အခန်း ၁၂၁-၁၂၃
Vol. 9 Ch. 121-123
အခန်း (၁၂၁)
ချန်းလေးဟာ အံ့ဖွယ်အရာတွေကို လုပ်နိုင်တဲ့သူတစ်ဦးပါ (၂)
ထို့ကြောင့် သူတို့သည် ချီတက်လာနေသော မြင်းတပ်ကို နားလည်မှုလွဲခဲ့ပြီး ရွှမ်ယွမ်ချန်းနှင့် သူ၏လူများကို လွင်ပြင်ဒေသ မျိုးနွယ်စုများဟု ယုံကြည်စေခဲ့သည်။ ကံကောင်းထောက်မစွာပင် ရွှမ်ယွမ်ချန်း၏ အဖွဲ့ တွင် မုကျင်းဝူလည်း ပါလာသည့်အတွက် နားလည်မှုလွဲခြင်းကို အလွယ်တကူ ရှင်းလင်းနိုင်ခဲ့သည်။
အန်းပင်မြို့၏ ကာကွယ်ရေးစစ်သားများသည် စစ်တိုက်ရန် အဆင်သင့်ဖြစ်နေစဉ်အနက်ရောင် မြင်းတပ်သည် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး မြင်းစီးသူတစ်ဦးသာ မြို့တံခါးဘက်သို့ ချဉ်းကပ်လာခဲ့သည်။
ထိုသူ နီးကပ်လာသောအခါ မြို့ရိုးပေါ်ရှိ စစ်သားအချို့က ချက်ချင်းမှတ်မိလိုက်သည်။
“ဒါက ဗိုလ်ကြီး မုပဲ။ တော်သေးတာပေါ့ ရန်သူမဟုတ်ဘူး။”
“ဒါက မင်းသားရဲ့ သံချပ်ကာ မြင်းတပ်လား။”
“မင်းသားမှာ သံချပ်ကာ မြင်းတပ် ဘယ်တုန်းက ရှိသွားတာလဲ။ ကျွန်တော်တို့က ရန်ခရိုင်ကနေ ထွက်လာတုန်းက မြင်းတပ်က ရာဂဏန်းပဲ ရှိခဲ့တာ။”
“ဟုတ်တယ်။ မင်းသားက သံချပ်ကာ မြင်းတပ်ကို ဘယ်ကရတာလဲ။”
“နန်းတွင်းက သံချပ်ကာ မြင်းတပ်ဖြစ်နိုင်လား။”
မြို့ရိုးပေါ်ရှိ တပ်သားများသည် မုကျင်းဝူကို မြင်လိုက်ရသည်နှင့် ချက်ချင်း စိတ်သက်သာရာရသွားခဲ့ကြသော်လည်း ချူးယုချင်ကတော့ စိတ်မသက်သာပေ။ သူမသည် မျက်ခုံးများက တွန့်နေဆဲဖြစ်ပြီး မုကျင်းဝူကို ဂရုတစိုက် စောင့်ကြည့်နေသည်။
အဘယ့်ကြောင့်ဆိုသော်...
မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာ မြင်းတပ်မရှိပေ။ အခုတော့ ရုတ်တရက် သံချပ်ကာ မြင်းတပ် ထောင်နှင့်ချီ ရှိနေသည်။ ဒါက သံသယဖြစ်စရာ ကောင်းလှသည်။ မုကျင်းဝူ လွင်ပြင်ဒေသ မျိုးနွယ်စုတို့ထံ လက်နက်ချခဲ့သည်ဟူသော ဖြစ်နိုင်ချေကို ဖယ်ရှားရန် မဖြစ်နိုင်ပါ။
ဘာဆက်ဖြစ်မည်ကို ကြည့်ရှုရန် လိုအပ်သည်။ ထိုအချိန်တွင် မုကျင်းဝူသည် အန်းပင်မြို့ရိုး၏ အောက်သို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် သူက အော်ဟစ်ကာ ပြောလိုက်သည်။
“ရန်ခရိုင်မှာ အောင်ပွဲကြီးရပြီ။ မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းမြို့တော်ရဲ့ စစ်သည်တွေကို ဦးဆောင်ပြီး တစ်ညအတွင်းပဲ လွင်ပြင်ဒေသ မျိုးနွယ်စုတပ်သား နှစ်သိန်းကို ရှင်းလင်းလိုက်ပြီး နောက်ထပ် တစ်သိန်းကလည်း အဖမ်းခံလိုက်ရတယ်။ မင်းသားက ကျွန်တော့်ကို မိဖုရားကို ပြန်ခေါ်လာဖို့လွှတ်လိုက်ပါတယ်။”
မုကျင်းဝူ၏ စကားကို ကြားရပြီးနောက် မြို့ရိုးပေါ်ရှိ စစ်သားများ အံ့အားသင့်သွားခဲ့ကြသည်။ တစ်ညအတွင်း လွင်ပြင်ဒေသ မျိုးနွယ်စုတပ်သား နှစ်သိန်းကို ရှင်းလိုက်ပြီလား။ နောက်ထပ် တစ်သိန်းကိုလည်း ဖမ်းလိုက်တယ်။
ဒါက... ဖြစ်နိုင်ပါ့မလား။
ချူးယုချင်ပင် အံ့အားသင့်သွားခဲ့ရသည်။ လုချန်းက သူ့ကိုယ်သူ ယုံကြည်မှုရှိသည့်အတွက် မြို့ထဲတွင် ခံတိုက်ရန် ရွေးချယ်ခဲ့သည်ကို သူမသိသော်လည်း ဤရလဒ်ကိုတော့ သူမမျှော်လင့်ထားခဲ့ခြင်း မရှိပေ။
ထိုအချိန်တွင် ချူးယုချင်၏ ဘေးနားရှိ ချူးချင်လီက ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး၊ မြောက်ပိုင်းမြို့တော်မှာ ဒီလိုအင်အားရှိနိုင်မှာ မဟုတ်ဘူး။ ဒါက လုံးဝမှားယွင်းနေတယ်။ မြို့ရိုးအောက်က လူက လွင်ပြင်ဒေသ မျိုးနွယ်စုတွေ လွှတ်လိုက်တဲ့ သူလျှိုဖြစ်ရမယ်။ နင်တို့ကို တံခါးဖွင့်ခိုင်းဖို့ သတင်းမှားတွေ ဖြန့်နေတာပဲ။”
ထိုအသုံးမကျသော မြောက်ပိုင်းနယ်စားမင်းသား သေဆုံးပြီးနောက် သူမ၏ အစ်မကို ခေါ်ဆောင်ကာ မြောက်ပိုင်းမြို့တော်မှ ထွက်ခွာပြီး ပျော်ရွှင်စရာဘဝကို ရရှိနိုင်ရန် ချူးချင်လီ တွေးနေခဲ့သည်။ သို့သော် ယခု ရန်ခရိုင်က မကျသေးပဲ မြောက်ပိုင်းမြို့တော်က လွင်ပြင်ဒေသ မျိုးနွယ်စုတပ်ကို အပြတ်အသတ် အနိုင်ရရှိခဲ့သည်ဟု ကြားရသည်။ ဒါက သူမ၏ စိတ်ကူးများကို ချက်ချင်းပျက်စီးစေခဲ့၏။ ထိုရလဒ်ကို သူမ လက်ခံနိုင်မည် မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် ထိုသတင်းသည်လည်း အလွန်ပင် မယုံနိုင်စရာဖြစ်နေသည်။
မြောက်ပိုင်းမြို့တော်၏ အခြေအနေကို ရှနိုင်ငံတော်၏ ပြည်သူများက ကောင်းစွာသိရှိ၏။ ချူးချင်လီသည်လည်း မြောက်ပိုင်းမြို့တော်သို့ လာစဉ်တွင် နန်းတွင်းမှ မြောက်ပိုင်းကို ကူညီရန် စစ်သား ခုနစ်သောင်းကိုသာ စေလွှတ်ခဲ့သည်ကို ကြားခဲ့ရသည်။
ထိုစစ်သား ခုနစ်သောင်းက ဤမျှတိုတောင်းသော အချိန်အတွင်း မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိနိုင်မည်လားဆိုသည်ကို ထည့်မစဉ်းစားလျှင်တောင် သူတို့ပါအပါအဝင် မြောက်ပိုင်းမြို့တော်တွင် စုစုပေါင်း စစ်သား တစ်သိန်းခန့်သာ ရှိမည်။
စစ်သား တစ်သိန်းဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုတို့၏ မြင်းတပ် သုံးသိန်းကို အနိုင်ရရန် မျှော်လင့်နိုင်ပါသလား။ လွင်ပြင်ဒေသ မျိုးနွယ်စုတို့ကို ခုခံကာ တောင်ဘက်သို့ မကျူးကျော်နိုင်စေရန် တာဆီးထားသည်က ဖြစ်နိုင်ချေ အနည်းငယ် ရှိသေးသည်။
သို့သော် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည် နှစ်သိန်းကို သတ်ဖြတ်ပြီး နောက်ထပ် တစ်သိန်းကို ဖမ်းဆီးနိုင်ခဲ့သည်ဆိုသည့် ရှနိုင်ငံတော် သမိုင်းတလျှောက် မကြုံဖူးလောက်အောင် ကြီးမားသော စစ်ရေးအောင်ပွဲကို မည်သူကမှ ယုံကြည်နိုင်မည် မဟုတ်ပါ။
သို့သော် ချူးချင်လီ စကားပြောပြီးသည်နှင့် မြို့ရိုးပေါ်ရှိ အထူးကိုယ်ရံတော်တပ် ခေါင်းဆောင်တစ်ဦးက ပြောလိုက်သည်။
“ကျွန်တော်က ဗိုလ်ကြီးမု ပြောတာကို ယုံကြည်ပါတယ်။ မင်းသားဟာ ကံကြမ္မာရဲ့ သားတော် ဖြစ်ပါတယ်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည် သုံးသိန်းက သူ့အတွက် ဘာမှမဟုတ်ပါဘူ။ သူတို့ဟာ ကြက်တွေ ခွေးတွေလောက်ပါပဲ။”
အထူးကိုယ်ရံတော်တပ် ခေါင်းဆောင် ပြောပြီးသည်နှင့် အခြားစစ်သည်များကလည်း ဝင်ပြောကြသည်။
“ဟုတ်ပါတယ်။ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်တွေဟာ မင်းသားရဲ့ အရှေ့မှာ ဘာမှမဟုတ်ပါဘူး။ ဗိုလ်ကြီးမု ပြောတာ အမှန်ဖြစ်ရမယ်။”
မြို့ရိုးပေါ်ရှိ စစ်သည်များ၏ စကားကို ကြားပြီးနောက် ချူးချင်လီသည် အလွန်အံ့အားသင့်သွားသည်။ သူမ၏ မျက်နှာအသွင်အပြင်တွင် ပြောင်းလဲမှုမရှိသော်လည်း မြောက်ပိုင်းမြို့တော်၏ စစ်သည်များသည် မြောက်ပိုင်းနယ်စားမင်းကို ဤမျှအထင်ကြီးထားသည်ကို သူမ မယုံကြည်နိုင် ဖြစ်နေသည်။
မြောက်ပိုင်းနယ်စားမင်းသားသည် အသုံးမကျသူတစ်ဦး မဟုတ်ပါလား။ အခု စစ်သည်များက လွင်ပြင်ဒေသ မျိုးနွယ်စု၏ မြင်းတပ် သုံးသိန်းသည် မြောက်ပိုင်းနယ်စားမင်းသားရှေ့တွင် ကြက်များခွေးများသာ ဖြစ်သည်ဟု ပြောနေကြသည်။
မြောက်ပိုင်းနယ်စားမင်းသားကိုလည်း ကံကြမ္မာ၏ သားတော်ဖြစ်သည်ဟု ပြောကြပြန်သည်။ မြောက်ပိုင်းနယ်စားမင်းသားက ဤစစ်သည်များကို မည်သည့်မှော်အတတ်ဖြင့် ပြုစားထားသနည်း။ ဤအရာက ချူးချင်လီကို ချူးယုချင်အကြောင်း သတိရစေသည်။ ချူးယုချင်သည်လည်း မှော်အတတ်ဖြင့် ပြုစားခံရသူတစ်ဦး ဖြစ်ရမည်။
ခဏတာ တွေးတောပြီးနောက် မုရှင်းပင်က အမိန့်ပေးလိုက်သည်။
“မြို့တံခါးကို ဖွင့်လိုက်ပါ။”
မုရှင်းပင်သည် သူအစ်ကို အကြောင်းကို ကောင်းစွာသိသည်။ မုကျင်းဝူသည် ရှနိုင်ငံတော်ကို သစ္စာဖောက်ပါက သူသည် အခြားနိုင်ငံတစ်ခုနှင့် ပူးပေါင်းရန်သာ စဉ်းစားမည်။ သူတို့နှင့် ရန်သူဖြစ်သောလွင်ပြင်ဒေသ မျိုးနွယ်စုများကို ပူးပေါင်းမည် မဟုတ်ပေ။ အထူးသဖြင့် မြို့အတွင်းတွင် သူတို့၏ မုမိသားစုဝင်များ ရှိနေသေးချိန်မျိုးတွင် ဖြစ်သည်။
မုရှင်းပင်၏ အမိန့်ကို ကြားပြီးနောက် စစ်သည်များသည် မြို့တံခါးကို မတွန့်မဆုတ်ပဲ ဖွင့်လိုက်ကြသည်။ ဒါက လုံးဝမိုက်မဲသည့် အပြုအမူဖြစ်သည်ဟု ချူးချင်လီသည် စိတ်ထဲတွင် ထင်မှတ်လိုက်သည်။ အပြင်ဘက်ရှိ သံချပ်ကာ မြင်းတပ်များ ဝင်ရောက်လာသောအခါ သူတို့ နောင်တရကြမည်ဖြစ်သည်။
သို့သော် သူမအနေနှင့် ဝင်ရောက်စွက်ဖက်ရန် မရည်ရွယ်ပါ။ အဘယ်ကြောင့်ဆိုသော် သူမအတွက် ဒါက အခွင့်ကောင်းတစ်ခု ဖြစ်နေသောကြောင့်ဖြစ်သည်။ သံချပ်ကာ မြင်းတပ်များ အန်းပင်မြို့ထဲသို့ အလုံးအရင်းဝင်စီးနင်းလျှင်လည်း သူမကတော့ အစ်မဖြစ်သူကို ခေါ်ပြီး မြောက်ပိုင်းမြို့မှ ထွက်ခွာသွားနိုင်သည်။
ထွက်ပြေးခြင်းက သူမအတွက် မည်သည့်အခါကမှ ခက်ခဲသောအရာတစ်ခု မဟုတ်ခဲ့ပေ။ သို့သော် ချူးချင်လီ မျှော်လင့်ထားသည့် အခြေအနေမျိုးက မဖြစ်ပေါ်ခဲ့ပါ။ မုကျင်းဝူအန်းပင်မြို့ထဲသို့ ဝင်ရောက်လာပြီးနောက် အနက်ရောင် မြင်းတပ်က နေရာတကျ ရပ်တန့်နေဆဲဖြစ်သည်။
သူတို့သည် တိုက်ခိုက်မည့်ပုံ မရှိရုံမျှမက တောင်ဘက်သို့ လှည့်ကာ သတိအနေအထားဖြင့် ရပ်တန့်နေခြင်းဖြစ်သည်။ ထိုအချိန်တွင် မုရှင်းပင်နှင့် ချူးယုချင်တို့က မြို့ရိုးပေါ်မှ ဆင်းလာပြီး မုကျင်းဝူကို ကြိုဆိုလိုက်သည်။ မုကျင်းဝူ မြို့တွင်းသို့ ဝင်ရောက်လာသည်နှင့် မုရှင်းပင်က ပြေးလာပြီး မေးလိုက်သည်။
“အစ်ကို။ အစ်ကိုပြောတာအားလုံးက အမှန်ပဲလား။ မင်းသားက လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သား နှစ်သိန်းကို သတ်ပြီး နောက်တစ်သိန်းကို ဖမ်းမိတဲ့အကြောင်းက အမှန်ပဲလား။”
မုကျင်းဝူက
“ဟုတ်တယ်၊ အားလုံး အမှန်ပဲ။ မင်းတို့ထွက်သွားပြီး သံချပ်ကာ မြင်းတပ် ငါးသောင်း ရန်ခရိုင်ကို ရောက်လာတယ်။ ဒီသံချပ်ကာ မြင်းတပ်ကို မင်းသားက လျှို့ဝှက်ဖွဲ့စည်းထားတာ။ အရမ်းစွမ်းအားကြီးမားတဲ့ လျှို့ဝှက်လက်နက်တစ်မျိုးကိုလည်း မိတ်ဆက်ပေးခဲ့တယ်။ ရန်ခရိုင်မှာ စစ်သား တစ်သောင်းကျော်ပဲ ကျဆုံးခဲ့တယ်။”
မုကျင်းဝူ၏စကားကို ကြားလိုက်ရသည်နှင့် ချူးယုချင်သည် လုချန်း၏ လက်ထဲတွင် ရှိနေသော ထူးဆန်းသည့် လက်နက်ကို ချက်ချင်းစဉ်းစားမိသည်။ ထိုလက်နက်သည် အဆင့်ကိုး သိုင်းပညာရှင်ကိုပင် ချက်ချင်းသတ်နိုင်စွမ်းရှိသည်။
အကယ်၍ လုချန်းတွင် ထိုထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော လက်နက်များ ရှိနေပါက လွင်ပြင်ဒေသ မျိုးနွယ်စုများကို ကိုင်တွယ်ရန်က မခက်ခဲပေ။
ဒါပေမဲ့ လုချန်းက သံချပ်ကာ မြင်းတပ်ကို ဘယ်အချိန်က လေ့ကျင့်ပေးခဲ့တာလဲ။ ဒါကို သူမ လုံးဝမသိခဲ့ပေ။ အထူးကိုယ်ရံတော်များကို မသိလိုက်တာ ဖြစ်နိုင်သော်လည်း ဒါကစစ်တပ်ဖြစ်သည်။
သံချပ်ကာ မြင်းတပ် ငါးသောင်းကို ထားရှိရန် လိုအပ်သော အရင်းအမြစ်များစွာ ရှိသည်။ မင်းသားစံအိမ်သည် ထိုစစ်သားများအတွက် လိုအပ်သော အရင်းအမြစ်များကို ထောက်ပံ့ပေးရမည်ဖြစ်သည်။ သို့သော် ဒါနှင့်ပတ်သက်သော ကုန်ကျစရိတ်များကို ချူးယုချင် မမြင်ခဲ့ရပေ။
ထိုအချိန်တွင် မုရှင်းပင်သည် ခေါင်းကို ငဲ့ စောင်းလိုက်ကာ မြို့ပြင်၌ ရပ်တန့်နေသော သံချပ်ကာ မြင်းတပ်ကို ကြည့်ပြီး မေးလိုက်သည်။
“အစ်ကို။ ဒီသံချပ်ကာ မြင်းတပ်က မင်းသားရဲ့ ကွပ်ကဲမှုအောက်မှာပဲလား။”
“ဟုတ်တယ်။”
မုကျင်းဝူက အတည်ပြုလိုက်သည်။
“သူတို့ဟာ ဒီစစ်ပွဲမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ ဒီအနက်ရောင် မြင်းတပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အလွန်ကြောက်စရာကောင်းတယ်။ သူတို့တစ်ယောက်ချင်းစီက ရန်သူတစ်ရာလောက်ကို အလွယ်တကူ အနိုင်ယူနိုင်တယ်။”
သိလိုစိတ်ဖြင့် မုရှင်းပင်က ဆက်မေးလိုက်သည်။
“ဘာကြောင့် မင်းသားက ညီမလေးတို့ကိုခေါ်ဖို့ သံချပ်ကာ မြင်းတပ်သားအများကြီး စေလွှတ်ရတာလဲ။”
မုကျင်းဝူက အနားတဝိုက်ကို လှည့်ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
“မင်းသားက တောင်ပိုင်းလူတွေက သူ့ရဲ့အောင်ပွဲကို သိသွားပြီး ညီမလေးတို့ကို လာခေါ်သွားမှာကို စိုးရိမ်လို့ ငါ့ကို သံချပ်ကာ မြင်းတပ် ငါးထောင်နဲ့ လာခိုင်းတာ။”
မုကျင်းဝူက မည်သူဆိုတာကို အတိအကျ မပြောသော်လည်း မုရှင်းပင်သည် သူ၏ဆိုလိုရင်းကို ချက်ချင်းနားလည်သွားသည်။ ‘တောင်ပိုင်း’ ဆိုသည်မှာ နေပြည်တော်ကို ရည်ညွှန်းခြင်းဖြစ်သည်။
အခု မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ သံချပ်ကာမြင်းတပ် သုံးသိန်းကို အနိုင်ရပြီး နာမည်ကျော်ကြားလာခဲ့ပြီဖြစ်သည်။ ထို့အပြင် သူ့လက်အောက်တွင် သံချပ်ကာ မြင်းတပ် သောင်းချီရှိနေပြီဖြစ်ရာ သူသည် ရှနိုင်ငံတော်တွင် စစ်ရေးအရ အစွမ်းထက်ဆုံး နယ်စားမင်းသားဖြစ်လာခဲ့သည်။ ထို့ကြောင့် နန်းတွင်းက သူ့ကို သတိထားရန် လိုအပ်လာသည်။
မြောက်ပိုင်းနယ်စားမင်းသား၏ နာခံမှုကို ရရှိရန် နန်းတွင်းက သူ၏သားသမီးများကို နေပြည်တော်သို့ ခေါ်ဆောင်သွားကာ ဓားစာခံအဖြစ် ထားရှိမည်ဖြစ်သည်။ မုကျင်းဝူ၏စကားကို ကြားလိုက်တော့ ချူးယုချင်သည်လည်း လုချန်း၏ လုပ်ရပ်ကို မှန်ကန်သည်ဟု ခံစားမိသည်။ မုကျိရွှမ်းကို ရန်ခရိုင်သို့ အချိန်မီ ပြန်ခေါ်ရန် တစ်စုံတစ်ဦးကို စေလွှတ်ခြင်းသည် အရေးကြီးသော ကိစ္စတစ်ခုဖြစ်သည်။
ထိုအချိန်တွင် ချူးယုချင်က
“မင်းတို့နှစ်ယောက် စကားဆက်ပြောကြဦး။ ဒေါ်လေးက ကျိရွှမ်းကို ဒီအကြောင်းပြောပြဖို့ အမြန်ပြန်ရဦးမယ်။ သူတို့ စိုးရိမ်နေမှာစိုးလို့။”
ထိုသို့ပြောပြီးသည်နှင့် ချူးယုချင်သည် မြင်းပေါ်သို့ တက်ပြီး ယာယီစံအိမ်ဆီသို့ ချက်ချင်းထွက်ခွာသွားခဲ့သည်။
ထိုမြင်ကွင်းက ချူးချင်လီကို ခဏတာမျှ အံ့အားသင့်သွား စေခဲ့သည်။ ထို့နောက် သူမလည်း ချက်ချင်းလိုက်ပါသွားခဲ့သည်။
ချူးယုချင်ကို မိလာသောအခါ ချူးချင်လီက
“အစ်မ။ နင်ဒီလူပြောတာကို တကယ်ယုံကြည်လိုက်တာလား။”
မြင်းစီးနေစဉ် ချူးယုချင်က ပြုံးပြီး ပြန်ပြောလိုက်သည်။
“ဒါအမှန်မဟုတ်ဘူးလို့ နင်သံသယရှိနေတာ ငါသိပါတယ်။ ဒါပေမယ့် ချန်းလေးဟာ အံ့ဖွယ်အရာတွေကို လုပ်နိုင်တဲ့သူပါ။ နင်ငါနဲ့အတူ ရန်ခရိုင်ကို လိုက်လာရင် နားလည်သွားလိမ့်မယ်။”
ထိုစကားကို ကြားလိုက်ပြီး ချူးချင်လီ စကားမပြောနိုင်တော့ပေ။
ချူးယုချင်သည် ကယ်တင်ရန် မဖြစ်နိုင်တော့ဟု သူမခံစားမိသည်။
........
အခန်း (၁၂၂)
မြောက်ပိုင်းနယ်စားမင်းသား၏ မိဖုရား မြောက်ပိုင်းသို့ ထွက်ခွာခြင်း (၁)
မုကျိရွှမ်းတို့သည် ခြံထဲတွင် စိုးရိမ်ပူပန်စွာဖြင့် စောင့်နေဆဲဖြစ်သည်။ ရန်ခရိုင်ကို ထိုသို့အလွယ်တကူ သိမ်းပိုက်လိုက်သည်ကို သူတို့မယုံနိုင်ကြပေ။ ဟုတ်ပါသည်။ သူတို့လည်း ယုံကြည်ရန် ဝန်လေးနေကြသည်။
တကယ်လို့ လုချန်း တစ်ခုခု ဖြစ်ခဲ့လျှင် သူတို့၏ မိုးကောင်းကင်ကြီး ပြိုလဲသွားမည်ဖြစ်သည်။ ထိုအချိန်တွင် ကျောင်းယိုယိုက ငိုကြွေးပြီး ပြောလိုက်သည်။
“ဝူး..ဝူး...ဝူး... မိဖုရား။ မင်းသား ဘေးကင်းမှာပါနော်။”
မုကျိရွှမ်းသည် ကျောက်ခုံပေါ်တွင် မှိန်းနေရင်း စိတ်မပါပဲ ပြောလိုက်သည်။
“အစ်မ မင်းသားကို ယုံကြည်တယ်။ မင်းသားက ထာဝရတန်ခိုးရှင်ဖြစ်တယ်။ ထာဝရတန်ခိုးရှင်တွေက အလွယ်တကူ မသေဆုံးနိုင်ပါဘူး။”
အမျိုးသမီးသုံးဦး စိုးရိမ်ပူပန်နေကြစဉ် အစေခံတစ်ဦးက ပြေးဝင်လာပြီး ပြောလိုက်သည်။
“မိဖုရား၊ ဒေါ်လေးချူးတို့ ပြန်ရောက်လာပါပြီ။”
မုကျိရွှမ်းသည် ချက်ချင်းပင် ကျောက်ခုံမှ ထလာပြီး ခြံတံခါးဝသို့ ဦးတည်လာခဲ့သည်။ သို့သော် သူမတံခါးဝသို့ မရောက်မီပင် ချူးယုချင်က ဝင်လာခဲ့သည်။
မုကျိရွှမ်းက ချက်ချင်းမေးလိုက်သည်၊ “ဒေါ်လေးချူး။ အခြေအနေက ဘယ်လိုလဲ။ မြင်းတပ်က လွင်ပြင်ဒေသ မျိုးနွယ်စုရဲ့ မြင်းတပ်လား။”
ချူးယုချင်
“ကျိရွှမ်း။ မင်း စိတ်ပူစရာမလိုတော့ဘူး။ မြင်းတပ်က လွင်ပြင်ဒေသ မျိုးနွယ်စုတွေဆီက မဟုတ်ပါဘူး။ ချန်းလေးက မင်းတို့ကို ရန်ခရိုင် ပြန်ခေါ်ဖို့ လွှတ်လိုက်တာပါ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် အမျိုးသမီးသုံးဦး၏ စိတ်ထဲမှ ဝန်ထုတ်ဝန်ပိုးကြီး ကျသွားခဲ့သည်။ ကျောင်းယိုယိုက မျက်ရည်များကို သုတ်ရင်း ပြောလိုက်သည်။
“ဝူး...ဝူး...ဝူး... သိပ်ကောင်းတာပေါ့။ ရန်ခရိုင်ကို လွင်ပြင်ဒေသ မျိုးနွယ်စုတွေက သိမ်းပိုက်လိုက်ပြီလို့ ထင်နေတာ။”
ကျောင်းညီအစ်မနှင့် မတူပဲ မုကျိရွှမ်းက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ချက်ချင်း သတိထားမိသွားပြီး
“ဒေါ်လေးချူး။ မြောက်ပိုင်းမြို့တော်မှာ မြင်းတပ်က ဘယ်တုန်းက ထောင်ဂဏန်း ရှိသွားတာလဲ။”
စစ်သူကြီး၏ သမီးဖြစ်သော့ကြောင့် မုကျိရွှမ်းသည် စစ်ရေးကိစ္စများကို နားမလည်သည့်တိုင် ထိုသတင်းအချက်အလက်များကို အာရုံခံနိုင်စွမ်း ရှိသည်။ သူမ ရန်ခရိုင်မှ ထွက်ခွာသည့် အချိန်က ထိုနေရာ၏ စစ်ရေးအခြေအနေကို မုကျိရွှမ်း ကောင်းစွာ သိရှိထားသည်။
ရန်ခရိုင်ရှိ မြင်းတပ်များကို စုစည်းနေဆဲဖြစ်ပြီး မြင်းတပ်ထောင်ဂဏန်း မဆိုထားနှင့် စစ်မြင်းအဖြစ် အသုံးပြုနိုင်သည့် မြင်းများပင် များစွာ မရှိသေးပေ။ မြင်းတပ်သားထောင်ပေါင်းများစွာက မည်သည့်နေရာမှ ရောက်လာသနည်း။
မုကျိရွှမ်း၏ မေးခွန်းကို ကြားလိုက်ရသည်နှင့် ချူးချင်လီ၏ စိတ်ထဲတွင်လည်း အတိုင်းအတာတစ်ခုထိ ကျေနပ်မှု ဖြစ်ပေါ်လာခဲ့သည်။ နောက်ဆုံးတွင် သူမသည် ဉာဏ်ရှိသူတစ်ဦးကို တွေ့ရပြီဟု တွေးမိလိုက်သည်။
မြောက်ပိုင်းနယ်စားမင်းသား၏ မိဖုရားတစ်ဦးသာ ရှင်းရှင်းလင်းလင်း တွေးခေါ်တတ်သူဖြစ် နေမည်ဟု သူမ မျှော်လင့်မထားပါ။ တကယ်တော့ တစ်စုံတစ်ဦးနှင့် အနီးဆုံးသူသာလျှင် ထိုသူကို စစ်စစ်မှန်မှန် နားလည်နိုင်သည်။ အခြားသူများအားလုံးသည် မြောက်ပိုင်းနယ်စားမင်းသားကို မှော်အတတ်ဖြင့် ပြုစားခံထားရသူများသာ ဖြစ်ကြသည်။
မိဖုရားက အလိမ်အညာများကို ဖော်ထုတ်မည်ဟု ချူးချင်လီ မျှော်လင့်နေစဉ် ချူးယုချင်က
“ကျိရွှမ်း၊ အထူးကိုယ်ရံတော်တွေအကြောင်း မင်းမေ့သွားတာလား” ဟု မေးလိုက်သည်။
ချူးယုချင်၏မေးခွန်းကို ကြားလိုက်ရသည်နှင့် မုကျိရွှမ်းလည်း လက်တွေ့ဘဝဆီသို့ ပြန်ရောက်သွားခဲ့သည်။
မှန်ပါတယ်။ လုချန်း အထူးကိုယ်ရံတော်များကို မည်သည့်အချိန်က ဖွဲ့စည်းခဲ့သည်ကို သူမ မသိခဲ့ပေ။ အထူးကိုယ်ရံတော်တပ်သည်ကြီးမားသော ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုကဲ့သို့သော အဖွဲ့အစည်းတစ်ခုကို နှစ်ပေါင်းများစွာ အချိန်မယူပဲ မတည်ဆောက်နိုင်ပေ။
လုချန်းတွင် အထူးကိုယ်ရံတော်ကဲ့သို့သော လျှို့ဝှက်အဖွဲ့အစည်းရှိပါက သူသည် မြင်းတပ်ကိုလည်း အတော်ကြာကြာကတည်းက စုစည်းနေခဲ့သည်ဟု ဆိုလိုသည်။ သူတို့ မသိလိုက်ခြင်းသာ ဖြစ်နိုင်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်သူဖြစ်သည်။ သူမ မသိသော လျှို့ဝှက်ချက်အနည်းငယ်ရှိခြင်းက ပုံမှန်ဖြစ်သည်။
ထိုသို့စဉ်းစားပြီး မုကျိရွှမ်းက
“ဒေါ်လေးချူး ပြောတဲ့အတိုင်းပေါ့။ ဒါဆိုရင် အခုပဲ ခရီးထွက်ဖို့ ပြင်ဆင်လိုက်ကြရအောင်။ ဒီနေ့ပဲ ရန်ခရိုင်ကို ထွက်ခွာမယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချူးချင်လီသည် အံ့အားသင့်သွားရပြန်သည်။ သူမ၏မျက်နှာတွင် ဘာမှမပြသသော်လည်း စိတ်ထဲတွင်တော့ အလွန်နားမလည်နိုင် ဖြစ်နေခဲ့သည်။
မိဖုရားကလည်း သူမ၏အစ်မကို ဒီလောက်မြန်မြန် နားလည်သွားပြီလား။
အထူးကိုယ်ရံတော်။
အဲဒါက ဘာလဲ။ အထူးကိုယ်ရံတော်အကြောင်း ပြောလိုက်တာနဲ့ မိဖုရားက မြောက်ပိုင်းမြို့တော်မှာ မြင်းတပ်ထောင်ချီရှိတာကို လက်ခံသွားတာလား။ မုကျိရွှမ်းက လွင်ပြင်ဒေသ မျိုးနွယ်စုများ ၏ လှည့်ကွက်ကို မြင်လိမ့်မည်ဟု ချူးချင်လီထင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် မုကျိရွှမ်းသည်ပင် ယုံကြည်သွားခဲ့သည်။
ချူးချင်လီ စိတ်မသက်မသာဖြစ်လာခဲ့သည်။ အကယ်၍ မြောက်ပိုင်းနယ်စားမင်းသာစံအိမ်သည် အပြင်မှ ထိုမြင်းတပ်နှင့် အတူသွားခဲ့ပါက သူတို့သည် ရန်ခရိုင်အစား လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နန်းတော်သို့ ရောက်သွားနိုင်သည်။
မြောက်ပိုင်းနယ်စားမင်းသား၏နေအိမ်ရှိ အမျိုးသမီးအားလုံးသည် လှပသူများဖြစ်ကြသဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုများသည် သူတို့ကို လှည့်ဖြားရန် မြောက်ပိုင်းနယ်စားမင်းသား၏ စစ်သည်များအဖြစ် ဟန်ဆောင်ကာ ရန်ခရိုင်သို့ ခေါ်ဆောင်သွားရန် စေလွှတ်ခဲ့ခြင်းဖြစ်နိုင်သည်။
သူမ၏ခန့်မှန်းချက် မှန်ကန်သည်ဟု ချူးချင်လီ ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်စားမင်းသားသည် အသုံးမကျသူဖြစ်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စု၏ ကြီးမားသောစစ်တပ်ကို အနိုင်ရနိုင်မည်မဟုတ်ပေ။
ချူးချင်လီက ဤအရာသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ လှည့်ကွက်ဖြစ်မည်ကို စိုးရိမ်နေစဉ် ရုတ်တရက် စိတ်ကူးပေါက်ပြီး တစ်စုံတစ်ခုကို သတိရလိုက်သည်။ အကယ်၍ ဒါက လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ လှည့်ကွက်ဖြစ်ပါက သူမ၏အတွက် ကောင်းသည်ဟုပင် ဆိုနိုင်သည်။ သူမ ဘာကို ကြောက်နေရမှာလဲ။
အချိန်တန်လျှင် သူမသည် သူမ၏အစ်မကို ခေါ်ယူပြီး ဝေးဝေးပြေးသွားနိုင်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စု၏ မြင်းတပ်ထောင်ချီသည် ကြောက်စရာကောင်းသော်လည်း သူတို့အားလုံးသည် သံချပ်ကာ မြင်းတပ်ဖြစ်ပြီး သူမ၏ကိုယ်ဖော့ပညာကလည်း အလွန် ကောင်းသည်။ သူတို့ သူမကို လိုက်မီနိုင်မလား ဆိုသည်က မသေချာပေ။
သူမသည် စစ်တပ်ထောင်ချီကြားမှ တစ်စုံတစ်ယောက်ကို ခေါ်ဆောင်သွားနိုင်စွမ်းရှိသည်။ ထိုသို့စဉ်းစားလိုက်သည်နှင့် ချူးချင်လီလည်း စိတ်လှုပ်ရှားလာကာ စံအိမ်ရှိ အမျိုးသမီးများ မြောက်ဘက်သို့ ထွက်ခွာရန် မျှော်လင့်လာခဲ့သည်။ ထိုသို့ဆိုလျှင် သူမအတွက် အခွင့်အရေးရလာမည်ဖြစ်သည်။
ထိုစဉ် ချူးယုချင်က
“အင်း။ တို့ မြန်မြန်ပြင်ဆင်ကြရအောင်။ ချန်းလေးက မြောက်ပိုင်းမြို့တော်မှာ အောင်ပွဲကြီးရခဲ့တယ်။ တို့တတွေ နှောင့်နှေးနေရင် သတင်းက တောင်ဘက်ကို ပျံ့သွားပြီးတောင်ဘက်က လူတွေ လွှတ်လာလိမ့်မယ်။”
မုကျိရွှမ်းသည် လုချန်း၏ စစ်ရေးအောင်ပွဲများ၏ အတိုင်းအတာကို မသိသေးသော်လည်း ချူးယုချင်၏ ဆိုလိုရင်းကို နားလည်သည်။
ချက်ချင်းပင် သူမက ခြံထဲရှိ အစေခံများကို ညွှန်ကြားလိုက်သည်။
“ အားလုံးကို ချက်ချင်းအသိပေးပါ။ ပစ္စည်း တွေ ထုပ်ပိုးပါ။ မိုးမချုပ်ခင် ရန်ခရိုင်ကို ထွက်ကြမယ်။”
ထိုအတောအတွင်း ယာယီအိမ်တော်၏ အခန်းတစ်ခုအတွင်း။
ရှည်လျားသော အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ထိုင်ခုံပေါ်တွင် မသက်မသာ လူးလှိမ့်နေသည်။ သူမ၏ ရှည်သွယ်၍ ပုံသဏ္ဍာန်ကျနသော ခြေထောက်များသည် နားနေရန် နေရာမရှိသကဲ့သို့ ဖြစ်နေသည်။ သူမ၏ ဘယ်ဘက်ခြေထောက်က ညာဘက်ခြေထောက်ပေါ် ချိတ်တင်လိုက် မကြာခင် ညာဘက်ခြေထောက်က ဘယ်ဘက်ခြေထောက်ပေါ် တင်လိုက်နှင့် ဂနာမငြိမ် ဖြစ်နေ၏။
အမျိုးသမီးသည် တင်ပါးက ထိုင်ခုံပေါ်တွင် လှုပ်ရှားနေသည်။ သူမ၏ နူးညံ့သော လက်ဖြင့် ဦးခေါင်းကို ထောက်ထားပြီး သူမ၏ ပုံသဏ္ဍာန်ကျသော ကိုယ်ခန္ဓာကို ပြည့်ပြည့်စုံစုံ ပြသနေသည်။ နှမြောစရာကောင်းစွာပင် သူမ၏ သွယ်လျသော ကိုယ်ခန္ဓာကို ယခုအချိန်တွင် မည်သူကမှ ကြည့်ရှုမနေပေ။
ဝမ်ချင်းစီသည် ခြံထဲတွင် ဖြစ်ပျက်နေသော အရာများကို လုံးဝမသိပေ။ မုကျိရွှမ်းတို့ကြုံတွေ့ခဲ့ရသော ထိတ်လန့်မှုကိုလည်း သူမ မခံစားရပေ။
........
အခန်း (၁၂၃)
မြောက်ပိုင်းနယ်စားမင်းသား၏ မိဖုရား မြောက်ပိုင်းသို့ ထွက်ခွာခြင်း (၂)
သူမသည် မုကျိရွှမ်းတို့နှင့်အတူ တောင်ဘက်သို့ ခရီးထွက်ခဲ့သည့်နေ့မှစ၍ သူမ၏ ကိုယ်ပိုင်အခန်းအတွင်း၌ နေ့တိုင်းနီးပါး ကုန်ဆုံးခဲ့သည်။ သူမသည် လုချန်း၏ အစေခံအမျိုးသမီးဖြစ်သော်လည်း သူမ၏ မုကျိရွှမ်းတို့၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်နေဆဲဖြစ်သည်။
သို့သော် ချူးယုချင်ကတော့ သူမကို အမြဲတမ်း မနှစ်သက်သော မျက်လုံးဖြင့် ကြည့်နေတတ်၏။ ဝမ်ချင်းစီသည် လုချန်း မရှိသည့်အချိန်တွင် ချူးယုချင်နှင့် လုချန်း၏ မျက်နှာသာ ပေးမှုကို ယှဉ်ပြိုင်ရန် မလိုလားသဖြင့် သူတို့နှင့်စကားပြောခြင်း သို့မဟုတ် လက်ဖက်ရည်သောက်ခြင်းတို့ကို ရှောင်ရှားခဲ့သည်။
ထိုအချိန်တွင် ဝမ်ချင်းစိီသည် သူမ၏လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လက်ချောင်းများသည် သူမ၏ အနီရောင်ပိုးထည်ဝတ်စုံရှည်ကို မြှောက်လိုက်ကာ ဖြူဖွေးသော ခြေထောက်များကို လှစ်လိုက်သည်။ ထို့နောက် သူမက သက်ပြင်းချလိုက်ပြီး
“ကျွန်မရဲ့ မင်းသားလေး။ ကျွန်မ ရှင့်ကို ဘယ်တော့မှ ပြန်မြင်ရမှာလဲ။ ကျွန်မ မခံနိုင်တော့ဘူး။”
သူမ၏ လက်ရှိဘဝသည် အလွန်ပျင်းရိစရာ ကောင်းသည်ဟု ဝမ်ချင်းစီ ခံစားမိသည်။ လုချန်းက သူမအပေါ် ကြမ်းတမ်းမည်ကို ယခင်က ကြောက်ရွံ့ခဲ့သော်လည်း ယခု သူ့ကို မမြင်ရတာ ကြာပြီဖြစ်သည့်အတွက် သူမစိတ်ထဲ မသက်မသာ ဖြစ်နေသည်။
သူမသည် သူမကိုယ်သူမ အလွန်ယုတ်ညံ့သည်ဟု စတင်တွေးမိသည်။ လုချန်းက သူမကို ပြင်းထန်စွာ နှိပ်စက်မှုမပြုပါက သူမ၏ စိတ်ထဲတွင် မသက်မသာ ဖြစ်နေမိသည်။ ထိုအချိန်တွင် အစေခံမလေးတစ်ဦး၏ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
“ဝမ်မိန်းကလေး။ မိဖုရားက မင်းသား စံအိမ်က လူအားလုံးကို ချက်ချင်းပြင်ဆင်ထားဖို့ အမိန့်ပေးထားပါတယ်။ ညနေခင်းမှာ ရန်ခရိုင်ကို ပြန်သွားမှာပါ။”
ထိုစကားကို ကြားရပြီးနောက် ဝမ်ချင်းစီ ခဏတာမျှ အံ့ဩသွားခဲ့၏။ ထို့နောက် ချက်ချင်း သူမ၏ ထိုင်ခုံမှ ထလိုက်သည်။ ထို့နောက် ခပ်မြန်မြန် တံခါးကို သွားဖွင့်ကာ မေးလိုက်သည်။
“ဘာလဲ။ ကျွန်မတို့ရဲ့ ခရီးဆောင်အိတ်တွေကို ထုပ်ရမှာလား။ စစ်ပွဲပြီးသွားပြီလား။”
အစေခံမလေးက
“ပြီးသွားပြီလို့ ပြောပါတယ်။ မင်းသား စံအိမ်က လူတိုင်းက မင်းသားက မြောက်ပိုင်းမြို့တော်မှာ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သား နှစ်သိန်းကို သတ်ပြီး နောက်ထပ် တစ်သိန်းကို ဖမ်းလိုက်တယ်လို့ ပြောနေကြတယ်။”
ထိုစကားကို ကြားရပြီးနောက် ဝမ်ချင်းစီ ထပ်မံ အံ့အားသင့်သွားခဲ့ရပြန်သည်။ မင်းသားလေးက ဒီလောက်ထိ ကြောက်စရာကောင်းသလား။ သူ၏ ကြောက်စရာကောင်းမှုက အိပ်ရာထဲတွင်သာ ရှိသည်ဟု သူမအမြဲတွေးထင်ခဲ့သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုတပ်သား နှစ်သိန်းကို သတ်ပြီး နောက်ထပ် တစ်သိန်းကို ဖမ်းလိုက်တယ်တဲ့။ သူဘယ်လို လုပ်ခဲ့တာလဲ။ သို့သော် မင်းသားလေးသည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်သူဖြစ်သည်။ သူ ရန်ခရိုင်တွင် နေရစ်ခဲ့ရဲသည်မှာ အစကတည်းက လွင်ပြင်ဒေသ မျိုးနွယ်စုတို့ကို ခုခံနိုင်မည်ဟု သူယုံကြည်ခဲ့သည်ကို ဖော်ပြ နေသည်။
ရရှိခဲ့သော အောင်ပွဲက အနည်းငယ် မယုံနိုင်လောက်အောင် ဖြစ်နေသော်လည်း မင်းသားလေးက ထိုအရာအားလုံး၏ နောက်ကွယ်တွင် ရှိနေသည်ကို ထည့်သွင်းစဉ်းစားပါက မဖြစ်နိုင်သည်များပင် ဖြစ်နိုင်သည်ဟု ထင်ရသည်။
ထိုအတွေးဖြင့် ဝမ်ချင်းစီ၏ လုချန်းအပေါ် အထင်ကြီးမှုသည် ရုတ်တရက် နက်ရှိုင်းလာခဲ့ပြီး ခဏအတွင်းပင် သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်က ပူနွေးလာသည်ဟု ခံစားမိသည်။ သူမသည် သူမ၏ ခြေထောက်များကို မသိစိတ်ဖြင့် ညှစ်လိုက်ပြီး မင်းသားလေးသူမ၏ ဘေးတွင် ချက်ချင်း ပေါ်လာလိုက်ပါလားဟု ဆန္ဒဖြစ်မိသည်။
ထိုစဉ် ယာယီမင်းသား စံအိမ်၏ အဆောင်ငယ် တစ်ခုတွင် ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့သည် တရားထိုင်နေစဉ် စံအိမ်ပတ်လည်ရှိ အစေခံများ လုပ်ရှားသွားလာ နေကြသည်ကို သတိပြုမိလိုက်သည်။ တစ်ချိန်က တိတ်ဆိတ်နေသော မင်းသား စံအိမ်ကို ရုတ်တရက် ဆူညံသွာခဲ့သည်။
သူတို့နှစ်ဦးစလုံး မျက်လုံးများကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်ကြသည်။ ချန်ဝမ်ရွန်က ခြံထဲတွင် လှုပ်ရှားသွားလာနေသော အစေခံများကို ကြည့်ပြီး အနီးရှိ အစေခံတစ်ဦးထံ လှမ်းမေးလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ။”
အစေခံက ပြန်ပြောလိုက်သည်။
“ကျွန်မမသိပါဘူး။ ကျွန်မ ချက်ချင်းသွားပြီး စုံစမ်းပါမယ်။”
ထို့နောက် ထိုအစေခံထွက်သွားပြီး အခြားအစေခံများကို မေးမြန်းလိုက်သည်။ မကြာမီ သူမ ချန်ဝမ်ရွန်ထံ ပြန်ရောက်လာခဲ့သည်။ ပျော်ရွှင်သောမျက်နှာဖြင့် အစေခံက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဒေါ်လေးချမ်း၊ ဒေါ်လေးလင် မိဖုရားက ကျွန်မတို့ကို အမြန်ပြင်ဆင်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ကျွန်မတို့ နေမဝင်ခင် ရန်ခရိုင်ကို ပြန်ရမှာပါ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန်က နားမလည်နိုင်သော မျက်နှာဖြင့် မေးလိုက်သည်။
“ရန်ခရိုင်ကို ဒီလောက်မြန်မြန် ပြန်ရမှာလား။ စစ်ပွဲက ပြီးသွားပြီလား။”
အစေခံက ပြန်ပြောလိုက်၏။
“ပြီးသွားပြီလို့ ကြားရပါတယ်။ ဒါတင်မကပါဘူး မင်းသားက မြောက်ပိုင်းမြို့တော်ရဲ့ စစ်သည်တွေနဲ့အတူ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်နှစ်သိန်းကို သတ်ပြီး နောက်ထပ် တစ်သိန်းကို ဖမ်းမိထားပါတယ်။”
အစေခံ၏ အဖြေကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့ လန့်သွားခဲ့ကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့နှစ်ဦးလုံး၏၏ မျက်လုံးထဲတွင် ရှုပ်ထွေးမှုများကို အပြန်အလှန် မြင်တွေ့လိုက်ကြသည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်တပ်ထဲမှ နှစ်သိန်းကို သတ်ပစ်လိုက်ပြီ။
နောက်ထပ် တစ်သိန်းကို ဖမ်းမိသွားပြီ။ သူတို့ စစ်ရေးအောင်ပွဲကို ချဲ့ကားပြောမယ်ဆိုလျှင်တောင် ဒါကတော့ တရားလွန်နေသည်ဟု ထင်မြင်မိသည်။
မြောက်ပိုင်းနယ်စားမင်းသားသည် ရန်ခရိုင်နှင့် မြောက်ပိုင်းမြို့တော်ကို ကာကွယ်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများကို တောင်ဘက်သို့ ဆက်မတိုးနိုင်အောင် တားဆီးနိုင်ခဲ့သည်ဆိုသည်မှာ မှန်နေလျှင်ပင် လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်နှစ်သိန်းကို သတ်ပစ်နိုင်ခဲ့သည်မှာ မဖြစ်နိုင်ပါ။
မြောက်ပိုင်းမြို့တော်၏ အခြေအနေကို သူတို့၏ လျှို့ဝှက်လဝန်းနန်းတော်က ကောင်းစွာ သိရှိထားသည်။ မြောက်ပိုင်းနယ်စားမင်းသား ဘာတွေလုပ်နေတာလဲ။ စစ်ရေးအောင်ပွဲများကို ဤမျှ ချဲ့ကားပြောနေခြင်းကို နန်းတွင်းမှ ရှုံ့ချမှာ မကြောက်ဘူးလား။
ဟုတ်ပါသည်။ ချန်ဝမ်ရွန်အတွက်တော့ စစ်ရေးအောင်ပွဲများ ချဲ့ကားပြောနေခြင်းထက် ပို၍ အံ့အားသင့်စရာကောင်းသည်မှာ မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်၏ အင်အားနည်းပါးသော စစ်အင်အားဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုများကို တားဆီးနိုင်ခဲ့သည်ဆိုသည့် အချက်ဖြစ်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများတွင် စစ်သည်သုံးသိန်းရှိပြီး မြောက်ပိုင်းမြို့တော်နှင့် နန်းတွင်းက ထောက်ပံ့ပေးထားသော စစ်သည်ခုနှစ်သောင်းတို့ ပေါင်းလိုက်လျှင်ပင် စုစုပေါင်း တစ်သိန်းကျော်သာ ရှိသည်။ ထို့အပြင် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်များသည် စစ်ပွဲတွင် ပို၍ ရဲရင့်ပြီး သတ္တိရှိကြသည်။ ရန်ခရိုင်က မြို့ရိုးများကို အားကိုးနိုင်သည်မှလွဲ၍ မြောက်ပိုင်းမြို့တော်၏ စစ်သည်များတွင် သိသာထင်ရှားသော အားသာချက်များ မရှိပေ။
ထိုအချိန်တွင် လင်ဝမ်ရွန်က ချန်ဝမ်ရွန်အား ပြောလိုက်သည်။
“နန်းတော်သခင် ဒီသတင်းက အတည်မပြုရသေးပါဘူး။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်တွေကို အသေးစိတ်စုံစမ်းစေပါမယ်။”
ချန်ဝမ်ရွန်က အင်းဟု သံပြုလိုက်ပြီး အခြားစကားများ မပြောတော့ပေ။ ထိုသတင်းသည် အမှန်တကယ်ပင် အံ့အားသင့်စရာဖြစ်ပြီး အမှန်တရားကို သိရှိနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးရန် လိုအပ်သည်က သေချာပေသည်။
သူတို့၏ လျှို့ဝှက်လဝန်းနန်းတော်၏ ထောက်လှမ်းရေးကွန်ရက်သည် အတော်လေးအားကောင်းပြီး မကြာမီတွင် အမှန်တကယ်ဖြစ်ပျက်နေသည်များကို သိရှိလာကြမည်ဖြစ်သည်။ ထို့နောက် လင်ဝမ်ရွန်သည် ယာယီနယ်စားမင်းသား၏နေအိမ်မှ ထွက်ခွာသွားပြီး မြို့တွင်းရှိ လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များကို ထိုကိစ္စ စုံစမ်းစေခဲ့သည်။
နာရီဝက်ခန့်အကြာတွင် လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များမှ စုဆောင်းရရှိသော ထောက်လှမ်းရေးအချက်အလက်များကို စာအုပ်ငယ်တစ်အုပ်အဖြစ် စနစ်တကျပြုစုကာ ချန်ဝမ်ရွန်ထံသို့ ပို့ဆောင်ခဲ့သည်။ သူမ၏လက်ထဲတွင်ရှိသော စာအုပ်ငယ်ကို ကြည့်ရှုရင်း ချန်ဝမ်ရွန် နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိသည်။
မြောက်ပိုင်းနယ်စားမင်းသားသည် မိဖုရားကို ရန်ခရိုင်သို့ ပြန်လည်ခေါ်ဆောင်ရန် သံချပ်ကာ မြင်းတပ် ငါးထောင်ကို စေလွှတ်ခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားဆီမှာ သံချပ်ကာ မြင်းတပ်များ မည်သည့်အချိန်က ရှိလာသနည်း။
အလွန်ဆင်းရဲသော မြောက်ပိုင်းမြို့တော်က သံချပ်ကာ မြင်းတပ် ငါးထောင်ကို ထိန်းသိမ်းနိုင်ပါသလား။ ရှနိုင်ငံတော်တစ်ခုလုံးတွင်ပင် သံချပ်ကာ မြင်းတပ် နှစ်သောင်းကျော်သာ ရှိသည်ကို သတိရပါ။
ထို့အပြင် သူတို့၏ လျှို့ဝှက်လဝန်းနန်းတော်သည် မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာမြင်းတပ်ရှိသည်ဟု မည်သည့်အခါကမျှ မကြားဖူးပေ။ ပုံမှန်မြင်းတပ်ပင်လျှင် ရှားပါးသည့်နေရာတွင် သံချပ်ကာ မြင်းတပ်ဆိုသည်မှာ မဖြစ်နိုင်ပေ။
........