← Chapters

အခန်း ၁၂၄-၁၂၆

Vol. 9 Ch. 124-126

အခန်း ၁၂၄-၁၂၆

Vol. 9 Ch. 124-126

အခန်း (၁၂၄)

မြောက်ပိုင်းနယ်စားမင်းသား၏ မိဖုရား မြောက်ပိုင်းသို့ ထွက်ခွာခြင်း (၃)

သံချပ်ကာမြင်းတပ် ငါးထောင်ကကော ရုတ်တရက် မည်သည့်နေရာမှ ရောက်လာသနည်း။

သူတို့က တကယ်ပဲ မြောက်ပိုင်းနယ်စားမင်းသားရဲ့ စစ်သည်တွေလား။

ချန်ဝမ်ရွန်သည် ထောက်လှမ်းရေးအစီရင်ခံစာကို ကိုင်ထားရင်း တိတ်ဆိတ်နေသည်ကို မြင်ရ‌တော့ လင်ဝမ်ရွန်က စကားစပြောလိုက်သည်။

“နန်းတော်သခင် ဒီသံချပ်ကာမြင်းတပ်က လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့စစ်သည်တွေများ ဖြစ်နိုင်သလား။ သူတို့က ရန်ခရိုင်ကို သိမ်းပိုက်ပြီး မြောက်ပိုင်းနယ်စားမင်းသားရဲ့ စစ်သည်တွေ ဟန်ဆောင်ပြီး မင်းသားရဲ့ အမျိုးသမီးတွေကို ရန်ခရိုင်ကို လိမ်ခေါ်ပြီးသူတို့နန်းတွင်းကို ခေါ်သွားဖို့များ ဖြစ်နိုင်သလား။”

သာမန်လူတစ်ဦးပင် အန်းပင်မြို့သို့ သံချပ်ကာမြင်းတပ်ရောက်ရှိလာသည်ဟု ကြားလိုက်ရသည်နှင့် ထိုသံချပ်ကာမြင်းတပ်သည် လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များ ဖြစ်သည်ဟု သဘောပေါက်လိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာမြင်းတပ်များ လုံးဝမရှိသလို ထိုမျှလောက်များပြားသော သံချပ်ကာမြင်းတပ်ကို ထိန်းသိမ်းရန်လည်း ငွေကြေးအင်အား မတတ်နိုင်ပေ။ ဒါက ရုတ်တရက် ပေါ်ထွက်လာသည့် အင်အားစုတစ်ခုဖြစ်သည်။

ထိုသံချပ်ကာမြင်းတပ်ကို နန်းတွင်းက မြောက်ပိုင်းနယ်စားမင်းသားအတွက် စေလွှတ်ထားခြင်းများလား။

ဒါက ပို၍ပင် မဖြစ်နိုင်ပေ။ လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်သို့ ရွေ့လျားလာခြင်းကို ကာကွယ်ရန် နန်းတွင်းက စစ်သည်ခုနှစ်သောင်းကိုသာ မြောက်ဘက်သို့ စေလွှတ်ရန် သဘောတူထားသည်။ ထို့ကြောင့် သံချပ်ကာမြင်းတပ်ကို မြောက်ပိုင်းနယ်စားမင်းသားထံ စေလွှတ်မည်မဟုတ်သလို အင်အားငါးထောင် လောက်အထိရှိသည့် သံချပ်ကာ မြင်းတပ်ကိုလည်း ပို့ပေးမည်မဟုတ်ပါ။

ရှနိုင်ငံတော်၏ သံချပ်ကာမြင်းတပ် နှစ်သောင်းသည် ဆွမ်ဧကရာဇ်၏ လက်ထဲရှိ အထက်မြက်ဆုံး ဓားရှည်ကြီးဖြစ်ပြီး ယခုအချိန်တွင် နိုင်ငံတော်ကာကွယ်ရေးအတွက် ထိုလက်နက်ကို အသုံးပြုမည်မဟုတ်ပေ။

လင်ဝမ်ယွန်၏ အသံကို ကြားလိုက်ရသည်နှင့် ချန်ဝမ်ရွန်သည် သတိဝင်လာပြီး အေးဆေးတည်ငြိမ်မျက်နှာဖြင့် ထောက်လှမ်းရေး အစီရင်ခံစာကို ချထားလိုက်ကာ ညင်သာစွာပြောလိုက်သည်။

“လွင်ပြင်ဒေသ မျိုးနွယ်စုတွေက မြောက်ပိုင်းနယ်စားမင်းသားရဲ့ မိန်းမတွေကို လှည့်စားဖို့အတွက်နဲ့ အန်းပင်မြို့ကို သံချပ်ကာမြင်းတပ်များ ဒီလောက်များများ စေလွှတ်ဖို့ မလိုအပ်ပါဘူး။ မြင်းတပ်နှစ်ထောင်လောက်ဆို လုံလောက်ပါတယ်။”

လောလောဆယ်တွင် အန်းပင်မြို့ အပြင်ဘက်တွင် သံချပ်ကာမြင်းတပ် ငါးထောင် တပ်စွဲထားသည်။ မြောက်ပိုင်းဒေသရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ထိုမျှလောက်များပြားသော သံချပ်ကာမြင်းတပ်အတွက် လိုအပ်သည့် သံချပ်ကာများကို ပြုလုပ်နိုင်ခြင်း ရှိမရှိဆိုတာကို မဆွေးနွေးတော့ပါ။ လွင်ပြင်ဒေသ မျိုးနွယ်စုများတွင် သံချပ်ကာမြင်းတပ် ငါးထောင် ရှိခဲ့သည်တိုင် မင်းသားအိမ်တော်မှ အမျိုးသမီးများကို လှည့်စားရန်အတွက် ထိုကဲ့သို့သော အရေးပါသည့် အင်အားစုကို ဒီနေရာသို့ စေလွှတ်မည်မဟုတ်ပေ။

ဒါက လုံးဝ အဓိပ္ပာယ်မရှိပါ။ ကိစ္စတစ်ခုလုံးသည် အစမှအဆုံးထိ လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေသည်။

ချန်ဝမ်ရွန်က ဆက်ပြောသည်။

“ရန်ခရိုင်ကို ပြန်ရောက်ရင်‌တော့ ဒါတွေအားလုံးရဲ့ အကြောင်းရင်းကို ကျွန်မတို့ သိလာမှာပါ။”

ချန်ဝမ်ရွန်၏ စကားကိုကြားတော့ လင်ဝမ်ရွန်က သူမ၏ စိုးရိမ်မှုများကို ဖော်ပြလိုက်သည်။

“နန်းတော်သခင် ဒီသံချပ်ကာ မြင်းတပ် ငါးထောင်က လှည့်စားမှုတစ်ခုလားဆိုတာ ကျွန်မတို့ မသိသေးပါဘူး။ ကျွန်မတို့ မြောက်ပိုင်းနယ်စားမင်းသားအိမ်က လူတွေနှင့်အတူ မြောက်ဘက်ကို လိုက်သွားရင် အန္တရာယ်ရှိနိုင်မှာကို စိုးရိမ်မိပါတယ်။”

ချန်ဝမ်ရွန်က မျက်နှာအသွင်အပြင် ပြောင်းလဲသွားခြင်း မရှိပဲ ပြောလိုက်သည်။

“အကယ်၍ အန္တရာယ်ရှိနေမယ်ဆိုရင် ကျွန်မတို့ အခွင့်အရေးရတာနဲ့ သူတို့ခရီးသွားအုပ်စုထဲက ထွက်သွားလိုက်မယ်။ သံချပ်ကာ မြင်းတပ် ငါးထောင်က ကျွန်မတို့ကို မထိန်းထားနိုင်ပါဘူး။”

လင်ဝမ်ရွန်က ခဏတာ တွေးတောပြီးနောက်ထိုစကားက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ သံချပ်ကာ မြင်းတပ် ငါးထောင်သည် ထိပ်သီးပညာရှင်တစ်ဦးကို ထိန်းထားနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်ကိုဖြစ်သည်။

ထို့နောက် လင်ဝမ်ရွန်က ပြောလိုက်သည်။

“ကျွန်မ နားလည်ပါပြီ။ ကျွန်မတို့ရဲ့ ခရီးဆောင်အိတ်တွေကို တစ်ယောက်ယောက်ကို ချက်ချင်း ထုပ်ပိုးခိုင်းလိုက်ပါမယ်။”

ညနေခင်းအချိန်တွင်ဖြစ်သည်။ နေသည် တဖြည်းဖြည်း ဝင်‌နေသည်။ ကောင်းကင်ပေါ်တွင် ပုံစံအမျိုးမျိုးရှိသော ညနေတိမ်တိုက်များဖြင့် ပြည့်နှက်နေသည်။ ကြီးမားသော ခရီးသွား ယာဉ်တန်းကြီးသည် အန်းပင်မြို့မှ ဖြည်းဖြည်းချင်း ထွက်ခွာလာသည်။

အန်းပင်မြို့ရှိ သာမန်ပြည်သူများသည်လည်း မြောက်ပိုင်းနယ်စားမင်းက လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည် နှစ်သိန်းကို ရှင်းလင်းပြီး နောက်ထပ် တစ်သိန်းကို ဖမ်းဆီးခဲ့သည်ဟူသော သတင်းကို ကြားသိခဲ့ကြပြီဖြစ်သည်။

အစတွင် လူများက ယုံကြည်ခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုအောင်ပွဲသည် အလွန်ချဲ့ကားထားသည်ဟု ထင်ရ သောကြောင့်ဖြစ်သည်။ ထို့အပြင် သူတို့၏ နယ်စားမင်းသားသည် အသုံးမကျသူဟု သတ်မှတ်ခံထားရသူဖြစ်သည်။ မြောက်ပိုင်းမြို့တော်၏ စစ်တပ်သည်လည်း ထင်သလောက် အစွမ်းမရှိပါ။

မြောက်ပိုင်းမြို့တော်ရဲ့ ကန့်သတ်ခံထားရသော စစ်အင်အားသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည် နှစ်သိန်းကို သတ်ဖြတ်နိုင်မယ်တဲ့လား။ အိပ်မက်ထဲတွင်တောင် ထိုသို့မဖြစ်နိုင်ပေ။

သို့သော် ပြည်သူများသည် မင်းသား စံအိမ်၏ ခရီးသွားလှည်းတန်း အန်းပင်မြို့မှ ထွက်ခွာပြီး မြောက်ဘက်သို့ ထွက်ခွာရန် အသင့်ပြင်နေသည်ကို မြင်သောအခါ မြောက်ပိုင်းနယ်စားမင်းသားသည် ရန်ခရိုင်တွင် ကြီးမားသော စစ်အောင်ပွဲကို ရရှိခဲ့သည်ဟု ယုံကြည်လာကြသည်။

လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သား နှစ်သိန်းကို သတ်နိုင်ခဲ့ခြင်း မရှိလျှင်ပင် သူတို့သည် လွင်ပြင်ဒေသ မျိုးနွယ်စုတို့၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ရမည်ဖြစ်သည်။ သို့မဟုတ် လွင်ပြင်ဒေသ မျိုးနွယ်စုတို့၏ တပ်များသည် မြောက်ပိုင်းမြို့တော်မှ ထွက်ခွာသွားပြီဖြစ်နိုင်သည်။ မဟုတ်ပါက မိဖုရားနှင့် အခြားသူများသည် ယခုလို အချိန်တွင် မြောက်ဘက်သို့ ချီတက်နိုင်မည် မဟုတ်ပေ။

မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်နှင့်အတူ တောင်ဘက်သို့ လိုက်ပါခဲ့သော ပြည်သူများသည်လည်း သူတို့၏ ပစ္စည်းများကို ထုပ်ပိုးကာ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်၏ အနောက်သို့ လိုက်ပါနေကြသည်။

ပြည်သူများ၏ အမြင်အရ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ အမျိုးသမီးများကို အန္တရာယ်ထဲ တိုးဝင်ခွင့် ပြုမည် မဟုတ်ပေ။ မိဖုရား မြောက်ဘက်သို့ ချီတက်နေသည်မှာ မြောက်ပိုင်းမြို့တော်တွင် အရေးပေါ်အခြေအနေ ပြီးဆုံးသွားပြီဖြစ်ကြောင်း သေချာသည်။

လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သား နှစ်သိန်းကို သတ်ပြီး နောက်ထပ် တစ်သိန်းကို ဖမ်းလိုက်သည်ဆိုသည့် ဇာတ်လမ်းမှာမူ ပျော်စရာကောင်းသော ဇာတ်လမ်းတစ်ပုဒ် အနေနှင့် နားထောင်၍တော့ ဖြစ်နိုင်သည်။

.......

အခန်း (၁၂၅)

နေပြည်တော်သို့ သတင်းကောင်းရောက်ရှိခြင်း (၁)

မြောက်ပိုင်းနယ်စားမင်းသား၏ အိမ်တော်မှ ခရီးသွား ယာဉ်တန်း အန်းပင်မြို့မှ ထွက်ခွာသွားချိန်တွင် အိမ်တော်မှ လူအချို့ကတော့အနည်းငယ် စိတ်မချ ဖြစ်နေခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် အန်းပင်မြို့ အပြင်ဘက်ရှိ မြင်းတပ်သည် တကယ်တော့ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်ဖြစ်နေမလားဟု စိုးရိမ်နေကြသောကြောင့်ဖြစ်သည်။

သို့သော် မြို့တံခါးကို ဖြတ်ကျော်ထွက်ခွာလိုက်သည်နှင့် မြင်းတပ်သည် ယခင်နေရာတွင် ဆက်လက်ရပ်တန့်နေပြီး စောင့်ကြပ်နေသည်ကို တွေ့မြင်လိုက်ရသည်။ အိမ်တော်၏ ခရီးသွားယာဉ်တန်းကို ဘာမှမလုပ်ဆောင်ပဲ နေသည်ကို မြင်လိုက်ရတော့မှ အားလုံး စိတ်သက်သာရာ ရသွားခဲ့ကြသည်။

ထိုအချိန်တွင် ခရီးသွား ယာဉ်တန်းအတွင်းရှိ လှည်းတစ်စီး၏ လိုက်ကာပွင့်သွားပြီး လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့သည် လှည်းပြတင်းပေါက်မှတစ်ဆင့် အနက်ရောင် သံချပ်ကာဝတ်ဆင်ထားသော သံချပ်ကာမြင်းတပ်ကို သေချာစွာ ကြည့်ရှုစစ်ဆေး နေကြသည်။

တပ်ကို ဦးဆောင်နေသူမှာ ထိပ်သီးပညာရှင်တစ်ဦးဖြစ်နေသည်ကို မြင်လိုက်ရတော့ ချန်ဝမ်ရွန်၏ မျက်ခုံးများ အနည်းငယ် မြင့်တက်လာခဲ့သည်။

ထို့နောက် လင်ဝမ်ရွန်က ပြောလိုက်သည်။

“ဒီလူတွေက လွင်ပြင်ဒေသ မျိုးနွယ်စု‌ တွေနဲ့တော့ မတူဘူး။ ဒါပေမဲ့ ရှနိုင်ငံတော်ရဲ့ သံချပ်ကာမြင်းတပ်နဲ့လည်း မတူဘူး။”

ချန်ဝမ်ရွန်က ဘာမှမပြောပါ။ သူမလည်း ထိုအချက်ကို သတိထားမိခဲ့သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ရှနိုင်ငံတော်သားများတွင် ကွဲပြားခြားနားမှုအချို့ရှိပြီး သူတို့ကို ခွဲရတာ လွယ်ကူသည်။

ထိုမြင်းတပ်ရှိ စစ်သည်များသည် ရှနိုင်ငံသားများနှင့် အလွန်ဆင်တူသည်။ သို့သော် ရှနိုင်ငံတော်တွင် အနက်ရောင် စံသတ်မှတ်ထားသော သံချပ်ကာများကို ဝတ်ဆင်ထားသည့် သံချပ်ကာမြင်းတပ်များ မရှိပေ။

ရှနိုင်ငံတော်၏ သံချပ်ကာမြင်းတပ်သည် ငွေရောင်တောက်ပ‌နေသော သံချပ်ကာများကို အသုံးပြုသည်။ အနက်ရောင်မဟုတ်ပေ။ ထို့ကြောင့် ထိုသံချပ်ကာမြင်းတပ်သည် ရှနိုင်ငံတော်၏ သံချပ်ကာမြင်းတပ်လည်း မဟုတ်နိုင်ပေ။

ဒါက ထူးဆန်းသည်။ သံချပ်ကာမြင်းတပ် ငါးထောင်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့်လည်း မသက်ဆိုင်သလို ရှနိုင်ငံတော်နှင့်လည်း မသက်ဆိုင်ပေ။ ထို့နောက် မည်သည့်နေရာမှ ပေါ်ထွက်လာသနည်း။

မြောက်ပိုင်းနယ်စားမင်းသားက လေထဲမှယူပြီး စစ်တပ်တစ်တပ်ကို ဖန်တီးနိုင်သလား။ လင်ဝမ်ရွန်က နောက်ထပ် ရဲတင်းသော ယူဆချက်တစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်သည်။

“ဒီမြင်းတပ်က အခြားနိုင်ငံတစ်ခုကကော ဖြစ်နိုင်လား။”

သူတို့သည် ရှနိုင်ငံတော်မှ မဟုတ်သလို လွင်ပြင်ဒေသ မျိုးနွယ်စုများမှလည်း မဟုတ်ပေ။ မြောက်ပိုင်းမြို့တော်မှ မဟုတ်သည်မှာလည်း သေချာသည်။ ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်‌‌ချေမှာ ထိုမြင်းတပ်သည် မြောက်ပိုင်းနယ်စားမင်းသားက အခြားနိုင်ငံတော်တစ်ခုမှ ကူညီရန် ဖိတ်ခေါ်ထားသော တပ်ဖွဲ့များပင် ဖြစ်ရမည်။

ထိုအချိန်တွင် ချန်ဝမ်ရွန်က ညင်သာစွာပြောလိုက်သည်။

“ဒေါ်လေးလင်။ မြောက်ဘက်မှာက လွင်ပြင်ဒေသ မျိုးနွယ်စုများတွေနေတယ်။ အနောက်ဘက်မှာက ကျူးနိုင်ငံ‌တော်၊ ရှနိုင်ငံတော်ကတောင်ဘက်မှာ ပြီးရင် အရှေ့ဘက်မှာက သမုဒ္ဒရာပဲ ရှိပါတယ်။”

ချန်ဝမ်ရွန်သည် လင်ဝမ်ရွမ်၏ မှန်းဆချက်ကို တိုက်ရိုက်ငြင်းဆိုခြင်း မပြုသော်လည်း သူမ၏စကားများက လင်ဝမ်ရွမ်၏ မှန်းဆချက်သည်လည်း ဖြစ်နိုင်ချေမရှိဟု ထင်ရှားစွာ ဖော်ပြနေသည်။

ပထမဦးစွာ ရှနိုင်ငံတော်အပြင် မြောက်ပိုင်းမြို့တော်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော တခုတည်းသော နိုင်ငံဖြစ်သည့် ကျူးနိုင်ငံတွင်လည်း သံချပ်ကာ မြင်းတပ်များ မရှိပေ။ သူတို့သည် အလွန်ဆင်းရဲပြီး အသက်ရှင်ရန်ပင် မနည်းရပ်တည်နေရသည်။ မြောက်ပိုင်းမြို့တော်သို့ သံချပ်ကာ မြင်းတပ်များကို ငှားရမ်းရန် မဖြစ်နိုင်ပေ။ အကယ်၍ ထိုမြင်းတပ်သည် အခြားနိုင်ငံတစ်ခုမှ မြောက်ပိုင်းနယ်စားမင်းသားက ငှားရမ်းထားသည်ဆိုပါက သူတို့သည် ရှနိုင်ငံတော် သို့မဟုတ် ကျူးနိုင်ငံကို ဖြတ်သန်းရမည်ဖြစ်သည်။

သံချပ်ကာ မြင်းတပ် ငါးထောင် ဖြတ်သန်းသွားပါက မည်သည့်နိုင်ငံမဆို သတိထားမိမှာ သေချာသည်။

ဒါက သံချပ်ကာများ တပ်ဆင်ထားသော မြင်းတပ်ဖြစ်ပြီး ပုံမှန်စစ်သား ငါးထောင်ပင် မဟုတ်ပေ။ သံချပ်ကာ မြင်းတပ်များ လှုပ်ရှားလာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ နိုင်ငံများ သို့မဟုတ် စစ်တပ်များက ချက်ချင်းသတိထားမိကြမည်ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားသည် ထိုသံချပ်ကာ မြင်းတပ်ကို ပင်လယ်ကိုဖြတ်ကာ မြောက်ပိုင်းမြို့တော်သို့ လျှို့ဝှက်စွာ သယ်ဆောင်လာနိုင်မည်မဟုတ်ပေ။ ထိုအချိန်တွင် အနက်ရောင် မြင်းတပ်၏ ခေါင်းဆောင်တစ်ဦးသည် တပ်ဖွဲ့မှ ထွက်ခွာလာပြီး ခရီးသွားလှည်းတန်းဆီကို တိုက်ရိုက်ဦးတည်လာခဲ့သည်။

ထိုမြင်ကွင်းက လင်ဝမ်ရွန်ကို ချက်ချင်း စိတ်လှုပ်ရှားသွားစေခဲ့သည်။ ထို‌ခေါင်းဆောင်သည် သာမန်လူကဲ့သို့ မဟုတ်ပဲ ငရဲမှ ထွက်လာသည့် ရက်စက်ကြမ်းကြုတ်သည့် စစ်သားတစ်ဦးနှင့်တူသည်။ သူ၏ခန္ဓာကိုယ်တွင် လေးလံသော သတ်ဖြတ်ခြင်း အငွေ့အသက်များ ရှိနေပြီး သူသတ်ဖြတ်ခဲ့သော လူများက မနည်းကြောင်း ညွှန်းဆိုနေသည်။

ကံကောင်းထောက်မစွာပင် ထိပ်သီးပညာရှင်အဆင့်ရှိ ခေါင်းဆောင်သည် သူတို့၏ လှည်းသို့ မလာပဲ မုကျိရွှမ်း၏ လှည်းဆီသို့ သွားခဲ့သည်။

ဗိုလ်ချုပ် ရွှမ်ယွမ်ချန်းသည် မြင်းပေါ်မှ ဆင်းပြီး မုကျိရွှမ်း၏လှည်းရှေ့တွင် ဒူးထောက်ကာ

“ကျွန်‌တော်ရွှမ်ယွမ်ချန်း မိဖုရားကို ဂါရဝပြုပါတယ်” ဟု ပြောလိုက်သည်။

လှည်းပြတင်းပေါက်မှ ကြည့်ရှုနေသော မုကျိရွှမ်းက ချက်ချင်းပြောလိုက်သည်။

“ဗိုလ်ချုပ် ရွှမ်။ ကျေးဇူးပြုပြီး အမြန်ထပါ။”

ထိုအချိန်တွင် မုကျိရွှမ်း၏ အရှေ့နှင့်အနောက်ရှိ လှည်းများထဲက လူများသည် လှည်းလိုက်ကာများကိုဖွင့်ပြီး ပြတင်းပေါက်မှ ခေါင်းအနည်းငယ်ထုတ်ကာ မုကျိရွှမ်း၏ဘက်သို့ ကြည့်ရှုနေကြသည်။

ရွှမ်ယွမ်ချန်းက

“ကျေးဇူးတင်ပါတယ် မိဖုရား။” ဟု ပြောပြီးနောက် ပြန်ထလိုက်သည်။

ထို့နောက် မုကျိရွှမ်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ဗိုလ်ချုပ် ရွှမ်။ မင်းသားက မြောက်ပိုင်းမြို့တော်ရဲ့ စစ်သားတွေကို ဦးဆောင်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သား နှစ်သိန်းကို သတ်ပစ်ခဲ့တယ်လို့ ကြားရပါတယ်။ အဲ့ဒါက အမှန်ပဲလား။”

ရွှမ်ယွမ်ချန်းက ချက်ချင်းပြန်ဖြေလိုက်သည်။

“မိဖုရား။ အမှန်ပင် ဖြစ်ပါတယ်။”

“‌ နောက်ပြိီး ကျွန်ုပ်တို့ဟာ လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သား တစ်သိန်းကို ဖမ်းမိထားပါတယ်။”

ရွှမ်ယွမ်ချန်း၏ အဖြေကို ကြားလိုက်ရသည်နှင့် ချူးချင်လီသည် မျက်နှာထား မပြောင်းလဲသော်လည်း မျက်ခုံးတော့ တွန့်သွားခဲ့သည်။ ရွှမ်ယွမ်ချန်း၏ မုကျိရွှမ်းအပေါ် ဆက်ဆံနေပုံအရ သူသည် မြောက်ပိုင်းနယ်စားမင်းသား၏ လက်အောက်ခံ ဗိုလ်ချုပ်တစ်ဦးအမှန်တကယ် ဖြစ်သည်ဟု ထင်ရသည်။

လွင်ပြင်ဒေသ မျိုးနွယ်စုများသည် မိဖုရားကို မြောက်ဘက်သို့ လှည့်ဖြား‌ ခေါ်ဆောင်ရန်ရည်ရွယ်ခဲ့သည် ဆိုပါက ယခု ခရီးသွားလှည်းတန်းသည် မြို့မှ ထွက်ခွာသွားပြီဖြစ်ရာ သူတို့အနေဖြင့် ဆက်လက်ဟန်ဆောင်ရန် မလိုအပ်တော့ပေ။

ထို့အပြင် သူက ထိပ်သီးပညာရှင်အဆင့်ရှိ ဗိုလ်ချုပ်တစ်ဦးဖြစ်နေသည်။ သူ၏သတ်ဖြတ်ခြင်း အငွေ့အသက်ကို ချူးချင်လီ ခံစားမိသည်။ လွင်ပြင်ဒေသ မျိုးနွယ်စု၏ ထိပ်သီးပညာရှင်အဆင့်ရှိ ဗိုလ်ချုပ်တစ်ဦးသည် မြောက်ပိုင်းနယ်စားမင်းသား၏ မိဖုရားရှေ့တွင် ဟန်ဆောင်ရန် လိုအပ်ပါသလား။

“လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များ” သည် ပုံမှန်အားဖြင့် အမျိုးသမီးများကို ဒူးမထောက်ကြပေ။ ဒါက ရှနိုင်ငံမှ လူများသာ လုပ်တတ်သည့် ထုံးစံဖြစ်သည်။ သို့သော် ရွှမ်ယွမ်ချန်းက မုကျိရွှမ်းအရှေ့တွင် ဒူးထောက်ခဲ့သည်။ ထိုအချက်က ရွှမ်ယွမ်ချန်းသည် လွင်ပြင်ဒေသ မျိုးနွယ်စု၏ ဗိုလ်ချုပ်မဟုတ်နိုင်ကြောင်း သက်သေပြလိုက်သည်။

ချူးချင်လီ အေးစက်သွားခဲ့သည်။ သူမသည် သူမ၏အစ်မနှင့်အတူ ထွက်ပြေးရန် အသင့်ပြင်ထားခဲ့သော်လည်း ရွှမ်ယွမ်ချန်းက မိဖုရားရှေ့တွင် ဒူးထောက်လိုက်သည်ကို မြင်လိုက်ရသည်။

လင်ဝမ်ရွမ်နှင့် ချန်ဝမ်ရွန်တို့သည်လည်း အံ့အားသင့်သွားခဲ့သည်။ ရွှမ်ယွမ်ချန်းသည် မြောက်ပိုင်းနယ်စားမင်းသား၏ မိဖုရားရှေ့တွင် ဒူးထောက်လိုက်သည့်အချက်က ထိုသံချပ်ကာ မြင်းတပ်သည် မြောက်ပိုင်းနယ်စားမင်းသား၏ အပိုင်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ခြင်းဖြစ်သည်။ သို့မဟုတ်ပါက ဗိုလ်ချုပ်သည် မိဖုရားရှေ့တွင် ဒူးထောက်မည် မဟုတ်ပေ။

“ဤခေတ်တွင်” ပုံမှန်အားဖြင့် အမျိုးသမီးတစ်ဦးကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုမှာ စစ်သည်များက ဒူးထောက်တတ်ကြသည်။

ရှင်းရှင်းပြောရလျှင် အကယ်၍ ရွှမ်ယွမ်ချန်းသည် မြောက်ပိုင်းနယ်စားမင်းသားကိုသာ အသိအမှတ်ပြုပါက သူသည် မုကျိရွှမ်းရှေ့တွင် ဒူးထောက်ရန် မလိုအပ်ပေ။ ရှနိုင်ငံတော်၏ အခြားဗိုလ်ချုပ်များသည် မုကျိရွှမ်းနှင့် တွေ့ဆုံသည့်အခါ ဒူးထောက်ရန် မလိုအပ်ပဲ ဦးညွှတ်ရုံသာ လိုအပ်သည်။

ထိုအပြုအမူကို ပြုလုပ်ခြင်းဖြင့် သူသည် တစ်နည်းအားဖြင့် “မြောက်ပိုင်းနယ်စားမင်းသား၏ မိဖုရားကို မြင်ရသည်မှာ မြောက်ပိုင်းနယ်စားမင်းသားကို မြင်ရသည်နှင့် တူသည်” ဟု ဆိုလိုခြင်းဖြစ်သည်။

ထိုအချိန်တွင် ချန်ဝမ်ရွန်က စပြောလိုက်သည်။

“ကြည့်ရတာတော့ ရှနိုင်ငံတော်တစ်ခုလုံးက မြောက်ပိုင်းနယ်စားမင်းသားရဲ့ လှည့်ကွက်ထဲ မိသွားပြီထင်တယ်။”

လင်ဝမ်ရွမ်က စိုးရိမ်စွာပြောလိုက်သည်။

“ နန်း‌တော်သခင် ကျွန်မတို့ မြောက်ပိုင်းမြို့တော်ကို ထွက်သွားလိုက်ရင် ကောင်းမလားပဲ။ မြောက်ပိုင်းနယ်စားမင်းသားက အရူးတစ်ယောက် မဟုတ်လောက်ဘူး။ ကျွန်မတို့ လျှို့ဝှက်လဝန်နန်းတော်က သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ချဉ်းကပ်နေတာကို သိသွားပြီထင်တယ်။”

မြောက်ပိုင်းနယ်စားမင်းသား ဤမျှကြီးမားသော အင်အားကို လျှို့ဝှက်စွာ စုစည်းထားနိုင်ခြင်းက သူ၏နက်နဲသော စီမံကိန်းများကို ဖော်ပြနေသည်။ ထိုကဲ့သို့သောသူသည် လျှို့ဝှက်လဝန်းနန်းတော်၏ ချဉ်းကပ်မှုက ရည်ရွယ်ချက်ရှိတယ်ဆိုတာ မမြင်နိုင်ပဲ ရှိပါ့မလား။

လျှို့ဝှက်လဝန်းနန်းတော်က သူ့ကို ချစ်ခြင်းပိုးဖြင့် ထိန်းချုပ်ရန် ရည်ရွယ်နေသည်ကို မြောက်ပိုင်းနယ်စားမင်းသား သိသွားပါက သူသည် သူတို့ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်နိုင်သည်။

ထိုအချိန်တွင် ချန်ဝမ်ရွန်က ပြောလိုက်သည်။

“လူတွေဟာ လိုချင်တဲ့ဆန္ဒရှိမှ ထိန်းချုပ်ရလွယ်တယ်။ သူ ဒီလောက်ကြီးမားတဲ့ အင်အားကို စုစည်းထားတာက နေပြည်တော်က အဲ့ဒီနေရာ အတွက်ပဲ။”

“လျှို့ဝှက်လဝန်းနန်းတော်အနေနဲ့ ဒီအချိန်မှာ သူ့ကို ကူညီသင့်တယ်။”

လင်ဝမ်ရွန် ချက်ချင်းနားလည်သွားခဲ့သည်။ ချန်ဝမ်ရွန်သည် လုချန်းကို ရုပ်သေးအဖြစ် အသုံးပြုပြီး သူ့ကို ဆွမ်ဧကရာဇ်နှင့် အသေအကြေ တိုက်ခိုက်စေကာ နောက်ဆုံးတွင် လျှို့ဝှက်လဝန်းနန်းတော်က အမြတ်ထုတ်ရန် ရည်ရွယ်နေခြင်းဖြစ်သည်။

ချန်ဝမ်ရွန်၏ စိတ်ကူးမှာ ရိုးရှင်းသည်။ ယခု မြောက်ပိုင်းနယ်စားမင်းသားသည် ဒီလောက် ကြီးမားသော အင်အားစုကို စုစည်းမိပြီ ဖြစ်သည့်အတွက် သူတို့အနေနှင့် သူ့ကို အရင်ထိန်းချုပ်ပြီး ဆွမ်ဧကရာဇ်နှင့် တိုက်ခိုက်ခွင့်ပေးလိုက်မည်ဖြစ်သည်။

ထိုသို့ လုပ်ခြင်းကလည်း လုချန်းကို အသုံးပြု၍ လျှို့ဝှက်နဂါးမန္တာန်ကျင့်စဉ်ကို အောင်မြင်အောင် လုပ်ရာတွင် အနှောင့်အယှက်မဖြစ်စေနိုင်ပါ။ မူလက လုချန်းသည် လျှို့ဝှက်နဂါးမန္တာန်ကျင့်စဉ် အတွက်သာ တန်ဖိုးရှိသော်လည်း ယခုအခါ ချန်ဝမ်ရွန်၏ စိတ်ထဲတွင် သူ၏တန်ဖိုးက မြင့်တက်လာခဲ့သည်။

ချန်ဝမ်ရွန်၏ စကားကိုကြားတော့ လင်ဝမ်ရွန်၏ စိတ်ထဲတွင် သက်ပြင်းချတစ်ချက်လိုက်ပြီး နောက်ထပ် စကားမပြောတော့ပေ။ ခရီးသွားယာဉ်တန်းသည် ဆက်လက်ရွေ့လျားနေခဲ့သည်။

ရှနိုင်ငံတော်။

နေပြည်တော် ချွန်ကျင်ခန်းမ။

ယနေ့တွင်လည်း ဆွမ်ဧကရာဇ်သည် နန်းတွင်း အစည်းအဝေးတွင် ဒေါသထွက်နေခဲ့သည်။

“ခင်ဗျားတို့ ဒီလောက်ကြာအောင် စုံစမ်းပြီးတာတောင် လုပ်ကြံသူရဲ့ အကြောင်းနည်းနည်းကိုမှ မတွေ့ရသေးဘူးလား။ ပြစ်မှု ဆိုင်ရာဝန်ကြီးဌာနက ကျုပ်အတွက် ဘာအသုံးဝင်လဲ။”

ဆွမ်ဧကရာဇ်၏ အော်ဟစ်သံကို ကြားလိုက်ရသည်နှင့် ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနမှ အရာရှိများသည် တုန်လှုပ်သွားကြပြီး အသက်ရှူရန်ပင် မဝံ့မရဲဖြစ်နေခဲ့ကြသည်။

ဆွမ်ဧကရာဇ်က လုရှုယွမ်၏ နေအိမ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုကို စုံစမ်းရန် ရက်အနည်းငယ်သာ အချိန်ပေးခဲ့သည်။ ရက်များကုန်လွန်သွားပြီးနောက် သူတို့သည် လုပ်ကြံသူများနှင့် ပတ်သက်သည့် သတင်းအချက်အလက် တစ်စုံတစ်ရာကိုမှ မတွေ့ရှိခဲ့ပေ။ နောက်ပိုင်းတွင် ဘယ်သူက ထိုကဲ့သို့ စိတ်ကူးကောင်း ရသွားမှန်း မသိရသော်လည်း သွေးလဝန်း ရဲတိုက်မှ လုပ်ကြံသူတစ်ဦးကို အပြစ်ဖို့ကာ ထိုသူက လုရှုယွမ်ကို မုန်းတီးသောကြောင့် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။

သို့သော် ဆွမ်ဧကရာဇ်သည် ထိုသို့ အလွယ်တကူ လှည့်စားခံရမည့်သူ မဟုတ်ပေ။ မကြာသေးမီကပင် သွေးလဝန်းရဲတိုက်၏ ရဲတိုက်မှူး မြောက်ပိုင်းမြို့တော်တွင် သေဆုံးသွားပြီဖြစ်ကြောင်း သူသတင်းရရှိခဲ့သည်။ သူသေဆုံးရသည့် အကြောင်းရင်းကို မသိရသော်လည်း သွေးလဝန်း ရဲတိုက်၏ တည်ရှိမှုသည် နေပြည်တော်တွင် အမည်ခံသာ ဖြစ်နေပြီဖြစ်သည်။

ထို့ကြောင့် ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနသည် လုပ်ကြံသူအစစ်ကို မတွေ့ရှိခဲ့သည့်အတွက် သွေးလဝန်း ရဲတိုက်ကို အပြစ်ဖို့ခဲ့ခြင်း ဖြစ် ကြောင်း ထင်ရှားသည်။

နောက်ပိုင်းတွင် ဆွမ်ဧကရာဇ်သည် ဝန်ကြီးဌာနမှ အရာရှိအချို့ကို ဖယ်ရှားပစ်လိုက်ပြီး ကျန်ရှိသော အရာရှိများကို ထပ်မံစုံစမ်းရန် အချိန်အနည်းငယ် ပေးခဲ့သည်။ သို့သော် လုပ်ကြံသူနှင့် ပတ်သက်သည့် သတင်းအစအနကိုမှ မတွေ့ရှိခဲ့ရပေ။

ဝန်ကြီးဌာနမှ အရာရှိများအားလုံးသည် မြောက်ပိုင်းနယ်စားမင်းသားနှင့် လုရှုယွမ်တို့ကြား ပဋိပက္ခရှိကြောင်း သိရှိထားကြသည်။ သို့သော် မြောက်ပိုင်းနယ်စားမင်းသားသည် အသုံးမကျသူဖြစ်သည့်အတွက် သူ့အပေါ် အပြစ်ဖို့ရန် မဖြစ်နိုင်ပေ။ မြောက်ပိုင်းနယ်စားမင်းသားအပေါ် အပြစ်ဖို့လိုက်လျှင် ဆွမ်ဧကရာဇ်၏ ဒေါသကို ပို၍ဆွပေးသလို ဖြစ်မည်ကို သူတို့ စိုးရိမ်ကြသည်။

ထိုအချိန်တွင် ဘယ်လက်ရုံး ဝန်ကြီး လင် ကောင်းယွမ်က အံကြိတ်ပြီး ပြောလိုက်သည်၊

“မင်းကြီး။ လုရှုယွမ်မင်းသားကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ လုပ်ကြံသူကို ရှာဖွေနိုင်ဖို့က အမှန်ပင် အရေးကြီးပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းဒေသရဲ့ လက်ရှိအခြေအနေကလည်း အလွန်အရေးကြီးနေပါတယ်။”

လင်ကောင်းယွမ်သည် မြောက်ပိုင်းဒေသ၏ အခြေအနေကို နန်းတွင်းရှိ အခြားမည်သူထက်မဆို ပို၍ဂရုစိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏သားဖြစ်သူသည် စစ်တိုက်ရန် တပ်များကို ဦးဆောင်နေသူ ဖြစ်သောကြောင့်ဖြစ်သည်။

လင်ကောင်းယွမ်၏ သတိပေးချက်ကို ကြားပြီးနောက် ဆွမ်ဧကရာဇ်သည် သူ့ကိုယ်သူ တည်ငြိမ်‌အောင်လုပ်လိုက်ပြီး ပြစ်မှုရေးရာ ဌာနမှ အရာရှိများကို ပြောလိုက်သည်။

“ကျုပ် နောက်ထပ် သုံးရက် အချိန်ပေးမယ်။ အကယ်၍ ခင်ဗျားတို့ ဘာမှ မတွေ့‌ သေးဘူးဆိုရင် နောက်ဆက်တွဲ အကျိုးဆက်‌တွေကို ခင်ဗျားတို့ စဉ်းစားထား‌တော့။”

ထိုအချိန်တွင် ဆွမ်ဧကရာဇ်သည် ထိုင်ရန် အဆင်သင့်ဖြစ်နေသည်။ ထိုစဉ် ရုတ်တရက်စစ်သားတစ်ဦး၏ အသံက ချွန်ကျင်ခန်းမအပြင်မှ ထွက်ပေါ်လာသည်။

“မြောက်ပိုင်းဒေသမှာ အောင်ပွဲရပြီ။”

ထိုအသံကို ကြားပြီး‌နောက် ခန်းမအတွင်းရှိ ဝန်ကြီးများအားလုံး အံ့အားသင့်သွားကြသည်။

ကြီးမားတဲ့ အောင်ပွဲတစ်ခု။

ဒီအချိန်မှာ ကြီးမားတဲ့ အောင်ပွဲတစ်ခု ဘယ်လိုလုပ် ရနိုင်မှာလဲ။

နန်းတွင်းမှ စစ်သည် ခုနစ်သောင်းနှင့် မြောက်ပိုင်းမြို့တော်မှ အိုမင်းနွမ်းနယ်ပြီး နာမကျန်းဖြစ်နေသော လူအနည်းငယ်က မြောက်ပိုင်းမြို့တော်ကို ခိုင်ခိုင်မာမာ ကာကွယ်ထားနိုင်ခြင်းသည်ပင် အံ့အားသင့်စရာတစ်ခု ဖြစ်နေပြီဖြစ်သည်။

ကြီးမားသော အောင်ပွဲတစ်ခု မည်သို့ရှိနိုင်မည်နည်း။

ရှေ့တန်းရှိ ဗိုလ်ချုပ်များသည် စစ်ရေးအောင်ပွဲကို အစီရင်ခံဖို့ သတင်းကောင်းများကို လုပ်ကြံရေးသားနေတာ ထင်ရှားသည်။

တပ်များကို မြောက်ဘက်သို့ ဦးဆောင်နေသူသည် ဘယ်လက်ရုံးဝန်ကြီး လင်ကောင်းယွမ်၏ သားဖြစ်ကြောင်း တွေးမိသောအခါ ညာလက်ရုံး ဝန်ကြီး ကျောင်းဝမ်ဟန်က သူ၏ လည်ချောင်းကို စိုစွတ်စေရန် တံတွေးမျိုချလိုက်ပြီး လင်ရှုမင်၏ စစ်ရေးအစီရင်ခံစာသည် လုပ်ကြံရေးသားထားခြင်းဖြစ်ကြောင်း စွပ်စွဲရန် အဆင်သင့်ဖြစ်နေကြသည်။

သို့သော် အနီရောင်ဖဲကြိုးတပ် သတင်းပို့သူ ခန်းမအတွင်းသို့ ဝင်လာသောအခါ သတင်းပို့သူ၏ စကားတစ်ခွန်းက ခန်းမတစ်ခုလုံးကို ငြိမ်သက်သွား‌စေပြီး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားစေသည်။

ချွန်ကျင်ခန်းမအတွင်းသို့ ဝင်ရောက်ပြီးနောက် အနီရောင်ဖဲကြိုးတပ် သတင်းပို့သူသည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး စစ်ရေးအစီရင်ခံစာကို လက်နှစ်ဖက်ဖြင့် ကိုင်ထားကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“မင်းကြီး။ မြောက်ပိုင်းနယ်စားမင်းသားဟာမြောက်ပိုင်းမြို့တော်ရဲ့ စစ်သည်တော်များကို ဦးဆောင်ပြီး ရဲရင့်စွာ တိုက်ခိုက်ခဲ့ပါတယ်။ သူတို့ဟာ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည် နှစ်သိန်းကို ရှင်းလင်းသတ်ဖြတ်ခဲ့ပြီး နောက်ထပ် တစ်သိန်းကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။”

ထိုစကားကို ကြားပြီးနောက် ဗုံးကြီးတစ်လုံး ပေါက်ကွဲသကဲ့သို့ ဖြစ်သွားပြီး ခန်းမတစ်ခုလုံး ဆူညံသံများဖြင့် ပြည့်လျှံသွားသည်။ ဝန်ကြီးအားလုံး အံ့အားသင့်သွားကြသည်။ လုပ်ကြံရေးသားထားသော စစ်ရေးအစီရင်ခံစာများကို သူတို့မြင်ဖူးကြသည်။ သို့သော် ဤမျှ ပေါ်ပေါ်ထင်ထင် လုပ်ကြံထားသော အစီရင်ခံစာကိုတော့ တစ်ခါမှ မမြင်ဖူးကြပေ။

လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည် နှစ်သိန်းကို ရှင်းလင်းသတ်ဖြတ်ခဲ့တယ်။

ဘယ်လိုဟာသမျိုးလဲ။

မြောက်ပိုင်းမြို့တော်မှ မည်ကာမတ္တ စစ်အင်အားသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ကျူးကျော်မှုကို ခုခံနိုင်သည် ဆိုလျှင်ပင် ကောင်းနေပြီဖြစ်သည်။

အခု လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည် နှစ်သိန်းကို သတ်ဖြတ်ခဲ့သည်ဟု ဆိုနေသည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများက ပြည်သူနှစ်သိန်းကို သတ်ဖြတ်ခဲ့သည်ဟု ဆိုပါက ပို၍ယုံကြည်စရာကောင်းမည်။ ဤစစ်ရေးအစီရင်ခံစာကို မည်သူက ရေးသားခဲ့သနည်း။

ဤသည်မှာ စစ်ရေးအစီရင်ခံစာ မဟုတ်ပေ။ ဤသည်မှာ ရှနိုင်ငံ သမိုင်းတစ်ခုလုံးကို ပြောင်းလဲထားသည့် အရာဖြစ်သည်။

........

အခန်း (၁၂၆)

ဆွမ်မင်းဆက် ဘိုးဘေးတွေ နန်းတော်

သင်္ချိုင်းဂူထဲက ထွက်လာတာလား (၁)

နန်းတွင်းရှိ ဝန်ကြီးများအတွက် အနီရောင်ဖဲကြိုးတပ် သတင်းပို့သူ၏ စစ်ရေးအစီရင်ခံစာသည် ဘယ်လောက်တောင် မှားယွင်းနေသလဲ။ မှားယွင်းလွန်းသည့်အတွက် သူတို့အားလုံးသည် ထိုအစီရင်ခံစာကို မေးခွန်းထုတ်ရန်ပင် ပါးစပ်မဟဝံ့ ဖြစ်နေကြသည်။ ဤမျှလုပ်ကြံ ရေးသားထား‌သော စစ်ရေးအစီရင်ခံစာကို တင်ပြရဲသူမှာ ရှနိုင်ငံတော်၏ သမိုင်းတွင် ပထမဆုံးဖြစ်သည်။

အကယ်၍ အနီရောင်ဖဲကြိုးတပ် သတင်းပို့သူ၏ အစီရင်ခံစာတွင် သူတို့သည် လွင်ပြင်ဒေသ မျိုးနွယ်စုတပ်သား သောင်းချီကို သတ်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုတို့ကို အနိုင်ရခဲ့သည်ဟု ဆိုလျှင်‌တောင် လက်ရှိအချိန်တွင် ညာလက်ရုံး ဝန်ကြီး ကျောင်းဝမ်ဟန်၏ အပေါင်းအပါဝန်ကြီးများက လင်ရှုမင်ကို စစ်အောင်ပွဲကို လုပ်ကြံအစီရင်ခံသည်ဟု စွပ်စွဲရန် စတင်နေကြပြီဖြစ်သည်။

သို့သော် မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သား နှစ်သိန်းကို သတ်ပြီးပြီဟု ဆိုနေ၏။ ဤမျှမှားယွင်းသော အစီရင်ခံစာကို သူတို့ထပ်မံ စွပ်စွဲရန် မလိုတော့ပါ။ သူတို့ စကားပြောရန်ပင် မဝံ့မရဲဖြစ်နေကြသည်။

နှစ်သောင်းတောင်မဟုတ်ပါ။ နှစ်သိန်းဖြစ်သည်။

ထို့အပြင် အနီရောင်ဖဲကြိုးတပ် သတင်းပို့သူက မြောက်ပိုင်းမြို့တော်သည် လွင်ပြင်ဒေသ မျိုးနွယ်စုတပ်သား တစ်သိန်းကို ဖမ်းလိုက်ရသည်ဟု ဆိုပြန်သည်။ ဒါက ဘာကို ဖော်ပြနေတာလဲ။ တစ်နည်းအားဖြင့် ဒါက မြောက်ပိုင်းမြို့တော်သည် တောင်ဘက်သို့ ချီတက်လာသော လွင်ပြင်ဒေသ မျိုးနွယ်စုတပ် သုံးသိန်းစလုံးကို ဖျက်ဆီးပစ်ခဲ့သည်ဟု ဖော်ပြသည်။

ဒါက..

အကယ်၍ မြောက်ပိုင်းနယ်စားမင်းသားသည် ထို့ကဲ့သို့ တကယ်ပင် စွမ်းဆောင်ခဲ့ပါက သူ၏ နိုင်ငံအပေါ် ကျေးဇူးပြုမှုသည် ဆွမ်ဧကရာဇ်နှင့် အတူတူပင်ဖြစ်သွားမည်။

မဟုတ်ပါ။ သူသည် ဘုရင်ကိုပင် ကျော်လွန်သွားသည်ဟု ဆိုနိုင်သည်။

သို့သော် ဒါက ဖြစ်နိုင်ပါ့မလား။

မြောက်ပိုင်းနယ်စားမင်းသား မည်သို့‌ သော လူစားမျိုး ဖြစ်သည်ကို နေပြည်တော်တွင် ဘယ်သူမသိပဲ ရှိသနည်း။ ထိုအားနည်းသော၊ အရည်အချင်းမရှိသော၊ ကာမဂုဏ်တပ်မက်သော လူညံ့တစ်ယောက်သည် မြောက်ပိုင်းမြို့တော်၏ တပ်များကို ဦးဆောင်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုတပ် သုံးသိန်းကို ဖျက်ဆီးနိုင်မယ်တဲ့လား။

အလွန်ရယ်စရာကောင်း၏။

ဘာလို့ ဆွမ်ဘိုးဘေးတွေက သူတို့သင်္ချိုင်းဂူထဲက ထွက်လာပြီး လွင်ပြင်ဒေသ မျိုးနွယ်စုတပ်သား နှစ်သိန်းကို သတ်ပစ်ခဲ့တယ်လို့ အစီရင်ခံစာမှာ မပါရတာလဲ။

အကယ်၍ ဆွမ်ဘိုးဘေးများ သူတို့၏ သင်္ချိုင်းဂူမှ ထွက်လာသည်ဟု ဆိုပါက အချို့သူများသည် ဤစစ်ရေးအစီရင်ခံစာကို အမှန်ဟု ယုံကြည်ကောင်း ယုံကြည်နိုင်သည်။

ထိုအချိန်တွင် နန်းတော်တစ်ခုလုံး တိတ်ဆိတ်နေပြီး အသက်ရှူသံများကိုပင် ကြားနိုင်သည်။ မည်မျှကြာအောင် တိတ်ဆိတ်နေခဲ့သည်ကို မသိရပါ။ ‌နောက်ဆုံးတွင် မိန်းမစိုးတစ်ဦးက စတင် သတိပြန်ဝင်လာခဲ့သည်။ သူက အနီရောင်ဖဲကြိုးတပ် သတင်းပို့သူထံသို့ ချဉ်းကပ်သွားပြီး စစ်ရေးအစီရင်ခံစာကိုယူကာ ဧကရာဇ်ထံသို့ သွားပြီးပေးအပ်လိုက်သည်။

ထိုအချိန်တွင် ဆွမ်ဧကရာဇ်၏ မျက်နှာသည် ညိုမှောင်နေပြီး မျက်နှာထားက အလွန်ဆိုးရွားနေသည်။ ဤသည်မှာ သူကြားဖူးသမျှထဲတွင် အမှားယွင်းဆုံးသော စစ်ရေးအစီရင်ခံစာဖြစ်သည်။ လင်ရှုမင်သည် ဤမျှမှားယွင်းသော စစ်ရေးအစီရင်ခံစာကို နေပြည်တော်သို့ ပို့ရဲခဲ့သည်ကို သူ တကယ်ပင် မယုံနိုင်ပေ။

လင်ရှုမင်၏ ဖခင်သည် နန်းတွင်း၌ ဝန်ကြီးချုပ်ဖြစ်သော်လည်း ဤမျှလောက် ထင်ရှားစွာ လုပ်ကြံရေးသားထားသည့် အစီရင်ခံစာကို ဖန်တီးခဲ့သည့်အတွက် ဝန်ကြီးချုပ်ရာထူးရှိသည့် လင်ကောင်းယွမ်ပင် သူ့သားကို ကယ်တင်နိုင်မည် မဟုတ်ပေ။

လင်ကောင်းယွမ်သည် သူ့သား လင်ရှုမင်ကို မကယ်တင်နိုင်ရုံသာမက သူတို့၏ တစ်အိမ်သားလုံးသည်လည်း လင်ရှုမင်၏ လုပ်ရပ်ကြောင့် ထိခိုက်နိုင်လာနိုင်သည်။

မိန်းမစိုးမှ ဆက်သလာသော စစ်ရေးအစီရင်ခံစာကို မြင်လိုက်ရသည်နှင့် ဆွမ်ဧကရာဇ်သည် သတိဝင်လာပြီး ချက်ချင်းပင် အစီရင်ခံစာကို ကောက်ယူကာ ဖတ်ရှုလိုက်သည်။

အစီရင်ခံစာက လုပ်ကြံ ရေးသားထားခြင်း ဖြစ်‌သော်လည်း သူစိတ်ဝင်စားစွာဖြင့် ဖတ်ရှုလိုက်သည်။ လင်ရှုမင် ဘာတွေလုပ်နေတာလဲ ဆိုတာကို သူသိချင်နေသည်။

ဧကရာဇ်က အစီရင်ခံစာကို သေချာစွာဖတ်ရှုနေစဉ် ဝန်ကြီးများအားလုံး၏ မျက်လုံးများသည် ဧကရာဇ် မျက်နှာပေါ်မှ မခွာနိုင်ကြပေ။ သူ၏ တုံ့ပြန်မှုကို မြင်ရန် စိတ်လှုပ်ရှားနေကြသည်။

ထိုအချိန်တွင် နန်းတွင်းရှိ အချို့သူများကတော့ လင်ရှုမင်၏ ကံဆိုးမှုအတွက် ဝမ်းသာနေခဲ့ကြသည်။ သူတို့သည် လင်ကောင်းယွမ်ကို ဖယ်ရှားရန် နည်းလမ်းများကို တွေးတောနေခဲ့ကြပြီး လင်ကောင်းယွမ်၏ သားက ဒီလောက်မြန်မြန် အမှားလုပ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။

ထို့အပြင် ထိုအမှားက စစ်ရေးသတင်းအချက်အလက်ကို လုပ်ကြံအစီရင်ခံခြင်းဆိုသည့် အမှားပင် ဖြစ်သည်။

အရေးကြီး စစ်ရေးသတင်းအချက်အလက်ကို လုပ်ကြံရေးသားခြင်းဖြစ်သည်။ ဒီတစ်ခေါက်တော့ လင်မိသားစုအတွက်သုတ်သင်ခံရခြင်း သို့မဟုတ် ရာထူးနှင့် ပစ္စည်းဥစ္စာများ သိမ်းယူခံရခြင်းများ မခံရလျှင်တောင် အနည်းဆုံး ပြည်နှင်ဒဏ်ပေးခံရမည် မဟုတ်ပါလား။

ဤမျှလောက် ပက်ပက်စက်စက် လုပ်ကြံရေးသားထားသည့် စစ်‌ရေးသတင်းကို အနီရောင်ဖဲကြိုးတပ် သတင်းပို့သူကို အသုံးပြု၍ အစီရင်ခံခြင်းဆိုသည့် လုပ်ရပ်ကို ဧကရာဇ် အနေနှင့် လျစ်လျူရှုရန် မဖြစ်နိုင်ပေ။

ထိုအတောအတွင်း။

ခန်းမ၏အတွင်းတွင် လင်ကောင်းယွမ်သည် ချွေးစေများ ကျနေခဲ့ပြီဖြစ်သည်။ သူ၏သား ‌ဒီလောက်ကြီး အမှားလုပ်မိမည်ဟု သူ ဘယ်တော့ကမှ မျှော်လင့်ထားခဲ့ခြင်း မရှိပေ။

စစ်ရေးသတင်းအချက်အလက်ကို မှားယွင်းစွာ အစီရင်ခံခြင်းကထားဦး ဤမျှလောက် ချဲ့ကားပြောဆိုသည့် အစီရင်ခံစာကို ရေးသားခြင်းက... မည်သူမျှ ယုံကြည်နိုင်မည် မဟုတ်ပေ။ သူက လူတိုင်းကို အရူးလို့များ ထင်နေတာလား။

လင်ကောင်းယွမ်သည် တွေးမိသည်။ သူ၏သားသည် ဒိီလိုလူမျိုး မဟုတ်ပေ။ ဒါဆို ဒီစစ်ရေးအစီရင်ခံစာနှင့် ပတ်သက်ပြီး ဘာတွေဖြစ်နေတာလဲ။ အစီရင်ခံစာကို တစ်စုံတစ်ယောက်က ပြောင်းရေးထားတာဖြစ်နိုင်လား။ လင်မိသားစုကို အန္တရာယ်ပြုလိုသူ တစ်စုံတစ်ယောက် ရှိနေလား။

ဒါက လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါ။

ထိုသို့တွေးမိပြီး လင်ကောင်းယွမ်က ချက်ချင်းဒူးထောက်ကာ

“မင်းကြီး။ ကျွန်တော့်ရဲ့ သားကိုသင်ကြားရာမှာ ကျွန်‌တော်ညံ့ဖျင်းခဲ့ပါတယ်။ အပြစ်ဒဏ်ကို ခံယူပါမယ်” ဟု ပြောလိုက်သည်။

ဧကရာဇ်မင်း၏ အရှေ့တွင် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ပထမဆုံး ဒူးထောက်ပြီး အမှားဝန်ခံခြင်းက ပိုကောင်း၏။ အမှားဝန်ခံခြင်းဖြင့် မျှော်လင့်ချက် အနည်းငယ်ရှိနိုင်သော်လည်း ခေါင်းမာနေပါက လင်မိသားစုအတွက် စောင့်ကြိုနေမည်မှာက မုအိမ်‌တော်ကဲ့သို့သော ကံကြမ္မာသာဖြစ်သည်။

ထိုအချိန်တွင် ဧကရာဇ်သည် လင်ကောင်းယွမ်ကို အာရုံမစိုက်ပဲ သူ၏မျက်လုံးများက လက်ထဲရှိ စစ်ရေးအစီရင်ခံစာကိုသာ စိုက်ကြည့်နေသည်။ အစီရင်ခံစာကို အတော်ကြာ အောင် ကြည့်ရှုပြီးနောက် ဧကရာဇ်က မိန်းမစိုးအား ပေးလိုက်ကာ

“အသံထွက်ပြီး ဖတ်ပြလိုက်ပါ”

ဟု ပြောလိုက်သည်။

အနားရှိ မိန်းမစိုးသည် တုန်ယင်စွာဖြင့် စစ်ရေးအစီရင်ခံစာကို ယူပြီး အသံကျယ်ကျယ်ဖြင့် ဖတ်ပြသည်။

“ဆယ့်နှစ်လပိုင်း ခုနှစ်ရက်တွင် ကျွန်ုပ်သည် စစ်သည်ခုနစ်သောင်းဖြင့် ရန်ခရိုင်သို့ ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် စစ်ပွဲပြီးဆုံးနှင့်ပြီး ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ရဲရင့်စွာ တိုက်ခိုက်ခဲ့ပြီး မြောက်ပိုင်းမြို့တော်မှ စစ်သည်များကို ဦးဆောင်ကာ တစ်ညအတွင်း လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်နှစ်သိန်းကို သတ်ပြီး နောက်ထပ် တစ်သိန်းကျော်ကို ဖမ်းဆီးခဲ့သည်။ ဝန်နင်းတောင်ကြားတွင် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အလောင်းများဖြင့် ဖုံးလွှမ်းနေပြီး သူတို့၏သွေးများက ဝမ်နင်းမြစ်တစ်ခုလုံးကို နီရဲသွားစေခဲ့သည်။ ကျွန်ုပ်သိရသည်မှာ ရန်ခရိုင်ကို တိုက်ခိုက်စဉ်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ကောင်းကင်ဝံပုလွေဘုရင်ကို မြောက်ပိုင်းနယ်စားမင်းသားက မြားဖြင့် ပစ်သတ်ခဲ့သည်။ သုံးရက်အကြာတွင် မြောက်ပိုင်းနယ်စားမင်းသားက ကောင်းကင်ဝံပုလွေဘုရင်၏ ခေါင်းကို နေပြည်တော်သို့ ပို့ဆောင်မည်ဖြစ်သည်။”

လင်ရှုမင်၏ စစ်ရေးအစီရင်ခံစာသည် အတော်လေး ရိုးရှင်းပြီး မြောက်ပိုင်းမြို့တော်၏ စစ်ရေးအောင်ပွဲကို ဖော်ပြထားသည်။

မိန်းမစိုးက စစ်ရေးအစီရင်ခံစာကို ဖတ်ပြီးသောအခါ ခန်းမတွင်းရှိ ဝန်ကြီးများ ကြက်သေသေသွားကြသည်။

အစက အနီရောင်ဖဲကြိုးတပ် သတင်းပို့သူက မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်၏ စစ်သည်များကို ဦးဆောင်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်နှစ်သိန်းကို သတ်ခဲ့သည်ဟု ပြောသောအခါ “မြောက်ပိုင်းမြို့တော်၏ စစ်သည်များ” ဆိုသည်မှာ မြောက်ပိုင်းနယ်စားမင်းသားက နန်းတွင်းစစ်သည်များ အပါအဝင် မြောက်ပိုင်းမြို့တော်၏ စစ်သည်များကိုပါ ခြုံငုံ၍ ပြောနေခြင်းဟု ထင်ခဲ့ကြသည်။ ထိုသို့ဆိုလျှင် စုစုပေါင်း စစ်သည်တစ်သိန်းကျော်ရှိနိုင်သည်။

သို့သော် လင်ရှုမင်၏ အစီရင်ခံစာအရ နန်းတွင်းစစ်တပ် ရန်ခရိုင်သို့ မရောက်သေးခင်တွင် မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်၏ စစ်သည်များဖြင့်သာ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်သုံးသိန်းကို အနိုင်ယူခဲ့သည်ဟု ဆိုသည်။

ဆိုလိုသည်မှာ နန်းတွင်း စစ်သည်ခုနစ်သောင်းသည် မည်သည့်အခန်းကဏ္ဍကမှ မပါဝင်ခဲ့ပါ။

စစ်ကူအနေနှင့်တောင် မပါဝင်ခဲ့ပါ။ ဘယ်လိုဟာသမျိုးလဲ။ မြောက်ပိုင်းမြို့တော်၏ လက်တစ်ဆုပ်စာ စစ်သည်အနည်းငယ်ဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်သုံးသိန်းကို အနိုင်ယူနိုင်ပါသလား။

ဆွမ်ဘုရင်ကြီး သင်္ချိုင်းက ပြန်ထလာပြီလား။

........

All Chapters