါက မိဖုရားပါ။ သူတို့ကတော့

ချန်းလေးရဲ့ ဇနီးနှစ်ယောက်ပါ။”

ချူးချင်လီက ချက်ချင်း ဦးညွှတ်ကာ ပြောလိုက်သည်။

“ မိဖုရားကို ဂါရဝ ပြုပါတယ်။ မိဖုရားငယ်နှစ်ပါးကိုလည်း ဂါရဝပြုပါတယ်။”

မုကျိရွှမ်းက ပြုံးရင်းဖြင့် ပြောလိုက်သည်

“ ချူးမိန်းကလေး။ ထုံးစံတွေ မလိုအပ်ပါဘူး။ လာထိုင်ပါ။”

ချူးချင်လီသည် တွန့်ဆုတ်ခြင်း မရှိပဲ ခြံဝင်းအတွင်းရှိ ကျောက်စားပွဲသို့ တိုက်ရိုက်သွားပြီး ထိုင်လိုက်သည်။

မုကျိရွှမ်းက ချက်ချင်းပင် ချူးချင်လီအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ပြီး စူးစမ်းလိုက်သည်။

“ချူး မိန်းကလေး။ မြောက်ပိုင်းမြို့တော်မှာ ဘာကိစ္စရှိလို့လဲ။”

ချူးချင်လီက ဖြေလိုက်သည်။

“မိဖုရား။ ကျွန်မက ကျွန်မရဲ့ အစ်မကို နယ်စားမင်းသား စံအိမ်ကနေ ခေါ်သွားဖို့ စီစဉ်ထားပါတယ်။”

ချူးချင်လီ၏ အဖြေကို ကြားရပြီးနောက် မုကျိရွှမ်းနှင့် ကျောင်းညီအစ်မ နှစ်ဦးလည်း အံ့အားသင့်သွားခဲ့သည်။ ထို့နောက် သတိပြန်ဝင်လာပြီး မုကျိရွှမ်းက ချူးယုချင်ကို ကြည့်ကာ ပြောလိုက်သည်။

“ဒေါ်လေးချူးက မင်းသား စံအိမ်ကနေ ထွက်ခွာသွားဖို့ စီစဉ်ထားတာလား။”

လုချန်းနှင့် ချူးယုချင်ကြား ဆက်ဆံရေးကို သူတို့သိရှိထားသည်။ လုချန်းသည် ချူးယုချင်ကို မည်သို့မှ ခွင့်ပြုမည် မဟုတ်ပေ။ချူးယုချင်က အလျင်အမြန် ပြန်ပြောလိုက်သည်။

“ ‌ဒေါ်လေး အခုအချိန်မှာ စံအိမ်က ထွက်ခွာသွားဖို့ အစီအစဉ်မရှိပါဘူး။ သူ့ကို ငြင်းပယ်ထားပြီးပါပြီ။”

ချူးယုချင်၏ စကားကို ကြားပြီးမှ မုကျိရွှမ်းသက်ပြင်းချနိုင်လိုက်သည်။

ထိုစဉ် ချူးယုချင်က ချူးချင်လီကို ပြောလိုက်သည်။

“ချင်လီ မင်းသားစံအိမ်ရဲ့ လက်ဖက်ရည်က စိတ်ကို လန်းဆန်းစေပြီး ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေနိုင်တယ်။ ခရီးအရှည်ကြီး လာခဲ့ရ‌တော့ နင်လည်းနည်းနည်း ပင်ပန်းနေမယ် ထင်တယ်။ လက်ဖက်ရည်ကို မြည်းစမ်းကြည့်ပါလား။”

ချူးယုချင် ပြောပြီးသည်နှင့် ချူးချင်လီက မုကျိရွှမ်းက သူမအတွက် ငှဲ့ထားသော လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး သောက်လိုက်သည်။ ချူးချင်လီ လက်ဖက်ရည်သောက်သည်ကို မြင်တွေ့ရသောအခါ မုကျိရွှမ်း နှလုံးခုန်သွားသည်။

အိုးဘုရားသခင်။ သူမ လက်ဖက်ရည်ကို လဲထားဖို့ မေ့သွားခဲ့သည်။ သူတို့သောက်နေသော လက်ဖက်ရည်သည် ရန်ခရိုင်မှ ယူဆောင်လာသော နဂါးဖီးနစ် လက်ဖက်ရည် ဖြစ်သည်။ အခြားသူများက နဂါးဖီးနစ် လက်ဖက်ရည်၏ အာနိသင်ကို မသိကြပေ။ သို့သော် မုကျိရွှမ်းက ကောင်းစွာသိ၏။ ဒါက ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။

ထိုအချိန်တွင် မုကျိရွှမ်းက ကျောက်စိမ်းနှစ်ကဲ့သို့ ချောမွေ့သော အသားအရေ၊ လှပသော အေးစက်သည့် ဟန်ပန်၊ သွယ်လျသော ကိုယ်ခန္ဓာတို့ဖြင့် ဘုံကိုးဆင့်မှ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေသည့် ချူးချင်လီ၏ ပုံသဏ္ဍန်ကို ကြည့်လိုက်၏။ သူတို့ စံအိမ်မှ ထွက်ခွာမည့် အချိန်တွင် လုချန်း လက်ခံလိုက်သော ကိုယ်လုပ်တော် ပိုင်ချင်းချင်းနှင့် အလွန်ဆင်တူသည်။

မုကျိရွှမ်းသည် စိတ်ထဲထင်လိုက်သည်။ မင်းသားသည် ထိုကဲ့သို့သော အမျိုးသမီးကို ကြိုက်နှစ်သက်မည် မဟုတ်ပါလား။ သူတို့ ရန်ခရိုင်သို့ ပြန်ရောက်သောအခါ လုချန်းက သူမကို ထိုကိစ္စအတွက် စိတ်ဆိုးမည် မဟုတ်ဟု သူမမျှော်လင့်သည်။

နဂါးဖီးနစ် လက်ဖက်ရည်ကို သောက်ပြီးနောက် ချူးချင်လီသည် မင်းသားစံအိမ်၏ လက်ဖက်ရည်က အမှန်တကယ်ပင် စိတ်ကို လန်းဆန်းစေပြီး စိတ်ခံစားမှုကို တည်ငြိမ်စေသည့် အာနိသင်ရှိကြောင်း တွေ့ရှိလိုက်သည်။

သူမ၏ မျက်နှာထားက အမြဲတမ်း အေးစက်နေသော်လည်း ချူးယုချင်က မင်းသားစံအိမ်တော်မှ သူနှင့်အတူ ထွက်ခွာရန် ငြင်းဆန်လိုက်သည်ကို ကြားရပြီးနောက် သူမ၏ စိတ်များ အတော်လေး လေးလံနေခဲ့သည်။

သို့သော် နဂါးဖီးနစ် လက်ဖက်ရည်ကို သောက်ပြီးနောက် ထိုလေးလံမှုများက ချက်ချင်းပင် ပြေလျော့သွားပြီး ပို၍ သက်သောင့်သက်သာ ဖြစ်လာသည်။ ထိုလက်ဖက်ရည်သည် အမှန်တကယ်ပင် အံ့အားသင့်စရာကောင်းသည်။

ထို့နောက် ချူးချင်လီက မုကျိရွှမ်းကို ပြောလိုက်သည်၊

“လက်ဖက်ရည်အတွက် ကျေးဇူးတင်ပါတယ် မိဖုရား။”

မုကျိရွှမ်းက အနည်းငယ် အားနာသည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

“ရပါတယ်။”

ထို့နောက် မုကျိရွှမ်းက ဆက်ပြောလိုက်သည်။

“ချူးမိန်းက‌လေး။ မြောက်ပိုင်းမြို့တော်ရဲ့ အခြေအနေက မတည်ငြိမ်သေးတော့ ချူးမိန်းကလေး ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိပါသလဲ။”

ချူးချင်လီက မျက်နှာထား မပြောင်းပဲ ပြန်ဖြေလိုက်သည်။

“မိဖုရား။ ကျွန်မ အစ်မ ရှိတဲ့နေရာမှာ ကျွန်မလည်း ရှိပါမယ်။”

ဒါက…

မုကျိရွှမ်း ချူးယုချင်ကို ကြည့်လိုက်သည်။

ထို့အခါ ချူးယုချင်က အလျင်အမြန်ပင် ပြောလိုက်သည်။

“ကျိရွှမ်း။ ဒေါ်လေးက သူ့ကို စံအိမ်ရဲ့ အတွင်းဆောင် ဒုလုံခြုံရေးမှုး ခန့်ဖို့ စီစဉ်ထားတယ်။ ဘယ်လို သဘောရလဲ။”

မုကျိရွှမ်းက ချက်ချင်း ပြန်ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး။ စကားမစပ် ချူးမိန်းက‌ လေးရဲ့ နာမည်ကို ကျွန်မ မသိသေးပါဘူး။”

ချူးချင်လီက

“ကျွန်မနာမည်က ချူးချင်လီပါ။”

မုကျိရွှမ်းက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်၊

“ဒါဆိုရင် အခုကစပြီး ကျွန်မတို့က ချင်လီလို့ ခေါ်ပါမယ်။”

မုကျိရွှမ်း စကားဆက်ပြောမည့်အချိန်တွင်အစေခံတစ်ဦး ရုတ်တရက် ထိတ်လန့်တကြား ဝင်လာသည်။

“မိဖုရား။ မိဖုရား။ မကောင်းတော့ဘူး။”

အစေခံ၏ ဖြူဖပ်ဖြူလျော် ဖြစ်ပြီး ထိတ်လန့်နေသော မျက်နှာအမူအရာကို မြင်တွေ့ရသောအခါ မုကျိရွှမ်းက ချက်ချင်း မေးလိုက်သည်။

“ဘာဖြစ်လို့လဲ။”

အစေခံ မိန်းက‌လေးက အလျင်အမြန် ပြန်ပြောလိုက်သည်။

“မိဖုရား။ အန်းပင်မြို့ရဲ့ မြို့စောင်တပ်က မြင်းတပ် ငါးထောင်ခန့် အန်းပင်မြို့ဘက်ကို ချဉ်းကပ်နေတာ မြင်တွေ့ရပါတယ်။ သူတို့က လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ ရှေ့ပြေးတပ်ဖြစ်နိုင်ပါတယ်။”

ထိုစကားကို ကြားရပြီးနောက် မုကျိရွှမ်း၏ စိတ်ထဲတွင် ဗလာနတ္ထိဖြစ်သွားခဲ့ပြီး ကြမ်းပြင်ပေါ်သို့ လဲကျလုနီးနီး ဖြစ်သွားခဲ့သည်။

ကျောင်းယိုယိုနှင့် ကျောင်းရှောင်ရှောင်တို့က မုကျိရွှမ်းကို ချက်ချင်း ဖေးမလိုက်ကြရသည်။

တုန်ယင်စွာဖြင့် မုကျိရွှမ်းက ပြောလိုက်သည်

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ရန်ခရိုင်ရှိနေ သေးတယ်။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေက အန်းပင်မြို့ကို ဒီလောက်မြန်မြန်ရောက်လာ

နိုင်ပါ့မလား။ ဒါဆို... ရန်ခရိုင်က ကျသွားပြီလား...”

ပြောနေရင်းပင် မုကျိရွှမ်းသည် တုန်လှုပ်လာပြီး သူမ၏ မျက်နှာအရောင်က ပို၍ဖြူ လျော်လာကာ သွေးရောင်လုံးဝမရှိတော့ပေ။

.....

အခန်း (၁၂၀)

ချန်းလေးဟာ အံ့ဖွယ်အရာတွေကို လုပ်နိုင်တဲ့သူတစ်ဦးပါ (၁)

မုကျိရွှမ်းသည် စစ်ရေးကိစ္စများကို နားမလည်သော်လည်း အရူးတစ်ယောက်တော့ မဟုတ်ပါ။ သူမသိပါသည်။ ရန်ခရိုင်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တောင်ဘက်သို့ ချီတက်မှုကို တားဆီးထားသော ခံတပ်ဖြစ်သည်။ အကယ်၍ ရန်ခရိုင် ခိုင်မြဲစွာ ရပ်တည်နေပါက လွင်ပြင်ဒေသ မျိုးနွယ်စုများအနေနှင့် အန်းပင်မြို့သို့ ရောက်ရှိနိုင်ရန် ပို၍ရှည်ကြာသော လမ်းကြောင်းအတိုင်း ဝင်ရမည်ဖြစ်သည်။ သူတို့ ဒီလောက်မြန်မြန်တော့ ရောက်ရှိလာနိုင်ခြင်း မရှိပါ။

လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ် အန်းပင်မြို့သို့ ဤမျှမြန်မြန် ရောက်ရှိလာနိုင်သည့် အခြေအနေက တစ်ခုသာ ရှိသည်။ ရန်ခရိုင် ကျဆုံးသွားခြင်းဟူသော အခြေအ‌နေပင်ဖြစ်သည်။

ရန်ခရိုင် ကျဆုံးပါက လုချန်း၏ ကံကြမ္မာ မည်သို့ရှိမည့် အကြောင်းကို တွေးမိသောအခါ မုကျိရွှမ်းသည် သူမ၏ ကမ္ဘာကြီး ပြိုလဲသွားသလိုဟု ခံစားလိုက်ရသည်။

တစ်ခဏအတွင်းပင် ခြံထဲရှိ စိတ်ခံစားမှု လေထုသည် ချက်ချင်းပင် လေးလံမှောင်မိုက်သွားသည်။ မုကျိရွှမ်းကို ထောက်ပံ့ဖေးမနေသော ကျောင်းညီအစ်မတို့သည်လည်း သူတို့ကိုယ်တိုင် မတ်တပ်ရပ်ရန်ပင် ခဲယဉ်းလာသည်။

အကယ်၍ မြောက်ပိုင်းနယ်စားမင်းသား တကယ်ပင် ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ပါက မင်းသားစံအိမ်ရှိ အမျိုးသမီးအားလုံး၏ ကံကြမ္မာက ဘာဖြစ်သွားမည်နည်း။ ထိုအချိန်တွင် ချူးယုချင်က ပြန်လည်သတိဝင်လာပြီး ချက်ချင်းပင် အစေခံတစ်ဦးကို မေးလိုက်သည်။

“ဗိုလ်ကြီးမုက သူတို့ကို လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်ဖြစ်ကြောင်း အတည်ပြုပြီးပြီလား။”

ချူးယုချင်၏စိတ်သည် လုချန်း မတော်တဆ ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့သည်ဟု ယုံကြည်ရန် ငြင်းဆန်နေသည်။ ချန်းလေးသည် ကံကောင်းသူတစ်ဦး ဖြစ်သည်။ ရန်ခရိုင်မှာတုန်းက သူ့တွင်ရှိနေသော ယုံကြည်မှုကို ထည့်သွင်းစဉ်းစားပါက သူခံတပ်ကို ကာလတစ်ခုအထိ ခိုင်မာစွာ ကာကွယ်နိုင်မည်ဆိုတာ အတော်လေး သေချာနေသည်။ နန်းတွင်းတပ် ရောက်ရှိလာသည်အထိ ကာကွယ်နိုင်မည် ဖြစ်သည်။

အချိန်က မကြာသေးပါ။ ရန်ခရိုင် မည်သို့ ကျဆုံးနိုင်မည်နည်း။ ဖြစ်နိုင်သည်မှာ မြင်းတပ်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများမှ မဟုတ်ဘဲ နန်းတွင်းတပ်မတော်မှ ဖြစ်နိုင်သည်။

အစေခံက ပြောလိုက်သည်။

“ဗိုလ်ကြီးမုက မြို့တံခါးတွေကို ပိတ်ထားဖို့အမိန့်ပေးထားပြီးပါပြီ။ မြို့ထဲက စစ်သည်အားလုံးကလည်း စစ်တိုက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ လွင်ပြင်ဒေသ မျိုးနွယ်စုရဲ့ မြင်းတပ်ဖြစ်ကြောင်းကိုတော့ သူအတည်မပြုသေးပါဘူး။ မြင်းတပ်သည် မြောက်ဘက်ကလာတဲ့အတွက် လွင်ပြင်ဒေသ မျိုးနွယ်စုမြင်းတပ် ဖြစ်နိုင်ချေရှိကြောင်း သူကပြောပါတယ်။ သူက မိဖုရားကို စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားဖို့ အကြံပြုပါတယ်။”

မုကျိရွှမ်း၏ ဒုတိယအစ်ကိုဖြစ်သူ မုရှင်းပင်သည် အစက ထိုကိစ္စကို သူမအား မပြောရန် ရည်ရွယ်ခဲ့သေးသည်။ သူမ ထိုသတင်းကို ခံနိုင်ရည် မရှိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

သို့သော် နောက်ဆုံးတွင် မုရှင်းပင်သည် သူမကို အသိပေးရန် လူတစ်ယောက် စေလွှတ်ခဲ့သည်။ မုကျိရွှမ်းကို ကြိုတင်သတိပေးထားခြင်းဖြင့် သူမ စိတ်ပိုင်းဖြတ်ထားနိုင်ရန် အချိန်ပေးနိုင်မည်ဟု ယူဆလိုက်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ချီတက်လာနေသော မြင်းတပ်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ် မဟုတ်ကြောင်း အတည်မပြုနိုင်သေးပေ။

အတည်ပြုပြီးမှသာ မြောက်ပိုင်းနယ်စားမင်းသား၏ ကံကြမ္မာကို မုကျိရွှမ်းအား ပြောပါက သူမသည် ပို၍ပင် ခံနိုင်ရည် မရှိနိုင်ပေ။ အစေခံ၏ စကားကို ကြားပြီးနောက် မုကျိရွှမ်း၏ မျက်နှာအရောင်သည် ပို၍ပင် ဖြူလျော် ဖြစ်သွားသည်။

ထိုအချိန်တွင် ကျောင်းယိုယို၏ မျက်ရည်များသည်လည်း မထိန်းနိုင်တော့ပဲ ကျဆင်းလာသည်။

“အိုး မင်းသားက ......။”

ထိုစဉ် ချူးယုချင်က ပြောလိုက်သည်၊

“ကျိရွှမ်းတို့အားလုံး စိတ်မပူပါနှင့်။ ဒေါ်လေးသွားကြည့်ပြီး စုံစမ်းပါမယ်။ ချန်းလေးက ဘုန်းကံကြီးတဲ့သူတစ်ဦး ဖြစ်တယ်ဆိုတာ အားလုံးမေ့သွားကြပြီလား။ သူလွယ်လွယ်ကူကူနဲ့ ဘေးအန္တရာယ် မကြုံတွေ့နိုင်ပါဘူး။ မြောက်ပိုင်းမြို့တော် ကျဆုံးသွားသည့်တိုင်အောင် သူအတွက် အန္တရာယ် မရှိနိုင်ပါဘူး။”

ထိုစကားကို ကြားရပြီးနောက် အခြားအမျိုးသမီးများသည် သူတို့၏ စိတ်ကို ပြန်ထိန်းနိုင်လာခဲ့ကြသည်။ မှန်ပါသည်။ သူတို့၏ မင်းသားသည် ဘုန်းကံကောင်းသူဖြစ်သည်။ သူ ဒီလောက်လွယ်လွယ်နှင့် သေဆုံးမည် မဟုတ်ပါ။

ထိုအတွေးက မုကျိရွှမ်းကို အနည်းငယ် စိတ်သက်သာရာရစေခဲ့သော်လည်း သူမအလွန်စိုးရိမ်နေဆဲဖြစ်သည်။ ထို့နောက် ချူးယုချင်က ခြံဝင်းထွက်ပေါက်ဘက်သို့ သွားလိုက်သည်။ ချူးယုချင် ထွက်ခွာသွားသည်ကို မြင်သောအခါ ချူးချင်လီကလည်း ချက်ချင်းထပြီး လိုက်သွားခဲ့သည်။

ချူးချင်လီက ထိုကိစ္စကို အခွင့်ကောင်းတစ်ခုဟု မြင်ပြီး လမ်းတွင် ပြောလိုက်သည်။

“အစ်မ။ အကယ်၍ မြောက်ပိုင်းနယ်စားမင်းသား တကယ်ပဲ တစ်ခုခု ဖြစ်သွားရင် နင်ငါနဲ့အတူ မြောက်ပိုင်းမြို့တော်ကနေ ထွက်မှာလား။”

ချူးချင်လီ စကားဆုံးသည်နှင့် ချူးယုချင်က ချက်ချင်းပြန်ပြောလိုက်သည်။

“ချန်းလေးကို အန္တရာယ်တစ်ခုခု မဖြစ်နိုင်ဘူး။”

ချူးယုချင်၏ စကားလုံးများထဲတွင် သေချာမှုများ ရှိနေသည်ကို ကြားရပြီးနောက် ချူးချင်လီက သူမကို ချူးယုချင် ငြင်းဆန်နေသည်ဟု ထင်ကာ နောက်ထပ် ဘာမှထပ်မပြောတော့ပေ။

သူမက တွေးလိုက်၏။ ချူးယုချင်သည် လက်တွေ့အရှိတရားကို မကြာမီ ရင်ဆိုင်ရမည်ဖြစ်၏။ သူမ အလောကြီးရန် မလိုပေ။

လွင်ပြင်ဒေသ မျိုးနွယ်စုစစ်တပ် သုံးသိန်းသည် တောင်ဘက်သို့ ရွေ့လျားနေပြီး ရန်ခရိုင်တွင် အများဆုံး တပ်သား ငါးသောင်းသာ ရှိသည်။ မျက်စိရှိသူ မည်သူမဆို မြောက်ပိုင်းနယ်စားမင်းသား မခုခံနိုင်ဘူးဆိုတာကို သိမြင်နိုင်သော်လည်း ချူးယုချင်ကတော့ သူ့အပေါ် ယုံကြည်မှု ရှိနေဆဲဖြစ်သည်။

ဒါက နည်းနည်း ရယ်စရာကောင်းသည်ဟု ချူးချင်လီ ထင်မိသည်။

မြောက်ပိုင်းနယ်စားမင်းသားက သူမ၏ အစ်မကို ဘာဆေးတွေများ တိုက်ထားခဲ့လို့ လွင်ပြင်ဒေသ မျိုးနွယ်စုတို့၏ တောင်ဘက်သို့ ကျူးကျော်မှုကို ခုခံနိုင်မည်ဟု ချူးယုချင်ကို ယုံကြည်စေတာလဲဟု ချူးချင်လီ သိချင်မိသည်။

ခြံဝင်းမှ ထွက်ပြီးနောက် ချူးယုချင်သည် ချက်ချင်း မြင်းတစ်စီးကိုယူ၍ မြို့တံခါးဘက်သို့ တန်းသွားခဲ့သည်။ ချူးချင်လီသည်လည်း မြင်းစီး၍ ခပ်မြန်မြန်လိုက်သွားခဲ့သည်။

မကြာမီ သူတို့နှစ်ဦး မြို့တံခါးသို့ ရောက်ရှိလာခဲ့သည်။ အန်းပင်မြို့၏ မြို့တံခါးများကို လုံးဝပိတ်ထားပြီး မြို့ရိုးပေါ်ရှိ ကျောက်‌ မောင်းလက်နက်များက အဆင်သင့်ဖြစ်နေသည်။

ချူးယုချင်နှင့် ချူးချင်လီတို့လည်း မြို့ရိုးပေါ်သို့ ခုန်တက်လိုက်ကြသည်။ ချူးယုချင် ရောက်ရှိလာသည်ကို မြင်သောအခါ မုရှင်းပင်က ချက်ချင်းအနားရောက်လာကာ ပြောလိုက်သည်။

“ဒေါ်လေးချူးကို တွေ့ရတာ ဝမ်းသာပါတယ်။”

ချူးယုချင်က ချက်ချင်းမေးလိုက်သည်၊ “ဗိုလ်ကြီး မု၊ အခြေအနေက ဘယ်လိုလဲ။ လွင်ပြင်ဒေသ မျိုးနွယ်စု မြင်းတပ်ဖြစ်ကြောင်း အတည်ပြုပြီးပြီလား။”

သူတို့သည် စစ်သားများရှေ့တွင် ရှိနေသည့်အတွက် ချူးယုချင်က မုရှင်းပင်အား ဗိုလ်ကြီး မုဟု ခေါ်ဝေါ်ခဲ့သည်။ မုမိသားစု၏ အဖြစ်မှန်ကို မတော်မတ မဖော်ထုတ်ခံရစေရန် ဖြစ်သည်။

ထို့အပြင် အန်းပင်မြို့က ရှနိုင်ငံတော်၏ ပြည်မနှင့် ပိုမိုနီးကပ်နေသည့်အတွက် ဤအသေးစိတ်အချက်များကို အထူးဂရုပြုရန် လိုအပ်သည်။

မုရှင်းပင်က မျက်ခုံးတွန့်ကာ လေးလေးနက်နက် ဖြေလိုက်သည်။

“အတည်မပြုရသေးပါဘူး။ သူတို့အားလုံးက အနက်ရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားတဲ့ သံချပ်ကာ မြင်းတပ်ဖြစ်နေပုံရပါတယ်။ ကျွန်တော့်အဖေက လွင်ပြင်ဒေသ မျိုးနွယ်စုတွေမှာ ဒီလိုမြင်းတပ်ရှိတယ်လို့ တစ်ခါမှ မပြောဖူးဘူး။”

မုရှင်းပင်သည် လွင်ပြင်ဒေသ မျိုးနွယ်စုတို့နှင့် တိုက်ရိုက်တိုက်ခိုက်ဖူးသည့် အတွေ့အကြုံမရှိသော်လည်း သူသည် မုချန်တိန်ထံမှ အကြောင်းအရာများစွာကို ကြားဖူးထားပြီး သူတို့အကြောင်း အနည်းငယ် နားလည်ထားသည်။ သို့သော် အခု လွင်ပြင်ဒေသ မျိုးနွယ်စုတွင် အနက်ရောင် သံချပ်ကာ မြင်းတပ်ရှိကြောင်းကို ပထမဆုံးအကြိမ် သူကြားဖူးမြင်ဖူးခြင်းဖြစ်သည်။

လွင်ပြင်ဒေသ မျိုးနွယ်စုတို့၏ မြက်ခင်းပြင် ဒေသတွင် သံသတ္တုမရှိသည့်အတွက် သံချပ်ကာ မြင်းတပ်တစ်တပ်ကို ဖွဲ့စည်းရန် ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် မုရှင်းပင်အနေနှင့် သူတို့သည် လွင်ပြင်ဒေသ မျိုးနွယ်စုများဖြစ်ကြောင်း သေချာမှုမရှိပေ။

မုရှင်းပင်စကားပြောနေစဉ် အဝေးမှ ဖုန်မှုန့်များ လွင့်လာပြီး စစ်သားတစ်ဦးက ချက်ချင်း သတိပေးလိုက်သည်။

“ဗိုလ်ကြီးမု၊ ဒေါ်လေးချူး သူတို့ လာနေပါပြီ။”

ချူးယုချင်သည် ချက်ချင်းပင် အန်းပင်မြို့သို့ တိုက်ရိုက်ချီတက်လာနေသော အဝေးမှ မြင်းတပ်ကို ကြည့်လိုက်သည်။

ချူးယုချင်တို့သည် အနက်ရောင် မြင်းတပ် မရောက်ရှိလာမီ ရန်ခရိုင်မှ ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် လုချန်းတွင် အနက်ရောင်သံချပ်ကာ မြင်းတပ်ရှိကြောင်း သူတို့မသိကြပေ။

........

All Chapters