အခန်း ၁၂၇-၁၂၉
Vol. 9 Ch. 127-129
အခန်း (၁၂၇)
ဆွမ်မင်းဆက် ဘိုးဘေးတွေ နန်းတော်
သင်္ချိုင်းဂူထဲက ထွက်လာတာလား (၂)
တဒင်္ဂအတွင်း နန်းတွင်းဝန်ကြီးများအားလုံး သည် အံ့အားသင့်သွားခဲ့ကြသည်။
အကယ်၍ မြောက်ပိုင်းနယ်စားမင်းသားတွင် ဒီလိုမျိုး စွမ်းရည်ရှိပါက သူသည် ယခုအချိန်တွင် အိမ်ရှေ့မင်းသားဖြစ်နေပြီဖြစ်ပြီး မြောက်ပိုင်းမြို့တော်တွင် မဟုတ်ပဲ နန်းတွင်းမှာပင် ရှိနေပြီး ယခုဝန်ကြီးများ၏ အရှေ့တန်းတွင်ပင် မားမားမတ်မတ် ရပ်နေမည်ဖြစ်သည်။
အသုံးမကျသော မင်းသားတစ်ပါးသည် မြောက်ပိုင်းမြို့တော်ကို ကာကွယ်ထားနိုင်ရုံသာမက မြောက်ပိုင်းမြို့တော်၏ စစ်တပ်ကို ဦးဆောင်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်သုံးသိန်းကို အနိုင်ရခဲ့သည်ဟု ဆိုနေကြသည်။
ထို့အပြင် စစ်ရေးအစီရင်ခံစာအရ သူတို့သည် တစ်ညအတွင်း လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သား နှစ်သိန်းကို သတ်ပစ်ခဲ့သည်။ ဤသည်မှာ အနိုင်ရလိုက်ခြင်းဖြစ်သည်။
အကြီးမားဆုံးသော မဖြစ်နိုင်သည့်အရာမှာ စစ်ရေးအစီရင်ခံစာတွင် မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသ မျိုးနွယ်စု၏ ကောင်းကင်ဝံပုလွေဘုရင်ကို မြားတစ်စင်းဖြင့် ပစ်သတ်ခဲ့သည်ဟု ဖော်ပြထားခြင်းဖြစ်သည်။
လူများသည် လက်ရှိ ကောင်းကင်ဝံပုလွေဘုရင်ကို သိပ်မသိကြသော်လည်း အနည်းဆုံး ကောင်းကင်ဝံပုလွေဘုရင်တိုင်းသည် ထိပ်သီးပညာရှင်အဆင့်ရှိကြောင်း သိထားကြသည်။
ကြက်တစ်ကောင်ကိုပင် မသတ်နိုင်သော၊ အရက်နှင့် ကာမဂုဏ်တို့ဖြင့် အားနည်းနေသော မြောက်ပိုင်းနယ်စားမင်းသားသည် ထိပ်သီးပညာရှင်တစ်ဦးကို မြားတစ်စင်းဖြင့် ပစ်သတ်နိုင်ပါသလား။
ဒီလောက်ရယ်စရာကောင်းအောင် မလိမ်ညာသင့်ပါ။ ဝန်ကြီးများအားလုံး ထိုစစ်ရေးအစီရင်ခံစာကို ကြားလိုက်ရပြီး အံ့အားသင့်သွားခဲ့ကြသော်လည်း တစ်စုံတစ်ဦးတည်းကတော့ စိတ်သက်သာရာရသွားခဲ့သည်။
လင်ကောင်းယွမ်၏စိတ်ထဲ ကျေးဇူးတင်မိသည်။ လင်ရှုမင်သည် ထိုစစ်ရေးဂုဏ်သတင်းအားလုံးကို သူကိုယ်တိုင် မယူပဲ မြောက်ပိုင်းနယ်စားမင်းသားအပေါ် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။
အကယ်၍ လင်ရှုမင်သည် စစ်ရေးအခြေအနေကို လိမ်လည်ခဲ့သည်ဆိုပါက သူ့ကို အပြစ်ကြီးကြီးမားမား မပေးနိုင်ပဲ အားလုံးကို မြောက်ပိုင်းနယ်စားမင်းသားအပေါ် လွှဲပြောင်းနိုင်သည်။
လင်ရှုမင် မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာသည်နှင့် မြောက်ပိုင်းနယ်စားမင်းသား၏ ထိန်းချုပ်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။ လင်ရှုမင် နေပြည်တော်ကို ပြန်ရောက်လာပါက စစ်ရေးအစီရင်ခံစာက မြောက်ပိုင်းနယ်စားမင်းသားက ဖိအားပေးခဲ့ခြင်းကြောင့် ရေးခဲ့သည်ဟု ပြောနိုင်သည်။
လင်ရှုမင်ကို နန်းတော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ဧကရာဇ်က အပြစ်ပေးနိုင်သော်လည်း ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ်၏သားလည်း ဖြစ်သည့်အတွက် ဆွမ်ဧကရာဇ်သည် နန်းတွင်း၏ တည်ငြိမ်မှုကို ထည့်သွင်းစဉ်းစားပြီး သူ့ကို ပြစ်ဒဏ်အနည်းငယ်သာ ပေးမည်ဖြစ်သည်။
ထိုအချိန်တွင် ဆွမ်ဧကရာဇ်သည် နဂါးပလ္လင် အရှေ့တွင် ရပ်လိုက်ကာ ဝန်ကြီးများကို အေးစက်သောမျက်လုံးဖြင့် ကြည့်ရှုနေသည်။
ဝန်ကြီးများ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသည်နှင့် ဆွမ်ဧကရာဇ်က အေးစက်စွာပြောလိုက်သည်။
“ခင်ဗျားတို့အားလုံး နန်းတွင်းမှာ အမြဲတမ်း အငြင်းပွားနေတတ်ကြတယ်။ ဒီနေ့တော့ ဘာလို့ အားလုံး ဆွံ့အသွားကြတာလဲ။”
ဆွမ်ဧကရာဇ်၏စကားကို ကြားရသော်လည်းဝန်ကြီးများသည် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေခဲ့ကြသည်။ မင်းသားများပင် စကားမပြောကြပေ။ လုရှုယွမ်ကဲ့သို့ လုချန်းကို ရန်ငြိုးဖွဲ့နေသော မင်းသားပင် စကားမပြောခဲ့ပေ။
သူတို့အားလုံး ဦးညွှတ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။ သူတို့ စောင့်ဆိုင်းနေခဲ့ကြသည်။ ဆွမ်ဧကရာဇ်သည်လည်း စောင့်ဆိုင်းနေခဲ့သည်။ သူတို့က ဆွမ်ဧကရာဇ် ထိုကိစ္စကို မည်သို့ကိုင်တွယ်မည်ကို စောင့်နေကြခြင်းသည်။
ဆွမ်ဧကရာဇ်ကကော ဘာကို စောင့်နေတာလဲ။ သူက နောက်ထပ် စစ်ရေးအစီရင်ခံစာတစ်ခုကို စောင့်နေခြင်းဖြစ်သည်။ နန်းတွင်းတပ်မတော်တွင် စစ်ရေးကြီးကြပ်ရေးမှူးတစ်ဦး ရှိသည်။ ဆွမ်ဧကရာဇ်၏ ယေဘုယျအားဖြင့် ယုံကြည်စိတ်ချရသော မိန်းမစိုးတစ်ဦး ဖြစ်သည်။
မိန်းမစိုးအပြင် အရိပ်ကိုယ်ရံတော်များလည်း ရှိသည်။ သူက အရိပ်ကိုယ်ရံတော်များထံမှ သတင်းကိုလည်း စောင့်နေခြင်းလည်း ဖြစ်သည်။ လင်ရှုမင်၏ စစ်ရေးအစီရင်ခံစာသည် အံ့အားသင့်စရာကောင်းလွန်းသဖြင့် ဆွမ်ဧကရာဇ်ပင် ထိုအစီရင်ခံစာကို သံသယရှိသည်။
အကယ်၍ လင်ရှုမင်က လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည် သောင်းချီကို သတ်ဖြတ်ခဲ့ပြီးအခြားစစ်သည်များ တပ်ပျက်ပြီး ထွက်ပြေးခဲ့သည်ဟု ဆိုခဲ့ပါက လင်ရှုမင်သည် သူ၏ စစ်ရေးအောင်ပွဲများကို ချဲ့ကားပြောနေသည်ဟု ယူဆနိုင်သေးသည်။
သို့သော် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည် နှစ်သိန်းကို သတ်ဖြတ်ခဲ့သည်ဟု ဆိုခြင်းက မယုံနိုင်စရာ ဖြစ်နေသည်။ အလွန်လုပ်ကြံထားသဖြင့် ယုံကြည်ပေးရန်ပင် မဖြစ်နိုင်ပေ။ လင်ရှုမင်သည် စစ်ရေးအစီရင်ခံစာ ရေးခဲ့ခြင်း မဟုတ်ပေ။ သူသည် စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ် ရေးခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ခန်းမကြီးအတွင်းရှိ စိတ်ခံစားမှု လေထုသည် အလွန်ဖိစီးနေပြီး အားလုံးလည်း သူတို့၏ နှလုံးခုန်သံများကိုပင် ပြန်ကြားနေရသည်။ မည်မျှကြာသွားသည်မသိ နောက်ဆုံးတွင် အသံတစ်ခုက ခန်းမအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“မြောက်ပိုင်းမြို့တော်တွင် ကြီးမားသော အောင်ပွဲရပြီ။”
ထိုအသံကို ကြားပြီး ဝန်ကြီးများ နှလုံးတုန်သွားပြန်သည်။
ယေဘုယျအားဖြင့် ပထမဆုံး စစ်ရေးအစီရင်ခံစာကို ရှေ့တန်းရှိ ဗိုလ်ချုပ်က ပို့သည်။ ဒုတိယအစီရင်ခံစာကို စစ်ရေးကြီးကြပ်ရေးမှူးက ပို့သည်။ စစ်ရေးကြီးကြပ်ရေးမှူးနှင့် ဗိုလ်ချုပ်သည် ရှေ့တန်းတွင် အတူရှိနေသော်လည်း သူတို့အချင်းချင်း တွေ့ဆုံခြင်း မရှိပေ။
စစ်ရေးကြီးကြပ်ရေးမှူးသည် ဧကရာဇ်၏ မျက်လုံးများကို ကိုယ်စားပြုသည်။ စစ်ရေးကြီးကြပ်ရေးမှူးနှင့် ဗိုလ်ချုပ်တို့သည် တစ်ခါတစ်ရံ ပူးပေါင်းဆောင်ရွက်သည်များ ရှိသော်လည်း ထိုကဲ့သို့သော အမှုများသည် ရှနိုင်ငံတော်တွင် ရှားပါးသည်။
အဘယ်ကြောင့်ဆိုသော် မိန်းမစိုးများသည် ဆွမ်ဧကရာဇ်ဘေးရှိ အရိပ်ကိုယ်ရံတော်များ၏ အစွမ်းကို ကောင်းစွာသိကြသည်။ စစ်ရေးကြီးကြပ်ရေးမှူးအများစုသည် ရှေ့တန်းရှိ ဗိုလ်ချုပ်များနှင့် ပူးပေါင်းဆောင်ရွက်ရဲခြင်း မရှိကြပါ။
ပထမဆုံး စစ်ရေးအစီရင်ခံစာသည် ကြီးမားသော အောင်ပွဲအကြောင်း ဖြစ်သည်။ စစ်ရေးကြီးကြပ်ရေးမှူးထံမှ ဒုတိယအစီရင်ခံစာသည်လည်း ကြီးမားသော အောင်ပွဲအကြောင်း ဖြစ်နေသလား။
ဒါက မြောက်ပိုင်းမြို့တော်သည် တကယ်ပင် ထင်ရှားသော စစ်ရေးရလဒ်များကို ရရှိခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
ဖြစ်နိုင်ပါသလား။ လင်ရှုမင်၏ စစ်ရေးအစီရင်ခံစာက အမှန်ပဲလား။ မဟုတ်ပါ။ မဖြစ်နိုင်ပါ။ လုံးဝမဖြစ်နိုင်ပါ။
သူတို့သည် ဆွမ်ဘိုးဘွားများ ဂူထဲမှ ထွက်လာသည်ကို ယုံကြည်ရန်ထက် မြောက်ပိုင်းနယ်စားမင်းသား ထိုကဲ့သို့သော စွမ်းဆောင်မှုမျိုးကို လုပ်နိုင်သည်ဟု ယုံကြည်ရန် ပို၍ခက်ခဲသည်။
မကြာမီ စစ်ရေးကြီးကြပ်ရေးမှူးထံမှ စေလွှတ်လိုက်သော အနီရောင်ဖဲကြိုးတပ် သတင်းပို့သူသည် ခန်းမအတွင်းသို့ ရောက်ရှိလာခဲ့သည်။ သူက ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
“မြောက်ပိုင်းမြို့တော်တွင် ကြီးမားသော အောင်ပွဲရရှိပါသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်၏ စစ်သည်များကို ဦးဆောင်ကာ ရဲရင့်စွာ တိုက်ခိုက်ပြီး ရန်သူများစွာကို သုတ်သင်ရှင်းလင်းခဲ့ပါသည်။ သူသည် ကျွန်ုပ်တို့ ရှနိုင်ငံတော်၏ အင်အားကို မြှင့်တင်လိုက်ပါသည်။”
ဤတစ်ကြိမ်တွင် အနီရောင်ဖဲကြိုးတပ် သတင်းပို့သူသည် သတ်ဖြတ်ခံရသော လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်အရေအတွက်ကို ဖော်ပြခဲ့ခြင်း မရှိပေ။ သို့သော် ဒုတိယ အနီရောင်ဖဲကြိုးတပ် သတင်းပို့သူ၏ စကားများမှ မြောက်ပိုင်းမြို့တော်သည် တကယ်ပင် ကြီးမားသော အောင်ပွဲကို ရရှိခဲ့သည်ဟု အကြမ်းဖျဉ်း သတ်မှတ်နိုင်သည်။
ဝန်ကြီးများသည်လည်း အံ့အားသင့်ကာ မေးစေ့ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ကြသည်။ မြောက်ပိုင်းမြို့တော်က တကယ်ပဲ ကြီးမားတဲ့ အောင်ပွဲကို ရခဲ့တာလား။
လွင်ပြင်ဒေသ မျိုးနွယ်စုတွေ ဒီလောက် အားနည်းသွားပြီလား။
သို့သော် မကြာမီ ဝန်ကြီးများလည်း ပြန်လည်သတိဝင်လာခဲ့ကြသည်။ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်တစ်ထောင်ကို သတ်ဖြတ်ပစ်ခြင်းကို ကြီးမားသော အောင်ပွဲဟု သတ်မှတ်နိုင်သလို လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်တစ်သောင်းကို သတ်ဖြတ်ပစ်ခြင်းကိုလည်း ကြီးမားသော အောင်ပွဲဟု သတ်မှတ်နိုင်သည်။
ဒုတိယ အနီရောင်ဖဲကြိုးတပ် သတင်းပို့သူသည် ဤတစ်ကြိမ်တွင် လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်မည်မျှ သတ်ဖြတ်ခံရသည်ကို ဖော်ပြခဲ့ခြင်း မရှိသည့်အတွက် လင်ရှုမင်၏ စစ်ရေးအစီရင်ခံစာသည် မှန်ကန်နေကြောင်း သက်သေပြနိုင်ခြင်း မရှိပေ။
လင်ရှုမင်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်သေဆုံးမှုအရေအတွက်ကို တကယ်ပင် ချဲ့ကားပြောဆိုခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့အပြင် လင်ရှုမင်က စစ်ပွဲသည် ရန်ခရိုင်သို့ မရောက်မီကတည်းက ပြီးဆုံးသွားပြီဟု ဆိုခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ အင်အားနည်းပါးသော စစ်တပ်ဖြင့် မည်သို့မည်ပုံ ကြီးမားသော အောင်ပွဲတစ်ခုကို ရရှိနိုင်မည်နည်း။ သို့သော် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်များစွာကို သတ်ဖြတ်နိုင်ခဲ့လျှင်ပင် ကောင်းသည်ဟု သတ်မှတ်နိုင်သည်။
ထိုအချိန်တွင် မိန်းမစိုးတစ်ဦးသည် ဒုတိယ အနီရောင်ဖဲကြိုးတပ် သတင်းပို့သူထံမှ စစ်ရေးအစီရင်ခံစာကို အမြန်ယူလိုက်ပြီး ဆွမ်ဧကရာဇ်ထံသို့ သွားကာ ပေးအပ်လိုက်သည်။
ဆွမ်ဧကရာဇ်က မတွန့်ဆုတ်ပဲ စစ်ရေးအစီရင်ခံစာကို ကောက်ယူကာ သေချာစွာဖတ်ရှုလိုက်သည်။
ထိုအချိန်တွင် ဝန်ကြီးများသည် နောက်တကြိမ် ဧကရာဇ်၏ မျက်နှာကို မျက်တောင်မခတ် ကြည့်ရှုနေခဲ့ကြသည်။ သူမည်မျှ ဒေါသထွက်သွားမည်ကို မြင်တွေ့ရန် စိတ်လှုပ်ရှားနေကြသည်။
သို့သော် ဝန်ကြီးများ မျှော်လင့်ထားသည့် ဖြစ်ရပ်က မဖြစ်ပေါ်ခဲ့ပေ။ ဆွမ်ဧကရာဇ်၏ မျက်လုံးများသည် စစ်ရေးအစီရင်ခံစာပေါ်တွင် ရွေ့လျားနေစဉ် သူ၏ မျက်ခုံးများသည် ပို၍ ပို၍ ကွေးလာပြီး မကြာမီ “ကျူ” စာလုံးပုံစံ ဖြစ်သွားခဲ့သည်။
ထိုအချိန်အထိ ဝန်ကြီးများသည် ဆွမ်ဧကရာဇ်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်ကို မမြင်ရသေးပေ။ သူ၏ မျက်နှာအမူအရာတွင် အံ့အားသင့်မှု၊ နားမလည်နိုင်မှုနှင့် စိတ်ရှုပ်ထွေးနေမှုများသာ ထင်ဟပ်နေသည်။
ဤတစ်ကြိမ်တွင် ဆွမ်ဧကရာဇ်သည် မိန်းမစိုးကို စစ်ရေးအစီရင်ခံစာအား အသံထွက် ဖတ်ရှုရန် မပြောခဲ့ပေ။ လင်ရှုမင်၏ အတိုချုပ် အစီရင်ခံစာနှင့် မတူပဲ စစ်တပ်နှင့်အတူ လိုက်ပါသွားသော စစ်ရေးကြီးကြပ်သူသည် သူမြင်ခဲ့ရသည်များကို အသေးစိတ်ဖော်ပြထားသည်။
စစ်ရေးကြီးကြပ်သူက သူသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အလောင်းများကို နေရာတိုင်းတွင် မြင်ခဲ့ရကြောင်း ဖော်ပြထားပြီး လင်ရှုမင်၏ အစီရင်ခံစာနှင့် ကိုက်ညီ နေသည်။ ထို့အပြင် သူ၏ စစ်ရေးအစီရင်ခံစာတွင် မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာမြင်းတပ် အနည်းဆုံး ငါးသောင်းရှိကြောင်း ဖော်ပြထားသည်။
ထိုစာသားကို ဖတ်ရှုလိုက်ရသည်နှင့် ဆွမ်ဧကရာဇ်သည် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ချက်ချင်းသတိထားမိလိုက်သည်။ သံချပ်ကာမြင်းတပ် ငါးသောင်းက မည်သည့်နေရာမှ ရောက်လာသနည်း။
ထိုအချိန်တွင် အနက်ရောင် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော အရိပ်ကိုယ်ရံတော် တစ်ဦးသည် နဂါးပလ္လင်အောက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ဝန်ကြီးများ သူမည်သို့ ရောက်ရှိလာသည်ကို မသိလိုက်ကြပေ။
ပုံမှန်အနေအထားတွင် အရိပ်ကိုယ်ရံတော် များသည် နန်းတွင်းတွင် ပေါ်လာလေ့မရှိပေ။ နန်းတွင်းအစည်းအဝေး ပြီးဆုံးပြီးမှသာ သူတို့သည် ဆွမ်ဧကရာဇ်ထံ သီးသန့်လျှို့ဝှက်စွာ အစီရင်ခံကြသည်။
သို့သော် အရေးကြီးသော ကိစ္စတစ်ခုဖြစ်နေပါက ချွင်းချက်ဖြစ်သည်။
ထိုအချိန်တွင် အရိပ်ကိုယ်ရံတော်က စကားစပြောလိုက်သည်။
“မင်းကြီး။ မြောက်ပိုင်းမြို့တော်မှ အရေးပေါ်အစီရင်ခံစာ ရောက်ရှိပါတယ်။”
မိန်းမစိုးသည် ချက်ချင်းပင် အရိပ်ကိုယ်ရံတော်ထံမှ အစီရင်ခံစာကို ယူလိုက်ပြီး ဆွမ်ဧကရာဇ်ထံ ပေးလိုက်သည်။ အရိပ်ကိုယ်ရံတော်၏ အစီရင်ခံစာကို ဖတ်ရှုပြီးနောက် ဆွမ်ဧကရာဇ်သည် လုံးဝ စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။
လင်ရှုမင်၏ စစ်ရေးအစီရင်ခံစာ၊ စစ်ရေးကြီးကြပ်သူ၏ အစီရင်ခံစာနှင့်
အရိပ်ကိုယ်ရံတော်၏ ထောက်လှမ်းရေး အစီရင်ခံစာတို့မှ မြောက်ပိုင်းနယ်စားမင်းသားသည် တကယ်ပင် သံချပ်ကာမြင်းတပ် ငါးသောင်းနီးပါးရှိနေပြီဖြစ်သည်။ထို့အပြင် မြောက်ပိုင်းနယ်စားမင်းသားသည် သာမန်လူတစ်ဦး မဟုတ်ကြောင်း အားလုံးက အတည်ပြုခဲ့ကြသည်။
လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်နှစ်သိန်းကို သတ်ပြီး နောက်ထပ် တစ်သိန်းကျော်ကို ဖမ်းဆီးခဲ့သည့်ကိစ္စသည်လည်း အမှန်တကယ်ဖြစ်သည်။
ရုတ်တရက် သူ၏ လောကအမြင် ပြင်းထန်စွာ လှုပ်ခတ်ခံလိုက်ရသည်ဟု ဆွမ်ဧကရာဇ် ခံစားလိုက်ရသည်။ သူအများဆုံး လျစ်လျူရှုထားသော သားသည် အခု သူ့အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်လာနေပြီလား။
ဆွမ်ဧကရာဇ်၏ မပျော်ရွှင်သော မျက်နှာအမူအရာကို မြင်သောအခါ ညာလက်ရုံးဝန်ကြီး ကျောင်းဝမ်ဟန်လည်း မနေနိုင်တော့ပဲ စမ်းသပ်မေးမြန်းလိုက်သည်။
“မင်းကြီး။ ဒုတိယ စစ်ရေးအစီရင်ခံစာမှာ ဘာတွေများ ပါပါသလဲ။”
ကျောင်းဝမ်ဟန်၏ အသံကို ကြားသောအခါဆွမ်ဧကရာဇ် သတိပြန်ဝင်လာပြီး သူ၏စိတ်ကို ငြိမ်သက်အောင် လုပ်လိုက်၏။ သူ၏မျက်နှာအမူအရာကလည်း ပြန်လည်၍ အေးစက်သွားသည်။
“သတင်းအရင်းအမြစ် အမြောက်အမြားက အတည်ပြုထားတာက မြောက်ပိုင်းနယ်စားမင်းသားဟာ မြောက်ပိုင်းမြို့တော်ရဲ့ စစ်တပ်ကို ဦးဆောင်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သည်နှစ်သိန်းကို သတ်ပြီး နောက်ထပ် တစ်သိန်းကျော်ကို ဖမ်းဆီးခဲ့တာက အမှန်ပဲ။”
ထိုစကားများ ပြောလိုက်သည်နှင့် နန်းတော်တစ်ခုလုံး ဆူညံသွားသည်။
အံ့ဩစရာပါလား ....ဒါတွေကအမှန်ပဲတွေပဲ
ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။
မြောက်ပိုင်းနယ်စားမင်းသားဆိုသော အသုံးမကျသူသည် ရှနိုင်ငံတော်၏ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော စစ်ရေးအောင်ပွဲကို ရရှိခဲ့ပြီဖြစ်သည်။ ဆွမ်ဧကရာဇ်ကိုယ်တိုင်တောင် ချန်နိုင်ငံကို တိုက်ခိုက်စဉ်က ထိုကဲ့သို့သော အောင်ပွဲမျိုးကို မရရှိခဲ့ပါ။
ထို့အပြင် မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်သုံးသိန်းကို ရင်ဆိုင်ခဲ့ရသည်။ ထိုစစ်သည်များ၏ တိုက်ခိုက်နိုင်စွမ်းသည် ရှနိုင်ငံတော်၏ စစ်သည်များထက် ပိုမိုကောင်းမွန်သည်။
မြောက်ပိုင်းမြို့တော်၏ စစ်သည်အနည်းငယ်ဖြင့် မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသ မျိုးနွယ်စုများကို ဘယ်လိုများ အနိုင်ယူခဲ့တာလဲ။
ဆွမ်ဘုရင်ကြီး သင်္ချိုင်းမှ ပြန်ထလာပြီး မြောက်ပိုင်းနယ်စားမင်းသားကို ရန်ခရိုင်ကို ကာကွယ်ရန် ကူညီခဲ့ပြီလား။
အခန်း (၁၂၈)
ဒီနေ့ ဘာလို့ အားလုံး ဆွံ့အသွားကြတာလဲ (၁)
ဆွမ်ဧကရာဇ် ပြောသည်ကို ကြားလိုက်ရသည်နှင့် ဝန်ကြီးများအားလုံး ယုံကြည်နိုင်ခြင်း မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် သူတို့၏ နားလည်သိရှိနိုင်သည့် အသိဉာဏ်ကို အပြည့်အဝ လှန်လှောပစ်လိုက်သောကြောင့်ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားက အသုံးမကျသူ မဟုတ်လျှင်တောင် မြောက်ပိုင်းမြို့တော်၏ အနည်းငယ်မျှသော စစ်သားများဖြင့် ရန်ခရိုင်ကို ကာကွယ်ရန်မှာ အလွန်ခက်ခဲပါသည်။ ယခုအခါ မြောက်ပိုင်းနယ်စားမင်းသားသည် ရန်ခရိုင်ကို ကာကွယ်နိုင်ခဲ့ရုံ သာမက လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်တပ်သုံးသိန်းကို ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်ဟု ကြားလိုက်ရသည်။
ဒါကို မည်သူယုံကြည်မည်နည်း။ ထိုအချိန်တွင် နန်းတွင်းရှိ မင်းသားများလည်း အံ့အားသင့်သွားခဲ့ကြသည်။
မြောက်ပိုင်းနယ်စားမင်းသား လုချန်းသည် သူတို့ထဲတွင် အသုံးမကျဆုံးသူ၊ အရက်နှင့် မိန်းမတို့ဖြင့် အားနည်းနေသူမဟုတ်လော။
သူက မြောက်ပိုင်းမြို့တော်၏ အင်အားနည်းပါးသော စစ်တပ်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်သုံးသိန်းကို အနိုင်ရနိုင်ပါသလား။
ဒါက ဒီအသုံးမကျတဲ့သူတစ်ယောက် လုပ်နိုင်တဲ့ အရာမျိုးလား။ ခန်းမတွင်းရှိ လူတိုင်း သူတို့အိပ်မက်တစ်ခု မက်နေတာလားဟု စဉ်းစားမိကြသည်။ ထို့ကြောင့်သာ ထိုမဖြစ်နိုင်သော ရယ်စရာကောင်းသော အဖြစ်အပျက်များကို ကြုံနေရခြင်းဖြစ်နိုင်သည်။
သူတို့အားလုံးသည် ရှနိုင်ငံတော်မှ ဖြစ်ကြပြီး ထိုကဲ့သို့ ကမ္ဘာကို လှုပ်ခါစေသည့် အောင်ပွဲသတင်းကို ကြားလိုက်ရသည်နှင့် ဝမ်းသာသင့်ကြသော်လည်း ထိုအချိန်တွင် နန်းတွင်းရှိ မည်သူတစ်ဦးတစ်ယောက်မှ ဝမ်းသာနိုင်ခြင်း မရှိကြပေ။
အကယ်၍ ဆွမ်ဧကရာဇ်ပြောသည့်အတိုင်း အမှန်ဖြစ်ပြီး အတည်ပြုနိုင်ပါက ရှနိုင်ငံတော်တွင် ကြီးမားသော အပြောင်းအလဲတစ်ခုကို ကြုံတွေ့ရမည်ဖြစ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သား နှစ်သိန်းကို သတ်ပစ်ခဲ့ပြီး နောက်ထပ် တစ်သိန်းကို ဖမ်းမိခဲ့သည်။ ထိုအောင်မြင်မှုသည် ဆွမ်ဧကရာဇ်၏ ချန်နိုင်ငံတော်ကို ပြတ်ပြတ်သားသား အနိုင်ရခဲ့သည့် အောင်မြင်မှုနှင့် နှိုင်းယှဉ်နိုင်သည်။
ထိုကဲ့သို့သော ကြီးမားသည့် ဂုဏ်သတင်းရှိပါက မြောက်ပိုင်းနယ်စားမင်းသားကို အိမ်ရှေ့စံ နေရာပေးအပ်ရန် မည်သူက ငြင်းပယ်ရဲမည်နည်း။ မြောက်ပိုင်းနယ်စားမင်းသား၏ အောင်မြင်မှုသည် ဘုရင်ကိုပင် ကျော်လွန်သွားခဲ့သည်။ ထိုအချိန်တွင် လူတိုင်း၏ စိတ်ထဲတွင် မေးခွန်းတစ်ခုသာရှိသည်။ မြောက်ပိုင်းနယ်စားမင်းသားက ထိုအောင်မြင်မှုမျိုးရအောင် ဘယ်လိုလုပ်ခဲ့တာလဲ။
ထို့ပြင် ဝန်ကြီးများ အလွန်စိုးရိမ်နေကြသည်။ သူတို့အားလုံးက အသုံးမကျသူဟု သတ်မှတ်ထားသော မြောက်ပိုင်းနယ်စားမင်းသားသည် နေပြည်တော်သို့ ပြန်လာပြီး အိမ်ရှေ့စံ ဖြစ်လာနိုင်လား။
နန်းတွင်းတွင် လုရှုယွမ်နှင့် လုရိတို့၏ အုပ်စုများစွာရှိပြီး အခြားမင်းသားများ၏ အုပ်စုများလည်းရှိသော်လည်း လုချန်း၏ အုပ်စုမှာ ဝန်ကြီးများ မရှိပေ။ အခုဆိုလျှင် နန်းတွင်းရှိ ချူးမိသားစုမှ ဝန်ကြီးများပင် လုရှုယွမ်၏ အုပ်စုတွင် ပါဝင်နေကြသည်။
သို့သော် အခုတော့ လုချန်းသည် နေပြည်တော်သို့ ပြန်လာပြီး အိမ်ရှေ့စံဖြစ်လာနိုင်သည့် အနေအထား ရှိလာပြီဖြစ်သည်။ ဒါက ဝန်ကြီးများ၏ ရင်းနှီးမြှုပ်နှံမှုအားလုံးကို ရေထဲပစ်ချလိုက်သကဲ့သို့ဖြစ်နေသည်။
သူတို့ အနေနှင့် ဒီလိုကိစ္စမျိုး လုံးဝအဖြစ်ခံမည် မဟုတ်ပါ။ ဝန်ကြီးများ၏ မျက်နှာပေါ်တွင် မယုံကြည်မှု များ သို့မဟုတ် ယုံကြည်ရန် မလိုလားမှုများကို မြင်တွေ့ရသောအခါ ဆွမ်ဧကရာဇ်က ဆက်ပြောလိုက်သည်။
"အစီရင်ခံစာအမျိုးမျိုးအရ မြောက်ပိုင်းနယ်စားမင်းသားမှာ သံချပ်ကာ မြင်းတပ် အနည်းဆုံး ငါးသောင်း ရှိတယ်။ ရက်သတ္တပတ်အနည်းငယ်အကြာက မြောက်ပိုင်းနယ်စားမင်းသားဟာ သံချပ်ကာ မြင်းတပ် ငါးထောင်ကို တောင်ဘက်ကို စေလွှတ်ပြီး သူ၏ ဇနီးတွေနှင့် သားသမီး တွေကို ရန်ခရိုင် ပြန်ခေါ်ဆောင်သွားခဲ့တယ်။"
ဆွမ်ဧကရာဇ် ထိုစကားများကို ပြောလိုက်သောအခါ ခန်းမအတွင်း ဆူညံသံများဖြင့် ပြည့်လျှံသွားပြန်သည်။
ငါးသောင်း… သံချပ်ကာ မြင်းတပ်သားငါးသောင်း။ ဖြစ်နိုင်လို့လား။ မြောက်ပိုင်းနယ်စားမင်းတွင် ဤမျှများပြားသော သံချပ်ကာ မြင်းတပ်များ မည်သို့ရှိနိုင်မည်နည်း။
သံချပ်ကာ မြင်းတပ်သည် မည်သည့်အရာကို ကိုယ်စားပြုသည်ကို ဝန်ကြီးများ ကောင်းစွာသိကြသည်။ ဆွမ်ဘိုးဘွားများ နယ်မြေများကို သိမ်းပိုက်နေစဉ်က သံချပ်ကာ မြင်းတပ် သုံးထောင်သည် လယ်သမားစစ်သည် တစ်သိန်းကို လိုက်လံတိုက်ခိုက်ခဲ့သည်။
ယခုအခါ ရှနိုင်ငံတော်တစ်ခုလုံးတွင်ပင် သံချပ်ကာ မြင်းတပ် နှစ်သောင်းသာ ရှိသည်။ သံချပ်ကာ မြင်းတပ်အတွက် အရင်းအမြစ်များစွာ လိုအပ်သည်။ မြင်းစီးသူတစ်ဦးအတွက် အရည်အသွေးမြင့် မြင်းအနည်းဆုံး သုံးကောင်ရှိရန် လိုအပ်သည်။ မြင်းများအပြင် သံချပ်ကာ မြင်းတပ်အတွက် အရေးအကြီးဆုံးအရာမှာ သူတို့၏ သံချပ်ကာများ ဖြစ်သည်။
လက်မှုပညာသည်တစ်ဦးသည် သံချပ်ကာ မြင်းတပ်အတွက် သံချပ်ကာတစ်စုံကို သုံးလကြာအောင် ပြုလုပ်ရသည်။ အနည်းဆုံး တစ်လကြာအောင် ပြုလုပ်ရမည်။ မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်တွင် ဤမျှတိုတောင်းသော အချိန်အတွင်း သံချပ်ကာ မြင်းတပ် ငါးသောင်းကို မည်သို့ရရှိနိုင်မည်နည်း။ သံချပ်ကာ မြင်းတပ် ငါးသောင်း ရှိခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။
ဒါက မြောက်ပိုင်းနယ်စားမင်းသည် ရှနိုင်ငံတော်မှ လွတ်လပ်ရေး ကြေညာပြီး သီးသန့်နေနိုင်သည်ဟု ဆိုလိုသည်။
ထို့အပြင် မြောက်ပိုင်းနယ်စားမင်းသားက လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည် တစ်သိန်း ကို အမှန်တကယ် ဖမ်းဆီးရမိသည် ဆိုပါက နန်းတွင်းသည် သူ့အားပုန်ကန်လိုသည်ဟု စွပ်စွဲကာ နှိမ်နင်းရဲလိမ့်မည် မဟုတ်ပေ။ ထို့အစား သူစိတ်ကျေနပ်စေရန်သာ ဦးစားပေးရမည်ဖြစ်သည်။
ယုတ္တိရှိရှိ စဉ်းစားလျှင် မြောက်ပိုင်းနယ်စားမင်းသားတွင် သံချပ်ကာ မြင်းတပ် ငါးသောင်းကို တည်ဆောက်ရန် အချိန်နှင့် အရင်းအမြစ်များ မရှိပေ။ ဒါဆို မြင်းတပ်က မည်သည့်နေရာမှ ပေါ်ထွက်လာသနည်း။
အချက်အလက်အမျိုးမျိုးမှ ထိုသံချပ်ကာ မြင်းတပ် ငါးသောင်း၏ တည်ရှိမှုကို အတည်ပြုပြီးဖြစ်သောကြောင့် ထိုပြဿနာသည် အမှန်ပင် အရေးကြီးလာပြီ ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသည် သူ၏ သံချပ်ကာ မြင်းတပ် ငါးသောင်းကို ပြသပါက သူ့ထံတွင် ပုန်ကန်ရန် အင်အားရှိသည်သာမက ပုန်ကန်လိုစိတ်လည်း ရှိသည်ဟု ဆိုလိုသည်။ ရှနိုင်ငံတော်၏ နယ်နိမိတ်အတွင်း အထူးသဖြင့် ဆွမ်ဧကရာဇ်က နယ်စားများ၏ ဩဇာအာဏာကို နှစ်စဉ် လျှော့ချနေသည့်အချိန်တွင် နယ်စားတစ်ဦးအနေဖြင့် သံချပ်ကာ မြင်းတပ် ငါးသောင်းကို တည်ဆောက်ခြင်းသည် ပုန်ကန်လိုစိတ်၏ လက္ခဏာတစ်ခုပင် မဟုတ်လား။
ထိုအချိန်တွင် ကျောင်းဝမ်ဟန်သည် ဆက်မထိန်းနိုင်တော့ဘဲ တိုက်ရိုက်မေးလိုက်သည်။
"မင်းကြီး ကျွန်တော် ရဲရင့်စွာ မေးလိုပါတယ်။ မြောက်ပိုင်းနယ်စားမင်းဆီမှာ သံချပ်ကာ မြင်းတပ် ငါးသောင်း ရှိတာ အမှန်ပါပဲလား။"
ဆွမ်ဧကရာဇ်က အေးစက်စွာဖြင့် ပြန်ပြောလိုက်သည်။
“ဒီထောက်လှမ်းရေး အချက်အလက်ကို စစ်ရေးကြီးကြပ်ရေးမှူး ဝမ်က ပြန်လည်ပေးပို့ခဲ့ပြီး ကျုပ်ရဲ့ အရိပ်ကိုယ်ရံတော် အဖွဲ့ကလည်း အတည်ပြုခဲ့တယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ဝန်ကြီးများအားလုံး အံ့အားသင့်ကာ အသက်ရှူသံများ ပြင်းထန်လာခဲ့ကြသည်။ ဒါဆိုရင် အစီရင်ခံစာက မှန်နေတယ်လို့ ဆိုလိုတာလား။ မြောက်ပိုင်းနယ်စားမင်းသားမှာ တကယ်ပဲ သံချပ်ကာမြင်းတပ် ငါးသောင်းရှိနေလား။
ပထမ စစ်ရေးအစီရင်ခံစာတွင် မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်၏ စစ်သည်များကို ဦးဆောင်ကာ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်နှစ်သိန်းကို တစ်ညအတွင်း သတ်ဖြတ်ပစ်လိုက်သည်ဟု ဖော်ပြထားခြင်းမှာ အံ့အားသင့်စရာမရှိတော့ပေ။
သို့သော် မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာမြင်းတပ် ငါးသောင်းသာရှိသည်ဟု ရိုးရိုးရှင်းရှင်း စဉ်းစားလို့ မရပေ။ သံချပ်ကာမြင်းတပ်သည် ခြေလျင်တပ်များအပေါ်တွင် အားသာချက် ကြီးမားစွာရှိ၏။ အထူးသဖြင့် အသစ်စုဆောင်းထားသော စစ်သားများအပေါ်တွင် ပို၍ပင် အားသာချက်ရှိသည်။ သို့သော် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းတပ်နှင့် ယှဉ်လျှင် သူတို့၏ အားသာချက်သည် မထင်ရှားသလို အားနည်းချက်များလည်း ရှိနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် သံချပ်ကာမြင်းတပ်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အပေါ့စား မြင်းတပ်ထက် နှေးကွေးပြီး သူတို့နှင့် အမြန်နှုန်း ယှဉ်ပြိုင်ရန် ခက်ခဲသည်။ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များ ထွက်ပြေးလိုပါက အလွယ်တကူ ထွက်ပြေးနိုင်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ စစ်သည်များကို ဦးဆောင်ကာ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်နှစ်သိန်းကို သတ်ဖြတ်ပစ်လိုက်သည်ဆိုသည့် စစ်ရေးအစီရင်ခံစာသာ မှန်ကန်နေပါက မြောက်ပိုင်းနယ်စားမင်းသား၏ လက်ထဲတွင် အခြားအရာတစ်ခု ရှိနေရမည်။
ထိုအရာသည် လက်နက်လား သို့မဟုတ် စစ်တပ်လားဆိုတာကို ပြောရန်ခက်ခဲသည်။ ထိုအချိန်တွင် ခန်းမ အတွင်းအပ်ကျသံကြားရအောင်ပင် တိတ်ဆိတ်သွားပြန်သည်။
ပုံမှန်အားဖြင့်ဆိုလျှင်တော့ အချို့က မြောက်ပိုင်းနယ်စားမင်းသားကို ပုန်ကန်ရန် ကြံစည်နေသည်ဟု စွပ်စွဲရန် လိုအပ်သည်။ သို့သော် မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ်ပေါ်ထွက်လာချိန်သည် အလွန်ပင် ကောင်းမွန်လှသည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်သုံးသိန်း တောင်ဘက်သို့ ချီတက်လာချိန်နှင့် တိုက်ဆိုင်နေသည်။
မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းမြို့တော်၏ စစ်သည်များကို ဦးဆောင်ကာ လွင်ပြင်ဒေသ မျိုးနွယ်စုများကို အနိုင်ယူပြီးချိန်တွင် တစ်စုံတစ်ယောက်က မြောက်ပိုင်းနယ်စားမင်းသားကို ပုန်ကန်ရန် ကြံစည်နေသည်ဟု စွပ်စွဲလိုက်ပါက ထိုသူသည် သေလမ်း ရှာနေသူနှင့်သာ တူနေမည် မဟုတ်ပါလား။
ယခုအချိန်တွင် မည်သူက မြောက်ပိုင်းနယ်စားမင်းသားကို စွပ်စွဲရဲမည်နည်း။ ဒါက ရှနိုင်ငံတော် တည်ထောင်ပြီးကတည်းက အကြီးမားဆုံးသော စစ်ရေးအောင်ပွဲဖြစ်သည်။
မည်သူက မြောက်ပိုင်းနယ်စားမင်းသားကို စွပ်စွဲနိုင်မည်နည်း။ ဝန်ကြီးများထဲမှ မည်သူမှ စကားမပြောတော့သည်ကို မြင်လိုက်ရသည်နှင့် ဆွမ်ဧကရာဇ်က အေးစက်စွာဖြင့် ပြောလိုက်သည်။
“ခင်ဗျားတို့အားလုံး နန်းတွင်း မလာခင် မနက်စာ မစားခဲ့ကြဘူးလား။ စကားပြောဖို့ အားမရှိကြဘူးလား။ ခင်ဗျားတို့ အမြဲတမ်း ဆူညံပြီး ငြင်းခုံနေကြတာ မဟုတ်လား။ ဒီနေ့ကျမှ ဘာလို့အားလုံး ဆွံ့အနေကြတာလဲ။”
ဆွမ်ဧကရာဇ်၏ စကားများ မဆုံးမီ ကျောင်းဝမ်ဟန်က ချက်ချင်း ဒူးထောက်လိုက်ပြီး ဆွမ်ဧကရာဇ်ကို ဦးညွှတ်ကာ ပြောလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသား လုချန်းဟာ ရဲရင့်ပြီး စစ်ရေးကျွမ်းကျင်သူဖြစ်ကာ မြောက်ပိုင်းမြို့တော်ရဲ့ စစ်သည်များကို ဦးဆောင်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်နှစ်သိန်းကို သတ်ဖြတ်ပစ်လိုက်ပြီး တစ်သိန်းကို ဖမ်းမိပါတယ်။ သူဟာ ဆွမ်ဘိုးဘွားတွေ နောက်ပိုင်းမှာ ဒီလိုမျိုး စွမ်းဆောင်မှုကို ပြုလုပ်နိုင်တဲ့ တတိယမြောက်လူ ဖြစ်ပါတယ်။ မြောက်ပိုင်းနယ်စားမင်းသား လုချန်းရဲ့ ယခုလို စွမ်းဆောင်မှုကို သာမန်ဆုများ ချီးမြှင့်ဖို့ မသင့်တော်ပါဘူး။ မြောက်ပိုင်းနယ်စားမင်းသားကို နေပြည်တော်သို့ ပြန်ခေါ်ပြီး သူ့ကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ဖို့ မေတ္တာရပ်ခံပါတယ်။”
ကျောင်းဝမ်ဟန် ပြောသည်ကို ကြားလိုက်ရသည်နှင့် အချို့ဝန်ကြီးများသည် စိတ်ထဲတွင် သူ့ကို ကောက်ကျစ်သော မြေခွေးဟု ကဲ့ရဲ့ခဲ့ကြသည်။ ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းဆဲ ဖြစ်သော ဆွမ်ဧကရာဇ်သည် အိမ်ရှေ့မင်းသား ရာထူးကို ခန့်အပ်ရန် မလိုလားသည်ကို သူတို့ ကောင်းစွာသိရှိထားကြသည်။ အိမ်ရှေ့မင်းသားတွင် အခြားရည်ရွယ်ချက်များ ရှိနေမည်ကို ဆွမ်ဧကရာဇ် စိုးရိမ်သည်။
ကျောင်းဝမ်ဟန်က အခုအချိန်တွင် အိမ်ရှေ့မင်းသားခန့်အပ်ရန် အဆိုပြုခြင်းသည် မြောက်ပိုင်းနယ်စားမင်းသားကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ရန် မဟုတ်ပေ။ သူက ဆွမ်ဧကရာဇ်ကို စိတ်ဆိုးစေပြီး ဆွမ်ဧကရာဇ်နှင့် သူ၏သား မြောက်ပိုင်းနယ်စားမင်းသားတို့ကြား မသင့်မြတ်မှုဖြစ်ပေါ်စေရန် ကြိုးစားနေခြင်းဖြစ်သည်။
ဆွမ်ဧကရာဇ်က ကျောင်းဝမ်ဟန်၏ စကားများကို ချက်ချင်းမတုံ့ပြန်ပဲ နန်းတွင်းရှိ အခြားဝန်ကြီးများကို ကြည့်ရှူလိုက်သည်။
သူသည် စောင့်နေခဲ့သည်။ အခြားတစ်ယောက်ယောက်က စကားပြောလာရန် စောင့်နေခဲ့သည်။
မြေပြင်ပေါ်တွင် ဒူးထောက်နေသော လင်ကောင်းယွမ်သည် ဆွမ်ဧကရာဇ်၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားပြီးအလျင်အမြန်ပင် ပြောလိုက်သည်။
“မင်းကြီး မြောက်ပိုင်းနယ်စားမင်းသား လုချန်းသည် ကြီးမားသော စွမ်းဆောင်မှုကို ပြုခဲ့ပေမဲ့ အိမ်ရှေ့မင်းသားရာထူး ခန့်အပ်ခြင်းက အရေးကြီးသော ကိစ္စဖြစ်ပါတယ်။ လျှင်လျှင်မြန်မြန် ဆုံးဖြတ်ရန် မသင့်ပါ။”
ဆွမ်ဧကရာဇ် စကားမပြောသေးပါ။ သူ၏ မျက်လုံးများသည် သူ၏အရှေ့တွင် ရပ်နေကြသော မင်းသားများပေါ်သို့ ကျရောက်သွားခဲ့သည်။ ထိုအချိန်တွင် မင်းသားများသည် ချွေးများထွက်နေခဲ့ကြပြီး အသက်ကိုပင် ကျယ်ကျယ်မရှူရဲကြပေ။
အထူးသဖြင့် မင်းသား လုရှုယွမ်။ သူလုံးဝ နားလည်သွားပြီဖြစ်သည်။ သူ၏ လုံကြံမှုများ မအောင်မြင်ရခြင်းနှင့် သူ၏အိမ်တော်မှ သွေးချောင်းစီးမှုက ဘယ်သူ့လက်ချက်ဖြစ်ကြောင်း သူနားလည်သွားပြီဖြစ်သည်။
ဒီညီငယ်လေးက တစ်ကယ်ကို နက်နက်ရှိုင်းရှိုင်း လျို့ဝှက်ထားခြင်းဖြစ်သည်။
သူသည် ရှနိုင်ငံမှ လူအားလုံးကို လှည့်ဖျားခဲ့သည်။
............
အခန်း (၁၂၉)
သူ့ကို အိမ်ရှေ့စံရာထူးခန့်ဖို့ ရည်ရွယ်ထားတယ် (၁)
ဆွမ်ဧကရာဇ်သည် လူအုပ်ကို လှမ်းကြည့်လိုက်ပြီး ဘယ်သူမှ ထပ်ပြောစရာမရှိတော့ဟု ထင်သောအခါ သူက
"အိမ်ရှေ့စံ ရာထူးဆိုတာ ကျုပ်တို့နိုင်ငံရဲ့ အခြေခံအုတ်မြစ်နှင့် သက်ဆိုင်တယ်။ သေချာစဉ်းစားဆုံးဖြတ်ဖို့ လိုအပ်တယ်။ ဒီနေ့မှာ အဲ့ဒီကိစ္စကို မဆွေးနွေးဘူး" ဟု ပြောလိုက်သည်။
ဆွမ်ဧကရာဇ်၏ စကားကို ကြားသောအခါ ကျောင်းဝမ်ဟန်လည်း ဆက်မပြောတော့ပါ။ သူသည် ပြောရုံသာ ပြောနေခြင်းသာဖြစ်၏။ သူအတွက်လည်း မြောက်ပိုင်းနယ်စားမင်းသားကို ထောက်ခံနိုင်စရာ အကြောင်းမရှိပါ။
မြောက်ပိုင်းနယ်စားမင်းသားကို ထောက်ခံမည့် နန်းတွင်းအရာရှိများလည်း အနည်းငယ်သာရှိသည်။
သာမန်မင်းသားများသည် ထီးနန်း အရိုက်အရာအတွက် ပြိုင်ဆိုင်မှုတွင် မပါဝင်သည့်တိုင် ဝန်ကြီးများနှင့် အပြန်အလှန်ဆက်ဆံမှုရှိနိုင်သော်လည်း မြောက်ပိုင်းနယ်စားမင်းသားကတော့ ထူးဆန်းသည်။ သူသည် မည်သည့်ဝန်ကြီးနှင့်မှ ဆက်ဆံမှုမရှိပါ။ ထို့ကြောင့် သူ့ကို ဘယ်သူက ထောက်ခံမှာလဲ။
ချူးမိသားစု၏ ထောက်ခံမှုကို သူရနိုင်ချေ ရှိသော်လည်း အခြားမင်းသားများကို ထောက်ခံနေသည့် အင်အားစုများက အများအားဖြင့် မပြောင်းလဲသေးပါ။
အမှန်စင်စစ် မြောက်ပိုင်းနယ်စားမင်းသားက ချူးမိသားစုနှင့် သွေးသားရင်းနှီးမှုရှိ၏။ ယခု ချူးမိသားစုက လုရှုယွမ်ကို ထောက်ခံနေကြသည်မှာ လုချန်းသည် အစပိုင်းတွင် အလွန်အသုံးမကျနေသောကြောင့်ဖြစ်သည်။
ယခု လုချန်းသည် အလွန်ကြီးမားသော စစ်ရေးအောင်ပွဲကို ရရှိခဲ့ပြီဖြစ်၏။ သူ၏ စွမ်းဆောင်မှုသည် ဧကရာဇ်ကိုပင် ကျော်လွန်နေသည့်အခါ သူတို့ ဘယ်လို စိတ်မယိုင်ပဲ ရှိမည်နည်း။
သူတို့ လုချန်းကို နောက်တစ်ကြိမ် ထောက်ခံလာကြပြန်လိမ့်မည်။
သို့သော် ဒါက အခြားမင်းသားများအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
ပထမဦးစွာ မြောက်ပိုင်းမြို့တော်မှ သံချပ်ကာမြင်းတပ် ငါးသောင်း။ မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ် ငါးသောင်းကိစ္စကို မဖြေရှင်းနိုင်ပါက မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့ ခေါင်းပေါ်က ဓားတစ်စင်းအဖြစ် အမြဲတမ်းရှိနေမည်။
အနာဂတ်တွင် ထီးနန်းကို သိမ်းပိုက်နိုင်သည့်တိုင် မြောက်ပိုင်းမြို့တော်တွင် ဤမျှကြီးမားသော စစ်အင်အားရှိနေပါက သူတို့ကို ထီးနန်းမှ ဖယ်ရှားနိုင်သည်။ သံချပ်ကာမြင်းတပ် ငါးသောင်းကို မဖျက်ဆီးနိုင်လျှင် မြောက်ပိုင်းနယ်စားမင်းသားကို မဖယ်ရှားနိုင်လျှင် မည်သည့်မင်းသားမှ စိတ်အေးချမ်းသာစွာ နေနိုင်မည် မဟုတ်ပါ။
ထို့ကြောင့် ထီးနန်းအရိုက်အရာအတွက် ပြိုင်ဆိုင်နေကြသော မင်းသားအားလုံးသည် ချက်ချင်းပင် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားကြသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်ပြီး သူ့ကို ဖယ်ရှားရမည်ဖြစ်သည်။
ထိုအချိန်တွင် ဆွမ်ဧကရာဇ်က ဆက်ပြောလိုက်သည်။
" ကဲ ကျုပ်ရဲ့ လေးစားရပါသော ဝန်ကြီးများမြောက်ပိုင်းနယ်စားမင်းသားဟာ ကြီးမားတဲ့ ကို စွမ်းဆောင်မှုကို ပြုခဲ့တယ်။ နန်းတွင်းအနေနဲ့ သူ့ကို ဘယ်လိုဆုမျိုး ချီးမြှင့်သင့်တယ်လို့ ခင်ဗျားတို့ ထင်ပါသလဲ။"
အဆုံးတွင် ဆွမ်ဧကရာဇ်သည် ထိုမေးခွန်းကို ဝန်ကြီးများထံ လွှဲအပ်လိုက်သည်။
မြောက်ပိုင်းနယ်စားမင်းသား၏ စွမ်းဆောင်မှုသည် အလွန်ကြီးမားလှသည်။ ဆွမ်ဧကရာဇ်ကိုယ်တိုင်တောင် သူ့ကို မည်သို့ဆုချီးမြှင့်သင့်သည်ကို မသိပါ။ အိမ်ရှေ့စံအရိုက်အရာကို ပေးအပ်ရန်ကတော့ လုံးဝမဖြစ်နိုင်ပါ။
အိမ်ရှေ့စံ အရိုက်အရာကို မြန်မြန်ဆန်ဆန် ခန့်အပ်ရန် သူမရည်ရွယ်ခဲ့ပါ။ ထို့အပြင် မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏သားတော်အစစ် ဟုတ်မဟုတ်ပင် မသေချာသော မင်းသားတစ်ပါးဖြစ်နေသည်။ သူ့ကို အိမ်ရှေ့စံအရာ မည်သို့ပေးအပ်နိုင်မည်နည်း။
ဆွမ်ဧကရာဇ်၏မေးခွန်းကို ကြားလိုက်ရသည်နှင့် ဝန်ကြီးများသည် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ သူ၏ စွမ်းဆောင်မှုက အလွန်ကြီးမားလှသည်။ ထိုအောင်မြင်မှုနှင့် ကိုက်ညီမည့် ဂုဏ်ပြုမှုက အိမ်ရှေ့စံ ရာထူးသာ ရှိပုံရသည်။ အခြားဆုလာဘ်များသည် ယခုလို အောင်မြင်မှုနှင့် နှိုင်းယှဉ်ပါက မထင်မရှားဖြစ်နေမည်။
သို့သော် ဆွမ်ဧကရာဇ်သည် မြောက်ပိုင်းနယ်စားမင်းသားကို အိမ်ရှေ့စံရာထူး ပေးမည်မဟုတ်သည်က ထင်ရှားသည်။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားကို မည်သည့်ဆုလာဘ်ပေးသင့်သနည်း။ ဘာမှမပေးပလည်း နေ၍မရနိုင်ပေ။
ဘာမှမပေးပါက ရှနိုင်ငံတော်ရှိ ပြည်သူများသိသွားလျှင် ကျေနပ်ကြမည် မဟုတ်ပေ။ တရားမျှတမှု မရှိသလို ဖြစ်နေမည်။ မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသ မျိုးနွယ်စုများကို သုတ်သင်ခဲ့ခြင်းဖြစ်သည်။
ရှနိုင်ငံတော်ရှိ ပြည်သူများနှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများတွင် နက်ရှိုင်းသော မုန်းတီးမှုများ ရှိနေသည်။
မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသ မျိုးနွယ်စု ဒီလောက်များများကို ရှင်းလင်းသုတ်သင်ပေးပြီးနောက် နန်းတွင်းက မည်သည့်အသိအမှတ်ပြုမှုမှ မပြုပါက ရှနိုင်ငံတော်ရှိ ပြည်သူများက မည်သို့လက်ခံနိုင်မည်နည်း။
ထိုအချိန်တွင် လင်ကောင်းယွမ်က စကားစလိုက်သည်။
“မင်းကြီး။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကြောင့် ပုံမှန်ဆုလာဘ်တွေက မသင့်တော်ဘူးလို့ ကျွန်တော်ထင်ပါတယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ကျောင်းဝမ်ဟန်က ချက်ချင်းပြန်ပြောလိုက်သည်။
“ဝန်ကြီးချုပ် လင်။ ဒါက ထင်ရှားနေတာကို ပြောနေတုန်းတာပဲလား။ မင်းကြီးက ခိုင်မာတဲ့ဆုလာဘ်တစ်ခု လိုအပ်နေတယ်။ ခင်ဗျားရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားထောင်ဖို့ မလိုဘူး။”
လင်ကောင်းယွမ်က ကျောင်းဝမ်ဟန်ကို လျစ်လျူရှုပြီး ဆက်ပြောလိုက်သည်။
“နယ်မြေချဲ့ထွင်ခွင့်အမိန့်ဟာ မြောက်ပိုင်းနယ်စားမင်းသားရဲ့ အကျိုးဆောင်မှုကို အသိအမှတ်ပြုနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။”
ထိုစကားက နန်းတွင်းတွင် ဆူညံသံများ ဖြစ်ပေါ်စေခဲ့သည်။ နယ်မြေချဲ့ထွင်ခွင့် အမိန့်ဆိုသည်မှာ ပိုင်နက်နယ်မြေများကို ချဲ့ထွင်ရန်ဖြစ်သည်။ ရှနိုင်ငံတော်တည်ထောင်စဉ်က ဆွမ်ဘိုးဘွားများ နယ်စားများစွာကို နယ်မြေချဲ့ထွင်ခွင့်အမိန့်ပေးခဲ့ပြီး သူတို့သိမ်းပိုက်ရရှိသော နယ်မြေများသည် ထိုနယ်စားများ၏ ပိုင်ဆိုင်မှုဖြစ်သည်။
သို့သော် မကြာမီတွင် ဆွမ်ဧကရာဇ်များသည် ဒါက ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း သတိထားမိလာကြသည်။ အဘယ်ကြောင့်ဆိုသော် အချို့နယ်စားများ၏ နယ်မြေများသည် အလွန်ကြီးထွားလာပြီး ဆွမ်ဧကရာဇ်များပိုင် နယ်မြေနီးပါး ကြီးထွားသောကြောင့်ဖြစ်သည်။
ဆွမ်ဧကရာဇ် အဆက်ဆက်၏ ကြိုးပမ်းမှုများအပြီးတွင် နယ်မြေချဲ့ထွင်ခွင့် အမိန့်ကို လုံးဝ ဖျက်သိမ်းခဲ့သည်။ သို့သော် ထိုအမိန့်ကို ဖျက်သိမ်းခြင်းကြောင့် စစ်ပွဲများစွာဖြစ်ပွားခဲ့သည်။
လက်ရှိဆွမ်ဧကရာဇ်လက်ထက်တွင် နယ်စားများ၏ အာဏာကို ပို၍လျှော့ချနိုင်လာခဲ့သည်။ ယခုအခါတွင် နယ်စားများကို နန်းတော်က အပိုင်စား နယ်မြေများပေးအပ်ထားပြီး သူတို့က အခြားနိုင်ငံများမှ နယ်မြေများကို သိမ်းပိုက်မိပါကလည်း ထိုနယ်မြေများကို နန်းတွင်းက အပိုင်ဖြစ်သည်။ နယ်စားများတွင် ထိုနယ်မြေများကို ပိုင်ဆိုင်ခွင့်မရှိပေ။
အကယ်၍ နယ်မြေချဲ့ထွင်ရေးအမိန့်ကို မြောက်ပိုင်းနယ်စားမင်းသားထံ ပေးအပ်လိုက်ပါက နောက်ပိုင်းတွင် သူသည်မြောက်ပိုင်းမြို့တော်၏ နယ်မြေကို သူအင်အားရှိသရွေ့ အတိုင်းအတာမရှိ ချဲ့ထွင်နိုင်မည်ဖြစ်သည်။
နန်းတွင်းအတွက်မူ ဤသည်မှာ ကောင်းသည်ဟု သေချာပေါက် မဆိုနိုင်ပါ။ အကယ်၍ မြောက်ပိုင်းနယ်စားမင်းသည် နယ်မြေများစွာကို ပိုင်ဆိုင်ပါက သူ၏ ဩဇာအာဏာသည် ပို၍တိုးပွားလာနိုင်ပြီး ရှနိုင်ငံတော်အတွက် ပို၍ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်။
သို့သော်… လင်ကောင်းယွမ်၏ အကြံပြုချက်ကို ကြားပြီးနောက် ဆွမ်ဧကရာဇ်က ထိုအကြံကို ချက်ချင်း ပယ်ချခြင်း မပြုပေ။ အဘယ်ကြောင့်ဆိုသော် ထိုအကြံသည် အနည်းငယ် အသုံးဝင်နိုင်သည်ဟု သူယူဆသောကြောင့် ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသည် နယ်မြေချဲ့ထွင်ရေး အမိန့်ကို ရရှိပါက သူသည် နယ်မြေများကို ချဲ့ထွင်ရန် စစ်ပွဲများကို ဆင်နွှဲမည် ဖြစ်သည်။ စစ်ပွဲများသည် ငွေကြေးနှင့် အရင်းအမြစ်များ လိုအပ်သည်။ သူ၏ အင်အားကို သုံးစွဲရမည်။
ထို့အပြင် မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်တွင် ရှိသည်။ သူသည် နယ်မြေများကို ချဲ့ထွင်လိုပါက တစ်ခုတည်းသော ရွေးချယ်စရာမှာ မြောက်ဘက်သို့ ချဲ့ထွင်ရန် ဖြစ်သည်။ မြောက်ဘက်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နယ်မြေ ဖြစ်သည်။ ဆိုလိုသည်မှာ မြောက်ပိုင်းနယ်စားမင်းနှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများကြား စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေမည် ဖြစ်သည်။
ထိုအခါ မြောက်ပိုင်းမြို့တော်၏ အင်အား လျှော့နည်းမည်ဖြစ်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တောင်ဘက်သို့ ကျူးကျော်မှုများကြောင့် ရှနိုင်ငံတော် ခြိမ်းခြောက်ခံရနေမှုကိုလည်း အတိုင်းအတာတစ်ခုအထိ လျှော့ချပေးသည်။
ဒါက မဟာဗျူဟာကောင်း တစ်ခု ဖြစ်သည်။ နယ်မြေချဲ့ထွင်ခွင့်ကို ပေးအပ်ပြီးပါက ထိုအမိန့်ကို စစ်ပွဲများဖြင့်သာ ပြန်လည်ရယူနိုင်မည်ဖြစ်သည်။ သို့မဟုတ် မြောက်ပိုင်းနယ်စားမင်းသားကို နောက်ဆွမ်ဧကရာဇ်အဖြစ် ခန့်အပ်ရမည်။
မြောက်ပိုင်းနယ်စားမင်းသားသည် နယ်မြေချဲ့ထွင်ခွင့် ရရှိပြီး နယ်မြေများကို ချဲ့ထွင်ပါပြီးပါက သူသည် နန်းတွင်းသို့ ထိုနယ်မြေများကို ပြန်လည်လွှဲအပ်မည် မဟုတ်ပေ။ဒါကတော့ တွေးဖို့တောင် မလိုပါ။
.........