← Chapters

အခန်း ၁၃၉-၁၄၁

Vol. 10 Ch. 139-141

အခန်း ၁၃၉-၁၄၁

Vol. 10 Ch. 139-141

အခန်း (၁၃၉)

မိဖုရား မိုးပြိုကျနေပြီ (၂)

ရှောင်ပင်တိန်က ဆက်မေးလိုက်သည်။ “မြောက်ပိုင်းနယ်စားမင်းသားက ကျွန်တော့်ကို ဒီလိုပေစုတ်တဲ့ နေရာမှာ လာတွေ့ရတဲ့အကြောင်းရင်းက ဘာများလဲလို့ သိလို့ရမလား။ ခင်ဗျားကျွန်တော်ဆီက စစ်မေးချင်တာ တစ်ခုခုရှိလို့လား။”

လုချန်းက ပြုံးရယ်ကာ

“ကျွန်တော်က ခင်ဗျားတို့ရဲ့ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုအကြောင်းကို ခင်ဗျားထက် ပိုသိနိုင်တယ်။ ခင်ဗျားဆီက တစ်ခုခုမေးဖို့ လိုမယ်လို့ ထင်လို့လား” ဟု ပြောလိုက်သည်။

လုချန်း၏စကားကို ကြားရသောအခါ ရှောင်ပင်တိန်၏ စိတ်ထဲတွင် လူတစ်ဦး၏ပုံရိပ်ပေါ်လာသည်။

အစတုန်းက သူသည် ထိုကိစ္စကို အလေးမထားခဲ့ပေ။ ဝူယွမ်သည် ငွေများကို လျှို့ဝှက်စွာ ဝှက်ထားသည်ဟုသာ ထင်ခဲ့သည်။ သို့သော် အခုတော့ အခြေအနေကို အခြေခံအားဖြင့် နားလည်သွားပြီဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားအကြောင်း သူတို့စုဆောင်းထားသော အချက်အလက်များသည် ဝူယွမ်နှင့် သူ၏လုပ်ဖော်ကိုင်ဖက်များ၏ ကုန်သည်လှည်းများမှ ရရှိခဲ့ခြင်းဖြစ်ပြီး မြောက်ပိုင်းမြို့တော်၏ အခြေအနေကို လွဲမှားစွာ ခန့်မှန်းမိစေခဲ့သည်။

အကယ်၍ မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာမြင်းတပ် ငါးသောင်းခန့်ရှိသည်ကို သူတို့သိရှိခဲ့ပါက ရန်ခရိုင်သို့ ယခုလိုအလျင်အမြန် ဝင်ရောက်တိုက်ခိုက်ရဲကြမည်မဟုတ်ပေ။ ထို့အပြင် ထိုထူးဆန်းသော ပေါက်ကွဲစေနိုင်သည့် လက်နက်များမပါပဲ နှင့်ပင် သံချပ်ကာမြင်းတပ် ငါးသောင်းသည် လွင်ပြင်ဒေသမျိုးနွယ်စု၏ သုံးသိန်းတပ်ကို ရင်ဆိုင်နိုင်မည်ဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးတွင် မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်နိုင်သည့်တိုင် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုသည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားရမည်ဖြစ်သည်။ သူတို့သည် မြောက်ပိုင်းမြို့တော်၏ မြေနေရာကို လိုချင်ကြသော်လည်း ထိုနေရာအတွက် ဤမျှကြီးမားသော စွန့်လွှတ်မှုမျိုးကိုတော့ ဘယ်သောအခါမှ ပြုလုပ်မည် မဟုတ်ပေ။

ရှောင်ပင်တိန်က ပြက်ရယ်ပြုလိုက်သည်။ “မြောက်ပိုင်းနယ်စားမင်းသားက ကျွန်တော်ရဲ့ ဒုက္ခကို မျက်မြင်ကိုယ်တွေ့ ပျော်ပျော်ရွှင်ရွှင် ကြည့်ရှုဖို့ ဒီနေရာကို ရောက်လာတာများလား။”

လုချန်းက

“ကျွန်တော်မှာ အဲ့ဒီလို အလေ့အထမျိုး မရှိပါဘူး” ဟု ပြောလိုက်သည်။

“ကျွန်တော်က ခင်ဗျားနဲ့ သဘောတူညီချက်တစ်ခု ဆွေးနွေးဖို့ ဒီနေရာကို ရောက်လာပဲ။”

ရှောင်ပင်တိန်၏ မျက်ခုံးများ တွန့်သွားသည်။

“သဘောတူညီချက် ဆိုတာ ဘာများလဲ။”

လုချန်းက တိုက်ရိုက်မေးလိုက်သည်။

“ခင်ဗျား ကောင်းကင်ဝံပုလွေဘုရင် ဖြစ်ချင်လား။”

လုချန်း၏ မေးခွန်းကို ကြားလိုက်ရသောအခါ ရှောင်ပင်တိန် တစ်ခုခုကို နားလည်သကဲ့သို့ ဖြစ်သွားပြီး အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ကာ ပြောလိုက်သည်။ “အသက်ရှင်ဖို့အတွက် ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုကို ကျွန်တော်က သစ္စာဖောက်မယ်လို့ မြောက်ပိုင်းနယ်စားမင်းသားက ထင်နေတာလား။ရယ်စရာပါပဲ။ လွင်ပြင်ဒေသ မျိုးနွယ်စုတစ်ခုရဲ့ စစ်သားတစ်ယောက်အနေနဲ့ ဒူးထောက်ပြီး အသက်ရှင်နေမယ့်အစား မတ်မတ်ရပ်တည်ပြီး အသေခံနိုင်တယ်။”

လုချန်းသည် ရှောင်ပင်တိန်၏ တုံ့ပြန်မှုကို လုံးဝမအံ့သြပေ။ သူက အေးဆေးစွာပင် ပြောလိုက်သည်

“ဟုတ်တယ်ဗျ။ သေဖို့က ပိုလွယ်တယ်။ ဒါပေမယ့် ခင်ဗျားသေသွားရင် ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုထဲက ခင်ဗျားရဲ့ ဇနီးနဲ့သားသမီးတွေ ပြီးတော့ လွင်ပြင်ဒေသ မျိုးနွယ်စု သုံ့ပန်းတစ်သိန်း ဘယ်လိုဖြစ်သွားမလဲဆိုတာ ခင်ဗျားစဉ်းစားဖူးလား။”

“အဲ့ဒီ လူတစ်သိန်းသော မျိုးနွယ်စုသားတွေ မရှိတော့ရင် ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုမှာ အိုမင်းသူတွေနဲ့ မကျန်းမာသူတွေပဲ ကျန်ခဲ့မှာပဲ။ နောင်ဆယ်နှစ်ကြာရင် ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုဆိုတာ ရှိနေဦးမှာလားဆိုတာ ပြောဖို့တောင် ခက်သွားပြီ။”

ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်ပင်တိန် တုန်လှုပ်သွားသည်။ ချက်ချင်းပင် သူ့အတွေးထဲတွင် ရင်းနှီးသော မျက်နှာများ ဝင်ရောက်လာသည်။ သူနှင့် မျိုးနွယ်စုသားတစ်သိန်း သေဆုံးသွားပါက ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုတွင် ယောက်ျားများ လုံးဝမကျန်တော့ပေ။

သူတို့သည် စစ်သား သုံးသိန်းကို စုစည်းထားသည်ဟု ထင်ရသော်လည်း အမှန်တွင် မြောက်ဖရီးဘုရင်၏ လူအနည်းငယ်ကို ချန်လှပ်ထားလျှင် ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုသည် စစ်တိုက်နိုင်သည့် သူတို့မျိုးနွယ်စုဝင် ယောင်္ကျားသားအားလုံးနီးပါးကို စုစည်းထားခြင်းဖြစ်သည်။

ယခုတောင်ပိုင်းသို့ ချီတက်တိုက်ခိုက်ခြင်းသည် သူတို့အတွက် လောင်းကစားတစ်ခုလိုဖြစ်သည်။ ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုဝင်များ၏ မျက်လုံးများတွင် မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်နိုင်ပါက မိဖုရား၏ မျှော်မှန်းချက်အတိုင်း သူတို့သည် မြက်ခင်းလွင်ပြင်များတွင် လှည့်လည်နေစရာမလိုတော့ပဲ အစားအစာများ အဆက်မပြတ်ရရှိနိုင်ပြီး ဆာလောင်မွတ်သိပ်ခြင်းနှင့် အေးစက်‌သော ရာသီဥတုဒဏ်တို့ကို နောက်ထပ် ကြောက်ရွံ့စိုးရိမ်ရတော့မည် မဟုတ်ပေ။

ထို့ကြောင့် လူတိုင်းက တောင်ပိုင်းကို ချီတက်ရန် အထူးစိတ်အားထက်သန် နေခဲ့ကြသည်။

ရှနိုင်ငံတော်၏ အာဏာရှိ မိသားစုများနှင့် လုရှုယွမ်မင်းသားတို့က နန်းတွင်းကို ထိန်းချုပ်ထားသည်ဟု သူတို့ထင်ခဲ့ကြပြီး မြောက်ပိုင်းမြို့တော်ကို လွယ်လွယ်ကူကူသိမ်းပိုက်နိုင်လိမ့်မည်ဟု ယူဆခဲ့ကြသည်။ သို့သော် ရလဒ်မှာ သူတို့ အခုရင်ဆိုင်နေရသည့် ဆိုးရွားသော အခြေအနေဖြစ်နေသည်။ ထို့အပြင် ယောက်ျားများ မရှိပါကဆောင်းတွင်းသည် ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုအတွက် ပို၍ပင် ခက်ခဲလာမည်ဖြစ်သည်။

မြောက်ပိုင်းဒေသသည် ကျယ်ပြန့်ပြီး ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုတစ်ခုတည်း မဟုတ်ပေ။ ယောက်ျားများ မရှိပါက ဆောင်းတွင်းသို့ရောက်သောအခါ အခြားမျိုးနွယ်စုများသည် ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုကို လုယက်ကြမည်မှာ သေချာသည်။

အထူးသဖြင့် မြောက်ပိုင်းဖရီ မျိုးနွယ်စုဖြစ်သည်။ မြောက်ပိုင်းဖရီဘုရင်သည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သောကြောင့် တောင်ပိုင်းသို့ ချီတက်သည့် စစ်ပွဲတွင် ပါဝင်ခြင်းမရှိခဲ့‌ပေ။ သူက အသက်ရှင်နေဆဲဖြစ်သည်။

မြောက်ပိုင်းဖရီဘုရင်သည် ရှောင်ဝမ်ယောင်၏ အလှတရားကို လိုချင်နေခဲ့သည်မှာ ကြာပြီဖြစ်၏။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု၏ သုံးသိန်းသော စစ်တပ်ပျက်သုဉ်းသွားသည်ကို သူသိရှိသွားပါက မြောက်ပိုင်းဖရီမျိုးနွယ်စု စစ်သည်များသည် ကောင်းကင်ဝံပုလွေဘုရင်၏ နန်းတွင်းသို့ တိုက်ရိုက်ချီတက်လာမည်ဖြစ်သည်။

ထိုအချိန်တွင် ရှောင်ဝမ်ယောင်သာမက မိဖုရားပင် မြောက်ပိုင်းဖရီဘုရင်၏ ဖမ်းဆီးခြင်းကို ခံရနိုင်သည်။ မိဖုရားကိုပါ ဆုံးရှုံးပါက ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု အမှန်တကယ် ပျက်စီးသွားမည်ဖြစ်သည်။

ထိုအတွေးများနှင့်အတူ ရှောင်ပင်တိန်၏ မျက်နှာအမူအရာများ အဆက်မပြတ် ပြောင်းလဲနေ၏။ ထိုအခါ သူ၏ စိတ်ထဲတွင် အတွေးများဖြင့် ရုန်းကန်နေသည်ကို လုချန်းသိမြင်လိုက်သည်။ ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ရှောင်ပင်တိန်က မေးလိုက်သည်။

“ကျွန်တော်က ခင်ဗျားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူမယ်ဆိုရင် ခင်ဗျားက လွင်ပြင်ဒေသ မျိုးနွယ်စုသား တစ်သိန်းကို လွှတ်ပေးမှာလား။”

လုချန်းက ချက်ချင်းပင် ပြောလိုက်သည်။ “ဒါက မဖြစ်နိုင်ဘူး။”

ရှောင်ပင်တိန်က အေးစက်စွာ ပြုံးရယ်ကာ ပြောလိုက်သည်။

“ အဲ့ဒါဆို မြောက်ပိုင်းနယ်စားမင်းသားက ဒါတွေအားလုံး ကျွန်တော့်ကို ပြောပြရတာ ဘာအဓိပ္ပာယ်ရှိလို့လဲ။ ခင်ဗျားအတွက် ပျော်စရာ‌ကောင်းလို့ လုပ်နေတာလား”

လုချန်းက ဆက်ပြောလိုက်သည်။

“ဟုတ်တယ်။ လွင်ပြင်ဒေသ မျိုးနွယ်စုသား တစ်သိန်းကို ဒီအတိုင်း လွှတ်ပေးလိုက်ဖို့ ရည်ရွယ်ချက် ကျွန်တော့်မှာ မရှိဘူး။ ဒါပေမယ့် ကျွန်‌တော်က ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုတစ်ခုလုံးကို မြောက်ပိုင်းမြို့တော်ကို ရွှေ့ပြောင်းနိုင်တယ်။ ဒါ့အပြင်အကျဉ်းသားတွေထဲမှာ ကောင်းကောင်း‌ နေတဲ့သူတွေရှိရင် ကျွန်တော်က သူတို့ကို သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်လည်ပေါင်းစည်းခွင့် ပေးဖို့ စဉ်းစားမယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်ပင်တိန်၏ နှလုံးသား တုန်လှုပ်သွားသည်။ ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စု၏ နောက်ဆုံးရည်မှန်းချက်က ဘာလဲ။ မြောက်ပိုင်းမြို့တော်၏ မြေကို သိမ်းပိုက်ရန်မဟုတ်လား။ အဲဒီမှာ အခြေချဖို့ ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားက သူပြောသည့်အတိုင်း အမှန်တကယ် ရည်ရွယ်ထား၏။ သူ့တွင် ထိုရည်ရွယ်ချက်မျိုးရှိပါက ရှောင်ပင်တိန်သည် မြောက်ပိုင်းနယ်စားမင်းသားနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုကို သစ္စာဖောက်သည့်တိုင် သူ့အတွက် မှားယွင်းမှု တစ်စုံတစ်ရာ မရှိဟု ခံစားရမည်ဖြစ်သည်။

လွင်ပြင်ဒေသတွင် ဆာလောင်မွတ်သိပ်ခြင်းနှင့် အေးခဲခြင်းတို့ကြောင့် သေဆုံးရခြင်းထက် သို့မဟုတ် မြောက်ပိုင်းဖရီဘုရင်၏ လုယက်ဖျက်ဆီးခံရခြင်းထက် ပိုကောင်းသည်။

ရှောင်ပင်တိန်က မေးလိုက်သည်။

“ခင်ဗျားက ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုကို မြောက်ပိုင်းမြို့တော် ခေါ်လာပြီး ကျွန်တော်တို့ကို အားလုံးကို အမြစ်ဖြုတ်သုတ်သင်ဖို့ လုပ်နေတာမဟုတ်ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။”

‘မြက်ပင်ကို ဖြတ်ပြီး အမြစ်ကို နှုတ်ပစ်တာက ခင်ဗျားတို့ ရှနိုင်ငံတော်သားတွေ အလုပ်တတ်ဆုံးပဲ မဟုတ်လား။’

လုချန်းသည် ရှောင်ပင်တိန်၏ စိုးရိမ်မှုကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သောကြောင့် တိုက်ရိုက်ပြန်ဖြေလိုက်သည်။

“ခင်ဗျားက ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောမတူရင်‌တောင် ကျုပ်က ကောင်းကင်ဝံပုလွေဘုရင်ရဲ့ နန်းတော်ကို အလွယ်တကူ ရှာတွေ့နိုင်တယ်။ ခင်ဗျား ဝူယွမ်အကြောင်း ကြားဖူးတယ်မဟုတ်လား။”

ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်ပင်တိန်၏ မျက်နှာ မှောင်မည်းသွားပြီး အေးစက်စွာ ပြောလိုက်သည်။

“သူက တကယ်ပဲ ခင်ဗျားတို့လူပဲ။ ကျွန်‌ တော့်မှာ အခွင့်အရေးရှိချိန်တုန်းက သူ့ခေါင်းကို ပုဆိန်နဲ့ ခွဲပစ်ခဲ့သင့်တယ်။”

လုချန်းက ပြောလိုက်သည်။

“ဗိုလ်ချုပ် ရှောင်။ အခုဒါတွေကို ပြောနေတာ အဓိပ္ပာယ်မရှိဘူးလို့ ခင်ဗျားမထင်ဘူးလား။”

ရှောင်ပင်တိန် တိတ်ဆိတ်သွားပြီးနောက်ထပ် ဘာမှမပြောတော့ပေ။

စကားပြောစရာ ကုန်သွားသည်ကို သဘောပေါက်လိုက်ပြီး လုချန်းက လှည့်ပြီး ပြောလိုက်သည်။

“ဗိုလ်ချုပ်‌ရှောင် ခင်ဗျားနည်းနည်းထပ်စဉ်းစားလို့ရတယ်။ ကျွန်တော့်မှာ အချိန်တွေ အများကြီးရှိတယ်။ ခင်ဗျား ဆုံးဖြတ်ချက်ချပြီးတဲ့ အခါကျရင် ပြောပါ။ နောက်တစ်ခုပြောချင်တာကတော့ ဆောင်းတွင်းက နီးလာပြီ။ခင်ဗျားတို့ မျိုးနွယ်စုမှာ အချိန်တွေ သိပ်မကျန်တော့ဘူး။”

စကားပြောပြီးနောက် လုချန်းသည် လှည့်ထွက်ကာ အကျဉ်းခန်းမှ ထွက်ခွာသွားသည်။

ထိုအတောအတွင်း မြောက်ပိုင်းဒေသ ကောင်းကင်ဝံပုလွေဘုရင်၏ နန်းတော်။ လှပသော ရဲလိနန်ရန်သည် ကုတင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေပြီး ပြောလိုက်သည်။

“တကယ်ပါ။ တဲတစ်လုံးကို ဘယ်လောက်ပဲ အလှဆင်ဆင် ရှနိုင်ငံတော်ရဲ့ အိပ်ရာ‌တွေလောက် သက်တောင့်သက်သာ မရှိပါဘူး။”

“အင်း။ ဘုရင်ကြီးက မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီးပြီလားမသိဘူး။”

ထိုအချိန်တွင် ရှောင်ဝမ်ယောင်သည်လည်း တဲထဲသို့ ဝင်ရောက်လာပြီး ပြောလိုက်သည်။

“မိဖုရား။ ကျွန်မအဖေတို့ အကြောင်း သတင်းတွေ ရပြီလား။”

ရှောင်ဝမ်ယောင်သည် ရှနိုင်ငံတော်သို့ ထွက်ပြေးရန် စီစဉ်နေပြီဖြစ်သည်။ မြောက်ပိုင်းမြို့တော် သိမ်းပိုက်ခံရသည့်အချိန်တွင် သူမသည် ရှနိုင်ငံတော်သို့ ဝင်ရောက်သွားရန် ရည်ရွယ်ထားပြီး မြောက်ပိုင်းဒေသသို့ ပြန်မလာတော့ရန် စီစဉ်ထားသည်။

ကြုံဆုံလာရမည့် ဒုက္ခများခံရန် သူမ၏ စိတ်ပြင်ဆင်ထားပြီးဖြစ်၏။ သို့သော် ရှားနိုင်ငံတော်တွင် ဒုက္ခခံရန် သူမပိုနှစ်သက်သည်။ ထိုညစ်ပတ်ပြီး တစ်သက်လုံး ရေမချိုးသော လူကြီးနှင့် လက်ထပ်ရန်တော့ သူမ လုံးဝမလိုလားပါ။

ရဲလိနန်ရန်က အဖြေပေးလိုက်သည်။

“အခုထိ ဘာသတင်းမရသေးဘူး။ ဒါပေမယ့် မကြာခင်မှာ ရလာမှာပါ။”

ရဲလိနန်ရန်သည် လုရှုယွမ်နှင့် သူတို့၏ သဘောတူညီချက်ကို သတိရလိုက်သည်။ ဆွမ်ဧကရာဇ်သည် ရှနိုင်ငံတော်အတွင်းရှိ အာဏာရှိမိသားစုများ၏ ပုန်ကန်မှုကို ကာကွယ်ရန် လိုအပ်သောကြောင့် မြောက်ဘက်သို့ စစ်သည်အများအပြား စေလွှတ်မည် မဟုတ်ပေ။ ထို့ကြောင့် ကောင်းကင်ဝံပုလွေဘုရင်ဦးဆောင်သော စစ်သည်သုံးသိန်းသည် မြောက်ပိုင်းမြို့တော်တစ်ခုလုံးကို အလွယ်တကူ သိမ်းပိုက်နိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် တဲအပြင်ဘက်မှ ယောက်ျားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

“မိဖုရား။ အရမ်းဆိုးတဲ့ ကိစ္စဖြစ်သွားပါပြီ။”

ထိုအသံနောက်ကို လိုက်လာသည်မှာ ရှုပ်ပွနေသော ပုံသဏ္ဍန်နှင့် ဝူယွမ်ဖြစ်သည်။ သူကတဲအတွင်းသို့ ဝင်ရောက်လာပြီး မြေပေါ်တွင် ဒူးထောက်လိုက်ကာ

“မိဖုရား မိုးပြိုကျသွားပြီ။”

ဝူယွမ်၏ အခြေအနေကို မြင်လိုက်ရသောအခါ ရဲလိနန်ရန်သည် ချက်ချင်းပင် မကောင်းသော နိမိတ်တစ်ခုကို ခံစားမိပြီး သူမ၏မျက်ခုံးများ တွန့်သွားကာ

“ဝူယွမ် ဘာဖြစ်သွားတာလဲ။”

မျက်ရည်များကို ချုပ်တည်းရင်း ဝူယွမ်က အစီရင်ခံလိုက်သည်။

“ကျွန်တော်တို့ရဲ့ ကုန်သည်လှည်းတန်းက အစကတော့ ရန်ခရိုင်သွားပြီး တိုက်ပွဲကလုယက်လို့ ရရှိလာတဲ့ ဘုရင်ရဲ့ ပစ္စည်းတွေကို သယ်ဆောင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရင်ကြီးရဲ့ စစ်သည်သုံးသိန်းက မြောက်ပိုင်းနယ်စားမင်းသားကို ရှုံးနိမ့်သွားပြီး ဘုရင်ကြီးကိုယ်တိုင်လည်း ရန်ခရိုင်မြို့ရိုးအောက်မှာ ကျဆုံးသွားပါပြီ။ စစ်သည်နှစ်သိန်းအသတ်ဖြတ်ခံရပြီး ကျန်စစ်သည်တစ်သိန်းကို မြောက်ပိုင်းနယ်စားမင်းသားက ဖမ်းဆီးထားပါတယ်။”

ဝူယွမ်၏ အစီရင်ခံမှုကို ကြားလိုက်ရသောအခါ ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့လည်း အလွန်ထိတ်လန့်သွားကြပြီး သူတို့၏မျက်နှာများတွင်လည်း သွေးရောင်မရှိတော့ပဲ ဖြူဖွေးသွားသည်။ ရဲလိနန်ရန်သည် ကုတင်ပေါ်သို့ ပြိုလဲကျသွားပြီး သူမ၏လက်များလည်း မထိန်းချုပ်နိုင်စွာ တုန်ယင်နေ‌သည်။

သူမ ရေရွတ်လိုက်သည်။

“ဘယ်လိုလဲ… ဘယ်လိုဖြစ်နိုင်မှာလဲ…”

........

အခန်း (၁၄၀)

ရဲလိနန်ရန်၏ အစီအစဉ် (၁)

ဝူယွမ်၏ သတင်းကို ကြားလိုက်ရသော အခါ ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ အတော်ကြာကြာ တုန်လှုပ်သွားကြသည်။ သူမ၏ ဦးလေးလည်း တိုက်ပွဲတွင် ကျဆုံးသွားနိုင်သည်ဟူသော အတွေးကြောင့် ရှောင်ဝမ်ယောင်သည် အားအင်ကုန်ခမ်းသွားပြီး ကြမ်းပြင်ပေါ်သို့ ထိုင်လျက်လဲကျ နေခဲ့သည်။

သူမသည် ကောင်းကင်ဝံပုလွေ မျိုးနွယ်စု၏ ဘုရင်ဖြစ်သူ သူမ၏ဖခင်အပေါ် ခံစားချက်နည်းပါးသည်။ အထူးသဖြင့် သူမကို မြောက်ပိုင်းဖရီဘုရင်အား ပစ္စည်းတစ်ခုလို ပေးအပ်မည့် ဖခင်ဖြစ်သူ သေဆုံးသွားသည်ကို သူမ အလွန်အမင်း ဝမ်းနည်းမည် မဟုတ်ပါ။

သို့သော် သူမ၏ဦးလေးအပေါ်တွင်မူ သူမ၏ခံစားချက်များက ကွဲပြားသည်။ သူမ၏ဦးလေးသည် သူမကို အမြဲကောင်း ကောင်းမွန်မွန် ဆက်ဆံခဲ့ပြီး မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီးနောက် သူမကို ရှနိုင်ငံတော်သို့ ပို့ဆောင်ပေးရန် စစ်မထွက်မီက ပြောကြားခဲ့သည်။

သို့သော် ယခုအခါ ထိုအစီအစဉ်အားလုံး လေထဲမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ရဲလိနန်ရန်က

“ဘယ်လိုရှုံးရမှာလဲ… မြောက်ပိုင်းမြို့တော်ကို ကာကွယ်နေတဲ့ စစ်သားတွေက အများကြီးမရှိဘူး။ သူတို့ မနိုင်ဘူးဆိုရင်တောင် ဘုရင်ကြီးနဲ့ သူ့လူတွေ ထွက်ပြေးဖို့ အခွင့်အရေးရှိရမှာပဲ…” ဟု သူမကိုယ်သူမ ပြောနေမိသည်။

သူမ ပြောနေရင်း ရဲလိနန်ရန်က ရုတ်တရက် ခေါင်းမော့ကာ ဝူယွမ်ကို အာရုံစိုက်ကြည့်လိုက်သည်။

“ရှင်ကြားခဲ့တဲ့ သတင်းက မှန်တယ်ဆိုတာ သေချာလား။”

ဝူယွမ်က ငိုယိုရင်း ဆက်ပြောသည်။

“မိဖုရား ကျွန်တော် ကြားတာတင်မကဘူး ရှနိုင်ငံတော်ရဲ့ စစ်သားတွေ လူသေအလောင်းတွေကို မြှုပ်နှံဖို့ ကျင်းကြီးတွေ တူးနေတာကိုလည်း မြင်တွေ့ရပါတယ်။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ စစ်သားတွေ အများကြီးကို ချည်နှောင်ပြီး ဘယ်ကိုမှန်းမသိ ခေါ်သွားနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။”

ဝူယွမ်၏ စကားများကို ကြားလိုက်ရသော အခါ ရဲလိနန်ရန်၏ စိတ်သည် လေဟာနယ်ထဲသို့ ရောက်သွားသလို ခံစားရသည်။ ဝူယွမ် ပြောသည့်အတိုင်း မှန်ကန်ပါက ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုအတွက် ကြီးမားသော ဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်။

ထိုတောင်ပိုင်းစစ်ပွဲတွင် မျိုးနွယ်စု၏ စစ်မှုထမ်းနိုင်သော ယောက်ျားအများစု ပါဝင်ခဲ့သည်။ ယခုအခါ ထိုယောက်ျားများ ပျောက်ဆုံးသွားပါက ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုအတွက် ကြီးမားသော နစ်နာမှုများ ဖြစ်လာမည်ဖြစ်သည်။

ယောက်ျားများ ပျောက်ဆုံးသွားသဖြင့် ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုသည် စားနပ်ရိက္ခာနှင့် ပတ်သက်၍ စိုးရိမ်စရာ လျှော့ပါးသွားမည် ဖြစ်သော်လည်း ယောက်ျားများ မရှိပါက လွင်ပြင်ဒေသရှိ အခြားမျိုးနွယ်စုများက သူတို့ကို ပစ်မှတ်ထားလာမည်။ အထူးသဖြင့် မြောက်ပိုင်းဖရီဘုရင်၏ မျိုးနွယ်စုဖြစ်သည်။

လွင်ပြင်ဒေသရှိ မျိုးနွယ်စုများသည် တစ်စုနှင့်တစ်စု သဟဇာတမဖြစ်ကြပဲ မကြာခဏ စစ်ပွဲများ ဖြစ်ပွားလေ့ရှိသည်။ လွင်ပြင်ဒေသရှိ မျိုးနွယ်စုများ ညီညွတ်နေပါက သူတို့သည် မတူညီသော မျိုးနွယ်စုများအဖြစ် ကွဲပြားသွားမည် မဟုတ်ပေ။

အစပိုင်းတွင် မြောက်ပိုင်းဖရီဘုရင်သည် ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုအား စစ်သားပေါင်း သောင်းချီ ငှားရမ်းပေးခဲ့သဖြင့် သူတို့ကြားထဲဆက်ဆံ‌ရေး ကောင်းသည်ဟု ထင်ရသော်လည်း ထိုသို့ပြုလုပ်ရခြင်းမှာ ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုက သူတို့ကို အကျိုးအမြတ်များစွာ ပေးမည်ဟု ကတိပြုထားသောကြောင့်ဖြစ်၏။ မြောက်ပိုင်းဖရီဘုရင်ကလည်း ထိုစစ်သားများကို သ‌ဘောအဖြစ်သာ စေလွှတ်ခဲ့ခြင်းသာ ဖြစ်သည်။

ယခုအခါ ကောင်းကင်ဝံပုလွေဘုရင် ပျောက်ဆုံးသွားပြီး မျိုးနွယ်စုတွင် ယောက်ျားများ အများအပြား ဆုံးရှုံးသွားပါက မြောက်ပိုင်းဖရီဘုရင်က ယဉ်ယဉ်ကျေး‌ ကျေး ပြုမူတော့မည် မဟုတ်ပေ။ သူ၏လူများကို ခေါ်ဆောင်ကာ ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုထံမှ အစားအစာများ နှင့် အမျိုးသမီးများကို လုယက်ရန် ဖြစ်နိုင်ချေက အလွန်များသည်။

မြောက်ပိုင်းဖရီဘုရင်က ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုထံမှ အစားအစာများ အားလုံးကို ယူသွားပါက သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အသက်ရှင်လျက် ဆောင်းရာသီကို ကျော်လွှားနိုင်မည် မဟုတ်ပေ။

လာမည့်နွေဦးတွင် ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုသည် ရှိတော့မည် မဟုတ်ပေ။ ရဲလိနန်ရန်ကို ပို၍စိုးရိမ်စေသည်မှာ အကယ်၍ မြောက်ပိုင်းဖရီဘုရင်သည် သူ၏စစ်တပ်ကို ခေါ်ဆောင်လာပြီး ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုကို လုယက်ပါက သူမကိုပါ မြောက်ပိုင်းဖရီဘုရင်၏ မိန်းမအဖြစ် အတင်းအကျပ် သိမ်းပိုက်နိုင်သည်။

မြောက်ပိုင်းဖရီဘုရင် မည်သည့်လူစားမျိုးဆိုတာကို ရဲလိနန်ရန် ကောင်းစွာသိရှိ၏။ သူမ မည်သည့်နည်းနှင့်မှ သူ၏နန်းတွင်းသို့ မသွားလိုပေ။ ထိုအတွေးများနှင့်အတူ ရဲလိနန်ရန်သည် သူမ၏ စိတ်ကို ပြန်လည်စုစည်းလိုက်၏။ သူတို့ အခုအချိန်တွင် ကိုယ့်ကိုယ်ကို ကယ်တင်ရန် လိုအပ်နေပြီ။

ဖြစ်လာနိုင်သည့် အခြေအနေများကို ထည့်မစဉ်းစားလျှင်ပင် မြောက်ပိုင်းမြို့တော်မှ ဖမ်းမိထားသော လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည် တစ်သိန်းကို ပြန်ရွေးနိုင်ရန် လိုအပ်သည်။

ထိုစစ်သည်တော်များထဲတွင် မြောက်ပိုင်းဖရီဘုရင်၏ မျိုးနွယ်စုမှ ယောက်ျားများ ပါဝင်နိုင်သော်လည်း သူတို့အားလုံး အသက်ရှင်ကျန်ခဲ့လျှင်ပင် ဖမ်းမိထားသူ တစ်သိန်းတွင် ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုမှ လူသောင်းဂဏန်းတော့ ပါဝင်မည်မှာ သေချာသည်။

ရဲလိနန်ရန်ကတော့ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုမှ စစ်သည်များကိုသာ ပြန်ရွေးရန် စီစဉ်ထားသည်။ စိတ်ကို ပြန်လည်စုစည်းပြီးနောက် ရဲလိနန်ရန်သည် ချက်ချင်းပြောလိုက်သည်။

“မျိုးနွယ်စုရဲ့ အကြီးအကဲတွေကို အခုပဲ အစည်းအဝေးခေါ်ပါ။”

“ဝူယွမ်။ ရှင် အရင်ထွက်သွားပါဦး။ လိုအပ်ရင် ခေါ်ပါမယ်။”

ဝူယွမ်သည် သူ၏အင်္ကျီလက်စကို သုံးကာ မျက်ရည်များကို သုတ်လိုက်ပြီး

“ဟုတ်ကဲ့ပါ မိဖုရား”

ဟု နာခံလိုက်သည်။

ရဲလိနန်ရန်သည် မြေကြိီးပေါ်တွင် ထိုင်နေပြီး စိတ်ဓာတ်ကျနေသော ရှောင်ဝမ်ယောင်ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး “ယောင်ယောင်။ မင်းလည်း အပြင်ထွက်သွားပါ”

ဟု ပြောလိုက်သည်။

ရှောင်ဝမ်ယောင်က တုံ့ပြန်ခြင်း မရှိပေ။ သူမဖြည်းဖြည်းချင်း ထလိုက်ပြီး ရဲလိနန်ရန်၏ တဲကြီးမှ ထွက်ခွာသွားလိုက်သည်။ ထိုအချိန်တွင် ရှောင်ဝမ်ယောင်ထံ၌ မည်သည့်စိတ်ခံစားမှုမျှ မရှိတော့ပေ။ သူမ၏မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိသလို သူမ၏မျက်လုံးများတွင်လည်း မည်သည့်အလင်းရောင်မှ မရှိတော့ပေ။ သူမသည် လမ်းလျှောက်နေသော လူသေအလောင်းတစ်ခုနှင့် တူနေသည်။

ဝူယွမ်ယူလာသော သတင်းသည် သူမအတွက် ပြင်းထန်လွန်းလှသည်။ ဘယ်လို ဝမ်းနည်းရမည်ကိုပင် သူမ မေ့နေပြီဖြစ်သည်။ မကြာမီ ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုရှိ အကြီးအကဲများသည် ရဲလိနန်ရန်၏ တဲကြီးအတွင်းသို့ ရောက်ရှိလာကြသည်။

ထိုအချိန်တွင် အကြီးအကဲများသည် ဖြစ်ပျက်နေသည်များကို မသိကြသေးပေ။ သူတို့က ဝူယွမ် တဲထဲမှ ထွက်ခွာသွားသည်ကို မြင်လိုက်ရပြီး ကောင်းကင်ဝံပုလွေဘုရင်က မြောက်ပိုင်းမြို့တော်တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဟု ထင်မှတ်ကာ ရဲလိနန်ရန် သူတို့ကို ထိုအတွက် ခေါ်ယူခြင်းဖြစ်သည်ဟု ယူဆကြသည်။

အကြီးအကဲများသည် ရဲလိနန်ရန်၏တဲအတွင်း မြေပြင်ပေါ်တွင် စုထိုင်နေကြပြီး တစ်ဦးက

“မိဖုရား။ မိဖုရား ကျွန်တော်တို့ကို ဘာကြောင့် ခေါ်တာလဲလို့ မေးလို့ရမလား။ ဘုရင်ကြီးက မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်လိုက်ပြီလား”

ဟု မေးလိုက်သည်။

ရဲလိနန်ရန်၏ မျက်နှာသည် ဖြူ လျော်နေပြီးသက်ပြင်းချလိုက်ကာ

“ကျွန်မပြောမယ့် အကြောင်းအရာအတွက် စိတ်ကိုပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ပြောလိုက်သည်။

ရဲလိနန်ရန်က မေးခွန်းကို မဖြေပဲ နမိတ်မကောင်းနိုင်သည့် စကားတစ်ခွန်းကိုသာ ပြန်ပြောလာသောအခါ အကြီးအကဲများလည်း ငေးသွားကြ၏။သူတို့၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်များ စတင်ပေါ်ပေါက်လာသည်။

ထိုအချိန်တွင် အခြားအကြီးအကဲတစ်ဦးက “မိဖုရား။ ဘာတွေဖြစ်သွားပါသလဲ။ ကျေးဇူးပြု၍ ကျွန်တော်တို့ကို ပြောပြပါ”

ဟု ထပ်မေးလိုက်သည်။

ထို့နောက် ရဲလိနန်ရန်က စပြောလိုက်သည်။ “ဘုရင်ကြီး ရှုံးနိမ့်သွားပြီ။ စစ်သည်နှစ်သိန်းကျော် သေဆုံးပြီး နောက်တစ်သိန်းကို မြောက်ပိုင်းမြို့တော်က ဖမ်းဆီးလိုက်ပြီ။ ဘုရင်ကြီးကိုယ်တိုင်လည်း ရန်ခရိုင်မြို့ရိုးအောက်မှာ ကျဆုံးသွားပြီ။”

ထိုစကားများ ပြောလိုက်သည်နှင့် တပြိုင်နက် တဲထဲရှိ အကြီးအကဲအားလုံးသည် ချက်ချင်းပင် ငိုင်ကျသွားကြသည်။ သူတို့၏ စိတ်များ ဗလာဖြစ်သွားပြီး ရဲလိနန်ရန် ပထမဆုံး ထိုသတင်းကို ကြားလိုက်ရသည့်အချိန်တုန်းကကဲ့သို့ပင် တုန်လှုပ်သွားကြသည်။

........

အခန်း (၁၄၁ )

ရဲလိနန်ရန်၏ အစီအစဉ် (၂)

သူတို့သည် ရဲလိနန်ရန်၏ စကားကို ယုံကြည်ရန် မဖြစ်နိုင်သလို မယုံကြည်ပဲလည်း မနေရဲကြပါ။

ဒါက စစ်သည်သုံးသိန်းပါတဲ့ တပ်ကြီးဖြစ်သည်။ ထို့အပြင် မြင်းတပ်သုံးသိန်းဖြစ်သည်။

အဓိကအားဖြင့် ဒီတစ်ကြိမ် စစ်ချီမှုတွင် ထိပ်သီးပညာရှင် အမြောက်အမြား ပါရှိပြီး အဆင့်ကိုး သိုင်းပညာရှင်ဆိုလျှင် ဘယ်နှစ်ယောက်ရှိမှန်းပင် မသိရပေ။ မြောက်ပိုင်းမြို့တော်မှာတော့ စစ်သည်သုံးသောင်းသာ ရှိ၏။

ဒါဆို...

သူတို့ ဘယ်လိုလုပ်ပြီး ရှုံးနိမ့်သွားနိုင်မှာလဲ။

ရန်ခရိုင်ကို မသိမ်းပိုက်နိုင်ရင်တောင် သူတို့ရဲ့ ဘုရင်ကြီးက ရန်ခရိုင် မြို့ရိုးအောက်မှာ ကျဆုံးသွားရမည် မဟုတ်ပါ။ လွင်ပြင်ဒေသ မျိုးနွယ် မြင်းတပ်များသည် လျင်မြန်စွာ ရွေ့လျားနိုင်ပြီး သူတို့ ထွက်ပြေးချင်ပါက နန်းတော်ကို အလွယ်တကူ ပြန်ရောက်နိုင်၏။

သို့သော် အခုတော့ မိဖုရားက သူတို့ကို ပြောပြလိုက်သည်က လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သား နှစ်သိန်း သေဆုံးသွားပြီး ကျန်တဲ့ တစ်သိန်းက ရှနိုင်ငံတော်ရဲ့ လူတွေရဲ့ လက်ထဲ ဖမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းသာဖြစ်၏။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!!!

ရဲလိနန်ရန်သည် သူတို့၏ မယုံကြည်နိုင်မှုကို မြင်တွေ့လိုက်ရ၏။ သူတို့ မယုံကြည်ရဲကြ‌ ကြောင်း သူမသိသော်လည်း ဒီသတင်းကို ဝူယွမ်ကသယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး မကြာခင်မှာပင် ထိုသတင်းကို အတည်ပြုနိုင်မည်ဖြစ်သည်။

တကယ်တော့ ကောင်းကင်ဝံပုလွေဘုရင်ထံမှ သတင်းမရရှိသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် ရဲလိနန်ရန်၏ စိတ်ထဲတွင် မကောင်းသော နမိတ်များကို ခံစားနေခဲ့ရသည်။ သို့သော် အစက‌တော့ ကောင်းကင်ဝံပုလွေဘုရင်၏ စစ်တပ် ယခုလို ကံကြမ္မာနှင့် ကြုံတွေ့ရမည်ဟု သူမတကယ် မမျှော်လင့်ခဲ့ပေ။

သုံးသိန်းသော လွင်ပြင်ဒေသ မျိုးနွယ်စုသားများထဲမှ တစ်ယောက်မှ မြောက်ပိုင်းမြို့တော်မှ ထွက်ခွာနိုင်ခြင်း မရှိခဲ့ပေ။

ဒါက ဘာကို ညွှန်ပြနေတာလဲ။ မြောက်ပိုင်းမြို့တော်က ကြိုတင်ပြင်ဆင်ထားပြီး ကောင်းကင်ဝံပုလွေဘုရင်၏ စစ်တပ်တော်ကို ဝိုင်းထားခဲ့သည်မှာ သေချာပြီး သူတို့အတွက် ထွက်ပြေးရန် အခွင့်အရေးမရှိခဲ့ပေ။ မဟုတ်ပါက ထိုတစ်သိန်းသော လွင်ပြင်ဒေသ မျိုးနွယ်စုသားများသည် ရှနိုင်ငံတော်၏ အကျဉ်းသားများ ဖြစ်လာမည် မဟုတ်ပေ။

ဘာမှားသွားသလဲဆိုတာ ရဲလိနန်ရန် မသိခဲ့ပေ။ ထိုအချိန်တွင် အသက်အကြီးဆုံး အကြီးအကဲနှစ်ဦးသည် ရဲလိနန်ရန်၏ သတင်းကိုကြောင့် ခေါင်းစိုက်ပြီး သတိလစ်သွားကြသည်။ အခြားအကြီးအကဲများလည်း သတိဝင်လာကြပြီး ထိုအကြီးအကဲနှစ်ဦးထံ ချက်ချင်းပြေးသွားကြသည်။

“နတ်ဆရာ အကြီးအကဲ။ ဖူအကြီးအကဲ။ အားတင်းထားပါ။”

“ဖူအကြီးအကဲ။ အဆင်ပြေရဲ့လား။”

“ဖူအကြီးအကဲ ထပါဦး။”

တဲကြီးထဲတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည်ကို မြင်နေရသော်လည်း ရဲလိနန်ရန်သည် သူတို့ကို မဟန့်တားခဲ့ပေ။ မည်မျှကြာသွားသည်မသိ နောက်ဆုံးတွင် နတ်ဆရာ အကြီးအကဲနှင့် ဖူအကြီးအကဲတို့ သတိပြန်ရလာကြ၏။ လူကြီးများသည် တဖြည်းဖြည်း ထိုဆိုးရွားသော သတင်းကို လက်ခံလာကြသည်။

သူတို့၏ စိတ်ထဲတွင် အခုအချိန်သည် ဝမ်းနည်းပူဆွေးရန် အချိန်မဟုတ်သလို အပြစ်ရှာရန် အချိန်လည်း မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နေကြသည်။ ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုသည် ရုတ်တရက် လူပေါင်း သိန်းနှင့်ချီ ဆုံးရှုံးသွားပြီဖြစ်၏။ ထို့အပြင် အခြားမျိုးနွယ်စုများစွာသည် ကောင်းကင်ဝံပုလွေဘုရင်၏ နန်းတော်တည်ရှိရာနေရာကို သိရှိထားကြသည်။

ထိုမျိုးနွယ်စုများသည် ကောင်းကင်ဝံပုလွေဘုရင် ကျဆုံးသွားပြီး စစ်သားပေါင်း သိန်းနှင့်ချီ ဆုံးရှုံးသွားကြောင်း သိရှိပါက သူတို့ကို လုယက်ရန် လူများ စေလွှတ်မည်မှာ သေချာသည်။

အထူးသဖြင့် မြောက်ပိုင်းမှ မြောက်ပိုင်းဖရီဘုရင် ဖြစ်သည်။ ထို့ကြောင့် အခု အရေးအကြီးဆုံးမှာ သူတို့ ချက်ချင်းပြောင်းရွှေ့ရန်ဖြစ်၏။ ဤနေရာတွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ပေ။

သို့သော် နန်းတော်ကို ပြောင်းရွှေ့ရန် အချိန်များစွာ လိုအပ်ပြီး အခု သူတို့၏မျိုးနွယ်စုတွင် လူငယ်လူရွယ်များ မရှိသလောက်ဖြစ်နေသည့်အတွက် ပိုမိုကြာမြင့်နိုင်သည်။ ဤသတင်းသာ ယခုအချိန် ပေါက်ကြားသွားပါက လွင်ပြင်ဒေသရှိ အခြားမျိုးနွယ်စုများ၏ အာရုံကို စောစောစီးစီး ဆွဲဆောင်သွားမည်သည်ကို သူတို့ အလွန်စိုးရိမ်နေကြသည်။

ထိုအချိန်တွင် အခြားအကြီးအကဲများက ဖေးမထားသော နတ်ဆရာ အကြီးအကဲက ရဲလိနန်ရန်ကို ကြည့်ကာ

“မိဖုရား။ ကျွန်တော်ဘုရင်ကြီး ရှုံးနိမ့်သွားပြီဆိုတဲ့ သတင်းက သေချာပြီလား” ဟု မေးလိုက်သည်။

ရဲလိနန်ရန်က

“မသေချာသေးပါဘူး။ ဒီသတင်းကို မြောက်ပိုင်းမြို့တော်က ပြန်လာတဲ့ ဝူယွမ်က ပြောခဲ့တာပါ။ ဒါပေမဲ့ ကျွန်မ အခုချက်ချင်း တစ်‌ ယောက်ယောက်ကို လွှတ်ပြီး အတည်ပြုမှာပါ။ လောလောဆယ်တော့ ဒီသတင်းက အမှန်ပဲလို့ ယူဆကြပါစို့”

ဟု ပြန်ဖြေလိုက်သည်။

ခဏစဉ်းစားပြီးနောက် နတ်ဆရာ အကြီးအကဲက

“မိဖုရား။ ကျွန်ုတော်တို့ နောက်တစ်ဆင့် ဘာလုပ်သင့်ပါသလဲ” ဟု မေးလိုက်သည်။

ထိုရှုံးနိမ့်မှုအတွက် အကြီးအကဲများက ရဲလိနန်ရန်အပေါ် အပြစ်မတင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုစစ်တပ်သည် စစ်သည်သုံးသိန်းပါသည့် စစ်တပ်ဖြစ်သည်။ ထိုကဲ့သို့သော ကြီးမားသည့် မြင်းတပ်ကြီးကို ရှနိုင်ငံတော်၏ အနိုင်ယူခြင်းကို ခံလိုက်ရခြင်းမှာ အမျိုးသမီးတစ်ဦး၏ အပြစ်မဟုတ်နိုင်ပေ။

ယုတ္တိရှိရှိ စဉ်းစားပါက သူတို့ရှနိုင်ငံတော်၏ ထောင်ချောက်ထဲသို့ ကျရောက်ခဲ့သည်ဆိုလျှင်တောင် စစ်သည်သုံးသိန်းပါသည့် စစ်တပ်ကြီး တစ်တပ်လုံး ပျက်စီးသွားနိုင်သည်က မဖြစ်နိုင်ပေ။ အခြားအကြောင်းရင်းများ ရှိနေမည်ဖြစ်သည်။

ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စု၏ အကြီးအကဲများဖြစ်လာသူများ အားလုံးသည် ဉာဏ်ရည်ထက်မြက်သူများဖြစ်ကြပြီး ယခုအချိန်သည် အပြစ်ရှာရန် အချိန်မဟုတ်ကြောင်း ကောင်းစွာသိရှိထားကြသည်။

ခဏစဉ်းစားပြီးနောက် ရဲလိနန်ရန်က

“ကျွန်မတို့ မျိုးနွယ်စုရဲ့ သာမန်လူတွေကို ဒီအကြောင်း ဘယ်လိုမှ မသိပါ‌စေနဲ့။ နောက်လာမယ့် အစည်းအဝေးပြီးရင် ဘုရင်ကြီးက မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်လိုက်ပြီလို့ လူတွေပြောလိုက်ပါ။ ပြီးရင် ချက်ချင်းပြင်ဆင်ပြီး မြောက်ပိုင်းမြို့တော်ကို ပြောင်းရွှေ့ကြမယ်လို့ ပြောပါ” ဟု ပြောလိုက်သည်။

ရဲလိနန်ရန်၏ စကားကို ကြားလိုက်ရသော အကြီးအကဲများသည် သူမ ထိုသို့လုပ်ရမည့် အကြောင်းရင်းကို ချက်ချင်း နားလည်သွားကြသည်။ ယခုအချိန်တွင် မျိုးနွယ်စုဝင်များကို စစ်ရှုံးနိမ့်မှုအကြောင်း ပြောပါက စိုးရိမ်ပူပန်မှုများ သာ ဖြစ်ပေါ်စေမည်။

စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခြင်းက တစ်ခုတည်းသော ပြဿနာမဟုတ်ပေ။ အဓိကအချက်မှာ ထိုသတင်း ပေါက်ကြားနိုင်ခြင်းဖြစ်သည်။ လွင်ပြင်ဒေသရှိ အခြားမျိုးနွယ်စုများသာ သူတို့၏ ရှုံးနိမ့်မှုကို သိရှိပါက အခွင့်အရေးယူ၍ ဝင်ရောက်တိုက်ခိုက်ကြမည်ဖြစ်သည်။

တစ်ဖက်တွင် သူတို့သည် မျိုးနွယ်စုဝင်များကို ဘုရင်ကြီးက မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်လိုက်ပြီဟု ပြောပြီး တစ်ဖက်တွင် နန်းတော်ကို မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်ကြမည်ဖြစ်သည်။ သူတို့၏ နန်းတော်ပြောင်းရွှေ့မည့် အစီအစဉ်ကို အခြားမျိုးနွယ်စုများက သိရှိသွားပါကလည်း သူတို့ မြောက်ပိုင်းမြို့တော်ကို အမှန်တကယ် သိမ်းပိုက်ထားပြီး နန်းတော်ကို မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့ကြတော့မည်ဖြစ်ကြောင်း ထင်မှတ်သွားစေမည်ဖြစ်သည်။

သို့သော် အမှန်တော့ သူတို့ အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့နေခြင်းသာ ဖြစ်သည်။

ရဲလိနန်ရန်က

“နောက်ပြီး ကျွန်မဝူယွမ်ကို မြောက်ပိုင်းမြို့တော်လွှတ်ပြီး မြောက်ပိုင်းနယ်စားမင်းသားနှင့် ညှိနှိုင်းကြည့်မယ်။ ကျွန်မတို့ရဲ့စစ်သားတွေကို နွားတွေသိုး‌တွေနဲ့ လဲလှယ်နိုင်မနိုင် ညှိကြည့်မယ်”

ဟု ဆက်လက်ပြောလိုက်သည်။

“မျိုးနွယ်စုတစ်စုဟာ အရွယ်ကောင်း ယောက်ျား တွေမရှိပဲ မရှင်သန်နိုင်ပါဘူး။”

ရဲလိနန်ရန်၏ စကားကို ကြားလိုက်ရပြီး‌ နောက် အကြီးအကဲများ တိတ်ဆိတ်သွားကြသည်။ ယခုလောလောဆယ် ဒါကသာ သူတို့အတွက် ကျန်ရှိသော တစ်ခုတည်းသော ရွေးချယ်စရာ လမ်းကြောင်းဖြစ်သည်။

ထိုအတောအတွင်း တဲအပြင်ဘက်။ ရှောင်ဝမ်ယောင်သည် မြက်ခင်းပြင်ပေါ်တွင် ထိုင်နေပြီး မြောက်ပိုင်းမြို့တော်ဘက်သို့ တိတ်ဆိတ်စွာ ငေးကြည့်နေသည်။

ထိုအချိန်တွင် ဝူယွမ်က သူမ၏နံဘေးသို့ လာရောက်ပြီး

“မင်းသမီး။ ဒီအကြောင်းကို ပြောသင့် မပြောသင့် မသိပါဘူး။ ဒါပေမယ့် ကျွန်တော် သိရသလောက် ဗိုလ်ချုပ်ရှောင်က မသေသေးပါဘူး။ အခု ရန်ခရိုင်ရဲ့ အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံနေရပါတယ်” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် ရှောင်ဝမ်ယောင်၏ မျက်လုံးများတွင် အလင်းရောင်တစ်ခု ပေါ်ထွက်လာသည်။ သူမက ချက်ချင်း ဝူယွမ်ဘက်သို့ လှည့်လိုက်ကာ သူ၏ အင်္ကျီ‌လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး

“ဝူယွမ် ရှင်ပြောနေတာက တကယ်လား။ ကျွန်မရဲ့ ဦးလေးက မသေသေးမဟုတ်လား။ သူ တကယ်ပဲ အသက်ရှင်နေတယ်မဟုတ်လား” ဟု မေးလိုက်သည်။

ရှောင်ဝမ်ယောင် စိတ်လှုပ်ရှားနေပုံကို မြင်လိုက်ရသည်နှင့် ဝူယွမ်က

“ဟုတ်ကဲ့။ ကျွန်တော် သိရတာက ဗိုလ်ချုပ်ရှောင်ဟာ အကျဉ်းထောင်ထဲမှာ အပိတ်ခံထားရပြီး နေ့တိုင်း နှိပ်စက်ခံနေရလို့ ကြားပါတယ်။”

ဒါတွေအားလုံးက ကျွန်တော့်အမှားပါ။ အကယ်၍ ကျွန်တော်က မြောက်ပိုင်းမြို့တော်အကြောင်း ထောက်လှမ်းရေးအချက်အလက်တွေ ပိုပြီးစုဆောင်းခဲ့မယ်ဆိုရ င်ဗိုလ်ချုပ်ရှောင် ဒီလို အခြေအနေမျိုးကို ရောက်မှာ မဟုတ်ပါဘူး။ကျွန်တော် သေသင့်ပါတယ်”

ဟု ပြောလိုက်သည်။

ဝူယွမ်၏ စကားကို ကြားပြီးနောက် ရှောင်ဝမ်ယောင်က သူ၏အင်္ကျီ‌လည်ပင်းလွှတ်လိုက်ပြီး

“အရမ်းကောင်းတယ်။ ဦးလေးက မသေသေးဘူး”

ဟု သူမဘာသာ ပြောလိုက်သည်။

ထိုအချိန်တွင် ရှောင်ဝမ်ယောင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်ပြီးဆက်မေးလိုက်သည်။

“ဝူယွမ်။ မြောက်ပိုင်းနယ်စားမင်းသား ဘာကို ကြိုက်တယ်ဆိုတာ ရှင်သိလား။ ကျွန်မရဲ့ ဦးလေးကို ပြန်ခေါ်ဖို့ ကျွန်မ လုပ်ရမယ်”

လွင်ပြင်ဒေသ မျိုးနွယ်စုနှင့် ရှနိုင်ငံကြား အကျဉ်းသားများ လဲလှယ်ခြင်းသည် လုပ်လေ့လုပ်ထရှိသော အလေ့အထတစ်ခုဖြစ်သည်။ ရှနိုင်ငံ စတင်တည်ထောင်ပြီးကတည်းက မြောက်ပိုင်းဒေသရှိ မျိုးနွယ်စုများနှင့် စစ်ပွဲများစွာ ဖြစ်ပွားခဲ့သည်။

စစ်ပွဲပြီးတိုင်း ရှနိုင်ငံနှင့် လွင်ပြင်ဒေသ မျိုးနွယ်စုတို့သည် သူတို့၏သုံ့ပန်းများကို လဲလှယ်တတ်ကြသည်။ အကယ်၍ တစ်ဖက်တွင် လဲလှယ်ရန် သုံ့ပန်းများ မရှိပါက သူတို့သည် အရင်းအမြစ်များကို အသုံးပြု၍ လဲလှယ်ကြသည်။

ဥပမာ နွားနှင့်သိုးများ။ သို့မဟုတ်ပါက ဆန်၊ ဆား၊ သံကဲ့သို့သော စားနပ်ရိက္ခာများဖြစ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုဘက်မှ သူတို့၏လူများကို ပြန်ရွေးလိုပါက မြင်း၊ နွားနှင့် သိုးများကို အသုံးပြုကြပြီး ရှနိုင်ငံဘက်ကမူ ဆားနှင့် သံကို အသုံးပြု၍ သူတို့၏စစ်သည်တော်များကို ပြန်လည် ရွေးယူတတ်ကြသည်။

ဟုတ်ပါသည်။ ရှနိုင်ငံသည် သူတို့၏စစ်သည်တော်များကို ပြန်လည် ရွေးယူတတ်သော်လည်း ထိုစစ်သည်များကို ယခင်ကဲ့သို့ ယုံကြည်အားကိုးခြင်း မရှိတော့ပါ။ သို့သော် ပြည်သူများ စိတ်ဓာတ်မကျဆင်းစေရန် အတွက် များသောအားဖြင့် ရှအစိုးရသည် အရင်းအမြစ်အချို့ကို အသုံးပြု၍ သူတို့၏စစ်သည်များကို ပြန်လည်ရယူလေ့ရှိသည်။

သုံ့ပန်းများ မကြာခဏ လဲလှယ်တတ်သည့် အလေ့အထကြောင့်ပင် ရဲလိနန်ရန်သည် ကောင်းကင်ဝံပုလွေဘုရင်၏ ရှုံးနိမ့်မှုကို သိရှိသည်နှင့် နွားနှင့် သိုးများကို အသုံးပြု၍ သုံ့ပန်းများကို လဲလှယ်ရန် ချက်ချင်း တွေးမိခဲ့ခြင်းဖြစ်သည်။

ရှောင်ဝမ်ယောင်သည်လည်း သူမ၏ဦးလေးကို ကယ်တင်ရန် တစ်စုံတစ်ခုကို လဲလှယ်ရန် စဉ်းစားခဲ့သည်။

ရှောင်ဝမ်ယောင်၏ မေးခွန်းကို ကြားပြီးနောက် ဝူယွမ်က သက်ပြင်းချလိုက်ပြီး

“အင်း။ မင်းသမီးကျွန်တော် သိသလောက်ဆိုရင် မြောက်ပိုင်းနယ်စားမင်းသားကြိုက်တာက တစ်ခုတည်းပါပဲ။ အဲ့ဒါကတော့ မိန်းမလှတွေနဲ့ အဖော်ပြုနေရတာကိုပါပဲ ” ဟု ပြောလိုက်သည်။

“နောက်ပြီး သူက အလှဆုံး အမျိုးသမီးတွေကိုသာ နှစ်သက်တတ်တယ်။ မိဖုရားနှင့် မင်းသမီး နှစ်ယောက်ပဲ မြောက်ပိုင်းနယ်စားမင်းသား နှစ်သက်မယ့် အမျိုးအစားဖြစ်ပါတယ်။”

ရှောင်ဝမ်ယောင်၏ စိတ်များ လေဟာနယ်ထဲသို့ ရောက်သွားသလို ခံစားရပြီး သူမ ငြိမ်သက်သွားခဲ့သည်။ ကြာမြင့်စွာ နေပြီးနောက် ရှောင်ဝမ်ယောင်က အခြေအနေကို လက်မခံနိုင်ပဲ

“ကျွန်မတို့ရဲ့ နွား၊သိုးတွေနဲ့ ကျွန်မရဲ့ ဦးလေးကို လဲလှယ်လို့ မရဘူးလား” ဟု မေးလိုက်သည်။

ဝူယွမ်ကပြောလိုက်သည်။

“သာမန်စစ်သားတွေဆိုရင်တော့ မြောက်ပိုင်းနယ်စားမင်းသားက နွား၊သိုးတွေနဲ့ လဲလှယ်ခွင့်ပြုမှာပါ။ ဒါပေမယ့် ရှောင်စစ်ဗိုလ်ချုပ်က သိုင်းပညာရှင်တစ်ယောက်ပါ။ သူ့ကို လွှတ်ပေးလိုက်ရင် နောက်ထပ် ကောင်းကင်ဝံပုလွေဘုရင်ဖြစ်လာနိုင်တယ်။ ရှနိုင်ငံတော်က သူ့ကို ဒီလောက်အလွယ်တကူ ပြန်လွှတ်ပေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့က သူတို့ကို တကယ်စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုခု မပေးနိုင်ဘူးဆိုရင်‌ပေါ့”

ဝူယွမ်၏ စကားများကို ကြားပြီးနောက် ရှောင်ဝမ်ယောင်သည် တိတ်ဆိတ်သွားသည်။

ထိုအချိန်တွင် လွင်ပြင်ဒေသမျိုးနွယ်စု စစ်သားတစ်ဦး ဝူယွမ့်ဆီသို့ ချဉ်းကပ်လာကာ

“ဝူယွမ်။ မိဖုရားက ခင်ဗျားကို ခေါ်နေတယ်။ ခင်ဗျားကို လုပ်စရာတစ်ခု ပေးမလို့တဲ့” ဟု ပြောလိုက်သည်။

ဝူယွမ်က

“မင်းသမီး။ ကျွန်တော် အခု မိဖုရားဆီကို သွားရမယ်။ အတွေးတွေ မလွန်ပါစေနဲ့။ ဗိုလ်ချုပ်ရှောင်နဲ့ လဲလှယ်ဖို့ ကိုယ့်ကိုယ်ကို အသုံးမချပါနဲ့။ မြောက်ပိုင်းနယ်စားမင်းသားက တဏှာကြီးတဲ့လူပါ။ မင်းသမီး မြောက်ပိုင်းမြို့တော်ကို ရောက်သွားရင် ဘယ်လိုညှင်းပန်းနှိပ်စက်ခံရမလဲဆိုတာ မသိနိုင်ဘူး…” ဟု ပြောလိုက်သည်။

.....

All Chapters